အခန်း ၁၃
Vol. 2 Ch. 13
ရွှေလက်ဆေးတဲ့ သိုင်းဘုရင်
အပိုင်း ၁၃
မီးခြူး ဆေးမင်ကြောင်
အဲသည်နောက်မှာတော့ မိန်းမပျိုအပျက်မရဲ့ နာမည်အစစ်က စီးတုအိုဆိုတာ ကျုပ်သိလိုက်ရတယ်ဗျ ။ သူက ချီလင် ကိုယ်ရံတော်တပ်မှာ ဒုတိယတန်းစား တိုက်ခိုက်ရေးသမား ဖြစ်ပြီး ရာထူး အတော်လေး မြင့်တယ်ဆိုတာကိုလည်း ကျုပ်သိလိုက်ရတယ် ။
လျူရှန်းမန်နဲ့ ခြိီလငျတှဆေိုတာက ဘယ်တုန်းကမှ အစေးကပ်တာ မဟုတ်ဘူး ။ သည်တော့ စီးတုအိုက ပြသနာရှာဖို့သက်သက် လျူရှန်းမန်ကို ရောက်လာတာ အသိသာကြီးပဲ ။
သည်လိုနဲ့ပဲ ကျုပ်တို့က ပြသနာကြီး တစ်ရပ်ကို အလကား ရလိုက်တာပေါ့ဗျာ ။
" အားယား..... သည်လိုပုံစံမျိုးနဲ့ ဆိုရင်တော့ ငါ့ကို ကျော်ဖို့ မဖြစ်နိုင်ဘူးလေ "
စီးတုအိုက မျက်ခုံးလေး ပင့်ပြီး ရှန်းယိရန်ကို ကြည့်လိုက်တယ် ။ ပြီးတာနဲ့ တစ်ပြိုင်နက် အလုပ်လျှောက်ထားတဲ့ လူတစ်ယောက်ကို ကန်ထုတ်လိုက်တယ် ။ သူက ရှန်းယိရန်ကို လှောင်နေတာ အသိသာကြီးပါပဲ။
စီးတုအိုက အလုပ်လာလျှောက်သူတွေရဲ့ အရည်အချင်းကို သေသေချာချာလေး စိစစ်နေတာ ဖြစ်ပြီး အခုဆိုရင် စင်ပေါ်က ကန်ချထားတာ ဆယ့်ရှစ်ယောက်တောင် ရှိနေပြီဗျ ။
သူက ဆယ့်ရှစ်ယောက်မြောက် အလုပ်လျှောက်ထားသူကို ကန်ချပြီးတဲ့နောက်မှာ ရှန်းယိရန်ကို မမေ့မလျော့ စကားနာ လှမ်းထိုးလိုက်သေးတယ်
။
" လျူရှန်းမန်တွေက သာမန်ထက် တိတ်ဆိတ်နေတာလည်း မထူးဆန်းပါဘူး ။ ရွေးထားတဲ့ လူတွေက တကယ့် အပျော်တမ်းသမားတွေကိုး ။ အင်း..... သိပ်လည်း မထူးဆန်းတော့ပါဘူးလေ "
" မျိုးမစစ်မ "
စီးတုအို စကားဆုံးတဲ့နောက်မှာတော့ ရှန်းယိရန်ရဲ့ သည်းခံနိုင်စွမ်းက အကန့်အသတ်ကို ရောက်သွားပုံ ရတယ်ဗျ ။ သူက အနားမှာရှိတဲ့ ထိုင်ခုံတစ်လုံးကို ကောက်ယူပြီး စီးတုအိုဆီ အားကုန် ပစ်ပေါက်လိုက်တယ် ။ ပြီးတော့ လက်ဝါးရိုက်ချက် တစ်ချက်ကိုလည်း အပိုလက်ဆောင် ထည့်ပေးလိုက်ပါသေးတယ် ။
" နင့်ရဲ့ တစ်ခြမ်းသေနေတဲ့ ဦးနှောက်နဲ့ ငါ့လျူရှန်းမန်ကို ဝေမဖန်နဲ့ "
