အခန်း ၇၆၄
Vol. 51 Ch. 764
အပိုင်း ၇၆၄ : ငြင်းဆန်ရခက်ခြင်း
ရုတ်တရက်ဆိုသလို အနံ့အသက်တစ်ခု ထွက်လာသောကြောင့် ရှောင်ကျန်း မျက်နှာပူသွားသည်။
ယဲ့ချန်းနှင့် ကျန်းတာ့ဖူတို့လည်း နှာခေါင်းကို အမြန်ပိတ်လိုက်ကြသည်။
ထိုအချိန်တွင် ရှောင်ဝမ်ကလည်း အိမ်သာထဲမှ ထွက်လာသည်။ သူ့အမူအရာမှာ လွတ်လပ်ပေါ့ပါးသွားလေဟန်ပင်။
ရှောင်ဝမ်ကိုကြည့်ကာ ရှောင်ကျန်းမှာ ကူကယ်ရာမဲ့သွားပြီး သူသာ စောစောထွက်လာခဲ့လျှင် ယခုလို အရှက်ကွဲစရာအခြေအနေမျိုး ဖြစ်လာမည်မဟုတ်ဟု တွေးနေမိသည်။
"ရှောင်ကျန်း... မြန်မြန်သွားဆေးကြောလိုက်ဦး"
ကျန်းတာ့ဖူက ရွံရှာစွာဖြင့် နှာခေါင်းပိတ်လျက် ပြောလိုက်သည်။
ရှောင်ကျန်းခမျာ ခေါင်းငိုက်စိုက်ချလျက် ရေချိုးခန်းထဲသို့ ကမန်းကတန်းဝင်ကာ အထဲရှိ စူးရှသောအနံ့ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ မိမိကိုယ်ကို အမြန်သန့်စင်ဆေးကြောလိုက်ရသည်။
သို့သော် ပြဿနာက သူ့တွင် လဲဝတ်စရာ အဝတ်အစားအပို ပါမလာခြင်းပင်။ ဝင်သွားတုန်းက လွယ်သလောက် ပြန်ထွက်ဖို့ ခက်နေသည်။
ရှောင်ဝမ်၏ လွတ်လပ်ပေါ့ပါးနေသော မျက်နှာကိုကြည့်ကာ ကျန်းတာ့ဖူက မေးလိုက်လေသည်။
"ဒီနေ့ မင်းတို့နှစ်ယောက် ဘာဖြစ်နေကြတာလဲ။ အိမ်သာလုနေကြတယ်"
သူတို့၏ အခြေအနေကိုမြင်ပြီး ကျန်းတာ့ဖူလည်း အနည်းငယ် နားမလည်နိုင်ဖြစ်နေသည်။
ရှောင်ဝမ် စကားမပြောနိုင်ခင်မှာပင် ယဲ့ချန်းက ဝင်ပြောလိုက်၏။
"သူတို့ အပြင်ကနေ မသန့်ရှင်းတာတစ်ခုခုစားလာလို့ နေမှာပေါ့"
"အဲ့လိုလား"
ကျန်းတာ့ဖူက သံသယဖြင့် မေးလိုက်သည်။
"ဟုတ်... ဟုတ်ပါတယ်"
ရှောင်ဝမ်လည်း လိပ်ပြာမသန့်ပါဘဲ ပြန်ဖြေလိုက်ရသည်။
ထို့နောက် သူက ဘေးရှိ ယဲ့ချန်းကို တစ်ချက်ကြည့်လိုက်ပြီး သူက ဘာမှမဖြစ်သလို ဘယ်လိုများ နေနိုင်ရတာလဲဟု တွေးနေမိသည်။
သူ့မှာမူ မနေ့က နေ့လယ်ပိုင်းကတည်းက နုန်းခွေပြီး ဒုက္ခရောက်နေခဲ့ရသည်။
ယဲ့ချန်း၏ ကောက်ကျစ်သောအပြုံးကို မြင်လိုက်ရချိန်တွင် ရှောင်ဝမ် အမှန်တရားကို နားလည်သွားသည်။ ယဲ့ချန်းက ရေသန့်စက်ထဲက ရေကို မသောက်ချေ။
