← Chapters

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄

Vol. 2 Ch. 14

ရွှေလက်ဆေးတဲ့ သိုင်းဘုရင်

စာစဉ်၂ အပိုင်း ၁၄

နှုတ်ဆက်ပါတယ် ဒေါ်လေး

ဘန်း... ဘန်း....

ဟူး...ဟူး...ဟူး...

စီးတုအိုက ထန်ယီကို စပြီး တိုက်လိုက်တယ် ။ကျုပ်ကတော့ သည်ပွဲမှာ စီးတုအို လွယ်လွယ်နဲ့ အနိုင်ရမယ်လို့ မထင်ဘူး ။

ကျုပ်သည်လို ပြောတယ်ဆိုတာ ရှန်းယိရန်က သူ့ကို ငတေရိုက်ပြီး အနိုင်ယူထားလို့ ပြောတာ မဟုတ္ဘူးဗ် ။ ထန်ယီရဲ့ သိုင်းပညာက အတော်လေး ကောင်းတယ်ဆိုတာကို ကျုပ်သိထားလို့ ပြောနေတာ ။

သိုင်းလောကမှာ ပြောနေကျ စကားတစ်ခွန်းရှိတယ် ။ လူတစ်ယောက်ရဲ့ သိုင်းပညာခရီးလမ်းမှာ အဓိအကျဆုံးက သိုင်းပညာ ထိုးထွင်းသိမြင်နိုင်စွမ်းပဲတဲ့ ။

ကျုပ်ကတော့ အဲသည် အဆိုကို ငြင်းတယ် ။ ကျုပ်ရဲ့ သုံးစားမရတဲ့ ဆရာအဘိုးကြီးကလည်း

အဲဒါကို လက်မခံဘူး ။

သိုင်းသမား တစ်ယောက်မှာ အရေးအကြီးဆုံးက သူတို့ရဲ့ ပါရမီနဲ့ မွေးဖွားချိန် အဆင့်အတန်းပဲ ။

လမ်းဘေးက သာမန်လူ တစ်ယောက်က သိုင်းဂိုဏ်းကြီး တစ်ခုရဲ့ ဂိုဏ်းချုပ်သား တစ်ယောက်ကို ယှဉ်လို့ရမယ်လို့ ခင်ဗျားတို့ တကယ်ကြီး ထင်နေတာလား ။

အဲဒါဆိုရင်တော့ ဂုဏ်ယူပါတယ် မိတ်ဆွေ ။

ခင်ဗျား ရှန်းရှ ဝတ္ထုတွေရဲ့ ဦးနှောက်ဆေးတာကို ခံလိုက်ရပြီ ။ ပြီးတော့ အကြံပေးချင်တာက ရှောင်ယန်တို့ဘာတို့ ကြည့်တာလေးလျော့ ။ ခေါက်ရိုးကျိုး ဝတ္ထုစာအုပ်တွေ ဖတ်တာလျော့ ။ တကယ့်လက်တွေ့ဘဝကိုသာ ရင်ဆိုင်လိုက်ပါ ။

ကျုပ်ရဲ့ ဘဝသက်တမ်း တစ်လျှောက် ကြုံလာခဲ့ရတဲ့ အတွေ့အကြုံတွေကို ထပ်ပေါင်းပြီး ပြောလိုက်ဦးမယ် ။ သိုင်းသမားတစ်ယောက်မှာ အဓိက အကျဆုံးက ကံကောင်းမှုပဲဗျ ။

တခြားလူတွေရဲ့ ကိစ္စကို အသာထားပါဦး ။ ကျုပ်ရဲ့ အကျင့်ပျက် ခြစားနေတဲ့ ဆရာအကြောင်းပဲ ပြောမယ် ။

ကျုပ်ဆရာမှာ ပါရမီတွေ ထိုးထွင်းသိမြင်မှုတွေ တအားပါနေလို့ ကျုပ်တို့ဂိုဏ်းတည်ထောင်သူ သူရဲကောင်း ရှန်းကျူးက တပည့်အဖြစ် လက်ခံလိုက်တယ်လို့ ခင်ဗျားတို့ ထင်နေလား ။

ထပ်သရီး....... လားလားမှ မဆိုင်ဘူးဗျာ ။ ကျုပ်ဆရာငယ်တုန်းက ဂိုဏ်းတည်ထောင်သူ သူရဲကောင်းရှန်းကျူးကို ပေါက်ပေါက်ဆုပ် တစ်ဝက် ခွဲပေးဖူးတယ် ။ အဲဒါကို ဟိုက သည်ကလေးရဲ့ စိတ်ဓာတ် ဖြူစင်တယ် ၊ သန့်ရှင်းတယ်ဆိုပြီး လက်ရင်းတပည့်အဖြစ် ခေါ်သွားတာ ။

ကျုပ်ပြောလက်စနဲ့ အတွင်းသတင်း တစ်ခုပါ ထပ်ပြောပြလိုက်မယ် ။

တကယ်တော့ ကျုပ်ဆရာက ပေါက်ပေါက်ဆုပ် တစ်ဝက်ကို ခွဲပေးချင်လို့ ခွဲပေးတာ မဟုတ်ဘူး ။ အမှန်တော့ သူက အဲသည်အချိန်မှာ ပြောင်းဖူးပေါက်ပေါက်ဆုပ် တစ်အိတ်ကို ခိုးနေတာဗျ ။ အဲသည်မှာ သူရဲကောင်းရှန်းကျူးက ဖြတ်သွားတော့ သူ ခိုးတာ မိသွားပြီထင်ပြီး လာဘ်ထိုးတဲ့ အနေနဲ့ နှုတ်ပိတ်ခအဖြစ် သူရဲကောင်းရှန်းကျူးကို တစ်ဝက် ခွဲပေးလိုက်တာ ။

ကဲ...... သည်လောက်ဆို သိုင်းသမား တစ်ယောက်မှာ အရေးအကြီးဆုံးက ကံကောင်းမှုဆိုတာ ခင်ဗျားတို့ လက်ခံပြီ မဟုတ်လား ။

