← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

ရွှေလက်ဆေးတဲ့ သိုင်းဘုရင်

စာစဥ်၃ အပိုင်း၂၆

နောက်ကွယ်က လက်သည် တရားခံ

" အုတ်ဂူဖောက်သမားတွေက အခုခေတ်ထိ ရှိနေသေးတာလား "

ကျုပ်က ပတ်ဝန်းကျင်ကို တစ်ချက်

ဝေ့ကြည့်လိုက်တယ် ။ ကွေ့ကောက်နေတဲ့ တောင်စောင်းတစ်လျှောက်မှာ အုတ်ဂူတွေ အများကြီးပဲ ။ ကြည့်ရတာ သည်နေရာက ဇီးပန်းကျေးရွာရဲ့ သင်္ချိုင်းကုန်း ဖြစ်မယ် ။ အဲသည်မှာမှ လူနှစ်ယောက်က မြေကြီးတွေကို အသည်းအသန် ဖယ်ပြီး အုတ်ဂူ တူးဖို့ ကြိုးစားနေကြတယ်ဗျ ။

သည်လိုနဲ့ နည်းနည်း နီးလာတော့ ထူးဆန်းတာ တစ်ခုကို ကျုပ် သတိထားမိသွားတယ် ။

အုတ်ဂူကျောက်တိုင်.....ကျုပ်ပြောချင်တာက အုတ်ဂူက ဘေးပတ်လည်မှာရှိတဲ့ အုတ်ဂူတွေထက် အရွယ်အစား အများကြီး ပိုကြီးနေတယ်ဗျ ။ တစ်နည်းအားဖြင့်တော့ ကံကောင်းတယ်လို့ ပြောရမယ် ။ အုတ်ဂူကျောက်တိုင်က ကျောက်သားစစ်စစ်နဲ့ လုပ်ထားတော့ အုတ်ဂူဖောက်သမားနှစ်ယောက်ခမျာ အတော်လေး အားစိုက်ထုတ်နေရတာပေါ့ ။

" ချာပီး..... ရွာထဲက အကြီးဆုံး အုတ်ဂူက ဘယ်သူ့ဟာလဲကွ "

ချာပီးနဲ့ ထန်ယီက သည်လောက် အကွာအဝေးကို သေချာမမြင်နိုင်သလို အသေးစိတ်လည်း မမြင်ရဘူး ။ ဒါကြောင့် သူတို့က ကျုပ်ပြောတာကို သဘောပေါက်ပုံ မရဘူး ။ဒါပေမဲ့လည်း ချာပီးက ပြန်ဖြေတယ် ။

"ကျွန်တော်တို့ မိသားစု အုတ်ဂူကလွဲပြီး တခြားမိသားစုဟာတော့ ဖြစ်စရာ မရှိပါဘူး သခင်ကြီး ။ သခင်ကြီး မေ့သွားပြီလားဗျ ။ကျွန်တော့်အဖေက အရင်တုန်းက ဧကရာဇ်မင်းကြီးရဲ့ ​တော်ဝင်တပ်ဖွဲ့မှာ အမှုထမ်းခဲ့တာလေ ။ အဲဒါကြောင့် သူ့အုတ်ဂူကို အရာရှိတွေကပဲ ဆောက်ပေးထားတာ ။ အတော်လေးကို ခမ်းခမ်းနားနား ရှိတဲ့ အုတ်ဂူပေါ့ဗျာ "

ချာပီးပြောတာကို နားထောင်ရင်း ကျုပ်စိတ်ထဲမှာတော့ တစ်ခုပဲ တွေးမိတယ် ။ဒီကောင်က အုတ်ဂူထဲ ပြောင်းနေချင်နေတာများလား ။

ကျုပ်က ချာပီးကို အားနာတဲ့ အမူအယာနဲ့ ကြည့်လိုက်တယ် ။

" ဒါဆိုရင်လည်း ကြို​ပြီး တောင်းပန်တယ်ကွာ ။အခု အုတ်ဂူဖောက်တဲ့လူနှစ်ယောက် တူးနေတဲ့ အုတ်ဂူက မင်းတို့ မိသားစု အုတ်ဂူပဲ "

" ဘာ"

