အခန်း ၂၃
Vol. 3 Ch. 23
ရွှေလက်ဆေးတဲ့ သိုင်းဘုရင်
စာစဥ်၃ အပိုင်း ၂၃
အားအနည်းဆုံးလူကို ချဟေ့
အပြာရောင် ဝတ်စုံဝတ် လူတွေက မကောင်းဆိုးရွားဂိုဏ်း ၊ လန်ကျွင်းကျူးခုံရဲ့ အဖွဲ့ဝင်တွေဖြစ်ပြီး ချိတ်ပိုးထည် ဝတ်စုံကို ဝတ်ထားတဲ့ လူတွေက ချီလင် ကိုယ်ရံတော်တပ်သားတွေ ဆိုတတာကို သိဖို့ စုရှောင် တစ်ယောက် အတော်လေး အချိန် ယူလိုက်ရတယ် ။
အဲသည်နောက်မှာတော့ သူက ချီလင် ကိုယ်ရံတော်တွေကို အလျင်အမြန် တောင်းပန်စကား ဆိုလိုက်တယ် ။
" တောင်းပန်ပါတယ် ......ချီလင် ကိုယ်ရံတော်တပ်က မိတ်ဆွေတို့ ။ ကျွန်တော်က မိတ်ဆွေတို့ရဲ့ အားထုတ်မှုကို အညွှန့်ခူးစားဖို့ မရည်ရွယ်ပါဘူး ။ ဒါပေမဲ့ မကောင်းဆိုးရွားဂိုဏ်းသားတွေကိုလည်း အလွတ်ပေးလိုက်လို့ မရဘူးလေ ။ အမ်..... အင်း..... သူတို့ထဲက တစ်ယောက်လောက်ကို ဝင်တိုက်လို့ မရဘူးလားဗျ ။"
စုရှောင်ရဲ့ တရားမျှတမှု ကိုယ်စားလှယ် ဖြစ်ချင်စိတ်က တားမရ၊ဆီးမရ ဖြစ်နေတုန်းပဲ ။ သူက ရှန်းယိရန်ရဲ့ သြဝါဒကို ပြန်ကြားယောင်ပြီး မကောင်းဆိုးရွားဂိုဏ်းသားတွေကို ဖမ်းဆီးဖို့ အတော်လေး လက်တပြင်ပြင် ဖြစ်နေတယ် ။
ဒါပေမဲ့ ချီလင် ကိုယ်ရံတော်တပ်တွေကလည်း ဘူးဆို ဖရုံ မသီးတဲ့ ကောင်တွေဗျ ။ သူတို့က ခေါင်းကို ဝက်ရူးပြန်နေတဲ့ လူတွေလို ယမ်းခါနေကြတယ် ။
" မင်းက တစ်ယောက်ကို ဝင်တိုက်ချင်တယ် ဟုတ်လား ။ ငါတို့ ချီလင် ခြံဝင်းရဲ့ အပေါက်ဝမှာ ချိတ်ထားတဲ့ လောကမှာ အမုန်းဆုံးအရာ သုံးခုကို မင်းသိလား "
စုရှောင်က တစ်ချက် ကြောင်သွားတယ် ။
" လောကမှာ အမုန်းဆုံးအရာ သုံးခု ဟုတ်လား "
သူက အခုမှ လူသစ်လေးပဲ ရှိသေးတာလေ ။ သည်တော့ သိုင်းလောကရဲ့ အစဥ်အလာတွေကို ဘယ်လိုလုပ်ပြီး သိမှာလဲ ။
" ပြည့်တန်ဆာ ၊ လောင်းကစား နဲ့ မူးယစ်ဆေးဝါးလား"
သူက အသံတိုးတိုးလေးနဲ့ မသေချာမရေရာ မေးလိုက်တယ် ။
" မင်းအမေကို ပြည့်တန်ဆာလိုက်.....မင်းအဖေပဲ လောင်းကစား.......မင်းအဘွားပဲ... မူး...ယစ်...."