ခင်ဗျားတို့ လက်ခံပြီဆိုရင် တိုက်ပွဲကို ပြန်သွားလိုက်ကြရအောင် ။

စီးတုအိုက ကံကောင်းမှုနဲ့ မွေးဖွားလာတဲ့ လူတွေထဲက တစ်ယောက်ပဲဗျ ။ သူက ချီလင်ကိုယ်ရံတော်တပ်ရဲ့ လျှို့ဝှက်သိုင်းဖြစ်တဲ့ ချီလင် သဏ္ဍာန်ကိုးပါးသိုင်းကို ကောင်းကောင်းကြီး အသုံးပြုနိုင်တယ် ။

ကျုပ်နဲ့ ဂိုဏ်းတူဒေါ်လေးတို့က သည်သိုင်းပညာကို အခုမှ ပထမဆုံး မြင်ဖူးတာ ဖြစ်ပေမယ့် အဲသည်သိုင်းပညာက အတော်လေး ကျော်ကြားတဲ့ သိုင်းဖြစ်တာကြောင့် တန်းပြီး မှတ်မိလိုက်တယ်ဗျ ။

ဟုတ်ပြီလေ ။ အမှန်အတိုင်းပဲ ပြောကြတာပေါ့ ။ တကယ်တော့ မှတ်မိတာ ကျုပ်မဟုတ်ဘူး ။ ကျုပ်ဒေါ်လေးဗျ ။ ကျုပ်က သူပြောပြလို့သာသိတာ ။ ရှင်းရှင်းပြောရမယ်ဆိုရင် ကျုပ်က ဘယ်သူဘာသိုင်း သုံးတယ် ဆိုတာ မပြောနဲဲ့ ။ သိုင်းကွက်တွေရဲ့ နာမည်ကိုတောင် သိတာ မဟုတ်ဘူးရယ် ။

တစ်ဖက်က ထန်ယီကတော့.......

အင်း..... သည်ကောင်က တကယ့်ကောင်ပဲဗျ ။ သူ့ရဲ့ ကံက စီးတုအိုထက်တောင် ကောင်းနေသေးတယ် ။

သူ့ရဲ့ လက်ဝါးသိုင်းက တကယ် ချီးကျူးချင်စရာပဲ ။ သူက စီးတုအိုရဲ့ တိုက်ခိုက်မှုတွေ ကောင်းကောင်း ကာကွယ်နိုင်တယ် ။ ပြီးတော့ တစ်ချက်တစ်ချက်ဆိုရင် တန်ပြန်လက်ဝါးရိုက်ချက်တွေတောင် ထုတ်နိုင်သေးတယ်ဗျ ။

ဂိုဏ်းတူဒေါ်လေးကတော့ ဘေးကနေပြီး ကျုပ်ကို သူသုံးသွားတဲ့ သိုင်းပညာတွေကို ပြောပြနေလေရဲ့ ။

" ရှန်းစီးပြည်နယ်က နဂါးလက်ဝါးရှစ်ချက် ၊ ခွန်းလွန် နတ်လက်ဝါး ၊ ထျန်းရှန်း တိမ်ကျားလက်သီးကိုးကွက် ၊ ဟူပေနယ်စားစံအိမ်ရဲ့ ပါ့ကွားချန် "

" တကယ်မယုံနိုင်စရာပဲ ၊အဲဒါက ရှောင်လင်ရဲ့ နဂါးနိုင်လက်ညှိုး မဟုတ္လား ၊အိုး... မင်ကျိ နန်းတော်က ပန်းခူးလက်ညှိုးတောင် ပါသေးတယ် "

ခင်ဗျားတို့တော့ မသိဘူး ။ ကျုပ်ကတော့ ဂိုဏ်းတူဒေါ်လေး ပြောနေတာတွေကို နားထောင်ပြီး ရူးချင်သလိုတောင် ဖြစ်လာတယ် ။

" ဘာလျှို့ဝှက် နာနတ်သီး နို့လက်ဖက်ရည်သိုင်းလဲ ။ ကျွန်တော်လည်း တစ်ခါမှ တစ်ခါမှလည်း မကြားဖူးပါလား ဒေါ်လေး "

(*** အသံထွက် တူနေပုံရပါတယ် ။)

ဂိုဏ်းတူဒေါ်လေးကလည်း ကျုပ်အတွေးကို သိပုံရတယ္ဗ် ။

သူက နဝေတိမ်တောင် ဖြစ်နေတဲ့ ကျုပ်ကို ကြည့်ပြီး တခစ်ခစ် ရယ်လာတယ် ။

" နင်သိတဲ့ သိုင်းဆိုတာက ဘယ်သူမှ မကြားဖူးတဲ့ ပေါက်တတ်ကရ သိုင်းတွေ ။ ငါအခုပြောနေတာက နာမည်ကျော် သိုင်းတွေဟဲ့ "

ဟေး........ဂိုဏ်းတူဒေါ်လေး......ခင်ဗျားက ကျုပ်ဆရာကို စော်ကားနေတာလား ။

ဒါပေမဲ့လည်း ရုတ်တရက် ကျုပ်ရဲ့ဆရာက သူ့ရဲ့ ဂိုဏ်းတူတူဆိုတာကို ကျုပ်သတိရမိလိုက်တယ်ဗျ ။

ထားလိုက်ပါတော့လေ ။ သူပြောချင်တာ ပြောပါစေတော့ ။

ရှန်းရိယန်က ကျုပ်ရဲ့ ဒေါ်လေးကို တအံတသြနဲ့ ကြည့်နေတယ်ဗျ ။

" အိုး.... ငါတောင် သူသုံးသွားတဲ့ သိုင်းပညာတွေကို အကုန် မသိဘူး ။ အဲဒါက မင်ကျိနန်းတော်က ပန်းခူးလက်ညှိုးလား "

