အခန်း ၂၀
Vol. 2 Ch. 20
ရွှေလက်ဆေးတဲ့ သိုင်းဘုရင်
စာစဥ်၂ အပိုင်း ၂၀
အစ်မကြီးရှန်းက ကျုပ်တို့ကို "ငကြောင်တွေပါလား" ဆိုတဲ့ အကြည့်နဲ့ ပြန်ကြည့်တယ် ။
" ငါသိရင် မင်းတို့ကို မေးနေဦးမှာလား "
ကျုပ်ကလည်း လူပါးပဲဗျ ။ ဒါမျိုးတော့ ဘယ်ရမလဲ ။ အဖြေဖြစ်ရင် ပြီးရော ဆိုပြီး အမြန် ပြောလိုက်တာပေါ့ ။
" အဲသည်ကောင်လေးက မနက်မိုးမလင်းခင်တည်းက သိုင်းကျင့် နေတာဗျ ။ ကြည့်ရတာ စျာန်ဝင်သွားလို့ အချိန်မေ့သွားပုံပါပဲ လက်ထောင်ခေါင်းဆောင် "
ကျုပ်ရဲ့အဖြေက ကောင်းလွန်းလို့လားတော့ မသိဘူး ။ စုရှောင်က ကျုပ်ကို လုံးဝ အံ့သြသွားပုံနဲ့ ကြည့်လာတယ် ။ ပြီးတော့ သူလည်း "ရေလိုက်ငါးလိုက်" လုပ်တော့တာပဲဗျ ။
" ဟုတ်... ဟုတ်ပါတယ်....လက်ထောက်ခေါင်းဆောင် ။ အစ်ကိုယန်လင်းက သိုင်းလေ့ကျင့်ဖို့ကိုပဲ အာရုံစိုက်နေတာ ။ ဒါကြောင့် အစည်းအဝေး တက်ဖို့ကို သူမေ့သွားတာ နေမှာပါ "
ကျုပ်တို့ရဲ့ ဖြေရှင်းချက်ကို ကြားတော့ ရှန်းယိရန်က လက်ခါလိုက်တယ်။
" ဒါဆိုရင်လည်း ထားလိုက်တော့ ။ သူသိုင်းကျင့်ချင်တယ်ဆိုရင် ကျင့်ပါစေ ။ သူ့ကို သည်နေ့ ငါပြောတဲ့ဟာတွေသာ ပြန်ပြောလိုက် "
" ဟုတ်ကဲ့ပါ.....လက်ထောက်ခေါင်းဆောင်"
ရှန်းရိယန်က အချိန်တွေ ဆွဲမနေတော့ဘူး။ သူက သူလိုချင်တာကိုပဲ အမိန့်ဆန်ဆန် ပြောလာတယ်။
" မင်းတို့သုံးယောက်က သည်နေ့ကစပြီး လျူရှန်းမန်ရဲ့ တရားဝင်အဖွဲ့ဝင်တွေ ဖြစ်ပြီ ။ သည်တော့ ငါမေးမယ် ။ငါတို့ တရားရေး အရာရှိတွေက ပုံမှန်ဆိုရင် ဘာတွေ လုပ်ကြတယ် ထင်သလဲ "
မေးခွန်းတောင် ဆုံးမယ် မကြံသေးဘူးဗျ ။
ဆရာ၊ဆရာမတိုင်းရဲ့ အချစ်တော်လေး စုရှောင်က လက်မြှောက်ပြီး ဖြေနေပြီ ။
" မကောင်းသူပယ် ၊ ကောင်းသူကယ်တယ် ။ပြီးတော့ ပြည်သူတွေကို မိဘဆွေမျိုးလို သဘောထားပြီး ကာကွယ် စောင့်ရှောက်တယ် "
ရွာသူကြီး တစ်ယောက်တောင်မှ မင်းပြောတာတွေကို လုပ်နိုင်တယ်လေ ။ အဲသည်လောက်ပဲ လုပ်နေရမယ်ဆိုရင် လျူရှန်းမန်က မင်းကို ဘာလုပ်လို့ ခေါ်နေဦးမှာလဲ ငတုံးကောင်ရ......
