အခန်း ၁၁
Vol. 2 Ch. 11
ရွှေလက်ဆေးတဲ့ သိုင်းဘုရင်
စာစဥ်၂ အပိုင်း ၁၁
တိုက်ကြတာပေါ့
ရှန်းယိရန်က အငြင်းအခုံပွဲထဲကို အတင်း တိုးဝင်လာတဲ့ လူကြီးမင်းလျူကို တစ်ချက်ကြည့်တယ် ။ သူ့ရဲ့ အထက်စီးဆန်လှတဲ့ အမူအယာ နဲ့ ရန်လိုမှုက ရှိနေဆဲဲပဲ ။ ရှန်းယိရန်က ဘယ်သူ့ကိုမှ မျက်နှာသာ ပေးဖို့ စိတ်ကူးမရှိတာ အသိသာကြီးဗျ ။
" သည်လူက ဘယ်သူလဲ ။ သူက ဘာလို့ ငါတို့နဲ့ သိချင်ယောင် လာဆောင်နေတာလဲ "
ဟား....ဟား..... မင်းရဲ့ အထက်လူကြီးကတောင် မင်းကို မမှတ်မိဘူးကွ ။
ရှန်းယိရန်ရဲ့ မျက်နှာသာ မပေးတဲ့ အပြုအမူကြောင့် လူကြီးမင်းလျူရဲ့ မျက်နှာက ခရမ်းချဥ်သီး တစ်လုံးလို ရဲတွတ်သွားတယ် ။ဒါပေမဲ့ သူက အရှက်ကွဲမခံဘဲ အသံကျယ်ကြီးနဲ့ ကြုံးဝါးလိုက်တယ် ။
" မင်းလို တေလေဂျပိုးကောင်ကို ငါသည်နေ့ ဆုံးမပြမယ်ကွ"
စကားဆုံးတဲ့နောက်မှာတော့ လူကြီးမင်းလျူက ကျုပ်ကို လက်ဝါးရိုက်ချက်တွေနဲ့ ဆက်တိုက် တိုက်ခိုက်တော့တယ် ။
သူ့ရဲ့ လက်ဝါးရိုက်ချက်တွေက ဆင့်ကဲ ပွားသွားပြီး ကျုပ်ရဲ့ တစ်ကိုယ်လုံးကို လွှမ်းခြုံ သွားတယ်ဗျ ။
အင်း...... သိုင်းမျိုးဆက် နောက်ခံရှိတဲ့ မိသားစုက သခင်လေးတွေက တကယ် နောက်စရာ မဟုတ်ဘူးဘဲ ။
ကျုပ်မကွယ်မဝှက်တမ်း ဝန်ခံရရင် လူကြီးမင်းလျူက ပါရမီ ရှိတယ်ဗျ ။ သူ့ရဲ့ တိုက်စစ် နဲ့ ခံစစ် အကူးအပြောင်းတွေက ရေလို ချောမွေ့ပြီး လေလို မြန်ဆန်တယ် ။သူက လမ်းဘေးမှာ သိုင်းပြစားနေတဲ့ လူတွေနဲ့ ယှဥ်မယ်ဆိုရင်တောင် ယှဥ်လို့ရနေပြီ ။
ကျေးဇူးပြုပြီး နားလည်ပေးပါဦးဗျာ ။ ကျုပ်ရှင်းပြတဲ့အထဲမှာ နည်းနည်း စျာန်ဝင်သွားလို့ပါ ။ လမ်းလေးကအကြောင်းတို့ ၊ လမ်းဘေး လက်ဖက်ရည်ဆိုင် အကြောင်းတို့ကို တော်လိုက်ကြရအောင် ။ အဲသည်နေရာတွေက သွမ့်ရိတို့၊ ချောင်ဖုန်းတို့ မကြာခဏ ထွက်လာနေကျ နေရာတွေဗျ။
ဟုတ်ပြီ ။ ကျုပ်အတည်ကြီး စလုပ်တော့မယ် ။
တကယ်တော့ ကျုပ်လူတစ်ယောက်နဲ့ မတိုက်ခိုက်တာ အတော်လေး ကြာနေပြီ ။
သည်တော့ လူကြီးမင်းလျူရဲ့ ဟာကွက်ကို အရင် ရှာလိုက်ရအောင် ။
ဟမ်.... သေစမ်းပါကွာ ။ ကျုပ်သူရဲ့သိုင်းကို မသိဘူးဗျ ။
