အခန်း ၂၅
Vol. 3 Ch. 25
ရွှေလက်ဆေးတဲ့ သိုင်းဘုရင်
စာစဥ်၃ အပိုင်း ၂၅
မင်းမမြင်သလို ဟန်ဆောင်ပေးလို့ မရဘူးလား
" ညီလေး ယန်ဟွား"
" ကျွန်တော့်နာမည် ယန်လင်း"
ထန်ယီက စကား အပိုတွေ သိပ်မပြောဘူးဗျ ။ သူက အဓိက အချက်ကိုပဲ ပြောလာတယ် ။
"အစ်ကို့ရဲ့ သိုင်းပညာက အရမ်းမြင့်တယ် ။ ဒါပေမဲ့ ဘာဖြစ်လို့ လူတွေမသိအောင် ဖုံးကွယ်ထားတာလဲ "
သေစမ်း..... ကျုပ်က သည်လို ဖိအားမျိုးကို ဘယ်လိုမှ မခံနိုင်ဘူးဗျ ။
အရင်တုန်းက ကျုပ်ဆရာက ရန်သူကို ရိုက်လိုက်ရင် လောကကြီးနဲ့ သုံးရက်တိတိ အဆက် ပြတ်သွားစေနိုင်တဲ့ ဝိညာဥ်ခြွေလက်ဝါး တစ်မျိုးကို သင်ပေးဖို့ အစပျိုးဖူးတယ် ။ ဒါပေမဲ့ အဲသည်လို ယုတ်ညံ့တဲ့ လက်ဝါးသိုင်းမျိုးကို မကြိုက်လို့ ကျုပ်က မသင်ခဲ့ဘူး ။
ကျုပ်က သိုင်းလောကထဲက အလှမယ်တွေ ၊ ဆရာကြီး ဖျက်ဆီးခဲ့တဲ့ အပျိုစင် မိန်းမချောလေးတွေ၊ ပြီးတော့ လောကကြီးထဲက အမျိုးသမီးထုကြီးရဲ့ အခွင့်အရေးအတွက် အဲသည်သိုင်းပညာကို သမိုင်းနဲ့အတူ ပျောက်ကွယ်စေဖို့ပဲ ရွေးချယ်ခဲ့တယ် ။
ဘယ်သူက ထင်မှာလဲ ။
အခုကျမှ အဲသည်ကိစ္စက ကျုပ်ကို ပြန်ပြီး ဒုက္ခ ပေးလာလိမ့်မယ်လို့ ။
ဟင်း....
ကျုပ်သာ အဲသည်လက်ဝါးကို သင်ခဲ့မယ်ဆိုရင် အခု သည်လောက် ခေါင်းကိုက်နေစရာ မလိုတော့ဘူး ။ ထန်ယီကို တစ်ချက်ရိုက်ပြီး မှတ်ဥာဏ်တွေ ဖျက်ပစ်လိုက်ရုံပဲ ။
ကျုပ်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ဆုံးဖြတ်ချက် တစ်ခု ချလိုက်တယ် ။ အခုချိန်က ကျုပ်ဘာကောင်လဲဆိုတာ ပြရတော့မယ့် အချိန်ပဲ ။
" အခုချိန်ကစပြီး ငါမနက်တိုင်း စောစောထမယ် ။ သည်ကိစ္စကို လျှို့ဝှက်ထားပေး ။ ဟုတ်ပြီလား "
ထန်ယီရဲ့ မျက်နှာက လျူရှန်းမန် တံခါးဝက ကျောက်ခြင်္သေ့ရုပ်ကြီးလို အေးစက်နေတယ် ။
သူက ကျုပ်ကို မျက်နှာသာ ပေးမယ့်ပုံ လုံးဝ မပေါ်ဘူးဗျ ။
" အစ်ကိုက ကျွန်တော့်ကို ဘယ်လိုလူ ထင်နေတာလဲ"
ကျုပ်က အံကို တင်းတင်း စေ့လိုက်တယ် ။
" ဒါဆိုရင် မင်းက ဘာလိုချင်တာလဲ "
" ဒီမနက် ကျွန်တော် အစ်ကို့ကို လာနှိုးတုန်းက အစ်ကို့ရဲ့ လက်ဝါးရိုက်ချက်က ကျွန်တော့်ရဲ့ ခံနိုင်ရည်ကို ကျော်ပြီး ထိသွားတယ် ။ အဲသည်လက်ဝါးရိုက်ချက်ကြောင့် ကျွန်တော် အပြင်ဘက်မှာ သတိမေ့နေတာ အကြာကြီးပဲ "
အိုး...... မင်းပြောချင်တဲ့ အဓိပ်ပါယျက အခု ငါ့ခေါင်းကို ပုဆိန်နဲ့ လာမခုတ်တာကိုပဲ ငါကမင်းကို ကျေးဇူးတင်ရမယ်ပေါ့....
