← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

ရွှေလက်ဆေးတဲ့ သိုင်းဘုရင်

စာစဥ် ၂ အပိုင်း ၁၈

မှောင်မိုက်နေတဲ့ အခန်းငယ်

လျူရှန်းမန်ရဲ့ အခန်းတွေထဲက တစ်ခု ။

သည်အခန်းမှာတော့ ပြူတင်းပေါက်တွေကို စေ့နေအောင် ပိတ်ထားပြီး တံခါးကိုလည်း လုံနေအောင် သော့ခတ်ထားတယ် ။ မိီးအိမျတှေ ရှိနေပေမယ့် ထွန်းထားခြင်း မရှိဘူး ။တစ်ခုတည်းသော ရနိုင်တဲ့ အလင်းရောင်ဆိုလို့ တံခါးရွက်ကြားကနေ စိမ့်ဝင်လာတဲ့ နေအလင်းရောင် ခပ်မှိန်မှိန် တစ်ခုပဲ ။

အခန်းထဲမှာတော့ လူတစ်ယောက်က ထိုင်ပြီး နောက်တစ်ယောက်က မတ်တပ်ရပ်လျက် ရှိနေတယ် ။

မတ်တပ်ရပ်နေတဲ့ လူက ပါးပါးလျလျနဲ့ ကြည့်ရတာ အတော်လေး မိန်းကလေး ဆန်တယ် ။

ဟုတ်ပါတယ် ။ အဲသည်လူကတော့ ရှန်းယိရှန်ရဲ့ မောင်ဖြစ်သူ ရှန်းကွမ်းပါပဲ ။

ရှန်းကွမ်းက ထိုင်နေတဲ့လူကို အရိုအသေပေးပြီး ပြောလိုက်တယ် ။

" .ခေါင်းဆောင်.... လူသစ်ရွေးချယ်ပွဲက ပြီးသွားပါပြီ ။ ကျွန်တော့်အစ်မ..... အဟမ်း..... လက်ထောက်ခေါင်းဆောင်က စုစုပေါင်း လူနှစ်ဆယ့်ခုနစ်ယောက်ကို အောင်ခွင့်ပေးလိုက်ပါတယ် ။ အဲသည်ထဲက နှစ်ဆယ့်လေးယောက်ကတော့ သာမန်အဖွဲ့ဝင်တွေနဲ့ အတူတူ လူသစ်အဖြစ်ပဲ သတ်မှတ်ခံရမှာပါ ။ ကျန်တဲ့ သုံးယောက်ကတော့ စမ်းသပ်မှု အဆင့်အားလုံးကို အောင်မြင်ခဲ့လို့ လျူရှန်းမန်ထဲကို တရားဝင် ဝင်ခွင့်ရသွားပါပြီ "

ခေါင်းဆောင်လို့ အခေါ်ခံရတဲ့လူက ထိုင်ခုံပေါ်မှာ တည်တည်ငြိမ်ငြိမ် ထိုင်နေရင်း ရှန်းကွမ်းကို ခင်မင်ရင်းနှီးတဲ့ လေသံနဲ့ ပြောတယ် ။

" မဆိုးဘူး.... မဆိုးဘူး ။ အဲသည် သုံးယောက်က အတော်လေး မဆိုးကြဘူး "

ရှန်းကွမ်းက အံ့သြသွားသလို ပြန်မေးတယ် ။

" ခေါင်းဆောင် သူတို့အကြောင်း သိပြီးသားလားဗျ "

" ငါ သည်နေ့ နည်းနည်းစောစောရောက်နေတော့ ဘေးကနေ ကြည့်ခဲ့မိတယ် ။ လူသစ်တွေက မဆိုးဘူး ။ ဒါပေမဲ့ မင်းအစ်မကတော့.... ဟွန်း "

ရှန်းကွမ်းရဲ့ နဖူးပေါ်မှာ ချွေးစေးတွေ ချက်ချင်း ထွက်လာတယ် ။

အစကတည်းက ခေါင်းဆောင်နဲ့ သူ့အစ်မကြားမှာ အဆင်မပြေတာ တချို့ရှိနေပြီးသား ။ သည်နေ့ကျမှ ရှန်းယိရန်က လူအများရှေ့မှာ စီးတုအိုနဲ့ ထိပ်တိုက် ရန်သွားဖြစ်ထားသေးတယ် ။ ကြည့်ရတာတော့ နောက်ထပ် တိုက်ပွဲတစ်ပွဲ ထပ်ဖြစ်တော့မယ် ထင်ပါရဲ့ ။

