← Chapters

အခန်း ၂၈

Vol. 3 Ch. 28

အခန်း ၂၈

Vol. 3 Ch. 28

ရွှေလက်ဆေးတဲ့ သိုင်းဘုရင်

စာစဥ်၃ အပိုင်း၂၈

မင်းသား နီ၊လိမ္မော်၊ ဝါ၊ စိမ်း၊ပြာ၊ ခရမ်း

(*******သည်အပိုင်းက တော်တော်ရှုပ်ပါတယ် ။ မရှုပ်အောင် တတ်နိုင်သရွေ့ ရှင်းပြပါမယ် ။

မင်းသားနီ - မင်းသားဟုန်

မင်းသားလိမ္မော် - မင်းသားချန်

မင်းသားဝါ - မင်းသားဟွမ်

မင်းသားစိမ်း - မင်းသားလျူ

မင်းသားပြာ - မင်းသားလျံ

မင်းသားခရမ်း - မင်းသားကျိ

အသံထွက်ကိုပဲ အတတ်နိုင်ဆုံး ရေးထားပေးပါတယ် ။***** )

"မင်းသားချန်...ဟုတ်လား...."

ရှန်းယီရန်က ကျုပ်ကို မျက်စောင်းလှလှလေး ထိုးပြီး ကြည့်တယ် ။

"နင်က ဘာဖြစ်လို့ သံလိုက်လို ပြသနာတွေကို လိုက်ပြီး ဆွဲခေါ်နေတာလဲ ။ တခြားဘာမှ မလုပ်တတ်ဘူးလား ။ အခု ရိုးရိုးရှင်းရှင်းလေး ခိုင်းလိုက်တာကို ပြန်လာတော့ ပြသနာထုပ်ကြီး သယ်လာတယ် "

နောက်ဆုံးမှာတော့ ထန်ယီနဲ့ ကျုပ်က မှတ်တမ်းစာအုပ်ကို ဘော့စ်ဆီ အပ်ဖို့ ဆုံးဖြတ်လိုက်တယ်လေ ။ ပြီးတော့ ချာပီးကိုလည်း သက်သေအနေနဲ့ လျူရှန်းမန်ဆီ ခေါ်လာခဲ့တယ်ဗျ ။

အကြမ်းဖျင်းပြောရရင်တော့ ကျုပ်တို့ရဲ့ အဖွဲ့ငယ်လေးက ပထမဆုံးတာဝန်အဖြစ် ရခဲ့တဲ့ အလုပ်ကို အောင်မြင်တယ်ပေါ့ ။ဒါပေမဲ့ ကျုပ်ကတော့ နည်းနည်းများ ပိုလုပ်လိုက်မိသလားလို့ တွေးနေမိတယ် ။ ကျုပ်တို့ရဲ့ လက်ချက်ကြောင့် အခုဆိုရင် လျူရှန်းမန်က ဗြဟ္မာ ဦးခေါင်းကြီး ရွက်ထားသလို ဖြစ်နေပြီ မဟုတ်လား ။

ကျုပ်က စဥ်းစားနေရင်းနဲ့ တစ်ခုခုကို သတိရလိုက်တယ် ။ အဲဒါကြောင့် ချက်ချင်းထပြီး ကန့်ကွက်လိုက်တာပေါ့ ။

"လက်ထောက်ခေါင်းဆောင်ရှန်း..... ကျွန်တော်တို့ သုံးယောက် အတူသွားတာကို ပြသနာရှာတာက ကျွန်တော် ဖြစ်မယ်လို့ ဘာကြောင့် သေချာနေတာလဲ "

"ဘာဖြစ်လို့လဲ.... မင်းမဟုတ်လို့လား "

" ဟုတ်....ဟုတ်တော့ ဟုတ်ပါတယ် ။ ဒါပေမဲ့..."

