← Chapters

အခန်း ၁၆

Vol. 2 Ch. 16

အခန်း ၁၆

Vol. 2 Ch. 16

ရွှေလက်ဆေးတဲ့ သိုင်းဘုရင်

စာစဥ်၂ အပိုင်း ၁၆

အလုပ်က အထက်လူကြီး

စုရှောင်က သူ့ရဲ့ ရည်မှန်းချက် နဲ့ ခံယူချက်ကို အရင်ဆုံး စပြောတယ်ဗျ ။ စာအုပ်ကြီးထဲက သူသင်ယူထားတဲ့ တရားမျှတမှုအကြောင်းနဲ့ သူ့ရဲ့ အဖေဖြစ်သူရဲ့ အရေးပါပုံတွေကိုပေါ့ ။

" ကျွန်တော့်ရဲ့ အဖေက ဘဝကို ရိုးသားစွာ နေထိုင်ပြီး တရားမျှတမှုကို လက်ကိုင်ထားရမယ်လို့ သင်ကြားပေးခဲ့ပါတယ် ။အဲသည် သင်ကြားမှုအောက်မှာ ကြီးပျင်းခဲ့ရတဲ့အတွက် ကျွန်တော်က ကျွန်တော်ရဲ့ ဓားမသိုင်းနဲ့ တရားမျှတမှုကို ဆောင်ကြဥ်းပေးပြီး စုမိသားရဲ့ ဓားသိုင်းဂုဏ်ကို မြှင့်တင်ပေးချင်ပါတယ် ။ ပြီးတော့...... ဘလာ....ဘလာ...ဘလာ....... "

ကျုပ်သေချာပေါက် လောင်းရဲတယ် ။ ရှန်းယိရန်ရဲ့ မျက်နှာက အန်တော့မယ့် အရိပ်အယောင်တွေ ပြနေတာကို စုရှောင် တစ်ယောက် လုံးဝ သတိထားမိပုံ မရဘူး ။

သူမေးတာက ဘာဖြစ်လို့ လျူရှန်းမန်ထဲ ဝင်ချရသလဲဆိုတဲ့ ရည်ရွယ်ချက်ကို မေးလိုက်တာ အသိသာကြီးဗျ ။ ဒါပေမဲ့လည်း စုရှောင်က သူကလေးဘဝက အပ်တစ်ချောင်းကို ဘယ်လိုကောက်ရတာကအစ လှည့်ပတ်ပြီး ပြောနေတာလေ ။ သည်နေရာမှာ ရှန်းယိရန်ရဲ့ မပြောနဲ့ ။ တခြား အထက်လူကြီးဆိုရင်တောင်မှ အန်ချင်လာမှာ အသေအချာပဲ ။

အဟွတ်.... အဟွတ်.... အဟွတ်....

အဟွတ်...... အဟွတ်.... အဟွတ်......

အဟွတ်......အဟွတ်.... အဟွတ်......

ကျုပ်က ချောင်းဆက်တိုက်ဆိုးပြီး စုရှောင်ကို အချက် ပြလိုက်တယ် ။ ဒါပေမဲ့ သည်သကောင့်သားက တစ်စက်ကလေးမှ အရိပ်အခြည် မသိဘူးဗျ ။ သူက ကျုပ်ကိုကြည့်ပြီး စိတ်ပူသလိုနဲ့တောင် မေးလာသေးတယ် ။

" အစ်ကိုမင်း..... အစ်ကို နေလို့ မကောင်းဘူးလား"

ဘာလို့လဲ...... ဘာတွေ လာမေးနေတာလဲကွာ ။ မင်းမှာ ဆေးပါလာလို့လား ။

ကိုယ့်လူတို့ရေ....... သည်သကောင့်သားရဲ့ ဥာဏ်ရည်ဥာဏ်သွေးကတော့ဗျာ ။ ခင်ဗျားတို့သိလား ကျုပ်ကတော့ ဝင်ပြီး ရှည်မိတဲ့ ကျုပ်ကိုယ်ကျုပ်သာ တူနဲ့ ထုလိုက်ချင်တော့တယ် ။