ဂိုဏ်းတူဒေါ်လေးက ပြုံးပြီး ပြန်ပြောလိုက်တယ် ။

" အဲသည် ထန်ယီဆိုတဲ့လူရဲ့ လက်တွေကဘတအားမြန်တယ် ပြီးတော့ သူသုံးတဲ့ သိုင်းတွေကလည်း အတော် ရှုပ်တယ် ။ ဒါပေမဲ့လည်း သိုင်းကွက် တစ်ကွက်ချင်းစီက မူလ အခြေခံကနေ သွေဖည် မသွားဘူး ။ အဲဒါကို ကြည့်ရုံနဲ့တင် သည်လူက သိုင်းပညာ တစ်ခုချင်းစီကို အခြေခံကနေ စနစ်တကျ သင်ယူထားပြီး နားလည်ထားပြီးပြီဆိုတာ သိနိုင်တယ် "

ဂိုဏ်းတူဒေါ်လေးရဲ့ စကားဆုံးတော့ ရှန်းယိရန်ရဲ့ မျက်နှာက မှိုရတဲ့ မျက်နှာလို ပြုံးဖြီးသွားတယ်ဗျ ။

"သူက သည်လောက် သိုင်းပညာအများကြီးကို သိနေတယ် ဆိုတော့ ငါသူ့ကို လက်ခံမှ ရတော့မယ် ။ ဟားဟား... ငါသူ့ကို လိုချင်တယ်ဟေ့"

ဒါက အဆင်ပြေပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ထန်ယီမှာက ကြွက်သားအပြည့်နဲ့ လက်မောင်းသား ၊ အသက်ဝင်နေတဲ့ မီးခြူး မင်ကြောင် အပြင် အတော်လေး ကောင်းတဲ့ သိုင်းပညာ ရှိနေတာ မဟုတ်လား ။

ကျုပ်ရဲရဲကြီး လောင်းရဲတယ် ။

သူ့ဆီမှာ အကျင့်ပျက် ခြစားနေတဲ့ ဆရာတစ်ယောက် ရှိပြီး သူက သိုင်းပညာကို ရှစ်နှစ်သားကတည်းက လေ့ကျင့်ခဲ့တာ ဖြစ်ရမယ် ။ ပြီးတော့ သူပထမဆုံး ကျင့်ခဲ့တဲ့ သိုင်းကျမ်းက ရိကျင်းကျန်း ဆိုတာ ကျုပ်ထပ်ပေါင်းပြီး လောင်းရဲတယ်ဗျာ ။

ဟီး....ဟီး....

စီးတုအိုရဲ့ သဏ္ဍာန်ကိုးပါးသိုင်းက ထန်ယီနဲ့ အတွေ့မှာတော့ ဘာမှအသုံးမဝင်တော့ဘူးဗျ ။ သိုင်းကွက်သုံးဆယ် ဆိုတာကို မေ့လိုက် ။ တကယ်လို့ သိုင်းကွက်ငါးဆယ်အထိ တိုက်ကြရင်တောင် စီးတုအိုအနေနဲ့ ထန်ယီကို အသာစီးယူနိုင်မှာ မဟုတ်ဘူး ။ မသာကာ အမှားအယွင်း တစ်ခုခုဖြစ်ရင် ရှုံးတောင် ရှုံးသွားနိုင်သေးတယ် ။

ပြီးတော့ ထန်ယီက စီးတုအိုရဲ့ အလှအပကြောင့် စိတ်စနိုးစနောင့် ဖြစ်တဲ့ပုံလည်း မရဘူးဗျ ။ ကြည့်ရတာ သူက အလှအပတွေကိုလည်း တောင့်ခံနိုင်ပုံရတယ် ။

ကျုပ်ကတော့ အဘိုးကြီးမို့ ထားပါတော့ ။ ထန်ယီလို ၂၂နှစ်ပဲ ရှိသေးတဲ့ လူငယ်တစ်ယောက်က အခုလို ပျားရည်ထောင်ချောက်တွေကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်ကျော်နိုင်တယ် ဆိုတာက တကယ် ချီးကျူးချင်စရာပဲ ။

စီးတုမိန်းကလေးရဲ့ အဝတ်အစားတွေက ရှန်းယိရန်နဲ့ လုံးနေကတည်းက အတော်လေး လျော့တိလျော့ရဲ ဖြစ်နေပြီးသား ။ ပြီးတော့ အခုသူက ထန်ယီနဲ့ ဆက်တိုက် တိုက်နေရတော့ ဆံပင်တွေကလည်း ကပိုကရိုဖြစ်နေပြီး သိသိသာသာကို ဆွဲဆောင်မှု ရှိနေတယ် ။

ခင်ဗျားတို့ပဲ စဥ်းစားကြည့်ဗျာ ။

တစ်ချက်တစ်ချက် သူလှုပ်ရှားလိုက်ပြီဆိုရင် ဖြူဝင်းမွတ်နေတဲ့ ပခုံးသားလေးတွေ နဲ့ ညှပ်ရိုးအလှလေးတွေက ထင်းခနဲ ဖြစ်သွားပြီး မြင်ရသူအပေါင်းကို နှာခေါင်းသွေးတွေ လျှံထွက် သွားစေနိုင်သေးတာဗျ ။ ဒါက တကယ်ကို မျက်စိ အစာကျွေးစရာ တိုက်ပွဲကြီးပဲ ။

ထန်ယီဆိုတဲ့ကောင် သည်လိုအချောအလှလေးကို ဘယ်လို တောင့်ခံနေနိုင်လဲ ဆိုတာကို ကျုပ်တော့ ဘယ်လိုမှ မတွေးနိုင်တော့ဘူးဗျို့ ။

ကျုပ်ပြောနေရင်းမှာပဲ စီးတုအိုက သူ့အခြေအနေကို သူ သုံးသပ်လိုက်မိပုံ ရတယ်ဗျ ။ ဒါကြောင့် သူက တိုက်ပွဲကို ရပ်လိုက်ပြီး သရေရလဒ်အဖြစ် သတ်မှတ်လိုက်တယ် ။

" လက်ထောက်ခေါင်းဆောင်ရှန်း...... ရှင်တို့ လျူရှန်းမန် လက်ခံထားတဲ့ လူသစ်တွေထဲမှာ သည်လူ တစ်ယောက်ပဲ အဆင့်မီတယ်လို့ ကျွန်မ ထင်တယ် "

