← Chapters

အခန်း ၁၂

Vol. 2 Ch. 12

အခန်း ၁၂

Vol. 2 Ch. 12

ရွှေလက်ဆေးတဲ့ သိုင်းဘုရင်

စာစဥ် ၂ အပိုင်း ၁၂

လျူရှန်းမန် အပြိုင် ချီလင်

ကျုပ် လူကြီးမင်းလျူကို လက်ချောင်းနဲ့ တောက်ပြီး သတိမေ့ခိုင်းလိုက်ပြီးတဲ့နောက်မှာတော့ လူတိုင်းက ကျုပ်ကို တအံ့တသြနဲ့ ဝိုင်းကြည့်လာကြတယ်ဗျ ။ ကျုပ်အထင်တော့ သူတို့က ကျုပ်ရဲ့သိုင်းပညာကို လေးစားအားကျသွားပုံရတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်က သူတို့ရဲ့ မျက်လုံးတွေထဲမှာ ထူးဆန်းတာ တချို့ကို မြင်နေရတယ်လေဗျာ ။ ကျူပ်ကို ရိုသေ ၊ လေးစား ၊ အားကျ ၊ ကြည်ညို ၊ ကိုး.......ကွယ်.....ကွယ်...... ထားပါတော့ဗျာ ။ ဆက်ပြောနေရင် ရှည်နေဦးမယ် ။ အတိုချုပ်ပြောရရင် ကျုပ်ရဲ့ ပုံရိပ်က သူတို့ရင်ထဲမှာ ကျော်ဖြတ်လို့ မရနိုင်တဲ့ ဖြစ်တည်မှုကြီးတစ်ခု ဖြစ်လာပြီဆိုတာ အသိသာကြီးပေါ့ ။

ဟူး.......

ရှန်းယိရန်ကတော့ သက်ပြင်းတစ်ချက်ချတယ် ။ ပြီးတော့ မျက်လုံးတွေ နာလာတဲ့ပုံနဲ့ မျက်လုံးကို လက်နဲ့အုပ်ပြီး ပြောလာတယ် ။

" ဟေး....... မင်းတို့နှစ်ယောက်..... ကျေးဇူးပြုပြီး

လူတွေရဲ့ အချိန်ဖြုန်းနေတာကို ရပ်ပေးလို့ ရမလား ။ မင်းတို့ရဲ့ သိုင်းကွက်တွေကို ကြည့်ရတာ ငါ့မျက်လုံးတွေ အတော် နာနေပြီ ။ ငါတို့လျူရှန်းမန်က သည်လို လမ်းဘေးစျေးသည် အဆင့်တွေကို လက်မခံဘူး"

" မနှစ်တုန်းကဆိုရင် ငါတို့ လျူရှန်းမန်က... အင်း... ထားလိုက်ပါတော့ ။ ငါပြောရင်လည်း မင်းတို့ ယုံမယ် မထင်.... ဘူး "

ဟေး....... ရှန်းယိရန်...... ခင်ဗျား မျက်လုံးတွေက တကယ် မမြင်ရတော့တာလား.......ကျုပ်ရဲ့လက်ညှိုးတောက်ချက်က ဘယ်လောက် ပညာပါလဲ မမြင်ဘူးလား ။ ဒါမျိုးကို သွမ့်ရိတောင် ဝတ္ထုထဲမှာ နှစ်ခါလောက်ပဲ လုပ်ပြနိုင်တာကွ ။

ကျုပ်က ကူကယ်ရာမဲ့စွာနဲ့ ဂိုဏ်းတူဒေါ်လေးကို လှည့်ကြည့်လိုက်တယ် ။

ကူကူးရေ...... ကော်အာကို ကူညီပါဦး........

