အခန်း ၂၇
Vol. 3 Ch. 27
ရွှေလက်ဆေးတဲ့ သိုင်းဘုရင်
စာစဥ်၃ အပိုင်း၂၇
အပြစ်ဖုံးဖိနည်း
စုရှောင်က ကျုပ်ကို အပြစ်တင်တဲ့ လေသံနဲ့ ပြောတယ် ။
"မင်းဖေးဟန်..... အစ်ကိုဘာဖြစ်လို့ တခြားလူရဲ့ အုတ်ဂူကို ဖွင့်နေတာလဲ ။ တကယ်လို့ ကျွန်တော်သာ လက်ပူးလက်ကြပ် မမိဘူးဆိုရင် အစ်ကိုက ရွှေသေတ္တာကို ခိုးပြီးလောက်ပြီ ။ဟွန်း.....လူသေအတွက် မြုပ်ထားတဲ့ ရွှေကိုတောင် ခိုးရဲတယ်ဆိုတော့ အစ်ကိုက တကယ် မလွယ်ဘူးပဲ "
" ညီလေး..... မင်းဘာတွေ အစ်ကို့ကို လာစွပ်စွဲနေတာလဲ ။ သည်မှာ အမှုအတွက် စုံစမ်းဖို့ ပြင်နေတာ မင်းမမြင်ဘူးလား ။ အုတ်ဂူထဲမှာ ဘာရှိနေလဲ ဆိုတာကို သေချာမသိရင် အစ်ကိုတို့ အမှုကို ဘယ်လို ဖြေရှင်းမှာလဲကွ "
ကျုပ်က ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးဖို့ ကြိုးစားလိုက်တယ် ။ ကျုပ်ရဲ့ စွမ်းရည်တွေထဲက တစ်ခုဖြစ်တဲ့ ဗြောင်လိမ်ဗြောင်စား အစွမ်းကလည်း မပါမဖြစ်ပေါ့ ။
"ကလေး......လူကြီးတွေ အလုပ်လုပ်နေရင် ဝင်မပါနဲ့ ။ သည်နေရာမှာ မင်းအတွက် အန္တရာယ် များလွန်းတယ် ။ လူလိမ္မာလေးလုပ် ၊ အိမ်ပြန်ပြီး အေးအေးဆေးဆေး အိပ်နေ ။ အစ်ကို ညီလေးကို နောက်နှစ် လာနိုးမယ် "
" တော်ပါ.....အစ်ကိုက လူကြီးလို ပြုမူဖို့ ကြိုးစား ဟန်ဆောင်နေတာပဲ ရှိတာ ။ အစ်ကို့လောက် ပြသနာကို မီးထွန်း လိုက်ရှာတတ်တဲ့ လူက လူကြီးနေရာကနေ သြဝါဒ ပေးရဲသေးတယ်ပေါ့ "
" ပြီးတော့ ဟိုလူတွေက မကောင်းဆိုးရွားဂိုဏ်းဝင်တွေ မလား ။ အစ်ကိုက ဘာဖြစ်လို့ အစ်ကိုထန်ယီကို ဝင်မကူတာလဲ "
သည်မျိုးမစစ်ကလေးက ကျုပ်ကို သံသယ ဝင်နေတဲ့ အကြည့်တွေနဲ့ကြည့်ပြီး စစ်မေးနေသေးတာဗျ ။
" တကယ်လို့ အစ်ကို သည်ကိစ္စကို သေချာ မရှင်းပြနိုင်ရင်တော့ ကျွန်တော် လက်ထောက်ခေါင်းဆောင်ကို တင်ပြရမှာပဲ "
လက်ထောက်ခေါင်းဆောင်.....လက်ထောက်ခေါင်းဆောင်...... လက်ထောက်ခေါင်းဆောင်......
