← Chapters

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅

Vol. 1 Ch. 5

ရွှေလက်ဆေးတဲ့ သိုင်းဘုရင်

စာစဥ် ၁ အပိုင်း ၅

ပြဿနာအရင်းအမြစ်

စုရှောင်လို့ အမည်ရတဲ့ လူငယ်က ကြည့်ရတာ တကယ် မဆိုးလှဘူးဗျ ။

သူ့ရဲ့ မျက်နှာက အတော်လေးကို ချောတယ် ။ သွားတွေကလည်း ပုလဲလုံးလေးတွေ စီရီထားသလို ညီနေတာပဲ ။ ပြီးတော့ နှာတံက ဖြောင့်စင်းနေပြီး အရပ်ကလည်း မြင့်တဲ့အထဲမှာ ပါတယ် ။ ချုံငုံပြီး သုံးသပ်ရမယ် ဆိုရင်တော့ သည်လူငယ်လေးက မိန်းကလေးတွေ ပစ်ပုံလဲ ကြွေကျသွားနိုင်တဲ့ အမျိုးအစားထဲကပဲ။ ဒါပေမဲ့ ပြသနာက ယောကျာ်း တစ်ယောက် အနေနဲ့ဆိုရင် သူက အရမ်း ပိန်လွန်းတယ်လို့ ဆိုရမယ် ။သူ့ရဲ့ ပခုံးတွေက ယောကျာ်းတစ်ယောက် ရှိသင့်ရှိထိုက်တဲ့ အကျယ်မှာ ရှိမနေဘူး ။အဲဒါတွေက မိန်းကလေးရဲ့ ပခုံးအကျယ်သာသာပဲ ။ပြီးတော့ သူရဲ့ အမူအယာတွေကလည်း အတော်လေး မိန်းမ ဆန်လှပါတယ် ။

မဟုတ်မှလွဲရော ။သည်ကောင်လေးက ယောကျာ်းဟန် ဆောင်ထားတာများလား ။

ဖွီ........

" ကျွန်တော်. နာမည် စုရှောင်ပါ ။ နန်ကျင်းဇာတိဖြစ်ပြီး အသက်၁၆ ပြည့်ပြီးပါပြီ ။ ကျွန်တော်က တစ်ဖက်သွားဓား အမျိုးအစားကို အထူးပြုပါတယ် "

အိုး..... အသက်၁၆နှစ်အရွယ် ပန်းလေးတစ်ပွင့်ပါလား ။ တကယ်လို့ သူသာ ယောကျာ်းလေးလို ဝတ်ထားတဲ့ မိန်းကလေး မဟုတ်ရင် ကျုပ်အတော် စိတ်ပျက်မိမှာပဲ ။

လခွီး.... ငါဘာလို့ သည်လို သောက်တလွဲတွေ တွေးမိနေတာလဲ ......

ဒါနဲ့ မကွယ်မဝှက်တမ်း ပြောရမယ် ဆိုရင် ကျုပ်တကယ် စိတ်ဝင်စားတာက စုရှောင် မဟုတ်ဘူးဗျ ။ တစ်ဖက်က သူ့ပြိုင်ဘက် လူငယ်လေး ။

သူ့ပုံစံက စုရှောင်နဲ့ လုံးလုံးကို ဆန့်ကျင်ဖက်ပဲ ။သူက တည်ငြိမ် အေးဆေးပြီး မျက်လုံးတွေက တိုက်ခိုက်လိုစိတ်နဲ့ ပြည့်နှက်နေတယ် ။ သူက နေရာ တစ်နေရာတည်းမှာပဲ တိတ်တိတ်ဆိတ်ဆိတ် ရပ်နေပြီး စကားတစ်ခွန်းမှ ပြောမယ့်ပုံ မပေါ်ဘူး ။ အခုခေတ် လူငယ်တွေ သည်လို ပုံစံမျိုးက အတော်လေး မြင်ရခဲသွားပြီဗျ။

ဒါပေမဲ့ သူက သူ့ကိုယ်သူ ထန်ယီလို့ မိတ်ဆက်စကား ပြောခဲ့ပါသေးတယ် ။

အဲသည်နောက်မှာတော့ လူငယ်လေး နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အရိုအသေပေးပြီး တိုက်ပွဲကို စကြတယ် ။