စုရှောင်ရဲ့ အဖြေကိုကြားတော့ မရယ်ဘဲ မနေနိုင်တော့ဘူး ။
" ဟား....ဟား....ဟား.....ငါတို့ လျူရှန်းမန်က အရာရှိတွေက မင်းပြောတဲ့ အဲလို အလုပ်မျိုး မလုပ်ကြဘူး စုရှောင်ရဲ့ ။ ဒါပေမဲ့ ယေဘုယျအားဖြင့် ဆိုရင်တော့ မင်းပြောတာက နီးစပ်ပါတယ် ။ ငါတို့ လျူရှန်းမန်တွေရဲ့ တကယ့် တာဝန်က ကောင်းမှုကို ကောင်းမှုအဖြစ်၊ မကောင်းမှုကို မကောင်းမှုအဖြစ် ပြတ်ပြတ်သားသား တရားစီရင်ဖို့ပဲ ။ တင်စားပြီး ပြောရမယ်ဆိုရင် ကောင်းကင်ကိုယ်စား အပြစ်ပေးတယ်လို့တောင် ပြောလို့ရတယ်
ဥပဒေနဲ့ စည်းကမ်းတွေကို ထိန်းသိမ်းတာလည်း ငါတို့အလုပ်ထဲ ပါတယ် ။ ဒါပေမဲ့ နန်းတွင်းထဲမှာတော့ ချီလင်ကိုယ်ရံတော်တပ်နဲ့ နန်းတွင်း ကိုယ်ရံတော် တပ်ဖွဲ့တွေက စည်းကမ်းထိန်းသိမ်းရေးကို ချုပ်ကိုင်ထားပြီးသား ။သည်တော့ ငါတို့က ငြိမ်းချမ်းရေးကို ထိန်းသိမ်းပြီး မကောင်းမှုကို အမြစ်ပြတ် တိုက်ဖျက်တဲ့ တာဝန်ကိုပဲ ယူရတယ် "
စကားပြောနေရင်းနဲ့ ရှန်းယိရန် ဇာမဏီခန်းမ အရှေ့က ပြောင်လက်နေတဲ့ ဆိုင်းဘုတ်ကို လက်ညှိုး ညွှန်ပြလိုက်တယ် ။
" ကောင်းကင်ဘုံကိုယ်စား မကောင်းမှုကို စီရင်လော့ "
ဒါကတော့ ဆိုင်းဘုတ်ပေါ်မှာ ရေးထိုးထားတဲ့ စာလုံးတွေပဲဗျ ။
ရှန်းယိရန်က ဆက်ပြောတယ် ။
" အဲသည်ဆိုင်းဘုတ်က နိုင်ငံတော်ကို ပထမဆုံး တည်ထောင်ခဲ့တဲ့ ဧကရာဇ် ဘုရင်မင်းမြတ်ကိုယ်တိုင် ငါတို့လျူရှန်းမန်တွေကို ချီးမြှင့်ခဲ့တဲ့ ဂုဏ်ပြုလက်ဆောင်ပဲ ။ အဲဒါက ငါတို့လျူရှန်းမန်တွေ လိုက်နာတဲ့ နံပါတ်တစ် စည်းမျဥ်းလည်း ဖြစ်တယ် ။ ဒါကြောင့် ဘယ်အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ငါတို့လျူရှန်းမန်တွေက မကောင်းမှုကိုမြင်ရင် မရရအောင် တရားစီရင်ရမယ် ။ နားလည်ပြီလား
ရှန်းယိရန် စကားဆုံးတဲ့နောက်မှာတော့ စုရှောင်က မျက်နှာတွေ နီရဲသွားတယ် ။ပြီးတော့ စိတ်လှုပ်ရှားစွာနဲ့ အော်လိုက်တယ် ။
" နားလည်ပါပြီ.... အစ်မရှန်း"
ကျွတ်....ကျွတ်..... သိပ်သနားစရာ ကောင်းလိုက်တဲ့ ကလေးပါလား ။
ရှန်းယိရန်က စကား ဘယ်နှစ်ခွန်းမှတောင် မပြောရသေးဘူး ။ သည်ကလေးက ဦးနှောက် ဆေးခံပြီးသွားပြီ ။
စုရှောင်လေး...... မင်းဆီမှာ မင်းထက် ဥာဏ်ရည် မဆိုစလောက်လေးပဲ မြင့်တဲ့ အစ်မတွေ၊ညီမတွေများ မရှိဘူးလား ။
ရှိခဲ့ရင် ငါ့ကို မိတ်ဆက်ပေးပါလား ။ အချိန်သုံးနာရီနဲ့ မင်းအစ်မတွေ အကုန်လုံးကို ကုတင်ပေါ် မတင်နိုင်ရင် ငါငတုံးပဲ ....ဟုတ်ပြီလား ....