ကျုပ်က ဘာပြန်ပြောလို့ ပြောရမှန်း မသိတော့ဘူး ။

ကျုပ်က ရှန်းယိရန်ကို မျက်နှာငယ်လေးနဲ့ ကြည့်လိုက်တော့ သူက လက်နှစ်ဖက်ပိုက်ပြီး ကျုပ်ကို ပြန်ကြည့်နေတယ် ။

ခင်ဗျားတို့တော့ မသိဘူးဗျို့.... ကျုပ်ကတော့ အစ်မကြီးရှန်းရဲ့မို့တက်လာတဲ့ ရင်သား နဲ့ ထွာဆိုင်ကို မပြည့်တဲ့ ခါးလေးကိုမြင်ပြီး အသက်ရှုဖို့တောင် မေ့သွားတယ် ။

ရှန်းယိရန်လည်း ကျုပ်ရဲ့ ထူးဆန်းတဲ့ အပြုအမူကို သတိထားမိပုံပဲ ။ သူက ကျုပ်ခေါင်းကို လက်ညှိုးနဲ့ ထိုးပြီး ပြောလာတယ် ။

" နင့်ရဲ့ ခေါင်းထဲမှာ ဘာမဟုတ်တဲ့ အတွေးတွေ တွေးနေတာလဲ"

ကျုပ်က ခေါင်းကို အမြန် ခါလိုက်တယ် ။

" ဘာမှ မတွေးပါဘူး လက်ထောက်ခေါင်းဆောင်"

ဒါနဲ့ တစ်ယောက်ယောက်ဆီမှာများ လက်ကိုင်ပုဝါလေးဘာလေး မရှိကြဘူးလားဗျ...... ကျုပ်ရဲ့ နှာခေါင်းသွေးက သုတ်မှ ဖြစ်တော့မှာမလို့ပါ .....

ရှန်းယီရန်က လက်ဝှေ့ယမ်းပြီး ကျုပ်ကို လွှတ်ပေးလိုက်တယ် ။

"ထားလိုက်တော့ ။ ဘာပဲဖြစ်ဖြစ် ငါလည်း မင်းသားချန်ကို မကြိုက်ဘူး ။ သည်ဟာကို ခေါင်းဆောင်ဆီ ပို့လိုက်မယ် ။ သူက နန်းတော်အစည်းအဝေးမှာ တင်ပြလိမ့်မယ် ။ အဲဒါဆိုရင် အဲသည်ခွေးမျက်နှာနဲ့ မင်းသားကို သင်ခန်းစာ ပေးလို့ရပြီ "

ရှန်းယီရန်က မှတ်တမ်းစာအုပ်ကို ကိုင်လိုက်ပြီး မကျေမနပ်နဲ့ နှုတ်ခမ်းမဲ့လိုက်တယ် ။

"ဟွန်း..... သူက လူတိုင်းရဲ့ အချစ်ကို ရထားပြီး

ဘုရင်မရဲ့ သားလည်း ဖြစ်တယ် ။ ဒါကို ဘာဖြစ်လို့ ဘုရင်မရဲ့ ဂုဏ်သိက္ခာကို အရှက်ရအောင် လုပ်နေရတာလဲ

"ဟင်...... အသီးသည်က ဘုရင်မရဲ့သား ဖြစ်နေတယ်တဲ့လား "

" ထွီ.....သူက အသီးသည်ဘဝကနေ ဘုရင်မရဲ့သား ဖြစ်သွားတာတောင် လောဘကြီးနေသေးတာလား ။ ရှက်စရာ ကောင်းလိုက်တာကွာ "

ဖြစ်တည်မှု သုံညသာသာပဲ ရှိတဲ့ စုရှောင် နဲ့ ချာပီးက မင်းသားချန်ကို အလွတ်ပေးဖို့ စိတ်ကူးရှိပုံ မပေါ်ဘူး ။သူတို့က ကောင်းကောင်းကြီး ဝေဖန်နေကြတယ် ။

သည်နှစ်ကောင်က မင်းသားချန်ကို တကယ်ကြီး အသီးရောင်းတဲ့ စျေးသည် ထင်နေကြတာလား.....