မင်းတို့ နှစ်ကောင်က တစ်ခုခုဆို အစ်မကြီးရှန်း နာမည်သုံးပြီး ငါ့ကို ခြိမ်းခြောက်ဖို့ပဲ တတ်ကြတာလား ။
ဒါပေမဲ့ အမှန်အတိုင်း ပြောရမယ်ဆိုရင် လျူရှန်းမန်မှာ ကျုပ်အကြောက်ရဆုံးကလည်း သူပဲဗျ ။
ကျုပ်က အဝေးကို တစ်ချက် ငေးကြည့်လိုက်တယ် ။ ထန်ယီကတော့ သနားစရာ ဟွာဆန်းဂိုဏ်းသား နှစ်ယောက်နဲ့ အကျိတ်အနယ် တိုက်ခိုက်နေတုန်းပဲ ။
အခု ဟွာဆန်းဂိုဏ်းသား နှစ်ယောက်က ကျုပ်အိပ်ဆေး ကျွေးထားတဲ့ သုံးယောက်ထက်တောင်မှ ညံ့သေးတယ်ဗျ ။ အဲသည်တော့ ထန်ယီက သူတို့ကို ဆော်ပလော် တီးနိုင်မှာ အသေအချာပဲ ။ သူက ကျုပ်အကူအညီကို လိုမှာ မဟုတ်ဘူး ။
ကျုပ်က နှုတ်ခမ်းမဲ့ပြီး စုရှောင်ဆိုတဲ့ ဒူးမနာသားလေးကို ရှင်းပြလိုက်တယ် ။
" ဘယ်နားက မကောင်းဆိုးရွားဂိုဏ်းဝင်လဲ.... အဲသည်နှစ်ယောက်က မကောင်းဆိုးရွားဂိုဏ်းဝင်တွေ မဟုတ်ဘူး"
" သူတို့က မကောင်းဆိုးရွားဂိုဏ်းသားတွေ မဟုတ်ဘူးပေါ့.....အဲဒါဆိုရင် သူတို့က ဘာတွေလဲ "
စုရှောင်က ကျုပ်ပြောတာကို ယုံတဲ့ပုံ မပြဘူး ။
သူက ကျုပ်ကို မျက်လုံးလေးပြူးပြီး ပြန်မေးလာတယ် ။
ကျုပ်က စုရှောင်ကို ကြည့်လိုက်တော့ နှင်းဆီလို နီရဲတဲ့ နှုတ်ခမ်းပါးလေးနဲ့ ဝိုင်းစက်ကြည်လင်နေတဲ့ သမင်မျက်လုံးပိုင်ရှင် အလှလေး တစ်ယောက်ကို မြင်လိုက်ရတယ် ။
မိုးနတ်မင်းကြီးရေ...... သည်ကောင်က တကယ်ကော ယောကျာ်းလေး ဟုတ်ရဲ့လား ။ သည်ပုံစံအတိုင်းဆိုရင် ကျုပ်တော့ တစ်နေ့နေ့မှာ သူ့ခုတင်ပေါ် ပြေးတက်ပြီး တက်ဖိမိတော့မှာဗျ ။
ဟီး...ဟီး..... စတာပါဗျာ ။ ကျုပ်လို ရိုးသား၊ ဖြူစင် ၊ ဖြောင့်မတ် ၊ လေးနက် ၊တည်ကြည် ၊ ခန့်ညား ၊ ရုပ်ချော ၊ သဘောကောင်းတဲ့ ကျောင်းတော်သား တစ်ယောက်က ဒါမျိုး ယုတ်ညံ့တဲ့ အလုပ်ကို လုပ်စရာလားဗျ ။
ကိလေသာ ၊တဏှာရမ္မက် ရွှံ့ညွှံတွေက ကျုပ်လို ကြာဖြူပန်းလေးကို စွန်းထင်နိုင်စရာ ဘာအကြောင်းမှ မရှိဘူး ။