ဟေး... အစ်မကြီးအပျက်မ....အဲသည်စကားတွေက အရှုံးသမားတွေ သုံးနေကျ စကား မဟုတ်ဘူးလားဗျ ။

တခြားတစ်ဖက်မှာတော့ ရှန်းယိရန်က စီးတုအိုကို တစ်စက်ကလေးမှ အဖက် မလုပ်ပါဘူး ။ သူက သူ့ရဲ့ အဖိုးတန် လူသစ်လေးကိုပဲ ဝမ်းသာအားရနဲ့ နှုတ်ဆက် အားပေးနေပါတယ် ။ သူ့ကို ကြည့်ရတာက အစောပိုင်းက ရန်လိုနေတဲ့ ငါးစိမ်းသည်လို မဟုတ်ဘဲ ရွာသားတွေ ရွာကထွက်ပြီး မြို့တက်မှာကို တားချင်နေတဲ့ စိတ်သဘောထား ခပ်ကောင်းကောင်း ရွာသူကြီးအို တစ်ယောက်လိုပါပဲ ။

ရှန်းယိရန်ရဲ့ အဖက်မလုပ်မှုကို ခံလိုက်ရတဲ့ စီးတုအိုက မကျေမနပ်နဲ့ ခြေဆောင့်လိုက်ပြီး ထန်ယီဘက်ကို လှည့်ပြန်ပါတယ် ။

" ငါတို့ ချီလင် ကိုယ်ရံတော်တပ်က ဘယ်တော့မှ လွယ်လွယ်နဲ့ လက်မလျော့ဘူး ။ ပြီးတော့ ငါလည်း တိုက်ရတာ မဝသေးဘူး ။ နင့်နာမည်က ထန်ယီ မဟုတ်လား "

ထန်ယီက မငြင်းပါဘူး ။

" ဟုတ်ပါတယ် မိန်းကလေးစီးတု"

အဲသည်နောက်မှာတော့ စီးတုအိုက ထန်ယီရဲ့ မျက်နှာကို အချိန်အတော်ကြာ စိုက်ကြည့်လိုက်တယ် ။ ပြီးမှ

" ဟုတ်ပြီ ။ ငါနင့်ကို ကောင်းကောင်း မှတ်ထားမယ်"

စကားဆုံးတာနဲ့ တစ်ပြိုင်နက် စီးတုအိုက ထွက်သွားပါတော့တယ် ။ သူထွက်သွားတဲ့ပုံက အတော်လေး မျက်စိပဒေသာရှိပြီး ခြေလှမ်းတွေကလည်း ဆင်မယဥ်သာ ရှိတယ် ဆိုပေမယ့် သူ့ရဲ့ ဝတ်စုံမှာ အပေါက်အပြဲတွေ မရှိဘူးဆိုရင် ပိုပြီး ကြည့်ကောင်းမှာ အသေအချာပဲဗျ ။

ပြီးတော့ စီးတုအိုက သူနဲ့ ထန်ယီရဲ့ တိုက်ပွဲကို သရေပွဲလို့ တရားဝင် သတ်မှတ်သွားခဲ့ပေမယ့် သည်ကိစ္စမှာ ဘယ်လိုပဲကြည့်ကြည့် ချီလင်ကိုယ်ရံတော်တပ်က အရှုံးဆိုတာ သိသာလွန်းတယ် ။

ပထမဆုံး ရှန်းယိရန်ရဲ့ လက်ချက်နဲ့ ကြမ်းပြင်က ဖုန်တွေ စားရတယ် ။

ပြီးတော့ နောက်တစ်ခါ အဝတ်အစားတွေ စုတ်ပြတ်ကုန်တဲ့အထိ တိုက်ခိုက်ခံရတယ် ။

သူက လျူရှန်းမန်ရဲ့ အလုပ်လာလျှောက်သူတွေကို ပညာပေးနိုင်ခဲ့တယ် ဆိုရင်တောင်မှ အဆုံးမှာတော့ ထန်ယီနဲ့ သရေ ကျသွားခဲ့တာလေ ။

ထားလိုက်ပါတော့လေ ။ သည်လူတွေ အားလုံးက ကျုပ်နဲ့ အနာဂတ်မှာ ကြုံရ၊ဆုံရ၊ဆက်ဆံရဦးမှာဆိုတော့ ကျုပ်အနေနဲ့ သိပ်ပြီး မှတ်ချက် မပေးတော့ပါဘူး ။ တိတ်တဆိတ်ပဲ နေလိုက်ပါတော့မယ် .......

အော်မီတော်ဖော် .......... အာမိတာဘ ဘုရားရှင် အမိုက်အမဲလေးကို ခွင်.လွှတ်တော်မူပါ။

ဖြောင်း.....ဖြောင်း......ဖြောင်း.....

ရှန်းယိရန်က စီးတုအိုကို ကြည့်ပြီး အကျေနပ်ကြီး ကျေနပ်နေတယ် ထင်ပါရဲ့ ။ သူက လက်ခုပ်ကို အကျယ်ကြီး တီးလိုက်တယ် ။ ပြီးတော့ ကြေညာတယ် ။

" ဟိုအပျက်မနဲ့ သိုင်းကွက်ငါးကွက်အထိ ယှဥ်တိုက်နိုင်တဲ့လူအားလုံးကို ငါလက်ခံမယ် ။ဒါပေမဲ့ မင်းတို့တွေ အလုပ်တော့ ကြိုးစားရမယ် ။ မင်းတို့တွေ အောက်ခြေကစပြီး ကြိုးစားမယ်လို့ ငါ့ကို ကတိ ပေးရဲလား "