အမှန်အတိုင်း ပြောရမယ်ဆိုရင် ကျုပ်အခုလို ဝင်ပါမိတယ် ဆိုတာကလည်း စုရှောင်ဆိုတဲ့ ကလေးကို စိတ်ကောင်းရှိလွန်းလို့တော့ မဟုတ်ဘူး ။ ကျုပ်က ပထမဆုံး အလုပ်ဆင်းတဲ့နေ့မှာ ကျုပ်တို့ထဲက တစ်ယောက် အလုပ်ထုတ်ခံရမှာကို လုံးဝမမြင်ချင်လို့ပဲ ။

ရှန်းယိရန်က လူသစ်ဆိုလို့ သိပ်များများစားစား ရွေးထားတာ မဟုတ်ဘူးဗျ ။ အဲသည်ထဲကမှ တစ်ယောက် လျော့သွားမယ် ဆိုရင် ကျုပ်ကတော့ သွားပြီပဲ ။ ဘယ်လိုမှ အချောင်ခိုလို့ရမှာ မဟုတ်ဘူး ။ ပြီးတော့ ဟိုသစ်တုံးကောင် ထန်ယီကလည်း တိုက်ခိုက်တာက လွဲပြီး တခြားဘယ်နေရာမှာမှ သုံးစားရမယ့် ပုံ မရဘူးဗျ ။

သည်လိုနဲ့ ဘယ်လိုမှ မတတ်နိုင်တဲ့ အဆုံးမှာ ကျုပ်က ဦးနှောက်ကို မတန်မဆ အလုပ်ပေးလိုက်ပြီး စုရှောင်ကို ကယ်ဖို့ နှပ်ကြောင်းတစ်ခု ပေးလိုက်တယ် ။

" ညီအစ်ကိုရှောင်ဟန်...... ညီအစ်ကို လျူရှန်းမန် ထဲ ဝင်လာရတဲ့ ရည်ရွယ်ချက်က တရားမျှတမှုကို ကိုယ်စားပြုပြီး သက်သေပြချင်လို့ မဟုတ်လား ။ ညီအစ်ကိုက ငယ်ငယ်လေးတည်းက တရားမျှတမှုရဲ့ ကိုယ်စားလှယ် ဖြစ်ချင်ခဲ့ပုံလည်း ရတယ်နော် "

" ဟမ်..... မဟုတ်ပါဘူး ။ လျူရှန်းမန် ဆိုတာ....က...က....."

သည်မအေပေးလေးက ဘယ်လိုမှကို အရိပ်အခြည် မသိတာဗျာ ။ ကျုပ်သည်လောက် နှပ်ကြောင်း ပေးနေတာကိုတောင်မှ သူက မဟုတ်ဘူး လုပ်နေသေးတယ် ။ နောက်ဆုံး ကျုပ်က သူ့ကို မျက်လုံးပြူးပြီး ရိုက်သတ်တော့မယ့် အမူအယာ ပြတော့မှ သူက ရှန်းယိရန်ကို သတိပြုမိသွားတော့တယ် ။

" ဟုတ်ပါတယ် ။ ကျွန်တော်က ငယ်တည်းက လျူရှန်းမန်ကိုဝင်ပြီး ရဲတပ်သားကောင်း တစ်ယောက်ဆိုတာ ဘယ်လိုလဲ ဆိုတာ သက်သေ ပြချင်ခဲ့တာပါ ။ ဟီး......ဟီး......."

ကျုပ်ကတော့ အွန်လိုင်းပေါ်မှာ ပြောပြောနေတဲ့ ခွေးလို၊နွားလို အသင်းဖော်တွေဆိုတာ ဘာကို ပြောတာလဲဆိုတာ ကောင်းကောင်းကြီး သိသွားပြီဗျို့ ။

ရှန်းရှိယန်ကလည်း အတော်လေး သွေးတက်သွားပုံပဲဗျ ။ သူက နဖူးပေါ် လက်တင်ပြီး မကြားတကြားတွေ ရေရွတ်နေတယ် ။ပြီးတော့ ကျုပ်ဘက်ကို လှမ်းကြည့်လာတယ် ။ ကြည့်ရတာ သူက ကျုပ်ကို တစ်ခုခု ပြောနေပုံပဲ ။

" နောင်ကျရင် သူ့ကို ဘယ်လို ပြုမူနေထိုင်ရမယ်ဆိုတာ ကောင်းကောင်းသင်ပေးလိုက် "

