အခန်း ၁
Vol. 1 Ch. 1
ရွှေလက်ဆေးတဲ့ သိုင်းဘုရင်
စာစဥ် (၁)
မိတ်ဆက်
ကျုပ်က သိုင်းလောကထဲမှာ ကျင်လည်ကျက်စားခဲ့တဲ့ သိုင်းပညာရှင် တစ်ယောက်ပေါ့ဗျာ ။ အင်း...... ဖြစ်ခဲ့တာပေါ့ ။
ကျုပ်ဘာလို့ သည်လို ပြောနေရတယ် ဆိုတာကတော့ ရှင်းတယ် ။ ကျုပ်က သိုင်းလောကထဲကနေ နုတ်ထွက်ခဲ့ပြီးလို့ပဲ ။သိုင်းလောကရဲ. အနိမ့်အမြင့် ၊ အတက်အကျ ခေါင်းကိုက်စရာ ပြသနာပေါင်း သောင်းခြောက်ထောင်ကို ကြုံရပြီးတဲ့ နောက်မှာတော့ ကျုပ်က တစ်ခုကို သတိထားမိလိုက်တယ် ။ အင်း.....သည်လို အဆုံးမရှိတဲ့ သိုင်းလောက တိုက်ပွဲတွေက ကျုပ်အတွက် လုံးဝ မဟုတ်ဘူးဗျ ။
ကျုပ်သည်လို ပြောပြီဆိုတာနဲ့ ကျုပ်ဘယ်လောက် အခက်အခဲတွေကို ကြုံခဲ့ရသလဲ ဆိုတာကို ခင်ဗျားတို့ ရိပ်ဖမ်း၊သံဖမ်း သိလောက်ပါတယ် ။ ခင်ဗျားတို့လည်း သိုင်းလောကအကြောင်း မစိမ်းတဲ့ လူတွေပဲလေ ။
သည်နေရာမှာ တခြားသိုင်းလောကသားတွေထက် ပိုဆိုးတာက ကျူပ်က သိုင်းစကျင့်တဲ့ အချိန်တည်းက သေလုမြောပါးဒုက္ခ ခံရတာဗျ ။
ကျုပ်မှတ်မိပါသေးတယ် ။ ကျုပ်သိုင်းကျင့်ကာစက ကျုပ်ဆရာ ကျုပ်ကို ဘယ်လို နှိမ်ပြီး ဘယ်လို ဒုက္ခ ပေးခဲ့သလဲ ဆိုတာကိုပေါ့ ။
" မင်းက ငါ့ရဲ့ တပည့်ကြီး ။ ဒါပေမဲ့ မင်းရဲ့ ပါရမီက တခြားတပည့်တွေနဲ့ယှဥ်ရင် မဖြစ်စလောက်လေး ။ ဒါကြောင်. မင်းနောက်ပိုင်း ရမယ့် အောင်မြင်မှုတွေက အကန့်အသတ် ရှိတယ် ။ မင်းက မင်းရဲ့ တခြား ညီအစ်ကို မောင်နှမတွေကို ဘယ်လိုမှ လိုက်မီမှာ မဟုတ်ဘူး ။ဒါပေမဲ့ အခု ငါ့ဆီမှာ သိုင်းလောက မိတ်ဆွေတွေက လက်ဆောင်ပေးထားတဲ့ လျှို့ဝှက်သိုင်းကျမ်း နည်းနည်းရှိတယ် ။ အဲဒါတွေကို ယူသွား ။ ပြီးရင် အဲထဲမှာ ပြထားတဲ့အတိုင်း ကျင့် ။ ကြားလား "
" ဟုတ်ကဲ့ပါ ဆရာ ။ ကျွန်တော် ဆရာ့ကို စိတ်မပျက်စေရပါဘူး "
အဲသည်တုန်းကတော့ ကျုပ်က ငယ်သေးတာကိုးဗျ ။ ဆရာက ကျုပ်ကို စာအုပ်တွေ ပေးပြီးတာနဲ့ ဘာလို့ ပြုံးပြုံးကြီး နေနေမှန်း နားမလည်ဘူး ။
ကျုပ်က သူ့ကို စေတနာ မေတ္တာ ကြီးမားလှချည်ရဲ့၊ ကျုပ်အပေါ် ကျေးဇူး ကြီးလှချည်ရဲ့ဆိုပြီး သိုင်းကျမ်းတွေကို အရူးအမူး ကျင့်တော့တာပဲ ။
ဒါနဲ့ တစ်ခု ပြောရဦးမယ်ဗျ ။ အဲသည်တုန်းက ကျုပ် စာမဖတ်တတ်သေးဘူး ။ သည်တော့ ရုပ်ပုံတွေကြီးပဲ ကြည့်ပြီး ကျင့်ရတာပေါ့ ။ ကျုပ်ဆရာရဲ့ သောက်တလွဲ စေတနာတွေပါဆိုဗျာ ။တကယ်ကို ကျေးဇူးကြီးမားလှချည်ရဲ့ ။ နောင်ဘဝ အဆက်ဆက်လည်း ဘယ်တော့မှ မတွေ့ပါရစေနဲ့ ။
ကဲ... ထားပါ ။ ကျုပ်စကားကို ဆက်ပါဦးမယ် ။
အဲသည်နောက် ဘာဆက်ဖြစ်သလဲ သိလား ။ ကျုပ်ရှင်းရှင်းပဲ ပြောမယ် ။
ဆရာဆိုတာက နာမည်ခံဗျာ ။ ဘာမှ သင်ပေးတာမှ မရှိ ။သည်ကြားထဲ ကျုပ်ကိုယ်တိုင်ကလည်း
စာမတတ်ဆိုတော့ ပြီးပြီပေါ့ ။ ဘာလိုသေးလဲ ။
ဟုတ်တယ် ။ ကျုပ်သိုင်းကျင့်ပြီး သိပ်မကြာခင်မှာပဲ အတွင်းဒဏ်ရာနဲ့ အိပ်ယာထဲ ၁၁လတိတိ ပစ်လဲတော့တာပဲ ။ ပြီးတော့ သွေးကလည်း အန်နေတာကို မရပ်တော့ဘူး ။ အဆိုးဆုံးကတော့ သိုင်းကျမ်းကျင့်ပြီး ဘယ်နေရာ ဘာမှားလို့
ဘယ်လို ဖြစ်တာလဲ ဆိုတာ မသိတာပဲ ။
အဲသည်တုန်းကတော့ဗျာ ။ ကျုပ်က မပါးနပ်သေးတော့ အဲသောက်တလွဲ အဘိုးကြီး စနက်ကြောင့် ကျုပ်သည်လို သွေးလေဖောက်ပြန်ပြီး သေကောင်ပေါင်းလဲ ဖြစ်နေတယ်လို့ ဘယ်သိမတုန်း ။
" ငါကတော့ ဆရာ့ကို စိတ်ပျက်စေမိပြီ ။ငါက သည်လို ရိုးရှင်းတဲ့ သိုင်းပညာလေးတွေကိုတောင် ရအောင် မကျင့်နိုင်ဘူး"လို့ တွေးထင်ခဲ့မိတာပေါ့ ။ ခွေးထက်မိုက်တဲ့ အကောင်ပါဗျာ ။
ဒါကြောင့်လည်း ကျုပ်ပြန်သက်သာလာတာနဲ့ တစ်ပြိုင်နက် သိုင်းပညာကို အရင်ကထက်ပိုပြီး အရူးအမူး ကျင့်ခဲ့တာပေါ့ ။
ဒုတိယ အကြိမ်မှာတော့ နည်းနည်း တိုးတက်လာတယ်ဗျ ။ ပထမ တစ်ခါလို ၁၁လ မဟုတ်တော့ဘူး ။ အိပ်ယာထဲမှာ ၆လပဲ နေလိုက်ရတယ် ။ ရှင်းရှင်းပြောရမယ်ဆိုရင် ကျုပ်ဘဝရဲ့ ငယ်ရွယ်နုနယ်တဲ့ အချိန် တစ်နှစ်ခွဲလောက်က အိပ်ယာပေါ်မှာ သတိမေ့ပြီး အိပ်နေခဲ့ရတာပေါ့။
