← Chapters

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

Vol. 3 Ch. 21

ရွှေလက်ဆေးတဲ့ သိုင်းဘုရင်

စာစဥ်၃ အပိုင်း ၂၁

ရွှီးတူးဝမ်း.......

သရီးတူးဝမ်း.....

ဘယ်လိုပဲ ဖတ်ဖတ်ပါဗျာ.... သည်နာမည်က သေချာပေါက် အနောက်တိုင်းဆန်လွန်းတယ်ဗျ ။

အဲသည်နောက်မှာတော့ စုရှောင် နဲ့ ကျုပ်က ဆရာရွှီးရဲ့ ညွှန်ကြားချက်အရ ပထမဆုံး တာဝန် ထမ်းဆောင်ရမယ့် နေရာကို ဦးတည်လိုက်ကြတယ် ။

ကျုပ်တို့ရထားတဲ့ သတင်းအရ ဆိုရင်တော့ အဲသည်ရွာမှာ အားနည်းတဲ့လူတွေကို အနိုင်ကျင့် နှိပ်စက်ပြီး၊ အားကြီးတဲ့လူတွေကို ဆိုရင် မြှောက်ပင့် ဖားယားနေတဲ့ လူရမ်းကားတစ်ယောက် ရှိနေတယ်တဲ့ဗျ ။

အာဏာပိုင်တွေကို တိုင်ထားပေမယ့် ဘယ်သူမှ အရေးတယူ အဖက်မလုပ်ပေးဘူးဆိုပြီး ရွာသားတွေကလည်း ငိုညည်းနေကြတယ်။

အဲဒီကောင် လုပ်ပုံကလည်း တကယ်ကို ထိန်းမနိုင်၊သိမ်းမရဘဲဗျ ။ သူက မိုက်ရိုင်းရမ်းကား အနိုင်ကျင့်နေတဲ့အပြင် တဏှာကလည်း ရူးသေးတယ်တဲ့ ။

အသက် ၇၀ ၊၈ဝ အဘွားကြီးကနေ အဒေါ်အရွယ် ၊ ယုတ်စွအဆုံး လက်တိုလက်တောင်း ခိုင်းတဲ့ ကလေးမလေးတွေကိုတောင် အဲသည်ကောင်က အသားယူပြီး ချစ်စကား၊ကြိုက်စကားတွေ လိုက်ပြောနေတာ ။

အဲသည်လူရမ်းကားက ချဥ်ချဥ်တူးတူး မိန်းမဖြစ်ရင် ပြီးရောဆိုပြီး နှာဘူးထ ၊တဏှာရူးထတဲ့ အဆင့်ကိုတောင် ရောက်နေပြီဗျ ။

အဲသည်လူရမ်းကားရဲ့ သတင်းကိုကြားတော့ ကျုပ်က ကျူပ်ဆရာများ အဲသည်ကို ရောက်နေတာလား ဆိုပြီးတောင် တွေးမိလိုက်တယ် ။

ဟား.....ဟား..... နောက်ဆုံးတော့ သည်အဘိုးကြီးကို သင်ခန်းစာပေးဖို့ အချိန် ရောက်ပြီပေါ့ ။

အကျင့်ပျက် ခြစားနေတဲ့ အဘိုးကြီးရေ ....

ဆရာတပည့်ကတော့ ဆရာတပည့်ပေါ့ ။ ဒါပေမဲ့ စပါးကတော့ ပေါက်စျေးပဲဗျို့......

သည်လိုနဲ့ သိပ်မကြာခင်မှာပဲ ကျုပ်တို့နှစ်ယောက် ဇီးပန်းရွာကို ရောက်သွားကြတယ် ။ ရုံးတော်ကို တိုင်ကြားစာ ပို့ထားတဲ့ ရွာသူကြီးကလည်း ကျုပ်တို့ရောက်တဲ့ သတင်းကြားပြီး မရှေးမနှောင်းမှာပဲ ကျုပ်တို့ဆီ ရောက်လာတယ်ဗျ ။ ရွာလူကြီးက အသက်ခုနစ်ဆယ်လောက်တော့ ရှိနေပြီ ။ ဒါပေမဲ့ ခန္ဓာကိုယ်က အသက်နဲ့မလိုက်အောင် သန်တုန်း၊မြန်တုန်းပဲဗျို့ ။