"ဟေး....နင် ဒါဘာလုပ်တာလဲ "
စီးတုအိုက ရှန်းယိရန် အခုလို လက်ရဲဇက်ရဲ တိုက်ခိုက်ရဲလိမ့်မယ်လို့ လုံးဝ တွေးထင်ထားပုံ မရပါဘူး ။
သူက ခုံကို အလွယ်တကူ ရှောင်နိုင်ပေမယ့် ရှန်းယိရန်ရဲ့ လက်ဝါးရိုက်ချက်ကတော့ သူ့အတွက် ရိုးရှင်း မနေခဲ့ပါဘူး ။
လူတွေအားလုံးကလည်း အကြောင်သား ဖြစ်နေကြတာပေါ့ ။ အဲသည်ထဲမှာ ကျုပ်နဲ့ ဂိုဏ်းတူဒေါ်လေးတို့လည်း ချွင်းချက် ဟုတ်မနေခဲ့ဘူးဗျ ။
လက်ထောက်ခေါင်းဆောင် ရှန်းယိရန်ရဲ့ ရန်လိုမှုကတော့ တကယ်ကို လက်ဖျားခါစရာပဲ ။ သူက လက်ဝါးရိုက်ချက်နဲ့တင် မကျေနပ်ဘဲ လက်သီး သုံးလုံး ဆက်တိုက် ပစ်ကျွေးလိုက်ပါသေးတယ် ။
စီးတုအိုကလည်း မခေဘူး။သူက အဲသည်တိုက်ကွက်တွေကို မရရအောင် ခက်ခက်ခဲခဲ ရှောင်ပြတယ်ဗျ ။
ဒါပေမဲ့လည်း လက်ထောက်ခေါင်းဆောင်ရှန်းက လက်သီးသုံးလုံးနဲ့တင် မကျေနပ်ဘဲ ငါးစိမ်းတန်းက အကွက်နဲ့ စီးတုအိုရဲ့ ဆံပင်ကို ဆောင့်ဆွဲပြီး ရင်ကို ဒူးနဲ့ တိုက်ပစ်လိုက်ပြန်တယ် ။
တကယ်ပဲဗျို့...... ဒါက အဆင့်မြင့်လှပါတယ်ဆိုတဲ့ လျူရှန်းမန်ရဲ့ သိုင်းပညာရှင်လား ၊ ငါးစိမ်းသည်လားဆိုတာ ကျုပ်လုံးဝ ဝေခွဲမရတော့ဘူး ။
ဘန်း.....
လက်ထောက်ခေါင်းဆောင်ရှန်းရဲ့ အဆုံးသတ် တိုက်ကွက်က ပိုရက်စက်သေးတယ်ဗျ ။
သူက အရှိုက်ကို ထိလို့ ငိုက်ကျသွားတဲ့ စီးတုအိုကို လုံးဝ အသက်ရှုခွင့် မပေးဘဲ မျက်နှာနဲ့ ကြမ်းပြင်ကို မိတ်ဆက်ပေးလိုက်တာလေ ။ပြီးတော့ စစ်ပွဲတစ်ထောင်ကို အနိုင်ရလိုက်တဲ့ စစ်သူကြီး လေသံနဲ့ မာန်ထောင်လိုက်သေးတယ်။
" ဟမ့်...... ချီလင်ကိုယ်ရံတော်တပ်က အဆင့်မြင့်အရာရှိကလည်း ဘာမှ မဟုတ်ပါလား ။ ငါ့သိုင်းကွက် သုံးကွက်လောက်ကိုတောင် မခံနိုင်ဘူး ။ ကျွတ်..... ကျွတ်....."
" ဟဲ့......ရူးနေတဲ့ မျိုးမစစ်မ......နင်က ငါ့ကို ရိုက်ရဲတယ်လား ။ ငါက အရှင်မင်းကြီးရဲ့ အမိန့်တော်အရ တရားဝင် ကြီးကြပ်ရေးမှုး ရာထူးနဲ့ လာတာဟဲ့ ။ နင်က အမိန့်တော်ကို လွန်.....လွန်ဆန်... ဟေး.....ဟဲ့ကောင်မ....ရပ်နော်.....ရပ်လိုက်....."