ဒေါသထွက်လွန်းလို့လားတော့ မသိဘူး ။
ချီလင်ကိုယ်ရံတော် တစ်ယောက်ရဲ့ အသံက ဆဲဆိုနေရင်းကို သိမ်ဝင်သွားတယ် ။
ဒါပေမဲ့ နောက်တစ်ယောက်က ချက်ချင်း အစားဝင်လိုက်တယ်ဗျ ။သူက အံကို တင်းတင်းစေ့ပြီး
" အဲဒီ စာတမ်းပေါ်မှာ ရေးထားတာက ငါတို့ခေါင်းဆောင် အမုန်းဆုံး အရာတွေကွ "လို့ အော်နေတယ် ။
ချီလင်ကိုယ်ရံတော်တွေရဲ့ အပေးအယူ မျှမှုကတော့ တကယ် လေးစားစရာပဲ ။ မသိရင် သူတို့ခေါင်းဆောင်ကိုယ်တိုင် ဘေးနားမှာ ရပ်ပြီး နားထောင်နေသလိုကို ချီလင်ကိုယ်ရံတော်တပ်ချုပ်ကို လေးစားပြနေကြတာဗျ ။
" လောကမှာ ငါတို့ချီလင် ကိုယ်ရံတော်တွေ အမုန်းဆုံး နံပါတ်တစ်က စီးမင်ချူးတိုင်ဆိုတဲ့ခွေးအဘိုးကြီး ။ နံပါတ်နှစ်က မကောင်းဆိုးရွားဂိုဏ်းက ခွေးသားအားလုံး ။ နံပါတ်သုံးကတော့ မင်းတို့ လျူရှန်းမန်က အမှိုက်တွေကွ "
စုရှောင်က လျူရှန်းမန် နဲ့ ချီလင်ကိုယ်ရံတော်တပ်ကြားက ကမ္ဘာမကျေ ရန်ငြိုးကို မသိဘူး ။ အဲသည်အတွက် သူက ပြေရာပြေကြောင်း ရွှေပြည်အေးတရား ဟောလိုက်တယ် ။
" မိတ်ဆွေတို့..... အဲဒါတွေက အတိတ်က အရာတွေပါ ။ အခြေအနေကို မီးစဥ်ကြည့်ကလို့ ရပါတယ်ဗျ ။ သည်လိုလုပ်ပါလား.....ကျွန်တော် သည်ဘေးကနေပဲ ရပ်ပြီး စောင့်ကြည့်နေမယ်လေ ။မိတ်ဆွေတို့ အခြေအနေ မဟန်မှ ဝင်တိုက်မယ် ။ ဘယ်လိုလဲ....အဆင်ပြေတယ်မလား "
ဒါပေမဲ့ စုရှောင် ပြောလိုက်မှပဲ အခြေအနေကလည်း ပိုဆိုးသွားတော့တယ် ။ အပြာရောင်ဝတ်စုံဝတ် လူသုံးယောက်ကလည်း ဗိုက်ကိုဖိပြီး တခွီးခွီး ရယ်နေကြပြီဗျ ။
ချီလင် ကိုယ်ရံတော် သုံးယောက်က မျက်နှာကြီး နီပြီး စုရှောင်ကို ထပ်ဆဲပြန်တယ် ။
" အမှိုက်ကောင်....မင်းသည်က အခုချက်ချင်း ထွက်သွားစမ်း ။ ငါတို့က ဘာကို အခြေအနေ မဟန်ရမှာလဲ ။ အနည်းဆုံးတော့ မင်းကို ဝက်ခေါင်းရုပ် ပေါက်သွားအောင် ရိုက်နိုင်သေးတယ်ကွ "
စကားဆုံးတာနဲ့ ချီလင်ကိုယ်ရံတော် သုံးယောက်က ရှေ့ကို တိုးထွက်ပြီး စုရှောင်ကို တိုက်ခိုက်ကြတော့တယ် ။