ရွာသူကြီးကို မြင်တော့ စုရှောင်က ရှေ့တက်သွားပြီး အရိုအသေပြုလိုက်တယ် ။

" ရွာလူကြီးကို ဂါရဝပြုပါတယ် ။ ကျွန်တော်တို့က လျူရှန်းမန်က လာတာပါ ။ ကျွန်တော့်နာမည် စုရှောင်ပါ ။ သည်ဘက် လူကတော့ မင်း......"

ကျုပ်က လက်ကာပြီး ချက်ချင်း စကား ဖြတ်ပြောလိုက်တယ် ။ " ရပြီစုရှောင်.... အဲသည်လောက် အရှည်ကြီး မိတ်ဆက်မနေနဲ့ ။ အဘိုးကြီး.... ကျုပ်တို့ ကြားထားတာတော့ သည်နားတစ်ဝိုက်မှာ လူရမ်းကားတစ်ကောင် သောင်းကျန်းနေတယ်ဆို "

" မှန်ပါတယ် ခင်ဗျ "

" ဟုတ်ပါတယ်.....လူကြီးမင်းခင်ဗျ "

ရွာလူကြီးဖြစ်ပြီး မင်းဖေးဟန်ကို လိုတာထက်ပို ရျိုကြိုးနတေဲ့ အဘိုးကြီးကို မြင်တော့ စုရှောင်က တော်တော်လေး ပြောစရာ မရှိ ဖြစ်သွားတယ် ။

သည်ရွာသူကြီးက ဒေသခံဖြစ်ပြီး ဘာလို့ အခုမှတွေ့တဲ့ မင်းဖေးဟန်ကို သည်လောက် ရိုကျိုးနေရတာလဲ ။

သမိုင်း အဆက်ဆက်မှာ ဇီးပန်းရွာက သူရဲကောင်းတွေ မွေးထုတ်ပေးခဲ့တာ မဟုတ်ဘူးလား ။ ခင်ဗျားရဲ့ ခါးက ကိုင်းရတာ ဘာလို့ သည်လောက် လွယ်နေရတာလဲ ။

စုရှောင် အတွေးများနေတုန်းမှာပဲ ရွာသူကြီးက ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြတယ် ။

ကြည့်ရတာတော့ ရွာသူကြီးက အဲသည်လူရမ်းကားကို အတော်လေး မုန်းနေပုံပဲဗျ ။ သူက ခြေထောက်ကို ဆောင့် ၊ ရင်ဘတ် စည်တီးရင်းနဲ့

ဒေါသတကြီး ပြောလာတယ် ။

" အဲသည်တေလေဂျပိုးကောင်က ဘာကိုမှ စည်းမထားဘူး ။ ကျွန်တော့်ဘဝမှာ အဲလောက် အရှက်မရှိတဲ့လူမျိုး တစ်ခါမှ မတွေ့ဖူးပါဘူးဗျာ ။ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက သူက ဝမ်မိသားစုရဲ့ သမီးပျိုလေးကို သွားပြီး ရှုပ်ရှုပ်ယှက်ယှက် သွားလုပ်တယ် ။ဟိုက အိမ်တိုင်ရာရောက် တံခါးဝအထိ ရောက်လာတော့ အဲသည်ကောင်က မျက်နှာပြောင်တိုက်ပြီး တောင်းပန်တယ်လေ ။ပြီးတော့ ဝမ်မိသားစုရဲ့ သမီးကို တောင်းရမ်း လက်ထပ် ယူပါ့မယ် ဆိုပြီးတောင် ကတိ ပေးလိုက်သေးတယ် "