" ညီလေး..... နန်ကျင်းရဲ့ မိုင်တစ်ရာ ပတ်လည်အတွင်းမှာ မကောင်းဆိုးရွားဂိုဏ်းဝင်တွေ ကျင်လည်ကျက်စားတာ မင်းမြင်ဖူးလား ။ ဒါပေမဲ့ သည်ကောင်တွေကတော့ သူတို့ကိုယ်သူတို့ လန်ကျွင်းကျူးခုံကပါ ဆိုပြီးတောင် ကြေညာနေလိုက်သေးတယ် ။ မင်းတွေ့ခဲ့တဲ့ ဝတ်စုံပြာ သုံးယောက်နဲ့ အခု နှစ်ယောက်က ဟွာဆန်းဂိုဏ်းက လူတွေပဲ ။သူတို့ကို ဘယ်သူ လွှတ်လိုက်သလဲတော့ မသိဘူး ။ ဒါပေမဲ့ သူတို့က မကောင်းဆိုးရွားဂိုဏ်းသားတွေ မဟုတ်တာတော့ လုံးဝ သေချာတယ် "
ကျုပ်က စုရှောင်ကို အသေးစိတ် ရှင်းပြမနေတော့ဘူး ။ တကယ်လို့ ရှင်းပြရင်လည်း သူ့လို အတွေ့အကြုံ မရှိတဲ့ ပေါက်စလေးက ဘာနားလည်မှာမို့လဲ ။ နည်းနည်းပါးပါး သိထားရင်ကို အဆင်ပြေပါပြီ ။
ခင်ဗျားတို့အားလုံး သိအောင် ပြောပြရမယ် ဆိုရင် တစ်လောကလုံးမှာ မကောင်းဆိုးရွားဂိုဏ်းကို အမုန်းဆုံးဖြစ်တဲ့ လျူရှန်းမန် နဲ့ ချီလင် ကိုယ်ရံတော်တပ် နှစ်ခုစလုံးက နန်ကျင်းမှာ အခြေစိုက်ပြီး ဌာနချုပ် ဖွင့်လှစ်ထားတာဗျ ။
အခုလောလောဆယ်မှာတော့ လျူရှန်းမန်ရဲ့ ထိပ်သီး ပုဂ္ဂိုလ်တွေက ယနျရှိီစနျး အရေးအခင်းကြောင့် နန်ကျင်းမှာ ရှိမနေကြဘူး ။ ဒါပေမဲ့ ချီလင်ကိုယ်ရံတော်တပ်ရဲ့ ထိပ်ပိုင်းက တကယ့်ထိပ်သီး အရာရှိ အားလုံးနီးပါးက မြို့တော်ကို ဗဟိုပြုပြီး သွားလာလှုပ်ရှားနေကြတာ ။
အဲသည်အတွက် မကောင်းဆိုးရွားဂိုဏ်းသားတွေက ဘယ်လောက်ပဲ သတ္တိရှိရှိ နန်ကျင်း တစ်ဝိုက်မှာတော့ မျက်နှာပြောင်တိုက်ပြီး သွားလာရဲမှာ မဟုတ်ဘူး ။
အခုလို " ငါက မကောင်းဆိုးရွားဂိုဏ်းဝင်ပါ"ဆိုပြီး ကြွေးကြော်နေဖို့ဆိုရင် ပိုလို့တောင် ဆိုးသေး တယ်။
အခုပဲကြည့်လေ ။ မကောင်းဆိုးရွားဂိုဏ်းသား ဆိုတဲ့ အသံလေး ကြားလိုက်တာနဲ့ ချီလင်ကိုယ်ရံတော်တွေက ရောက်လာပြီ မဟုတ်လား ။
