← Chapters

အခန်း ၃

Vol. 1 Ch. 3

အခန်း ၃

Vol. 1 Ch. 3

ရွှေလက်ဆေးတဲ့ သိုင်းဘုရင်

အပိုင်း- ၃

လျူရှန်းမန်နဲ့ ဗဟိုမင်းအာဏာကို ခွဲခြားထားတဲ့ တံခါးတစ်ချပ်

ကျုပ်လက်ထဲမှာ ရှိနေတဲ့ အထုပ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာကို ကြားပြီးတဲ့ နောက်မှာတော့ ဒေါ်လေးက ဘာမှတ်ချက်မှ မပေးဘူးဗျ ။ အဲသည်အစား သူက မျက်လုံးကြီးပြူးပြီး " တူလေး.... နင်လျူရှန်းမန်ကို သွားမလို့လား"လို့ပဲ မေးလာတယ် ။

" ကျွန်တော်က သည်အတိုင်း အခြေအနေ တစ်ချက်လောက် သွားကြည့်ရုံတင်ပါ "

ကျုပ်ရဲ့ အဖြေက မလုံလောက်ဘူးလို့ ကျုပ် ခံစားမိလိုက်တယ် ။

" တကယ်လို့ အဆင်မပြေရင် ကျွန်တော် တန်းပြီး ပြန်လာခဲ့မှာပါ"

" သည်တော့ တကယ်လို့ အဆင်ပြေရင် ပြန်မလာဘူးလို့ နင်က ပြောချင်တာလား"

ဂိုဏ်းတူဒေါ်လေးက ကျုပ်ကို ခေါင်းကနေ ခြေအဆုံး အထပ်ထပ် ပြန်ကြည့်နေတယ် ။ ပြီးတော့မှ သူက မျက်မှောက်ကြုတ်လိုက်ပြီး အလိုမကျတဲ့ပုံနဲ့

" ဒါဆိုရင် ငါလည်း လျူရှန်းမန်ကို လိုက်ခဲ့မယ် ။"

" ငါတို့ဂိုဏ်းရဲ့ အမွေဆက်ခံသူ အလောင်းအလျာကိုတောင် ဆွဲဆောင်နိုင်ရလောက်အောင် လျူရှန်းမန်က ဘယ်လောက်အထိ စိတ်ဝင်စားစရာ ကောင်းသလဲဆိုတာကို ငါလည်း သိချင်တယ် "

ဟေး...... ဒါကြီးက ထည့်မပြောသင့်တဲ့ အကြောင်းအရာကြီးလေ ။ကျုပ်က ဘယ်တုန်းက ဂိုဏ်းအမွေဆက်ခံသူ လုပ်မယ်လို့ ကတိပေးဖူးလို့တုန်း ။

ဂိုဏ်းတူဒေါ်လေးက ကျုပ်စကားကို ဘယ်တုန်းကမှ သောက်ဂရုစိုက်တာ မဟုတ်ဘူးဗျ ။ ကျုပ်ဘာပြောပြော သူက လိုက်မှာ အသေအချာပဲ ။ သည်တော့ ကျုပ်အနေနဲ့ သူ့ကို နန်ကျင်း ခေါ်သွားရုံပဲ ရှိတော့တယ် ။

ကံကောင်းတာကတော့ ကျုပ်ရဲ့ အိမ်စုတ်လေးက နန်ကျင်းနဲ့ နေ့တစ်ဝက်စာပဲ ရှိနေတယ်လေ ။ဒါကြောင့် ကျုပ်တို့ရဲ့ ကိုယ်ဖော့ပညာနဲ့ဆို နေမဝင်ခင် ရောက်မှာ အသေအချာပဲ ။

ကျုပ်က နောက်ဆုံးအနေနဲ့ ပစ္စည်းတစ်ခု မေ့ကျန်ဟန်ဆောင်ပြီး အိမ်နောက်ဖေးပေါက်ကနေ ခိုးထွက်ပြေးဖို့ ကြိုးစားသေးတယ်ဗျ ။ မရပါဘူးဗျာ ။ ဂိုဏ်းတူဒေါ်လေးက အိမ်နောက်ဖေးဝမှာ အခန့်သားကြီး ထိုင်စောင့်နေတာဗျ ။ ဘာလဲ ။ ကျုပ်က အဲလောက်အထိ အယုံအကြည် ကင်းမဲ့ ခံနေရပြီလား ။

" ငါ နင်သည်လို ခိုးထွက်ပြီး ပြေးမယ်ဆိုတာ တွက်ပြီးသား ။ အချိန်ဆွဲမနေနဲ့ ။ သွားကြစို့"

ရက်စက်ပါပေ့ ....ဂိုဏ်းတူဒေါ်လေးရယ်.......