ကျုပ်အဲလို သေကောင်ပေါင်းလဲ ဖြစ်နေတဲ့ အချိန်မှာ ကျုပ်ဆရာ နဲ့ ဘုန်းကြီးတစ်ပါး ငြင်းခုံ နေကြတာကိုလည်း နည်းနည်း မှတ်မိသေးတယ်ဗျ ။
" ကပ်စေးနှဲတဲ့ ဘုန်းကြီး ။ ခင်ဗျားက ဘယ်လိုသတ္တိနဲ့ ကျုပ်ကို ရှောင်လင်ရဲ့ ရိကျင်းကျင်း ကျမ်းကို ခိုးတယ်လို့ လာစွပ်စွဲနေတာလဲ ။ ခင်ဗျားတို့ ရှောင်လင်က အရှက်သိက္ခာကော ရှိသေးရဲ့လား ။ လူမှုရေး ဆိုတာကိုကော သိရဲ့လား ။ တော်သေးတာပေါ့ .... ကျုပ်က ကျုပ်တပည့်လို ဥာဏ်မတုံးတော့ ခင်ဗျားတို့ရဲ့ သောက်တလွဲ အမှိုက်သိုင်းကို မကျင့်လိုက်တာ "
ဆရာရေ....... ဆရာပြောတော့ တပည့်ကျင့်နေတဲ့ သိုင်းက ဆရာ့ရဲ့ သိုင်းလောက မိတ်ဆွေတွေ လက်ဆောင် ပေးထားတာဆို ။ ပြီးတော့ အဲသည်သိုင်းကျမ်း နာမည်က ဘယ်လို ။ ရိကျင်းကျင်းတဲ့လား ။
သည်လိုနဲ့ ကျုပ်က အဲသည် သိုင်းကျမ်းကို အောင်မြင်ဖို့ သုံးနှစ် ကြာသွားခဲ့တယ် ။ ကျုပ်အောင်မြင်တဲ့ ပထမဆုံး သိုင်းကျမ်းပေါ့ဗျာ ။ပြီးတော့ နောက်တစ်ကျမ်း စတော့တာပေါ့ ။
ကျုပ်ထင်တာကတော့ ပထမ သိုင်းကျမ်း အောင်မြင်ပြီးပြီ ဆိုတော့ အခြေခံ ရပြီ ။ ဒုတိယ သိုင်းကျမ်းကျရင် မခက်လောက်ပါဘူးပေါ့ ။ မထူးပါဘူးဗျာ ။ ဒုတိယ သိုင်းကျမ်း ကျင့်တော့လည်း ပြသနာ တက်တာပါပဲ ။
သည်တစ်ခါကျတော့ အတွင်းအားတွေ ကမောက်ကမ ဖြစ်ကုန်တာဗျ ။
ကျုပ်ရဲ့ အတွင်းအားတွေက ထိန်းချုပ်မှု လွတ်ကုန်တယ် ။ ကျုပ်ရဲ့ အတွင်းအားတွေက ကြမ်းပြင်ကို ဆောင့်ပြီး ကျုပ်ကို တွန်းလွှတ်ပစ်လိုက်တာ အိမ်နံရံ အချပ်နှစ်ဆယ်ကျော်လောက်ကို ပေါက်ထွက်သွားတော့တာပဲဗျ ။ ဟုတ်တယ် ။ ကျုပ်အပိုတွေ ပြောနေတာ မဟုတ်ဘူး ။ တိတိကျကျ ပြောရရင် နံရံ ၂၃ချပ်ဗျာ ။ ကျုပ်တို့ရဲ့ ရွှံ့နံရံတွေက လေနဲ့မိုး လုံရုံလောက်ပဲ ဆိုတာကတော့ တခြားကိစ္စပေါ့ ။
အခုချိန်ထိ ကျူပ်ကောင်းကောင်းကြီး မှတ်မိနေသေးတယ်ဗျာ ။ အဲသည်လိပ်အဘိုးကြီးက သူလိမ်လည်လှည့်စားထားတဲ့ အနီးအနားရွာက သူငယ်မလေးတစ်ယောက်နဲ့ အိပ်ယာထဲမှာ နှပ်နေရာကနေ ထပြီး ငိုကြီးချက်မနဲ့ ကျုပ်ရဲ့ ဆရာဒေါ်လေးကို သွားတိုင်တာကိုပေါ့ ။ ဒါပေမဲ့လည်း နောက်ပိုင်းမှာတော့ ကျုပ်ဆရာ အဲသည်လို အလုပ်တွေ မလုပ်တော့ပါဘူး ။ ( အနီးအနားရွာက မိန်းမပျိုငယ်လေးတွေကို လိမ်လှည်လှည့်စားပြီး တာဝန်ယူပါ့မယ်ဆိုတဲ့ အကွက်ကို ရည်ညွန်း )
ရှင်းရှင်းပြောရမယ်ဆိုရင် သူက အခုဆိုရင် တကယ့် တောနေရသေ့ တစ်ပါးလိုပါပဲ ။
အော်မီတော်ဖော... ...... အရှင်မြတ်ဘုရား ..... မလိမ်မိုး မလိမ္မာလေးတွေမို့ သနားညှာတာ ခွင့်လွှတ်တော်မူပါ။
ထားပါ ။ ကျုပ်အကြောင်းကိုပဲ ဆက်ကြတာပေါ့ ။
အဲသည်လိုနဲ့ အတွင်းအား ဖောက်ပြန်မှု အပြီးမှာ အကျိုးဆက် ရလဒ်ကတော့ ကျုပ်ရဲ့ လက်နှစ်ချောင်း နဲ့ ခြေနှစ်ချောင်းက သွင်သွင် ကျိူးသွားတာပါပဲ ။ ပြီးတော့ နှစ်နှစ်တိတိ ဒုက္ခိတ ထော့ကျိုးဘဝနဲ့ နေလိုက်ရတယ်လေ ။ဒါပေမဲ့ အဆိုးထဲက အကောင်းပဲ ဆိုရမှာပေါ့ ။ အဲသည် အချိန် နှစ်နှစ်အတွင်းမှာ ကျုပ်က အတွင်းအား ကျင့်စဥ်ကို အောင်မြင်ခဲ့တယ်ဗျ ။ ဒုတိယမြောက် သိုင်းကျမ်းကို အောင်မြင်ခဲ့တာပေါ့ ။
မေ့လို့ဗျာ မေ့လို့ ။
အဲသည်အတောအတွင်းမှာ တာအို ရသေ့ ခုနစ်ပါးက ကျုပ်ဆရာဆီ လာလည်သေးတယ်ဗျ ။ ဒါပေမဲ့လည်း ကျုပ်ဆရာရဲ့ ကျိန်ဆဲမှုတွေကိုပဲ သူတို့ ရသွားရှာပါတယ် ။
" ဟေး... ဝူတန်က ခုနစ်စင်ကြယ် သူရဲကောင်းတွေ ။ မင်းတို့မှာ သိုင်းလောက ကျင့်ဝတ်တရား မရှိဘူးလား ။ မင်းတို့ပြောတော့ မင်းတို့ရဲ့ ထိုက်ချိသိုင်းက ယင်ယန်အစွမ်း ပါပြီး လမ်းလျှောက်တတ်စ ကလေးတောင် အန္တရာယ် ကင်းကင်းနဲ့ ကျင့်နိုင်တယ်ဆို ။ အခု ငါ့တပည့် ဘယ်လိုဖြစ်နေပြီလဲ မြင်လား ။ လမ်းဘေးမှာ တောင်းစားနေတဲ့ သူဖုန်းစားကမှ သူ့ထက် သာဦးမယ် ။ တော်သေးတာပေါ့...... ငါက ဥာဏ်ကြီးလို့ အရင်မကျင့်ဘဲ ဒင်းကို ကျင့်ခိုင်းလိုက်တာ ။ မဟုတ်ရင် အိပ်ယာပေါ်မှာ ပတ်တီးအဖွေးသားနဲ့ အိပ်နေတဲ့လူက ငါဖြစ်နေလောက်ပြီ "