စုရှောင်ရဲ့ ဓားသိုင်းက မိသားစုစဥ်ဆက် လက်ဆင့်ကမ်းလာတဲ့ ဓားသိုင်းမျိုးဗျ ။ ကျုပ်က နာမည်ကျော် သိုင်းဂိုဏ်းကြီးတွေရဲ့ ဓားမသိုင်းတွေကို ခိုးသင်.... အဟွတ် အဟွတ်..... မှားလို့ လေ့လာ ခဲ့ဖူးတယ် ။ ဒါပေမဲ့ စုရှောင်ရဲ့ ဓားမသိုင်းက အဲသည်ဓားမသိုင်းတွေထဲမှာ မပါဘူး ။မိသားစု လက်ဆင့်ကမ်းလာတဲ့ ဓားသိုင်းတွေ ဆိုတာက သားကိုပဲ သင်ပေးပြီး သမီးတွေကို သင်ပေးလေ့ မရှိဘူး ။ ဒါကြောင့် ကျုပ်မသိတာက ဖြစ်သင့်တယ် ။ ပြီးတော့ ဖြစ်နိုင်ချေ နောက်တစ်ခု ရှိသေးတယ် ။ အဲဒါကတော့ စုရှောင်ရဲ့ ဓားသိုင်းက ပျက်သုဥ်းသွားပြီ ဖြစ်တဲ့ ဂိုဏ်းတစ်ဂိုဏ်းကနေ ဆင်းသက်လာတာပဲ ။အဲဒါဆိုရင်တော့ ကျုပ်မသိတာ ဖြစ်သင့်ပါတယ် ။

တစ်ဖက်က ထန်ယီကလည်း မဆိုးဘူးဗျ ။ သူက စုရှောင်ရဲ့ ဓားမကြီးကို လက်နက်မဲ့ သာသာယာယာပဲ ရင်ဆိုင်နိုင်တယ် ။ တိတိကျကျ ပြောရရင်တော့ သူက စုရှောင်ကို အလျော့ပေးပြီး ဆော့ကစားနေတာ ။ သူက စစ်ဆေးတဲ့ လူကြီးတွေကို သူ့အပေါ်မှာ အထင်အမြင်ကောင်းတွေ ရှိစေလိုတဲ့ပုံပဲ ။ ဒါပေမဲ့ သိုင်းကွက်နှစ်ဆယ် ကျော်တဲ့နောက်မှာတော့ သူက ဓားမကို လက်နဲ့ ခပ်ဆတ်ဆတ် ပုတ်ပြီး စုရှောင်ကို သွေးကြော ပိတ်ပစ်လိုက်တယ် ။

ခဏလေး ကျုပ်ပြောဖို့ မေ့နေသေးတယ် ။ ထန်ယီက တိုက်ပွဲအစကနေ အဆုံးအထိ လက်တစ်ဖက်ပဲ သုံးသွားခဲ့တာဗျ ။ ဘယ်လောက်တောင် တစ်ဖက်စောင်းနင်း ဆန်လိုက်သလဲ ။

ဒါပေမဲ့လည်း စစ်ဆေးရေးမှူးတွေက စုရှောင်ကို လက်မလျော့ခဲ့ဘူး ။ သူတို့က နှစ်ယောက်စလုံးကို နောက်တစ်ဆင့် တက်ခွင့် ပေးလိုက်ကြတယ် ။

အဲဒါကို ကြည့်ပြီးတဲ့နောက် အချိန်အနည်းငယ် ကြာတော့ ဒေါ်လေးက မေးစေ့ကို ပွတ်ရင်းနဲ့ ကျုပ်ကို မေးလာတယ် ။

" ဖေးဟန်...နင်ဘယ်လိုမြင်လဲ"

ကျုပ်က ဘာကိုမှ တွေးမနေဘဲ တန်းပြီး ပြန်ဖြေလိုက်တာပေါ့ ။

" သူတို့နှစ်ယောက်က မိုးနဲ့မြေလောက် အဆင့်ကွာတယ် ။ ထန်ယီက ငယ်သေးပေမယ့် သူ့ရဲ့ သိုင်းပညာက အတော်လေး ပြည့်စုံနေပြီ ။သူက ထိပ်တန်း သိုင်းသမား အဆင့်တောင် သတ်မှတ်ရင် သတ်မှတ်လို့ရတဲ့ အဆင့်ပဲ ။ သူက ဒေါ်လေးကို လိုက်မီဖို့တောင် နည်းနည်းလေးပဲ လိုတော့တာ "

ပြောနေရင်းနဲ့ ကျုပ်က မပြောသင့်တာတွေကို အာချောင်ပြီး ပြောလိုက်မိပြီလို့ ခံစားလိုက်ရတယ်ဗျ ။ ဒါကြောင့် အမြန်ပဲ အမှားကို ပြင်လိုက်တယ် ။

" ဒါပေမဲ့ ဘယ်လိုပဲပြောပြော သူက အတွေ့အကြုံပိုင်းမှာတော့ အားနည်းပါသေးတယ် ။ သူက ဒေါ်လေးရဲ့ သိုင်းကွက် သုံးဆယ်ကိုတောင် ခံနိုင်မှာ မဟုတ်ဘူး "