ရှန်းယိရန်ရဲ့ ကြေညာချက်က ခြံဝင်းထဲမှာ ရှိနေတဲ့ လူတစ်ဝက်လောက်ရဲ့ မျက်လုံးတွေကို အရောင် တောက်သွားစေတယ်ဗျ ။ ဘာဖြစ်လို့လဲဆိုတော့ စီးတုအိုနဲ့ တိုက်ခိုက်ခဲ့တဲ့ အလုပ်လျှောက်သူတွေထဲမှာ တစ်ဝက်လောက်က သူ့ရဲ့ သိုင်းကွက် ငါးကွက်ကို ခံနိုင်ခဲ့ကြတာကိုး။

သူတို့က အောက်ခြေစပြီး ကြိုးစားရမယ် ဆိုတဲ့ အဓိပ်ပါယျကို မသိဘဲ နေပါ့မလား ။ အဲဒါက သူတို့ဟာ သည်နေ့ကစပြီး လျူရှန်းမန်ထဲကို ခြေတစ်လှမ်း ချလိုက်နိုင်ပြီဆိုတဲ့ အဓိပ်ပါယျပဲလေ ။

အဲသည်နောက်မှာတော့ လက်ထောက်ခေါင်းဆောင်ရှန်းက ကျောက်စိမ်းလက်စွပ် ဝတ်ထားတဲ့ သူ့ရဲ့ လက်ညှိုးနဲ့ လူတစ်ချို့ကို ထိုးလိုက်တယ် ။

" စုရှောင် ၊ ထန်ယီ နဲ့ နင်... မင်းဖေးဟန်...ငါနင်တို့ သုံးယောက်ကို သည်နေ့ ၊ သည်နေရာမှာပဲ လက်ခံလိုက်မယ် ။ သည်နေ့ကစပြီး နင်တို့ သုံးယောက်က လျူရှန်းမန်ရဲ့ တရားဝင် အထောက်တော် ရဲတပ်သားတွေပဲ "

ကျုပ်နားကိုတောင် ကျုပ်မယုံနိုင်တော့သလိုပဲ ။

ကျုပ်က တကယ်ကြီး တရားဝင် အထောက်တော် ဖြစ်သွားတာလား ။ ကျုပ်က အရွေးခံလိုက်ရပြီလား ။

နပေါဥိီး ။ ကျုပ်က ကျပန်း ရွေးခံလိုက်ရတာတော့ မဟုတ်ပါဘူးနော် ။

ကျုပ်က ဘေးတစ်ဖက်တစ်ချက်မှာ ရှိနေတဲ့ စုရှောင် နဲ့ ထန်ယီကို ကြည့်လိုက်မိတယ် ။

ကျုပ်လို လူအိုကြီး တစ်ယောက်ကို ကြက်သွေးတွေ ထိုးထားသလို တက်ကြွနေတဲ့ လူငယ်နှစ်ယောက်နဲ့ တွဲထားပေးတာက ရည်ရွယ်ချက်နဲ့လား ။ ဒါမှမဟုတ် တိုက်ဆိုက်တာများလား ။

ကျုပ်ဘာပြောလို့ ပြောရမှန်း မသိတော့ဘူးဗျ ။ ရုတ်တရက်ဆိုသလို ကျုပ်က မကောင်းတဲ့ အတိတ်နိမိတ်တွေ ခံစားလာရတယ် ။

ရှန်းယိရန်ကတော့ တန်းစီရပ်နေတဲ့ ကျုပ်တို့ကို ကြည့်ရင်း အကျေနပ်ကြီး ကျေနပ်နေပုံပါပဲ ။ သူက မေးစေ့ကို ပွတ်နေရင်းနဲ့

" အင်း.... မဆိုးဘူး .....မဆိုးဘူး ။ အခုကစပြီး ငါတို့လျူရှန်းမန်က မင်းတို့သုံးယောက်အပေါ် မျှော်လင့်ချက် အကြီးကြီး ထားလိုက်တော့မယ် ။ ကြိုးစားကြ "

ဟေး...... ဒါက ဘာကို ဆိုလိုတာလဲ ။ ဘာကို မျှော်လင့်ချက် အကြီးကြီး ထားမှာလဲ ။ ဘာကို ကြိုးစားခိုင်းနေတာလဲ ။

ကျုပ်က အနေအစား ချောင်မလားဆိုပြီး လျူရှန်းမန်မှာ အလုပ် လာလျှောက်ရုံသက်သက်ပဲလေ ။

ကျုပ်တွေးနေတုန်းမှာပဲ ရှန်းယိရန်က စိတ်မရှည်တဲ့ပုံနဲ့ ထပ်ပြောလာပြန်တယ် ။

" မင်းတို့သုံးယောက် ဘာရပ်လုပ်နေတာလဲ ။ စာချုပ်မှာ လက်မှတ်ထိုးကြလေ "

ကျုပ်က ခန္ဓာကိုယ်ကို လုံးဝ မလှုပ်ဘဲ ခေါင်းကို မသိမသာလေး ဂိုဏ်းတူဒေါ်လေးဘက် လှည့်ကြည့်လိုက်တယ် ။

ဂိုဏ်းတူဒေါ်လေးကလည်း ကျုပ်ကို လှည့်ကြည့်နေတယ်ဗျ ။

ကျုပ်စိတ်ကပဲ ထင်လို့လား မသိဘူး ။ ဂိုဏ်းတူဒေါ်လေးရဲ့ မျက်နှာက ပုံမှန်ထက်နီနေပြီး မျက်လုံးတွေကလည်း အတော်လေး အရည်လဲ့နေတယ်ဗျ ။ မသိရင် ငိုချလိုက်တော့မယ့် အတိုင်းပဲ ။

အဲသည်နောက်မှာတော့ ဂိုဏ်းတူဒေါ်လေးက ကျုပ်နဲ့ အကြည့်ချင်း မျက်လွှာကို အသာချလိုက်တယ် ။

ဟား..... ကျုပ်ရဲ့ ရင်ဘတ်ကြီး တစ်ခုလုံး စုတ်ပြတ်သတ်သွားသလိုပါပဲလားဗျာ ။

ကျုပ်က ရင်ဘတ်ထဲက ခံစားချက်တွေကို လျစ်လျူရှုလိုက်ပြီး ဒေါ်လေးကို နှုတ်ခမ်းလှုပ်ပြီး နှုတ်ဆက်လိုက်တယ် ။

" ဒေါ်လေး.... ကျွန်တော်တော့ လမ်းကြောင်းပေါ် ရောက်သွားပြီ ။ ကျွန်တော် ဒေါ်လေးနဲ့ ပြန်မလိုက်နိုင်တော့ဘူး ။ ဂရုစိုက်ပါ..... "

ကံကောင်းတာ တစ်ခုကတော့ ကျုပ်က အသံထွက်ပြီး နှုတ်ဆက်ဖို့ မလိုတာဘဲ ။ မဟုတ်ရင် ကျုပ်ရဲ့ ဆို့နင့်နေတဲ့ အသံကို ဒေါ်လေး ကြားသွားမှာ အသေအချာပဲဗျ ။

....,.........