စီးတုအိုကလည်း မျက်နှာကို မျက်နှာချေမှုန့်အစား ဖုန်မှုန့် ပြောင်းလိမ်းထားပြီးပေမယ့် တစ်စက်ကလေးမှ အလျော့မပေးပါဘူး ။
သူက ပါးစပ်နဲ့ အောက်ကနေ ရသလောက် ပြန်တိုက်ခိုက်နေသေးတယ်ဗျ ။ ဒါပေမဲ့လည်း လက်ထောက်ခေါင်းဆောင်ရှန်းရဲ့ ခြေတစ်ဖက် မြှောက်လာတာကို မြင်အပြီးမှာတော့ သူက ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်ပါတယ် ။
" ငါက အမိန့်တော်ကို လွန်ဆန်တယ် ဟုတ်လား ။အရှင်မင်းကြီးက ငါတို့ကို နောက်ဆုံးမှ အခွင့်အရေး တစ်ခု ပေးတာကို နင်က ဖျက်ဆီးဖို့ ကြိုးစားနေတာလေ ။ အပျက်မ.... ငါနင့်ကို လာမရှုပ်နဲ့လို့ သတိပေးထားပြီးသား ။ နင်အခု ငါ့ကို အရှင်မင်းကြီးဆီ တင်ပြချင်လား ။ ဟဲ့ကောင်မ....ငါရှန်းယိရန်က နန်းတော်ထဲကို ခုနစ်နှစ် သမီးတည်းက ဝင်ခဲ့တာ ။မင်းသားချင်က ငါ့ကို အရိုအသေ ပေးရပြီး မင်းသမီးတွေက ငါ့ငယ်ပေါင်းကြီးဖော်တွေ ။ နင်သတ္တိရှိရင် ငါ့ ဒေါသကို ထပ်စမ်းကြည့်စမ်း "
အိုး...... ပရိသတ်ကြီးတို့ရေ...... ကျုပ်တော့ သကြားမေမေနဲ့ တွေ့ပြီ ထင်တယ်။
တကယ်ပြောတာဗျ ။ ကျုပ်ရဲ့ အထက်လူကြီး နောက်ခံက သည်လောက် ကောင်းနေမယ်လို့ ကျုပ်လုံးဝ မတွေးထားမိခဲ့ဘူး ။
ဒါပေမဲ့လည်း တစ်ချက် ပြန်စဥ်းစားကြည့်ရအောင် ။
လက်ထောက်ခေါင်းဆောင်ရှန်းက မင်းသားချင်တောင် သူ့ကို အရိုအသေပေးရတယ်လို့ ယုံကြာ်မှု အပြည့်နဲ့ ပြောရဲနေတာလေ ။ ဒါကြီးက.....တကယ်....... မင်းသားချင်ကို.... အရိုအသေ ကင်းမဲ့နေတာ မဟုတ်ဘူးလား ။
ထားပါတော့လေ ။ ကျုပ်လို ဇနပုဒ်သားက နန်းတွင်းရေးရာကို မှတ်ချက် မပေးဝံ့ပါဘူး ။သည်တော့ မူလဇာတ်ကြောင်းကိုပဲ ပြန်သွားကြတာပေါ့ ။
အမှန်အတိုင်းပြောရမယ်ဆိုရင် စီးတုအိုက ခေလှတဲ့အထဲမှာ မပါဘူးဗျ ။ သူက ရှန်းယိရန်ရဲ့ အလစ်တိုက်ခိုက်မှုကြောင့်သာ မြေကြီးကို ပြေးနမ်းလိုက်ရတာ ။သူက ရှန်းယိရန်ရဲ့ တိုက်ခိုက်မှုကနေ ခဏ အသက်ရှုခွင့် ရလိုက်တာနဲ့ နောက်ပတ်ကျွမ်း တစ်ပတ်ကို လှလှပပလေး ထိုးပြီး ရှန်းယိရန်ကို လေးချက်ဆင့် ကန်ပစ်လိုက်တယ် ။
အဲသည်နောက်မှာတော့ သူတို့နှစ်ယောက်က ဆံပင်ကိုဆွဲ ၊ မျက်လုံးကိုနှိုက် ၊ လည်မျိုကိုကိုက်ဆိုတဲ့ ရပ်ကွက် တေလေကြမ်းပိုးသိုင်းနဲ့ လုံးထွေး သတ်ပုတ်နေကြတော့တာပဲ ။