ချာပီးက အကြီးအကျယ် ဒေါသထွက်ပြီး ခုန်ပေါက်သွားတယ် ။

" သည်ကောင်တွေက ဘာလုပ်တာလဲ ။ ငါ့ရဲ့ ထမင်းအိုးကို ရိုက်ခွဲချင်တာလား ။ အဲသည်အုတ်ဂူက ငါ့ရဲ့နောက်ဆုံး စီးပွားရေး လက်နက်ကွ ။ ငါတကယ် စားရမဲ့ ၊ သောက်ရမဲ့ ဖြစ်နေမှာ ရောင်းစားဖို့ ကြံထားတာ "

" လူကြီးမင်းခင်ဗျာ.......ကျေးဇူးပြုပြီး ကျွန်တော့်အတွက် တရားမျှတမှု ဆောင်ကြဥ်းပေးပါဦး "

ကျုပ်က ချာပီးရဲ့ ဒေါက ထွက်နေပုံကို မြင်ပြီး ဘာပြောလို့ ပြောရမှန်း မသိတော့ဘူး ။

ဆန်ကုန်မြေလေး ဆိုတာကတော့ တကယ် ဆန်ကုန်မြေလေးပါပဲ.....

" အုတ်ဂူဖောက်တာက သေဒဏ်ကျနိုင်တဲ့ အမှုပဲ ။ ပြီးတော့ အရှင်မင်းကြီးရဲ့ နောက်လိုက်ဆိုတာက လျူရှန်းမန်နဲ့ မတူဘူး ။ နန်းတွင်းက တရားဝင် ခန့်အပ်ထားတဲ့ အရာရှိမိသားစုရဲ့ အုတ်ဂူကို ဖောက်တာက နေရာမှာတင် တန်းပြီး

ခေါင်းဖြတ်လိုက်လို့ရတယ် ။ အသနားခံဖို့ အခွင့်အရေးလည်း မရှိဘူး "

ထန်ယီက စကားကို သူ့ဝသီအတိုင်း ခပ်ပြတ်ပြတ်ပဲ ။ ပြီးတော့ သူ့မျက်လုံးတွေမှာလည်း လူသတ်ချင်တဲ့ အရိပ်အယောင်တွေ သန်းလာတယ် ။

တိတိကျကျ ပြောရမယ်ဆိုရင် သူ့ပုံက တရားဥပဒေကို ရိုသေလေးစားလွန်းတဲ့ ပုံမျိုးမဟုတ်ဘူး ။ သူက အုတ်ဂူဖောက်နေတဲ့ လူနှစ်ယောက်ကို သတ်ပစ်ချင်လို့ အကြောင်းပြချက် ရှာနေတဲ့ပုံပဲဗျ ။

ကျုပ်ကတော့ ထန်ယီကို နားမလည်နိုင်ဘူး ။ ဒါက သိုင်းလောကကြီးလေဗျာ ။ အုတ်ဂူဖောက်တဲ့ သူခိုးလေး တစ်ယောက်၊နှစ်ယောက်လောက်

ကို သတ်တာက ဘာမှ မပြောပလောက်တဲ့ အရာ မဟုတ်ဘူးလား ။ ဒါကို သည်​ကောင်က ဘာလို့ တရားမျှတမှုကို အရမ်းပဲ ရိုသေလေးစားသလို ပုံဖမ်းနေတာလဲ ။

ကျုပ်က ခေါင်းညိတ်ပြီး ထန်ယီကို မျက်နှာချို သွေးလိုက်တယ် ။

" ညီလေးထန်ယီ....... တရားဘက်တော်သား တစ်ယောက် အနေနဲ့ ညီလေး အရင်သွားပြီး ဆုံးမချင်ရင် ဆုံးမလိုက်ပါလား "

" ဒါဆိုရင်လည်း ကျွန်တော် မစောင့်တော့ဘူး "

ထန်ယီက စုရှောင်ကို ကျောပိုးထားတဲ့ ကျုပ်ကို စာနာပုံရတယ်ဗျ ။ သူက ကျုပ်ကို သူနဲ့လိုက်ခဲ့ဖို့ ဖိအား မပေးဘူး ။

သူက ခြေလှမ်းကျယ်ကြီး တစ်လှမ်း လှမ်းပြီး ထွက်သွားတော့တာပဲ ။

သူက ခြေလှမ်း နည်းနည်း လှမ်းအပြီးမှာတော့ အတွင်းအား​ကို ထည့်လိုက်ပုံ ရတယ်ဗျ ။ သူ့ရဲ့ အမြန်နှုန်းက မျက်စိတစ်မှိတ် အတွင်းကို မြှင့်တက်သွားတယ် ။

