အခန်း ၃၁
Vol. 4 Ch. 31
ရွှေလက်ဆေးတဲ့ သိုင်းဘုရင်
စာစဥ်၄ အပိုင်း ၃၁
လှုပ်လေမြုပ်လေ
ရှန်းယိရန်က အတော်လေး ဒေါသထွက်နေပုံပဲ ။ သူ့ရဲ့ အသက်ရှုသံက ပြင်းလွန်းလို့ ရင်ဘတ် နိမ့်လိုက်၊မြင့်လိုက် ဖြစ်နေတာကိုတောင် ကျုပ်မြင်နေရတယ် ။
" ငါ နင့်ကို ရှင်းရှင်းလင်းလင်း ပြောထားတယ်မဟုတ်လား ။ နောက်တစ်ခါ ထပ်ထိရင် နင့်ရဲ့ ညီလေးကို ချိုးပစ်မယ်လို့ ။ ဒါကို နင်က ပိုတောင် လွန်လာသေးတယ်......"
အမ်.... အဲဒါဆို အစောပိုင်းက လက်အမူအယာက ကျုပ်ထင်တာ မဟုတ်ဘူးပေါ့.....
" ဒါက နားလည်မှု လွဲတာပါ..... နားလည်မှု လွဲသွားတာပါ "
"ဘာကို နားလည်မှု လွဲရမှာလဲ.....နင်..သည်ကို လာခဲ့စမ်း "
ရှန်းယိရန်က လက်တစ်ဖက်နဲ့ သူ့ဆီကို လာဖို့ ကျုပ်ကို ခေါ်လိုက်တယ် ။ ဒါပေမဲ့ နောက်လက်တစ်ဖက်ကတော့ မင်သွေးကျောက်ပြားကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်ဗျ ။
ကျုပ်က အရူးလားဗျာ....ကျုပ်သာ သူခေါ်တဲ့ဆီကို သွားလိုက်ရင် အရိုးကော၊အသားပါ တစ်စစီ ဖြစ်သွားမှာဗျ ။
" ဟင့်အင်း.... မလာဘူး.....ခေါင်းဆောင်က ကျွန်တော့်ကို ငတုံး ထင်နေတာလား ။ ကျွန်တော် လာခဲ့ရင် ခေါင်းဆောင်က ကျွန်တော့်ကို ပြားနေအောင် ထုမှာ "
ရှန်းယိရန်က သွားကို တကျစ်ကျစ်မြည်အောင် ကျိတ်လိုက်တယ် ။ ပြီးတော့ ခြေဆောင့်ပြီး ပြောလာတယ် ။
" ဟုတ်ပြီ...... နင်မလာရင် ငါလာမယ် "
ဇာမဏီခန်းမထဲက လူနှစ်ယောက်က အပြင်ဘက်မှာ ဖြစ်ချင်တိုင်း ဖြစ်နေကြတာကို သည်းခံနိုင်တော့ပုံ မရဘူး ။ အထူးသဖြင့် စုန့်အုပေါ့ ။ သူက ဒေါသတကြီးနဲ့ လှမ်းအော်လာတယ်ဗျ ။
" ဇာမဏီခန်းမ အပြင်ဘက်မှာ ဘယ်သူတွေ ဆူညံဆူညံ လုပ်နေကြတာလဲကွ"
စကားသံနဲ့အတူ ခေါင်းဆောင်စုန့် နဲ့ မင်းသားချန်တို့က ခန်းမအပြင်ကို ထွက်လာကြတယ် ။ဒါပေမဲ့ ခန်းမအပြင်ဘက်ကို ရောက်တော့ ရှန်းယိရန်ကို တွေ့ပြီး သူတို့က ဘာဆက်ပြောလို့ ပြောရမယ် မသိကြတော့ပုံပဲ ။ပြီးတော့ လူသစ်သုံးယောက်ကလည်း ရှိနေသေးတယ် မဟုတ်လား ။
"ယိရန်..... လက်ထောက်ခေါင်းဆောင်ရှန်း.... ဘာတွေ ဖြစ်နေကြတာလဲ "
ကျုပ်က ရှန်းယိရန်ကို အဖြေမခံဘူး ။ ဦးအောင်လုဖြေလိုက်တယ် ။
" ခေါင်းဆောင် ကယ်ပါဦး..... လက်ထောက်ခေါင်းဆောင်က ကျွန်တော့်ကို နှုတ်ပိတ်ဖို့ လုပ်နေတယ်ဗျ "
ရှန်းယိရန် ကျုပ်ကို ပိတ်ဟောက်တယ် ။
" မင်းပါးစပ်ကို ပိတ်ထားစမ်း "
အဲသည်အချိန်မှာပဲ မောင်မင်းကြီးသား စုရှောင်က ဝင်ပြီး ပြောလာတယ်ဗျ ။ ကျေးဇူးရှင်လေးက ကျုပ်သူ့ကို လှည့်စားခဲ့တာတွေကို အကြွေးမှတ်ထားပုံ ရတယ် ။ သူက ကျုပ်ကို အကြွေးနဲ့ ဆော်တော့တာပဲ ။