နေဦး.....ခဏလေး....မမိတ်ဆက်ပေးနဲ့တော့ ။ မသကာ ငါ့မျိုးဆက်တွေ အကုန် မင်းလို လွယ်လွယ်နဲ့ ဦးနှောက်ဆေး ခံနေရရင် ဘယ်လိုလုပ်မတုန်း ။
" ကောင်းတယ်"
ရှန်းယိရန်က စုရှောင်ကိုကြည့်ပြီး ကျေနပ်တဲ့ပုံနဲ့ ခေါင်းညိတ်လိုက်တယ် ။
" ကဲ....ကဲ....ဘာမဟုတ်တဲ့ ကိစ္စတွေနဲ့ ငါလေကုန်မခံချင်တော့ဘူး ။ သည်တော့ မင်းတို့ရဲ့ တာဝန်အတွက် ဆရာရွှီးကို သွားတွေ့လိုက်ကြ ။ မင်းတို့နှစ်ယောက် လျူရှန်းမန်ရဲ့ ထိပ်သီး စာရင်းမှာ ပါလာပါစေလို့ ငါမျှော်လင့်ပါတယ် "
"ဟုတ်ကဲ့ပါ....လက်ထောက်ခေါင်းဆောင်"
အမှန်ဆို ထွက်သွားလိုက်ရင် ပြီးနေပြီဗျ ။ အဲဒါကို စုရှောင်ဆိုတဲ့ ငတုံးက မသွားသေးဘဲ အရစ်ရှည်နေပြန်တယ် ။
" ဟိုဟာ..... လက်ထောက်ခေါင်းဆောင်..... လျူရှန်းမန် ထိပ်သီး စာရင်းဆိုတာ... ဘာကို ပြောတာလဲဟင်"
" မင်းမသိဘူးလား..... ဖေးဟန်.... မင်းကောသိလား"
" မသိတသိပဲဗျ "
အစ်မကြီးရှန်းက ရှင်းပြနေဖို့ သိပ်စိတ်ဝင်စားပုံ မရဘူး ။ သူက လက်ဝှေ့ယမ်းပြီး စိတ်မပါတပါ ပြောလာတယ် ။
" အင်း......ဒါဆိုရင်လည်း အစောင့်တစ်ယောက်ရှာပြီး မေးကြည့်လိုက်တော့ ။ ပြီးရင် ဆရာရွှီးကို သွားတွေ့ဖို့ မမေ့နဲ့ "
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ကျုပ်က အဲသည် လျူရှန်းမန် ထိပ်သီးစာရင်း ဆိုတာကို ကောင်းကောင်းကြီး သိတယ်ဗျ ။အဲဒါကြောင့်မို့လည်း ကျုပ်က အဲသည်အကြောင်းကို လုံးဝ မပြောချင်တာ ။
လျူရှန်းမန် ထိပ်သီး စာရင်း ဆိုတာက
နန်းတွင်းက စီစဥ်ထားတဲ့ စနစ်တစ်ခုပဲ ။ အဲသည်စာရင်းမှာက ဘုရင့်လက်အောက်ခံ အဖွဲ့တွေထဲက အတော်ဆုံး လူတွေကို အစဥ်လိုက် မှတ်တမ်း တင်ထားတာ ။
နိုင်ငံတော် တည်ထောင်ခါစ အချိန်တွေကဆိုရင် လျူရှန်းမန်က ဧကရာဇ်ဘုရင်မင်းမြတ်ရဲ့ ကိုယ်ရံတော်တွေပေါ့ဗျာ ။ သူတို့က အသက်နဲ့ရင်းပြီး အရှင်မင်းကြီးနောက် လိုက်တိုက်ပေးခဲ့ကြတာ ။ အာဏာရှင်တွေ ၊ သူပုန်တွေ ၊ မင်းဆိုးမင်းညစ်တွေကိုလည်း မရေမတွက်နိုင်အောင် သုတ်သင်ခဲ့တယ် ။