ချိတ်ပိုးထည်ဝတ် လူသုံးယောက်က ချီလင်ကိုယ်ရံတော် အဖွဲ့တွေထဲမှာ အစွမ်းအထက်ဆုံး လူတွေ မဟုတ်ဘူး ။ ဒါပေမဲ့ သူတို့က တော်ရုံ၊တန်ရုံ ကိစ္စလောက်ကိုတော့ ကိုင်တွယ်နိုင်တယ် ။
ဘာဖြစ်လို့လဲဆိုတော့ သူတို့က လူသုံးယောက် ပူးပေါင်း တိုက်ခိုက်ရတဲ့ တိုက်ကွက် တစ်မျိုးကို တတ်မြောက်ထားကြလို့ပဲ ။ ပြီးတော့ အဲသည်တိုက်ကွက်က ဓားမော့ တစ်လက် နဲ့ သံတုတ်နှစ်ချောင်း ဒါမှမဟုတ် သံတုတ်တစ်လက် နဲ့ ဓားမော့ နှစ်ချောင်းဆိုပြီး ပုံစံနှစ်မျိုး တိုက်ခိုက်နိုင်သေးတယ်လေ ။
သည်နေရာမှာ တစ်ခု သိထားရမှက ချီလင် ကိုယ်ရံတော်တပ်က လူတွေက မအဘူးဗျ ။ သူတို့က အပြာရောင် ဝတ်စုံဝတ် လူတွေနဲ့ အချိန်အတော်ကြာကြာ တိုက်ခိုက်ပြီးသွားပြီ ။ ဒါပေမဲ့ သူတို့က မနိုင်တဲ့အပြင် ရှုံးမယ့် အရိပ်အယောင်တွေပါ ပြနေတာလေ ။ အဲသည်အတွက် သူတို့က ဒေါသထွက်ချင်ယောင် ဆောင်ပြီး စုရှောင်ဘက်ကို ပစ်မှတ် ပြောင်းလိုက်ကြတာဗျ ။
ခင်ဗျားတို့ ဆိုရင်ကော အားနည်းတဲ့ ရန်သူ နဲ့ အားကြီးတဲ့ရန်သူ ဘယ်သူ့ကို ရွေးမလဲ ။ သေချာပေါက် အားနည်းတဲ့ သူပေါ့ဗျ ။အခု ချီလင်ကိုယ်ရံတော်တွေ လုပ်လိုက်တဲ့ အချိုးကလည်း အဲသည်လိုပဲ ။ အနည်းဆုံးတော့ မကောင်းဆိုးရွားဂိုဏ်းက ကောင်တွေကို မနိုင်ဘူးဆိုပြီး မျက်နှာ မပျက်တော့ဘူးပေါ့ဗျာ ။
သည်လိုနဲ့ပဲ တရားမျှတမှု ကိုယ်စားလှယ်ကြီး တအား ဖြစ်ချင်နေတဲ့ စုရှောင်လေးခမျာ ချီလင်ကိုယ်ရံတော်တွေရဲ့ ပူးပေါင်းတိုက်ကွက်အောက်ထဲ ရောက်သွားတော့တာပေါ့ ။
ဒါပေမဲ့ ဝတ်စုံပြာ အဖွဲ့ကလည်း မပြေးဘူးဗျ ။အဲသည်အစား သူတို့က တိုင်တောင် တိုင်ပင်နေလိုက်သေးတယ် ။
" ဘယ်လိုလဲ.....သည်အရူးကောင်တွေ ပြသနာ တက်နေတုန်း ငါတို့ ထွက်ပြေးကြမလား"
" ဘာလို့ ပြေးမှာလဲကွ ။ အဲသည် ကောင်လေးကို ရိုက်ပြီး သူ့ဓား ခိုးသွားရအောင် "
" အေးမင်းပြောတာ မဆိုးဘူး.... ငါစိတ်ဝင်စားတယ်"
" ငါကောပဲ"
" ဒါဆိုရင် ချကွာ"
မကောင်းဆိုးရွားဂိုဏ်းက လူတွေကလည်း ငတုံးတွေ မဟုတ်ပါဘူး ။ သူတို့က ခက်ခဲတဲ့ ရန်သူကို ရွေးမယ့်အစား ပိုလွယ်တဲ့ စုရှောင်ကိုပဲ ရွေးကြပါတယ် ။