လူကြီးမင်းလျူရဲ့ သိုင်းက ချန်းလျူရွာက မဟုတ်သလို အဘိုးကြီးလျူရဲ့ နာမည်ကျော် သိုင်းကွက်တွေနဲ့လည်း မတူဘူး ။ အဲသည်တစ်ခေါက်တုန်းက အဘိုးကြီးက မူးမူးရူးရူးနဲ့ သူငယ်ပြန်ပြီး သိုင်းတစ်ခါ ကစားပြဖူးတာ ကျူပ်မှတ်မိတယ် ။ သူ့ရဲ့သိုင်းက ကွက်ပြောင်း တအားမြန်တယ် ။ ပြီးတော့ နည်းစနစ် နဲ့ အားမာန်ကို အခြေခံထားတော့ ခုခံဖို့ အတော် ခက်တယ် ။
အခု လူကြီးမင်းလျူရဲ့ သိုင်းကွက်တွေက အပြောင်းအလဲ မြန်တယ်ဆိုပေမယ့် သက်ရောက်မှုကတော့ ပန်းနဲ့ ပေါက်နေတဲ့အတိုင်းပဲ ။ သည်ခွေးကလေးက သူ့အဖေရဲ့ နာမည်ကျော်သိုင်းကို ဘာတွေ လုပ်လိုက်တာလဲ ။
ဒါကြီးက ဘာကြီးလဲကွာ ။
ထွီ.....လစ်လိုက်တော့ ။ ကျုပ်ဘယ်လိုမှ ဆက်စဥ်းစားဖို့ အာရုံမလာတော့ဘူး ။ သည်ကောင့်ကို သူ့အဖေကိုယ်စား ဆုံးမပေးရမယ် ။
********
သိုင်းလောကမှာ ရှိတဲ့ လူတိုင်းက သိုင်းပညာအစွမ်းထက်မှု အပေါ်မှာ မူတည်ပြီး လေးစားမှုကို ပြလေ့ ရှိကြတယ် ။ ဒါပေမဲ့ လူတော်တော်များများကတော့ ကျုပ်ဆိုတဲ့ ပြိုင်ဘက်ကင်း မင်းဖေးဟန်ကို မသိကြဘူး။ လူအများစုက ကျုပ်ကို သိုင်းမတတ်ဘူးလို့ကို ထင်နေကြတာ ။
အခုခေတ် သိုင်းပညာရှင်တွေက သိုင်းပညာကို အပေါ်ယံ အလှပြ ကြွားဖို့သက်သက် သင်ကြတာ များတယ် ။ ကျုပ်ပြောချင်တာက ဓားသိုင်း ၊ လက်နက်မဲ့သိုင်း ၊ တုတ်သိုင်း စသဖြင့်ဗျာ။ အတွင်းအားသိုင်းကို လေ့ကျင့်တဲ့ သိုင်းပညာရှင်တွေ ရှိတယ် ဆိုပေမယ့် တကယ်တမ်း အစစ်အမှန် ကျွမ်းကျင်သူကတော့ မရှိသလောက်ပဲ ။ ကျုပ်ကတော့ ချွင်းချက်ပေါ့ဗျာ ။
အတွင်းအားကျင့်စဥ်တွေကို ကျင့်ကြံတာက ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို မြှင့်တင်ပေးတယ် ဆိုတာကို လူတိုင်းသိတယ် ။ ဒါပေမဲ့ အဲဒါက အစောပိုင်း နှစ်တွေလောက်ပဲ အလုပ်ဖြစ်တာဗျ ။ နောက်ပိုင်းနှစ်တွေဆိုရင် ဘာမှကို သိသိသာသာ အပြောင်းအလဲ မရှိသလောက်ပဲ ။