အဲသည်လို ပြောနေပုံ ရတယ်ဗျ ။

ကျုပ်ကလည်း ပြန်ပြီး မသိမသာ ခေါင်းညိတ်ပြလိုက်တယ် ။

" ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်"

အဟက်..... စုရှောင်ရေ.... ကျေးဇူးပဲ ။ နောက်ဆုံးတော့ လက်ထောက်ခေါင်းဆောင်ရှန်း ဆီက အကောင်းမြင်စိတ်လေး တစ်ခု ရခဲ့ပြီကွ ။

အဲသည်နောက်မှာတော့ ထန်ယီက ကောက်ကာငင်ကာကြီး ထပြောပြန်တယ် ။

" လက်ထောက်ခေါင်းဆောင်ရှန်း.....ကျွန်တော်က ရဲတပ်သားကောင်း တစ်ယောက် ဖြစ်ချင်လို့ လျူရှန်းမန်ထဲ ဝင်ခဲ့တာ မဟုတ်ဘူး ။ ကျွန်တော်ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က လူတစ်ယောက်ကို သတ်ချင်လို့ပဲ "

xီးတဲ့မှပဲဟေ့.......နောက်တစ်ကောင် လာပြန်ပြီလား ။ သည်ကောင်တွေက ဘာအထှာလဲ ။

ဇိုးလား.....ဘာလား......

မထင်ထားတာက ရှန်းယိရန်က အံ့သြပုံ မပြတာပဲ ။သူက ဝမ်းနည်းတဲ့ပုံနဲ့ သက်ပြင်းတစ်ချက် ချပြီး ပြောလာတယ် ။

" ကြည့်ရတာ ငါ့အထင် မှန်နေပုံပဲ"

ထန်ယီက ခေါင်းညိတ်လိုက်ပြီး

" ဟုတ်ကဲ့ ..... ကျွန်တော် လျူရှန်းမန်ထဲ ဝင်တယ်ဆိုတာက အရင်တုန်းက လျူရှန်းမန် စုံစမ်းခဲ့တဲ့ အမှုကိစ္စတွေ အားလုံးရဲ့ မှတ်တမ်းတွေကို ကြည့်ချင်လို့ပါ ။ ကျွန်တော်က မိန်ရှန်းလီ လူသတ်မှုရဲ့ နောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ချင်တာပါ "

မိနျရှနျးလိီ လူသတ်မှု ဖြစ်စဥ်.......

ကျုပ်က အဲသည်အမှုနဲ့ ပတ်သက်တဲ့ ကျုပ်ရဲ့မှတ်ဥာဏ်တွေကို ပြန်ပြီး တူးဆွလိုက်တယ် ။ အလွယ်တကူပဲ ကျုပ်ပြန်မှတ်မိလိုက်တယ်ဗျ ။ သံမဏိဓား စာစောင်မှာပါခဲ့ဖူးတဲ့ သတင်းတစ်ပုဒ်ပေါ့ ။ကြည့်ရတာတော့ " အလိမ္မာ စာမှာရှိ" တို့ ၊ ""မိုင်တစ်သောင်း သွားတာက စာအုပ်ပေါင်း တစ်ပေါင်း ဖတ်တာကို မမီဘူး" တို့ လူတွေ ပြောနေကြတာက သိပ်တော့လည်း မမှားပုံပဲ ။

လွန်ခဲ့တဲ့ ကိုးနှစ် နှစ်သစ်ကူးပွဲညမှာ အတော်လေး ချောက်ချားစရာ အမှုတစ်မှု ဖြစ်ခဲ့တယ်ဗျ ။

အဲဒါက မြောက်ပင်လယ်က ရွာလေးတစ်ရွာမှာ မိသားစုဝင်တွေ ပြန်လည် ဆုံတွေ့နေကြတုန်း ဖြစ်ခဲ့တာ ။

တစ်ည...... တစ်ညလေးအတွင်းမှာပဲ အဲသည်ရွာလေးမှာ ရှိတဲ့ လူပေါင်း သုံးရာ့သုံးဆယ်ဟာ သေဆုံးသွားခဲ့ကြတယ် ။