အဲသည်နောက်မှာတော့ ကျုပ်တို့နှစ်ယောက်က ကျုပ်တို့ရဲ့ ခရီးပန်းတိုင်ကို မရောက်မချင်း ရယ်ရယ်မောမောနဲ့ သွားကြတာပေါ့ ။ ကျုပ်ကတော့ အဝေးကတည်းကနေပြီး ကျုပ်တို့ရဲ့ ပန်းတိုင်ဖြစ်တဲ့ " လျူရှန်းမန် ၊ နန်ကျင်းဌာနချုပ်"ဆိုတဲ့ အနီရောင် ဆိုင်းဘုတ်ကြီး တင်ထားတဲ့ ဧရာမ တံခါးကြီးကို မြင်ပြီးသားပါပဲ ။

" သူတို့တွေက တကယ်ကို အလုပ်ကြီး အကိုင်ကြီး လုပ်နေတာပဲ ။ ကြည့်စမ်းပါဦး ။ အရှိန်အဝါက နောက်စရာ လုံးဝ မဟုတ်ဘူး ။ဒါကြောင့် ပြောကြတာနေမယ် ။ ရှင်ဘုရင်လက်အောက်မှာ အမှုထမ်းရတာ တကယ် အကောင်းဆုံးပဲတဲ့"

ကျုပ်က အာချောင်ပြီး ဂိုဏ်းတူဒေါ်လေးကို ဦးနှောက်ဆေးဖို့ ကြိုးစားလိုက်သေးတယ်ဗျ ။ရမလား ဆိုပြီးတော့ပေါ့ ။

သူက မျက်တောင်ရှည်ကြီးတွေ ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်ပြီး ကျုပ်ကို ပြန်မေးလာတယ် ။

" နင်ဆိုလိုချင်တာက ငါတို့ ဂိုဏ်းတံခါးကို အနီရောင် သုတ်လိုက်ရင် နင်ပြန်လာပြီး ဂိုဏ်းချုပ်လုပ်မယ်လို့ ပြောချင်တာလား"

" ဖွီ...... တံခါးကို အနီရောင်သုတ်တာနဲ့ ဂိုဏ်းချုပ်ရာထူးနဲ့က ဘာဆိုင်လို့လဲ "

" ဒါဆိုရင် အခုလေးတင် နင်ပြောလိုက်တဲ့ စကားကကော "

ကောင်းရော.......

ထားလိုက်ပါတော့ဗျာ ။ ကျုပ်က ငယ်တုန်းကတည်းက ဂိုဏ်းတူဒေါ်လေးနဲ့ ပြိုင်ငြင်းတိုင်းတစ်ခါမှကို နိုင်ဖူးတာမှ မဟုတ်တာ ။

ဒေါ်လေးက နှင်းလိုဖြူဖွေးနေတဲ့ ကျောက်စိမ်းလက်ကလေးကို ပင့်ပြီး မေးစေ့ချွန်ချွန်လေးကို ပွတ်လိုက်တယ် ။ ကြည့်ရတာ သူက တစ်ခုခု ဝေခွဲမရနေတဲ့ ပုံပဲ ။

" အင်း..... နင်က နင့်ဆရာ အခုလို တစ်လောကလုံးအနှံ့ လျောက်သွားပြီး ပြသနာ ရှာနိုင်အောင် ယုံကြည်ချက် ရှိစေတဲ့ တစ်ဦးတည်းသော တပည့်ပဲ ။ ငါက နင်ဘာဖြစ်လို့ ဂိုဏ်းချုပ် မလုပ်ချင်သလဲ ဆိုတာကို တကယ် နားမလည်နိုင်ဘူး ။တကယ်လို့ နင်မရှိရင် ငါတို့တာ့လျှိုတောင်ကို သိုင်းလောကမှ ဘယ်သူက ကြားဖူးတော့မှာလဲ "

ဟေးး....ဟေး..... အဲဒါက ဘယ်သူကမှ အဲသည် အမှိုက်ရာထူးကို မလိုချင်ကြလို့လေ ။ တကယ်လို့ တစ်ယောက်ယောက်ကသာ ဂိုဏ်းချုပ် လုပ်ချင်တယ်ဆိုရင် ကျုပ်ကို ဘယ်သူကမှ အရေးတယူ အဖက်လုပ်ကြမှာတောင် မဟုတ်ဘူး ။အစောကြီးကတည်းက ကန်ထုတ်ထားကြမှာ ။