ဂိုဏ်းတူဒေါ်လေးကတော့ ဗိုက်ကိုဖိပြီး ကျိတ်ရယ်နေတယ် ။ သူက ကျုပ်ကို ကူညီမယ့်ပုံ တစ်စက်လေးကို မရှိတာဗျ ။

သည်တော့ ကျုပ်အနေနဲ့ ကိုယ့်ကိုကိုယ် အားကိုးရုံပဲ တတ်နိုင်တော့တယ် ။ ကျုပ်က မြေကြီးပေါ်မှာ ဝက်ရူးပြန်သလို အမြုပ် တစီစီ ထနေတဲ့ လူကြီးမင်းလျူကို လက်ညှိုးထိုးပြီး ရှန်းယိရန်ကို မေးလိုက်တယ် ။

" သည်လူ.... သည်လူက ခင်ဗျားလက်အောက်ကလူ မဟုတ်ဘူးလား ။ ခင်ဗျားက မျက်နှာမပျက်ချင်တာ တစ်ခုတည်းနဲ့ ကျုပ်ရဲ့ သိုင်းပညာကို စော်ကားလိုက်တယ်ပေါ့ "

" အဲလူက ဘယ်သူလဲ ။ ငါ့လက်အောက်ကလား ။ ငါကတော့ လုံးဝ မသိဘူး ။ နင့်အိမ်ထဲမှာ ဖုန်မှုန့် ဘယ်နှစ်မှုန့် ရှိလဲဆိုတာ နင်သိနိုင်လား ။ နင် ခေါင်းရှိပြီးတော့ မတွေးတတ်ဘူးလား ။ တကယ်ကို သနားစရာ ကောင်းလိုက်တာ "

ဖူး......ဖရူး.....

ကျုပ်က သွေးတစ်လုတ်တောင် အန်မိသွားတယ် ။

သည်ရှန်းယိရန်ဆိုတဲ့ မိန်းမက လက်ထောက် ခေါင်းဆောင်ဆိုတဲ့ ရာထူးကိုမှ မထောက်ဘူး ။ တကယ်ကို ပေါက်ပန်းလေးဆယ်တွေ ပြောနေတာဗျ ။ ပြီးတော့ သူပြောတာတွေက ဘာအဆက်အစပ်မှကို မရှိဘူး ။ တစ်ဖက်သားကို အနိုင်လိုချင်ရုံသက်သက် ထိုင်ပြောနေတာ ။

အဲသည်အချိန်မှာပဲ ရှန်းယိရန်ရဲ့ ညီမလေးက စကားဝိုင်းထဲ ဝင်လာတယ် ။

" မမ...စိတ်မဆိုးပါနဲ့ ။ ညီမလေး လူကြီးမင်းလျူ အကြောင်းကို ကောင်းကောင်း သိပါတယ် ။ သူ့ရဲ့ သိုင်းပညာက အဆိုးကြီး မဟုတ်ပါဘူး သည်လူက လူကြီးမင်းလျူကို အနိုင်ယူနိုင်တယ် ဆိုမှတော့ သူ့ရဲ့ သိုင်းပညာက ထက်မြက်လောက်ပါတယ် "

အိုး...... နတ်သမီးလေးရေ..... ကျေးဇူးပါပဲဗျာ ။

ကျုပ်က ကွမ်ရင်မယ်တော် လူ့ပြည်ကို အရှင်လတ်လတ် ဆင်းလာတာကို မြင်လိုက်ရပြီဗျ ။

ဟား.....ဟား.....

နတ်သမီးလေးက ကျုပ်ဘက် ပါနေမှတော့ သည်ရှန်းယိရန်ဆိုတဲ့ မိစ္ဆာမကို ကျုပ်ဘာအကြောင်းနဲ့မှ ကြောက်နေစရာ မရှိတော့ဘူး ။

အဲသည်နောက်မှာတော့ ကျုပ်က ရင်ကိုကော့ပြီး တစ်ခွန်းတည်း ရဲရဲကြီး ပြောလိုက်တော့တယ် ။

" ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ခင်ဗျားရဲ့ လက်အောက်ကလူကို အနိုင်ယူပြီးသွားပြီ ။သည်တော့ ကျုပ်ဒေါ်လေးကို ပြသနာ မရှာနဲ့တော့ "

ဒါပေမဲ့ ရှန်းယိရန်က ကျုပ်ပြောတာကို အဖက် လုပ်မယ့်ပုံ မပြဘူးဗျ ။ သူက ကျုပ်ရဲ့ ဒေါ်လေးကိုပဲ ကြည့်နေတယ် ။ အတော်ကြာမှ သူက ကျုပ်ဒေါ်လေးကို နာမည်တပ် ပြောလာတယ် ။