အဲသည်စကားကို ကြားတော့ ကျုပ်မှာ ဒေါသထွက်လွန်းလို့ သွေးနှစ်လုပ်လောက် အန်မိတော့မလိုဘဲ ။
ဆရာ...... ဆရာ .... တပည့်ကို ဘာသိုင်းကျမ်းတွေ ပေးခဲ့တာလဲ ။
ဘုန်းကြီးတွေရဲ့ သိုင်းပညာ နဲ့ တာအိုရသေ့တွေရဲ့ သိုင်းက တစ်ပြိုင်တည်း ကျင့်လို့ မရဘူးလေဗျာ ။ ဒါကို သိုင်းလောက တစ်ခုလုံး...... မဟုတ်သေးဘူး ။ ခွေးအစ ကလေးအဆုံး သိတယ်လေဗျာ ။
အဟမ်း....... တတိယမြောက် သိုင်းကျမ်းကို ကျင့်ရမယ့် အချိန်ရောက်တော့ ကျူပ်ကောင်းကောင်းကြီး ပညာရသွားပြီဗျ ။ ကျုပ်အရင်လို ရမ်းသမ်းပြီး မကျင့်တော့ဘူး ။ သေချာ ဆန်းစစ်ပြီး သံသယထားတယ် ။ ကျုပ်တကယ်ကျိန်တယ်ဗျာ ။
သံသယထားတယ် ဆိုတာထက် အဆတစ်ထောင် သံသယထားပြီး ဆန်းစစ်တယ် ။
ဒါပေမဲ့ တတိယ သိုင်းကျမ်းမှာက ဘာမှ များများစားစား မပါဘူး ။ ပုံပန်းချီ ကားချပ်လေး တစ်ချပ်ပဲ ပါတယ် ။
အင်း... သည်လောက်ဆိုရင်တော့ ဘာပြသနာမှ မရှိလောက်ပါဘူး ။
မွေးမေလေ့...... သည်တစ်ခါလည်း သောက်တလွဲကြီးပဲဗျို့ ။
အဲသည်ပုံထဲမှာ ပြထားတဲ့အတိုင်း လေ့ကျင့်လိုက်တာ ကျူပ်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိသမျှ သွေးကြောအကုန် ပြတ်ပါရောလား ။ကံကောင်းတာကတော့ ဆရာကတော်က ကျုပ်ကို သိပ်ချစ်တာပဲ ။ သူက နောက်ပိုင်းနှစ်တွေမှာ လင်ဇီးမှိုတွေ ယူယူလာပြီး ကျုပ်ကို ကျွေးတယ်လေ ။ သူ့ကျေးဇူးကြောင့် ကျုပ်တဖြည်းဖြည်းနဲ. လမ်းပြန်လျှောက်လာနိုင်တာပေါ့ ။
မေ့လို့ဗျ ။ ကျုပ် သွေးကြောတွေ ပျက်စီးပြီး အိပ်ယာပေါ် လူသေ အလောင်းအလျာလို လဲနေတဲ့အချိန်မှာ ထူးဆန်းတဲ့ ရုပ်တွေနဲ့ လူသုံးဆယ် လာသေးတယ်ဗျ ။
သူတို့နဲ့ ကျူပ်ဆရာ တိုက်ခိုက်ကြပြီး နောက်ဆုံးမှာ ထုံးစံအတိုင်း ကျုပ်ဆရာက သူတို့ကို ဆဲလွှတ်လိုက်တာပေါ့ ။
" မင်းတို့ မကောင်းဆိုးရွားဂိုဏ်းက မိမဆုံးမ၊ ဖမဆုံးမတွေ ။ မင်းတို့ဆီမှာ အရှက်တရားဆိုတာ နည်းနည်းလေးတောင် မရှိတော့ဘူးလား ။ မင်းတို့ ဂိုဏ်းချုပ်ပြောတော့ မိုးသည်းည နဲ့ နွေဦးလေပြေ ပန်းချီကားက အစွမ်းအထက်ဆုံးဆို ။ အဲပုံအတိုင်း ကျင့်နိုင်တဲ့သူက အမြဲ ထောင်လွှားပြီး အောင်နိုင်သူ ဘုရင်ပဲဆို ။ ( 18+ သိုင်းကျမ်းဟုထင်ရ ။ ထောင်လွှားနှင့်ထောင်မတ်ကို နားကြားမှားပုံရ ။)ငါက မင်းတို့လို တေလေဂျပိုး တစ်သိုက်ကို ဆေးခတ်ပြီးမှ မျှမျှတတ အနိုင်ယူလာတာ ။ ဒါကို ငါ့ဆီကနေ အရှက်မရှိ ပြန်တောင်းရဲသေးတာလား ။ "
ဆရာ...... သည်တော့ ကျုပ်အလိမ်ခံထိတာ သေချာနေပြီပေါ့ ။ မကောင်းဆိုးရွားဂိုဏ်းရဲ့ မိုးသည်းည နဲ့ နွေဦးလေပြေ ပန်းချီကား ဟုတ်လား ။
တောက်..... ခွေးအဘိုးကြီး ။ သွားသေလိုက်ပါလား ။
……
……
ကျုပ်......ကျုပ်...... ကျုပ်....
ဟူး..... သည်အခြေအနေကို ရောက်မှတော့ အရာအားလုံးကို ကျုပ် အရှုံး ပေးလိုက်ပါပြီဗျာ။ ကျုပ်က သူဘာပေးပေး ပေးသမျှ အကုန်လုံးကို
လေ့ကျင့်ရုံပဲ တတ်နိုင်တော့တယ် ။ ဒါက ကျုပ် နဲ့ သနားစရာ ကောင်းတဲ့ ကျုပ်ရဲ.ဘဝလေးပါပဲ ။ ဘယ်လိုပဲဖြစ်ဖြစ် သည်သိုင်းကျမ်းတွေ ကျင့်ပြီး မသေရင်တောင် သည်ဂိုဏ်းတွေရဲ့ အမဲဖျက်တာကို ကျုပ်ခံရမှာက အသေအချာပဲ မဟုတ်ဘူးလား ။
စောစောသေတော့ နောက်ဘဝကို စောစော စလို့ ရတာပေါ့ ။
ကျုပ်ဆရာက သူ့မိတ်ဆွေတွေ လက်ဆောင်ပေးထားတယ်ဆိုပြီး သိုင်းကျမ်းတွေကို ကျုပ်ဆီကို နေ့တိုင်းနီးပါး ယူလာတယ်ဗျ ။ ကျုပ်ကလည်း အဲဒါတွေကို ယူပြီး ကြိုးကြိုးစားစား လေ့ကျင့်တယ် ။
တစ်နေ့ အခွင့်အရေးရရင် သည်လိပ်အဘိုးကြီးကို ပြန်သမမယ်ဆိုတဲ့ မျှော်လင့်ချက်ကြီးနဲ့ပေါ့ ။
ဒါပေမဲ့လည်း ထူးဆန်းတယ် ။ တတိယ သိုင်းကျမ်းကို အောင်မြင်ပြီးတဲ့ နောက်မှာတော့ ကျုပ်က ဘာဒဏ်ရာမှ မရတော့ဘူးဗျ ။ ဘယ်သိုင်းကျမ်းနေနေ ခဏလေး ကျင့်လိုက်တာနဲ့ တတ်သွားပါလေရောလား ။ သည်လိုနဲ့ နောက်ဆုံးမှာတော့ ကျုပ်ဆရာကတောင် မနေနိုင်ဘဲ ကျုပ်ကို မေးလာရတယ် ။
" မင်းမသေသေးဘူးလား"တဲ့ ။
ဟေး.....