အင်း..........ထန်ယီက တိုက်ခိုက်ရေးမှာတင် တော်တာ မဟုတ််ဘူး ။ သူ့ရဲ့ ကိုယ်ဖော့ပညာကလည်း အတော်ကောင်းတယ် ။

သည်ကလေးရဲ့ အနာဂတ်က ဖြောင့်ဖြူးနေမှာ သေချာပေါက်ပဲ ။ ကျုပ်ဆိုရင် သူ့အရွယ်တုန်းက မိုးပေါ် မော့ကြည့်ပြီး " မှိတ်တုတ်မှိတ်တုတ် ကြယ်ကလေးတွေ " ဆိုနေတုန်းပဲ ရှိသေးတာဗျ ။

ထန်ယီအနေနဲ့ အုတ်ဂူဖောက်သမားတွေ ရှိတဲ့နေရာကို ရောက်ဖို့ သိပ်ပြီး အချိန် မယူလိုက်ရဘူး ။ သူက အဲသည်နေရာကို ရောက်တာနဲ့ တစ်ပြိုင်နက် တန်းပြီး ခြေကန်ချက် တစ်ချက် ထုတ်လိုက်တယ် ။ ကန်ချက်က အပေါ်ယံ အမြင်နဲ့ ကြည့်ရင် သာမန်ကန်ချက် တစ်ချက်လိုပဲ ။ ဒါပေမဲ့ တကယ့် တကယ်တမ်းမှာတော့ အားပါ ပြင်းထန်လွန်းတယ် ။

အုတ်ဂူဖောက်သမားတွေထဲက တစ်ယောက်ကတော့ ကံဆိုးပုံ ရတယ်ဗျ ။ သူက ထန်ယီရဲ့ ကန်ချက်ကို ဟန်ပြလား ၊ တကယ်လားဆိုတာ ဝေခွဲမရတဲ့အတွက် လက်နှစ်ဖက်နဲ့ ခုခံလိုက်တာမှာ အနောက်ကို အတော်လေး လွင့်ထွက်သွားတယ် ။

အဲသည်အုတ်ဂူဖောက်သမား ပြန်ထလာတဲ့ အချိန်မှာတော့ ထန်ယီက နောက်တစ်ယောက်နဲ့တောင် တိုက်နေပြီဗျ ။

" မင်းဘယ်သူလဲ"

"မင်းက မေးနေသေးတယ် ။ချီလင်ကိုယ်ရံတော်တပ်က နောက်ထပ်လူပြက်တစ်ကောင်ပဲ နေမှာပေါ့ "

ဗေဒင် မေးနေစရာ မလိုဘူး ။သည်ကောင်တွေက သေချာပေါက် ဟိုဟွာဆန်းဂိုဏ်းသား သုံးယောက်နဲ့ တစ်ဖွဲ့တည်းပဲ ။

ကျုပ်က ကျုပ်ရထားတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြီး အခြေအနေ တစ်ခုလုံးကို ဆန်းစစ်ကြည့်လိုက်တယ် ။

သူတို့ရဲ့ ပစ်မှတ်က ချာပီးမိသားစုရဲ့ အုတ်ဂူပဲ ။ အဲဒါကြောင့် သူတို့က ချာပီးအဖေရဲ့ မိတ်ဆွေဟောင်းတွေလို ဟန်ဆောင်ပြီး ဇီးပန်းကျေးရွာထဲမှာ ပုန်းနေကြတာ ။

သူတို့ရဲ့ မူလအစီအစဉ်က အုတ်ဂူဖောက်ပြီးတာနဲ့ လူမသိခင် ထွက်ပြေးဖို့ ဖြစ်မယ် ။ ဒါပေမဲ့ မထင်မှတ်ဘဲ ချီလင်ကိုယ်ရံတော်တွေရဲ့ သတိထားမိမှုကို ခံလိုက်ရတော့ အဖွဲ့ခွဲပြီး လှုပ်ရှားလိုက်ရတာပေါ့ ။