"ညီလေး.... မင်းပဲ စဥ်းစားကြည့် ။ အဲသည်ကောင်တွေက သူတို့ကိုယ်သူတို့ ချာပီးအဖေရဲ့ မိတ်ဆွေဟောင်း မကောင်းဆိုးရွားဂိုဏ်းသားတွေ ပုံစံ ဘာဖြစ်လို့ ဟန်ဆောင်ထားကြတာလဲ ။ သည်အတွက် အဖြေက တစ်ခုပဲ ရှိတယ် ။ ချာပီးရဲ့ အဖေက မကောင်းဆိုးရွား ဂိုဏ်းဝင်တွေနဲ့ ရင်းရင်းနှီးနှီး ရှိပြီး လျှို့ဝှက်ချက် တစ်ခုကို သိထားတာပဲ ဖြစ်ရမယ် ။ မဟုတ်ရင် သူတို့က မကောင်းဆိုးရွားဂိုဏ်းသားပုံ ဟန််ဆောင်ကြမှာ မဟုတ်ဘူး ။
ကျုပ်ရဲ့ သုံးသပ်ပြချက်က သင့်လျော်လွန်းလို့လားတော့ မသိဘူး ။ စုရှောင်က ခေါင်းကို ဆက်တိုက် ညိတ်နေတယ် ။
" သနားစရာပဲ..... လူကြီးမင်းချာက သူ့သား ဘယ်လိုကောင်မျိုးလဲဆိုတာ သိထားပုံရတယ် ။ အဲဒါကြောင့် လျှို့ဝှက်ချက်ကို ချာပီးကို မပြောခဲ့တာ ဖြစ်မယ် ။ ဟွာဆန်းဂိုဏ်းသားတွေကလည်း ချာပီးဆီက ဘာသတင်းအချက်အလက်မှ မရတော့ ဇီးပန်းကျေးရွာမှာ ရက်တော်တော်ကြာ နေပြီး နေရာအနှံ့ လျှောက်ရှာခဲ့ရပုံပဲ ။ အခုဆို ကြံရာမရဖြစ်ပြီး အုတ်ဂူကိုတောင် ဖောက်နေကြပြီ "
ဟွာဆန်းက သူရဲကောင်းတွေကိုတော့ သနားမိပါရဲ့ ။ တကယ်လို့ ချာပီးသာ သူတို့အချိန်တွေကို ရက်အတော်ကြာအောင် မဖြုန်းတီးပစ်ခဲ့ရင် သူတို့အနေနဲ့ ဇီးပန်းကျေးရွာလို နေရာမျိုးမှာ အခုလို မိုက်မိုက်ကန်းကန်းတွေ လိုက်လုပ်နေစရာ အကြောင်း မရှိဘူး ။
တောက်.....သည်သတင်းကိုသာ သိုင်းလောကထဲ ဖြန့်ပေးလိုက်ရရင်တော့ဗျာ .......
ဟီးဟီးဟီး..... ဟွာဆန်းဂိုဏ်းက လူတွေ ခြောက်လလောက် သိုင်းလောကထဲမှာ မျက်နှာ ပြဝံ့တော့မှာ မဟုတ်ဘူးဗျ ။
" လုံးဝ မဖြစ်နိုင်ဘူး"
ရုတ်တရက် အော်သံကြီး တစ်ခုက အနောက်ကနေပြီး ထွက်လာတယ် ။ အသံက အတော်လေး တုန်လှုပ်နေပုံပဲ ။ ကျုပ်က လှည့်ကြည့်လိုက်တော့ အသံပိုင်ရှင်က ချာပီးဗျ ။ နောက်ဆုံးတော့ သူရောက်လာပြီ ။
ချာပီးရဲ့ မျက်နှာက နီရဲနေပြီး သူက ငြင်းချက်ထုတ်တယ် ။
" သခင်ကြီးမင်း..... သခင်ကြီး အတော် လွန်နေပြီဗျ ။ကျွန်တော့်ရဲ့ အဖေက တရားဝင် အစိုးရ အရာရှိ တစ်ယောက်ပါ ။ သူက ဘယ်လိုလုပ်ပြီး မကောင်းဆိုးရွားဂိုဏ်းနဲ့ ရင်းရင်းနှီးနှီး ရှိမှာလဲ "