အဲဒါကြောင့် နိုင်ငံတည်ထောင်ပြီးတဲ့နောက်မှာ ဧကရာဇ်ဘုရင်မင်းမြတ်က လျူရှန်းမန်အတွက် သီးသန့် အဆင့်စာရင်းတစ်ခုကို တည်ထောင်ပေးခဲ့တာပဲ ။
ပြီးတော့ လျူရှန်းမန်က အတော်ဆုံး တိုက်ခိုက်ရေးသမား သုံးယောက်ကို ခေါင်းဆောင်တွေအဖြစ် သတ်မှတ်ပြီး
ယင်းလုံ ( ဘာမထီ နဂါး )
ချင်းလင် ( နတ်မြင်းပျံ)
ဖေးယွီ ( ငါးပျံ) ဆိုတဲ့ ဘွဲ့နာမည်တွေ ပေးအပ်ခဲ့တယ် ။
သည်လိုနဲ့ နောက်ပိုင်းမှာ အဲသည် သတ္တဝါ သုံးကောင်......တောင်းပန်ပါတယ် ..... ကျုပ်ပြောချင်တာက အဲသည်လူသုံးယောက်က ဧကရာဇ် ဘုရင်မင်းမြတ်ရဲ့ မျက်နှာသာ ပေးမှုနဲ့အတူ နန်းတွင်းတစ်ခုလုံးမှာ သြဇာအာဏာ ကြီးမားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာခဲ့ကြတယ် ။
ဒါပေမဲ့ ပြဿနာတစ်ခု ရှိလာတယ်ဗျ ။ လျူရှန်းမန်မှာ ခေါင်းဆောင်ရာထူးက တစ်ယောက်တည်းအတွက်ပဲ ရှိတာလေ ။ အဲဒါကြောင့် သုံးယောက်သား ဘယ်သူက ခေါင်းဆောင်ဖြစ်မလဲဆိုတာကို သိုင်းပညာနဲ့ ဆုံးဖြတ်ဖို့ လုပ်လိုက်ကြတယ် ။
မြောက်ပင်လယ်ဒေသမှာ ခုနစ်ရက် ခုနစ်ညတိတိ တိုက်ခိုက်ခဲ့ကြပြီး နောက်ဆုံးမှာ ဖေးယွီက ကျန်တဲ့နှစ်ယောက်ကို အနိုင်ယူသွားခဲ့တယ် ။
အဲဒါကြောင့် သူက လျူရှန်းမန်ရဲ့ ပထမဆုံး ခေါင်းဆောင် ဖြစ်လာခဲ့တာပဲ ။
သည်နေ့ထိ လျူရှန်းမန်ရဲ့ ဝတ်စုံတွေပေါ်မှာ ငါးပျံ အမှတ်တံဆိပ် ထည့်ပြီး ချုပ်ထားတာကလည်း အဲသည်အကြောင်းကြောင့်ပဲ ။ ထန်ယီရဲ့ ခရမ်းရောင် အရာရှိဝတ်စုံပေါ်မှာတောင် ငါးပျံတစ်ကောင် ရှိနေသေးတယ်လေ ။
ဒါပေမဲ့ အရှုံးပေးလိုက်ရတဲ့ ကျန်တဲ့နှစ်ယောက်က မကျေနပ်ကြဘူးဗျ ။ သူတို့က လျူရှန်းမန်ကနေ နုတ်ထွက်သွားကြတယ် ။ ပြီးတော့ သူတို့ရဲ့ အရင်က စွမ်းဆောင်မှုတွေကို အသုံးချပြီး ဧကရာဇ်ဆီက သီးခြား ရာထူး နှစ်ခုကို တောင်းယူလိုက်ကြတယ် ။