တစ်ဖွဲ့က ချီလင်ကိုယ်ရံတော်တွေကို တားထားမယ် ။

နောက်တစ်ဖွဲ့က အုတ်ဂူဖောက်မယ် ။

ကျုပ်တွက်ကြည့်ရသလောက်ဆိုရင် သည်လိုပဲ ဖြစ်မယ်ဗျ ။

ဒါပေမဲ့ သည်ကောင်တွေက ဘာလို့ နေ့ခင်းကြောင်တောင်ကြီး အုတ်ဂူ ဖောက်နေကြတာလဲ ။ အုတ်ဂူဖောက်တယ် ဆိုတာက ညဘက် လူခြေတိတ်ချိန်မှ ဘယ်သူမှ သတိ မထားမိအောင် တိုးတိုးတိတ်တိတ် လုပ်ရတာ မဟုတ်ဘူးလား ။

နေပါဦး...... သည်ကောင်တွေက ဣန္ဒြေတောင် မထိန်းနိုင်ဘဲ နေ့ခင်းကြောင်တောင်ကြီး အုတ်ဂူ ဖောက်နေတာဆိုတော့........

မဟုတ်မှလွဲရော...... ချာပီးအဖေ အုတ်ဂူထဲမှာ တန်ဖိုးကြီးတဲ့ အရာ တစ်ခုခုများ မြုပ်ထားလို့လား.......

အဲဒါက ဘာဖြစ်နိုင်မလဲ.....

ရွှေချောင်းတွေလား...... ဒါမှမဟုတ် ရွှေခဲတွေများလား......

ဟီးဟီး..... ဘာပဲရှိရှိ....သေချာတာကတော့ တန်ဖိုးရှိတဲ့ ရတနာတွေ မြုပ်ထားတယ် ဆိုတာ သေချာတယ်ဗျ ။

တွေးနေရင်းနဲ့ ကျုပ်ရဲ့ ခန္ဓာကိုယ်က ရုတ်တရက် ပူလာသလိုပဲ ။

ပြီးတဲ့နောက်မှာ ကျုပ်လည်း အုတ်ဂူဘက်ကို ပြေးတော့တယ် ။

ကျုပ်ရောက်သွားတော့ ထန်ယီက နစ်ယောက်၊တစ်ယောက်တောင် ချနေပြီဗျ ။

ချာပီးကတော့ ဘာမှ သုံးစားမရတဲ့ကောင်ဆိုတော့ မပါလာဘူး ။ဟိုးအနောက် ဝေးဝေးမှာ ကျန်နေခဲ့တယ် ။

ကျုပ်က ဘယ်၊ညာ လှည့်ပြီး ဘေးပတ်ဝန်းကျင် အခြေအနေကို တစ်ချက် အကဲခတ်လိုက်တယ် ။ ဘေးနားမှာ ဘယ်သူမှ မရှိဘူးဗျ ။ ပြီးတော့ အုတ်ဂူက မသိမသာလေး ပွင့်နေတာကို ကျုပ် သတိပြုမိလိုက်တယ် ။

ဒါက အခွင့်အရေးပဲ......

ကျုပ်က အုတ်ဂူကို ကျောပေးပြီး တဖြည်းဖြည်း ချဥ်းကပ်သွားတယ် ။ ကျုပ်က သေချာအောင် နောက်ထပ် တစ်ကြိမ် အကဲခတ်လိုက်သေးတယ်ဗျ ။ ဘယ်သူမှ မရှိတာ သေချာမှ ခြေတစ်ဖက်ကို အသာလေးမြှောက်ပြီး နောက်ပြန် ကန်ပစ်လိုက်တယ် ။

ဂျွတ်......

ကျုပ်ရဲ့ ကန်ချက်ကြောင့် အုတ်ဂူထိပ်ပိုင်းဘက်ကို ပျက်စီးသွားတယ် ။ ပြီးတော့ အုတ်ဂူကျောက်တိုင်ကလည်း နှစ်ခြမ်း ကွဲထွက်သွားတယ်ဗျ ။

တောင်းပန်ပါတယ် လူကြီးမင်းချာ.....နောင်အနာဂတ်ကျရင် ခင်ဗျားကို တခြားလူတွေ လာမနှောင့်ယှက်နိုင်အောင် ကျွန်တော်က ကူညီပေးတာပါ ။ ဒါကြောင့် တမလွန်ကနေ ကျွန်တော့်ကို အပြစ်မတင်ပါနဲ့ ....