အဲသည်အချိန်မှာတော့ စုရှောင်က ပူးပေါင်းတိုက်ကွက်ထဲမှာ ပိတ်မိနေပြီဗျ ။ ပုံမှန်ဆိုရင် လူတစ်ယောက်က ပူးပေါင်းတိုက်ကွက်ထဲ ရောက်သွားပြီဆိုရင် ရုန်းထွက်ဖို့ အမြန် လုပ်ကြရတယ် ။ ဒါပေမဲ့ စုရှောင်ကျတော့ ရုန်းထွက်ဖို့ကို ပြင်ချိန် မရလိုက်ဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ဝတ်စုံပြာ သုံးယောက်က သူ့ရဲ့ ဆုတ်လမ်းကို ပိတ်ထားပြီး တိုက်ပွဲထဲ ဝင်လာလို့ပဲ ။
"လျူရှန်းမန်က ကောင်ဆိုရင် အသေသာဆော်ဟေ့ ။ မသနားနဲ့ "
" စိတ်ချ "
ဝတ်စုံပြာဝတ် လူတွေက ဓားသမားတွေဗျ ။ သူတို့က မကောင်းဆိုးရွားဂိုဏ်းသားတိုင်း အသုံးပြုနေကျဖြစ်တဲ့ အကြင်နာမဲ့ ဓားသိုင်းကို ထုတ်လိုက်ကြတယ် ။
သည်ဓားသိုင်းက မကောင်းဆိုးရွားဂိုဏ်းရဲ့ အခြေခံ ဓားသိုင်းပဲ ။ ပြီးတော့ သည်ဓားသိုင်းက အသုံးပြုသူကော ရန်သူကိုပါ ထိခိုက်စေတဲ့အတွက် သိုင်းလောကထဲမှာ အတော်လေး နာမည်ကြီးတယ် ။
ဒါပေမဲ့လည်း ဝတ်စုံပြာဝတ် လူသုံးယောက်က မကောင်းဆိုးရွားဂိုဏ်းရဲ့ အတွင်းအားကျင့်စဥ်ကို သင်မထားကြဘူး ။ သူတို့က အကြင်နာမဲ့ ဓားသိုင်းထဲမှာ ဟွာဆန်း အတွင်းအား ပညာရပ်ကို ထည့်သုံးနေကြတာ ။ အဲသည်အတွက် သူတို့က ရန်သူကို ထိခိုက်မှု သိပ်မဖြစ်စေသလို ကိုယ့်ကိုယ်ကို ပြန်ထိခိုက်မှု ဖြစ်နှုန်းလည်း လျော့ကြသွားတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် သည်ဓားသိုင်းက အန္တရာယ်တော့ ရှိနေတုန်းပဲလို့ ဆိုရမယ် ။
စုရှောင်က သူ့မိသားစုရဲ့ ဓားမော့သိုင်းကို အားကြိုးမာန်တက် မကျင့်ထားဘူးဗျ ။ ပြီးတော့ လျူရှန်းမန်ရဲ့ သိုင်းပညာတွေကိုလည်း မသင်ရသေးဘူး ။ အဲဒါကိုမှ အသက်က ငယ်သေးတော့ လက်တွေ့ တိုက်ခိုက်ရေး အတွေ့အကြုံကလည်း နတ္ထိပဲ ။
အဲသည်တော့ လူခြောက်ယောက်ရဲ့ ဝိုင်းဝန်း တိုက်ခိုက်မှုအောက်မှာ အရူးမီးဝိုင်း ဖြစ်နေတော့တာပေါ့ ။
အပြာရောင်ဝတ် လူတွေက မကောင်းဆိုးရွားဂိုဏ်း ဂုဏ်သိက္ခာကို လုံးဝ အကျမခံဘူးဗျ ။ သူတို့က စုရှောင်ကို ဟန်ပြရုံလေး
