အခန်း ၂၄
Vol. 3 Ch. 24
ရွှေလက်ဆေးတဲ့ သိုင်းဘုရင်
စာစဥ်၃ အပိုင်း ၃၄
လက်သီးနဲ့ ဖြေရှင်းလို့ရင် ပါးစပ်မသုံးနဲ့
ကျုပ်က စုရှောင်ကို ပွေ့ထားရင်းနဲ့ လက်ဖက်ရည် တစ်ကျိုက် မော့သောက်လိုက်တယ် ။
" အဟွတ်.... အဟွတ်.."
ကျုပ်ချောင်းမဆိုးဘဲ မနေနိုင်တော့ဘူး ။ ဟိုဆန်ကုန်မြေလေးကောင် ချာပီးက ကျုပ်အတွက် ဘယ်ကရလာမှန်း မသိတဲ့ အစုတ်အပြတ် လက်ဖက်ရွက်တွေ ယူလာပေးတယ်လေ ။ လက်ဖက်ရည်ထဲမှာ ပါလာတဲ့ အမှုန်အမွှားတွေက အခုထိ ကျုပ်လည်ပင်းထဲမှာ ကပ်နေတုန်းပဲဗျ ။
စုရှောင်ကတော့ ပါရှန်းကြောင်တစ်ကောင်လို ကွေးကွေးလေး အိပ်နေလေရဲ့ ။ သူရဲ့ ဖြူဖျော့ဖျော့ အသားအရေက ပန်းရောင်ဘက်ကို သန်းနေတာဗျ ။ သူရဲ့ ခြေတံ၊လက်တံတွေကလည်း အတော်လှပြီး သွားလေးတွေဆို ပုလဲလုံးလေးတွေ စီထားသလို ညီလွန်းနေတယ် ။ တကယ်လို့ ခေါင်းကိုသာ အိတ်တစ်လုံး စွပ်ထားပေးလိုက်မယ် ဆိုရင်ဘယ်လိုကြည့်ကြည့် မိန်းကလေးပဲ ။
" ခေါင်းဆောင်....ကျွန်တော် အဲသည်ကောင်ကို တွေ့ပြီ "
ဝတ်စုံပြာ အဖွဲ့ထဲက ငယ်သားလို့ ထင်ရတဲ့ကောင်က ကျုပ်ရှိတဲ့ဘက်ကို လက်ညှိုးထိုးပြီး ဝမ်းသာအားရ အော်လာတယ် ။
" ဟိုဘက်မှာ.....ဟိုဘက်မှာ "
နောက်ဆုံးမှာတော့ ဝတ်စုံပြာဝတ် လူတွေကော ၊ ချိတ်ပိုးထည်ဝတ် လူတွေကပါ ကျုပ်ကို သတိထားမိသွားကြပုံပဲ ။ သူတို့က ကျုပ်ရှိရာဘက်ကို အမြန်လှည့်ပြီး ကြည့်လာကြတယ် ။
မကောင်းဆိုးရွားဂိုဏ်းသား ဟန်ဆောင်ထားတဲ့ ဟွာဆန်းဂိုဏ်းသား တစ်ယောက်က အော်ပြောလာတယ် ။
" မင်းဘယ်သူလဲ.... ဘဝကူး ကောင်းချင်ရင် လိမ်လိမ်မာမာ ဖြေစမ်း "
အစ်ကိုကြီးရယ်......မကောင်းဆိုးရွားဂိုဏ်းသား ဟန်ဆောင်ရင်လည်း ပီပီပြင်ပြင် ဆောင်ပါလားဗျာ ။ ဘယ်မကောင်းဆိုးရွား ဂိုဏ်းသားက တစ်ဖက်ရန်သူကို လေအကုန်ခံပြီး မင်းဘယ်သူလဲ မေးလို့တုန်းဗျ ။ သူတို့က ရန်သူထင်တာနဲ့ တစ်ခါတည်းတန်းပြီး ကိစ္စတုန်းပစ်လိုက်တာလေ ။
မိုးနတ်မင်းကြီးရေ.....အခုခေတ်ရဲ့ သရုပ်ဆောင်နိုင်စွမ်းက သည်လောက်အထိ နိမ့်ကျနေပြီလား....