"ကျွန်တော်က ငယ်ကတည်းက သိုင်းပညာကို လေ့ကျင့်ခဲ့တာ ။ကိုယ့်ကိုယ်ကိုလည်း မညံ့ဘူးလို့ ထင်ထားခဲ့တာ "
ထန်ယီက စကားပြောနေရင်းနဲ့ အင်္ကျီလက်ကို ပင့်တင်လိုက်ပြီး လက်မောင်းပေါ်က မီးခြူပုံ ဆေးမင်ကြောင်ကို ပြတယ် ။
" အစ်ကို ဒါကို သိလား "
ကျုပ်က လေးလေးစားစား ပြန်ဖြေလိုက်တယ် ။
" သိတယ် ။ လက်မောင်းကြွက်သား "
ထန်ယီက ဘာပြန်ပြောလို့ ပြောရမှန်း မသိတော့ဘူး ။ခဏကြာမှ သူက ဆက်ပြောတယ် ။
" လွန်ခဲ့တဲ့ ငါးနှစ်က မိန်ရှန်းလီမှာ ဖြစ်ခဲ့တဲ့ လူသတ်မှုကြီးမှာ ကျွန်တော့်အဖေ သေသွားတယ် ။ အမေကလည်း အဖေ့ကိစ္စကြောင့် စိတ်ထိခိုက်ပြီး သိပ်မကြာခင် နာမကျန်းဖြစ်ကာ ဆုံးသွားခဲ့တယ် "
" အဲသည်နောက်မှာ ကျွန်တော် မိဘနှစ်ယောက်ရဲ့ ရန်ကြွေးကို သေချာပေါက် ပြန်ပေးဆပ်မယ်လို့ သစ္စာဆိုခဲ့တယ် ။ မိန်ရှန်းမှာ ကျန်ခဲ့တဲ့ တစ်ခုတည်းသော သက်သေက သည်မီးခြူးခေါင်း အမှတ်အသားတစ်ခုပဲ ရှိတယ် ။ အဲဒါကြောင့် မိဘနှစ်ယောက်ရဲ့ ရန်ကြွေးကို မမေ့အောင် လက်မှာ ဆေးမင်ကြောင် ထိုးထားတာ "
ကျုပ်က သူ့စကားကို အလေးအနက် နားထောင်တယ် ။ပြီးတော့ လက်မထောင်ပြီး စိတ်ရင်းအတိုင်း ချီးကျူးလိုက်တယ် ။
" မင်းရဲ့ လက်မောင်းပေါ်က ဆေးမင်ကြောင်က တကယ် လှတယ်ကွ "
" ........"
ထန်ယီရဲ့ မျက်ခွံတွေ တဆက်ဆက် လှုပ်သွားတာကို ကျုပ်မြင်လိုက်ရတယ်ဗျ။ ဒါပေမဲ့ သူက သည်းခံပြီး ဆက်ပြောနေတုန်းပဲ ။
" ဘယ်လိုပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ကျွန်တော် လက်စားချေဖို့ ဆုံးဖြတ်ထားခဲ့တာ ။ အဲဒါကြောင့် နေရာအနှံ့ လျှောက်သွားပြီး နာမည်ကြီး ဆရာတွေဆီမှာ သိုင်းပညာ သင်ခဲ့တယ် "
" ကျွန်တော် နေ့တိုင်း သိုင်းလေ့ကျင့်ခဲ့တာ အခုလို အခြေအနေ ရောက်လာဖို့ပဲ ။ သိုင်းလောကထဲမှာ ကျွန်တော့်အဆင့်ကို ထိပ်တန်းထဲ ထည့်လို့ရတယ်လို့ ထင်တယ် "
" ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်ကို အနိုင်ယူသွားတယ် "
ဟေ့....
ဟေ့....
ဟေ့....
မင်းက အခုထိ အဲသည်ကိစ္စကို စိတ်ထဲထားနေတုန်းလား......
ငါဆို အဲသည်ကိစ္စ ဖြစ်လို့ ဖြစ်ခဲ့မှန်းတောင် မသိဘူးလေကွာ .....