ထို့ပြင် ယဲ့ချန်းက သူ့ကိုရော ရှောင်ကျန်းကိုပါ ဝမ်းနုတ်ဆေးခတ်ထားသောရေကို သောက်မိစေရန် အကွက်ဆင်ခဲ့သည်။
ဤအကြောင်းကို တွေးမိသွားသောအခါ အရာအားလုံးက သဘာဝကျသွားတော့သည်။
ယဲ့ချန်းက ရှောင်ဝမ်၏ပခုံးကို ပုတ်ကာ ပြုံးလျက် ပြောလိုက်လေသည်။
"နောက်ဆို ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ဦး။ လမ်းဘေးဆိုင်တွေကချည်းပဲ သွားမစားနဲ့။ အခု ကြည့်စမ်း... ဘယ်လောက်တောင် ဒုက္ခရောက်နေပြီလဲ"
"စိတ်ပူပေးလို့ ကျေးဇူးပါ အစ်ကိုချန်း.. နောက်ဆို ကျွန်တော် ဂရုစိုက်ပါ့မယ်"
ရှောင်ဝမ်မှာ ရင်ထဲတွင် ဒေါသများ ဆူပွက်နေသော်လည်း အပြုံးကိုတော့ ထိန်းသိမ်းထားလိုက်သည်။
ယဲ့ချန်း ထွက်သွားသည်ကို ကြည့်ရင်း သူ လက်သီးတင်းတင်းဆုပ်လိုက်လေရာ အသံပင်ထွက်လာသည်။
သူ့ကို ဘယ်သူမှ ဂရုမစိုက်သည်ကို မြင်သောအခါ ရှောင်ကျန်းလည်း ရွေးချယ်စရာမရှိတော့ဘဲ ယခင်အဝတ်အစားကိုသာ ပြန်ဝတ်ကာ ထွက်လာခဲ့ရသည်။
"အစ်ကိုဝမ်... ကျွန်တော် သည်းမခံနိုင်တော့ဘူး။ ဒီတိုင်းသာ ဆက်သွားနေရင် ကျွန်တော့်အသက်တစ်ဝက်လောက် ပါသွားတော့မယ်"
ရှောင်ကျန်းက နာကျင်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။
အနားရှိ မနှစ်မြို့ဖွယ် အနံ့အသက်ကို ရလိုက်သဖြင့် ရှောင်ဝမ်က နှာခေါင်းကို အမြန်ပိတ်ကာ ခပ်ပြတ်ပြတ်ပြောလိုက်၏။
"အရမ်းနံတာပဲ။ ငါ့အနားကနေ ထွက်သွားစမ်းပါ"
မိမိမှာ မနှစ်မြို့ခံနေရပြီဖြစ်ကြောင်း သိသွားသဖြင့် ရှောင်ကျန်းလည်း ပါးနပ်စွာ ဘေးဖယ်နေလိုက်သည်။
ထိုအချိန်တွင် ကျန်းတာ့ဖူက အပြင်ဘက်ရှိ အနံ့ကို သည်းမခံနိုင်တော့သဖြင့် ရုံးခန်းထဲသို့ ပြန်ဝင်သွားသည်။
ယဲ့ချန်း ထွက်ခွာသွားရာဘက်သို့ ကြည့်ကာ ရှောင်ဝမ်က ပြောလိုက်၏။
"ငါတို့ကို ယဲ့ချန်းက ပြန်ပြီးအကွက်ဆင်သွားလိမ့်မယ်လို့ ငါ မထင်ထားဘူး"
ရှောင်ကျန်းက သင်္ကာမကင်းဟန်ဖြင့် ပြောလိုက်လေသည်။
"အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒီကိစ္စကို ခင်ဗျားနဲ့ကျွန်တော်ပဲ သိတာလေ။ သောက်ရေထဲကို ဝမ်းနုတ်ဆေးခတ်ထားတယ်ဆိုတာ သူ ဘယ်လိုလုပ်သိတာလဲ"
"ငါလည်း မသိဘူးလေ။ အဲဒါက..."