" ဒါပေမဲ့ အဲသည် ခွေးသူတောင်းစားမှာ မင်္ဂလာဆောင်ဖို့ ပိုက်ဆံ မရှိဘူး ။ အဲဒါနဲ့ အဒေါ်ကြီးလီဆီမှာ မင်္ဂလာဆောင် တင်တောင်းဖို့ စားရိတ် လိုလို့ပါဆိုပြီး နွားသိုးတစ်ကောင်ကို ငွေစ နှစ်ဆယ်နဲ့ ပေါင်တယ် ။ဒါပေမဲ့ ပိုက်ဆံလည်းရရော ၊ ဝမ်မိသားစုကို မတင်တောင်းဘဲ ကောင်မလေးကို ခိုးပြေးသွားတယ်လေ "

" ကျွန်တော်လည်း သည်ကိစ္စနဲ့ ပတ်သက်ပြီး အရာရှိမင်းတို့ လျူရှန်းမန်ကို သုံးခါတိတိ တိုင်ခဲ့ပြီးပြီ ။ အရာရှိမင်းတို့ဘက်ကလည်း သုံးခါ လာခဲ့ပါတယ် ။ ဒါပေမဲ့ နောက်ဆုံးကျတော့ ဘာမှ မတတ်နိုင်ဘူးလို့ပဲ ပြောသွားကြတယ် ။ အရာရှိမင်းတို့ပဲ စဥ်းစားပေးကြပါဦး ။ ကျွန်တော်ဆက်ပြီး ဘာလုပ်ရမလဲလို့ "

" အာ......အဲဒါက "

စုရှောင်က ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်သွားတယ် ။ သူက အပြန်ပြန် အလှန်လှန် စဥ််းစားပြီး အတော်ကြာမှ မေးလိုက်တယ်။

"ဒါပေမဲ့ သူက နွားသိုးကိုတော့ ချန်ထားခဲ့တယ် မဟုတ်ဘူးလား "

" အရာရှိမင်း ဘာမှ မသိပါဘူးဗျာ ။ အဲသည် နွားသိုးက ကျွန်တော့်ဟာဗျ ။ အယုတ်တမာကောင်က ကျွန်တော့် နွားသိုးကို ခိုးသွားတာ "

ဟုတ်ပြီလေ........ သည်ကောင်ရဲ့ လှည့်စားနိုင်စွမ်းက ပညာရှင် အဆင့်တောင် ရောက်နေပြီပဲ ။ တွေ့ရင်တော့ ကောင်းကောင်းကြီး ဆုံးမ ပေးရဦးမှာပေါ့ ။

" လောင်ဝမ်က သူ့သမီး ပါသွားတယ် ။ ဒေါ်ကြီးလီက ပိုက်ဆံ ဆုံးတယ် ။ ပြီးတော့ ကျွန်တော်က နွားတစ်ကောင် ခိုးခံရတယ် ။ လူကြီးမင်းတို့ ကျွန်တော်တို့ အဖြစ်ကို ကြည့်ပေး ကြပါဦးဗျာ "

ဒါက လျူရှန်းမန် အထောက်တော် ရဲတပ်သား ဘဝနဲ့ စုရှောင် ပထမဆုံး ကြုံရတဲ့ အမှုပဲဗျ ။ အဲသည်အတွက် သူက ကြံရာမရဖြစ်ပြီး ကျုပ်ကို အကူအညီ တောင်းသလို ကြည့်လာတယ် ။အဲသည်တော့ ကျုပ်က ရုပ်ကို အလေးနက်၊အတည်ကြည်ဆုံးဖြစ်အောင် ထားပြီး ကတိ ပေးလိုက်ရတာပေါ့ ။

" စိတ်မပူပါနဲ့ အဘိုးကြီး ။ ကျုပ်တို့ ကောင်မလေးရော ၊ နွားသိုးရော ၊ ပိုက်ဆံရော အကုန် ပြန်ယူပေးမယ် "

.နေစမ်းပါဦး......

ကောင်မလေးရော ၊ နွားသိုးရော ၊ ပိုက်ဆံရော.......