ကျုပ်စကားဆုံးတော့ ဒေါ်လေးက ပြုံးတယ် ။

" အင်း.... ငါလည်း အဲလိုပဲ မြင်တယ် ။နင်သူနဲ့ တိုက်တဲ့အချိန်ကျရင် သတိထားဦး "

" ကျွန်တော်က သူနဲ့ .... ဟုတ်လား ။ ကျွန်တော်က ဘာဖြစ်လို့ သူနဲ့ တိုက်ရမှာလဲ"

" အခု လူတွေ့စစ်ဆေးပွဲက သုံးဆင့်ရှိတာ ။ ပထမအဆင့်က သိုင်းပညာ အရည်အချင်းကို စစ်ဆေးရုံပဲ ။ ဒုတိယအဆင့်က အတွေးအခေါ် အရည်အချင်း ။ အဲသည်နှစ်ဆင့်ကို အောင်ပြီးလို့ တတိယ အဆင့်ရောက်ရင် အောင်လာတဲ့သူတွေက တစ်ယောက်နဲ့တစ်ယောက် ပြန်တိုက်ရဦးမှာ ။နင်.... စည်းကမ်းချက်တွေကို မဖတ်ခဲ့ဘူးလား "

အာ.... ဟုတ်တယ် ။ ကျုပ်မျက်လုံးက တစ်လ လစာ ငွေစ ခုနစ်ဆယ် ဆိုတာကိုပဲ မြင်တာ ။ ကျန်တာတွေကို မကြည့်မိလိုက်ဘူးဗျ ။

ကျုပ်ဒေါ်လေး ပြောတဲ့အတိုင်းသာ အမှန်ဆိုရင်တော့ ကျုပ်အနေနဲ့ ထန်ယီကို ရင်ဆိုင်တဲ့အခါ သတိ ထားရတော့မှာပဲ ။

ခဏလေး...... ခဏလေးဗျ......

ထန်ယီကို သတိထားရမယ်ဆိုတဲ့ နေရာမှာ ခင်ဗျားတို့ တစ်ခုခုကို နားလည်မှု လွဲသွားပုံပဲ ။ သိုင်းဘုရင်ဖြစ်တဲ့ ကျုပ်က ဘာဖြစ်လို့ ထန်ယီကို သတိထားနေရတာလဲ ။ အင်း... ကျုပ်ခင်ဗျားတို့ တွေးနေတာကို သဘောပေါက်ပါတယ် ။

ဒါပေမဲ့ အရင်ဆုံး ကျုပ်ကို ရှင်းပြခွင့်လေး နည်းနည်းတော့ ပေးပါဥိီး ။

ကျုပ်ပြောချင်တဲ့ သတိထားရမယ် ဆိုတဲ့ အဓိပ္ပါယ်က ကျုပ်သူ့ကို ရှုံးနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ဘူး ။ ကျုပ်ပြောချင်တာက အတည်ကြီး မလုပ်မိဖို့ သတိထားရမယ်ဆိုပြီး ပြောချင်တာ။

ကျုပ်က မတူညီတဲ. သိုင်းပညာ အမျိုးမျိုးကို လေ့လာပြီးသားဗျ ။ ကျုပ်က ရှောင်လင် ၊ဝူတန် ၊ အော်မေ့ ၊ဟွာဆန်း စတဲ့ နာမည်ကျော် သိုင်းဂိုဏ်းပေါင်းစုံက သိုင်းပညာတွေမှာလည်း တော်တယ် ။ ကျုပ်က ကြိုက်တဲ့ သိုင်းပညာ တစ်မျိုးကို ကျပန်းရွေးပြီး အဲသည်ဂိုဏ်းသားပုံ ဆောင်လိုက်ရုံပဲ ။ ဒါပေမဲ့ ကျုပ်အတည်ကြီး လုပ်လိုက်ရင်တော့ ကျုပ်ဟာ ကျုပ်ဆိုတာ ဖော်ပြသလို ဖြစ်သွားလိမ့်မယ် ။ ခင်ဗျားတို့လည်း သိတာပဲ ။ ကျုပ်က သိုင်းလောကနေ ရွှေလက်ဆေးထားတဲ့ သိုင်းဘုရင်လေဗျာ ။

ပြီးတော့ တခြားဂိုဏ်းရဲ့ သိုင်းပညာတွေကို ခိုးသင်ထားတဲ့ ကိစ္စက နှယ်နှယ်ရရ မဟုတ်ဘူးဗျ ။ တခြားဂိုဏ်းက နည်းစနစ်တွေ အသာထား ။ မကောင်းဆိုးရွားဂိုဏ်းရဲ့ နွေဦးလေပြည်နဲ. မိုးသည်းညကို ထုတ်သုံးမိရင်ကို လျူရှန်းမန်အပြင် ထွက်ရတော့မှာ မဟုတ်ဘူး ။