ချာပီးက အဆုတ် ကွဲလုမတတ် အော်နေတာဗျ ။ သူက သူပြောတာကို သဘောမတူရင် ကျုပ်ကို သတ်မယ့်ပုံမှာတောင် ရှိတယ် ။
စုရှောင်ကလည်း ပြောစရာစကား ကင်းမဲ့နေတဲ့ပုံနဲ့ ကျုပ်ကို ကြည့်တယ် ။ပြီးမှ အသံတိုးတိုးနဲ့
" အစ်ကိုမင်း......အခု အစ်ကိုပြောနေတာက အစ်ကိုတစ်ယောက်တည်းရဲ့ ထင်မြင်ချက်တွေ ။ အဲဒါကို သူ့သားရှေ့မှာ ပြောတာက...... ။ ပြီးတော့ အစ်ကိုက သူ့အဖေရဲ့ အုတ်ဂူကိုလည်း ဖွင့်ထားသေးတယ် " လို့ ပြောလာတယ် ။
ချာပီကတော့ ငိုတော့မလိုကို ဖြစ်နေပြီဗျ ။
" ကျေးဇူးပါ မိန်းကလေး..... သခင်ကြီးမင်း.... သခင်ကြီးက ဘာသက်သေမှ မရှိဘဲ ကိုယ့်အမြင် တစ်ခုတည်းနဲ့ ကောက်ချက် ချနေတာဗျ ။ ဟုတ်ပြီလား..... ကျွန်တော့်အဖေက ဘဝတစ်လျှောက်လုံး ရိုးသားဖြောင့်မတ်စွာ နေထိုင်ခဲ့တာ ။ သူက အလိုလောဘ မရှိသလို လောင်းကစား လုပ်တတ်တဲ့သူလည်း မဟုတ်ဘူး ။ သည်တော့ သူက ဘယ်လိုလုပ်ပြီး မကောင်းဆိုးရွား ဂိုဏ်းသားတွေနဲ့ သိကျွမ်းမှာလဲ သခင်ကြီး အခုလို ဆက်ပြီး မျက်စိမှိတ် ရမ်းသန်းပြီး ကောက်ချက် ချနေမယ် ဆိုရင်တော့ .... တောင်းပန်ပါတယ် ။ ကျွန်တော် သခင်ကြီးကို မနိုင်ရင်တောင်မှ အသက်စွန့်ပြီး တိုက်ခိုက်ရလိမ့်မယ် "
" ပါးစပ် ပိတ်စမ်း.... ငါက ယောကျာ်းလေးကွ"
စုရှောင်ရဲ့ ကြိမ်းမောင်းမှုကြောင့် ချာပီခမျာ အသံ မထွက်ရဲတော့ဘဲ မျက်ရည်လေး စမ်းတန်းစမ်းတန်းနဲ့ ငိုမဲ့မဲ့ ဖြစ်သွားတယ် ။
စုရှောင်က ဆက်ပြောတယ် ။
" အစ်ကိုမင်း...... သည်က ညိီအဈကိုခြာက အမြဲတမ်းနီးပါး ဆန်ကုန်မြေလေး တစ်ယောက် ဖြစ်ပေမယ့် အဆုံးမှာတော့ သားသမီးဝတ် ကျေပြွန်တဲ့ သားလိမ္မာ တစ်ယောက်ပဲ ။ သတိထားဦး....သူတကယ်ကြီး စိတ်လွတ်သွားရင် အစ်ကို့ကို သူသေ၊ကိုယ်သေ လာတိုက်နေဦးမယ် "
ကျုပ်ကို သူသေ၊ကိုယ်သေ လာတိုက်မယ်......
သည်ကောင်ကလေ......
သည်ကောင်က သား၊သမီးဝတ် ကျေပြွန်တဲ့ သားလိမ္မာ....... ဟုတ်လား....
