အခန်း ၆
Vol. 1 Ch. 6
ရွှေလက်ဆေးတဲ့ သိုင်းဘုရင်
စာစဥ် - ၁ အပိုင်း၆
ပြသနာအရင်းအမြစ် - ဒုတိယပိုင်း
" သည်တိုင်းပြည်ကြီး စတင်တည်ထောင်ခဲ့ကတည်းက သမိုင်းတစ်လျှောက်မှာ မင်းလို ယုတ်မာအောက်တန်းကျတဲ့ အလုပ်ကို လုပ်တဲ့ကောင် တစ်ယောက်မှ မရှိဖူးဘူးကွ ။ မင်းသည်ကိစ္စကို သေချာရှင်းပြရင် ရှင်းပြ ။ မဟုတ်ရင်တော့ ငါမင်းကို တရားမျှတမှုဆိုတာ ဘာလဲ ပြရလိမ့်မယ်"
အစောင့်ရဲမက်ရဲ့ ပါးစပ်ကနေ စင်ထွက်လာတဲ့
တံတွေးတွေက မသိရင် ရေနဲ့ ပက်လိုက်သလိုပဲ ။သည်လူက ကျူပ်ကို မနာလို ၊ သဝန်တိုနေတာ သိသာလွန်းပါတယ်ဗျာ ။
ဘာဖြစ်လို့လဲ ဟုတ်လား ....
ကျုပ်မှာ သက်သေ အကြီးကြီး ရှိနေလို့ပေါ့ဗျာ ။
ကျုပ် ခင်ဗျားတို့ကို ပြောပြမယ် ။ သည်လူက မသိရင် တရားမျှတမှု ကိုယ်စားလှယ်လိုလို၊ ဘာလိုလို ပြောနေပေမယ့် လက်တွေ့မှာ မျက်လုံးက ကျူပ်ရဲ့ ဂိုဏ်းတူဒေါ်လေးဆီကနေ အစကနေ အဆုံးအထိ မခွာဘူးဗျ ။ ပြီးတော့ စစ်ဆေးရေးမှုး နှစ်ယောက်လည်း ဘာထူးလဲ ။ သူတို့က ကျုပ်ကို မြင်ပုံတောင် မရကြဘူး ။
ခင်ဗျားအမေကြီးတော်ကို " မျိုးနွယ်တူရင် လက်မထပ်ရ "စည်းမျဥ်းပါလား ။ လက်ရှိ ဘုရင်မင်းမြတ်က မိဖုရားရှစ်ယောက် ရှိတယ် ။ အဲသည်ထဲက နစ်ယောက်က သူနဲ့ မျိုးနွယ်တူ " လီ"မျိုးနွယ်တွေပဲ ။ ခင်ဗျား တရားမျှတမှုကို တအား ပြချင်နေရင် ဘုရင်မင်းမြတ်ကို သွားပြပါလား ။
ရိုင်းမိသွားရင် အားလုံးကို တကယ် တောင်းပန်ပါတယ်ဗျာ ။ ကျုပ်ဘုရင်မင်းမြတ်ကို အခုလို သွားပုတ်လေလွင့်ပြောရတာ စိတ်ထဲကပါလို့ လုံးဝ မဟုတ်ရပါဘူး ။
ကျုပ်နဲ့ ဂိုဏ်းတူဒေါ်လေး မျိုးနွယ်တူနေရတယ် ဆိုတာက ကျုပ်က မိဘမဲ့ ဖြစ်ပြီး မွေးစား ခံထားရလို့ပါ ။ ကျုပ်က ဟိုဘုရင်မင်းမြတ်လို ဝမ်းကွဲတွေကို မျက်စိကျတဲ့ တဏှာရူး..... အဲလေ ကန်တော့ဗျာ.... ကန်တော့ ။ လူမဟုတ်ဘူးဗျ ။
"ဆရာ ... ကျွန်မရဲ့ တူလေးက ဟာသ ပြောတတ်လို့ပါရှင့် ။ ကျွန်မတို့ နှစ်ယောက်က တူဝရီးတွေပါ "
ဂိုဏ်းတူဒေါ်လေးက ဘေးနားကနေ ခွီနေရတာကို မောသွားတဲ့ပုံပါပဲ ။ နောက်ဆုံးမှာတော့ ဝင်ပြီး ရှင်းပြလာပါတယ် ။
"ဖေးဟန်... တူလေး အကောင်းဆုံး ကြိုးစားရမယ်နော် ။ကူကူး ပြောတာ ကြားလား ""
ကူကူး .......