ပြုံးနေရတာကို ကြိုက်တဲ့ ဂိုဏ်းတူဒေါ်လေးက အခုတော့ မပြုံးနိုင်တော့ပါဘူး ။ သူက တာ့လျိုတောင်ကို ကျုပ်လုံးဝ မကြိုက်ဘူး ဆိုတာကို ကောင်းကောင်းကြီး သိတဲ့သူပါ ။ ဂိုဏ်းတော်ကို အုပ်ချုပ်ဖို့ တာဝန်တွေ ၊ သိုင်းလောကထဲမှာ လှည့်လည်နေရတာတွေကို ကျုပ်သိပ်မုန်းတယ် ဆိုတာကိုလည်း သိထားသူပေါ့ ။

" ဖေးဟန်....ငါ တကယ် နင့်ကို ထားပြီး ထွက်မသွားချင်ဘူး ။ ဒါပေမဲ့ သည်လိုနေ့တွေ အနှေးနဲ့အမြန် ရောက်လာမယ်ဆိုတာ ငါသိပြီးသားပါ "

နှုတ်ခမ်းလှုပ်တာကို ကြုပျအဓိပ်ပါယျဖောျလို့ မပြီးခင်မှာပဲ ဂိုဏ်းတူဒေါ်လေးက ချာခနဲ လှည့်ထွက်သွားတော့တယ် ။

သူရဲ့ သေးသေးသွယ်သွယ် နောက်ကျောပုံရိပ်လေးက တကယ်ကို အထီးကျန်လွန်းတဲ့ သံသရာ ခရီးသည် တစ်ယောက်လိုပဲ ။ ပြီးတော့ ပိုင်ရှင်ရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရတဲ့ အိမ်မွေးကြောင်ကလေး တစ်ကောင်ရဲ့ ခံစားချက်တွေကို ထုတ်ပြနေသလိုလည်း ခံစားရတယ် ။

" သစ္စာဖောက်.....ငကြောက်ကောင် "

အဲဒါကတော့ ကြုပျအဓိပ်ပါယျ ဖော်မိတဲ့ ဒေါ်လေးရဲ့ နောက်ဆုံးစကားပဲ ။

အဲသည်စကားကို ကြုပျအဓိပ်ပါယျ ဖော်မိတော့ ဒေါ်လေးနောက်ကို ပြေးလိုက်သွားချင်စိတ်တွေက တဖွားဖွား ဖြစ်လာတယ် ။ ဒါပေမဲ့ ကျုပ်ရဲ့ခြေထောက်တွေက ထိုက်စန်းတောင် နှစ်လုံးနဲ့ ဆွဲထားသလို ရွေ့မရတော့ဘူး ။

ကျုပ်သိတယ် ။ တကယ်လို့ ကျုပ်သာ အခုချိန်မှာ ပြေးလိုက်သွားရင် လျူရှန်းမန်ကို ဘယ်တော့မှ ပြန်လာနိုင်တော့မှာ မဟုတ်ဘူး ။ ပြီးတော့ ကျုပ်သူ့နောက်ကို လိုက်သွားပြီးရင်ကော ဘာဆက်လုပ်ရမှာလဲ ။

" သစ္စာဖောက်.......ငကြောက်ကောင်တဲ့လား ဒေါ်လေးရယ် "

ဂိုဏ်းတူဒေါ်လေးရဲ့ နောက်ဆုံးစကားက ကျုပ်ရဲ့ ရင်ဘတ်ထဲမှာ ဘယ်တော့မှ နုတ်မရမယ့် ဆူးတစ်ချောင်းပါပဲ ။

ကျုပ်က သူ့နောက်ကို လိုက်သွားဖို့ သတ္တိ မရှိဘူး ။ ပြီးတော့ လိုက်လည်း မလိုက်နိုင်ဘူး ။

ဂိုဏ်းတူဒေါ်လေးက ခံစားချက်တချို့ကို ဖုံးကွယ်ထားတယ် ဆိုတာကို ကျုပ်ရိပ်မိတယ် ။ ဒါပေမဲ့ ကျုပ်ကိုယ်တိုင်လည်း ဖုံးကွယ်ထားတာပဲ မဟုတ်လား ။

ကျုပ်တို့နှစ်ယောက်လုံးက တစ်ဖက်လူရဲ့ ခံစားချက်တွေကို ရိပ်မိကြပေမယ့် မသိချင်ယောင်ဆောင်ဖို့ ရွေးချယ်ခဲ့ကြတာပဲလေ ။ ကျုပ်တို့က ကျုပ်တို့နှစ်ယောက်ကြားမှာ ရှိနေတဲ့ နောက်ဆုံး အလွှာလေးကို ဖောက်ဖျက်ဖို့ စိုးထိတ်နေခဲ့ကြတာ ။

ကျုပ်လား.....