ကျုပ်တို့က လျှာလိပ်တဲ့ ကစားနည်း ကစားနေတာများလား ။

ရွာသူကြီးရဲ့ မျက်ခုံးတွေက ချက်ချင်း ပင့်တက်သွားပြီး မျက်လုံးတွေကလည်း အရောင်လက်လာတယ် ။

" ကောင်းလိုက်တာဗျာ ။ လာ..... လာ..... ကျွန်တော် အဲသည်ကောင် ရှိတဲ့နေရာ ခေါ်သွားပေးမယ် ။ လူငယ်တွေဆိုတာ တကယ် အလုပ်လုပ်ရတာ အဆင်ပြေတာပဲ ။ အရင်လာခဲ့တဲ့ အရာရှိမင်းတွေထက် အများကြီးသာတယ်ဗျို့ "

အဲသည်စကား ကြားတော့ ကျုပ်တောင် နည်းနည်း အားနာသွားတယ် ။

ကျုပ်လောင်းရဲတယ်ဗျ ။

အရင်သုံးခေါက် လာခဲ့တဲ့ လျူရှန်းမန် အထောက်တော်တွေက သည်ကိစ္စကို အလုပ်ရှုပ်တယ်ထင်ပြီး မကိုင်ချင်ကြတာ ဖြစ်ရမယ် ။

မူလကတည်းက လျူရှန်းမန်ရဲ့ တာဝန်က သိုင်းလောကကို စောင့်ကြည့်ဖို့နဲ့ သာမန်ပြည်သူတွေကို သိုင်းသမားတွေ ဒုက္ခမပေးနိုင်အောင် ထိန်းချုပ်ဖို့ပဲလေ ။

သည်လို ရွာထဲက အရှုပ်အရှင်းတွေ ၊ အိမ်ထောင်ရေး ပြဿနာတွေက ပြည်နယ်တရားရုံးတို့ ၊ခရိုင်အရာရှိရုံးတို့ဆီ တိုင်ရမယ့် ကိစ္စမျိုးဗျ ။ လျူရှန်းမန်ဆီ ရောက်လာရမယ့် အမှုမျိုး မဟုတ်ဘူး ။

ဒါပေမဲ့ အခုလို ရောက်လာတော့လည်း တစ်မျိုး ကောင်းတာပါပဲ ။ အနည်းဆုံးတော့ ကျုပ်အနေနဲ့ တာဝန်ကို တမင် ဖျက်လိုဖျက်ဆီး လုပ်စရာ မလိုတော့ဘူးပေါ့ ။

ဘာပဲဖြစ်ဖြစ် သည်လို အမှုမျိုးက တစ်နေ့သုံးမှု ဖြေရှင်းနိုင်ရင်တောင် လျူရှန်းမန် ထိပ်သီးစာရင်းထဲ ဝင်နိုင်စရာ အကြောင်းမှ မရှိတာ ။သည်တော့ ကျုပ်ဘာကို စိတ်ပူနေရဦးမှာလဲ။

အဲသည်လိုနဲ့ ကျုပ်တို့က ရွာသူကြီးရဲ့ ဦးဆောင်မှုနဲ့အတူ လူရမ်းကားကောင်ကို ဖမ်းဖို့ ချီတက်ကြတာပေါ့ဗျာ ။

ဒါပေမဲ့ တစ်နေရာ အရောက်မှာတော့ ကျုပ်က တရက် ရပ်လိုက်တယ် ။

နောက်က လိုက်လာတဲ့ စုရှောင်ကလည်း ကျုပ်ကို ဝင်တိုက်မိတော့မလို ဖြစ်သွားပြီး မကျေမနပ် လေသံနဲ့ မေးလာတယ် ။

" အစ်ကိုမင်း...... ဘာဖြစ်တာလဲ"

ကျုပ်က ဘာမှ ပြန်မပြောဘဲ ကျုပ်ရဲ့ အကြားအာရုံကိုသာ မြှင့်လိုက်တယ် ။

အာရုံစိုက်ပြီး နားထောင်လိုက်တော့ ရွာအရှေ့ဘက်ခြမ်းကနေ လက်နက်ချင်း ထိခတ်သံတွေ လာနေတာကို ကျုပ်ကြားလိုက်ရတယ်ဗျ ။

ဓားသုံးလက် ၊ တုတ်တစ်ချောင်း နဲ့ ဓားမော့ သုံးလက်က ။

ကျုပ်ရဲ့ စွမ်းရည်တွေထဲက တစ်ခုက အသံတွေကို နားထောင်ရုံနဲ့ ဘယ်လက်နက် ဘယ်နှစ်ခုဆိုတာ ခွဲခြားနိုင်တာပဲ ။