" ဆရာစုန့်.....ကျွန်တော် အကုန်လုံးကို မြင်လိုက်တယ် ။ မင်းဖေးဟန်က လက်ထောက်ခေါင်းဆောင်ရဲ့ မသင့်တော်တဲ့ နေရာကို သွားကိုင်လိုက်တာ ။ ဒါကြောင့် လက်ထောက်ခေါင်းဆောင်က သူ့ကို ဆုံးမနေတာ "
စုရှောင်ပြောလိုက်တဲ့ စကားက နည်းနည်းမှ အကူအညီ မရဘူးဗျ ။ အဲသည်အစား ပတ်ဝန်းကျင် တစ်ခုလုံးကို ထူးဆန်းတဲ့ အခြေအနေ တစ်ခုထဲ ရောက်သွားစေသေးတယ် ။
အစောပိုင်းက ရိုက်မယ် ၊ နှက်မယ် တကဲကဲနဲ့ သွေးဆူနေတဲ့ အစ်မကြီးရှန်းကလည်း မျက်နှာလေးနီပြီး ငြိမ်ကျသွားတယ် ။
ဒါကလည်း သိပ်တော့ မဆန်းပါဘူး ။
ကိုယ့်လက်အောက်ငယ်သားက ကိုယ့်ကို မဖွယ်မရာ လာလုပ်တဲ့ကိစ္စကို ခေါင်းဆောင်နဲ့ မင်းသားချန်ရှေ့မှာ ဖော်ထုတ်ခံလိုက်ရတော့ သူလည်း ရှက်မှာပေါ့ ။
ကျုပ်ကတော့ အသံကို မထွက်ရဲဘူး ။
ကျုပ်က သည်ထူးဆန်းတဲ့ အခြေအနေကို အသာလေးပဲ ထားထားလိုက်တယ် ။
ဒါပေမဲ့ ထင်မထားတာက တိတ်ဆိတ်မှုကို ပထမဆုံး ဖြိုခွဲလိုက်တဲ့သူက မင်းသားချန် ဖြစ်နေလိမ့်မယ် ဆိုတာပဲ ။ သူ့ရဲ့ သိမ်းငှက်လို စူးရှတဲ့ မျက်လုံးက ကျုပ်လက်ထဲက မှတ်တမ်းစာအုပ်ကို ချက်ချင်း မြင်သွားတယ် ။
" .အိုး......စုန့်အု.... မင်းက မသိချင်ယောင် ဆောင်နေတာပဲ ။ ဒါပေမဲ့ ငါအခု မင်းကို လက်ပူးလက်ကြပ် မိပြီ ။ အဲဒါ ငါ့ရဲ့ မှတ်တမ်းစာအုပ်ကွ "
မင်းသားချန်က အဖွဲ့ခေါင်းဆောင်စုန့်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး နောက်တစ်ကြိမ် ဆူပြန်တယ် ။
ဘေးမှာ ရှိနေတဲ့ ကျုပ်ကတော့ အဖွဲ့ခေါင်းဆောင်စုန့်ရဲ့ မျက်နှာကို မြင်ပြီး စိတ်အခြေအနေ သိပ် မကောင်းတော့ဘူး။
သူက " ကိုယ့်အထက်လူကြီးကိုတောင် မဖွယ်မရာ လုပ်ရဲတဲ့ကောင်ကို မင်းသားချန်ဆီ လက်ဆောင်ပေးပြီး ဇာတ်လမ်း ဖြတ်ပစ်လိုက်ရမလား "ဆိုပြီး တွေးနေတာ အသိသာကြီးဗျ ။
မင်းသားချန်က ခေါင်းဆောင်စုန့်ကို ဆူလို့အားရတော့ ပြုံးလိုက်တယ် ။ ပြီးတော့ ကျုပ်ကို လက်ညှိုးထိုးပြီး အမိန့်ပေးတယ် ။
" ဟုတ်ပြီ.....သည်ကောင်က ငါ့ရဲ့ မှတ်တမ်းစာအုပ်ကို ခိုးသွားတဲ့ သူခိုးပဲ ။ လာကြစမ်း...... ယုတ်ညံ့တဲ့ သူခိုးကို ဖမ်းကြ "
မင်းသားချန်ရဲ့ စကား ဆုံးတာနဲ့ တစ်ပြိုင်နက် အနောက်မှာရှိတဲ့ လူလေးယောက်က အင်္ကျီလက်တွေ ပင့်တင်ပြီး ကျုပ်ကို ဖမ်းဖို့ ပြင်ကြတော့တာပဲ ။
ကျုပ်က ရှန်းယိရန်ကို လှမ်းကြည့်တော့ သူက ကျုပ်ကို ကူညီမယ့် အရိပ်အယောင် မပြဘူး ။မသိချင်ယောင် ဆောင်ပြီး ခေါင်းကိုတောင် ဟိုဘက် လှည့်သွားသေးတယ် ။
ဟေး.....ဟေး.......