ထန်ယီကတော့ စေတနာနဲ့ သူတို့နှစ်ယောက်ကို လှမ်းပြီး သတိပေးလိုက်တယ် ။

" မင်းတို့နှစ်ယောက် အနေနဲ့ မင်းသားချန်ကို အရှင့်သားလို့ ခေါ်သင့်တယ် ။ မင်းသားချန်ဆိုတာ လက်ရှိ ဧကရာဇ် ဘုရင်မင်းမြတ်ရဲ့ ဒုတိယမြောက် သားတော်ပဲ ။သူက သာမန်လူ မဟုတ်ဘူး ။ သူက စိတ်သဘောထား သေးသိမ်သလို ၊ အငြိုးအတေးလည်း ကြီးတယ် ။ပြီးတော့ အခုနှစ်ပိုင်းတွေအတွင်းမှာ သိုင်းသမားတွေ အများကြီး စုဆောင်းထားခဲ့သေးတယ် ။ သူ့ကို သွားရန်စမိရင် မင်းတို့ဘဝ ဇာတ်သိမ်းကောင်းမှာ မဟုတ်ဘူး "

" အမ်....ကျွန်တော်တို့ အခုပြောနေတာ သစ်သီး စျေးသည်အကြောင်း ပြောနေတာ မဟုတ်ဘူးလား "

ထန်ယီက ဆွံ့အသွားတယ် ။ ကျုပ်က ထန်ယီကို ပုခုံးပုတ်ပြီး အားပေးလိုက်တယ် ။

" "မင်းသားချန် တစ်ယောက်တည်း မဟုတ်ဘူး ။ ကျန်တဲ့ မင်းသားတွေကလည်း လွယ်လွယ်နဲ့ သွားထိလို့ရတဲ့ လူတွေ မဟုတ်ဘူး ။ သူတို့အပေါ် အမှားလုပ်မိရင် မင်းဘဝ တစ်ခုလုံး ပျက်စီးသွားနိုင်တယ် "

မင်းသားတွေက ဘယ်လိုလူမျိုးလဲဆိုတာကို ကျုပ်က မသိဘဲ မနေဘူး ။ ဘာဖြစ်လို့လဲဆိုတော့ အဲသည်အကြောင်းတွေ အားလုံးက ကျုပ်အကြိုက်ဆုံး အတင်းအဖျင်း စာစောင်ဖြစ်တဲ့ " သံမဏိဓား"စာစောင်မှာ ပါနေကျ ဖြစ်နေလို့ပဲ ။

အဓိက ဇာတ်ကြောင်းကို ပြောရမယ်ဆိုရင်တော့ ဟိုးအရင် အတိတ်ကာလ တစ်ခုကို နည်းနည်းလောက် ပြန်သွားရမယ်ဗျ ။

ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ......

မှတ်မိသလောက် ပြောရရင် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်ကပေါ့......

တစ်နေ့မှာ နန်းတော်အတွင်းကနေ ပေါ်ထွက်လာတဲ့ ကလေးငိုသံတစ်ခုက ကမ္ဘာလှည့်ပြီး အေးအေးဆေးဆေး သွားလာလှုပ်ရှားနေတဲ့ ကျုပ်ရဲ့ ဘဝကို ဖျက်ဆီး သွားခဲ့တယ် ။

အဲသည်ကလေးက ဧကရာဇ်ရဲ့ ပထမဆုံး သားတော်ပဲ ။ပြီးတော့ ကျေးဇူးတော် မိဖုရားရဲ့ သားတော် ဆိုရင်လည်း မမှားဘူး ။

ဧကရာဇ် ဘုရင်မင်းမြတ် ကိုယ်တိုင်လည်း အရမ်း ပျော်ရွှင်သွားတာပေါ့ဗျာ ။ အဲသည်အချိန်တုန်းက သူက အသက်နှစ်ဆယ်ကျော်စပဲ ရှိသေးတယ် ။ သူ့ဆီမှာ လှပတဲ့ မိဖုရားခေါင်ကြီး ရှိတယ် ၊ ချောမောပြီး ဉာဏ်ရည်ထက်မြက်တဲ့ ကိုယ်လုပ်တော်တွေနဲ့ ကြင်ယာတော်တွေ ရှိတယ် ၊ နောက်ပြီး သူမျက်စိ ပဒသ ဖြစ်အောင် တစ်နေ့လုံး အနားမှာ ချစ်ချင်စဖွယ် နန်းတွင်းအပျိုတော်လေးတွေ ဝိုင်းနေသေးတာပေါ့ ။ သနားစရာ ကောင်းတာကတော့ သူက မိဖုရားခေါင်ကြီးနဲ့ အသက်ဆယ့်ငါးနှစ်တည်းက လက်ထပ်ခဲ့ပေမယ့် သားသမီး တစ်ယောက်မှ မထွန်းကားခဲ့တာပဲ ။