ဘယ်လိုလူတွေက ဘာလို့ သည်လို နေရာမျိုးမှာ လာတိုက်ခိုက်နေကြပါလိမ့် ။

ပြီးတော့ အသံတွေကို နားထောင်ရသလောက် ဆိုရင် သူတို့က သာမန်လူတွေ မဟုတ်ဘူးဗျ ။ သိုင်းပညာ အတော်လေး အဆင့်မြင့်တဲ့ပုံမှာ ရှိတယ် ။

ကျုပ်က ရွာသူကြီးဘက် လှည့်ပြီး မေးလိုက်တယ် ။

" ရွာသူကြီး..... ခင်ဗျားတို့ရွာမှာ သိုင်းသမားတွေ ရှိလား "

" ဟမ် "

ရွာသူကြီးက မျက်လုံးလေး ကလယ်ကလယ်နဲ့ ကျုပ်ကို ပြန်ကြည့်နေတယ် ။

" ရွာမှာတော့ ရွာခံ သိုင်းသမားဆိုပြီး မရှိပါဘူးခင်ဗျ ။ဒါပေမဲ့ ခရီးသွားဟန်လွှဲ ရောက်နေတဲ့ လူတွေတော့ ရှိပါတယ် ။ လန်..... လန်ကျူးထုံဆိုလား ဘာလားတော့ မသိဘူး ။ အဲသည်လို နာမည်ပြောတာပဲဗျ ။ ပြီးတော့ သူတို့က အဲသည် လူရမ်းကားနဲ့လည်း တော်တော် ရင်းနှီးပုံ ရပါတယ် ။ ကြည့်ရတာတော့ လူကောင်းတွေ ဖြစ်ပုံတော့ မရပါဘူးဗျ "

ကျုပ်က လက်နက်ထိခတ်သံတွေ နဲ့ ရွာသူကြီး ပြောစကားတွေကို ယှဥ်ထိုး စဥ်းစားကြည့်တယ် ။ပြီးတော့ မရေမရာ ခန့်မှန်းချက် တစ်ခု ရလာတယ် ။

" အစ်ကိုမင်း...... အစ်ကိုမင်း.... လန်ကျူးထုံဆိုတာ ဘာလဲဗျ "

စုရှောင်ကတော့ ဘာမှ သိပုံမရဘူးဗျ ။ သူက မျက်တောင်ကလေး ပုတ်ခတ်၊ပုတ်ခတ်နဲ့ ကျုပ်ကို မေးလာတယ် ။

ဟူး.....သည်ကလေးက သိုင်းလောကနဲ့ ပတ်သက်ရင် တကယ့် သူငယ်နှပ်စားလေးပါပဲလား ။

ကျုပ်က ဘာမှ မတတ်နိုင်ဘဲ ရှင်းပြရတော့တယ် ။

" လန်ကျူးထုံ မဟုတ်ဘူး ။ အဲဒါ လန်ကျွင်းကျူးခုံ "

" လန်ကျွင်းကျူးခုံတဲ့လား.... . သည်နာမည်ကို ကြားဖူးသလိုပဲ "

" မကောင်းဆိုးရွားဂိုဏ်းရဲ့ နံပါတ်၇ အစွမ်းအထက်ဆုံး အဖွဲ့ခွဲလေ "

" အော်"

စုရှောင်က တစ်ချက် ငြိမ်ကျသွားတယ် ။ ဒါပေမဲ့ ချက်ချင်း ကျူပ်ဘက် ပြန်လှည့်လာပြီး သံသယ အပြည့်နဲ့ မေးလာပြန်တယ် ။

" ဒါပေမဲ့ သည်ရွာမှာ သိုင်းသမားတွေ ရှိနေတယ်ဆိုတာကို အစ်ကိုမင်း ဘယ်လို သိတာလဲ "