ကျုပ်က ကောင်းကင်ကို မော့ကြည့်ပြီး မိုးနတ်မင်းကို တိုင်တည်လိုက်တယ် ။ ပြီးတော့ ဘာသရုပ်ဆောင် စွမ်းရည်မှ မရှိတဲ့ ဖြတ်လျှောက်ကောင်ကို ဥပေက္ခာ ပြုလိုက်တယ် ။
ချီလင်ကိုယ်ရံတော် တစ်ယောက်က အဲသည် မေးခွန်းမေးတဲ့ ဝတ်စုံပြာကို လှောင်ရယ်နေလေရဲ့ ။
" ဟား....ဟား...ဟား..... တုံးလိုက်တဲ့ မကောင်းဆိုးရွားဂိုဏ်းသား ။ မင်းက ဒါလေးတောင် မသိဘူးလား ။ တစ်ချက် ကြည့်လိုက်တာနဲ့ အဲသည်လူက သည်ကရွာသား မဟုတ်တာ အသိသာကြီးပဲလေ ။ သူက ကောင်လေးကို ကယ်ထားရုံမက အထောက်တော် ဝတ်စုံလည်း ဝတ်ထားသေးတယ် ။ အဲကောင်ကလည်း သေချာပေါက် လျူရှန်းမန်ပဲကွ "
ထွီ....မင်းတို့လည်း ဘာထူးလို့လဲ ။ ဟွာဆန်းဂိုဏ်းသားတွေကို မကောင်းဆိုးရွားဂိုဏ်းသားတွေ ဆိုပြီး ဖမ်းဖို့ ကြိုးစားနေတဲ့ ကောင်တွေကများ ။ မင်းတို့က တစ်သက်လုံး ရုံးတော်မှာ ပြာတာ ဖြစ်ရမှာကွ ။
ပြောနေရင်းနဲ့မှ စကားမစပ်ဗျာ..... ဟွာဆန်းဂိုဏ်းသားတွေက ဘာဖြစ်လို့ မကောင်းဆိုးရွားဂိုဏ်းရဲ့ တမန်တော်တွေပုံ ဖမ်းနေရတာလဲ ။ ပြီးတော့ နေရာတွေ သည်လောက်အများကြီး ရှိနေတာကိုမှ နန်ကျင်းတဲ့ဗျာ ။ မကောင်းဆိုးရွားဂိုဏ်းသားတွေကို မုန်းတဲ့ နေရာမှာ နန်ကျင်းထက်ပိုပြီး မုန်းတဲ့ ပြည်နယ် ဘယ်မှာ ရှိလို့လဲ ။
ကျုပ်က ခေါင်းထဲမှာ မေးခွန်းတွေ အစီအရီ ပေါ်လာပေမယ့် သူတို့ကို လုံးဝ မမေးဘူး ။ အဲသည်အစား ကျုပ်က " သတ္တိရှိရင် လာခဲ့"ဆိုတဲ့ အမူအယာနဲ့ အားလုံးကို လက်ယပ် စိန်ခေါ်လိုက်တယ် ။
ကျုပ်ရဲ့ အမူအယာကို မြင်တော့ အပြာရောင် ဝတ်စုံဝတ် လူတွေထဲက တစ်ယောက်က နှာခေါင်းရှုံ့တယ် ။
" ဟမ့်....မင်းက အဲသည်လောက် သေချင်နေမှတော့ ငါမင်းရဲ့ ဆန္ဒကို ဖြည့်ဆည်း ပေးရမှာပေါ့"
အဲသည်ကောင်ကိုတော့ ကျုပ်က အစောကတည်းကကို အဖက် မလုပ်တာ ။
ချိတ်ပိုးထည်ဝတ်ထားတဲ့ ချီလင် ကိုယ်ရံတော် တစ်ယောက်ကလည်း ကျုပ်ကို အော်လာတယ် ။
" ဟေ့ကောင် .... မင်းအေးအေးဆေးဆေး နေစမ်း ။ မင်းတို့ လျူရှန်းမန်ကကောင်တွေကို ငါက မြင်တာနဲ့ ရိုက်ချင်နေတာနော် "