ကျုပ်က ငယ်ငယ်ရွယ်ရွယ် သန်သန်မာမာကြီးလေ ။ သေမယ့်သေ ခင်ဗျားလို သင်းချိုင်း ခြေတစ်ဖက်လှမ်းနေတဲ့ အဘိုးကြီးပဲ သေမှာ ။
အကျဥ်းချုပ် ပြောရမယ်ဆို ကျုပ်ရဲ့ ခန္ဓာကိုယ်က တစ်စထက်တစ်စ ပိုပိုပြီး အားကောင်းလာတယ်ဗျာ ။နှာစေး ချောင်းဆိုးကအစ ဘာဆို ဘာမှ မဖြစ်တော့တာ ။ ပြီးတော့ နာကျင်မှုလည်း မခံစားရတော့ဘူး။
သည်လိုနဲ့ အသက်၂၂ အရွယ်မှာ တောင်ပေါ်ကနေ ဆင်းလာတော့ ကျုပ်တစ်ခု သိလိုက်ရတယ် ။ အဲဒါကတော့ ကျုပ်ဟာ သိုင်းလောကမှာ ပြိုင်ဘက် ကင်းတယ် ဆိုတာပဲ ။
Lord. Zen
ရွှေလက်ဆေးတဲ့ သိုင်းဘုရင်
စာစဥ် (၁) အပိုင်း- ၁
သိုင်းလောကမှာ ငရဲခံမယ့်အစား နန်းတွင်းကို အခစားဝင်မယ်
ဟုတ်တယ် ။ ကျုပ်ဆီမှာ အဆက်အသွယ် ရှိတယ် ၊ ပြိုင်ဘက်ကင်း သိုင်းပညာ ရှိတယ် ၊ ချောမောတဲ့ ရုပ်ရည်ရှိတယ် ပြီးတော့.... ...
ထားပါ ။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ကတော့ သိုင်းလောကကနေ အနားယူဖို့ကို ဆုံးဖြတ်လိုက်ပြီးပြီ ။
ကျုပ်ရဲ့ အကြောင်းပြချက်လား.....
ရိုးရှင်းပါတယ် ။ သိုင်းလောကသား ဘဝက ကြမ်းတမ်းတယ် ပြီးတော. ပျင်းစရာ ကောင်းတယ်လေဗျာ။
ဘာလဲ... ကျုပ်အနေနဲ့ သိုင်းပညာ သည်လောက်အထိ ထူးချွန်ပြီးမှ ဘဝကို ဘာလို့ ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင် မနေနိုင်တာလဲ ဆိုပြီး ခင်ဗျားက အတွန့်တက်ချင်တာလား ။
မိတ်ဆွေ ခင်ဗျား စိတ်ကူးယဥ် သိုင်းဝတ္ထုတွေ ဖတ်တာ များလွန်းနေပြီဗျ ။
ဘဝကို ပျော်ပျော်ရွှင်ရွှင် ၊ ချမ်းချမ်းသာသာနဲ့ နိုင်ဖို့ ဆိုတာက သိုင်းပညာ ဘယ်လောက် ကျွမ်းသလဲ ဆိုတာ နဲ့ တိုက်ရိုက်အချိုးကျတာ မဟုတ်ဘူးဗျ ။ ပိုက်ဆံ ဘယ်လောက် ချမ်းသာသလဲနဲ့ပဲ တိုက်ရိုက် အချိုးကျတာ ။
ဥပမာဗျာ ခင်ဗျားက ပုရွက်ဆိတ်လေး တစ်ကောင်ကိုတောင် မသတ်ရဲတဲ့ ငကြောက်လေးတစ်ယောက် ဖြစ်နေတယ်ပဲ ထားပါဦး ။ဒါပေမဲ. ခင်ဗျားမှာ ပိုက်ဆံ ရှိနေသရွေ့ ဘာလုပ်လုပ် တင့်တယ်တယ်ဗျ ။ ခင်ဗျားအနေနဲ့ လူလယ်ခေါင်မှာ ကိုယ်လုံးတီးကြီး ကနေရင်တောင် ဘယ်သူမှ ဘာမှ မပြောရဲဘူး ။
သိုင်းလောကမှာနေပြီး ပိုက်ဆံရှာပါလား ..... ဟုတ်လား ။ တော် ....... တော် ........ခင်ဗျား စိတ်ကူးယဥ်နေတာ တော်လိုက်ပါတော့ဗျာ ။
ခင်ဗျား ထင်နေတာ သိုင်းလောကမှာ ပိုက်ဆံရှာတာ တအား လွယ်တယ်ပေါ့ ။ကျုပ်ပြောပြမယ် ။
သိုင်းလောကမှာရှိတဲ့ နာမည်ကျော် သိုင်းဂိုဏ်းမှန်သမျှက နာမည်ကျော်ကြားမှု နဲ့ အကျိုးအမြတ်အတွက်ကို အမြဲ တိုက်ခိုက်နေကြရတာ ။ အဲသည်လို ဂိုဏ်းတွေနဲ့ ရင်ဆိုင်ရတာ ဘယ်လောက် ခေါင်းကိုက်လိုက်သလဲ ။ ပြီးတော့ ဂိုဏ်းမှန်သမျှက စားဝတ်နေရေးဆိုတဲ့ ပြသနာထုပ်ကြီးတွေကို ခေါင်းပေါ် တင်ထမ်းထားရတာ ။ နာမည်ကျော်ကြားလေလေ အဲသည်ပြသနာထုပ်ကြီးက ပိုကြီးလေလေပဲ ။
ဥပမာဗျာ လူတစ်ရာကျော်ရှိတဲ့ ဂိုဏ်းတစ်ခုပဲ ဆိုကြပါစို့ ။ ကဲ..... နေဖို့အတွက် တောင်တစ်လုံး ရှာရပြီ ။ ပြီးရင် ဂိုဏ်းကို လူအမြင် တင့်တယ်အောင် ပြုပြင်ရမယ် ၊ ကိုင်ဖို့ လက်နက်တွေ ဝယ်ရမယ် ၊ ဂိုဏ်းဝတ်စုံဖိုး ရှာရမယ် ။ ပြီးရင် အဲပါးစပ်ပေါက်တစ်ရာကျော်ကို နေ့စဥ် တစ်နေ့သုံးနပ် ကျွေးရဦးမယ် ။ ကဲ.... ဘယ်မလဲ ဝင်ငွေ ။
တကယ့် ထိပ်တန်းဂိုဏ်းကြီးတွေ ဖြစ်တဲ့ ရှောင်လင် ၊ ဝူတန် နဲ့ အော်မေ့ဂိုဏ်းတို့ကတော့ အလှူတွေဘာတွေ လိုက်ခံရင်းနဲ့ လယ်ပိုင်ရှင်ကြီးတွေ၊မြေပိုင်ရှင်ကြီးတွေဆီကနေ အထောက်အပံ့ရတော့ နည်းနည်းပါးပါး အဆင်ပြေတာပေါ့ ။ ကျန်တဲ့ ဂိုဏ်းတွေကတော့ အဆင်မပြေလှပါဘူး ။ တကယ့်ကို ရရစားစားပဲ ။
ကျုပ်ဆရာမှာလည်း အစကတော့ သူ့စီးပွားနဲ့ သူရှိပါတယ် ။ ဒါပေမဲ့လည်း အဲဒါက တိုင်းပြည်အစွန်အဖျားက ဇနပုဒ်သား အဘိုးကြီးတစ်ယောက်ရဲ့ တစ်လ ဝင်ငွေကိုတောင် မယှဥ်နိုင်ဘူး ဆိုတာ သိအပြီးမှာတော. အဲအလုပ်ကို ဒေဝါလီ ခံလိုက်တော့တာပဲ ။