ကောလာဟလတွေအရ တချို့က ပြောတာတော့ သူတို့အားလုံးက အဆိပ်ခတ် သတ်ခံရတာတဲ့ ၊ တချို့ကပြောတာတော့ ရန်ငြိုး၊ရန်စကြောင့် သတ်ခံလိုက်ရတာတဲ့ ၊ တချို့ကလည်း ကပ်ရောဂါတစ်ခု ကူးစက်တာ ခံလိုက်ရတာတဲ့ ။

သံမဏိဓား စာစောင်ရဲ့ အထူးကဏ္ဍ တစ်ခုမှာတော့ သတင်းရေးသူက အကြောင်းအရင်း တစ်စုံတစ်ရာ မသိရတဲ့ ကိစ္စတစ်ခုကြောင့် ရွာလုံးကျွတ် သတ်ခံလိုက်ရတာလို့ ယူဆချက်တစ်ခု ထုတ်ပြန်ထားတယ် ။

ကောလာဟလ တစ်ခုမှာဆိုရင် အဲသည် အသတ်ခံလိုက်ရတဲ့ လူတွေထဲမှာ မတူညီတဲ့ ဂိုဏ်းဆယ်ဂိုဏ်းက သိုင်းပညာရှင် အရေအတွက် တော်တော်များများတောင် ပါနေသေးတယ်တဲ့ ။ ထူးဆန်းတာ တစ်ခုကတော့ အဲသည်လူတွေ အားလုံးဟာ နှစ်သစ်ကူးညမှာ ဘာဖြစ်လို့ မြောက်ပင်လယ်က ရွာငယ်လေး တစ်ရွာမှာ ရောက်နေကြတာလဲ ဆိုတာပဲ ။

သံမဏိဓားစာစောင်မှာ တင်ပြထားတဲ့ စာရေးသူကလည်း အဲသည်မေးခွန်းကိုပဲ အခြေခံပြီး သည်ဖြစ်ရပ်ဟာ ရန်ငြိုးရန်စကြောင့် ဖြစ်တာ ဖြစ်နိုင်တယ်လို့ သီအိုရိိိီ ထုတ်ခဲ့တာ ဖြစ်တယ် ။ ဒါပေမဲ့လည်း အခုချိန်အထိတော့ အဲသည်ညက အဲသည်ရွာလေးမှာ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာကို ဘယ်သူမှ ဖြေရှင်းချက် ထုတ်မပြနိုင်သေးဘူးဗျ ။

ခဏ.....ခဏလေး ။ ကျုပ်တစ်ခု မေ့သွားလို့ ။

အဲသည်အမှုဖြစ်စဥ် ဖြစ်ခဲ့တဲ့ ရွာလေးကိုတော့ လူတွေက မိန်ရှန်းလီလို့ ခေါ်ကြတယ်ဗျ ။

ထန်ယီက ဆက်ပြောပြန်တယ် ။သူ့ရဲ့ အသံကို သိပ်ပြီး မကြားရတော့ပေမယ့် ကျုပ်ကတော့ သူရဲ့ အသံထဲမှာ နာကြဥ်းမှု နဲ့ အမုန်းတရားတွေ ပါနေတာကို ခံစားနေရတယ် ။

" ကျွန်တော့်အဖေက အဲသည်အမှုနဲ့ သားကောင်တွေထဲက တစ်ယောက်ပဲ ။ လက်ထောက်ခေါင်းဆောင်ရှန်း.......ကျွန်တော် မလိမ်ညာချင်ပါဘူး ။ တကယ်လို့ လက်ထောက် ခေါင်းဆောင်အနေနဲ့ ကျွန်တော့်ကို မသင့်တော်ဘူး ထင်ရင် ကျွန်တော် အခုချက်ချင်း ထွက်သွားပါ့မယ် "

ညီလေး...... မင်းအရမ်း ထွက်ချင်နေတယ် ဆိုရင်လည်း ဦးထုပ် နဲ့ ရုံးတော်ဝတ်စုံကို အမြန် ချွတ်လိုက်ပါလားကွာ .......