အဲသည်ကောင်ကိုလည်း ကျုပ်က အဖက် မလုပ်ဘူးဗျ ။
ကျုပ်ရဲ့ အာရုံစိုက်မှုကို အသည်းအသန် လိုချင်နေတဲ့ အပြာဝတ် တစ်ကောင်က ထပ်ပြောပြန်တယ် ။
" ဟေ့ကောင်.... မင်းက အနေတာလား ။ ဒါမှမဟုတ် ငါတို့ရဲ့ ဓားသိုင်းက အရမ်းကြောက်ဖို့ ကောင်းနေလို့ မင်းစကားပြောဖို့ မေ့သွားတာလား "
ချိတ်ပိုးထည်ဝတ် ချီလင်ကိုယ်ရံတော်ကလည်း အညံ့မခံပါဘူး ။ သူက အသံကျယ်ကြီးနဲ့ ပြန်အော်ပြန်တယ် ။
" မိစ္ဆာကောင်..... မင်းအေးဆေးနေလိုက်စမ်း ။ ဘာလာပြီး အာချောင်နေတာလဲ ။ သည်ကောင်က ငါတို့ ပူးပေါင်းတိုက်ကွက်ကို မြင်ပြီး သွေးလန့်သွားတာကွ "
ကောင်းတယ်.....သိပ်ကောင်းတယ်.... ကျုပ်က သည်နှစ်ကောင်ကို ဘယ်လိုမှ ဥပေက္ခာ မပြုနိုင်တော့ဘူးဗျ ။
ကျုပ်က အေးစက်စက်နဲ့ စကားတစ်ခွန်း ပြန်ပြောလိုက်တယ် ။
" မင်းတို့ ငါနဲ့ တိုက်မှာလား.....မတိုက်ဘူးလား...."
ကျုပ်စကားဆုံးတော့ ခေါင်းဆောင်နှစ်ယောက်က ရှက်အမ်းအမ်းနဲ့ ချောင်းတွေ ဆိုးနေကြတယ် ။ ပြီးတာနဲ့ မပြောမဆို ကျုပ်ကို ဝိုင်းလိုက်ကြတယ်ဗျ ။
ကောင်းလိုက်တဲ့ အချိတ်အဆက်ပါဗျာ ။ မသိရင် သူတို့နှစ်ယောက်က နှစ်ပေါင်းများစွာ တစ်ဖွဲ့တည်း ဖြစ်ခဲ့သလိုပဲ ။
*******************************
တကယ်တမ်း စိတ်ထဲမှာတော့ ဝတ်စုံပြာ ခေါင်းဆောင်က အပေါ်ယံမှာလို တည်တည်ငြိမ်ငြိမ် မရှိတော့ဘူး ။
သူက သူတို့ရဲ့ လက်ရှိအခြေအနေဟာ ဆိုးတဲ့အထဲ ရောက်နေပြီ ဆိုတာကို ကောင်းကောင်းကြီး ရိပ်မိတယ် ။
အသစ်ရောက်လာတဲ့လူက ကောင်လေးကို ကယ်သွားတာ မှန်ပေမယ့် အဲသည်လူ ဘယ်လို လှုပ်ရှားသွားသလဲ ဆိုတာကို သူလုံးဝ မမြင်လိုက်ရဘူး ။သူက သိုင်းလောကထဲမှာ ကျင်လည် ကျက်စားနေတာ နှစ်ပေါင်းနှစ်ဆယ် ရှိခဲ့ပြီ ။ ဒါပေမဲ့ သည်လောက်မြန်တဲ့လူက သိုင်းလောကမှာ လက်ချိုးရေရမလောက်ပဲ ။ သူသိတဲ့ လူတွေထဲမှာဆိုရင် အဲလောက်မြန်တဲ့ ကိုယ်ဖော့ပညာ သုံးနိုင်တဲ့ လူက ဂိုဏ်းချုပ် နဲ့ ဂိုဏ်းတူအစ်ကိုကြီးပဲ ရှိတယ် ။