ကျုပ်က ချာပီးကို တစ်ကိုယ်လုံး ဆန်းစစ်ကြည့်လိုက်တယ် ။ သူ့ရဲ့ အရှုံးမပေးချင်စိတ်နဲ့ မာန်တင်းထားပုံက တစ်ချက်ကြည့်လိုက်တာနဲ့ အသိသာကြီးပဲ ။
သည်ကောင်က သား၊သမီးဝတ် ကျေပြွန်ချင်နေတာ မဟုတ်ဘူး။ တကယ်လို့ သူ့အဖေက ရာဇဝတ်သားတွေနဲ့ အဆက်အသွယ် ရှိတယ်ဆိုရင် တမလွန် ရောက်နေရင်တောင်မှ သူ့အဖေက အစိုးရ အရာရှိ ရာထူးကနေ ဖြုတ်ချခံရမှာပဲ ။အဲဒါဆိုရင် သည်ဆန်ကုန်မြေလေးကောင်က သူ့အဖေရဲ့ အငြိမ်းစား လစာကို ခံစားခွင့် ရတော့မှာ မဟုတ်ဘူး ။ အဲဒါဆိုရင် သူ့ရဲ့ လူရမ်းကား ဘဝကလည်း နိတ္ထိတံပြီ မဟုတ်လား ။ရွာသားတွေက သည်ကောင် အနိုင်ကျင့်ခဲ့သမျှကို အတိုးချပြီး ပြန်ပေးကြတော့မှာ ။ ဒါကြောင့်လည်း သည်ကောင်က အသေအလဲ ငြင်းချက် ထုတ်နေတာ ။
ကျုပ်က ရုတ်တရက်ကြီး ဥာဏ်အလင်း ပွင့်သွားသလို ခံစားလိုက်ရတယ် ။
သည်ကောင်က တကယ်ကို စိတ်မပျက်ရဘူး ။ သည်ကောင်က အငြင်းပွားဖွယ်မရှိ လောက နံပါတ်တစ် ဆန်ကုန်မြေလေးပဲ ။
"တော်တော့......ဆက်ပြောနေရင် အချိန်ပဲ ကုန်တယ် "
ကျုပ်က ခပ်တည်တည်နဲ့ ဟောက်လိုက်တယ် ။
သည်သောက်ရူးကောင်ကို အချိန်ပေးနေလို့ ဘာထူးမှာလဲ ။ အဲသည်အစား အမှုကို ဖြေရှင်းဖို့ သဲလွန်စ ရှာတာကပဲ ပိုကောင်းတယ် မဟုတ်လား ။
အစောပိုင်းက ပြောခဲ့သလိုပဲ အုတ်ဂူထဲမှာ ပစ္စည်းသုံးခု ရှိတယ်ဗျ ။
ရွှေသေတ္တာတစ်လုံး ....
ရွှေသေတ္တာတစ်လုံး .........
ပြီးတော့ ရွှေသေတ္တာတစ်လုံး.........
"အစ်ကိုမင်း....... မထိနဲ့လို့ ကျွန်တော် ပြောထားတယ် မဟုတ်လား "
တောက်... သည်အမှိုက်ကလည်း.... ငါက မထိရအောင် ဒါက မင်းအဖေ မြုပ်ထားတဲ့ ရွှေလားကွ......
တောင်းပန်တယ်ဗျာ .... ကျုပ်တို့ လိုရင်းကိုပဲ ဆက်သွားကြတာပေါ့....
အုတ်ဂူထဲမှာက အရိုးပြာအိုးတစ်လုံး ၊ ရွှေသေတ္တာတစ်လုံး နဲ့ စာအုပ်တစ်အုပ် ရှိနေတယ်ဗျ ။
ကဲ..... သည်သုံးခုထဲမှာ ဘယ်ပစ္စည်းက သံသယဖြစ်စရာ အကောင်းဆုံးလဲ ဆိုတာ ကျုပ်မေးနေစရာ လိုသေးလား.... သေချာပေါက်... ရွှေ.....ရွှေ......
"အစ်ကိုမင်း..... သည်အရိုးပြာအိုးက သေချာပေါက် သံသယဖြစ်စရာပဲ"
"......"