အဲသည်အတွက် ရှန်းကွမ်းက စကားလမ်းကြောင်းကို အမြန် ပြောင်းလိုက်တယ် ။

" အဲသည် သုံးယောက်က တကယ် မဆိုးပါဘူးဗျ ။ သူတို့ကို ခေါ်ယူနိုင်တာက လျူရှန်းမန်အတွက် အကျိုးအမြတ် အတော်ကြီးပါလိမ့်မယ် "

ရှန်းကွမ်းရဲ့ စကားကို ကြားပြီးနောက်မှာတော့ ခေါင်းဆောင်က စိတ်ကျေနပ်သွားသလို ရယ်မောလိုက်တယ် ။

" ဟား..... ဟား..... မှန်တာပေါ့ ။ အဲသည် သုံးယောက်က ပါရမီလေး နည်းနည်းရှိတဲ့ အဆင့်လောက်ပဲ မဟုတ်ဘူး ။ နောက်နှစ်ပတ်နေရင် ကျင်းပတော့မယ့် ပြိုင်ပွဲမှာလည်း သူတို့က အသုံးဝင်တဲ့ အဖိုးတန် အစုအဖွဲ့ ဖြစ်လာဦးမှာ ။ မင်းအစ်မက ပုံမှန်ဆို အလုပ်တွေကို ဗရမ်းဗတာ လုပ်တတ်ပေမဲ့ သည်တစ်ခါတော့ လူရွေးတာ တကယ်မဆိုးဘူးလို့ ပြောရမယ် "

ရှန်းကွမ်းက " အဖိုးတန် " ဆိုတဲ့ စကားရဲ့ အဓိပ်ပါယျကို သဘောမပေါက်သေးတဲ့ပုံနဲ့ ပြန်မေးတယ် ။

" အိုး..... သူတို့က နှစ်ပတ်နေရင် ကျင်းပမယ့် ပြိုင်ပွဲမှာ ဘာအတွက် အသုံးဝင်မှာလဲဗျ "

" ဆင်ပိန်ရင် ကျွဲလောက်ကျန်တယ်" ဆိုတဲ့ ဆိုရိုးစကားတောင် ရှိသေးတာပဲ ။ လျူရှန်းမန်က အရင်ကလို မဟုတ်တော့ဘူး ဆိုပေမယ့် အစွမ်းထက်တဲ့ တိုက်ခိုက်ရေးသမားတွေ တော်တော်များများ ရှိနေပါသေးတယ် ။ အဲသည်အတွက် အခု လူသစ်သုံးယောက်ထက် အစွမ်းထက်သူတွေ လျူရှန်းမန်မှာ မရှိဘဲ မနေပါဘူး ။ ဒါကြောင့်လည်း ရှန်းကွမ်းက မေးလိုက်ရတာ ဖြစ်ပါတယ် ။

" ကြည့်ရတာ မင်းအစ်မ ဘာတွေ တွေးနေလဲ ဆိုတာကို မင်းရိပ်မိသေးပုံ မရပုံဘဲ ။ သည်ကိုလာခဲ့.....ငါပြောပြမယ် "

ခေါင်းဆောင်ရဲ့ စိတ်အခြေအနေက အတော်လေး ကောင်းနေတဲ့ပုံပဲ ။ ဘာပဲပြောပြော သူက ရှန်းယိရန်ကိုတောင် ချီးကျူးပေးလိုက်သေးတာ မဟုတ်လား ။ အဲသည်အတွက် ရှန်းကွမ်းကလည်း စိတ်ဝင်စားသွားတဲ့ပုံနဲ့ နားထောင်နေတယ် ။

ခေါင်းဆောင်က ပြုံးပြုံးကြီးနဲ့ ဆက်ပြောတယ် ။

" ဧကရာဇ်မင်းမြတ်က သည်ပြိုင်ပွဲကို ကျင်းပတာ လျူရှန်းမန်ကို အခွင့်အရေးတစ်ခု ပေးချင်လို့ပဲ ။ နိုင်တာရှုံးတာက အဓိက မဟုတ်ဘူး ။ အရှင်မင်းကြီး လိုချင်တာက သူ စိတ်ကျေနပ်သွားဖို့ပဲ ။ "