အချင်းချင်း သစ္စာစောင့်သိမှုဆိုတာ မရှိတော့ဘူးလား......
အခုချိန်က စိတ်ဆိုးစိတ်ကောက် နေရမယ့် အချိန် မဟုတ်ဘူးလေ.....
ပြီးတော့ မှတ်တမ်းစာအုပ်ကို ခိုးတာ ကျုပ်မဟုတ်ဘူး ......ချာပီးရဲ့ အဖေက အဲသည် ကျပ်မပြည့်တဲ့ မင်းသားချန်ဆီက ခိုးလာတာလေ....
ကျုပ်ကိုဖမ်းဖို့ တဖြည်းဖြည်း အနားကပ်လာတဲ့ လူလေးယောက်ကို ကြည့်ပြီး ကျုပ်ရင်ထဲမှာ အမျိုးအမည် မသိရတဲ့ အပူမီးတစ်ခု ကြွတက်လာတယ် ။
အဲသည်အတွက် ကျုပ်က ရှန်းယိရန်ကို အရင်လို လေးစားမှုတွေ မပေးတော့ဘဲ လှမ်းအော်လိုက်တယ်။
"ရှန်းယိရန်..... အဲဒါက နားလည်မှု လွဲတာပါလို့ ငါမင်းကို ပြောပြီးပြီလေ.....မင်းက ငါ့ကို တကယ် မကူညီဘူးလား "
ကျုပ်ဒေါသ ထွက်နေတာကို မြင်တော့ ရှန်းယိရန်က စိတ်နည်းနည်း ယိုင်သွားပုံပဲ ။ သူက ကျုပ်ရဲ့ သည်လိုပုံစံကို တစ်ခါမှ မမြင်ဖူးဘူး မဟုတ်လား ။ ကျုပ်က ရှန်းယိရန် မသိမသာလေး ပါးစပ်ဟ လိုက်တာကို မြင်တယ် ။ သူက ကျုပ်အတွက် ပြောကူဖို့ ပြင်နေပြီဗျ ။
အဲသည်အချိန်မှာပဲ အသံတစ်ခုက ထွက်လာတယ် ။
"ယွမ်ရှန့် နှစ်ဆယ့်ရှစ်နှစ်မြောက် ၊ ကိုးလပိုင်းတွင် ဟယ်ရှီးလီထံမှ ရွှေတုံး လေးသောင်း လက်ခံရရှိသည် ။ ရှန်တုန်း ကျန်းမိသားစုထံမှ ငွေစ ငါးသောင်း ၊ မြို့တော်ဆင်ခြေဖုံးရှိ အိမ်ကြီးတစ်လုံးနှင့် လယ်မြေ ငါးဧကကိုလည်း လက်ခံရရှိသည် "
အသံပိုင်ရှင်က ဆက်ပြီး ပြောလေလေ ၊ မင်းသားချန်ရဲ့ မျက်နှာက ပိုပြီး ဖြူဖျော့လာလေလေပဲ ။
" တိတ်..... တိတ်စမ်း.... ဘယ်ကောင်က ပေါက်ပန်းလေးဆယ်တွေ လာအော်နေတာလဲ "
ကျုပ်က သေသေချာချာတော့ မမှတ်မိဘူး ။ ဒါပေမဲ့ အခု ပြောသွားတာတွေက မှတ်တမ်းစာအုပ်ထဲက အကြောင်းအရာတွေ ဆိုတာကိုတော့ လုံးဝ ပြောနိုင်တယ် ။
အစောပိုင်းက အသံပိုင်ရှင်ကတော့ ကျုပ်ဘေးနားမှာ ရှိတဲ့ စုရှောင်ပဲ ။ ကြည့်ရတာ သူက တစ်ခေါက်ပဲ ဖတ်ထားပေမယ့် အဲသည်စာအုပ်ထဲက အကြောင်းအရာတွေကို အကုန် မှတ်မိနေပုံ ရတယ် ။