ကျုပ်က စိတ်ထဲကနေ မချင့်မရဲ ဟစ်အော်နေမိတယ် ။

ကျုပ်တကယ် မညာဘူးဗျ ။ ထန်ယီရဲ့ ခရမ်းရောင် အထောက်တော်ဝတ်စုံက အတော်လေးကို လှတာ ။ ကျုပ်နဲ့ဆို လိုက်လွန်းမက လိုက်မှာ အသေအချာပဲ ။

ရှန်းယိရန်ကတော့ ဘာတွေ တွေးနေမှန်း မသိဘူး ။ သူက ဒေါသမထွက်တဲ့အပြင် ပြုံးပြီး ကြိုဆိုနေသေးတယ်ဗျ ။

" မင်းဘာတွေ ပြောနေတာလဲ ။ ငါတို့ လျူရှန်းမန်ရဲ့ အဓိက အလုပ်က ဘာလဲ ။ ငါတို့ရဲ့ အလုပ်က အမှုတွေကို စုံစမ်းစစ်ဆေးပြီး အမှန်တရားကို ရှာဖွေရတာလေ ။ ငါတို့က အပြစ်ကင်းမဲ့တဲ့ ပြည်သူတွေဘက်က ရပ်တည်ပြီး လူဆိုး၊လူယုတ်မာတွေကို အပြစ်ပေးရတာ ။ ငါက နင့်ကို နှင်ထုတ်စရာ ဘာအကြောင်းရှိလဲ ။ ယန်လင်း...... အပိုတွေ အရမ်း တွေးမနေနဲ့ ။ ငါတို့နဲ့ အတူ လျူရှန်းမန်မှာနေပြီး အပြစ်မဲ့သူတွေကို ကာကွယ်လိုက်စမ်းပါ "

ရှန်းယိရန်ရဲ့ အပြုံးက ညမှာပွင့်တဲ့ ငွေရောင် သနပ်ခါးပန်းလိုပဲ ။ အဲသည်အပြုံးက ငွေစန္ဒာ လမငျးကွိီးကိုတောငျ ယစ်မူးသွားစေနိုင်တဲ့ အပြုံးမျိုး ။ ရဲတပ်သား ဝတ်စုံ နဲ့ ဦးထုပ်ကို ချွတ်ဖို့ ပြင်နေတဲ့ ထန်ယီရဲ့ လှုပ်ရှားမှုတွေဟာ ရှန်းယိရန်ရဲ့ အပြုံးနဲ့ အားပေးမှုကြောင့် ရပ်တန့်သွားတယ်ဗျ ။

မိုးနတ်မင်းကြီးရေ.....အပြောကောင်း အပြုံးချိုဆိုတာ ဘာလဲ ဆိုတာကို ကျွန်တော်တော့ ကောင်းကောင်း သိသွားပြီဗျို့.....

ကျုပ် အာမခံရဲတယ် ။ ကျုပ်ဘေးနားမှာ ရှိနေတဲ့ သည်ကျောက်တုံးကောင်က ဘယ်လောက်ပဲ အားကောင်းတဲ့ ရန်သူဖြစ်ဖြစ် မျက်နှာတစ်ချက်မှ မပျက်ဘဲ ရင်ဆိုင်မယ့် ကောင်စားမျိူးဗျ ။ ရန်သူက တင်းပုတ်ကြီးနဲ့ ထုလာရင်တောင် သူက ဗလာလက်သီးနဲ့ ပြန်ထိုးမယ့်အမျိုး ။

ဒါပေမဲ့လည်း ချိုသာလွန်းတဲ့ မိန်းကလေး တစ်ယောက်ရဲ့ အပြုအမူက ဘယ်ယောကျာ်းသားကိုမဆို စိတ်ယိုင်သွားစေနိုင်တယ်လေဗျာ ။အထူးသဖြင့် ရှန်းယိရန်လို သိုင်းလောက အလှမယ် စာရင်းမှာ နံပါတ်ချိတ်တဲ့ မိန်းမလှလေးရဲ့ ကြင်နာမှုကို ထန်ယီလိုကောင်က ဘယ်တောင့်ခံနိုင်မှာတုန်းဗျ ။