ပြီးတဲ့နောက်မှာတော့ သူက ရှက်ရမ်းရမ်းပြီး ရှောင်လင်ရဲ့ အလှူငွေတွေကို ပတ်ခိုးတော့တာပေါ့ ။ သိုင်းလောကရဲ့ စည်းမျဥ်းတွေအရဆိုရင် ဂိုဏ်းကြီးတွေက အားနည်းတဲ့ ဂိုဏ်းတွေကို အနိုင်မကျင့်ရဘူး ။ အဲသည်အတွက် ကျုပ်ဆရာက အမြဲတမ်း အင်အားကြီးတဲ့ ဂိုဏ်းတေဆီကနေပဲ ခိုးတယ် ။ ဒါ့ကြောင့် မမိသေးသရွေ့တော့ ဆရာ့အနေနဲ့ သိုင်းလောက စည်းမျဥ်းကို ချိုးဖောက်တယ်လို့ မပြောနိုင်ဘူးလေ ။ ပြောရမယ်ဆိုရင် ဝိနည်းလွတ် ခိုးတာပေါ့ဗျာ ။
တကယ်လည်း ဆရာက ဘယ်တော့မှ အဖမ်း မခံရပါဘူး ။ အဲဒါကြောင့်လည်း ဘုရားမှပဲ သိနိုင်မယ့် လျှို့ဝှက်သိုင်းကျမ်းတွေကို ကျုပ်အတွက် ခိုးခိုးလာပေးတာပေါ့ ။ ကျုပ်တို့က ထိပ်တန်းဂိုဏ်းကြီးတွေရဲ့ ကျဥ်တာကို ခံရပြီး ရလဒ်အနေနဲ့ ငွေရနိုင်တဲ့ ဘယ်ညီလာခံ ၊ ဘယ်အစည်းအဝေး ၊ ဘယ်သူရဲကောင်း တွေ့ဆုံပွဲမှာမှ အဖိတ် မခံရတာလဲ ဘာဆန်းသလဲ ။ ဟုတ်တယ်မလား ။
ဘာ....ဘယ်လို..... ခင်ဗျားက ကျုပ်တို့ကို အောက်လမ်းဂိုဏ်း ၊ အနက်ရောင်ဂိုဏ်း ဘာလို့ မလုပ်တာလဲ ဟုတ်လား ။
မှန်ပါတယ်လေ ။ အောက်လမ်းမိစ္ဆာဂိုဏ်းဆိုရင်တော့ ငွေရ ပိုလွယ်တာပေါ့ ။
ဒါပေမဲ့ ခင်ဗျား မကြားမိဘူးလား ။
ပြီးခဲ့တဲ့ နှစ်တွေတုန်းက စီးမင်ချူးတိုင်ဆိုတဲ့ မိစ္ဆာ အောက်လမ်းဂိုဏ်းခေါင်းဆောင်က သူ့ကိုယ်သူ ပြိုင်ဘက်ကင်းဆိုပြီး ကြေညာပြီး သိုင်းလောကို တက်သိမ်းဖို့ လုပ်တယ်လေ ။ ပြီးတော့ သူက အဲဒါနဲ့တင် မကျေနပ်သေးဘူး ။ နန်းတွင်းကိုပါ မျက်စောင်း ထိုးလိုက်သေးတာဗျ ။ ရလဒ်ကတော့ နန်းတွင်းက သူ့ကို အသေရရ အရှင်ရရ ဝရမ်း ထုတ်လိုက်တာပဲ။
နန်းတွင်း နဲ.အဖြူရောင် သိုင်းလောကသား နှစ်ဖက်စလုံးကလည်း အမိန့်တော်ကို မငြင်းဆန်ကြဘူး။ ပြောရမယ်ဆိုရင် သူတို့က စီးမင်ချူးတိုင်ကို မျက်စိစပါးမွှေး စူးနေတာကြာပြီလေ ။ ကျန်းနန်ရဲ့ ထိပ်တန်းဂိုဏ်းကြီး ၇ဂိုဏ်း ၊ လေနက်တောင်ကုန်းက ကျေးရွာ၁၃ခု၊ မီးတောက်နီ လိုဏ်ဂူက လိုဏ်ဂူ၂၈ခု ၊ ချောက်ကမ်းပါး ၃၆ခုက ကျင်းလင်သူရဲကောင်းတွေ ၊ ရှောင်လင် ၊ဝူတန်၊ အော်မေ့ အပါအဝင် စတဲ့ အဖွဲ့အစည်းတွေက ပေါင်းစည်းပြီး စီမင်းချူးတိုင်ရဲ့ မကောင်းဆိုးရွားဂိုဏ်းကို အမဲလိုက်ကြတာ မကောင်းဆိုးရွားဂိုဏ်းခမျာ ဖွတ်ဖွတ်ညက်ညက်ကို ကျေပါရောလား ။
(စီးမင်းချူးတိုင်ရဲ့ ဂိုဏ်းနာမည် - မကောင်းဆိုးရွားဂိုဏ်း)
စီးမင်ချူးတိုင်ရဲ့ အလိမ်အညာတွေနဲ့ အာချောင်မှုတွေက အလုပ် မဖြစ်ခဲ့တာ အသိသာကြီးဗျာ ။ မကောင်းဆိုးရွားဂိုဏ်းခမျာ အခုဆို အသံကို ထွက်မလာတော့ဘူးဗျ ။ အဟုတ်ကို ဘာသတင်းမှ ထွက်မလာတော့တာ ။ သူတို့ ဂိုဏ်းဝင်တွေက အခုဆိုရင် လမ်းဘေးမှာ ဆေးဘဲဥတွေ၊ ဆေးကြက်ဥတွေတောင် ရောင်းရင် ရောင်းနေကြလောက်ပြီနေမှာ ။
ပြီးတော့ ခင်ဗျားတို့ ကြားမိကြသေးလား ။
အရင်လတုန်းက သွေးလင်းယုန်အဖွဲ့က လူ၃၇ယောက် အိမ်မှာ ဖဲရိုက်နေတုန်း နန်းတွင်းက ချီလင်အစောင့် ၁၄၀ က ဝင်ဆုံးမသွားတာဆိုတာလေ ။ အဲသည်တုန်းက သွေးလင်းယုန် ခေါင်းဆောင်က ကုလားသုံးကောင် ရထားတာဗျ ။ သူက တစ်ဝိုင်းလုံးကို စားဖို့ ပြင်နေတုန်းမှာပဲ ခေါင်းနဲ့ကိုယ် အိုးစားကွဲသွားတာလေ ။ အခုချိန်ထိ အဲမှာ ညညဆိုရင် ကုလားသုံးကောင်ကွ ဆိုပြီး အော်သံတွေ ထွက်ထွက်နေတုန်းပဲတဲ့ ။ သူနိုင်တဲ့ ပိုက်ဆံတွေ မသိမ်းရသေးလို့ မကျွတ်သေးတာလို့လည်း လူတွေက ပြောကြတယ် ။
ကဲ သည်လောက်ဆိုရင် ကျုပ်ဘာဖြစ်လို့ သိုင်းလောကကနေ အနားယူချင်တာလဲ ဆိုတာ သိပြီလား ။
ကျုပ်က သည်နှစ်ဆိုရင် အသက်၂၈နှစ် ပြည့်ပြီ ။ သည်တော့ ကျုပ်က ငယ်သေးတယ်လို့ ဆိုမရတော့ဘူး ။ ကျုပ်ရဲ့ဆရာကတော့ အခုချိန်အထိ သန်သန်မာမာကြီးနဲ့ မိန်းမငယ်လေးတွေကို တက်
ဖိဖို့ စိတ်အားထက်သန်နေတုန်း ။ ဒါပေမဲ့ သူက အသက်ခြောက်ဆယ် ပြည့်ပြီးပြီဆိုတော့ သိပ်မကြာခင်မှာ ကျုပ်ကို သူ့ရဲ့ အရိုက်အရာ ဆက်ခံဖို့ ရာထူး လာလွှဲပြောင်းပေးတော့မှာ ။
အဲသည်အချိန်ရောက်ရင် သူအရှက်မရှိ လုပ်ထားတဲ့ ကိစ္စတွေ ၊ သူခိုးထားတဲ့ ဂိုဏ်းပေါင်းစုံက ပစ္စည်းတွေ၊ သူဖိထားတဲ့ မိန်းမငယ်လေးတွေ ၊ သူအီစီကလီလုပ်ထားတဲ့ အဘွားကြီးတွေ ပြီးတော့ သူမွေးထားတဲ့ ကလေးတွေ ။ အဲသည် အရှုပ်ထုပ်တွေ အားလုံးက ကျုပ်ခေါင်းပေါ် ကျလာမှာ အသေအချာပဲ ။