ထန်ယီက ကျုပ်ကို စူးစူးရဲရဲ ကြည့်ပြီး ဆက်မေးတယ် ။
" အစ်ကိုက အရမ်း အစွမ်းထက်တယ် ။ အနည်းဆုံးတော့ အခု ဟန်ဆောင်နေသလို အသုံးမကျတဲ့ လူတစ်ယောက် မဟုတ်ဘူး "
" အစ်ကိုက လျူရှန်းမန်ထဲ ဝင်ဖို့ နည်းလမ်းမျိုးစုံ သုံးခဲ့တယ် ။ အစ်ကို ဘာကို လိုချင်နေတာလဲ "
အငြိမ်းစား ရန်ပုံငွေ....
ဆေးကုသခွင့်....
အလုပ်ပြုတ် လျော်ကြေး....
အလုပ်ထိခိုက်မှု အာမခံ....
ပြီးတော့ အဲသည် ရန်ပုံငွေ မထုတ်ရသေးခင် ထမင်းဖိုး....
ဟင်း....
ကျုပ်သာ အမှန်အတိုင်း ပြောလိုက်ရင် အဲသည်ကောင် ယုံပါ့မလားဗျာ....
"ထားလိုက်ပါတော့.... အစ်ကို့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် ကျွန်တော်နဲ့ မဆိုင်ဘူး ။ဒါပေမဲ့ ကျွန်တော့်ကို အနိုင်ယူသွားတာကတော့ ငြင်းချက် ထုတ်လို့မရတဲ့ အမှန်တရားပဲ ။ ဒါကြောင့် ကျွန်တော် ကျေနပ်အောင် ပြန်တိုက်ဖို့လိုတယ် "
စကားဆုံးတော့ ထန်ယီက လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်တယ် ။ သူ့လက်မောင်းပေါ်က သွေးကြောတွေကလည်း အထင်းသားပဲဗျ ။ ညာဘက်လက်က မီးခြူး ဆေးမင်ကြောင်ကလည်း အသက်ပဲ ဝင်လာသလိုလို ၊ ဘာလိုလိုနဲ့ မာန်စွယ် တဖွေးဖွေး ဖြစ်လာတယ် ။
ခြုံငုံပြီး ပြောရရင် ထန်ယီရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ပြင်းထန်တဲ့ ဖိအားတစ်မျိုးကို ထုတ်လွှတ်နေတာဗျ ။
အားလုံးပြင်ဆင်ပြီးတဲ့ နောက်မှာတော့ ထန်ယီက လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး စိန်ခေါ်လာတယ် ။
" လာ... တိုက်ကြစို့ "
ကြည့်ရတာ သူက ထူးဆန်းတဲ့ အတွင်းအား ကျင့်စဥ် တစ်ခုကို သုံးထားတာ ဖြစ်မယ်ဗျ ။
အဲဒါကြောင့် သူ့ခန္ဓာကိုယ်မှာ သည်လို ပြောင်းလဲမှုတွေ ဖြစ်နေတာနေမယ် ။
ဒါပေမဲ့ ကျုပ် နားမလည်တာ တစ်ခုတော့ ရှိတယ် ။
သည်ကောင်က တကယ်ကြီး ကျုပ်နဲ့ တိုက်ချင်နေတာလား ..... ကျုပ် ဘာလုပ်သင့်လဲ......
သူ့ကို တိုက်ရမှာလား......
သူနဲ့ တိုက်လို့ကတော့ ဘယ်လိုမှ မဖြစ်ဘူးဗျ ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျုပ်လက်ထဲမှာက အိပ်ပျော်နေတဲ့ အလှလေး စုရှောင် ရှိနေသေးတယ်လေဗျာ ။
ကျုပ်က ခေါင်းကို ကုတ်ပြီး ရယ်ကျဲကျဲနဲ့ မေးလိုက်တယ် ။
" ငါကမင်းထက်ပိုပြီး အစွမ်းထက်တယ်လို့ မင်းမထင်ဘူးလား ။ ဒါကိုတောင် မင်းက တိုက်ချင်သေးတယ်ပေါ့ "
" ခင်ဗျားက ကျုပ်ထက်ပိုပြီး အစွမ်းထက်တယ်လို့ ဘယ်သူပြောတာလဲ "
အမြဲတမ်း မျက်နှာသေကြီးနဲ့ နေတတ်တဲ့ ထန်ယီက လေသံတွေ ပြောင်းသွားတယ် ။ အသုံးအနှုန်းကလည်း "ခင်ဗျား နဲ့ ကျုပ်"တွေ ဖြစ်လာတယ်ဗျ ။
" မနက်က ခင်ဗျားကျုပ်ကို ရိုက်လိုက်နိုင်တယ် ဆိုတာက ကျုပ် သတိလွတ်နေချိန်မှာ ခင်ဗျား အခွင့်ကောင်းယူသွားတာပဲ ။ ခင်ဗျားရဲ့ အားကောင်းမှုကို ကျုပ် လက်ခံတယ် "
" ဒါပေမဲ့ အခုလို မျက်နှာချင်းဆိုင် တစ်ယောက်ချင်း တရားမျှတစွာ တိုက်ရင် ခင်ဗျား ကျုပ်ကို နိုင်မယ်လို့ မထင်ဘူး "
ကျုပ်က စိတ်ပျက်လက်ပျက်နဲ့ ပြန်ပြောလိုက်တယ် ။
" ဒါပေမဲ့ အစ်ကို့မှာ ညီလေးနဲ့ တိုက်ခိုက်ရမယ့် အကြောင်းအရင်း မရှိဘူးလေကွာ "
တန်ရယ်ရဲ့ ကိုယ်နေဟန်ထားက လုံးဝ မပြောင်းသွားဘူး ။ နောက်ဆုတ်မယ့် အရိပ်အယောင်လည်း မရှိဘူးဗျ ။
" ရှိတယ် "
" ခင်ဗျား ကျုပ်နဲ့ မတိုက်ရင် လက်ထောက်ခေါင်းဆောင်ဆီ သွားပြီး အကုန် ပြောပြလိုက်မယ် "
ကောင်းပြီလေ....