တကယ်ချီးကျူးစရာပဲ ။ သည်ကလေးမက အလုပ်လုပ်နေတဲ့အချိန်ဆို ကျားရဲ တစ်ကောင်ထက်တောင် ကြမ်းတမ်းပေမယ့် ။သူ့ဆီမှာ အခုလို နူးညံ့တဲ့ဘက်ခြမ်း ရှိနေလိမ့်မယ်လို့ ကျုပ်လုံးဝ တွေးထင်မထားမိဘူး ။

ကျုပ်တို့သူဌေးက သူ့ရဲ့ လက်အောက်ငယ်သားတွေကို ဘယ်လို ကိုင်တွယ်ရမယ် ဆိုတာကို ကောင်းကောင်းကြီး သိတယ် ။ ကျုပ်တို့က ကျုပ်တို့အကြောင်းကို အများကြီး ဖွင့်မပြောပြရသေးတာတောင် သူက ကျုပ်တို့ကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာကို သိနေပြီ ။

စုရှောင်ကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်တယ် ။ ထန်ယီကို အားပေးအားမြှောက် လုပ်ပြီး ကိုင်တွယ်တယ် ။

ကျုပ်ကို....... ကျုပ်ကိုတော့ ငွေပေါ့...... ဟဲဟဲ...

အဲသည်နောက်မှာတော့ ရှန်းယိရန်က ဆက်ပြောတယ်ဗျ ။

" မှတ်တမ်းတွေကို ကြည့်ခွင့် ရဖို့ကတော့ လွယ်မှာ မဟုတ်ဘူး ။ လျူရှန်းမန်ရဲ့ ထိပ်တန်း လျှို့ဝှက် အမှုတွဲတွေက နန်းတွင်းထဲမှာပဲ ရှိတာ ။ ဘုရင်မင်းမြတ်ရဲ့ ခွင့်ပြုချက် မပါရင် အမှုတွဲဆောင်ထဲကို ဘယ်သူမှ ဝင်လို့မရဘူး "

" ဟုတ်"

ထန်ယီကလည်း သည်အချက်ကို သိထားပုံပဲ ။ သူက အသာလေး ခေါင်းညိတ်လိုက်တယ် ။

နန်းတော်ထဲက လျှို့ဝှက်အမှုတွဲတွေတဲ့လား....

ခဏလေး နေပါဦး......

ကျုပ်ဆရာ ပြောပြဖူးတဲ့ အကြောင်းအရာ တစ်ခုကို ရုတ်တရက် ဆိုသလို ကျုပ်သတိရမိလိုက်တယ် ။

ယနျရှိီစနျး အာဏာရှိနေတုန်းဖြစ်တဲ့ အဲသည်နှစ်က သိုင်းလောကထဲမှာ စိတ်ရှိတိုင်း ထင်တိုင်းကြဲနေတဲ့ စီးမင်းချူးတိုင်ကို အတော်လေး ဒေါသထွက်သွားခဲ့တယ်။

ဒါကြောင့် ခုနစ်လပိုင်း ဆယ့်ငါးရက်၊ နန်းမြို့တော်ထဲမှာ ဓားချင်းယှဥ်ဖို့ စိန်ခေါ်ခဲ့ပြီး အဲသည်ပွဲကို ကျုပ်ဆရာက သက်သေအဖြစ် တက်ရောက်ခဲ့တယ်။

ဒါပေမဲ့ အဲဒါက တကယ်တော့ ယနျရှိီစနျးရဲ့ ထောင်ချောက်တစ်ခုပဲ။ သူက လက်ရွေးစင် လေးသမား နှစ်ရာကျော်ကို ကြိုတင် ဖွက်ထားပြီး စီးမင်းချူးတိုင်ပေါ်လာတာနဲ့ တန်းပြီး ဝိုင်းသမဖို့ စောင့်နေခဲ့တာ။

သည်လိုနဲ့ လပြည့်ည၊ နန်းမြို့တော်ရဲ့ မြို့ရိုးပေါ် လရောင်ဖြာကျနေချိန်မှာ ယနျရှိီစနျးက အကြံဆိုးကြီးနဲ့ စီးမင်ချူးတိုင်ကို စောင့်နေခဲ့တာပေါ့ ။