ရှက်စရာ အကောင်းဆုံးကတော့ အဲသည်လူတွေက " သိုင်းလောက၏ လူယုတ်မာအား ဆုံးမခြင်း"" လောကကြီးအား ကယ်တင်ခြင်း "" ပန်းဘီလူးအား နှိမ်နင်းခြင်း"အဲသည်လို အလံတွေ၊တံခွန်တွေ ထောင်ပြီး လာကြမှာဗျ ။ အဲဒါကြီးတွေကို ကျုပ်က ဘယ်လိုမျက်နှာနဲ့ ဖြေရှင်းရမှာလဲဗျာ ။
ဒါကြောင့်မို့လည်း ကျုပ်က သိုင်းလောကကနေ အနားယူပြီး အားလုံးကို ဥပေက္ခာပြုဖို့ ဆုံးဖြတ်လိုက်တာပေါ့ ။ အဲသည်လိုမှ မဟုတ်ရင် ကျုပ်ဘဝရဲ့ သက်တမ်း တစ်ဝက်လောက်ကို ဟိုမြေခွေးအိုကြီးရဲ့ အကြွေးတွေကို ဆပ်ရင်း အချိန် ကုန်နေရမှာ ။
ကျုပ်က အိမ်မှာ ထိုင်နေရင်းနဲ့ သိုင်းလောက အတင်းအဖျင်း(သံမဏိဓား) စာစောင်ရဲ့ အလုပ်ရှာဖွေရေး ကဏ္ဍကို ကြည့်လိုက်တော့ သည်လို တွေ့တယ်ဗျ။
ချီလင် ကိုယ်ရံတော် အစောင်.အကြပ်တပ်ဖွဲ့မှ လူသစ်ခေါ်ယူခြင်းတဲ့ ။ လစာက မဆိုးဘူး ....ကောင်းတယ် ။ ကောင်းကောင်းမွန်မွန် စားသောက်ရမယ် ။ပြီးတော့ အလုပ်ကြိုးစားမှုအပေါ် ရာခိုင်နှုန်းနဲ့ ဆုငွေ ထပ်ပေးမယ် ။
ချီလင် ကိုယ်ရံတော်.လား...... အင်း......
ဒါက တကယ့် အခွင့်အရေးကြီးပဲ ။
ချီလင် ကိုယ်ရံတော်တွေက ပုံမှန်ဆိုရင် အဖြူရောင် သိုင်းဂိုဏ်းကြီးတွေရဲ့ အလုပ်ကို ဝင်ကူညီပြီး အောက်လမ်း အနက်ရောင်ဂိုဏ်းတွေကို တက်တက်ကြွကြွ နှိမ်နင်းပေးနေကျ ။ အကြောင်း မသိတဲ့ သူတွေဆိုရင် အဲသည် အောက်လမ်းဂိုဏ်းတွေက သူတို့ တစ်ဆွေတစ်မျိုးလုံးကိုပဲ အဓမ္မ ကျင့်သွားသလားလို့ ထင်ရတဲ့အထိအောင်ကို တက်ကြွကြတာ ။ အကျဥ်းချူပ် ပြောရမယ်ဆိုရင် ချီလင် ကိုယ်ရံတော်တွေက အနက်ရောင် ဂိုဏ်းတွေကိုဆိုရင် အတော်လေး အညှာအတာ ကင်းမဲ့တယ်ပေါ့ဗျာ ။
ကျုပ်အထင်ကတော့ ချီလင် ကိုယ်ရံတော် အစောင်.အကြပ်တွေက အလှူလုပ်တာဟာ အကြီးမြတ်ဆုံး ဖြစ်တဲ့အကြောင်း တတွင်တွင် ထိုင်ပြောနေတဲ့ ရှောင်လင် ဘုန်းကြီးတွေ ၊ တွေ့တာနဲ့ ဗေဒင်ဟောပေးပြီး အခကြေးငွေတောင်းဖို့ ပြင်နေတဲ့ ဝူတန် ရသေ့တွေထက် အများကြီး ပိုအလုပ်လုပ်သလိုပဲ။
ဒါပေမဲ့လည်း အောက်လမ်း အနက်ရောင် မိစ္ဆာဂိုဏ်းတွေကလည်း အားကောင်းလွန်းတယ်ဗျ ။သူတို့က သွားရှူပ်လို့တော့ မရဘူး ။ အထူးသဖြင့် အခုနောက်ပိုင်းနှစ်တွေမှာ သုံးတဲ့ သူတို့ရဲ့ နည်းဗျူဟာတွေပေါ့ ။သူတို့တွေက အစိုးရ အရာရှိတွေနဲ့ အပြန်အလှန် နားလည်မှုတွေ ယူထားကြတယ် ။ အခုဆိုရင် အဆင့်မြင့် အစိုးရ အရာရှိကြီးတွေကတောင် သူတို့ကို ကျောထောက်နောက်ခံ ပေးထားကြပြီ ။အဲသည်အတွက် ချီလင်အစောင့်အကြပ်တွေနဲ့ နန်းတွင်းတပ်တွေအတွက်တောင်မှ မိစ္ဆာကောင်တွေကို နှိမ်နင်းရတာ အရင်လို မလွယ်လှတော့ဘူး ။
အင်း.... အတင်းအဖျင်း စာစောင်မှာ နောက်ထပ် ကြေညာတွေ ရှိသေးတယ်ဗျ ။
လျူရှန်းမန်တွေကလည်း လူအင်အား စုဆောင်းနေပြီတဲ့။ သူတို့ပေးတဲ့ လစာက ချီလင်တွေထက်တောင် ပိုကောင်းသေးသဗျာ ။ ရပိုင်ခွင့်တွေကလည်း မက်လောက်စရာကြီး ။ သူတို့ပြောထားတာကတော့ အားလပ်ရက် ခွင့်ရတဲ့အခါမှာ ဆိုရင် အဖော်အဖြစ် အချောအလှလေးတွေတောင် ထည့်ပေးဦးမယ် ဆိုပါလား ။
အင်း....လျူရှန်းမန်တွေက ချီလင် ကိုယ်ရံတော် အစောင့်အကြပ်တပ်ကို ယှဥ်နေတာ လုံးဝ သိတာနေတာပဲ ။
ဒါပေမဲ့ သူတို့က ဘာဖြစ်လို့ ချီလင်တွေကို သွားပြီး ယှဥ်ချင်နေရတာလဲ။
လျူရှန်းမန်တွေဆိုတာက အရင်လို မဟုတ်တော့ဘဲ အနိမ့်ပိုင်းရောက်နေပြီ ဆိုတာ အသိသာကြီးလေ ။
ကျုပ်ပြောပြမယ်ဗျာ ။ တကယ်လို့ ခင်ဗျားသာ လူတစ်ယောက် ဖြစ်တာမှန်တယ်ဆိုရင် လျူရှန်းမန်ဆိုတဲ့ နာမည်ကိုကြားတာနဲ့ စုံစမ်းရေးမှူး ဆယ့်သုံးယောက်ကို အရင်ဆုံး သတိရမှာပဲ ။
မှားလို့ စုံစမ်းရေးမှူး ဆယ့်သုံးယောက် မဟုတ်ဘူး ။ ဆယ့်သုံးလို့ ခေါ်တဲ့ စုံစမ်းရေးမှူးကို ပြောတာ ။ ပြောရမယ်ဆိုရင် ယန်ရှီစန်းပေါ့ ။ ( ရှီစန်း= ၁၃)