ဒူးမနာမသားလေး....... မင်းက အဲသည်လောက်တောင် အရိုက်ခံချင်နေမှတော့ ငါက ပျော်ပျော်ကြီး ဖြည့်ဆည်းပေးရမှာပေါ့......
သည်လို ခေါင်းမာတဲ့ကောင်တွေကို ပျော့သွားအောင် ရိုက်နှက်ဆုံးမရတာက ကျုပ်ရဲ့ အထူးပြု ဘာသာရပ်ပဲဗျ ။
ကျုပ်ရဲ့ သည်းခံနိုင်စွမ်းကလည်း ကုန်သွားပြီ ။သည်ကောင်က ကျုပ်ရဲ့ အချောင်နေ၊အချောင်စား ဘဝကို ဖျက်ဆီးဖို့ ပြင်နေတာ ။ သည်ကောင့်ကို မှတ်လောက်သားလောက်ဖြစ်အောင် မရိုက်လို့ မရတော့ဘူး ......
ကျုပ်က ရှေ့ကို တစ်လှမ်း လှမ်းလိုက်တယ် ။ ထန်ယီရဲ့ အရှိန်အဝါကလည်း ပိုအားကောင်းလာတယ်ဗျ ။ကျုပ်ကလည်း ခြေလှမ်းနေတာကိုရပ်ဖို့ အစီအစဥ် မရှိဘူး။
တစ်လှမ်း......
နောက်တစ်လှမ်း......
ပြီးတော့ နောက်တစ်လှမ်း......
ကျုပ်ရဲ့ လုပ်ငန်းစဥ်ကတော့ ရိုးရှင်းပါတယ် ။
သည်ဒူးမနာသားလေး အနားကိုသွားမယ်......
မာနေတဲ့ ခေါင်းကို ပျော့အောင် ရိုက်မယ်.....
ပြီးရင် ပြီးပြီပေါ့ ။
ကျုပ်လောင်းရဲတယ်ဗျ ။ စုရှောင် ပြန်ပြီး သတိ ရမလာခင်မှာတင် ကျုပ် သည်ကောင့်ကို မြေကြီးထဲ ခေါင်းစိုက်နေအောင် ရိုက်ထားနိင်တယ် ။
ထန်ယီကို ကြည့်လိုက်တော့ သည်မအေပေးလေးသိုင်းကွက်တွေတောင် အမှန်အကန် ခင်းထားပြီးပြီဗျ ။
အဲသည်ကောင်ရဲ့ ပုံကို ကြည့်ကြပါဦးဗျာ ။ သည်ကောင်က ကိုယ့်သေတွင်း ကိုယ်တူးနေတာ အတော်လေး နက်လို့ နက်မှန်း မသိကို ဖြစ်နေပြီဗျ.. .....
ကျုပ်က " မာနေတဲ့ခေါင်းကို ပျော့အောင်ရိုက်မယ်" ဆိုတဲ့ အစီအစဥ်ကို အကောင်အထည်ဖော်ဖို့ ဖြည်းဖြည်းချင်း လျှောက်သွားနေတုန်း အဝေးကနေ လူတစ်ယောက် အော်ကြီးဟစ်ကျယ်နဲ့ ပြေးလာနေတာကို
အာရုံ ရလိုက်တယ် ။
" သခင်ကြီး...... ကျွန်တော်တို့တော့ ပြသနာ တက်ပြီဗျို့ "
ကျုပ်က အဲသည်လူကို ကောင်းကောင်းကြီး သိတယ် ။ အခု ပြေးလာနေတာက ကျုပ်ရဲ့ ဆုံးမသွန်သင်မှုကို ခံထားရတဲ့ ဆန်ကုန်မြေလေးကောင်ဗျ ။
သည်ကောင်က ဘာအရေးကြီးလို့ သူ့အဖေအအုတ်ဂူ အဖောက်ခံရသလို သွေးရူးသွေးတန်း ပြေးနေတာလဲ......