ဘာကူးကူးလဲ ။ ဒေါ်လေးက ကူးကူးဆိုရင် ကျုပ်က ရန်ကော်လား ။
ကျုပ်က ဒေါ်လေးရဲ့ အဖြေကြောင့် အသက်ရှုတာတောင် မဝတော့သလိုပဲဗျ ။
" သြော်.... တူဝရီးတွေလား ။ ဟုတ်ပြီ... ဟုတ်ပြီ ။ ဖေးဟန်... မင်းကူကူး ပြောသလို အကောင်းဆုံး ကြိုးစားပြလိုက်စမ်းကွာ "
ကျုပ်က ဆူးညှောင့်ခလုတ် ၊ ပြသနာ မဟုတ်ဘူး ဆိုတာကို သိသွားတဲ့နောက်မှာတော့ အစောင့်ရဲမက်က ကျုပ်ကို " ဖေးဟန်"ဆိုပြီး နာမည်အရင်းကိုတောင် ခေါ်လိုက်သေးသဗျ ။ကျုပ်ကတော့ သူ့ရဲ့ လေသံ နဲ့ မျက်နှာကို ကြည့်ပြီး အန်တောင် အန်ချင်လာတယ် ။
( ဘာသာပြန်သူ၏ ရှင်းပြချက်: : သည်နေရာမှာ သိသလောက် တစ်ချက် ရှင်းပြပါရစေ ။ တရုတ်ယဥ်ကျေးမှုမှာက မျိုးနွယ်တူချင်း လက်ဆက်ကြတာကို တားမြစ်ကြလေ့ ရှိပါတယ် ။ အစောင့်ရဲမက်ကို အဲဒါကို ရည်ညွှန်းတာ နေမှာပါ။
ဂိုဏ်းတူဒေါ်လေးက သူ့ကိုယ်သူ ကူကူးလို့ ပြောလိုက်တာကတော့ သိမ်းငှက်သူရဲကောင်းထဲက နဂါးမယ်လေးကို reference ယူလိုက်တာပါ ။ ရန်ကော်က နဂါးမယ်လေးကို ကူကူး = ဒေါ်ဒေါ်ဆိုပြီး ခေါ်လေ့ ရှိပါတယ် ။ အခု မင်းစုဝမ်က မင်းဖေးဟန်ရဲ့ ဂိုဏ်းတူဒေါ်လေးဆိုတော့ သူ့ကိုယ်သူ ကူကူး သုံးလိုက်တာပါ ။)
( mcက deadpool လိုကောင်ပါ ။ သူက ကျွန်တော်တို့ သူ့အကြောင်း ဖတ်နေတယ် ဆိုတာကို သိပုံ ရပါတယ် ။ ဒါကြောင့် အပြင်က လူတွေကို တစ်ချက်တစ်ချက် လှမ်းလှမ်း ဖောက်နေတာပါ ။)
" ကဲ... . ဟုတ်ပြီ ။ စစ်ဆေးပွဲရဲ့ ပထမအဆင့် သိုင်းပညာ စမ်းသပ်တာကို စလိုက်ကြရအောင် ။ မင်းတို့ရဲ့ အကျွမ်းဆုံး သိုင်းကွက်တွေကို ထုတ်ပြကြ ။ မိန်းကလေး... ကျေးဇူးပြုပြီး သတိထားပါဦးနော် ။ ကိုယ့်ကိုယ်ကိုယ် မထိခိုက်မိစေပါနဲ့ "
ဟေ့လူ.... ဟေ့လူ....