စုရှောင်က ပြောင်ချော်ချော်နဲ့ ပြုံးပြီး ဆက်ပြောတယ် ။
" စာအုပ်ထဲမှာ အကြမ်းဖျင်းတော့ အဲသည်လို ရေးထားတာပါပဲ ။ အရှင့်သား .....အဲဒါက အရှင့်သား စာအုပ်ဆိုတာ သေချာရဲ့လားဗျ "
ဝိုး...... စုရှောင်လေးက လူတွေကို ပြန်ထိုးနှက်တဲ့ နေရာမှာ တကယ့် ဆရာကြီးပဲဗျ......
မင်းသားချန်က စုရှောင်ကို မနှစ်မြို့တဲ့ အကြည့်နဲ့ ကြည့်လိုက်တယ် ။ သူက ကျုပ်ကို ဖမ်းဖို့တော့ ဆက်ပြီး အမိန့် မပေးရဲတော့ဘူး။မဟုတ်ရင် စာအုပ်ထဲက အကြောင်းအရာတွေကို စုရှောင်က ဆက်ပြီး ရွတ်တော့မှာကိုးဗျ ။ အဲဒါဆိုရင် သူလာဘ်ပေးလာဘ်ယူ လုပ်ထားတဲ့ ကိစ္စတွေက ဗူးပေါ်သလို ပေါ်လာတော့မှာ မဟုတ်လား။
ကျုပ်က ကျူပ်ကိုဖမ်းဖို့ ပြင်နေတဲ့ လူလေးယောက်ရဲ့ လက်တွေကို ရိုက်ထုတ်ပစ်လိုက်တယ် ။
" သွားစမ်း.... သွားစမ်း..... လက်မဆေးထားတဲ့ လက်တွေနဲ့ ငါ့ကို လာမထိကြနဲ့ "
ပြီးတော့ ကျုပ်က စုရှောင်ဆီ ပြေးသွားပြီး
" ချစ်ညီလေး.....လာ... ကိုကြီးကို အနမ်းလေး ပေးပါဦး "လို့ ပြောလိုက်တယ် ။
စုရှောင်က ကျုပ်ကို အနားကပ် မခံဘူး ။ သူက စိတ်ရှုပ်တဲ့ပုံနဲ့ ကျုပ်ကို တွန်းဖယ်လိုက်တယ် ။
" သွားစမ်းပါ.... အစ်ကိုက ကျွန်တော့်ကို မိန်းကလေးလို ဆက်ဆံနေပြန်ပြီ "
ပြီးတော့ အသံတိုးတိုးနဲ့ ပြောလာတယ် ။
" ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုက ကျွန်တော့်ကို ကယ်ပေးခဲ့ဖူးတာပဲ ။ အစ်ကိုက အပေါ်ယံမှာ ယုံကြည်ဖို့ မကောင်းပေမယ့် အတွင်းမှာတော့ လူကောင်းတစ်ယောက် ဆိုတာ ကျွန်တော် သိတယ် ။ ဒါကြောင့် အစ်ကို အန္တရာယ် တွေ့နေချိန်မှာ ကျွန်တော် မသိသလို နေလို့ မရဘူး "
ဟား.... လူတွေရဲ့ စိတ်ရင်းအမှန်ဆိုတာ အခက်အခဲ ကြုံရချိန်မှ ပေါ်လာတာပဲ....