" မင်းစုဝမ်.....နင့်ကိုယ်ရေးကိုယ်တာ ကိစ္စဆိုတော့ ငါနင့်ကို မတားတော့ဘူး ။ ဒါပေမဲ့ နင့်တူလေးကိုတော့ သည်မှာ ချန်ခဲ့ရမယ်"

ဘာလဲကွ..... သည်မိန်းမက ကျုပ်ဒေါ်လေးကို နာမည်တပ်ပြီး ခေါ်ရဲတာလား ။ ကျုပ်တောင်မှ သည်အရွယ် ရောက်တဲ့အထိ ကျုပ်ဒေါ်လေးကို နာမည်တပ်ခေါ်တာ ငါးကြိမ်မပြည့်ဘူးဗျ ။

ငါ လုပ်လိုက်ရရင်တော့ကွာ...... ဟင်း....... တောက်........

အမှန်အတိုင်း ပြောရရင် ကျုပ်အတော်လေး ဒေါသ ထွက်သွားတယ်ဗျာ ။ ဒါပေမဲ့လည်း ကြာကြာတော့ မထွက်လိုက်ရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှန်းယိရန်ရဲ့ နောက်ဆက်တွဲစကားက ကျုပ်ကို စိတ်လှုပ်ရှား သွားစေလို့ပဲဗျ ။

" အဟမ်း.... အဟမ်း..... သည်က အရာရှိမင်းက ကျုပ်ကို လျူရှန်းမန်မှာ နေခဲ့စေချင်တယ်လို့ ဆိုလိုတာလားဗျ "

ဟီး....ဟီး....

ကျုပ်ရဲ့ တစ်လ လစာ ငွေတုံးခုနစ်ဆယ် အိမ်မက်က အသက်ဝင်လာတော့မယ်နဲ့ တူပါရဲ့ ။

ဟား....ဟား....

ကျုပ်ရဲ့ သိုင်းလောက ရွှေလက်ဆေး ဘဝကတော့ သာယာပြီဗျို့.......

"ဟမ့်.... ငါက မင်းကို ခေါ်ထားတယ်ဆိုတာ နေ့နေ့ညည ခွေးခိုင်း၊နွားခိုင်း ခိုင်းမလို့ ။ ဒါမှ မင်းဒေါ်လေးက မင်းကို စိတ်ပူပြီး အမြန် ပြန်လာမှာ"

ကျုပ်ကတော့ ကျုပ်ရဲ့ အထက်လူကြီးကို တံတွေးနဲ့ လှမ်းထွေးချင်စိတ်ကို ဘယ်လိုမှ မထိန်းနိုင်တော့ဘူးဗျာ ။

တကယ်ပါ ။ သည်မိန်းမက စကားပြောရင် လျှာမှာ အဆိပ်လူးမြှားတွေ ၊ ဓားမြှောင်တွေ တပ်ထားတဲ့အတိုင်းပဲဗျ။

အဲသည်နောက်မှာတော့ ကျုပ်က ပတ်ဝန်းကျင် အခြေအနေကို လျစ်လျူရှုလိုက်ပြီး ဂိုဏ်းတူဒေါ်လေးကို လှမ်းကြည့်လိုက်တယ် ။

" ကူကူး...... ဂရုစိုက်ပါ ။ ကော်အာအနေနဲ့ ကူကူးဘေးမှာ ဆက်ရှိပေး မနေနိုင်တော့ဘူး"

ဂိုဏ်းတူဒေါ်လေးကလည်း ကျုပ်ကို ပြန်ကြည့်နေတယ်ဗျ ။ ကျုပ်ကို ကျောရိုးထဲအထိ အေးစိမ့်သွားစေတဲ့ အကြည့်တွေ ပါနေတာကတော့ ချွင်းချက်ပေါ့ ။

" ဖေးဟန်...... ဂုဏ်ယူပါတယ် ။ အခုလို အထက်အရာရှိ ချောချောလေး လက်အောက်မှာ အမှုထမ်းချင်တာက နင့်ရဲ့အိပ်မက်ပဲလေ "

ဟေး.... ဟေး.....ဟေး......