မိဖုရားခေါင်ကြီးရဲ့ သားတော် ဆိုတာက နန်းတွင်းစည်းမျဥ်း ဥပဒေတွေအရ တရားဝင် အိမ်ရှေ့စံ ဖြစ်ခွင့် ရှိတယ် ။ ဒါပေမဲ့ မိဖုရားခေါင်ကြီးက သားယောကျာ်းလေး မမွေးဖွားသေးတော့ တရားဝင် အိမ်ရှေ့စံက မရှိသေးဘူးပေါ့ ။

အဲဒါက မိဖုရား အားလုံးကို အခွင့်အရေး ပေးထားသလိုပဲ ။

သားတော် တစ်ပါး ဖွားမြင်ပြီဆိုတဲ့ သတင်းကြားတော့ ဧကရာဇ်က အပျော်လွန်ပြီး နန်းတွင်းညီလာခံကိုတောင် ဆက်မကျင်းပတော့ဘူး ။သူက မိဖုရားခေါင်ကြီး နဲ့ ကိုယ်လုပ်တော်တွေ ၊ ကြင်ရာတော်တွေ နေထိုင်တဲ့ အနောက်နန်းဆောင်ဆီ အပြေး သွားခဲ့တယ် ။

ဒါပေမဲ့ အနောက်နန်းဆောင်ကို ရောက်သွားအပြီးမှာ မြင်လိုက်ရတဲ့ မြင်ကွင်းက ဧကရာဇ်ကို စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားစေခဲ့တယ် ။

အဲသည်ခေတ် နန်းတွင်းဓလေ့အရ မင်းသားတစ်ပါး မွေးဖွားလာတဲ့အခါ နန်းဆောင်ထဲမှာ အရောင် ခုနစ်ရောင် ပါတဲ့ နဂါးနဲ့ ဇာမဏီ မီးပုံးနှစ်လုံးကို ချိတ်ဆွဲထားရတယ် ။ အဲဒါက မွေးကင်းစကလေးအတွက် ကံကောင်းခြင်းကို ဆုတောင်းပေးတာ ၊ မျိုးဆက်တော် တိုးပွားလာတာကို ဂုဏ်ပြုတာ ၊ ဧကရာဇ်မှာ သားတော် ထွန်းကားလာတာကို ဝမ်းမြောက်တာ ၊ နန်းတော်အတွက် အမွေဆက်ခံသူ ပေါ်ထွန်းလာတာကို အထိမ်းအမှတ်ပြုတာပဲ ။

အဲသည်နှစ် အနောက်နန်းဆောင်ထဲကို ဧကရာဇ် ဝင်သွားတော့.....ကျုပ်ပြောရင် ခင်ဗျားတို့ယုံမှာ မဟုတ်ဘူး ။

မီးပုံးတွေက မိဖုရားခေါင်ကြီး နန်းဆောင် ၊ ကျေးဇူးတော် မိဖုရား နန်းဆောင် နဲ့ ကြင်ရာတော်လင်း နန်းဆောင်မှာ ထွန်းထားတာဗျ ။

ဧကရာဇ်က အတော်လေး အံ့အားသင့်သွားတယ် ။ "ဘာတွေဖြစ်နေတာလဲ " ဆိုပြီးတော့ပေါ့ ။

အဲသည်အချိန်မှာပဲ ဧကရာဇ်က တစ်ခုကို သတိရလိုက်တယ် ။ သူ့ရဲ ကိုယ်ဝန်ကို လွယ်ထားတာက ကျေးဇူးတော် မိဖုရား တစ်ပါးတည်း မဟုတ်ဘူး ။ မိဖုရားခေါင်ကြီး နဲ့ ကြင်ရာတော်လင်းကလည်း ကိုယ်ဝန်ကိုယ်စီ လွယ်ထားကြပြီး နေ့စေ့၊လစေ့ ဖြစ်နေပြီ ဆိုတာပဲ ။