ကျုပ်လည်း ဘာတတ်နိုင်မှာတုန်းဗျ ။ သူက ကျုပ်ထက် ဝါစဥ်နှစ်ဆင့်တောင် ကြီးတဲ့ ဂိုဏ်းတူဘွားဘွား မဟုတ်လား ။

သည်လိုနဲ့ ကျုပ်ဝေခွဲမရ ဖြစ်နေတဲ့ အချိန်မှာပဲ ဂိုဏ်းတူဒေါ်လေးရဲ့ အရိပ်က ပျောက်ကွယ်သွားတော့တာပေါ့ဗျာ ။

ရှန်းယိရန်က ဂိုဏ်းတူဒေါ်လေးရဲ့ အရိပ်ကို ကြည့်ပြီး သက်ပြင်းချလိုက်တယ် ။

" အင်း...... သူတကယျကွိိီး ထွက်သွားတာလား ။ ကြည့်ရတာ သူ့ရဲ့ တူအကြီးဆုံးက အသေဆိုးနဲ့ သေ သွားပုံရတယ် "

ကျုပ်က ဒေါသတကြီးနဲ့ အော်လိုက်တယ် ။ သည်မိန်းမက ကျုပ်ဆရာအိုကြီးကို ကျိန်ဆဲနေတာလား ။ ကျုပ်ဆရာက ဘယ်လိုပဲ အကျင့်ပျက်ပြီး ဆိုးယုတ်နေပါစေ ။ ဆရာက ဆရာပဲလေ ။

" ခင်ဗျား ဘယ်သူ့ကို ကျိန်ဆဲနေတာတုန်း"

ရှန်းယိရန်က ကျုပ်ကို ငကြောင်ကောင်ဆိုတဲ့ အကြည့်နဲ့ ပြန်ကြည့်လာတယ်ဗျ ။

" ငါက ဘယ်သူ့ကို ကျိန်ဆဲနေလို့လဲ ။ မင်းပဲ ငါ့ကို ပြောပြတာ မဟုတ်ဘူးလား"

အိုး..... ဟုတ်သား ။

ကျုပ်အဲသည်လို တကယ်ကြီး ပြောမိခဲ့တာပဲ ။

အဲသည်အချိန်မှာပဲ ရှန်းယိရန်က ခပ်တိုးတိုး ပြောလိုက်တာကို ကျုပ်ကြားလိုက်ရပြန်တယ် ။

" တကယ့် ငကြောင်ကောင်"

ပြီးတော့ ရှန်းယိရန်က ဆက်ပြောပြန်တယ်ဗျ ။

" ငါ့မောင်လေးနောက်ကို လိုက်သွားပြီး စာချုပ်ချုပ်ဖို့ ပြင်ကြ ။ ပြီးရင် အထောက်တော် ဝတ်စုံတွေလည်း ထုတ်ဖို့ မမေ့ကြနဲ့"

စကားဆုံးတော့ ရှန်းယိရန်ရဲ့ ညီမလေးက ဘာမဆိုင်၊ ညာမဆိုင် အရှေ့ကို ထွက်လာတယ် ။

" ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ကြပါ "

" ဟုတ်ကဲ့ "

" ခဏ...... ခဏလေး.....နေကြပါဦးဗျ "

ကျုပ်များ နားကြားမှားသွားသလား....

ဂိုဏ်းတူဒေါ်လေး ထွက်သွားတာကြောင့် ကျုပ်ရဲ့ စိတ်တွေ ထိုင်းမှိုင်းနေတယ် ဆိုပေမယ့် ကျုပ်ရဲ့ နားကတော့ ဘာပြသနာမှ မရှိဘူးလေ ။

ကျုပ်နားက ဘာတွေ ကြားလိုက်ရတာလဲ ။

မောင်လေးနောက် လိုက်သွား.....

ကျေးဇူးပြုပြီး ကျွန်တော့်နောက် လိုက်ခဲ့ကြပါတဲ့လား.......

ရှန်းယိရန်က ငကြောင်ကောင်ဆိုတဲ့ အကြည့်နဲ့ ကျုပ်ကို ထပ်ကြည့်ပြန်တယ် ။

" ဘာဖြစ်တာလဲ..... မင်းမှာကော မပါလို့လား"

မင်းမေကလွှားရေ....... ဒါဆိုရင် ဒါကြီးက ထောင်ချောက်ကြီးပေါ့ဟ .......

" မဟုတ်ဘူး.......ကျွန်တော်ပြောချင်တာက လက်ထောက်ခေါင်းဆောင်ရှန်းရဲ့ မောင်လေးက ဘယ်မှာလဲလို့ပါ "

ကျုပ်က အမြန် ပြောလိုက်တယ် ။

အဲသည်အချိန်မှာပဲ မျက်လုံးဝိုင်းဝိုင်းနဲ့ ချစ်စရာ ညီမလေးက ထပ်ပြီး ပြောလာပြန်တယ်ဗျ ။

" ကျွန်တော်က သည်မှာလေဗျာ "

ငါဘယ်သူလဲ..... ဘယ်ကလဲ..... ငါသည်ကို ဘယ်လို ရောက်နေတာလဲ.......

ကျုပ်ရဲ့ ကမ္ဘာကြီး တစ်ခုလုံးက အိုးထိန်းစက်လို ချာချာလည်သွားတယ် ။

ကျုပ်က ရုတ်တရက် အရပ်မျက်နှာ မသိနိုင်တဲ့ မြူခိုးအုပ်ကြီးထဲ ရောက်သွားသလိုပဲ ။

" သ......သည်....သည်မိန်းကလေးက လက်ထောက်ခေါင်းဆောင်ရှန်းရဲ့ မောင်လေး...... မောင်လေးလား "

မိုးနတ်မင်းကြီးရေ......သည်လောက်ချစ်စရာကောင်းတဲ့ ညီမလေးက အပြား မဟုတ်ဘဲ အချောင်းကြီးတဲ့လားဗျာ.......

ကျုပ်က စိတ်ထဲမှာ အကြိမ်ကြိမ် ရေရွတ်လိုက်တယ် ။ ကျုပ်ရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ခွေးများ ဆွဲသွားတာလား ။

ထန်ယီကတော့ လူရိုးလူဖြောင့် ဆိုတဲ့ အတိုင်းဘဲ ဘာကိုမှ ကွေ့ဝိုက်မနေဘူးဗျ ။

" ဘာဖြစ်တာလဲ..... ခင်ဗျားက လူကြီးမင်းကွမ်းကို မိန်းကလေး ထင်နေတာလား"

" အင်း......."