ဒါပေမဲ့ လူတစ်ယောက်က ကိုယ်ဖော့ပညာကောင်းတိုင်း သိုင်းပညာပါ ကောင်းနေမယ် ဆိုပြီး တရားသေ မရှိဘူး ။ အဲသည်အတွက် သူက သူတို့သုံးယောက်ပေါင်းပြီး တိုက်ရင်တော့ တစ်ဖက်လူကို နိုင်နိုင်လောက်မှာပါလို့ မျှော်လင့်နေမိတယ် ။
သည်နေရာမှာ ပြသနာက သူက မဝံမရဲ ဖြစ်နေတာပဲ။ တကယ်လို့ သူတို့က အစွမ်းကုန် တိုက်ခိုက်လိုက်မယ် ဆိုရင် သူတို့ရဲ့ သိုင်းပညာ ဇစ်မြစ်ကို တစ်ဖက်လူက ရိပ်မိသွားနိုင်တယ် ။အဲသည်လိုသာ ဖြစ်သွားရင် သူတို့ ဘယ်ဂိုဏ်းကလဲဆိုတာ ပေါ်သွားတော့မှာပေါ့ ။
သည်တစ်ခေါက် သူတို့အနေနဲ့ မကောင်းဆိုးရွားဂိုဏ်း တမန်တော် ဟန်ဆောင်ပြီး ဇီးပန်းကျေးရွာကို ရောက်လာရတာက အရေးကြီးတဲ့
တာဝန် တစ်ခုကို ထမ်းဆောင် နေရတာ ဖြစ်တယ် ။ သည်တာဝန်က အမှားခံလို့ လုံးဝ မရဘူး ။ဒါကြောင့်လည်း သူက တွေဝေနေတာ ဖြစ်တယ် ။
တခြားတစ်ဖက်မှာတော့ ချီလင် ကိုယ်ရံတော်ခေါင်းဆောင်က အေးအေးဆေးဆေးပဲ ရှိနေတယ် ။
သူတို့က ပထမဆုံး အနေနဲ့ မကောင်းဆိုးရွားဂိုဏ်းသားတွေနဲ့ ပူးပေါငျးပွိီး လျူရှန်းမန်က လူနှစ်ယောက်ကို ရှင်းမယ် ။ ပြီးရင် မကောင်းဆိုးရွားဂိုဏ်းသားတွေကို ထပ်ရှင်းမယ် ။တကယ်လို့ မကောင်းဆိုးရွားဂိုဏ်းသားတွေ ထွက်ပြေး လွတ်မြောက် သွားရင်တောင် လျူရှန်းမန်က အရာရှိနှစ်ယောက်ကို ဖမ်းမိတဲ့ အောင်မြင်မှုက ရှိနေသေးတယ်လေ ။ အဲသည်တော့ သူမျက်နှာ ပျက်စရာလည်း မလိုတော့ဘူးပေါ့ ။
မကောင်းဆိုးရွားဂိုဏ်းချုပ် စီးမင်ချူးတိုင်တောင် ပြောခဲ့ဖူးသေးတယ် မဟုတ်လား ။
" ရွှေရရွေယူ ၊ ငွေရငွေယူ"တဲ့ ။
ဘယ်လိုပဲဖြစ်ဖြစ် အဆုံးသတ် သူတို့လက်ထဲမှာ အကြောင်းပြစရာ တစ်ခု ကျန်နေရင် ပြီးတာပါပဲ ။
အဲသည်နောက်မှာတော့ သူတို့က အသင့်ပြင်လိုက်ကြတယ် ။ သူတို့ထဲက တစ်ယောက်က ဒဏ်ရာ ရနေပြီ ဖြစ်တဲ့အတွက် အကောင်းဆုံး အခြေအနေမှာ ရှိမနေဘူး ။ ဒါပေမဲ့လည်း သူတို့ရဲ့ ပူးပေါင်းတိုက်ကွက်က မင်းဖေးဟန်ကို ပိတ်ဆို့ထားနိုင်ဆဲပဲ ။ ပြီးတော့ ဝတ်စုံပြာတွေကလည်း အဲသည် ပူးပေါင်းတိုက်ကွက်အောက်မှာ ရောက်နေကြတယ် ။