ကျုပ်မျက်လုံးနဲ့ မျက်ဝါးထင်ထင် မြင်နေရလို့သာ ခင်ဗျားတို့ကို ပြောပြနိုင်တာဗျာ ။
တကယ်တမ်းဆိုရင် လျူရှန်းမန် နဲ့ ချီလင်က အဆင့်မြင့် အရာရှိ မိန်းမပျိုနှစ်ယောက်ရဲ့ တိုက်ပွဲက ရပ်ကွက်သာသာပဲ ရှိနေမယ် ဆိုတာကို ကျုပ်တစ်သက်လုံး တွေးထင်မထားဖူးဘူး ။
ဒါပေမဲ့လည်း သူတို့နှစ်ယောက်ကတော့ သူတို့ရဲ့ ပုံရိပ်တွေ၊ ရာထူးအဆင့်အတန်းတွေကို လုံးဝ ဂရုမစိုက်ဘဲ အတည်ကြီး လုံးနေကြတာဗျာ ။
ကျုပ်ရဲ့ ဒေါ်လေးကလည်း ဘေးနားကနေ ကျွတ်တသပ်သပ်နဲ့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အားပေးနေတယ်ဗျ ။ ကြည့်ရတာ သူက အဲသည် ရပ်ကွက်ရန်ပွဲထဲ ဝင်ပါဖို့ စိတ်မထိန်းနိုင်တော့တဲ့ပုံပဲ ။
" ဒေါ်လေး..... သည်ကိစ္စက ဒေါ်လေးနဲ့ ဘာမှ မဆိုင်ဘူးနော် ။ သွားပြီး မရှုပ်လိုက်နဲ့ ။ ပြီးတော့ ဒေါ်လေးက ရှန်းယိရန်ကို ကြည့်မရ ဖြစ်နေတာ မဟုတ်ဘူးလား"
" ကြည့်မရ ဖြစ်တယ်......ငါဘယ်တုန်းက ကြည့်မရ ဖြစ်လို့လဲ ။ ဖေးဟန်.... နင်ကြီးပျင်းသင့်နေပြီ ။ ကြည့်စမ်း.... သည်မိန်းကလေးရဲ့ တိုက်ကွက်တွေကို ကြည့်လိုက် ။ ဘယ်လောက်အထိ ပြောင်မြောက်လိုက်လဲ ။ မဖြစ်သေးပါဘူး.....တစ်နေ့ အခွင့်အရေးရရင် သူနဲ့ သွေးသောက်ညီအစ်မ ဖှဲ့ဥိီးမှ "
ဒေါ်လေး...... တော်လိုက်ပါတော့ဗျာ ။ ဒေါ်လေးတစ်ယောက်တည်းနဲ့တောင် သိုင်းလောက တစ်ဝက်လောက်က ပျက်မလို ဖြစ်နေတာ ။ သည်ရှန်းယိရန်နဲ့သာ သွေးသောက်ညီအစ်မ ဖွဲ့လိုက်မယ်ဆိုရင် နန်းတွင်းကော သိုင်းလောကပါ ကပ်ဆိုက်မှာ အသေအချာပဲ ။
" လက်ထောက်ခေါင်းဆောင်ရှန်း "
အဲသည်အချိန်မှာပဲ ခံစားချက် ကင်းမဲ့နေတဲ့ အေးစက်စက် အသံ တစ်ခု တိုက်ပွဲထဲကို ဝင်လာတယ်ဗျ ။
အသံပိုင်ရှင်ကတော့ လူအုပ်ထဲက ထွက်လာနဲ့ အရပ်ရှည်ရှည် လူငယ်တစ်ယောက်ပဲ ။
ကျုပ်ကတော့ သည်လို မိန်းမနှစ်ယောက် လုံးထွေးသတ်ပုတ်နေတဲ့ အချိန်မှာ ရှေ့ထွက်လာရဲတဲ့ ဘယ်ယောကျ်ားကိုမဆို ဆလံပေးတယ်ဗျ ။ သည်သကောင့်သားက တကယ့် သူရဲကောင်းပဲ ။
ကျုပ်က ခြေတံ၊လက်တံ ရှည်ရှည် ဗလကောင်းကောင်းနဲ့ လူငယ်ကို သေချာ အကဲခတ်လိုက်တယ် ။
မဆိုးဘူး ။ သည်ကောင်က သိုင်းလေ့ကျင့်ဖို့ မွေးဖွားလာတဲ့ကောင်ပဲ ။ သူ့ရဲ့ မျက်နှာက ထင်းနေပြီး ခန္ဓာကိုယ် အချိုးအစားကလည်း ပြီးပြည့်စုံတယ် ။