ကျုပ်က ကျုပ်ရဲ့ စွမ်းရည်တွေထဲက နောက်တစ်ခုဖြစ်တဲ့ သောက်တလွဲ ပြောနိုင်စွမ်းကို အမြန် ထုတ်လိုက်တယ် ။

" ရွာသူကြီးက သည်ကိစ္စကို ဘာလို့ လျူရှန်းမန်အထိ တက်တိုင်တယ်လို့ မင်းထင်လဲ ။ မင်းက အဘိုးကြီး ရူးသွားပြီလို့ ထင်နေတာလား "

တိုင်ပင်စရာကို မလိုဘူးဗျ ။ ရွာသူကြီးကလည်း ကျုပ်နဲ့ အတိုင်အဖောက်ညီညီ လိုက်သရုပ်ဆောင်ပေးနေတယ် ။ သူက ရင်ဘတ်ကြီးကို ကော့ပြီး "ငါကွ"ဆိုတဲ့ ပုံ ဖမ်းနေလိုက်သေးတယ်ဗျ ။

အဲဒါကိုတွေ့တော့ စုရှောင်က အားနာသွားတဲ့ပုံနဲ့ ပြောလာတယ် ။

" တောင်းပန်ပါတယ် အစ်ကိုမင်း..... ကျွန်တော်က အစ်ကို ထုံးစံအတိုင်း ပါးစပ်ထဲ တွေ့ရာတွေ လျှောက်ပြောနေတယ် ထင်လိုက်လို့ပါ "

ကျုပ်က သွေးတစ်လုပ် အန်ထုတ်မိတော့မလို့ပဲ။

" ညီလေး......မင်းရဲ့ အဖွဲ့သားအချင်းချင်းအပေါ် အယုံအကြည် ကင်းမဲ့မှုက အစ်ကို့ကို စိတ်ဒဏ်ရာ အကြီးအကျယ် ရစေတယ်ကွ ။ မဖြစ်တော့ဘူး.....တုန်းပို စားသောက်ဆိုင်က ပဲငံပြာရည် ဝက်လက်ပေါင်း တစ်ပွဲလောက် စားမှ စိတ်သက်သာရာ ရတော့မယ် "

"အစ်ကိုမင်း....ကျွန်တော် အစ်ကို့အပေါ် အဲလောက်ကြီး အယုံအကြည် မကင်းမဲ့မိဘူးလို့တော့ ထင်တယ်နော် "

ဟူး......

ကျုပ်က သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိတယ် ။

"ရှောင်ဟန်လေး....မင်းက အစ်ကို မင်းအပေါ် အမြတ်ထုတ်ဖို့ ကြံနေပြန်ပြီလို့ တွေးနေတာ မဟုတ်လား ။ တကယ်တော့ အစ်ကို ပြောချင်တာက......"

ကျုပ်က လမ်းကို နောက်ပြန် လျှောက်လိုက်တယ် ။ ပြီးတော့ အရည်မရ၊အဖတ်မရတွေ ပြောပြီး စုရှောင်ကျုပ်ကို ပဲငံပြာရည် ဝက်လက်ပေါင်း ဝယ်ကျွေးအောင် ကြံတော့တာပဲ ။

ဘုတ်....

ပြောနေရင်းနဲ့ပဲ ရုတ်တရက် ကျုပ်တစ်ယောက်ယောက်ကို ဝင်တိုက်မိတယ်ဗျ ။ဒါပေမဲ့ ထူးဆန်းတာက တစ်ဖက်လူစီကနေပြီး ဘာခုခံမှုမှ မခံစားရဘူး ။

ကျုပ်လှည့်ကြည့်လိုက်တော့ အဲသည်လူက မြေပြင်ပေါ်မှာ ပက်လက်ကြီး လှဲနေပြီ ။ မသိရင်

နွားလှည်း တစ်စီးနဲ့ တိုက်ခံလိုက်ရသလိုကို လွှင့်ထွက်သွားတာဗျာ ။

နင့်မေကလွှား...... ဘာတွေ ဖြစ်ကုန်တာလဲ....