" လျူရှန်းမန်မှာ လူဘယ်လောက်ရှိတယ် ၊ ဘယ်သူက ဘယ်လောက်အရည်အချင်းရှိတယ်ဆိုတာကို ဧကရာဇ်က အစအဆုံး သိထားပြီးသား ။ ယန်ရှီစန်း လက်ထက်ကတည်းက ရှိနေခဲ့တဲ့ မင်းအစ်မကိုပဲ ထားလိုက်ဦး ၊ ငါတို့လို အမာခံအဖွဲ့ဝင်တွေရဲ့ အကြောင်းကိုတောင် သူက လက်ဖဝါးပေါ်က လက္ခဏာလမ်းကြောင်းတွေလို သိထားတာ ။ "

" မင်းအစ်မကလည်း အဲသည်အချက်ကို သိတယ် ။ အဲသည်အတွက်ကြောင့်ပဲ ပါရမီရှိတဲ့ လူသစ်တချို့ကို သီးသန့် ရွေးခေါ်ခဲ့တာ "

ရှန်းကွမ်းရဲ့ ခေါင်းထဲမှာတော့ သူ့ကို မိန်းကလေးလို့တောင် အထင်မှားခဲ့တဲ့ ငကြောင်ကောင် မင်ဖေးဟန်ရဲ့ မျက်နှာက ပေါ်လာတယ် ။

" သည်တော့ ခေါင်းဆောင် ပြောချင်တာက.... အဲသည် သုံးယောက်က အရှင်မင်းကြီးကို သဘောကျအောင် လုပ်နိုင်တယ်ပေါ့ "

ရှန်းကွမ်းက စိတ်ထဲကနေပြီး ထပ်တွေးမိတယ် ။

အဲသည် ငကြောင် မင်ဖေးဟန်ကရော ဟုတ်လို့လား......

ခေါင်းဆောင်က လက်ချောင်းတွေကို တဖျောက်ဖျောက် ချိုးလိုက်ပြီး ယုံကြည်ချက်အပြည့်နဲ့ ပြောတယ် ။

" ဒါပေါ့ ။ ပထမဆုံး ထန်ယီကိုပဲ ပြောရအောင် ။ အဲသည်ကောင်လေးရဲ့ သိုင်းပညာက အတော်လေး မဆိုးဘူး ။ လျူရှန်းမန်ထဲက အမာခံအဖွဲ့ဝင်တွေနဲ့တောင် သိပ်မကွာလောက်ဘူး ။ "

" နာမည်ကြီး ဆရာတစ်ယောက်ဆီကနေ ထိပ်တန်းသိုင်းပညာတစ်မျိုးကို သင်ယူနိုင်တယ်

ဆိုတာက အတော်လေး ရှားတယ် ။ ဒါပေမဲ့ သူက သိုင်းပညာ အမျိုးမျိုးကို သင်ယူထားတဲ့အပြင် တစ်မျိုးချင်းစီတိုင်းမှာလည်း ကျွမ်းကျင်တယ် ။ ပါရမီကတော့ တကယ်ကို ကြောက်ဖို့ကောင်းတဲ့ အဆင့်ပဲ ။ "

" တကယ်လို့သာ သူ့ကို လျူရှန်းမန်ရဲ့ ထိပ်တန်းသိုင်းပညာတွေ သင်ပေးလိုက်မယ်ဆိုရင် လပိုင်းအတွင်းမှာတင် လျူရှန်းမန်ရဲ့ ထိပ်သီးတွေထဲ ဝင်သွားနိုင်တယ် ။ အရှင်မင်းကြီးရဲ့ မျက်နှာသာကိုလည်း အလွယ်တကူ ရသွားမှာပဲ ။ ဧကရာဇ်က ပါရမီရှိတဲ့ လူတွေကို သဘောကျတတ်တာ မဟုတ်လား ။ သည်လို လူငယ်ပါရမီရှင်မျိုးကို သဘောကျမှာ သေချာတယ် "

ရှန်းကွမ်းကတော့ စိတ်ပူနေမိတယ် ။ ဘာပဲပြောပြော စုရှောင်ဆိုတာက ငယ်သေးတဲ့အပြင် သိုင်းပညာဘက်မှာလည်း အားနည်းနေသေးတာ မဟုတ်လား ။

" ဒါပေမဲ့....."