ကျုပ်ကြားခဲ့တာက လျူရှန်းမန်တွေက သိုင်းပညာ ထူးချွန်တဲ့လူတွေ ရှာနေတာဆို ။
အခုတော့ ခင်ဗျားက ကျုပ်ဒေါ်လေး နည်းနည်းလေး ထိခိုက်မိမှာကိုတောင် စိုးရိမ်နေပြီလား ။
" နှစ်ဖက်စလုံး အသင့်ဖြစ်ရင် စကြတော့"
စစ်ဆေးရေးမှုး တစ်ယောက်က တိုက်ပွဲ စဖို့ ဆော်သြလာပြီဗျ ။
သူ့ရဲ့ စကားဆုံးတော့ ဒေါ်လေးက ကျုပ်ကို မချိုမချဥ် မျက်နှာနဲ့ ပြုံးပြီး ကြည့်လာတယ် ။
" နင်ငါ့ကို အလျော့ပေးမှာလား "ဆိုတဲ့ အဓိပ္ပါယ် ပါတဲ့ အကြည့်နဲ့ပေါ့ ။
ဒါပေါ့ဗျာ...... သေချာပေါက် အလျော့ ပေးရမှာပေါ့ ။ ကျုပ်က ဒေါ်လေးအတွက်ဆိုရင် အသက်ကိုတောင် ပေးဖို့ သန္နိဋ္ဌာန် ချထားတဲ့ ကောင်လေ ။ အဲဒါကို ဘယ်လိုလုပ်ပြီး သူ့အပေါ် အနိုင်ယူရက်မှာလဲဗျာ ။
...............xxxxxxxx..........xxxxxxxx..........xxxxxx
ကျုပ်တို့နှစ်ယောက်က သင့်တော်တဲ့ အကွာအဝေး တစ်ခုအကွာမှာ ရပ်လိုက်ကြပြီး အသင့်အနေအထားနဲ့ သိုင်းကွက်ကိုယ်စီ ခင်းလိုက်ကြတယ် ။
ဒေါ်လေးက ကျုပ်တို့ဂိုဏ်းရဲ့ ဝါစဥ်အကြီးဆုံး အမျိုးသမီးဆိုတဲ့ ဂုဏ်ပုဒ်ကို လုံးဝ မသိမ်ငယ်စေဘူး ။သူ့ရဲ့ သိုင်းကွက်ခင်းထားပုံက မာန်အပြည့်ပါပြီး ဟာကွက်ကို ရှာမတွေ့သလောက်ပဲ။ သည်အချက်နဲ့တင် ကျုပ်ရဲ့ ဂိုဏ်းတူမောင်နှမတွေဟာ ဒေါ်လေးကို လုံးဝ မယှဥ်နိုင်ဘူးဆိုတာ သိသာလွန်းပါတယ် ။
ဒေါ်လေးက ဆရာဘိုးဘိုးရဲ့ အနီးကပ် စနစ်တကျ သင်ကြားပေးမှုကို ငယ်စဥ်ကတည်းက ခံခဲ့ရတာဗျ ။ ကျုပ်လို စမ်းတဝါးဝါး ကျင့်ခဲ့ရတာ မဟုတ်ဘူး ။ ပြီးတော့ သူ့ရဲ့ သိုင်းပါရမီက ငယ်ကတည်းကနေပြီး ဂိုဏ်းထဲမှာ ကျော်ကြားတယ် ။ အသက်အရွယ်ပိုင်းမှာ ကွာဟာမှု ရှိနေသေးတယ် ဆိုပေမယ့် ကျုပ်အမြင် ပြောရရင် ဒေါ်လေးရဲ့ အဆင့်က ကျုပ်ဆရာ အဆင့်လောက် ရှိနေပြီ ။ ကျုပ်သာ သတိလက်လွှတ် နေလိုက်ရင် ကျုပ်တောင် ခံလိုက်ရနိုင်တယ် ။ ဒါပေမဲ့လည်း ကျုပ်တို့က တစ်ဂိုဏ်းတည်းဆိုတော့ သူ့အကြောင်းကို အူမချေးခါးမကျန် ကျုပ်သိပြီးသားဗျ ။ အဲသည်တော့ နည်းနည်းပါးပါး အလျော့ပေးလိုက်လည်း ကျုပ်အတွက် ပြသနာ မဖြစ်နိုင်လောက်ဘူး ။အနည်းဆုံးတော့ ရုပ်ပျက်ဆင်းပျက်ကြီး မရှုံးနိုင်ဘူးပေါ့ဗျာ ။
ဒေါ်လေးက လက်ဖဝါးကို လှန်လိုက်ပြီး သိုင်းကွက်တစ်ခုကို အရင် စလိုက်တယ် ။ အဲဒါကတော့ ကျုပ်တို့ဂိုဏ်းရဲ့ ကြယ်မင်းကွန်ယက် လက်ဝါးပဲ ။
အဟမ်း.... အမှန်အတိုင်း ပြောရရင် သည်လက်ဝါး ထွက်လာတော့ ကျုပ်နည်းနည်း စိတ်လှုပ်ရှား သွားတယ်ဗျာ ။ ကျုပ်တို့ဂိုဏ်းက ရှေးဆရာကြီးတွေက တကယ် အစွမ်းထက်လွန်းတယ်လို့တောင် တွေးမိလိုက်သေးတယ် ။သူတို့ရဲ့ သင်ကြားမှု စွမ်းရည်က တကယ်ကို ဖြုံချင်စရာပါပဲ ။
ကျုပ်က ကြယ်မင်းကွန်ယက် လက်ဝါးကို ထိုက်ချိနဲ့ ခုခံလိုက်တယ် ။ ကျုပ်က တခြားဂိုဏ်းက သိုင်းပညာတွေကို သုံးချင်လွန်းလို့ သုံးနေရတာ မဟုတ်ဘူးဗျ ။ ကျုပ်က တခြားသိုင်းဂိုဏ်းတွေက ပညာကိုပဲ တတ်တာလေဗျာ ။ ကျုပ်ဆရာက ကျုပ်ကို ငယ်ကတည်းက တခြားသိုင်းဂိုဏ်းတွေဆီက ရတဲ့ လျှို့ဝှက်သိုင်းကျမ်းတွေပဲ ပေးခဲ့တာ ။ သူက ကျုပ်ကို ကျုပ်တို့ဂိုဏ်းရဲ့ လျှို့ဝှက်ပညာရပ်တွေကို တစ်ခါမှ မသင်ပေးဖူးဘူးလေ ။
အဲဒါကြောင့် ကျုပ်က ကျုပ်တို့ဂိုဏ်းရဲ့ ပညာရပ်တွေကို မြင်ရင် မှတ်မိပေမယ့် လက်တွေ့မှာ မသုံးနိုင်ဘူးဗျ ။
အဲဒါကြောင့်လည်း ကျုပ်တောင်ပေါ်ကဆင်းပြီး သိုင်းလောကထဲ ဝင်တဲ့အချိန်မှာ ခဏခဏ ပြသနာ တက်ရတာပေါ့ ။ ကျုပ်က တာလျို့တောင်က တပည့်လို့ ပြောတယ် ။ ဒါပေမဲ့ ဘယ်သူမှ မယုံကြဘူး ။ ပြီးတော့ သူတို့ရဲ့ အကြောင်းပြချက်ကလည်း ခိုင်မာတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်က တာ့လျိုဂိုဏ်းရဲ့ အခြေခံ သိုင်းကွက်လေးကိုတောင် မကစားပြနိုင်လို့ပဲ ။