ဒါက ကျွန်တော်တို့ သဘောတူထားသလို မဟုတ်ဘူးလေ ။ ဒေါ်လေးက ကတိ ဖျက်ချင်နေတာလား ။

ကျုပ်က တစ်ချက် ပြန်ကြည့်လိုက်တယ်။ "ဒေါ်လေး....ဘာတွေ ပြောနေတာလဲ ။ ဒေါ်လေးက အိမ်ပြန်ရမှာလေ " ဆိုတဲ့ အဓိပ်ပါယျပါတဲ့ အကြည့်နဲ့ပေါ့ ။

အဲသည်နောက်မှာတော့ ဂိုဏ်းတူဒေါ်လေးရဲ့ အပြုံးတွေက ပျောက်သွားပြီဗျ ။ ပြီးတော့ သူက အသံမထွက်ဘဲ နှုတ်ခမ်းလှုပ်ပြီး ပြောလာတယ် ။

" နင်အခုမှ ဘာမုန်လာဥ လုပ်နေတာလဲ ။ မျက်လုံးကြီးကြီး ၊ စနေနှစ်ခိုင်ကြီးကြီးနဲ့ အထက်လူကြီး နဲ့ ရိုးသားဖြူစင်တဲ့ ယုန်သူငယ်မလေးလို ညီမလေးကို လိုချင်တာ နင့်ရဲ့ အန္တိမ အိပ်မက်လေ ။ဒါကြောင့် နင် ဂိုဏ်းချုပ်ရာထူးကိုတောင် ငြင်းပယ်ခဲ့တာမလား ။ ကျေးဇူးမသိတတ်တဲ့ကောင်..... ငါနင့်ကို သည်ဘက်နှစ်တွေမှာ ပြုစုစောင့်ရှောက်ခဲ့ရတာ အကုန် အလကားပဲ "

ဒေါ်လေး........ ကျွန်တော်က အပြစ်ကင်းပါတယ်ဗျာ ။

ကျုပ်က နှုတ်ခမ်းလှုပ် နည်းစနစ်နဲ့ ဒေါ်လေးကို အမြန် လျှောက်လဲချက် ပေးလိုက်တယ် ။

" ကျွန်တော် မိုးနတ်မင်းကို တိုင်တည်ပြီး ကျိန်ဆိုပါတယ် ။လျူရှန်းမန်မှာ သည်ညီအစ်မ ရှိနေတယ် ဆိုတာကို ကျွန်တော် လုံးဝ သိမထားပါဘူး ။ ဒါက တကယ် တိုက်ဆိုင်တာပါ "

ဂိုဏ်းတူဒေါ်လေးကလည်း ပြန်ပြောပြန်တယ် ။

" ငါ့ဦးနှောက် တစ်ခြမ်း သေသွားရင်တောင် နင်ပြောတာ ငါမယုံဘူး ။ နင်ကျိန်ရဲလား....သည်မှာ အချောအလှလေးတွေနဲ့ ပျော်ရမယ်ဆိုတာ နင်မသိဘူးဆိုပြီးပေါ့ "

" ကျွန်........ ကျွန်တော်....."

အင်း..... ဒါတော့ ကျုပ် မကျိန်ရဲဘူး ။ အလုပ်ခေါ်စာမှာ ကျုပ်ဖတ်ခဲ့မိတာ တချို့ ရှိတာကိုးဗျ ။

" မင်းတို့နှစ်ယောက် သည်တစ်သက် ပြီးဦးမှာလား"

နောက်ဆုံးမှာတော့ ရှန်းယိရန်က ကျုပ်တို့ကို သည်းခံနိုင်စွမ်း ကုန်သွားပုံပါပဲ ။ သူက ကျုပ်တို့ရဲ့ မျက်စပစ် ၊ နှုတ်ခမ်းလှုပ်တဲ့ စကားဝိုင်းကို ရပ်ခိုင်းလာခဲ့တယ် ။

တစ်ချိန်တည်း သူစကား မဆုံးခင်မှာပဲ မိန်းမချောလေး တစ်ယောက်က ခြံဝင်းထဲကို ရောက်လာသေးတယ်ဗျ ။

" ဘာဖြစ်တာလဲ ။ ဘယ်သူက လျူယွင်ကို ရိုက်ပြီး ပစ်ထားတာလဲ ။ သည်လက်ဆက မနည်းဘူးနော်"