သူ နဲ့ မကောင်းဆိုးရွားဂိုဏ်းက စီးမင်ချူးတိုင်ဆိုတာ သိုင်းလောကရဲ့ တကယ့် လူပြက် နှစ်ယောက်ပဲ ။သူတို့နှစ်ယောက်က ဘုစုခရုလေး ဘဝကနေ ပြိုင်ဆိုင်လာကြတာ ။ အသက်တွေကြီးလာတဲ့အထိ တစ်ယောက် နဲ. တစ်ယောက် မျက်လုံးကိုနှိုက် ၊ လည်မျိုကိုညှစ်ဖို့ ကြိုးစားနေကြတုန်း။
ခင်ဗျားတို့သိအောင် ကျုပ်ပြောပြမယ်ဗျာ ။သိုင်းလောကရဲ့ အထင်ကရ ဆရာကြီးနှစ်ပါး တိုက်ကြတယ်ဆိုတာက ငွေစက္ကူတွေကို ပြိုင်ပြီး မီးရှိူ့ကြတာနဲ့ အတူတူပဲ ။ လျူရှန်းမန်တွေကတော့ ထားပါတော့ ။ သူတို့က ဘုရင်မင်းမြတ်ရဲ့ အထောက်အပံ့ ရထားလို့ သိုင်းလောကမှာ ပတ်ရမ်းနေတာ လက်ခံလို့ရတယ် ။ ဒါပေမဲ့ ကျုပ်ပြောချင်တာ အစကတည်းက မွဲတေ စုတ်ပြတ်သတ်ပြီး အကြွေးပတ်လည် ဝိုင်းနေတဲ့ မကောင်းဆိုးရွားဂိုဏ်းက ဘာဖြစ်တာလဲ ။ သူတို့က ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်နေတာ မဟုတ်ဘူးလား ။
ပြီးတော့ ယန်ရှီစန်းဆိုတဲ့ လူကလည်း လူရိုး၊လူဖြောင့်လို့ ဘယ်သူက အာမခံထားလို့လဲ။အခုခေတ်မှာ လူရိုး၊လူဖြောင့်ဆိုတာက သင်းချိုင်းမှာပဲ ရှိတော့တာဗျ ။ သူက စီးမင်ချူးတိုင်ကို ပထမဆုံး တည့်တိုက်ခိုက်တယ်။ မနိုင်ဘူး ။ ဒါပေမဲ. အဲသည် မနိုင်တဲ. အချိန်က စပြီး အောက်ကြေးအကွက်တွေ အကုန် ထုတ်သုံးတော့တာပဲ ။ သူက လောင်းကစားရုံတွေ ၊ ကြေးတန်းစားဂေဟာတွေကို မကောင်းဆိုးရွားဂိုဏ်းနားမှာ ပတ်ပြီး ဖွင့်တယ် ။ ပြီးတော့ အပေါင်ဆိုင်တွေ ဗုံးပေါလအော ထပ်ဖွင့်တယ် ။ နဂိုကမှ အကြွေးပတ်လည်ဝိုင်းနေတဲ့ မကောင်းဆိုးရွားဂိုဏ်းခမျာ ယန်ရှီစန်း စနက်ကြောင့် အကြွေးလည်ပင်းကို နစ်ပါလေရောလား ။ ဒါတင်မကသေးဘူး။ ယန်ရှီစန်းက အဲသည်အောက်ကြေး စီးပွားရေးတွေက ရလာတဲ့ ဝင်ငွေတွေနဲ့ မကောင်းဆိုးရွားဂိုဏ်းကို တိုက်ဖို့ လူတွေ ပြန်ငှားသေးသဗျာ ။ စဥ်းစားကြည့်ပေါ့ဗျာ ။ မျက်စိတစ်မှိတ် အတွင်းမှာပဲ လျူရှန်းမန်တွေက အားအကောင်းဆုံး ပြိုင်ဘက်ကင်း အဖွဲ့တစ်ဖွဲ့ ဖြစ်လာတာလည်း မထူးဆန်းတော့ပါဘူး ။
ဒါပေမဲ့ မကောင်းဆိုးရွားဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းတော့မယ့် အချိန်မှာပဲ အဲသည်အဘိုးကြီးက အလွန်အကျွံ လုပ်လွန်းလို့ သူရှူးသူပြန်ပတ်သွားတယ်လို့ ကြားတယ်ဗျ ။
ဟုတ်မဟုတ်တော့ မသေချာဘူးပေါ့ဗျာ ။ ပြသနာစဖြစ်တာက အဲသည်ညမှာ အဘိုးကြီး နဲ့ တခြားဧည့်သည်တစ်ဦး ရွှင်ပျော်ပျော် ဂေဟာမှာ အပျော်မယ် လုကြတယ်တဲ့ဗျ ။ ယန်ရှီစန်းဆိုတဲ့ အဘိုးကြီးက ကြေးတန်းစားဂေဟာ အကုန်လုံးနီးပါးကို သူဖွင့်ထားတာဆိုတော့ ဟိုဘက်က ဧည့်သည်က ဘယ်လို ယှဥ်နိုင်ပါ့မလဲ ။ အဲသည်လိုနဲ့ တစ်ဖက်ဧည့်သည်က အရှုံးနဲ့ ရင်ဆိုင်ရပြီး ပြန်သွားရတာပေါ့ ။ ဒါပေမဲ့ အဲသည်ကိစ္စဖြစ်ပြီးလို့ နောက်တစ်နေ့မှာပဲ အဘိုးကြီးခဗျာ ရာထူးကနေ အချခံလိုက်တယ်။ ကောလာဟလတွေအရ ဆိုရင်တော့ အဘိုးကြီးနဲ့ အပျော်မယ် ပြိုင်လုတဲ့ တစ်ဖက်ဧည့်သည်က ရုပ်ဖျက်ထားတဲ့ ဘုရင်မင်းမြတ်လို့ ကြားတာပဲဗျာ ။
အခုဆိုရင် ဘုရင်မင်းမြတ်က သူဂေဟာသွားတဲ့ ကိစ္စ သတင်းထွက်လာလို့ဆိုပြီး ယန်ရှီစန်းကို လူမြင်ကွင်းမှာကို မထားတော့ဘူးလို့ ဆိုကြတယ် ။
ကျုပ်နောက်ဆုံး ကြားရတာကတော့ သိုင်းလောကရဲ့ အဖြူရောင် သိုင်းဂိုဏ်းကြီးတွေ မကောင်းဆိုးရွားဂိုဏ်းကို အမြစ်ဖြတ်လိုက်တဲ့ တိုက်ပွဲမှာတောင်မှ ယန်ရှီစန်း မပါရဘဲ အစိုးရ ဌာန တစ်ခုမှာ ကြမ်းတိုက်၊ တံမျက်စည်းလှဲ လုပ်နေရတယ်တဲ့။
ယန်ရှီစန်း ရာထူး ချခံရပြီးတဲ့ နောက်တော့ လျူရှန်းမန်တွေခမျာ ခေါင်းကို မထောင်နိုင်တော့ဘူး။ သူတို့ရဲ့ နာမည်ကျော် အထောက်တော် စုံစမ်းရေးမှူးတွေကလည်း ချီလင် ကိုယ်ရံတော် တပ်ဖွဲ့ဘက်ကို ပြောင်းလိုပြောင်း ၊ ဒါမှမဟုတ် အရပ်ဘက်ကို ပြောင်းလိုပြောင်း လုပ်ကုန်ကြတယ် ။ ဒါကြောင့်မို့လည်း အခု လျူရှန်းမန်တွေက လစ်လပ်သွားတဲ့ ထိပ်တန်း ပညာရှင်တွေ နေရာမှာ ပိုက်ဆံ သုံးပြီး ရွက်ပုန်းသီး ပညာရှင်တွေကို အစားထိုးဖို့ ပြင်ဆင်လာကြတာ နေမယ်ဗျ ။
ကဲ.... အာချောင်နေတာ တော်ပြီဗျာ ။ သူတို့ရဲ့ ကမ်းလှမ်းမှုကို သေချာ ဖတ်ကြည့်ရအောင် ။
ဘယ်လို........