ဟီးဟီး....... တောင်းပန်ပါတယ်ဗျာ ။ ကျုပ်စကားလမ်းကြောင်းတွေ ချော်ထွက်ကုန်ပြန်ပြီ ။

ဘယ်လိုပဲဖြစ်ဖြစ်ဗျာ ။ အကျဥ်းချုံးပြောရရင် သူတို့နှစ်ယောက် အဲသည်ညက တကယ်ကြီး နန်းမြို့ရိုးပေါ်မှာ တိုက်ခိုက်ခဲ့ကြတယ်ဗျာ ။ဒါပေမဲ့ ဘယ်သူ အနိုင်ရသွားလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိကြဘူး ။

လက်ရွေးစင် လေးသမားတွေ ဆိုရင်လည်း လက်ကျိုးမတတ်ဘဲလို့ ပြောကြတယ် ။ ကျုပ်ဆရာကတော့ အဲသည်နေ့ကစပြီး ယန်ရှီစန်းနဲ့ အဆက်အဆံ မလုပ်တော့ဘူး ။ ဘာဖြစ်လို့လဲဆိုတော့ သူ့လူတွေပစ်တဲ့ မြှားတွေက ကျုပ်ဆရာကိုတောင် မှန်ခါနီး ဖြစ်ကုန်လို့ပဲ ။

ကျုပ်ဆရာပြောပြတဲ့ အကြောင်းအရာ အရဆိုရင် အဲသည်နေ့ည တိုက်ပွဲက တကယ်ကို ဒဏ္ဍာရီ တစ်ပုဒ်ပဲ ။ ပြီးတော့ ယန်ရှီစန်း နဲ့ စီးမင်ချူးတိုင်တို့က တိုက်ခိုက်နေရင်းနဲ့ လက်လွန်ပြီး အဆောင် တစ်ခုကိုတောင် မီးရှို့မိလိုက်တယ် ပြောတယ် ။

အဲသည်အဆောင်ကတော့ တခြားမဟုတ်ဘူး ။ လျှို့ဝှက်အမှုတွဲတွေ ထားတဲ့ အဆောင်ပဲဗျ ။

အင်း.......

ကျုပ်က သက်ပြင်းတစ်ချက် ချပြီး သနားစဖွယ် ထန်ယီလေးကို ကြည့်လိုက်တယ် ။ ပြီးတော့ ပခုံးပုတျပွိီး အားပေးလိုက်တယ် ။

" အားတင်းထားကွာ ငါ့ညီ "

ဒါပေမဲ့ ဒါက လုံလောက်တယ်လို့ ကျုပ်မခံစားရဘူးဗျ ။ အဲသည်အတွက် အနှစ်နှစ်၊အလလ မစားရက်၊မသောက်ရက်၊ ကျုပ်ခိုးထား....... အဲလေ.....စုထားတဲ့ ငွေတုံးသုံးကို ထုတ်ပြီး ထန်ယီလက်ထဲ ထည့်ပေးလိုက်တယ် ။

ထန်ယီက "ဘာတွေဖြစ်နေတာလဲ "ဆိုတဲ့ အကြည့်နဲ့ ကျုပ်ကို နဝေတိမ်တောင် ပြန်ကြည့်နေတယ် ။ ပြီးတော့ ခံစားသွားရပုံနဲ့ ကျေးဇူးတင်လာတယ် ။

" ကျေးဇူးပါ "

Lord Zen

(note ***** နန်းမြို့တော်မှာ တိုက်ကြတဲ့ ဖြစ်ရပ်ကိုတော့ သိုင်းစာစဥ် ဖတ်နေကျဆိုရင် သိကြမှာပါ ။ လုရှောင်ဖုန်းရဲ့ ဒဏ္ဍာရီ ဆိုတဲ့ ဝတ္ထုမှာ ပါပါတယ် ။ ယဲ့ကူးချန် နဲ့ စီးမင်ချွေ့စွေ့တို့ တိုက်ကြတဲ့ အခန်းပေါ့ ။ ကုလုံ စာစဥ်တွေထဲမှာ တကယ့် မေ့မရတဲ့ ဒဏ္ဍာရီလာ အခန်းပါ ။

စတီဗင်ချောင်တောင်မှ သူ့ရဲ့ ဇာတ်ကားတစ်ခုမှာ အဲသည်အကြောင်းကို ဟာသအဖြစ် ပြန်ရိုက်ကူးထားပါသေးတယ် ။ )

All Chapters