" ညီလေး..... ဘာမှ မပြောနဲ့တော့....နတ်မင်းရှစ်ပါး စားတော်ဆက်က ပဲငံပြာရည် ဝက်လက်ပေါင်းက အရမ်းကောင်းတယ်လို့ ကြားတယ် ။ သည်တော့ ညီလေး အစ်ကို့ကို ဒကာခံပါလား"
" ကျွန်တော်တို့ နှစ်ယောက်က ဒကာ ခံရလောက်တဲ့အထိ ရင်းနှီးနေလို့လား"
ကျစ်..... ကပ်စေးနှဲလိုက်တာကွာ.....
နောက်ဆုံးတော့ မင်းသားချန်က ဆုံးဖြတ်ချက် တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်လိုက်ပုံပဲဗျ။ဒါပေမယ့် သူက ကျုပ်တို့နှစ်ယောက်လုံးကို ဖမ်းမိန့်ပေးဖို့ ပြင်နေစဥ်မှာပဲ ဒေါသထွက်နေတဲ့ အသံတစ်ခုက ဟိန်းထွက်လာတယ် ။
အဲသည်အသံကတော့ ခေါင်းဆောင်စုန့်ရဲ့ အသံကလွဲပြီး တခြား မရှိဘူး ။
" ဘာတွေ ဖြစ်နေတာလဲ....ငါ့ကို ဘယ်သူမှ မရှင်းပြတော့ဘူးလား "
စုန့်အုက ကျုပ်တို့ ဇာမဏီခန်းမ အပြင်မှာ ခိုးကြောင်ခိုးဝှက် လုပ်နေတာကိုလည်း မြင်ထားတယ် ။ မှတ်တမ်းစာအုပ်ကလည်း ကျုပ်တို့လက်ထဲမှာ ရှိနေတယ်ဆိုတာ ကြားထားတော့ အဖြစ်မှန် မသိမချင်း လုံးဝ လက်လျှော့မယ့်ပုံ မရှိဘူးဗျ ။
ကျုပ်က မင်းသားချန်ကို အရင်ပြန်လွှတ်ခိုင်းပြီးမှ ခေါင်းဆောင်စုန့်ကို အေးအေးဆေးဆေး ရှင်းပြဖို့ စဥ်းစားနေတုန်း သူက ကျုပ်ကို လှမ်းမေးလာတယ် ။
" မင်းဖေးဟန်.....မင်းရဲ့ အထက်လူကြီးကို တကယ်ပဲ မဖွယ်မရာ လုပ်ခဲ့တာလား "
လခွီးတဲ့မှ.... မင်းမေ.... တကယ်ကြီးလားကွာ....
ခင်ဗျားက အဂတိ လိုက်စားတဲ့ မင်းသား အမှုကိုကျ ဂရုမစိုက်ဘဲ ကျုပ်ကိုပဲ လာစစ်နေတာလား....
ကျုပ်က ရှင်းပြမလို့ ပြင်နေတုန်း ရှိသေးတယ် ။ ခေါင်းဆောင်စုန့်က ကျုပ်ကို ရှင်းပြခွင့်ကို မပေးဘူးဗျ ။
" မဖွယ်မရာ လုပ်တဲ့ အပြစ်က လက်တစ်ဖက် ၊ ခြေတစ်ဖက် ဖြတ်ခံရနိုင်တယ်ဆိုတာ မင်းသိမယ်လို့ ငါမျှော်လင့်ပါတယ် "
သည်စာပေသမားက ဘာကို ထွက်နေမှန်း မသိဘူး ။သူက ဆက်ပြောလေလေ ဒေါသထွက်လေလေ ဖြစ်နေတာဗျ ။
ကိစ္စက တစ်စထက်တစ်စ ကြီးလာတော့မယ့် အရိပ်အယောင် ပြလာတော့ ရှန်းယိရန်ကလည်း ဝင်ရှင်းပြဖို့ လုပ်တယ် ။ကျုပ်အထင်တော့ သူကလည်း အစောပိုင်းက ဖြစ်ရပ်ဟာ တကယ် နားလည်မှု လွဲသွားမှန်း နားလည်သွားပုံပဲ ။
" သူဘာမှ မလုပ်ပါဘူး ။ အဲသည်တုန်းက...."
"ပါးစပ်ပိတ်ထား...... ငါ လက်အောက်ငယ်သားကို ဆုံးမနေတဲ့အချိန် ဝင်မရှုပ်နဲ့ ။ လက်ထောက်ခေါင်းဆောင်ရှန်း ..... ငါ ဘယ်သူလဲဆိုတာ မင်းမေ့နေတာလား ။ ငါ့ရှေ့မှာ သူများဘက်လိုက်ပြီး ပြောပေးဖို့ မင်းမှာ မျက်နှာ ရှိသေးတယ်ပေါ့ "
ဟ.... သည်လူ့ရဲ့ ပြသနာက ဘာလဲဟ.....