တစ်လ လုပ်ခ လစာက ငွေစ ခုနှစ်ဆယ် ဟုတ်လား ။ လခွီးတဲ့မှ...... ကျုပ်လို သိုင်းဘုရင်တောင်မှ အများဆုံး တစ်လ ငွေဆယ်စပဲ ရဖူးတာလေ ။ ချီလင် ကိုယ်ရံတော် တပ်ဖွဲ့ကလည်း တစ်လမှ ငွေစ
လေးဆယ်ပဲ ပေးတာ ။
သူတို့ အဖွဲ့ နှစ်ဖွဲ့လုံးက အစိုးရ နဲ့ ပြည်သူတွေဆီက ငွေရတာချင်း အတူတူကို ဘာလို့ လစာက သည်လောက် ကွာခြားနေရတာလဲ ။
တောက်..... အကျင့်ပျက် ခြစား ယိုယွင်းပျက်စီးနေတဲ့ သည်လျူရှန်းမန်တွေကတော့ကွာ ။
နေနှင့်ဦး ။ ငါအခုပဲ မင်းတို့ဆီ အလုပ် လာလျောက်ပြီ ။
ဆုံးဖြတ်ပြီးတာနဲ့ ကျုပ်က အဝတ်ထုပ်တောင် မယူတော့ဘဲ တံခါးဝကို ပြေးလိုက်တယ်ဗျ ။ တိတ်တိတ်ဆိတ်ဆိတ်ကလေးပေါ့ ။
ကျုပ်က သည်နေရာကနေ တိုးတိုးတိတ်တိတ် ထွက်သွားမှ ရမယ် ။ အထူးသဖြင့် ကျုပ်တို့ဂိုဏ်းက ဂိုဏ်းသားတွေ ကျုပ်ကို မြင်သွားလို့ လုံးဝ မဖြစ်ဘူး ။
ဒါပေမဲ့ ရုတ်တရက် ဆိုသလိုပဲ တံခါး အပြင်ဘက်ကနေပြီး ပျားရည်လို ချိုမြနေတဲ့ အသံတစ်သံ ထွက်လာတာကို ကျုပ်ကြားလိုက်ရတယ်ဗျာ ။
" မင်းဖေးဟန်..... အထဲမှာ ရှိလား"
ဘယ်သူလဲ....
ဘယ်သူက ကျုပ်ရဲ့ နာမည် အပြည့်အစုံကို လက်လွှတ်စပယ် ခေါ်ရဲတာလဲ ။ အဲသည်လူက အသက်ရှင်နေရတာ ငြီးငွေ့နေပြီလား ။
အသံက ဆက်ထွက်လာပြန်တယ် ။
" ငါပါ.... နင့်ရဲ့ ဒေါ်လေးပါ ။ပြောစရာရှိလို့ အပြင်ကို ခဏ ထွက်ခဲ့ဦး"
ကျုပ်ရဲ့ ဒေါသတွေက ရေခဲရေပုံးထဲ ကျသွားတဲ့ ဖယောင်းတိုင်မီးလို ဟုတ်ခနဲ ငြိမ်းကျသွားတယ် ။
သေစမ်း.... ပြောရင်းဆိုရင်း တကယ့် အမှိုက် ရောက်လာပြီကွာ ။
( ဘာသာပြန်သူ မှတ်ချက် - သည်စာစဥ်က သရော်တဲ့ ဟာသ စာစဥ် ဖြစ်တဲ့အတွက် အရမ်းကြိီး စေ့စေ့စပ်စပ် မစဥ်းစားကြပါနဲ့။ အဓိက ဇာတ်ဆောင်က deadpoolလို ငပြောင် ငချော်ပါ ။တခါတလေ အပြင်လောက က စာဖတ်သူတွေကို လှမ်းလှောင်ရင် လှောင်ပါတယ် ။ပြီးတော့ တခါတလေမှာ engလိုတွေပါ ထမှုတ်ပါသေးတယ် ။ဒါပေမဲ့ ကျွန်တော် အာမခံရဲတာ တစ်ခုကတော့ သည်စာစဥ်က အမှိုက်ထဲက ရွှေပါ ။ ဇာတ်လမ်း အသွားအလာက ဆန်းသစ်ပြီး ကောင်းသလို လှည့်ကွက်တွေကလည်း လုံးဝ မထင်ထားရပါဘူး ။ နည်းနည်း spoilပေးရမယ်ဆိုရင် သည်စာစဥ်ထဲက ဇာတ်ဆောင်တွေ အကုန်လုံးနီးပါးက အပေါ်ယံ ပြောင်ချော်ချော် ပေါ့ရွတ်ရွတ် နေကြပေမယ့် နောက်ကွယ်မှာ တကယ့် master mindတွေပါ ။ ရှန်းရှစာစဥ်တွေမှာ တွေ့နေကျလို mc level တက်အောင် သခင်လေးတွေက iq -100 အကွက်တွေနဲ့ လာမစော်ကားပါဘူး ။ mc ကို လာစော်ကားတဲ့ ခေါက်ရိုးကျိုး သခင်လေး ငပိန်းတွေ ရှိပေမယ့် အဲသည်ကောင်တွေက နောက်ကွယ်မှာ ငတေ ကြမ်းပါတယ် ။ ပိန်းချင်ယောင် ဆောင်ပြီး နန်းတက်လုမယ့် ကောင်တွေပါ ။ပြီးတော့ mc က ပွဲစကတည်းက အသေကြမ်းပါတယ် ။ ဒါပေမဲ့ သူက ဟန်ဆောင်ပြီး ငနုံလို နေနေတာပါ ။ သည်စာစဥ်ထဲက ဘုရင်တွေ အမတ်တွေကလည်း တကယ့် သောက်တလွဲကောင်တွေပါ ။ ညီလာခံမှာ ခိုးအိပ်နေပြီး ခိုးအိပ်တာ မပေါ်အောင် မျက်ခုံးမွှေး အရှည်ကြီး ထားထားကြတာပါ ။ ဘုရင်ဆိုရင်လည်း အားရင် ရုပ်ဖျက်ပြီး သိုင်းလောကထဲကို ဆင်းချင်နေတာပါပဲ ။ ဘယ်လောက် ဆင်းချင်လည်းဆို မိဖုရားဆီ သွားဦးမယ်ဆိုပြီး တစ်တိုင်းပြည်လုံးကို လိမ် ၊ ကိုယ်ရံတော် တစ်သိုက်နဲ့ သိုင်းလောကထဲ ပတ် ဆေးထိုးနေတာပါ ။ )
ကဲ.........အားပေးကြပါဦးဗျာ
Lord. Zen