လူကြီးမင်းချာကို တောင်းပန်ပြီးတဲ့ နောက်မှာတော့ ကျုပ်က အာ့လန်နတ်မင်းရဲ့ နတ်မျက်စိ ရထားတဲ့အတိုင်း အမြန် ကြည့်လိုက်တယ် ။

တွေ့ပြီ......ဟဟ....

ကျုပ်က အုတ်ဂူထဲမှာ ပစ္စည်းသုံးခု ရှိနေတာကို တွေ့လိုက်ရတယ်ဗျ ။

စာအုပ်တစ်အုပ် ၊ အရိုးပြာအိုး တစ်လုံး နဲ့ ရွှေသေတ္တာ တစ်လုံး......

ကဲ..... ခင်ဗျားတို့ကို မေးကြည့်ပါဦးမယ်....

ခင်ဗျားတို့သာ ကျုပ်နေရာမှာဆို ဘယ်ပစ္စည်းကို သံသယ ဖြစ်မလဲ.....

ကျုပ်ကတော့ ဘယ်ပစ္စည်းကို သံသယ ဖြစ်ရမှန်း မစဥ်းစားတတ်ဘူး။ ဒါပေမဲ့ ကျုပ်လက်ကတော့ အလိုလို ရွှေသေတ္တာဆီကို သွားနေတယ်ဗျ ။

အဲသည်အချိန်မှာပဲ အသံတစ်သံက ရုတ်တရက် ထွက်လာတယ် ။

" မထိနဲ့ "

ဘယ်သူလဲ...... ဘယ်ကောင်က တကယ့် အရေးကြီး အခိုက်အတန့်မှာ ကျုပ်ကို လာတားနေတာလဲ......

ကျုပ်က ပတ်ဝန်းကျင် တစ်ခုလုံးကို လှည့်ပတ် ကြည့်လိုက်တယ် ။ ဒါပေမဲ့ ဘာအရိပ်အယောင်မှ မတွေ့ရဘူး ။

အသံက ကျုပ်နဲ့ အနီးကပ်ကို ထွက်လာတာဗျ ။ အဲသည်အသံပိုင်ရှင်က ဘယ်သူပဲဖြစ်ဖြစ် မိုင်တစ်ထောင် အသံပို့လွှတ်နည်းကို တကယ့်ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားတာ သိသာလွန်းတယ် ။ ကျုပ်ရဲ့ ဂိုဏ်းတူဒေါ်လေးတောင်မှ သူ့လောက် မကျွမ်းကျင်ဘူးဗျ ။

ဒါပေမဲ့ ကျုပ်နှုတ်ခမ်းဝနားက အစာကို လာလုရင်တော့ မင်းဖေးဟန်ဆိုတဲ့ ကျုပ်အကြောင်းကို ကောင်းကောင်းကြီး သိသွားစေရမယ် ။ သည်ရွှေတွေကို ကျုပ်အရင် တွေ့တာဗျ ။

ကျုပ်က ဘာကို ဂရုစိုက်နေရမှာလဲ.....

အတွေးဆုံးတာနဲ့ တစ်ပြိုင်နက် ကျုပ်က အမြန် ရွှေသေတ္တာကို သိမ်းယူလိုက်တယ် ။

"မင်းဖေးဟန်.....မင်းက ကိုယ်ကာကွယ်ရမယ့် ပစ္စည်းကို မကာကွယ်တဲ့အပြင် ပြန်တောင် ခိုးနေသေးတယ်ပေါ့ ။ လက်ထောက်ခေါင်းဆောင်က မင်းကို အပြစ်ပေးမှာ မကြောက်ဘူးလား "

အသံပိုင်ရှင်က ကျုပ်ရဲ့ နာမည်ကို သိနေရုံတင် မကဘဲ ကျုပ်အကြောက်ဆုံး အရာကိုပါ သိနေတယ်ဗျ ။ အဲသည်အတွက် ကျုပ်အနေနဲ့ ဘာမှ မတတ်နိုင်တော့ဘူး ။ ရွှေသေတ္တာကို ပြန်ချထားလိုက်ရတယ် ။

" သူရဲကောင်းကြီး...... အမိုက်အမဲလေးမို့ ​ဗွေမယူပါနဲ့ ။ ကျွန်တော်တို့ ဒါကို နောက်မှ ဆွေးနွေးလို့ ရပါတယ် "