ဝတ်စုံပြာဝတ် လူတွေကလည်း သူတို့ အခြေအနေက ရှေ့လည်းမတိုးသာ ၊ နောက်လည်းမဆုတ်သာ ဖြစ်နေပြီဆိုတာ ရိပ်မိသွားကြပြီဗျ ။ အဲသည်အတွက် သူတို့က အရင် လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်ကြတယ် ။
သူတို့ သုံးယောက်က သိုင်းကွက်ပေါင်းစုံကို အမျိုးမျိုး ရောသုံးပြီး သူတို့ရဲ့ သိုင်းပညာ ဇစ်မြစ်ကို ဖုံးကွယ်ထားကြတယ် ။တစ်ဖက်မှာလည်း ဂိုဏ်းရဲ့ ဝါစဥ်ကြီး ဆရာကြီးတွေကို
အချက်ပြဖို့ အချိန်ဆွဲနေကြတာပေါ့ ။
ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတို့ သုံးယောက်ကမတိုင်ပင်ဘဲ သိုင်းကွက်တစ်ခုကို ပြိုင်တူ ထုတ်သုံးလိုက်ကြတယ် ။
အဲသည်သိုင်းကွက်ကတော့ " ဇာမဏိီငှကျရဲ့ ငိုမြည်းခြင်း "လို့ အမည်ရပြီး ဟွာဆန်းဂိုဏ်းရဲ့ နာမည်ကျော် ဓားသိုင်းတစ်ခု ဆိုရင်လည်း မမှားဘူး ။ သူတို့သုံးယောက်က သည်ဓားသိုင်းကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် လေ့ကျင့်ထားပြီးသား ။
သူတို့က အဲသည်ဓားကွက်ထဲမှာ ရှိသမျှ အတွင်းအားတွေကို ထည့်သွင်းထားတာလည်း ဖြစ်တယ် ။ သူတို့ရဲ့ ရည်ရွယ်ချက်က တစ်ကွက်တည်းနဲ့ မင်းဖေးဟန်ကို ဒဏ်ရာရအောင် လုပ်နိုင်ရင်လုပ် ၊ အဲဒါမှ မဟုတ်ရင် ထွက်ပြေးဖို့ပဲ ။
" ဇာမဏိီငှကျရဲ့ ငိုမြည်းခြင်း " ထွက်ပေါ်လာတာနဲ့ ဓားထိပ်ဖျားတွေက တဆတ်ဆတ် တုန်လာပြီး ငှက်အော်သံတွေလို အသံတွေ ထွက်လာတယ် ။ မသိရင် အဲဒါက ဇာမဏီငှက်တစ်ကောင်ကို ငှက်တစ်သောင်းလောက်က ယဇ်ပူဇော်နေသလိုပဲ ။
ဝတ်စုံပြာတွေရဲ့ သိုင်းပညာက တစ်ယောက်နဲ့တစ်ယောက် သိပ်မကွာဘူး ။အဲသည်အတွက် သူတို့ တစ်ပြိုင်နက်တည်း ထုတ်သုံးလိုက်ချိန်မှာ " ဇာမဏိီငှကျရဲ့ ငိုမြည်းခြင်း "အစွမ်းက အဆပေါင်းများစွာ ထိုးတက်သွားတယ် ။
ဒါပေမဲ့ မင်းဖေးဟန်ကတော့ အေးအေးသက်သာ ရှိနေတုန်းပဲ ။ သူက စုရှောင်ကို ဘယ်ဘက်လက်နဲ့ ပွေ့ထားပြီး ညာဘက်လက်နဲ့ လက်ဖက်ရည်သောက်ရင်း အလုပ်များနေတယ် ။ ပြီးတော့ သူက မျက်တောင်တောင် မခတ်ဘဲ လက်တစ်ချက် ဝှေ့ယမ်းလိုက်တယ် ။
ဖြည်းဖြည်းလုပ်ကြပါကွ......