အဲသည်အချိန်ကစပြီး အခုလက်ရှိ နန်းတွင်းကိုယ်ရံတော်တပ်နဲ့ ချီလင်ကိုယ်ရံတော်တပ် ဆိုတဲ့ အဖွဲ့သစ်နှစ်ဖွဲ့ ပေါ်လာခဲ့တာပဲ ။
ယင်းလုံက နောက်ပိုင်းမှာ နန်းတွင်းကိုယ်ရံတော်တပ်ကို တည်ထောင်သွားခဲ့တယ် ။
ချင်းလင်ကတော့ ချီလင်ကိုယ်ရံတော်တပ်ကို ဖွဲ့စည်းလိုက်တယ် ။
အဲသည်လိုနဲ့ မူလက လျူရှန်းမန်အတွက်ပဲ အသုံးပြုခဲ့တဲ့ လက်ရွေးစင် ထိပ်သီး အဆင့်စာရင်းက နောက်ပိုင်းမှာ အဖွဲ့သုံးခုစလုံးကို ထည့်တွက်ပြီး အဆင့်သတ်မှတ်တဲ့ စနစ်အဖြစ် ပြောင်းလဲသွားခဲ့တာပဲ ။
ပြောကြတာတော့ အဲသည်စာရင်းထဲမှာ အဖွဲ့သုံးဖွဲ့လုံးက အားအကောင်းဆုံး လူငါးဆယ်ကို မှတ်တမ်းတင်ထားတယ်တဲ့ ။
တကယ်လို့ အဲသည်ထိပ်တန်းငါးဆယ်ထဲ ဝင်သွားနိုင်ပြီဆိုရင် နန်းတွင်းအရာရှိတွေက သိုင်းလောကနဲ့ ပတ်သက်တဲ့ ကိစ္စကြီးတွေကို မင်းဆီ တာဝန်ပေးလာကြလိမ့်မယ် ။
ဘာပဲဖြစ်ဖြစ် မှတ်ထားရမှာတစ်ခုက ခင်ဗျားအနေနဲ့ လျူရှန်းမန် ထိပ်သီး စာရင်းထဲ ဝင်သွားပြီ ဆိုရင် သိုင်းလောကထဲ ကိစ္စတွေနဲ့ အဆက်ဖြတ်ပြီး နေနိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး ဆိုတာပဲ ။
အစောင့်တစ်ယောက် ရှင်းပြတာကို နားထောင်ကြည့်တော့ အဲသည် ထိပ်သီး အဆင့်စာရင်းထဲ ဝင်ဖို့က သိပ်ခက်ခဲတဲ့ပုံတော့ မပေါ်ဘူးဗျ ။
တာဝန်တွေ များများလုပ် ၊ တွေ့သမျှ သူခိုး အကုန်ဖမ်း ၊ သိုင်းလောကထဲက ဓားပြ မှန်သမျှကို ထုထောင်း၊ရိုက်နှက် ။ အဲဒါဆို အဆင့်တက်လာမှာပဲတဲ့ ။
လျူရှန်းမန် ထိပ်သီးစာရင်းတဲ့ ။
ကျုပ်ဖင်ကြီးကို ထိပ်သီးစာရင်းပါလား ။
ဘယ်သူ အလုပ်ကြမ်း အလုပ်နိုင်ဆုံးလဲ ဆိုပြီး စာရင်း လုပ်ထားတာနဲ့တောင် ပိုတူနေသေးတယ်ဗျာ ။
သေရင် သေပါစေ ။ ကျုပ်ကတော့ အဲသည်လို စာရင်းမျိုးမှာ အဆင့်မဝင်ချင်ဘူးဗျို့ ။ပြီးတော့ အဆင့်ဝင်သွားလို့လည်း ဘာကောင်းကျိုးမှ ရှိတာ မဟုတ်ဘူးလေ ။