ဒါပေမဲ့ အဲသည်နေ့မှာတော့ ကျေးဇူးတော် မိဖုရားက မီးဖွားခဲ့တယ် ။ ပြီးတော့ မိဖုရားခေါင်ကြီးက ထပ်မီးဖွားခဲ့တယ် ။ မိဖုရားခေါင်ကြီးက အမြွှာလေးတောင် ဖွားမြင်ခဲ့တာဗျ ။

အဲသည်နောက် သိပ်မကြာခင်မှာပဲ ဧကရာဇ်ရဲ့ အချစ်ရဆုံး မိဖုရားဖြစ်တဲ့ ကြင်ရာတော်လင်းကလည်း ဝဝတုတ်တုတ် သားတော်လေးတစ်ပါး ဖွားမြင်ပြန်တယ် ။

သည်လိုနဲ့ အနောက်နန်းဆောင်ကို ဧကရာဇ်ရောက်တော့ မွေးကင်းစ ကလေးလေးယောက်ရဲ့ ငိုသံတွေက နန်းဆောင် တစ်ခုလုံးအနှံ့ ပြည့်နှက်နေပြီဗျ ။

ဥာဏ်ပညာ ကြီးမြတ်လှပါတယ် ဆိုတဲ့ ဧကရာဇ်ကလည်း အနောက်နန်းဆောင် အဝမှာ ရပ်နေပြီး ဘယ်မိဖုရား အဆောင်ကို သွားလို့ သွားရမယ်မှန်း ဝေခွဲမနိုင်တော့ဘူး ။သူက တစ်ညလုံးနီးပါးအေးစက်တဲ့ မြောက်ပြန်လေတွေ အောက်မှာ မတ်တပ် ရပ်နေခဲ့ရတယ် ။

ဒါပေမဲ့ အဲသည်ကိစ္စ ပြီးမသွားသေးဘူးဗျ ။

သားတော်လေးပါး တစ်ရက်တည်း ဖွားမြင်လာတဲ့ ကိစ္စက ဧကရာဇ်ကို နှစ်ပေါင်း နှစ်ဆယ် ကြာလာတဲ့အထိ ဒုက္ခ ပေးနေဆဲပဲ ။

အဲသည် မင်းသားလေးယောက်က ဟုန် ၊ချန် ၊ဟွမ် ၊လျူ ဆိုပြီး မင်းသားလေးပါး ဖြစ်လာခဲ့ပြီ ။တစ်ရက်တည်း မွေးပေမယ့် မွေးဖွားချိန် နာရီဝက်စီ ကွာခဲ့တဲ့ မင်းသားတွေပေါ့ ။ မင်းသားတွေ တစ်ရက်တည်း မွေးလာတာက ကိစ္စ မဟုတ်ဘူးဗျ ။

တကယ့် ကိစ္စက ထီးနန်းကို ဘယ်မင်းသားဆီ လွှဲပြောင်းပေးရမလဲ ဆိုတာပဲ ။

မိဖုရားခေါင်ကြီးရဲ့ သားတော်နှစ်ယောက်ဖြစ်တဲ့ မင်းသားချန် နဲ့ မင်းသားဟွမ်တို့ကတော့ မင်းမျိုးမင်းနွယ်အဖြစ် တရား အဝင်ဆုံးနဲ့ အရည်အချင်းအပြည့်မီဆုံး သားတော်တွေဖြစ်တယ် ။ အများစုကတော့ အကြီးဆုံးသားကို ထီးနန်းဆက်ခံစေချင်ကြပေမယ့် သူတို့တွေက

အချိန်အနည်းငယ်ပဲ ကွာတာကြောင့် ဘယ်သူက ထီးနန်း ဆက်ခံသင့်လဲ ဆိုတဲ့ ပြဿနာက ပေါ်လာတယ် ။

တကယ်လို့ အကြီးဆုံးသားက ထီးနန်းကို ဆက်ခံရမယ်လို့ ဆုံးဖြတ်ကြမယ် ဆိုရင် မင်းသားဟုန်က အိမ်ရှေ့မင်းသား ဖြစ်သင့်တာ အမှန်ပဲ ။ ဒါပေမဲ့ သူက သူ့ညီတွေထက် နာရီဝက်လောက်ပဲ ကြီးနေတာ ဆိုတော့ အဖြေက.........