ကျုပ်ရဲ့ တွန့်ဆုတ်နေတဲ့ အဖြေက ရှန်းယိရန်ရဲ့ မောင်လေးမျက်နှာကို နီတွတ်သွားစေတယ် ။သူက အသက်ကို ထိန်းရှုလိုက်ပြီး

" ခင်ဗျားကကျုပ်ကို....... ခင်....ဗျား...က.... ကျုပ်ကို.... ဘာ....ထင်.....တယ်....."လို့ မေးလာတယ် ။

လူရိုးကြီး ထန်ယီက ပြသနာကို ရိုးရိုးရှင်းရှင်း နည်းလမ်းနဲ့ ထပ်ပြီး ဖြေရှင်းပေးလိုက်ပြန်တယ် ။ ကျုပ်ရဲ့လက်ကို ယူပြီး ညီမလေးရဲ့ ရင်ဘတ်ပေါ် တင်ပေးလိုက်တဲ့ နည်းလမ်းနဲ့ပေါ့ ။

အဲသည်နောက်မှာတော့ ကျူပ်က စိတ်ပျက်လောက်အောင် ပြားကပ်နေတဲ့ ရင်ဘတ် အပြားကြီးကို ခံစားမိလိုက်တယ် ။

ငါ့လခွီးတဲ့မှ....... ပြားကပ်နေတာပဲဟ ။

" ဘာ.... သည်မိန်းကလေးက တကယ်တမ်းမှာ ယောကျာ်းကြီးတဲ့လား"

စုရှောင်ကလည်း မျက်လုံးအပြူးသားနဲ့ မီးလောင်ရာ လေပင့်ဖို့ ကြိုးစားပြန်တယ်ဗျ ။

အသာနေစမ်းပါ သောက်ကလေးရာ ။ မင်းကရော သူ့ထက် ဘယ်နေရာမှာ သာနေလို့လဲ ။ မင်းတို့နှစ်ကောင်လုံးက သူမသာ၊ကိုယ်အသုဘတွေပဲကွ ။

" တောက်....ခွေးတိရစ္ဆာန်ကောင် "

" ဟေ့ကောင်.... မင်းရဲ့လက်ကို အောက်ဘက် ချကြည့်လိုက် ။ ငါမင်းနဲ့ သူသေကိုယ်သေပဲကွ "

" ဟိတ်ကောင်...... မင်းက လူသားမျိုးနွယ်ရဲ့ အရှက်သိက္ခာကို ချနေတာပဲကွ "

" ဘုရားရေ..... သည်လူက ယောကျာ်းချင်းကြီး အသားယူနေတာလား "

" ဟေ့ကောင် ...... မင်းကို ငါ ခြူးတစ်ပြားတောင် ပေးမှာ မဟုတ်ဘူးကွ"

ကျုပ်ရဲ့လက်က ညီမလေးရှန်း.... အဲလေ...သခင်လေးရှန်းရဲ့ ရင်ဘတ်ပေါ်မှာ တစ်စက္ကန့်လောက်ပဲ တင်ရသေးတယ် ။ ကျုပ်ကို ဆဲဆိုသံတွေက ပတ်ဝန်းကျင် တစ်ခုလုံး ဆူညံသွားတယ်ဗျ ။

တစ်ချိန်တည်းမှာပဲ သခင်လေးရှန်းက မျက်နှာကြီး နီရဲပြီး အနောက်ကို ပြေးထွက်သွားတယ် ။

" အစ်မ..... ကျွန်တော် အရမ်းရှက်တယ်.....အဟင့်....အဟင့်......"

ဘာ....ဘာတွေ ဖြစ်ကုန်ကြတာတုန်း....

တစ်ယောက်ယောက်....ကျုပ်ကို ရှင်းပြကြစ

မ်းပါ ။

ကျုပ်ရဲ့ ဦးနှောက်က မနိုင်ဝန် ထမ်းမိလို့ ခဏလောက် အေးခဲသွားသလိုပဲ ။

အဲသည်အချိန်မှာပဲ အရာအားလုံးရဲ့ လက်သည် တရားခံ ထန်ယီက ကျုပ်ကို ဝေခွဲမရသလို ကြည့်လာပြန်တယ် ။

" ဘာဖြစ်တာလဲ.....ဘာဖြစ်လို့ သူတို့တွေက ခင်ဗျားကို အရမ်းမုန်းနေကြတာလဲ ၊ ခင်ဗျား အိမ်သာတက်ပြီးရင် လက်မဆေးလို့လား"

ဟေ့ကောင်...... မင်းပါးစပ်ကို ပိတ်ထားလိုက်လို့ မရဘူးလား ။

သည်ထန်ယီဆိုတဲ့ကောင်ရဲ့ ပါးစပ်ကနေ နောက်ထပ် တစ်ခုခု ထွက်လာပြီဆိုရင် ကျုပ်ကို အားလုံးဝိုင်းပြီး အမဲဖျက်ကြတော့မယ်ဆိုတာ မြေကြီးလက်ခတ် မလွဲပါပဲ ။

ကျေးဇူးပြုပြီး...... ကျေးဇူးပြုပြီး.... တစ်ယောက်ယောက်လောက် ကျုပ်ကို သည်အခြေအနေကနေ ကူပြီး ကယ်ထုတ်ပေးကြပါဦးဗျာ ။

Lord. Zen

( သည်ဝတ္ထုမှာ အခု ဖြစ်ပျက်နေတဲ့ အကြောင်းအရာ အားလုံးကို မင်းဖေဟန်ရဲ့ first person view ကနေ သိနေရတာပါ ။ ဒါကြောင့် နာမည်တွေ ၊ အပြောအဆိုတွေ ၊ အသုံးအနှုန်းတွေက သူ့ရဲ့ စိတ်အခြေအနေကိုလိုက်ပြီး အမျိုးမျိုး ပြောင်းနေတာ ဖြစ်ပါတယ် ။ ကျေးဇူးပြုပြီး...... အားပေးကြပါဦး ။)

All Chapters