သောက်တလွဲတွေကို ရုပ်တည်ကြီးဖမ်းပြီး ပြောနေတဲ့ ဂိုဏ်းတူဒေါ်လေးရဲ့ မျက်နှာကို မြင်နေရတော့ ကျုပ်ရဲ့ စနောက်ချင်စိတ်ကို ထိန်းထားမရတော့ဘူးဗျ ။

" တကယ်လို့ ဂိုဏ်းတူဒေါ်လေးသာ ကျွန်တော် တောင်းဆိုတဲ့ အချက်တစ်ခုကို လက်ခံရင်တော့ ဂိုဏ်းချုပ်ရာထူးကို လက်ခံပေးမယ်"

" ဟမ်"

ဂိုဏ်းတူဒေါ်လေးရဲ့ မျက်လုံးတွေက ဖျတ်ခနဲ အရောင် တောက်သွားတယ် ။ ပြီးတဲ့နောက်မှာတော့ " ပြောကြည့်လေ ။ ငါတတ်နိုင်တဲ့ထဲက ဆိုရင်တော့ သေချာပေါက် ဖြစ်စေရမယ်"

" ကျွန်တော်နဲ့ လက်ထပ်"

" သွားစမ်း"

စိတ်ထင်တာလားတော့ မသိဘူး။

ဂိုဏ်းတူဒေါ်လေးရဲ့ မျက်နှာ သေးသေးလေးက ရှက်သွေးတွေ ရဲခနဲ တက်လာသလိုပဲဗျ ။

" ဟင်း..... နင်ဘယ်လောက် ဉာဏ်နီ၊ဉာဏ်နက် များသလဲဆိုတာ ငါသိပြီးသား ။ သေချာနားထောင် ။ ငါသည်နေ့ နင့်ကို လာရှာတာက နင့်ရဲ့ဆရာ မှာလိုက်လို့ပဲ ။ သူက နင်ဘာမှ မလုပ်ဘဲ အလေလိုက်ပြီး အချိန်ဖြုန်းနေမယ်ဆိုရင် နင့်ကို ပြန်ခေါ်ပြီး ဂိုဏ်းချုပ်နေရာ တင်လိုက်တော့တဲ့ "

ဘာ..... သည်မြေခွေးအိုကြီးက ကျုပ်ကို သည်လောက်အထိ ဒုက္ခ ပေးချင်နေတာလား ။ သည်အဘိုးကြီးက သိုင်းလောက နာမည်ကျော် စံအိမ် တစ်ခုခုက သမီး တစ်ယောက်ယောက်ကို ကြာပစ်နေတာ ဟုတ်ရင်ဟုတ် အဲဒါမှ မဟုတ်ရင် ညီအစ်မ နှစ်ယောက်ကို ကိုယ်ဝန်ရအောင် အစွမ်း ပြထားပြီနေမှာ ။ မဟုတ်လို့ကတော့ ကျုပ်လို အရှုံးသမား၊ ဆန်ကုန်မြေလေးကို အရေးတကြီး ခေါ်မှာ မဟုတ်လောက်ဘူးဗျ ။

" အခု ကျွန်တော်က အလေ လိုက်ပြီး အချိန်ဖြုန်းနေတာ မဟုတ်ဘူးလေ ။ အလုပ်ရဖို့ ကြိုးစားနေတာ ။ ဒါကို ဂိုဏ်းတူဒေါ်လေး မြင်တာပဲ "

ကျုပ်ရဲ့ စကားကို ကြားတော့ ဂိုဏ်းတူဒေါ်လေးက ပြုံးတယ် ။ သူက ကျုပ်ဘာတွေ တွေးနေတယ် ဆိုတာကို သိထားပြီးသားဆိုတာ အသိသာကြီးပဲဗျ ။

" ငါမင်းဘာတွေ ကြံနေသလဲဆိုတာ သိတယ် ။နင်က ဂိုဏ်းကို မပြန်ရရင် ပြီးရော ။ အကုန်လုပ်မှာမလား ။ ငါနင့်ကို နားလည်နိုင်ပါတယ် ။အခုလောလောဆယ်တော့ အေးအေးဆေးဆေး ခွင့်ယူပြီး နေနေဦးပေါ့"

ဒေါ်လေး........