" စုရှောင်ကို ပြောတာလား ။ အဲသည်ကောင်လေးက အခြေခံကောင်းတယ် ။ ဥာဏ်လည်း ထက်တယ် ။ နောင်တစ်ချိန်ကျရင် နာမည်တစ်ခုတော့ ရလာမှာပဲ ။ ဒါပေမဲ့ အခုလက်ရှိ အဆင့်နဲ့တော့ မရသေးဘူး "

" အားကွမ်း.....မင်းက အတွေ့အကြုံ နည်းသေးတယ် ။ နှစ်ပတ်နေရင် ကျင်းပမယ့် ပြိုင်ပွဲမှာ အနိုင်ရတာက အရေးအကြီးဆုံး မဟုတ်ဘူးဆိုတာကို မမေ့နဲ့ ။ တကယ် အရေးကြီးတာက အရှင်မင်းကြီးဆီမှာ ဘယ်လို အမြင်မျိုး ကျန်ခဲ့မလဲ ဆိုတာပဲ ။ "

" ပြီးတော့ ဧကရာဇ်က ငါတို့ကို ဘယ်လိုမြင်မလဲဆိုတာကလည်း သူ့ရဲ့ မိဖုရားတွေ နဲ့ မင်းသမီးတွေရဲ့ အမြင်ပေါ်မှာ မူတည်သေးတယ် ။ "

" ပြောရမယ်ဆိုရင် စုရှောင်ဆိုတဲ့ကောင်လေးက

အရမ်း ရုပ်ချောတယ် ။ပိုတိတိကျကျ ပြောရရင် မိန်းကလေးတွေထက်တောင် ပိုလှနေသေးတာကွာ ။ အဲသည်ကောင်က မိန်းမသားတွေရဲ့ သဘောကျမှုကို သေချာပေါက် ရမှာပဲ ။ မင်းအစ်မ သူ့ကို သဘောကျသွားတဲ့ အဓိက အချက်ကလည်း အဲသည် မျက်နှာလေးကြောင့်ပဲ "

" အိုး..... သည်လိုကိုး "

ရှန်းကွမ်းကတော့ ရှန်းယိရန်ရဲ့ လူရွေးတဲ့ မျက်စိကို မချီးကျူးဘဲ မနေနိုင်တော့ဘူး ။

ဒါပေမဲ့ အဲသည်အချိန်မှာပဲ လူတစ်ယောက်ကို ရုတ်တရက် သတိရသွားတယ် ။

အဲသည်လူက သိုင်းပညာ မကောင်းဘူး ။ အသက်လည်း မငယ်တော့ဘူး ။ ရုပ်ရည်ကလည်း ဘာမှ ထူးထူးခြားခြား မရှိဘူး ။ ပြီးတော့ ပါးစပ်ကလည်း အလကား ပေါက်ပန်းလေးဆယ်တွေ လျှောက်ပြောနေတာတွေချည်းပဲ ။ ဒါပေမဲ့ အဲသည်လို လူတစ်ယောက်ကိုတောင် ရှန်းယိရန်က ခေါ်ယူခဲ့သေးတယ် မဟုတ်လား ။

ခေါင်းဆောင်က ရှန်းကွမ်းရဲ့ မျက်နှာပေါ်က အမူအယာကို မြင်လိုက်တာနဲ့ သူ ဘာမေးတော့မယ်ဆိုတာ ချက်ချင်း သဘောပေါက်သွားတယ် ။

ခေါင်းဆောင်က ခပ်ဖျော့ဖျော့ ရယ်လိုက်ပြီး ဆက်ပြောတယ် ။

" မင်ဖေးဟန်ကျတော့ ငါးစာ တစ်ခုလိုပဲကွ ။ အဲသည်ကောင်ရဲ့ သိုင်းပညာက သာမန်ပဲ ရှိတယ် ။ လူကလည်း သိပ်အသုံးဝင်တဲ့ အမျိုးအစား မဟုတ်ဘူး ။ ဒါပေမဲ့ သူ့နောက်ခံက မဆိုးဘူး ။ "