ရှောင်ဝမ် စကားမဆုံးခင်မှာပင် ရှောင်ကျန်းက ဆက်ပြောလိုက်သည်။
"ယဲ့ချန်းက အဲဒီရေကို သေချာပေါက် သောက်ခဲ့တာပါ။ ဒါပေမဲ့ သူက ဘာမှမဖြစ်ဘဲ ငါတို့နှစ်ယောက်ကျမှ ဒုက္ခရောက်ရတယ်လို့"
"ယဲ့ချန်းက ဘာလို့ အဲဒီရေကြောင့် ဘာမှမဖြစ်ရတာလဲဆိုတာ ငါမသိပေမဲ့ ငါတို့အခြေအနေကို ကြည့်ရတာ သူက ငါတို့ကို ပြန်လှည့်စားသွားတာ သေချာတယ်"
ရှောင်ဝမ်က ရှင်းပြလိုက်သည်။
လမ်းဘေးဆိုင်များက သန့်ရှင်းမှုမရှိခြင်းလည်း ဖြစ်နိုင်ခြေရှိသည်။
သို့သော် မနေ့က ယဲ့ချန်းကို လှည့်စားနိုင်ခဲ့သဖြင့် အောင်ပွဲခံသည့်အနေနှင့် သူတို့နှစ်ယောက် အတန်အသင့် ကောင်းမွန်သော စားသောက်ဆိုင်တစ်ခုကို တမင်တကာ ရွေးချယ်ခဲ့ကြသည်။
စဉ်းစားကြည့်ပါက ယဲ့ချန်းက သံသယဖြစ်စရာ အကောင်းဆုံးပင်။
ရှောင်ဝမ်နှင့် ရှောင်ကျန်းတို့ ပြောလေလေ ဒေါသထွက်လေလေဖြစ်လာပြီး ကိုယ့်တုတ်နှင့်ကိုယ် ပြန်အရိုက်ခံလိုက်ရမှန်း သဘောပေါက်သွားကြသည်။
"ယဲ့ချန်း... ဒီကိစ္စက ဒီလောက်နဲ့မပြီးသေးဘူး။ စောင့်သာကြည့်နေလိုက်"
ရှောင်ဝမ်က မျက်လုံးထဲတွင် အမုန်းတရားများ ထင်ဟပ်လျက် အငြိုးတကြီးဖြင့် ပြောလိုက်သည်။
တစ်မနက်ခင်းလုံး ယဲ့ချန်းသည် ပါဆယ်ထုပ်များစွာ ပို့ခဲ့သော်လည်း စနစ်ထံမှ ဘာဆုကြေးကိုမှ မရခဲ့ပေ။
ထိုစဉ် အမျိုးသမီးဖန်၏ ခွဲစိတ်မှုကို ရှေ့တိုးလိုက်ကြောင်း ဖန်းယင်း မနေ့က ဖုန်းဆက်ပြောခဲ့သည်ကို သူ ရုတ်တရက်သတိရသွားသည်။
ယဲ့ချန်းလည်း ဖုန်းထုတ်ကာ ဖန်းယင်း၏နံပါတ်ကို ခေါ်လိုက်သည်။
"ရှောင်ယင်း... အန်တီ အခုဘယ်လိုနေသေးလဲ"
"အစ်ကိုယဲ့ချန်း... ညီမ အစ်ကို့ဆီ ဖုန်းဆက်မလို့ပဲ။ ခွဲစိတ်မှုကို မနက်ဖြန်ညဘက်လုပ်ဖို့ စီစဉ်လိုက်ပြီ"
ဖန်းယင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
ယခင်က အထွေထွေရောဂါကုဆေးရုံကြီး၌ တာဝန်ခံဆရာဝန်က ဤခွဲစိတ်မှု၏ အောင်မြင်နိုင်ခြေမှာ ငါးဆယ်ရာခိုင်နှုန်းခန့်သာရှိသဖြင့် လူနာအနေနှင့် ခွဲစိတ်မှုကို ခံနိုင်ရည်ရှိမည်မဟုတ်ကြောင်း ပြောခဲ့ဖူးသည်။ ပိုဆိုးသည်မှာ တစ်လကြာမှသာ ထိုသို့ခွဲစိတ်နိုင်မည်ဖြစ်၏။