ဘာလဲ....... ခင်ဗျားတို့က ကျုပ်ပြောတာ မယုံဘူးလား ။
သံမဏိဓားစာစောင်မှာတောင် အဲသည်လို အဆင့်သတ်မှတ်ထားတဲ့ စာရင်းတွေ အများကြီးပဲဗျ ။
အဲသည်ထဲမှာမှ အကျော်ကြားဆုံးကတော့ သိုင်းသခင် အဆင့်စာရင်း နဲ့ အလှနတ်မိမယ် စာရင်း ပေါ့ ။
အလှနတ်မိမယ် စာရင်းဆိုတာက သိုင်းလောကထဲက အလှဆုံး မိန်းကလေးတွေကို အဆင့်သတ်မှတ်ထားတာ ။
ပြီးတော့ အဲဒါကို အလှအပ နဲ့ ဉာဏ်ရည်ဉာဏ်သွေး
ဆိုပြီး ခေါင်းစဥ်နှစ်ခု ထပ်ခွဲထားသေးတယ် ။
ကျုပ်အထင် ပြောရရင် အစ်မကြီးရှန်းက အလှအပ အုပ်စုထဲမှာ တတိယနေရာ ရထားတာဖြစ်ရမယ် ။ ဒါကို ကျုပ်လည်း မနေ့ကမှ သိလိုက်တာဗျ ။
သိုင်းသခင် စာရင်း ကတော့ နာမည်အတိုင်းပဲ ။ သိုင်းပညာ အမြင့်ဆုံးလူတွေကို အဆင့်သတ်မှတ်ထားတဲ့ စာရင်း ။ ထိပ်ဆုံး သိုင်းပညာရှင် တစ်ရာကိုပဲ မှတ်တမ်းတင်တဲ့ စနစ်နဲ့ သွားတာ ။
ဒါပေမဲ့ တိုက်ပွဲဆိုတာ အနိုင်အရှုံးရှိတဲ့အရာမဟုတ်လား ။ အဲဒါကြောင့် အဆင့်တွေက နေ့တိုင်း ပြောင်းနေတတ်တယ် ။
ကျုပ်ဆရာ ၊ မကောင်းဆိုးရွား ဂိုဏ်းခေါင်းဆောင် စီးမင်ချူးတိုင် နဲ့ လျူရှန်းမန်ခေါင်းဆောင် ယန်ရှီစန်းတို့ဆိုရင် ထိပ်ဆုံး ဆယ်ယောက်ထဲ ဝင်ရဖို့အရေး တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် ကြိုးစားခဲ့ကြတာ ။ဒါပေမဲ့ သုံးယောက်လုံးက ဟာသပါပဲ ။
စီးမင်ချူးတိုင်ဆိုတဲ့ လူက လူသတ်တာကို ထမင်းစားရေသောက်လို လုပ်နေတဲ့ကောင် ။ သူရဲ့ နာမည်ဆိုးက မိုးထိ ရောက်နေပြီ ။
ကျုပ်ဆရာလား..... သူရဲ့ နာမည်က စီးမင်ချူးတိုင်ထက်ကို ပိုဆိုးသေးတယ် ။ သိုင်းလောက တစ်ခုလုံးအနှံ့ အားအားယားယား လျှောက်သွားနေပြီး ဘယ်အိမ်မှာ သမီးပျိုရှိလဲ ပတ်ချောင်းနေတာ ။
ယန်ရှီစန်းကို ဆိုရင်တော့ မေ့ပါမေ့ပစ်လိုက်တော့ဗျာ ။ သူက အခု ဘယ်မှာ အိမ်သာ ဆေးနေလဲ ဆိုတာတောင် ဘယ်သူမှ မသိဘူး ။
ကဲ.....ခင်ဗျားတို့ပဲ စဥ်းစားကြည့်.....