တိုက်နေကြတာ ။ သူတို့က တစ်ယောက်ကို အရှေ့မှာ အယောင်ပြထားပြီး ကျန်တဲ့နှစ်ယောက်က ဘယ်ညာနှစ်ဖက်ကနေ စုရှောင်ရဲ့ ရှေးဟောင်းဓားမော့ကို အလစ်သုတ်ဖို့ပဲ ကြိုးပမ်းနေတယ် ။တကယ်ကို ယုတ်မာကောက်ကျစ်တဲ့ လန်ကျွင်းကျူးခုံတွေပါဗျာ ။
ပြသနာက အဲဒါကို ချီလင်ကိုယ်ရံတော်တွေကလည်း သတိမထားမိကြဘူး ။ သူတို့က စုရှောင်ကို မေ့အောင် ဆော်ဖို့ပဲ အားခဲနေကြတယ် ။
အပြာရောင်ဝတ်တွေကလည်း ကံသိပ်မကောင်းတာ ဖြစ်ရင်ဖြစ်မှာပေါ့ ။ ချီလင် ကိုယ်ရံတော်တွေက တစ်ချီမှာ စုရှောင်ကို မြေပြင်ပေါ်မှာ မှောက်သွားအောင် ဆော်ထည့်လိုက်ပေမယ့် စုရှောင်က အလျော့မပေးဘူး ။ သူက သတိမေ့နေတာတောင် ဓားကို တင်းနေအောင် ဆုပ်ထားတယ်ဗျ ။ အဲသည်အချိန်မှပဲ ချီလင် ကိုယ်ရံတော်တွေက အပြာဝတ်တွေရဲ့ အပြုအမူတွေကို သတိ ထားမိသွားတော့တယ် ။
တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို အဲသည်အချိန်မှာ အပြာဝတ် တစ်ကောင်က စိတ်မရှည်တော့လို့ စုရှောင်ရဲ့ လက်ကို ဖြတ်ပြီး ဓားမော့ကို ယူဖို့ အားထုတ်နေတဲ့အချိန် ဖြစ်တယ် ။
ချီလင်ကိုယ်ရံတော် သုံးယောက်ထဲက ခေါင်းဆောင်က အဲသည်အဖြစ်ကို လုံးဝ အဖြစ်မခံဘူး ။ တကယ်လို့ စုရှောင်ရဲ့ ရှေးဟောင်းနတ်ဓားကသာ အပြာဝတ်တွေလက်ထဲ ရောက်သွားမယ်ဆိုရင် သူတို့ပါ ကိုယ်ကျိုးနည်းတော့မယ်ဆိုတာ ကလေးတောင် တွေးမိနိုင်တယ်လေ ။
" ခွေးသူခိုးကောင်....သွားစမ်း "
သူက အတွင်းအား အကုန်လုံးကို စုစည်းလိုက်ပြီး စုရှောင်ကို ခြေထောက်နဲ့ ကန်ပစ်လိုက်တယ် ။သူ့ရဲ့ ရည်ရွယ်ချက်ကတော့ မေ့လဲနေတဲ့ စုရှောင်ကို လက်နက်အဖြစ် အသုံးပြုဖို့ပဲ ။
ယောကျာ်းရင့်မကြီး ခြောက်ယောက် နဲ့ အသက်၁၇နှစ်တောင် မပြည့်သေးတဲ့ လူငယ်လေးတစ်ယောက် ။ သည်လူကြီးခြောက်ယောက်က သူတို့ရဲ့ အကျိုးစီးပွားအတွက် သတိမေ့နေတဲ့ လူငယ်လေးတစ်ယောက်ကို လက်နက်တစ်ခုလို အသုံးပြုနေမှု ။
သည်မြင်ကွင်းက တော်ရုံ အသည်းမာတဲ့ လူတစ်ယောက်အတွက်တောင်မှ အတော်လေး ရက်စက်ရာ ကျလွန်းလှပါတယ် ။
ယား.....
ကျား......