" တာ့လျိုတောင်ဆိုတာ တစ်ချိန်တုန်းက ရှောင်လင် ၊ ဝူတန်တို့နဲ့အတူ သိုင်းလောကရဲ့ အကြီးဆုံး ဂိုဏ်းသုံးဂိုဏ်းထဲက တစ်ခု မဟုတ်လား ။ အဲသည်တော့ သူတို့က အင်အားကြီးအဖွဲ့အစည်း ဖြစ်လာနိုင်တဲ့ အလားအလာ ရှိတယ် ။ "

" ပြီးတော့ တာ့လျိုတောင်က လူတွေကလည်း အချင်းချင်း အတော်လေး ဖေးမ ကာကွယ်ပေးတတ်ကြတယ် ။ သူတို့ထဲက တစ်ယောက်ယောက် ဒုက္ခရောက်တာနဲ့ ကျန်တဲ့လူတွေက သေချာပေါက် ဝင်ကူကြမှာပဲ ။ မင်းအစ်မက အဲသည်အချက်ကို ထည့်တွက်ပြီး သူ့ကို ခေါ်လိုက်တာ "

" အင်း..... သည်လိုကိုး "

" သိုင်းပြိုင်ပွဲက ငါတို့အတွက် အခွင့်အရေးကြီးတစ်ခုပဲ ။ အဲသည်အတွက် မင်းအစ်မက သည်ကိစ္စကို အတော်လေး အလေးထားနေတာ ။ ငါကိုယ်တိုင်လည်း ပြိုင်ပွဲကိစ္စနဲ့ ပတ်သက်ပြီး သူနဲ့ အကြိမ်ကြိမ် အငြင်းပွားခဲ့ဖူးတယ် ။ ဒါပေမဲ့ ကြည့်ရတာတော့ လူသစ်တွေကို လူသိရှင်ကြား ခေါ်ယူချင်တဲ့ သူ့ဆုံးဖြတ်ချက်က မှန်သွားပုံပဲ "

" ဟုတ်ပါတယ် ။ သည်ကိစ္စအတွက် ကျွန်တော့်အစ်မလည်း တော်တော် ပင်ပန်းထားရတာ "

သူတို့နှစ်ယောက်က အလုပ်ကိစ္စတွေကို ဆက်ပြီး ဆွေးနွေးနေကြတယ် ။

အဲသည်အချိန်မှာပဲ ခေါင်းဆောင်က ရုတ်တရက် ရယ်လိုက်ပြီး ပြောတယ် ။

" အားကွမ်း..... ငါ့ကို သည်လောက်ကြီး စိမ်းကားနေစရာ မလိုဘူး ။ အလုပ်ကိစ္စတွေလည်း ပြီးသွားပြီဆိုတော့ သွားကြစို့ ။ မင်းအစ်မဆီ သွားပြီး လက်ဖက်ရည် သောက်ကြတာပေါ့ "

ရှန်းကွမ်းကတော့ နေရာမှာတင် တောင့်သွားတယ် ။

အစောပိုင်းတုန်းကမှ ခေါင်းဆောင်နဲ့ သူ့အစ်မက စကားများထားကြတာ မဟုတ်လား ။အဲဒါကို အခု ခေါင်းဆောင်နဲ့အတူ သူ့အစ်မဆီ သွားလိုက်ရင် ပြဿနာတစ်ခုခု ထပ်ဖြစ်လာမှာ မဟုတ်ဘူးလား ။

" ဘာဖြစ်လို့လဲ ။ မင်းအစ်မက ငါလာတာကို မကြိုက်ဘူး ပြောထားလို့လား "

ရှန်းကွမ်းက လက်တွေကို အလျင်အမြန် ယမ်းပြီး ပြန်ဖြေတယ် ။

" မဟုတ်ပါဘူး.... မဟုတ်ပါဘူး ။ အစ်မက ဘာလို့ မကြိုက်ရမှာလဲဗျ ။ ခင်ဗျား လာတာကို သဘောကျမှာပါ ယောက်ဖ "

" ငါသိသားပဲ"

အဲသည်နောက်မှာတော့ ခေါင်းဆောင်က ပြုံးလိုက်ပြီး ရှန်းကွမ်းနဲ့အတူ အခန်းထဲကနေ ထွက်သွားတော့တယ် ။

Lord Zen

All Chapters