နူးညံ့ညင်သာတဲ့ စွမ်းအားတစ်ခုက ရေအလျဥ်လို စီးဆင်းသွားပြီး ထိုက်ချိရဲ့ အနှစ်သာရကို ဖြစ်ပေါ်စေတယ် ။ အဲသည်နောက်မှာတော့ ထိုက်ချိရဲ့ အနှစ်သာရက ဒေါသတကြီး မာန်ဟုန်တကဲကဲ ဖြစ်နေတဲ့ ဇာမဏီ သုံးကောင်ကို ချိတ်ပိုးထည်ဝတ် ချီလင်ကိုယ်ရံတော်တွေဘက်ကို လမ်းကြောင်း ပြောင်းပေးလိုက်တယ် ။
မင်းဖေးဟန်က လက်ကို ပြန်ရုတ်လိုက်တဲ့ အချိန်မှာတော့ ဝတ်စုံပြာဝတ် လူတွေ လက်ထဲက ဓားတွေဟာ သူတို့ မသိလိုက်ခင်မှာပဲ ထိန်းချုပ်မှု လွတ်သွားခဲ့ပြီ ။
ဒါပေမဲ့ ဓားကွက်တွေကတော့ မရပ်သွားဘူး။
သူတို့ရဲ့ ဓားတွေက သိုင်းကွက်အတိုင်း လှုပ်ရှားနေတုန်းပဲ ။အဲသည်ဓားတွေကို ထိန်းချုပ်နေတဲ့ လူက သူတို့ မဟုတ်တော့တာပဲ ရှိတာ ။
သူက လက်တစ်ဖက်တည်းနဲ့ ဓားသုံးလက်ကို တစ်ပြိုင်နက် ထိန်းချုပ်ထားတာ ။ ပြီးတော့ သူ ထုတ်သုံးတဲ့ ဓားကွက်တွေက မူရင်းသုံးယောက်ထက်တောင် ပိုရှင်းလင်း ၊ ပိုပြတ်သားနေသေးတယ် ။
ရွှစ်.... ရွှစ်.... ရွှစ်....
ဓားသုံးလက်က ချီလင်ကိုယ်ရံတော် သုံးယောက်ရဲ့ သွေးကြောမှတ်တွေကို တိတိကျကျ ထိုးဖောက်သွားတယ် ။ ဇာမဏီငှက်သုံးကောင် အတောင်မခတ်ရသေးခင်မှာပဲ ချီလင်ကိုယ်ရံတော် သုံးယောက်က မျက်လုံးပြူးပြီး မြေပေါ် လဲကျ သွားခဲ့ကြပြီ ။
ဝတ်စုံပြာဝတ် လူတွေက အခုမှ သဘောပေါက်သွားကြတယ် ။
အသစ်ရောက်လာတဲ့ လျူရှန်းမန်က သူတို့ရဲ့ ဓားတွေကို ထိန်းချုပ်ပြီး ချီလင်ကိုယ်ရံတော်တွေကို ရှင်းပစ်လိုက်တာ ။ ဒါပေမဲ့ ဘယ်လိုလုပ်ပြီး သည်လောက် ရိုးရှင်းတဲ့ လှုပ်ရှားမှုလေး တစ်ခုက ကြီးမားတဲ့ သက်ရောက်မှု တစ်ခုကို ဖြစ်စေတာလဲ ။
ဝတ်စုံပြာခေါင်းဆောင်ရဲ့ မျက်နှာက သွေးမရှိတော့သလို ဖြူဖျော့သွားတယ် ။
သူက တစ်ကိုယ်လုံး တုန်ရီနေပြီး အသံတုန်တုန်နဲ့
" ဝူတန်ရဲ့ ထိုက်ချိ....."