စတုတ္ထ သားတော်ဖြစ်တဲ့ မင်းသားလျူကိုလည်း ပြသနာရဲ့ အဖြေအဖြစ် ထည့်မတွက်လို့ မရပြန်ဘူး ။ သူက ကံအကြောင်း မလှလို့ မွေးဖွားချိန် မဆိုစလောက်ကလေး နောကျကပြွိီး မွေးလာတာ ဆိုပေမယ့် ဧကရာဇ် အမြတ်နိုးရဆုံး ကြင်ရာတော်လင်းရဲ့ သားတော်လေ ။သည်တော့ကရာဇ်က သူ့ကို အိမ်ရှေ့စံအဖြစ် မသတ်မှတ်သင့်ဘူးလား ။

" ထီးနန်းကို ဘယ်သူ့ကို လွှဲပေးသင့်သလဲ"ဆိုတဲ့ မေးခွန်းက ဧကရာဇ်ကို ခေါင်းကိုက် စေခဲ့တယ် ။ ဒါပေမဲ့ ကောင်းကင်ဘုံက သူ့ကို သည်လောက်နဲ့ အလွှတ်ပေးချင်ပုံ မရဘူး ။

နောက်ထပ် နှစ်အနည်းငယ် အကြာမှာတော့ နောက်ထပ် ကြင်ရာတော် တစ်ပါးက နောက်ထပ် သားတော်လေး တစ်ပါး ဖွားမြင်ပြန်တယ် ။

သားတစ်ယောက် ပြီးတော့ နောက်တစ်ယောက် ပြီးတော့ နောက်တစ်ယောက်နဲ့ အခုဆိုရင် ဧကရာဇ်ဆီမှာ သားခုနစ်ယောက် ရှိနေပြီဗျ ။အဲသည်တော့ သားတော် ခုနစ်ယောက်ပေါ့ ။

ဧကရာဇ်ကတော့ အခုချိန်အထိ ဘယ်သားတော်ကို ထီးနန်း လွှဲအပ်ရမလဲ ဆိုတာကို ဝေခွဲ မရနိုင်သေးဘူး ။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျုပ်ကိုယ်တိုင် နန်းတွင်းကို အခစား ဝင်ခဲ့ဖူးတယ် ။

အဲသည်တုန်းက ဧကရာဇ်ကို မြင်တော့ သူ့ပုံစံက အတော်လေး စိတ်ဖိစီးနေပုံပဲ ။ အသက်လေးဆယ်ပဲ ရှိသေးပေမယ့် ဧကရာဇ်ရဲ့ မျက်ခုံးမွှေးတွေက ဖြူနေပြီ ။သူက အဲသည်ကိစ္စကြောင့် ရတက်မအေးနိုင် ဖြစ်နေတယ် ဆိုတာ အသိသာကြီး ။

ဧကရာဇ် အခုလို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လာရတဲ့ အကြောင်းအရင်းက ထီးမွေ၊နန်းမွေ ဆက်ခံသူ ကိစ္စနဲ့တင် မဟုတ်ဘူးဗျ ။ သူ့သားတော်တွေက ထိန်းချုပ်ရ ခက်လွန်းနေတာကြောင့်လည်း ပါတယ် ။

ကောလာဟလတွေအရ ဆိုရင် မင်းသားခုနစ်ပါးထဲက ခြောက်ပါးက ထီးနန်းအတွက် တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေကြတယ်လို့ ပြောကြတယ်။ နန်းတွင်းအမှုထမ်းတွေ၊ အရာရှိတွေကလည်း သူတို့ရွေးချယ်ထားတဲ့ မင်းသားဘက်ကို ရပ်တည်ပြီး အုပ်စုတွေ ဖွဲ့ထားကြတယ်။ နန်းတွင်းထဲမှာတော့ ဘယ်လိုခေါ်ကြလဲ မသိပေမယ့် သံမဏိဓား စာစောင်ထဲမှာတော့ အဲသည် အဖွဲ့ခြောက်ဖွဲ့ကို မင်းသားခြောက်ပါး အဖွဲ့ လို့ ရေးထားတယ်ဗျ ။

မင်းသားခြောက်ပါး အဖွဲ့တွေက သိုင်းလောကထဲက အရင်းအမြစ်တွေကို စုဆောင်းနေကြပြီး အခုဆိုရင် မကောင်းဆိုးဝါးဂိုဏ်းက လူတော်တော်များများကလည်း ဝင်ရောက်ပူးပေါင်းနေကြပြီဗျ ။

ဘာ..... ကျုပ်ကကော ဘာလို့ သူတို့အဖွဲ့ထဲ ဝင်မပူးပေါင်းတာလဲ ဟုတ်လား....