လောကမှာ မကောင်းဆိုးရွားဂိုဏ်းသားတွေကို မမုန်းတဲ့လူ ဘယ်မှာ ရှိလို့လဲဗျ ။ပြီးတော့ လျူရှန်းမန် နဲ့ ချီလင် အစောင့်တပ်က ကောင်တွေက မကောင်းဆိုးရွားဂိုဏ်းဆိုတဲ့ အသံကြားရင် သူတို့ကိုယ်ထဲက ကျောက်ကပ်တစ်လုံး ခိုးထုတ်ခံလိုက်ရသလိုကို ဖျတ်ဖျတ် လူးနေကြတာ ။

ကျုပ်သေချာပေါက် အာမခံရဲတယ် ။" မကောင်းဆိုးရွားဂိုဏ်းသားဟေ့" ဆိုတဲ့ အသံလေး တစ်သံ ထွက်လာတာနဲ့ အဲသည်ကောင်တွေက အိမ်သာကိုတောင် ပြီးအောင် မတက်ဘဲ ဓားဆွဲပြီး လိုက်ကြမှာဗျ ။

ထားပါတော့ ။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ကလည်း သိုင်းကွက်တွေကို ပုံသေကြီး သုံးတဲ့လူမှ မဟုတ်တာ ။ ကျုပ်က သိုင်းကွက်တွေကို ကျုပ်စိတ်ထဲရှိသလို အသုံးပြုနိုင်တဲ့ အဆင့်ကို ရောက်နေတာ ကြာလှပြီဗျ။ သည်တော့ ထန်ယီကို ဘာဂရုစိုက်ရဦးမှာလဲ ။

" မင်းဖေးဟန် ၊ မင်းစုဝမ် ။ မင်းဖေးဟန် နဲ့ မင်းစုဝမ် ရှိလား ။ မင်းတို့နှစ်ယောက်က အတူလာတာ မဟုတ်လား"

ကျုပ်က ကျုပ်အကြောင်းတွေကို ကြွားနေတာ စိတ်ပါသွားလို့ ကျုပ်တို့အလှည့် ရောက်လာပြီ ဆိုတာတောင် မေ့သွားတယ်. ။

" မင်းတို့နှစ်ယောက်က လာတာလည်း အတူတူ ၊ မျိုးရိုးနာမည်ကလည်း အတူတူ ဆိုတော့ ...."

ကျုပ်က အစောင့်ကို စကားဆုံးအောင် ပြောခွင့် မပေးဘူးဗျ ။

" ကျွန်တော်တို့က လက်ထပ်ပြီးသား လင်မယားတွေပါ "

ပြီးတော့ ဘေးနားက ရှက်သွေးဖြာနေတဲ့ ဂိုဏ်းတူဒေါ်လေးငယ်ကို " ကျေးဇူးတင်စရာ မလိုပါဘူး ။ အချင်းချင်းတွေပဲ"ဆိုတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ် ။

ဒါပေမဲ့ ကျုပ်မသိလိုက်တာ ကျုပ်အဖြေက အစောင့်ရဲမက်ကို ဒေါသ ထွက်သွားစေတယ် ဆိုတာပဲ ။

" မင်း.... ယုတ်မာလိုက်တဲ့အကောင် ။ မျိုးနွယ်တူ အချင်းချင်း လက်မထပ်သင့်ဘူးဆိုတာ မင်းမသိဘူးလား ။ မင်းဘယ်ကကောင်လဲ ။ မင်းမိဘတွေက ဘယ်သူလဲ ။ သည်မိန်းကလေးကကော အလိုတူအလိုပါ မင်းကို လက်ထပ်ထားတာလား ။ အပြည့်အစုံ ရှင်းပြစမ်း "

အစောင့်ရဲ့ တရစပ် ပစ်လွှတ်လိုက်တဲ့ မေးခွန်းတွေကို နားထောင်ပြီး ကျုပ်ဘာဖြေလို့ ၊ ဖြေရမှန်း မသိတော့ဘူး ။

ဂိုဏ်းတူဒေါ်လေးက ဘေးနားမှာ တခစ်ခစ် ရယ်နေပြီး ဘာမှ ဝင်မဖြေရှင်းဘူးဗျ ။ ပြီးတော့ ကျုပ်ကိုလည်း " ဘယ့်နှယ်ရှိစ ။ နောက်ဆို အခွင့်အရေး ယူဦးမလား "ဆိုတဲ့ ပုံနဲ့ မျက်ခုံးတစ်ချက် ပင့်ပြလိုက်သေးတယ်ဗျ ။

Lord. Zen

All Chapters