ခြုံငုံပြီး ပြောရရင် လူချောလေး တစ်ယောက်ပေါ့ဗျာ ။ ဒါပေမဲ့ စုရှောင်လို နွဲ့နွဲ့နှောင်းနှောင်းနဲ့ မိန်းမသားဆန်ဆန် ချောတာမျိုး မဟုတ်ဘဲ ယောကျာ်းပီပီသသနဲ့ ခန့်ခန့်ညားညား ချောနေတာမျိုး ။
သူက အပိုစကား တစ်ခွန်းမှ မဆိုဘဲ စီးတုအို နဲ့ ရှန်းယိရန်တို့ဆီကို လျှောက်သွားတယ်ဗျ ။ ကြည့်ရတာ စကားနည်းပြီး အလုပ်နဲ့ပဲ သက်သေကြမယ့် လူမျိုး ထင်ပါရဲ့ ။
နေပါဦး ။ ကျုပ်သည်ကောင်ကို ကောင်းကောင်းကြီး သိပါတယ် ။ အဲဒါက သိုင်းစွမ်းထက်တဲ့ ထနျယိီဆိုတဲ့ကောငျ မဟုတ်ဘူးလား ။
ရှန်းယိရန်က အတော်လေး ဒေါသထွက်နေပုံ ရတယ်ဗျ ။
" မင်းငါ့ကို ဘာလို့ ခေါ်တာလဲ"
" ဟင့်..... နင်သည်လောက် အောက်တန်းကျကျ တိုက်ခိုက်နေတာကို ဘယ်သူက ရပ်ကြည့်နေနိုင်မှာလဲ ။ ဒါကြောင့် နင့်ကိုတားတာ ဖြစ်မှာပေါ့ "
စီးတုအိုရဲ့ လျှာစောင်းကလည်း ထက်နေဆဲပဲ။
" ခွေးမ.....ငါသည်လောက် ဆုံးမထားတာ မမှတ်သေးဘူးလား "
" လာစမ်းပါ ။ အလစ်တိုက်ပြီး အသာရတာကို ဂုဏ်ယူနေတယ် "
အဲသည်နောက်မှာတော့ ရပ်ကွက်ရန်ပွဲက ပြန်စပြန်ပါတယ် ။
" လက်ထောက်ခေါင်းဆောင်...... အခုက ကျွန်တော် စစ်ဆေးခံရမယ့် အလှည့်ပါ ။ မိန်းကလေးစီးတု.....ကျေးဇူးပြုပြီး ကျွန်တော့်ကို စစ်ဆေးဖို့ အသင့်ပြင်ပေးပါ "
ထန်ယီက နှစ်ယောက်လုံးကို လေသံ အနိမ့်အမြင့် အတက်အကျ မရှိဘဲ ပြောလိုက်တယ် ။ သူ့ရဲ့ ရည်ရွယ်ချက်က အရှင်းကြီးပဲ။
ရှန်းယိရန်က မျက်နှာပေါ် ဖရိုဖရဲ ကျနေတဲ့ ဆံပင်တွေကို သပ်တင်ပြီး ပြောလိုက်တယ် ။
" ငါက မင်းတို့အတွက် သည်အပျက်မကို ဆုံးမပေးနေတာ ။ ဒါကို မင်းက အလိုက်မသိဘဲ အရမ်း အစစ်ဆေး ခံချင်နေတယ်ပေါ့ "
နောက်ဆုံးမှာတော့ ရှန်းယိရန်ရဲ့ ညီမလေးက ဝင်ပါဖို့ အခွင့်အရေး ရသွားပြီဗျ ။ သူက ရှန်းယိရန်ကို အဝေးကို အသာလေး ဆွဲခေါ်သွားတော့တယ် ။
" မမ..... မမက နောက်တစ်ကြိမ် အားသုံးတာ များသွားပြန်ပြီ ။ ညီမတို့က စစ်ဆေးမှု ကျရှုံးသွားတဲ့သူတွေကို နောက်တစ်ကြိမ် အခွင့်အရေး ပေးလို့ ရသေးတယ်လေ ။ မိန်းကလေးစီးတုက အရှင်မင်းတရားကြီးရဲ့ အမိန့်တော်အတိုင်း ဆောင်ရွက်နေတာ ဆိုတော့ သူ့ကို ကန့်ကွက်နေလို့လည်း မသင့်တော်ဘူး မဟုတ်လား မမရဲ့ ။ သည်တော့ သူ့ကို ရိုက်တာကို ခဏ ရပ်ထားလိုက်ရအောင် "