ကျေးဇူးပြုပြီး ကျုပ်ကို ဘေးမဲ့ လွတ်ထားပေးကြပါလားဗျာ ။

မင်းသားခြောက်ပါး အဖွဲ့ရဲ့ လှုပ်ရှားမှုတွေက အရမ်းကို ပေါ်လွင်လွန်းနေတာလေဗျာ ။ သူတို့က ပြသနာ တစ်ခုခုရှာဖို့ လူတွေ စုဆောင်းနေတာ အသိသာကြီး ။ကျုပ်ကတော့ အဲသည် အဖွဲ့တွေထဲ ဝင်လိုက်ရင် အချောင်နေ၊အချောင်စား လုပ်လို့ရမယ်လို့ မထင်ရေးချ ၊ မထင်ပေါင် ။

........xxxxxx..,...........xxxxxxx........xxxxxxxxx......

ကျုပ်က မင်းသားခြောက်ပါး အဖွဲ့အကြောင်း အကြမ်းဖျဥ်း ရှင်းပြလိုက်တော့ အားလုံးက ကျုပ်ကို ပါးစပ် အဟောင်းသားနဲ့ တအံ့တသြ ကြည့်နေကြတယ် ။ အဲသည်အထဲမှာ ထနျယိီ နဲ့ အစ်မကြီးရှန်းကလည်း ချွင်းချက် မဟုတ်ဘူးဗျ ။

စကားမစပ် မင်းသားခြောက်ပါး အဖွဲ့အကြောင်းကို စုရှောင် နဲ့ ချာပီး မသိတာကို လက်ခံပါတယ် ။

ဒါပေမဲ့ ထန်ယီ နဲ့ အစ်မကြီးရှန်း....... ခင်ဗျားတို့ကပါ မသိဘူးဆိုတော့ နည်းနည်း လွန်မနေဘူးလား ။ အတင်းအဖျင်းစာစောင်တွေ နည်းနည်းပါးပါးလောက် ဝယ်ဖတ်ကြပါဦး ။

" သတင်းပို့ပါတယ် "

အဲသည်အချိန်မှာပဲ အစောင့်တစ်ယောက်က အသံပြဲကြီးနဲ့ အော်ပြီး အခန်းထဲကို ကသောကမျော ပြေးဝင်လာတယ်ဗျ ။ ဒါပေမဲ့ ဧည့်ခန်းထဲမှာ ရှန်းယိရန် ရှိနေတာကို မြင်တော့ သူက ချက်ချင်း ဣန္ဒြေ ဆည်လိုက်တယ် ။

" မင်းသားချန် အိမ်တော်က လူတွေ ရောက်လာပြီး အဖွဲ့ခေါင်းဆောင်ကို ရှာနေပါတယ် "

အစောင့်က ဦးညွှတ်ပြီး ဖိတ်စာတစ်ခုကို ပေးလိုက်တယ်။

ရှန်းယိရန်က မျက်မှောင်ကြုတ်ပြီး ဖိတ်စာကို လက်ခံယူလိုက်တယ်။ အဲသည်စာကို အမြန်ဖတ်ပြီးနောက် အံ့သြသွားတဲ့လေသံနဲ့ မေးလိုက်တယ် ။

" မင်းသားချန်ကိုယ်တိုင် ရောက်လာတာလား"

ဟုတ်ပါတယ် ခင်ဗျ ။ မင်းသားချန်က သူကိုယ်တိုင်လာပြီး အဖွဲ့ခေါင်းဆောင်နဲ့ တွေ့ချင်တယ်လို့ ပြောပါတယ်

Lord Zen

All Chapters