သို့သော် အနည်းဆုံးတော့ နောင်တမရစေရန် ထိုအခွင့်အရေးကို သူ(မ) ရယူချင်ခဲ့သည်။
ရန်အိုက်ဆေးရုံသို့ ပြောင်းရွှေ့ပြီးနောက် ဤနေရာရှိ ထိပ်တန်းဆေးဘက်ဆိုင်ရာအဖွဲ့ကြောင့် သူ(မ)၏ စိုးရိမ်ပူပန်မှုမှာ သိသိသာသာ လျော့ကျသွားသည်။
ခွဲစိတ်မှုကို ရှေ့တိုး၍လုပ်နိုင်ကြောင်း ဒါရိုက်တာထံက ကြားလိုက်ရချိန်တွင် သူ(မ) စိတ်သက်သာရာရသွားသည်။
ယဲ့ချန်း၏ ကြိုးပမ်းအားထုတ်မှုများကြောင့်သာ ဖြစ်၏။ သူ့အကူအညီသာ မပါခဲ့လျှင် ဖန်းယင်း ခွဲစိတ်ခအတွက် ပူပန်နေရပေဦးမည်။
"ကောင်းတာပေါ့။ အန်တီ့ကို သေချာဂရုစိုက်။ ဒီနေ့လယ်ပိုင်း ဆေးရုံကို ကိုယ်လာခဲ့မယ်"
ယဲ့ချန်းက ပြောလိုက်သည်။
"အစ်ကိုယဲ့ချန်း... လာစရာမလိုပါဘူး။ ညီမ ဒီမှာရှိနေတာပဲ။ ပြီးတော့ အမေ့ကို လာပြုစုပေးဖို့ ဒီည အဖေလာလိမ့်မယ်"
ဖန်းယင်းက ကမန်းကတန်း ပြန်ပြောလိုက်သည်။
ယဲ့ချန်းကို ဒုက္ခပေးရသည်မှာ လုံလောက်နေပြီဟု ခံစားမိသဖြင့် သူ့ကို သွားလိုက်ပြန်လိုက်နှင့် အပင်ပန်းမခံချင်ပေ။ ထိုသို့ဆိုလျှင် သူ(မ)အနေနှင့် ကျေးဇူးတင်စရာ ပိုများသွားမည်ဖြစ်သောကြောင့်ပင်။
ယဲ့ချန်းက ရယ်မောလျက် ပြောလိုက်လေသည်။
"အဲဒီအတွက် စိတ်မပူပါနဲ့"
ဖုန်းချပြီးနောက် ယဲ့ချန်း ဗိုက်နည်းနည်းဆာလာသဖြင့် အမြန်အစားအစာရသော စားသောက်ဆိုင်တစ်ခုသို့သွားကာ သူ့ဗိုက်ကို အရင်ဖြည့်ရန် ဆုံးဖြတ်လိုက်သည်။
စားသောက်နေစဉ် သူ့ဖုန်းက ရုတ်တရက် မြည်လာသည်။
"ဥက္ကဋ္ဌကျိုး... ဘာကိစ္စရှိလို့လဲ"
ယဲ့ချန်း ဖုန်းကိုင်ကာ ပြောလိုက်သည်။
"ဥက္ကဋ္ဌယဲ့... သူငယ်ချင်းတစ်ယောက်က သစ်သီးတချို့ ပို့ပေးလိုက်လို့ပါ။ ခင်ဗျားက ကျွန်တော့်ရဲ့ စီးပွားရေးကိုလည်း စောင့်ရှောက်ပေးထားတာဆိုတော့ ခင်ဗျားဆီ နည်းနည်းလာပေးချင်လို့"
ကျိုးခိုင်က ပြုံးလျက် ပြောလိုက်သည်။
ယဲ့ချန်းက ပြန်ပြောလိုက်၏။
"ခင်ဗျား ဒီလောက်အားနာနေစရာ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် ခင်ဗျားနဲ့ အဘိုးချန်းက မိတ်ဆွေတွေပဲလေ"
ယဲ့ချန်းကို ဖားရမည့် ဤအခွင့်အရေးကို လက်မလွှတ်ချင်သောကြောင့် ကျိုးခိုင်က တက်ကြွစွာ ပြောလိုက်လေသည်။