ရောက်လာတဲ့ မိန်းကလေးက တကယ်ကို ညှို့အားပြင်းလွန်းတယ်ဗျ ။ပြီးတော့ သူက ကျုပ်လက်ချက်မိထားတဲ့ လျူယွင်ကို ကယ်ဖို့ နှောင့်နှေးမနေဘူး ။

တစ်ချိန်တည်းမှာပဲ ကျုပ်ရဲ့ မျက်လုံးတွေက သူ့ရဲ့ လှုပ်ရှားမှုတွေကို သတိပြုမိလိုက်တယ် ။

လူကြီးမင်းလျူရဲ့ ရင်ဘတ်က သူထိလိုက်တာနဲ့ သက်ဝင်လှုပ်ရှားလာတယ်ဗျ ။ ပြီးတော့ သူက လက်ဝါးနဲ့ နောက်ကျောကို ဖိလိုက်တယ် ။

အသိအမှတ် ပြုစရာပဲဗျာ ။ သုံးစက္ကန့်အတွင်းမှာပဲ ဝက်တစ်ကောင်လို သေနေတဲ့ လူကြီးမင်းလျူက ဖြည်းဖြည်းချင်း မျက်လုံး ဖွင့်လာတယ်ဗျ ။

လုံးဝ သံသယ ဝင်စရာ မရှိဘူး ။ သည်မိန်းကလေးက ချီအတွင်းအား ဆရာသခင် တစ်ယောက်ပဲ ။

ရှန်းယိရန်ကတော့ သည်မိန်းကလေးကိုမြင်ပြီး ပျော်နေပုံ မရဘူးဗျ ။

" နင်သည်ကို ဘာလာလုပ်တာလဲ ။ ငါတို့ လူရွေးပွဲက ပြီးသွားပြီ ။ နင်တို့ ချီလင် ကိုယ်ရံတော်တပ်တွေ ဝင်နှောင့်ယှက်ချင်တယ်ဆိုရင်တောင် အခါနှောင်းသွားပြီ "

အိုး...... သည်မိန်းကလေးက ချီလင် ကိုယ်ရံတော်တပ်ကလား ။ အံသြစရာတော့ မရှိပါဘူး ။ ချီလင်ကိုယ်ရံတော်တပ်ဆိုတာက လျူရှန်းမန်ကိုတောင် နှာတစ်ဖျား အသာယူထားတဲ့ အဖွဲ့ပဲလေ ။

နေစမ်းပါဦး ။ လျူရှန်းမန်ထဲဝင်မယ့် ကျူပ်ရဲ့ အကြံကို ပြန်ပြင်ရင် ကောင်းမလား ။

ဘယ်သူသိနိုင်မှာလဲ ။ ချီလင်တွေဆီမှာလည်း အချောအလှလေးတွေ ပုံနေမှာပဲလေ ။ ဟုတ်တယ်မလား ။

ရှန်းယိရန်က စကားပြောနေရင်းနဲ့ စိတ်ထဖောက်လာပုံရတယ်ဗျ ။

" ဟဲ့......အပျက်မ..... ငါတို့....အလုပ် လုပ်နေတာ မမြင်ဘူးလား ။ နင့်ကိုငါ ကန်မထုတ်ခင် အခုချက်ချင်း အလိုက်တသိ ထွက်သွားစမ်း "

အခုတော့ ကျုပ်ရဲ့ အတွေးတွေ မှားနေတယ် ဆိုတာကို ကျုပ်သတိ ပြုလိုက်မိပြီဗျ ။ ကျုပ်က လျူရှန်းမန်မှာ မမွေးပေမယ့် ၊ လျူရှန်းမှာမှာ သေမယ် ။ ကျုပ်က လျူရှန်းမန်ရဲ့ သစ္စာရှိ လက်အောက်ခံ တစ်ယောက်ပဲ ။

တကယ်လို့ ကျုပ်သာ အခုချိန်မှာ ချီလင် ကိုယ်ရံတော်တပ်ဘက် ပြောင်းပြီး အလုပ် လျှောက်မယ်ဆိုရင် သည်နေရာကနေ ခေါင်းနဲ့ကိုယ် တစ်ဆက်တည်း ထွက်ရမှာ မဟုတ်ဘူးဆိုတာ အသိသာကြီး မဟုတ်လား ။