သိုင်းသခင် စာရင်းရဲ့ ထိပ်ဆုံးဆယ်ယောက်တောင် သည်လောက် ခွေးဖြစ်နေကြတာကို အဆင့်စာရင်း ဝင်ရတာ ဘာတန်ဖိုးရှိသေးလို့လဲ ။
ကျုပ်က စိတ်ပျက်လက်ပျက်နဲ့ မျက်လုံးတွေ အရောင်တောက်နေတဲ့ စုရှောင်ဆိုတဲ့ ကောင်စုတ်လေးကို ခေါ်ပြီး ခြံလေးတစ်ခုထဲက ဆရာရွှီးရဲ့ ရုံးခန်းဆီ သွားလိုက်တယ် ။
ဆရာရွှီးက လျူရှန်းမန် လူမှုဆက်ဆံရေး ဌာနက အရာရှိတစ်ယောက် ။ သူ့ရဲ့ အဓိကတာဝန်က လျူရှန်းမန်ရဲ့ ထိပ်သီး စာရင်းကို စာရင်းပြုစုရတာပဲ ။
ခြံထဲ ဝင်ဝင်ချင်းပဲ ပန်းတွေကို မြေသြဇာ ကျွေး
နေတဲ့ ဝဖိုင့်ဖိုင့် မိန်းမစိုးတစ်ယောက်ကို တွေ့လိုက်ရတယ် ။
ကျုပ်မှတ်ဉာဏ်သာ မမှားဘူးဆိုရင် ဆရာရွှီးက မိန်းမစိုးပဲဗျ ။
လက်ရှိမင်းဆက်ရဲ့ ဥပဒေအရဆိုရင် မိန်းမစိုးတွေကလည်း စာမေးပွဲဖြေနိုင်ပြီး ပညာတတ်ရင် အရာရှိဖြစ်ခွင့်ရှိတယ် ။ အဲဒါကြောင့် သည်ကိစ္စနဲ့ ပတ်သက်ပြီး ကျုပ်နဲ့ စုရှောင်လည်း သိပ်မအံ့သြကြဘူး ။
ကျုပ်တို့နှစ်ယောက် ရှေ့တက်သွားပြီး အရိုအသေ ပေးလိုက်တယ် ။
" ဆရာရွှီးကို ဂါရဝပြုပါတယ်"
ဆရာရွှီးက ကျုပ်တို့ကို လှည့်ကြည့်ပြီး ပြုံးပြတယ် ။
" ကျေးဇူးပြုပြီး ထုံးတမ်းစဥ်လာတွေ လုပ်မနေပါနဲ့ ။ သည်ကို ရောက်လာပြီဆိုမှတော့ သိပြီးသား ဖြစ်မှာပဲ ။ ငါ့နာမည်က ရွှီးတူးဝမ်းတဲ့ "
သရီး.... တူး...ဝမ်း....
ဘုရားရေ......ခင်ဗျားအဖေက နိုင်ငံခြားသားများလားဗျ ။
ကျုပ်တော့ ဦးနှောက်တွေ ထိုင်းမှိုင်းသွားပြီဗျို့
Lord Zen