သည်နေရာမှာ ခင်ဗျားတို့အားလုံး ရှင်းသွားအောင် ကျုပ်ပြောပြမယ် ။ တကယ်လို့ လူတစ်ယောက်က အသက်ဆယ်နှစ်အရွယ်မှာ ထိပ်တန်း အဆင့် အတွင်းအား ကျင့်စဥ်ကို အဆင့်၁ကနေ စကျင့်တယ် ဆိုကြပါစို့ ။ ဒါဆိုရင် အသက်နှစ်ဆယ် အရွယ်ရောက်ရင် သူ့ရဲ့ အတွင်းအား အဆင့်က ယေဘုယျအားဖြင့် အဆင့် ၁၀၀ ကို ရောက်နေလောက်ပြီ ။ အဲဒါကိုမှ သူက ဆက်ပြီး အားကြိုးမာန်တက် ကျင့်မယ်ဆိုရင် အသက်သုံးဆယ် ရောက်တောင်မှ အဆင့်က အလွန်ဆုံး ၁၂၀ပဲ ။ အတွင်းအားကျင့်စဥ်က အသက်ကြီးလေး တိုးတက်မှုနှေးလေး ဖြစ်ပြီး အသက်ခြောက်ဆယ် ရောက်ရင်တော့ အဆင့်က ၁၅၀ နားမှာပဲ ရှိနေမှာ ။
တခြားနည်းနဲ့ ပြောရရင်ဗျာ ။ အတွင်းအား ကျင့်စဥ်လမ်းမှာ ဆယ်နှစ် ကျင့်ထားတဲ့ လူငယ်တစ်ယောက် နဲ့ ဘဝတစ်လျောက်လုံး ကျင့်ထားတဲ့ လူအိုကြီးတစ်ယောက်နဲ့ကြားက အတွင်းအား အဆင့်က သိပ်မကွာလှဘူး ။
ဒါက အတွင်းအားကျင့်စဥ်လမ်းကို အသားပေးတဲ့လူတွေကို နောက်ပေါက်တွေက ကျော်တက်သွားရတဲ့ အခြေခံ အကြောင်းအရင်းပဲ ။
အတွင်းအားလမ်းစဥ်ကို လျှောက်လမ်းတဲ့ လူတွေက တခြားလမ်းစဥ်က လူတွေကို ကျော်တက်ချင်တယ်ဆိုရင် အမတ တန်ခိုးရှင်ဖြစ်ပြီး ထွက်ရပ်ပေါက်မှပဲ ရမယ် ။ အဲဒါက တစ်ခုတည်းသော လမ်းပဲ ။
ဒါကြောင့်ပဲ အခုခေတ် သိုင်းပညာရှင်တွေက အတွင်းအားကို ဆယ်နှစ်လောက် ကျင့်ပြီးရင် တခြားသိုင်းပညာကို ပြောင်းကျင့်ကြတော့တာပေါ့ ။ ဓားသိုင်းလေးက ကောင်း ။ ပြီးတော့ အတွင်းအားလေးက မဆိုးရင် သိုင်းလောကမှာ နေရာ တစ်နေရာ ရပြီပေါ့ဗျ ။ မဟုတ်ဘူးလား ။
နောက်ဥပမာတစ်ခု ပြောရရင်ဗျာ ။ ရှောင်လင်ကျောင်းရဲ့ နာမည်ကျော် ရိကျင်းကျန်း ကျင့်စဥ်က ရှေးခတ်ကနေ လက်ဆင့်ကမ်းလာတဲ့ ကျင့်စဥ်ဖြစ်ပြီး တကယ့် ထိိပ်ဆုံးမှာ ရပ်တည်နေတဲ့ ကျင့်စဥ် ဖြစ်တယ် ။ ဒါပေမဲ့လည်း ရှောင်လင်ကျောင်းက ဂိုဏ်းချုပ် ရဟန်းကြီးရဲ့ အတွင်းအားက ရှန်းယိရန်လို ကလေးမလေးထက် မဆိုစလောက်လေးပဲ သာတာဗျ ။ သည်အချက်တစ်ခုနဲ့တင် အတွင်းအားကျင့်စဥ်ကို အားကိုးလို့ ဘာမှ မထူးဘူး ဆိုတာကို သိနိုင်တယ် ။
ဒါကြောင့်လည်း အခုခေတ် လူတွေက အတွင်းအား အဆင့်မြင့်တဲ့ လူငယ်တွေကို သိပ်အထင်မကြီးဘဲ ဟိုစပ်စပ် သည်စပ်စပ် သိုင်းပညာတွေ သင်ထားတဲ့ လူငယ်တွေကို ပိုအထင်ကြီးကြတာပေါ့ ။
ကဲ...... ရှင်းပြတာတွေကို နားပြီး တိုက်ပွဲကို ဆက်သွားကြရအောင် ။
ဟူး.....ဟူး....ဟူး.....