"ဥက္ကဋ္ဌယဲ့ အခု ဘယ်မှာလဲ။ ကျွန်တော် လာပို့ပေးပါ့မယ်။ ဈေးကြီးတာတွေတော့ မဟုတ်ပါဘူး။ မေတ္တာလက်ဆောင်လေးပါ"
ကျိုးခိုင်က စိတ်အားထက်သန်စွာ ကမ်းလှမ်းနေသည်ကိုမြင်သော် ယဲ့ချန်းလည်း ငြင်းဆန်ရန် ခက်ခဲသွားသဖြင့် ပြုံးလျက် ပြန်ပြောလိုက်သည်။
"ဥက္ကဋ္ဌကျိုး... ခင်ဗျား ဘယ်မှာလဲ။ ကျွန်တော်ပဲ လာရှာလိုက်ပါ့မယ်။ ခင်ဗျားလို အမြဲအလုပ်များနေတဲ့လူကို ဒီအထိလာခိုင်းဖို့ မသင့်တော်ပါဘူး"
စောစောကပင် ယဲ့ချန်းသည် လူမမာသွားမေးရာတွင် လက်ဗလာဖြင့်လာရန် မသင့်တော်ဘူးဟုတွေးကာ သစ်သီးဆိုင်တစ်ဆိုင်တွင် သစ်သီးအချို့ဝယ်ရန် စီစဉ်နေခဲ့သည်။
ယခုတော့ အသင့်စားသုံးနိုင်မည့် သစ်သီးလတ်လတ်ဆတ်ဆတ်များ ရှိနေပြီဖြစ်၍ သူ ဝယ်စရာပင် မလိုတော့ချေ။
"ကောင်းပါပြီ။ ဥက္ကဋ္ဌယဲ့ပြောသလိုပဲ လုပ်ကြတာပေါ့။ ကျွန်တော်က ကုမ္ပဏီမှာပါ"
"ကောင်းပြီလေ။ ခဏနေ တွေ့ကြတာပေါ့"
ယဲ့ချန်းက ဖုန်းမချခင် ထိုသို့ပြောလိုက်ပြီး ကျိုးခိုင်၏ ကုမ္ပဏီရှိရာသို့ ဦးတည်သွားလိုက်သည်။
ထိုအချိန်တွင် ကျိုးခိုင်သည် သူ့ကုမ္ပဏီအောက်ထပ်၌ အချိန်အတော်ကြာအောင် စောင့်နေချေသည်။ မည်သို့ပင်ဖြစ်စေ ယဲ့ချန်းကိုယ်တိုင် လာရောက်မည်ဖြစ်ရာ သူ့ကို အပေါ်ထပ်သို့ တက်လာခိုင်းရန်မှာ မသင့်တော်ပေ။
ယဲ့ချန်းကို မြင်လိုက်ရသောအခါ သူက လက်လှမ်းပြ၍ ပြောလိုက်၏။
"ဥက္ကဋ္ဌယဲ့... ဆင်းမလာပါနဲ့။ ကားနောက်ဖုံးထဲကို သစ်သီးတွေ ကျွန်တော်ပဲ ထည့်ပေးလိုက်ပါ့မယ်"
"ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ်"
ယဲ့ချန်းက အပြုံးလေးဖြင့် ပြောလိုက်သည်။
သစ်သီးများထည့်ပြီးနောက် ကျိုးခိုင်က ကားဘေးတွင်ရပ်ကာ ပြောလိုက်သည်။
"ဥက္ကဋ္ဌယဲ့... ခင်ဗျား အားတဲ့တစ်ရက်ကျရင် ကျွန်တော် ထမင်းတစ်နပ်လောက် ဖိတ်ကျွေးချင်ပါတယ်"
"ကောင်းပါပြီ။ ကျွန်တော် ပြန်ရောက်ရင် စီစဉ်ကြတာပေါ့။ တကယ်ပါပဲ... ကျွန်တော့်ကို အဲဒီလောက်အထိ အားနာနေစရာမလိုပါဘူး"
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်လေသည်။
•••••••••••••••••••••