ကျုပ်တောင် အတွေး မဆုံးသေးဘူး ။ စုရှောင်က သူ့အမြင်ကို ပြောလာတယ် ။
သည်သောက်ကလေးက တကယ်ပဲ ဦးနှောက်မရှိတာလား .....
စုရှောင်ဆိုတဲ့ ကောင်ကတော့ တကယ့်ကို ဆွဲထိုးချင်စရာပဲ ။ သူက ကျုပ်အမြင်ကိုတောင် မမေးဘဲ စကားဆုံးတာနဲ့ အရိုးပြာအိုးကို ဖွင့်ပစ်လိုက်တယ် ။
ဝိုး........
တကယ့် အထူးအဆန်းပဲဗျို့.......
အထဲမှာ ပြာပုံကြီး ရှိနေတယ်လေ ....
ဝေါ့...... အထဲက အနံ့ကလည်း အန်ချင်စရာကြီးဗျ ။ မင်းတို့နှစ်ယောက် အနံ့ရှုလို့ဝရင် ပြန်ပိတ်ပေးပါလားကွာ ။
နောက်ပြီးတော့ ချာပီး.....ပြောတော့ သားလိမ္မာဆို.....အခု မင်းအဖေရဲ့ အရိုးပြာအိုးကို ဖွင့်နေတာကို မင်းက ဘာမှ မပြောဘူးလား.....
တကယ့် လက်ဖျားခါရလောက်အောင် လိမ္မာတဲ့ သားလိမ္မာကြီးပါကွာ....
ကျုပ်က အရူးနှစ်ကောင်ကို အဖက် မလုပ်တော့ဘူး ။ စာအုပ်ကို ကောက်ယူပြီး အနောက်ကို မသိမသာ ဆုတ်လိုက်တယ် ။
အဲသည်အချိန်မှာပဲ ထန်ယီက ဟွာဆန်းဂိုဏ်းသား နှစ်ယောက်ကို ဖြေရှင်းပြီး ကျုပ်နား ရောက်လာတယ် ။
"ဒါက......"
"ငါအုတ်ဂူထဲက ရလာတာ ။ ကြည့်ရတာ အဲသည်လူတွေ ရှာနေတဲ့ ပစ္စည်းပဲ ဖြစ်ရမယ်"
ထန်ယီက ကျုပ်ရဲ့ သိုင်းပညာကို သိပြီးသားဗျ ။ အဲသည်တော့ သူ့အပေါ်မှာ ဘာမှ ဖုံးကွယ်နေစရာ မလိုဘူး ။ကျုပ်က သူ့အရှေ့မှာပဲ စာအုပ်ကို ကောက်လှန်လိုက်တယ် ။
ကျုပ်တို့နှစ်ယောက်က စာမျက်နှာ တချို့ လှန်ကြည့်လိုက်တာနဲ့ ဒါဘာစာအုပ်လဲဆိုတာ ချက်ချင်း သိသွားတယ်ဗျ ။
ကျုပ်တို့နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ဘာပြောလို့ပြောရမှန်း မသိကြတော့ဘူး ။
"အစ်ကိုမင်း..... အစ်ကိုယန်လင်း..... အစ်ကိုတို့ ဘာတွေ ကြည့်နေတာလဲဗျ "
ကျုပ်နဲ့ ထန်ယီက စုရှောင်ကို ပြန်မဖြေအားဘူး ။ တစ်ယောက် နဲ့ တစ်ယောက်ပဲ စိုက်ကြည့်နေကြတယ် ။
" အစ်ကိုမင်း......"