ဖတ်.....ဖတ်......ဖတ်.....
လျူယွင်က သိုင်းကွက်တွေကို ဆက်တိုက် ပြောင်းပြီး လက်ဝါးရိပ်တွေ ဟိုဟိုသည်သည် ပစ်ရိုက်နေတယ်ဗျ ။ တော်ရုံတန်ရုံ လူတွေ ဆိုရင်တော့ သူ့လက်ဝါးရိပ်တွေကြောင့် အရက်တောင် သောက်စရာ မလိုဘဲ မူးကုန်မှာ အသေအချာပဲ ။
ချန်းလျူရွာရဲ့ ပုံစံက ကွက်ပြောင်း တအားများတာကို အခြေခံတယ် ။ကြည့်ရတာ လျူယွင်က လျူရှန်းမန်ကို ဝင်ပြီးတဲ့နောက်မှာ လျူရှန်းမန်ရဲ့ ဓာတ်ကြီးငါးပါး လက်ဝါးသိုင်း နဲ့ ချန်းလျူလက်ဝါးကို ပေါင်းစပ်လိုက်ပုံ ရတယ်ဗျ ။
ဒါပေမဲ့လည်း လျူရှန်းမန်ရဲ့ ဓာတ်ကြီးငါးပါး လက်ဝါးဆိုတာက တကယ့် အခြေခံ အဆင့်ပဲ ရှိသေးတာလေဗျာ ။ အဲဒါက ကျန်းမာရေးသက်သက် လေ့ကျင့်ရုံပဲ ထုတ်ထားတာ ။ တကယ့် လက်တွေ့ တိုက်ခိုက်ရေးမှာ အသုံးမဝင်ဘူး ။ သည်တော့ လျူယွင်ရဲ့ လက်ဝါးသိုင်းက အမြင်ဆန်းပြီး လှရုံကလွဲရင် ဘာမှ သိပ်သုံးစား မရဘူးဗျ ။
အမှန်အတိုင်း ပြောရမယ် ဆိုရင် လျူယွင်ရဲ့ အခြေခံက ခိုင်မာတယ် ။ ဒါကြောင့် သာမန်လူတွေက သူ့ကို မယှဥ်နိုင်ဘူး။ သူ အခုလို လျူရှန်းမန်းထဲမှာ နေရာ ရနေတာကလည်း အဲဒါကြောင့်ပဲ ဖြစ်ရမယ်ဗျ ။
မင်းဖေးဟန်က မလှုပ်မရှားဘဲ ကျောက်ရုပ်လို နေနေတာကို တွေ့တဲ့နောက်မှာတော့ လျူယွင်က သူ့ရဲ့ ရင်ဘတ်ကို လှမ်းရိုက်လိုက်တယ် ။ လူတွေအားလုံးကတော့ ဝိုးခနဲပေါ့ ။
လျူရှန်းမန်ထဲမှာ ရှိနေတဲ့ လူအများစုက လျူယွင်ရဲ့ သိုင်းက အလှပြသက်သက်ဆိုတာကို သိထားပြီးသားပဲ ။ သူ့မှာ ပြောစရာဆိုလို့ နာမည်ကျော် သိုင်းဆရာဆီက သိုင်းပညာ သင်ထားတာရယ် ၊ အခြေခံ ကောင်းတာရယ်ကြောင့် သူ့ရဲ့ သိုင်းကွက်တွေနောက်မှာ အားတချို့ ပါတာပဲ ရှိတာပါ ။ အဲသည်အတွက် ပုံမှန်ဆိုရင် သည်လိုရိုက်ချက်မျိုးက တစ်ဖက်လူရဲ့ အတွင်းအင်္ဂါတွေကို ဖျက်ဆီးပစ်နိုင်ပါတယ် ။ ဒါကြောင့်လည်း လူတွေက သူ့ရဲ့ လက်ဝါးရိုက်ချက် မင်းဖေးဟန်ကို ထိသွားတဲ့အချိန်မှာ ဝိုးခနဲ ဖြစ်သွားကြတာ ဖြစ်ပါတယ် ။