" မင်း....မင်းက....ကျန်းစန်းဖုန်းလား...."
" မင်းအမေကို ကျန်းစန်းဖုန်းလိုက် "
မင်းဖေးဟန်က ဝတ်စုံပြာတွေရဲ့ ဓားသုံးလက်ကို လက်ကလေး ဝှေ့ပြီး ပြန်ပစ်လိုက်တယ် ။
ဘုန်း.... ဘုန်း.... ဘုန်း....
ဝတ်စုံပြာ သုံးယောက်လုံး မျက်နှာတည့်တည့် ထိသွားပြီး မျက်လုံးထဲ ကြယ်တွေ၊လတွေ မြင်သွားကြတယ် ။
ပြီးတော့ မင်းဖေးဟန်က ဒေါသတကြီးနဲ့ အော်ပြောလိုက်တယ် ။
" ငါ့ပုံက အဲလောက် အသက်ကြီးနေတဲ့ပုံ ပေါက်နေလို့လား "
ဒါပေမဲ့ အဲသည်စကားက ပြသနာ မဟုတ်ဘူး ။
တကယ့်ပြသနာက မင်းဖေးဟန်ရဲ့ နောက်ထပ် လှုပ်ရှားမှုပဲ ။
ဝတ်စုံပြာထဲက သတိမမေ့ဘဲ ကျန်နေသေးတဲ့ ဟွာဆန်းဂိုဏ်းသားက အဲသည်မြင်ကွင်းကို မြင်ပြီး အသိစိတ် ပျောက်သွားသလို ခံစားလိုက်ရတယ် ။
ဘာဖြစ်လို့လဲဆိုတော့ မင်းဖေးဟန်က လက်ဖက်ရည် တစ်ကျိုက် မော့သောက်လိုက်လို့ပဲ ။ပြီးတော့ သူက အဲသည်လက်ဖက်ရည်ကို ညာဘက်လက်နဲ့ မော့သောက်နေတာ ။
အသစ်ရောက်လာတဲ့ လျူရှန်းမန်က ညာဘက်လက် တစ်ဖက်တည်းနဲ့ သူတို့ရဲ့ ဓားတွေကို ထိန်းချုပ်တယ် ၊ ချီလင် ကိုယ်ရံတော်တွေကို အနိုင်ယူတယ် ။ ပြီးတော့ သူတို့ရဲ့ ဓားတွေကို ပြန်ပေးတယ် ။
ဒါ...ဒါကြီးက..... ဘယ်လိုမှ မဖြစ်နိုင်တာကြီးလေ......
"သ....သရဲ....."
နောက်ဆုံးကျန်နေတဲ့ ဟွာဆန်းဂိုဏ်းသားက မျက်နှာတစ်ခုလုံး ဖြူဖွေးသွားပြီး မေ့လဲသွားတယ် ။
မင်းဖေးဟန်ကတော့ ခေါင်းကုတ်ပြီး မျက်နှာငယ်လေးနဲ့ ကျန်နေလေရဲ့ ။
" ငါတစ်ယောက်ယောက်နဲ့ တိုက်တိုင်း အဲသည်လူတွေက စကားတစ်ခွန်းတည်းကိုပဲ အထပ်ထပ် ပြောနေကြတာလဲ"
*****************************
ကျုပ်က မြေပေါ်မှာ လဲနေတဲ့ လူခြောက်ယောက်ကို တစ်ချက် ကြည့်လိုက်ပြီး ခွက်ထဲက နောက်ဆုံးလက်ကျန် လက်ဖက်ရည်ကို မော့သောက်လိုက်တယ် ။
ဘာဖြစ်လို့ သည်ကောင်တွေက စကားတအား များရတာလဲ ။
လက်သီးနဲ့ ဖြေရှင်းလိုက်ရင် ပြီးနေတာကို အလုပ်ရှုပ်ခံလို့ကွာ ။
လက
ဟမ့်....