ပြင်းထန်အားပါလွန်းတဲ့ ခြေကန်ချက်က စုရှောင်ဆီကို သွားနေရင်း ရုတ်တရက် အပြာဝတ် လူတစ်ယောက်ဆီကို လမ်းကြောင်း ပြောင်းသွားတယ် ။ အလားတူပဲ စုရှောင်ရဲ့ လက်ကို ခုတ်ဖြတ်ဖို့ ကြိုးစားနေတဲ့ ဝတ်စုံပြာရဲ့ ဓားချက်ကလည်း လမ်းတစ်ဝက်မှာ လမ်းကြောင်း ပြောင်းသွားပြီး ချီလင် ကိုယ်ရံတော် တစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ် ကျသွားတယ် ။
ချီလင်ကိုယ်ရံတော် ခေါင်းဆောင်ရဲ့ ကန်ချက်က တိကျလွန်းတယ် ဆိုရမယ်ဗျ ။သူ့ရဲ့ ကန်ချက်က ဝတ်စုံပြာ တစ်ယောက်ရဲ့ အကြောတွေကို ဖျက်ဆီးပစ်လိုက်ရုံမက အရိုးတွေကိုပါ ကျိုးကြေ သွားစေတယ် ။
ဝတ်စုံပြာရဲ့ ဓားချက်ကလည်း မနိမ့်ဘူးဗျ ။
သူ့ရဲ့ ဓားချက်က ချီလင်ကိုယ်ရံတော် တစ်ယောက်ရဲ့ လက်ကို တိခနဲ ဖြတ်ပစ်လိုက်တယ် ။
အပြန်အလှန် အကောက်ကြံမှု အပြီးမှာတော့ နှစ်ဖက်စလုံးက တစ်ယောက်စီ ဒဏ်ရာ ရသွားကြတာပေါ့ ။
ဒါပေမဲ့ သူတို့ နှစ်ဖက်စလုံးက ဘိန်းစားချင်း အတူတူကို တစ်မူးပိုရှူတယ် လုပ်နေကြတယ်ဗျ ။
လက်တစ်ဖက် ပြတ်သွားတဲ့ ကိုယ်ရံတော်က ဝတ်စုံပြာတွေကို သွေးစက်လက်နဲ့ အော်ဟစ် ဆဲဆိုနေတယ် ။
" ခွေးမသား..... အယုတ်တမာကောင်တွေ ။ မင်းတို့က လျူရှန်းမန်က ကောင်ကို ခုတ်ချင်ဟန်ဆောင်ပြီး တကယ်တမ်းကျ ငါ့ကို လာခုတ်တယ် ။ မင်းတို့ ယောကျာ်း မဟုတ်ဘူးလားကွ ။ သတ္တိ သိပ်ရှိနေရင် မျက်နှာချင်းဆိုင် ချပါလား ။ ဘာလို့ နောက်ကျောက ဓားထိုးတာလဲ "
ဝတ်စုံပြာဘက်ကလည်း မခံဘူးဗျ ။ သူတို့ထဲက နောက်တစ်ယောက်က အားကျမခံ ပြန်အော်ဆဲတယ် ။
" နောက်ကျောက ဓားထိုးတော့ လီးဖြစ်လို့လား ။မင်းတို့ကကော တအား ဖြောင့်မတ်နေတာဆိုတော့ ။ မင်းတို့ဘက်က အလစ်ချောင်းကန်တာကိုလည်း ပြောဦး ။ ငါ့ညီဆို သေလုမျောပါး ဖြစ်နေပြီကွ "
နှစ်ဘက်စလုံးက အလျော့မပေးဘဲ တစ်ဖက်ကိုတစ်ဖက် ရန်စောင်နေကြရင်းနဲ့ ရုတ်တရက် တစ်ခုခု မှားနေပြီ ဆိုတာကို သတိပြုမိလိုက်ကြတယ် ။
" နေပါဦး.....မင်းတို့ဘက်က ပြောတဲ့ အတိုင်းဆိုရင် ငါတို့ဘက်က အရင်စပြီး အလစ် ချောင်းကန်တယ်ပေါ့ "
" နေပါဦး.....မင်းတို့ဘက်က ပြောတဲ့ အတိုင်းဆိုရင် ငါတို့ဘက်က နောက်ကျောကနေ ဓားနဲ့ထိုးတယ်ပေါ့"
လက်သည်တရားခံ နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက်ကြည့်ပြီး ပြိုင်တူ ပြောလိုက်ကြတယ် ။
" ငါအဲလို ယုတ်မာတဲ့ အလုပ်မျိုး မလုပ်ဘူးကွ ။ ငါက အဲသည်ကောင်လေးကိုပဲ ပစ်မှတ်ထားတာ
"
" ဟမ်ဒါနဲ့ နေပါဦး ။ ဟိုကောင်လေးက ဘယ်မှာလဲ "
Lor Zen