မင်းဖေးဟန်ဆိုတဲ့ကောင်က ငတုံးများလား ။ သည်ကောင်က ဘာလို့ ပလိန်းကြီး ရိုက်ခံလိုက်တာလဲ ဆိုပြီးတော့ပေါ့ ။
အားလုံးက အနိုင်ရသူ အဖြေပေါ်ပြီလို့ တွေးနေချိန်မှာပဲ လျူယွင်ရဲ့ မျက်နှာပေါ်မှာ အေးစက်စက် အပြုံးတစ်ခု ပေါ်လာပါတယ် ။ ပြီးတာနဲ့ တစ်ပြိုင်နက် သူက လက်ဝါးကို လမ်းကြောင်း ပြောင်းလိုက်ပြီး မင်းဖေးဟန်ရဲ့ ငယ်ထိပ်ကို အညှာအတာမရှိ ရိုက်ချလိုက်ပါတယ် ။
သည်ရိုက်ချက်က တကယ်ကို ပြင်းထန်တဲ့ ရိုက်ချက်ပါပဲ ။ လူတစ်ယောက်ရဲ့ ငယ်ထိပ်ဆိုတာက တကယ့် သေကွင်းသေကွက် ဖြစ်ပါတယ် ။ ဘာသိုင်းမှ မတတ်တဲ့ ကလေး တစ်ယောက်ကတောင်မှ ငယ်ထိပ်ကို ရိုက်ခွင့်ရရင်
လူကြီးတစ်ယောက်ကို ဒဏ်ရာရအောင် ပြုလုပ်နိုင်ပါတယ် ။ အဲသည်အတွက် မင်းဖေးဟန်မှာသာ ဝှက်ဖဲ မရှိရင် သည်ရိုက်ချက်က သူ့ကို မသေရင်တောင်မှ ခြောက်လလောက် အိပ်ယာထဲမှာ လဲနေရမှာ အသေအချာပါပဲ ။
နောက်ဆုံးမှာတော့ မင်းဖေးဟန်က လှုပ်ရှားလာခဲ့ပါပြီ ။ သူက တစ်ဖက်လူ သေကွင်းသေကွက်ကို ရိုက်လာတာကို ငြိမ်ခံနေမယ့် ငတုံး မဟုတ်ပါဘူး ။သူက ခေါင်းကို အသာလေး တိမ်းပြီး လက်ဝါးရိုက်ချက်ကို ရှောင်လိုက်ပါတယ် ။ လျူယွင်ကလည်း မင်းဖေးဟန် သည်လို ရှောင်မယ်ဆိုတာကို တွက်ထားပြီးပုံပါပဲ ။ သူက လက်ဝါးရိုက်ချက် လွဲသွားတာနဲ့ တစ်ပြိုက်နက် ခါးကို နောက်ပြန် ကော့လိုက်ပြီး ဖနောင့်နဲ့ မင်းဖေးဟန်ရဲ့ နောက်စေ့ကို ပေါက်လိုက်ပြန်ပါတယ် ။
ဘန်း......