ကျုပ်က ပြန်အော်လိုက်တယ် ။
" ဘာပြသနာလဲကွ"
ထန်ယီက ဆန်ကုန်မြေလေးရဲ့ အသံကို မကြားနိုင်ဘူး ။သူက ကျုပ်အော်သံကြားမှ နောက်ပြန်လှည့်ကြည့်လိုက်တယ် ။ ပြီးတော့ ကျုပ်ကို ကြည့်ပြီး ရယ်ချင်သလို ဖြစ်သွားတယ် ။
ဘာဖြစ်လို့လဲဆိုတော့ သုံးမိုင်လောက် အကွာအဝေးမှာရှိတဲ့ လူတစ်ယောက်က ကျုပ်အသံကို ပြန်ကြားနိုင်မှာ မဟုတ်ဘူးလို့ သူက ထင်နေတာလေဗျာ ။
ဒါပေမဲ့ ဆန်ကုန်မြေလေးက အဝေးကနေ ပြန်အော်လာတယ် ။
" ဟိုဘက်ခြမ်းမှာ အုတ်ဂူဖောက်တဲ့ သူခိုးတွေ ရောက်နေတယ်ဗျ "
ထန်ယီရဲ့ မျက်နှာက ချက်ချင်း ပြောင်းသွားတယ် ။
ကြည့်ရတာ သူက "အုတ်ဂူဖောက်" ဆိုတဲ့ စကားကိုတော့ နားစွန်နားဖျား ကြားလိုက်ပုံပဲ ။ သူက သိချင်စိတ် အပြည့်နဲ့ ကျုပ်ကို လှမ်းကြည့်လာတယ် ။
မင်းဘာကြည့်တာလဲ....ဒါက မိုင်တစ်ထောင် အသံပို့လွှတ်နည်းလို့ ခေါ်တယ်ကွ ။ အတွင်းအား ပညာရပ် တစ်မျိုး ။ မင်း အခု သင်ရင်တော့ နောက်ထပ် နှစ်၂၀လောက်ဆို ငါ့လို သုံးတတ်လာမှာပါ ။
ဒါပေမဲ့ အုတ်ဂူဖောက်တယ်ဆိုတာက ဟုတ်လား... အဲဒါက သေဒဏ်ပေးလို့ရတဲ့ အမှုဗျ......
"ညီလေးထန်...... အစ်ကိုတို့နှစ်ယောက်လုံးက လျူရှန်းမန်က လူတွေပဲ ။ သည်တော့ ကိုယ်ရေးကိုယ်တာကို အလုပ်ထက် ဦးစားပေးလို့ မသင့်တော်ဘူး ။ ပြီးတော့ အုတ်ဂူဖောက်တာက သေဒဏ်အထိ ကျနိုင်တဲ့ အမှု။ မင်းလိုက်ဖြေရှင်းမှာလား...... မဖြေရှင်းဘူးဆိုရင်တော့ အစ်ကိုပဲ သွားလိုက်မယ် "
ထန်ယီက အကျိုးအကြောင်း နားလည်တဲ့လူ ဖြစ်ပြီး သည်ကိစ္စက အချိန်ဆွဲလို့ မရဘူး ဆိုတာကို နားလည်ပုံရတယ် ။ သူက ခေါင်းညိတ်လိုက်ပြီး သူ့ရဲ့ ကိုယ်ဟန်ကို ပြန်ပြင်လိုက်တယ် ။အစောက ဖိအားပေးနေတဲ့ အရှိန်အဝါတွေကလည်း ပျောက်ကွယ်သွားတယ်ဗျ ။
သည်လူငယ်လေးမှာ သည်လောက် အားကောင်းတဲ့ အတွင်းအား ရှိနေမယ်လို့တော့ ကျုပ် တကယ် မထင်ထားမိဘူး ။
" ကောင်းပြီလေ...... ကျွန်တော် အစ်ကိုနဲ့ လိုက်ခဲ့မယ် ။ ပြိုင်ပွဲကိုတော့ ခဏ ရပ်ထားကြတာပေါ့ "
Lord Zen