"ခစ် ခစ်"
ဂိုဏ်းတူဒေါ်လေးက ကျပ်ရဲ့ ခံစစ်ကို မြင်တော့ တစ်ချက် ရယ်လိုက်တယ်ဗျ ။ ပြီးတာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ လက်ဝါးလမ်းကြောင်းကို လမ်းတစ်ဝက်မှာတင် ပြောင်းပြီး လက်ဝါးရိုက်ချက် ဆယ့်သုံးချက်ကို ပုံစံမျိုးစုံနဲ့ ဆက်တိုက် ထုတ်လိုက်တယ် ။
" ဝါးးးး"
"ဝိုးးးးး"
" ဝေါင်းးးးး"
ဟေ့လူတွေ.... ဒါကျုပ်ရဲ့ အာမေဍိတ် မဟုတ်ဘူး ။ အဲသည် အသံတွေရဲ့ လက်သည်တရားခံတွေက အနားမှာ ရှိနေတဲ့ ဝင်ခွင့် စစ်ဆေးပွဲ လာလျှောက်တဲ့ သူတွေရဲ့ အသံဗျ ။ သည်မအေဘေးတွေရဲ့ မျက်လုံးတွေက ကျုပ်ဒေါ်လေးကိုယ်ပေါ်ကနေ ခွာကို မခွာတော့ဘူး ။ သူတို့က ကျုပ်ဒေါ်လေး ရိုက်ထုတ်လိုက်တဲ့ လက်ဝါးချက် ဆယ့်သုံးချက်က ဘယ်လောက် ကြောက်စရာ ကောင်းသလဲဆိုတာကိုလည်း မမြင်ကြဘူး ။ သူတို့က ကျုပ်ဒေါ်လေး တစ်ချက် လှုပ်ရှားလိုက်တိုင်းမှာ ပေါ်လာတဲ့ ခန္ဓာကိုယ် အချိုးအစားကိုပဲ သွားရည်တမြားမြားနဲ့ ကြည့်နေကြတာ ။အဲသည်လူတွေထဲမှာ စစ်ဆေးရေးမှူးဆိုတဲ့ ငနဲ နှစ်ကောင်ကလည်း ပါသေးသဗျာ ။
အစကတော့ ကျုပ်က ခေါတောအား အပြည့်နဲ့ ကြည့်နေတဲ့ အဲသည်ကောင်တွေရဲ့ တဏှာရူး မျက်လုံးတွေကို ထိုးဖောက်ပစ်လိုက်ဖို့ စဥ်းစားလိုက်သေးတယ်ဗျ ။ ဒါပေမဲ့လည်း စိတ်ကိုပဲ တည်ငြိမ်အောင် ထိန်းလိုက်ပါတယ် ။
ဂိုဏ်းတူဒေါ်လေးကို အခုလို ကြည့်ကြတာက ပထမဆုံး အကြိမ်မှ မဟုတ်တာ ။ ကျုပ်အနေနဲ့ ကျင့်သား ရသင့်ပြီ မဟုတ်လား ။
အဲသည်နောက်မှာတော့ ကျုပ်က စိတ်ကို ပြန်စုစည်းလိုက်ပြီး ထိုက်ချိသိုင်းနဲ့ ဒေါ်လေးရဲ့ လက်ဝါးရိုက်ချက်တွေကို တစ်ဆင့်ချင်း ချေဖျက်လိုက်တယ် ။
ကျုပ်တို့ နှစ်ယောက်လုံးကို မမြင်ရအောင် ကျုပ်ရဲ့ ထိုက်ချီအတွင်းအားနဲ့ လေပွေ အသေးစားလေး ဖန်တီးလိုက်တာက တစ်ကြောင်းပေါ့လေ ။
ဝေါ.... ဝေါ....ဝေါ.....