ကျုပ်က ပါးစပ်ကနေသာ လက်လျော့လိုက်တာ ။ စိတ်ထဲမှာတော့ မကောင်းတဲ့အတွေးတွေက လုံးဝ မရပ်သေးဘူးဗျ ။ ကျုပ်ရဲ့ သူခိုးမျက်လုံးတွေက နေရာအနှံ့ကို ကျီးကန်းတောင်မှောက် လိုက်ကြည့်နေသေးတယ် ။ကျုပ်ကို လာတားနေတဲ့ မဟာသူတော်ကောင်းကြီးကိုများ တွေ့မလား ဆိုပြီးတော့ပေါ့ ။

အသံက ပြန်ထွက်လာပြန်တယ် ။

" ငါ့ကို လိုက်ရှာမနေနဲ့..... မင်းငါ့ကို တွေ့မှာ မဟုတ်ဘူး "

ဘာကြီးလဲကွ....... ကျုပ်က တစ်ဖက်လူရဲ့ အရိပ်အယောင်ကိုတောင် ရှာမတွေ့သေးဘူး ။ ဒါပေမဲ့ တစ်ဖက်လူကတော့ ကျုပ်သူ့ကို ရှာနေတာကို သိနေတယ်.....

အဲသည်ကောင်က နတ်မျက်စိ ရထားတာများလား......

ဒါမှမဟုတ် သိုင်းလောကထဲကနေ ဇာတ်မြုပ်နေတဲ့ ဆရာကြီး တစ်ပါးများ ရောက်လာတာများလား......

ရုတ်တရက် ကျုပ်ခေါင်းထဲကို အတွေးတစ်ခု ရောက်လာတယ် ။

တကယ်လို့ ကျုပ်သူ့ကို မရှာနိုင်ဘူး ဆိုရင်တောင်မှ သူ့ကို အလွတ်ပေးလိုက်လို့ မဖြစ်ဘူး ။

မဟုတ်ရင် ကျုပ်ရဲ့ ဂုဏ်သိက္ခာတွေက လူတကာ တံတွေးခွက်ထဲမှာ ပက်လက်မျောတော့မှာဗျ ။

(*** တရုတ်တွေရဲ့ အယူအဆအရဆိုရင် သေလွန်ပြီးသား လူတစ်ယောက်ရဲ့ အုတ်ဂူကို ဖောက်တာက အင်မတန် ယုတ်ညံ့တဲ့ အပြုအမူဗျ ။မင်းဖေးဟန်က လူလစ်တယ် ထင်ပြီး အုတ်ဂူတိုင်ကို ကန်ချိုးခဲ့တဲ့အပြင် ကျန်ခဲ့တဲ့ ပစ္စည်းကိုပါ အလစ်သုတ်ဖို့ ကြံနေတာပါ။ )

" ကျွန်တော် လူတွေအများကြီး ကြုံဖူးပါတယ် ။ဒါပေမဲ့ သူရဲကောင်းကြီးလောက် အဆင့်မြင့်တဲ့ ကိုယ်ဖော့ပညာကို မမြင်ဖူးပါဘူး ။ ကျေးဇူးပြုပြီး အရှေ့ထွက်ခဲ့လို့ ရမလားဗျ "

" ငါ့ကိုတွေ့လို့ကော မင်းဘာအကြောင်းထူးမှာလဲ"

" သူရဲကောင်းကြီးရဲ့ အသံအရ ဆိုရင် သူရဲကောင်းကြီးက မိန်းကလေးဖြစ်မယ်ဗျ ။ ကျွန်တော်ကလည်း တိုက်တိုက်ဆိုင်ဆိုင် လူပျိုလေဗျာ ။ မသကာ....ဟီးဟီးဟီး.....ကျွန်တော်တို့ မိတ်ဆွေတွေ ဖြစ်လာနိုင်တာပေါ့ "

ကျုပ်က လေသံကို ပြင်လိုက်တယ် ။

" သူရဲကောင်းမလေး....ကျွန်တော်တို့ ဟိုဟိုသည်သည် လျှောက်လည်ကြမလား"

အသံပိုင်ရှင်က အစောကလောက် မတည်ငြိမ်တော့ဘူးဗျ ။

" မင်းအဖေကို မိန်းကလေးပါလား....ငါက ယောကျာ်းစစ်စစ်ကြီးကွ "