ကျုပ်ကိုပဲ ကြည့်လေ ။
သိုင်းပညာက ပြိုင်ဘက်ကင်းတယ် ။ လောကမှာ အနှိုင်းမဲ့တယ် ။ နှစ်သုံးဆယ်အတွင်း ကျုပ်ကို ကျော်နိုင်တဲ့ လူတောင် မပေါ်သေးဘူး ။
ဒါပေမဲ့ ကျုပ်က သည်လို အရမ်းကြီး ထင်ပေါ်အောင် နေလို့တော့ မဖြစ်ဘူးဗျ ။
မဟုတ်ရင် ကျုပ်ရဲ့ အချောင်နေ၊အချောင်စား လစာ လိမ်ထုတ်မယ့် လုပ်ငန်းကြီး ထိခိုက်သွားနိုင်တယ်လေ ။
ကံကောင်းတာက စုရှောင်က သတိမေ့နေတော့ ခုနက ဖြစ်သမျှကို မမြင်လိုက်ဘူးပေါ့ဗျာ ။
ဟမ်....
နေပါဦး....
ဘာဖြစ်လို့ နောက်ထပ် လူတစ်ယောက်ရဲ့ အသက်ရှူသံကို ကျုပ်ဘာကြောင့် ထပ်ကြားနေရတာလဲ ။
ကျုပ်က ချက်ချင်း ကိုယ်ကို လှည့်လိုက်တယ် ။
အဲသည်တော့မှ ထန်ယီ မျက်လုံးပြူးကြီးနဲ့ ကျုပ်ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ် ။ကြည့်ရတာ သူက ကျုပ်တို့နောက်ကို ကသောကမျော ပြေးလိုက်လာတဲ့ပုံပဲ ။သူက အခုထိကို ဟောဟဲ ဆိုက်နေသေးတယ် ။
ပြီးတော့ သူက ကျုပ်ကို တစ်လှည့် ၊ မြေပေါ်မှာ လဲကျနေတဲ့ လူခြောက်ယောက်ကို တစ်လှည့် ကြည့်နေတာဗျ ။
ကျုပ်က ကျုပ်ရဲ့ စွမ်းရည်တွေထဲက တစ်ခုဖြစ်တဲ့ ဗြောင်လိမ်ဗြောင်စား စွမ်းရည်ကို အမြန် ထုတ်သုံးလိုက်တယ် ။
" ဘာဖြစ်လို့ လူတွေ အများကြီး မြေပေါ်မှာ လဲနေကြတာလဲ....ဘာတွေ ဖြစ်ကုန်တာလဲ "
ထန်ယီက ဘာမှ ပြန်မပြောဘူး ။ သူက ကျုပ်ကိုပဲ စိုက်ကြည့်နေတယ် ။
သူ့ရဲ့ အကြည့်တွေကြောင့် ကျုပ်တောင်မှ စိတ်တွေ မယိုးမယွတောင် ဖြစ်လာခဲ့ပြီဗျ ။
မဖြစ်သေးပါဘူး ။ ကျုပ်ရဲ့ နောက်ဆုံးသိုင်းကွက် ဖြစ်တဲ့ ဆင်သားရေမျက်နှာသိုင်းကို ထုတ်သုံးမှ ဖြစ်တော့မယ် ။
" ငါ.."
" ကျွန်တော် မြင်လိုက်တယ် "
ထန်ယီက ကျုပ်ကို စကားပြောခွင့် မပေးဘူး ။
" ခင်ဗျား သူတို့ကို ရိုက်နေတာ ကျွန်တော် အကုန် မြင်လိုက်တယ် "
အင်း..... ကျုပ်တော့ ချွေးစေးတွေ ပြန်လာပြီဗျို့......