" အား... ဘာတွေ ဖြစ်ကုန်တာလဲ"
" သည်လေပွေစုတ်ကြောင့် ငါ့မျက်လုံးထဲ ဖုန်တွေ ဝင်ကုန်ပြီဟ"
ကျုပ်ရဲ့ လုပ်ရပ်က အနားမှာ ရှိနေတဲ့ လူတွေကို မျက်ရည်တွေ ဝဲသွားစေတယ်ဗျ ။ တချို့ဆို မျက်လုံးကြီးတွေ မှိတ်ပြီး အော်နေရတဲ့ အထိပဲ။
ဟား....ဟား....
တဏှာရူးကောင်တွေ ခံကြစမ်း ။ အဲဒါ မင်းတို့နဲ့ ထိုက်တန်တာပဲကွ ။
ဒေါ်လေးကတော့ ကျုပ်ကို အရူးတစ်ယောက်ကို ကြည့်သလို ကြည့်ပြီး ဆူနေတယ်ဗျ ။
" ငတုံးကောင်.... နင်က သူတို့ကို မမြင်ရအောင် လုပ်လိုက်တော့ ဘယ်သူက ငါတို့ကိုလာပြီး အောင်ခွင့် ပေးတော့မှာလဲ "
တောင်းပန်ပါတယ် ။ ဒေါ်လေးရဲ့ ခန္ဓာကိုယ် အချိုးစားကို ကျုပ်ကလွဲပြီး ဘယ်သူမှ သိခွင့် မရှိဘူးဗျ ။
အဲသည်နောက်မှာတော့ ကျုပ်တို့ နှစ်ယောက်က တစ်ယောက်ကို သိုင်းကွက် သုံးဆယ်စီ အလှည့်ကျ ထုတ်လိုက်ကြတယ် ။ ကြယ်မင်းကွန်ယက် လက်ဝါး သုံးဆယ် ၊ ထိုက်ချီ သုံးဆယ်ပေါ့ ။
ကျုပ်တို့ ပြီးသွားတဲ့အချိန်အထိတောင်မှ စစ်ဆေးရေးမှုး နစ်ယောက်က မျက်လုံး မဖွင့်နိုင်သေးဘူးဗျ။ နောက်ဆုံး ဖွင့်နိုင်တဲ့ အချိန်ကျတော့ တိုက်ပွဲက ပြီးနေပြီ ။ သူတို့နှစ်ယောက်က မျက်လုံးလေး ကလယ်ကလယ်နဲ့ တစ်ယောက်ကိုတစ်ယောက် အခြေအနေ ကြည့်ရုံပဲ တတ်နိုင်တော့တယ် ။ သူတို့က ရလဒ်ကို ဆုံးဖြတ်နိုင်ဖို့ ဘယ်လိုမှ အရည်အချင်း မရှိတာ အသိသာကြီးပါပဲ ။
အချိန်အတော်ကြာမှ စစ်ဆေးရေးမှူး တစ်ယောက်က ကယောင်ကတမ်းနဲ့
" မင်းတို့နှစ်ယောက်က မဆိုးဘူး ။ ဒါပေမဲ့ ငါတို့ရဲ့ လျူရှန်းမန်ထဲ ဝင်ဖို့ကတော့ အရည်အချင်း နည်းနည်း လိုနေသေးတယ်"
ထွီ.......