သည်ဖနောင့်ပေါက်ချက်က မင်းဖေးဟန်ကို ခြေလှမ်း အနည်းငယ် ရွေ့သွားစေပါတယ် ။ လျူယွင်က မင်းဖေးဟန်ကို လုံးဝ အလွတ်မပေးပါဘူး ။ သူက မင်းဖေးဟန် အခြေပျက်သွားတာကို အခွင့်ကောင်းယူပြီး ကပ်လိုက်သွားကာ အစောပိုင်းက လက်ဝါးရိုက်ချက်နဲ့ ပွဲသိမ်းဖို့ အားထုတ်ပြန်ပါတယ် ။
" ရပ်စမ်း"
ရှန်းယိရန်က ရက်စက်လွန်းတဲ့ လျူယွင်ရဲ့ တိုက်ကွက်တွေ မြင်တဲ့နောက်မှာတော့ ပွဲကို ရပ်လိုက်ဖို့ တားမြစ်လိုက်ပါတယ် ။
တစ်ဖက်မှာတော့ မင်းဖေးဟန်က ကိုယ်ဟန်ကို ပြန်ထိန်းပြီးသွားပါပြီ ။ ပြီးတော့ သူက အတော်လေး ဒေါသထွက်နေပုံလည်း ရပါတယ် ။
" ဟေ့လူ...... ခင်ဗျား ဘာလို့ ကျုပ်ခေါင်းကို လိုက်ထိချင်နေရတာလဲ ။ ကျုပ်က ကျုပ်ခေါင်းကို ဘယ်သူမှ ထိတာ မကြိုက်ဘူးဗျ ။ ပြီးတော့ ခင်ဗျားလက်က ဘာတွေကိုင်လို့ ကိုင်ထားမှန်းမသိ ။ "
လျူယွင်က အံ့အားသင့်သွားပါတယ် ။ သည်လူက နောက်စေ့ကို အကန်ခံလိုက်ရတာတောင် တစ်ခုခု ခံစားရပုံ ပြမနေပါဘူး ။ အဲသည်အတွက် သူက လှမ်းမေးလိုက်ပါတယ် ။
" မင်းက သံမဏိခန္ဓာသိုင်း ကျင့်ထားတာလား"
မင်းဖေးဟန်က
" မင်းမေကြီးတော်မလို့.... ကျင့်ရမှာလား ။ မင်းပဲ အဲလို လမ်းဘေးမှာ ပြစားတဲ့ သိုင်းကို ကျင့်တာ"လို့ ပြန်ဆဲပါတယ်။
အဲသည်နောက်မှာတော့ သူက လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီး လျူယွင်ရဲ့ နဖူးကို လှမ်းတောက်လိုက်ပါတယ် ။ ဘာကြောင့်မှန်းတော့ မသိပါဘူး ။ မင်းဖေးဟန်ရဲ့ လက်တစ်ချက် တောက်အပြီးမှာတော့ လျူယွင်ရဲ့ လက်ဝါးရိပ်တွေက ပျောက်သွားခဲ့ပါပြီ ။ တစ်ချိန်တည်းမှာပဲ သူက မြေပေါ်လဲကျသွားပြီး ပါးစပ်က အမြုပ်တစီစီ ထွက်နေပါတော့တယ် ။
သူက ထကို ထမလာနိုင်တော့ပါဘူး ။
ပြီးတော့ လျူရှန်းမန် တစ်ခုလုံးဟာလည်း ငြိမ်သက် သွားပါတော့တယ် ။
Lord .Zen
ဘာသာပြန်သူ: : သွမ့်ရိဆိုတာ demi gods and semi devils ထဲက တာ့လိနိုင်ငံက မင်းသားလေးကို ပြောတာပါ။ ချောင်ဖုန်း ၊ ကိုရင်ရွှီကျူ နဲ့ သွမ့်ရိတို့က အဲသည်စာအုပ်ထဲက mc သုံးယောက်ပါ ။ သွမ့်ရိက အရှောင်အတိမ်းသိုင်းဖြစ်တဲ့ ရေလှိုင်းမာန် နဲ့ ခြေသိုင်းဟန်ကိုသာ တတ်ပြီး တစ်ခါတစ်ခါ ဘာမှန်းမသိတဲ့ ဓားသိုင်းကို လက်ချောင်းတွေကနေ ထုတ်ပါတယ် ။)
(သံမဏိ ခန္ဓာကိုယ် ဆိုတာတော့ တရုတ်တွေ လမ်းဘေးမှာ ပြစားတဲ့ သိုင်းပါ ။ ခန္ဓာကိုယ်ပေါ်မှာ ကျောက်ပြားတွေတင်ပြီး တူနဲ့ ထုခွဲ ပြတာတို့ ၊ သံချွန်တွေပေါ် အိပ်ပြတာတို့ပေါ့ ။ )
*
**