မိန်းမပျိုအပျက်မကတော့ ရှန်းယိရန် ဆဲဆိုနေတာကို နားထဲဝင်ပုံတောင် မပြဘူးဗျ ။

သူက လူကြီးမင်းလျူကို ဘေးဘက် အသာချလိုက်ပြီး တခစ်ခစ် ရယ်နေတယ် ။

" လက်ထောက်ခေါင်းဆောင်ရှန်းက ဘာကို ဆိုလိုတာလဲ ။ ကျွန်မက သည်ကို ပြသနာရှာဖို့ လာတာ မဟုတ်ပါဘူးရှင့် ။ မနေ့က အရှင်မင်းကြီးထံ အခစားဝင်တုန်းက...... "

" အေး.... တွေ့တုန်းက နင် ငါတို့အကြောင်း သွားပုတ်လေလွင့်တွေ ပြောခဲ့တယ်မလား ။ ပြီးတော့ငါတို့ လူသစ်ခေါ်တာကို ကန့်ကွက်ဖို့ တောင်းဆိုခဲ့သေးတယ်လေ "

မိန်းမပျိုအပျက်မက ဘာပြောလို့ ပြောရမှန်း မသိတော့ပါဘူး ။ ကြည့်ရတာ ရှန်းယိရန်က အားလုံးကို သိထားပြီးပုံ ရပါတယ် ။ ရှန်းယိရန်က ဆက်ပြောပြန်တယ် ။

" မင်းတို့ ချီလင် ကိုယ်ရံတော်တပ်တွေမှာ တခြား လုပ်စရာ မရှိတော့ဘူးလား ။ အမြဲတမ်း ကလေးကလား အကွက်တွေပဲ လုပ်ဖို့ ကြံနေကြတာ ။ အရှင်မင်းကြီးကကော လက်ခံလား ။ လက်မခံဘူးမလား ။ တကယ်လို့ အရှင်မင်းကြီးသာ လက်ခံခဲ့မယ်ဆိုရင် ငါတို့ဆီမှာ အမိန့်တော် ရောက်နေမှာပေါ့ "

အခုတော့ မိန်းကလေးအပျက်မရဲ့ အလှည့် ရောက်လာပုံ ရတယ်ဗျ ။သူက ဂုဏ်ယူမှု အပြည့်နဲ့ ပြုံးပြီး ပြောလာတယ် ။

" လက်ထောက်ခေါင်းဆောင်ရှန်း ပြောတာ တစ်ခုမကျန် မှန်ပါတယ်ရှင့် ။ဒါပေမဲ့ ကျွန်မက တခြား တောင်းဆိုမှု တစ်ခုကိုတော့ အောင်အောင်မြင်မြင် တောင်းဆိုနိုင်ခဲ့ပါတယ် ။ပြောရမယ် ဆိုရင် ကျွန်မက လျူရှန်းမန်ရဲ့ လူရွေးချယ်ပွဲကို အရမ်း ဂရုစိုက်တယ်လေ ။ သည်တော့ ကြီးကြပ်ရေးမှုး ရာထူးကို ယူခဲ့လိုက်တာပေါ့ "

စကားဆုံးတာနဲ့ တစ်ပြိုင်နက် မိန်းမပျိုအပျက်မက ဆရာကြီးတစ်ပါးရဲ့ အမူအယာ ပြောင်းသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး ကြားအောင် အော်လိုက်တယ် ။

" လူသစ်တွေအားလုံး လာခဲ့စမ်း ။ ငါ.....မင်းတို့ကို တစ်ခေါက်လောက် စမ်းသပ်ကြည့်မယ် "

Lord.Zen

Notes

( မင်းဖေးဟန်က စာပေဘက်မှာ သိပ်မကျွမ်းကျင်ပါဘူး ။ ဒါကြောင့် သူက ချီလင်ကိုယ်ရံတော်တပ်ဖွဲ့က မိန်းကလေး နာမည်ကိုအပျက်မလို့ ထင်နေပုံရပါတယ် ။

)

All Chapters