ကြည့်ရတာ ညီမဖြစ်သူရဲ့ နူးညံ့တဲ့ လေသံချိုချိုက အစ်မဖြစ်သူ ငါးစိမ်းသည်ကို စိတ်တည်ငြိမ်သွားစေပုံပဲဗျ ။
ပြောရမယ်ဆိုရင် ရှန်းယိရန်က အတိုင်တော ခံရမှာကို ဂရုမစိုက်ပေမယ့် ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်အတိုင်း ဆောင်ရွက်သူဆိုတဲ့ အရာကိုတော့ ဂရုစိုက်ပါတယ် ။ မတော်လို့ ပုန်ကန်သူဆိုပြီး ကောလာဟလတွေ ထွက်ခဲ့မယ်ဆိုရင် လျူရှန်းမန် အနေနဲ့ ပိုပြီး နိမ့်ကျသွားမှာ မဟုတ်ပါလား ။
" အင်း..... ညီမလေး ပြောတာ မှန်တယ် ။ ဟေး.... မင်းနာမည် ဘယ်လိုခေါ်လဲ "
" ကျွန်တော့်နာမည်က ထန်ယီပါ"
"ဟုတ်ပြီလေ ။ မင်းက စေတနာ့ဝန်ထမ်း လုပ်ချင်တယ် ဆိုတော့လည်း မင်းဘယ်လောက်စွမ်းတယ်ဆိုတာ ငါ့ကိုပြပေါ့ ။ တကယ်လို့ မင်းအနေနဲ့ သည်ကဝေမကို အကွက်သုံးဆယ် ယှဥ်တိုက်နိုင်ရင် ငါမင်းကို နောက်ဆုံးအဆင့် အအောင်ပေးလိုက်မယ် "
ထနျယိီက ဘာခံစားချက်ကိုမှ မပြဘူးဗျ ။ သူက အသာအယာပဲ ခေါင်းညိတ်လိုက်တယ် ။
"ဟုတ်ကဲ့"
အဲသည်နောက်မှာတော့ ထန်ယီက အင်္ကျီလက်စကို ပင့်လိုက်ပြီး ကြွက်သားအပြည့်နဲ့ လက်မောင်းကို ထုတ်ပြလိုက်တယ် ။
တစ်ချိန်တည်းမှာပဲ ကျုပ်ရဲ့ ထန်ယီအပေါ် အမြင်ကလည်း ပိုကောင်းသွားတယ်ဗျ ။
ကျုပ်သူ့အပေါ် မျှော်လင့်ခဲ့မိတာ မမှားဘူး ။ ထန်ယီက ပါရမီပါပြီး အဲသည်ပါရမီကို ထုတ်ပြဖို့ အခွင့်အရေး တချို့ လိုနေတာ ။
ထန်ယီရဲ့ ညာဘက် လက်မောင်းပေါ်မှာ မီးခြူးတစ်ကောင်ရဲ့ပုံကို ဆေးမင်ကြောင် ထိုးထားတာဗျ ။ သူက အဲသည် ဆေးမင်ကြောင်ကို ရည်ရွယ်ချက်ရှိရှိ ဖွက်ထားပုံရတယ် ။
" လခွီး.... မိုက်လိုက်တဲ့ ဆေးမင်ကြောင်ကွာ"
ကျုပ်က ကြွက်သားအပြည့် ရှိနေတဲ့ လက်မောင်းပေါ်မှာ ရှိနေတဲ့ မီးခြူးကို ကြည့်ပြီး လန့်အော်လိုက်မိတယ် ။
သည်လူက အပေါ်ယံမှာ ရိုးသားဖြောင့်မတ်ပြီး စည်းကမ်း လေးစား လိုက်နာတဲ့ နိုင်ငံသားကောင်း ရတနာလေးပုံ ဖမ်းထားပေမယ့် တကယ့်နောက်ကွယ်မှာတော့ ဆက်ကြေးကောက်နေကျ စျေးလူမိုက်တွေလို ဆေးမင်ကြောင်ကို အားပါးတရ ထိုးထားတာပါလား ။
ထန်ယီကတော့ သူ့ရဲ့ ဆေးမင်ကြောင် ပေါ်သွားတာကို ဂရုစိုက်တဲ့ပုံ မပြဘဲ စီးတုမိန်းကလေးကို စိမ်ခေါ်လိုက်တယ် ။
" မိန်းကလေး....အသင့်ဖြစ်ရင် စကြတာပေါ့
Lord Zen