"အင်း.....ငါဖတ်ပြီးပြီ "
စုရှောင်က သိချင်စိတ် အပြည့်နဲ့ ထပ်မေးလာတယ် ။
"အထဲမှာ ဘာတွေ ရေးထားတာလဲ ။ သဲလွန်စ တစ်ခုခု တွေ့လား "
ကျုပ်က အသံတိုးတိုးနဲ့ ပြန်ပြောလိုက်တယ် ။
"တွေ့တယ်..... ပြီးတော့ သဲလွန်စက အတော်ကြီးတယ်"
"ဘာများလဲဗျ "
ထန်ယီက ကျုပ်စကားကို ဆက်ပြီး ဖြေလိုက်တယ် ။
"စာအုပ်ထဲမှာ နန်းတွင်းက လူတစ်ယောက် လွန်ခဲ့တဲ့ ခြောက်နှစ်ကနေ မနှစ်ကအထိ လာဘ်ငွေယူခဲ့တဲ့ မှတ်တမ်းတွေ အသေးစိတ် ရေးထားတယ် ။ စုစုပေါင်း ငါးနှစ်စာပေါ့ "
ချာပီးက ချက်ချင်း စိတ်လှုပ်ရှားသွားတယ် ။
"ဝါး..... ဒါဆို အကြီးစား လျှို့ဝှက်ချက်ကြီးပေါ့ ။ မထင်ထားဘူးဗျာ..... ကျွန်တော့်အဖေက သည်လောက် အဖိုးတန်တဲ့ လျှို့ဝှက်ချက်ကြီး ချန်ထားခဲ့မယ်လို့ ။ လူကြီးမင်းမင်း..... အဲသည် လာဘ်စားတဲ့လူက ဘယ်သူလဲဗျ "
ကျုပ်က ဘာမှ ဝင်မပြောဘူး ။
ထန်ယီက အသံတိုးတိုးနဲ့ ပြောလိုက်တယ် ။
"မင်းသားချန် "
ချာပီးနဲ့ စုရှောင်တို့လည်း အသံ မထွက်ရဲတော့ဘူး ။
အစောက တက်ကြွနေတဲ့ လေထုကလည်း ချက်ချင်း ငြိမ်ကျသွားတယ် ။
ဟုတ်တယ်......
ခင်ဗျားတို့ မဖတ်မှားပါဘူး ။
မင်းသားချမ် မဟုတ်ဘူး ၊ မင်းသားချန်း မဟုတ်ဘူး ၊ မင်းသားချံလည်း မဟုတ်ဘူး ။
သစ်သီးရောင်းလို့ လိမ္မော်မင်းသားချန်လို့ ခေါ်တာလည်း မဟုတ်ဘူး ။
လိမ္မော်ရောင်လို့ အဓိပ်ပါယျရတဲ့ မင်းသားချန်ပဲ ။ တကယ့် မင်းသားအစစ် ။ လက်ရှိ ဧကရာဇ်ရဲ့ သွေးသားအရင်းအချာ မင်းသားစစ်စစ် ။
အခု ကျုပ်လက်ထဲမှာ ကိုင်ထားတဲ့ စာအုပ်က မင်းသားတစ်ပါး လာဘ်စားထားတဲ့အကြောင်း မှတ်တမ်း တင်ထားတဲ့ စာအုပ်ပဲ ။
ဂျိန်း.....
အဲသည်အချိန်မှာပဲ မိုးခြိမ်းသံနဲ့အတူ ကောင်းကင်ပေါ်မှာ လျှပ်စီးတစ်ချက် လက်သွားတယ် ။
လျှပ်စီးအလင်းကြောင့် ကျုပ်မျက်နှာက မည်းနေလား ၊ ဖြူနေလားတောင် မသိရတော့ဘူး ။
ကျုပ်မျက်နှာက ပေါင်ချိန်လိုလို ၊ ချောင်ချောင်းလိုလိုနဲ့ အတော်ကို အခြေအနေ မကောင်းဘူးဗျ ။
ကျုပ်က မည်းမှောင်နေတဲ့ ကောင်းကင်ကို မော့ကြည့်လိုက်တယ် ။
ကြည့်ရတာ...... မိုးရွာတော့မယ် ထင်ပါရဲ့ဗျာ.....
Lord Zen