သည်လူက ကျုပ်ကို ခေတ်တုန်းနေတဲ့ လိမ်နည်းနဲ့ လိမ်ဖို့ တကယ်ကြီး ကြိုးစားနေတာလား ။

" ဟေ့လူ...... ခင်ဗျား အဆင်ပြေရဲ့လား"

"ငါ့ပုံက အဆင်ပြေတဲ့ပုံ ပေါ်နေလား"

ဟိုလူကလည်း ကျုပ်ကို တစ်ခွန်းမခံ ပြန်ပက်တယ် ။

သည်လူက ဆံပင်ကောက်ကောက်တွေနဲ့ဗျ ။မသိရင် ပေါက်ကွဲမှု တစ်ခုခု ဖြစ်ပြီးတဲ့နောက် ကျန်ခဲ့တဲ့ ငှက်သိုက်ကြီးကျနေတာပဲ ။

အဲသည်နောက်မှာတော့ သူက ချက်ချင်း ထထိုင်ပြီး အသံပြဲကြီးနဲ့ ကျုပ်ကို လျော်ကြေးပေးဖို့ အော်တော့တာပဲဗျာ ။

အတော့်ကို ကျက်သရေ တုန်းတဲ့ကောင်ပါဗျာ။သည်ကောင့် မျက်နှာမှာက ဝက်ခြံတွေ အပြွတ်လိုက် ထွက်နေပြီး အပ်ချစရာ နေရာတောင် မရှိလောက်ဘူး ။ ပြီးတော့ ပုံစံကလည်း တစ်နေ့လုံး မနားဘဲ အော်နေရင်တောင် တစ်စက်ကလေးမှ မျက်နှာပျက်မယ့်ပုံမျိုး မဟုတ်ဘူး။

ဒါကြီးက ဘယ်လိုပဲကြည့်ကြည့် ကောင်းရောင်း၊ကောင်းဝယ် မလုပ်စားဘဲ လိမ်စားမယ့်ရုပ်ကြီးဗျ ။

သည်ကောင်က ကျုပ်ကို လာလိမ်စားဖို့ ကြိုးစားနေတာ အသိသာကြီး ။

" ဟေ့ကောင်....မင်းအသက်ရှင်ရတာ ငြီးငွေ့နေပြီလား ။လူတွေက ငါ့ကို မတစ်ထောင် တစ်ကောင်ဘွား ၊ လောကနံပတ်တစ် လူရမ်းကားလို့ ခေါ်တာကွ ။ဒါကို မင်းက ငါ့ကို လာတိုက်ရဲတယ်ပေါ့လေ "

သရုပ်ဆောင်တဲ့ ဇာတ်ကောင်ထဲ စျာန်ဝင်သွားလို့လားတော့ မသိဘူး ။ စကားဆုံးတော့ ဆံကောက်ကောင်ရဲ့ပိန်လှီနေတဲ့ ခန္ဓာကိုယ်လေးက တဆတ်ဆတ် တုန်နေတယ်ဗျ ။ မသိရင် ကျုပ်ကပဲ သူ့ရဲ့ ကျောက်ကပ်တစ်ခြမ်း ဖြုတ်ရောင်းစားထားသလို ပုံစံနဲ့ ။

အဲသည်အချိန်မှာပဲ ရွာသူကြီးက မျက်လုံးပြူးကြီးနဲ့ ဆံကောက်ကောင်ကို လက်ညှိုးထိုးလိုက်တယ် ။

" အရာရှိမင်း.... ကျွန်တော်ပြောတဲ့ လူရမ်းကားဆိုတာ ....သူ..... သူပဲဗျ "

ကျုပ်လည်း မျက်လုံး ပြူးသွားတာပေါ့ ။

သည်ဆံပင်ကောက်ကောက် နံရိုးအပြိုင်းပြိုင်းနဲ့ကောင်က ဇီးပန်းရွာ တစ်ရွာလုံးကို အနိုင်ကျင့်နေတဲ့ လူရမ်းကားတဲ့လား....

ဒါကြောင့် ကျုပ်စိတ်ထဲမှာ သည်ကောင့်ကို မြင်လိုက်တာနဲ့ ရိုက်ချင်စိတ်တွေ တဖွားဖွား ဖြစ်လာတာကိုးဗျ ။

All Chapters