ကျုပ်ကတော့ လျူရှန်းမန်တွေ ဘာလို့ သည်လောက်အထိ သြဇာအာဏာ နိမ့်ကျသွားလဲ ဆိုတာကို မျက်ဝါးထင်ထင် မြင်လိုက်ရပြီဗျို့ ။
လုပ်.... လုပ်စမ်းပါ ။ ခင်ဗျားတို့နှစ်ယောက် ဘာတွေ မြင်လိုက်ရလို့ အရည်အချင်းက လိုနေရသေးတာလဲ ။
ဒါပေမဲ့ အဲသည်အချိန်မှာပဲ အစေခံ တစ်ယောက်က ရုတ်တရက် ရောက်လာပြီး စစ်ဆေးရေးမှုး တစ်ယောက် နားထဲကို တိုးတိုး ကပ်ပြောလိုက်တယ် ပြီးတာနဲ့ တစ်ပြိုင်နက် စစ်ဆေးရေးမှုးရဲ့ မျက်နှာ အမူအယာက တစ်ချိုးတည်းကို ပြောင်းသွားတော့တာပဲဗျို့ ။
" ကျုပ်ခဏ လုပ်စရာ ရှိလို့ ကျေးဇူးပြုပြီး စောင့်ပေးကြပါဦး "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် စစ်ဆေးရေးမှုးက အခန်းဆောင် တစ်ခုထဲကို ပြေးဝင်သွားတယ်ဗျ ။
ရှိနေတဲ့ လူတွေ အားလုံးကလည်း အကြောင်သားနဲ့ ကျန်နေရစ်ခဲ့ကြတာပေါ့ ။
ကျုပ်ကလည်း ဘယ်အငြိမ်နေမလဲဗျာ ။ ကျုပ်က ရိကျင်းကျန်း ကျင့်စဥ်ကို အမြန် တစ်ပတ် လှည့်လိုက်ပြီး နားစွင့်လိုက်တယ် ။ ဒါပေမဲ့လည်း စစ်ဆေးရေးမှုး ဝင်သွားတဲ့ အခန်းနဲ့ ကျုပ်နဲ့က အတော်လေး လှမ်းနေလို့ ဘာမှ သေသေချာချာ မကြားရဘူးဗျ ။ဒါပေမဲ့ တစ်ယောက်ယောက်က ဆူပူနေတာကတော့ ကျိန်းသေပေါက်ပဲ ။ပြီးတော့ ပါးရိုက်နေတဲ့ အသံတွေနဲ့ ငိုယိုတောင်းပန်နေတဲ့ အသံတွေကိုလည်း တစ်ချက်တစ်ချက် ကြားနေရသေးတယ် ။
အဲသည်လူတွေ အခန်းထဲမှာ ဘာလုပ်နေကြတာလဲ ။
စစ်ကြောရေးများ လုပ်နေကြတာလား ။
သိပ်ပြီး များများစားစားတော့ မစဥ်းစားလိုက်ရပါဘူး ။ မကြာခင်မှာပဲ အဖြေကို ကျုပ်ရလိုက်ပါတယ် ။
အစောပိုင်းက အခန်းထဲ ဝင်သွားတဲ့ စစ်ဆေးရေးမှုးက မျက်နှာလေးကို ကိုင်ကာကိုင်ကာနဲ့ နဂိုနေရာကို ပြန်ရောက်လာတယ်ဗျ ။ သူ့မျက်နှာပေါ်က လက်ဝါးရာကြီးကိုတော့ ဘယ်လိုမှ ဖုံးမရပါဘူး ။
" သည်ဘက်က လေးယောက် နဲ့ ဟိုမောင်နှမ ။ မင်းတို့ခြောက်ယောက် ပထမအဆင့်ကို အောင်မြင်တယ် ။ ကျေးဇူးပြုပြီး သည်မှာပဲပြီး ဒုတိယအဆင့် စစ်ဆေးပွဲကို စောင့်နေပေးကြပါ "
ဟား....ဟား..... နောက်ဆုံးတော့ တရားမျှတမှုက ကမ္ဘာတစ်ပတ် ပတ်ပြီး ရောက်လာပြီပေါ့ ။
ဒါပေမဲ့လည်း အဲဒါထက် ကျုပ်ပိုသိချင်တာက စစ်ဆေးရေးမှူး မျက်နှာကို သည်လောက်ကြီး ယောင်ကိုင်း ဖောင်းကားနေအောင် ဘယ်သူက ရိုက်လိုက်သလဲ ဆိုတာပဲဗျ ။
Lord Zen