" အမ်.... ဒါပေမဲ့ သူရဲကောင်းကြီးရဲ့ အသံက နူးညံ့ပြီး ချိုသာနေတာလေ ။ မဟုတ်မှလွဲရော သူရဲကောင်းကြီးက မကောင်းဆိုးရွားဂိုဏ်းရဲ့ နေကြာပန်း သိုင်းပေါင်းချုပ်ကို ကျင့်ထားလို့များလားဗျ "

ကျုပ်က ဝေခွဲမရ ဖြစ်နေတယ် ။ ကျုပ်ရဲ့ သိုင်းလောက အတွေ့အကြုံအရ ဆိုရင်တော့ ဒါက သေချာပေါက် နေကြာပန်း သိုင်းပေါင်းချုပ်ပဲ ။ အဲသည်လိုမှ မဟုတ်ရင် သူ့ရဲ့ ကိုယ်ဖော့ပညာက ကျုပ်မျက်လုံးအောက်က လွတ်သွားစရာ မရှိဘူး ။

ကျုပ်က မကျေနပ်သေးဘဲ နောက်ထပ်တစ်ကြိမ် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ပြန်တယ် ။ ရလဒ်ကတော့ ထူးမခြားနားပါပဲ ။ အသံပိုင်ရှင်ရဲ့ အရိပ်အယောင်ကိုတောင် ရှာမတွေ့ပါဘူး ။

ကျုပ်က စိတ်ပျက်လက်ပျက်နဲ့ အရှုံးပေးလိုက်တယ် ။

" ကျွန်တော် အရှုံးပေးပါပြီ ဆရာကြီး.... ကျေးဇူးးပြုပြီး မျက်နှာသာ ပေးပါဦး "

" မင်းက ငါ့ကို တကယ် မြင်ချင်တာလား"

ကျုပ်က ရိုးသားမှုအပြည့်နဲ့ ပြန်ပြောလိုက်တယ် ။

" ကျွန်တော့်ဘဝမှာ အလိုချင်ဆုံးဆုကို တောင်းပါဆိုရင် ဆရာကြီးကို မြင်ရဖို့ကိုပဲ ဆုတောင်းမှာပါ"

" အင်း..... ငါမင်းကို အတွေ့ခံလို့ရတယ် ။ ဒါပေမဲ့ နောင်ကျရင် ငါ့ကို အနိုင်မကျင့်ဘူးလို့ ကတိပေးရမယ်"

အမ်..... အနိုင်ကျင့်မယ်....ဘာကို အနိုင်ကျင့်ရမှာလဲ ။ အဆင့်မြင့် သိုင်းဆရာကြီး တစ်ပါးနဲ့ အသိအကျွမ်း ဖြစ်တာက ဂုဏ်တောင် ယူရဦးမယ့် ကိစ္စ မဟုတ်ဘူးလား ။

" မနောက်ပါနဲ့ ဆရာကြီးရယ်... ကျွန်တော်က ဘယ်လိုလုပ်ပြီး အဲသည်လို အတွေးမျိုး တွေးရဲမှာလဲ ။ ကျွန်တော့်ကိုသာ ဆရာကြီး ဘယ်မှာလဲ ဆိုတာ ပြောပြပါတော့ "

" သည်တော့ မင်းက ကတိပေးတယ်ပေါ့ ။ ဒါဆိုရင်လည်း ငါမင်းကို မျက်နှာ ပြရတာပေါ့ "

အသံပိုင်ရှင် ရယ်ကျဲကျဲနဲ့ ကျုပ်ကို ပြောလာတယ် ။

" ဟီး...ဟီး.... ငါက မင်းအနောက်မှာ "

ကျုပ်က ခေါင်းကို လှည့်ကြည့်လိုက်တော့ မျက်နှာအ​ပြောင်သားနဲ့ စုရှောင်က ကျုပ်ကို ကြည့်နေတယ် ။

လခွီးပဲဟေး....... ကျုပ်ရဲ့ လုပ်ဖော်ကိုင်ဖက် နှစ်ယောက်မှာ ကျုပ်ကို စိတ်ဒုက္ခပေးတဲ့ စွမ်းရည်ကလွဲလို့ တခြားစွမ်းရည် မရှိတော့ဘူးလား....

Lord.Zen

All Chapters