ကျုပ်ရဲ့ မျက်လုံးတွေမှာ မျက်ရည်တွေက ဝဲလုမတတ်ဘဲဗျာ ။ ဂိုဏ်းတူဒေါ်လေးက ရုပ်လေး လှသလောက် စိတ်ထားကလည်း ကောင်းလိုက်တာ ။ ဟိုအဘိုးကြီးနဲ့တော့ ဘာမှ မဆိုင်ဘူး ။ တကယ်ကို ရေနဲ့ဆီပါ. ။

" ဒါပေမဲ့ သည်နေရာက သောက်တလွဲ နေရာကြီးဆိုရင် ငါနင့်ကို ပြန်ခေါ်သွားမှာနော် ။ နင်မလိုက်ရင်တောင် ငါနင့်ခြေထောက်တွေကို ရိုက်ချိုးပြီး ခေါ်သွားမှာ "

ဂိုဏ်းတူဒေါ်လေးက ကျုပ်ဆရာထက်တော့ ကျူပ်အပေါ်မှာ သဘောထား ကောင်းရှာပုံပဲဗျ ကျုပ်မှတ်မိပါသေးတယ် ။အရင်တစ်ခေါက်

ကျုပ်ဆရာအလှည့်တုန်းကဆိုရင် ကျုပ်ရဲ့ တတိယခြေထောက်ကို ရိုက်ချိုးမယ်လို့ ခြိမ်းခြောက်ခဲ့တာကိုပေါ့ ။

သည်လိုနဲ့ စကားတွေ ပြောနေရင်းနဲ့ပဲ ကျုပ်တို့နှစ်ယောက် ပထမအဆင့် စစ်ဆေးပွဲ လုပ်မယ့် နေရာကို ရောက်လာခဲ့ပြီဗျ ။

မင်းတို့နှစ်ယောက် ဘယ်ကလာတာလဲ ။ ဒီမှာ လူတွေ့စစ်ဆေးပွဲ လုပ်နေတာ မမြင်ဘူးလား ။ သွား တန်းစီကြ

တံခါးစောင့်လို့ ထင်ရတဲ့ လူတစ်ယောက်က ကျုပ်တို့ကို သာမန်လူတန်းစားပုံစံ ဝတ်ဆင်ထားတဲ့ အလုပ်လာလျှောက်သူတွေ တန်းစီနေတဲ့ လူတန်းကြီးတစ်ခုဘက်ကို လက်ညှိုးထိုးပြလိုက်တယ် ။ လူတန်းကြီးက သည်ဌာနကြီး တစ်ခုလုံးကိုတောင် တစ်ပတ်ပြည့်လောက်တဲ့ အထိ ရှည်နေတယ်ဗျ ။

မင်းမေကလွှား...... သည်လောက်အထိ ရှည်ရတာလား ။

ထားပါတော့ ။ သည်ကိစ္စနဲ့ ပတ်သက်ပြီး ကျုပ်လည်း ဘာမှ တတ်နိုင်တာ မဟုတ်တာ ။

ဘယ်လိုပဲဖြစ်ဖြစ် ဒါက အလုပ် လာလျှောက်တာပဲလေ ။ လူတိုင်းကို တန်းတူ ဆက်ဆံပြီး သာတူညီမျှ အခွင့်အရေး ပေးသင့်တာပေါ့ ။သည်လူတွေ ဘယ်လောက်အထိ လုပ်နိုင်မလဲ ဆိုတာကို စောင့်ကြည့်ကြတာပေါ့ ။

ဂိုဏ်းတူဒေါ်လေး နဲ့ ကျူပ်လည်း တူညီတဲ့ အတွေးတစ်ခုကို မျှဝေရင်းနဲ့ အခြေအနေကို စောင်ကြည့်ရင်း အတန်းကြီးရဲ့ နောက်ဆုံးမှာ သွားရပ်လိုက်ကြတယ် ။

မကြာခင် လူငယ်တစ်ယောက် ဝင်လာပြီး ရှေ့က တာဝန်ရှိသူတွေကို အရိုအသေ ပြုလိုက်တယ်။

"ကျွန်တော်. နာမည် စုရှောင်ပါ"

ကျုပ် သူ့ကို တစ်ချက် ကြည့်လိုက်ပြီး မထင်မှတ်ဘဲ ပြောထွက်သွားတယ်။

" ဟိုကောင်လေးကြည့်ရတာ မဆိုးလောက်ဘူး"

ဂိုဏ်းတူဒေါ်လေးကလည်း သူ့ဘက်ကို လှမ်းကြည့်လိုက်ပြီး တေလေတဂျပိုး တစ်ယောက်လို လေသံနဲ့ သဘောတူလာတယ် ။

" အင်း"

အဲသည်နောက်မှာတော့ ထပ်ပြီး ကျုပ်တို့ နှစ်ယောက် တစ်ပြိုင်နက်တည်း ပြောလိုက်မိကြတယ် ။

"တကယ်ကို မဆိုးတာဟ"

Lord. Zen

All Chapters