သည်ကောင်က တခြားလူတွေကို စကားပြောခွင့်တောင် မပေးတော့ဘူးလား...
ဒါပေမဲ့ စုန့်အုထက် ပိုထူးဆန်းတာက ရှန်းယိရန်ပဲ ။မြည်းတစ်ကောင်ထက် ခေါင်းမာပြီး ကိစ္စတိုင်းမှာ စိတ်လက်တစ်ဆစ်ပဲ ရှိတဲ့လူက အခုတော့ ကျောက်ရုပ်ကြီးလို ငြိမ်နေတယ် ။
သည်သောက်ရူးက သူ့ကို ကြိမ်းမောင်းနေတာတောင် သူက ဘာမှ ပြန်မပြောဘူး ။
ကျုပ်က စဥ်းစားရင်း ၊ စဥ်းစားရင်းနဲ့ ဒေါသက ရင်ထဲကနေ အလိပ်လိုက် တက်လာတယ် ။နဂိုကမှ ရှန်းယိရန်က ကျုပ်ကို မကူညီလို့ ဒေါသ ထွက်နေပါတယ်ဆို အခု အကျိုးအကြောင်း မသင့်တဲ့ ခေါင်းဆောင်ကပါ ကျုပ်ကို ပြသနာ လာရှာနပှေိီ ။
Xီးပဲ....... မင်းတို့ကောင်တွေက အိပ်နေတဲ့ နဂါးကို ထိပ်ပုတ်ပြီး နိုးလိုက်တာပဲ ...... တွေ့ကြသေးတာပေါ့ကွာ......
ကျုပ်ရဲ့ အတွင်းတစ်နေရာမှာ အိပ်နေကျနေတဲ့ နတ်ဆိုးဝိညာဥ်က နိုးထဖို့ အချိန်တန်ပြီ ထင်ပါရဲ့....
ကောင်းပြီ...... ကောင်းပြီ...... ကောင်းပြီ......အဲဒါက ကျုပ်အမှားပဲ ။ ကျုပ်က အစ်မရှန်းရဲ့ တင်ပါးကို သွားမထိသင့်ဘူး ။ သည်တော့ ကျုပ်အမှားကို ကျုပ်တာဝန်ယူမယ် ။အဲဒါဆိုရင် ရပြီမလား "
စကားဆုံးတာနဲ့ ကျုပ်က ရှန်းယိရန်ကို ဆွဲပြီး ရင်ခွင်ထဲ ပစ်သွင်းလိုက်တယ် ။
အား.....ခန္ဓာကိုယ်လေးက အိစက်နေတာပဲဗျာ....
သည်နေ့ကစပြီး ကျုပ် သူ့ကို တာဝန်ယူမယ် ။ ကျုပ်တို့ နှစ်ယောက်က ချစ်သူတွေ ဖြစ်သွားကြပြီ ။ ကဲ.... ဘယ်သူ ဘာပြောချင်သေးလဲ "
အံံသြစရာပဲဗျ ။ ဘယ်လိုမှ ထိန်းမရအောင် ဒေါသထွက်လိမ့်မယ်လို့ ထင်ထားတဲ့ ရှန်းယိရန်က တစ်စက်ကလေးမှ ဒေါသထွက်ပုံ မပြဘူး ။
အဲသည်အစား သူက ထူးဆန်းတဲ့ အမူအယာနဲ့ ခေါင်းဆောင်စုန့်ကို ကြည့်တယ် ။ ပြီးတော့ ကျုပ်ကို မခို့တရို့ကြည့်ပြီး မေးလာတယ် ။
"နင် တကယ် ပြောတာလား "
ကျုပ်က အားရပါးရ ပြုံးပြီး ရင်ဘတ်ကိုတောင် ကော့လိုက်သေးတယ် ။
" တကယ်ပေါ့.....ဘာဖြစ်လို့လဲ"
" နင်က ရူးနေတာပဲ "
အစကတော့ ရှန်းယိရန်က တစ်ခုခု ပြောမလို့ ထင်ပါရဲ့ ။ ဒါပေမဲ့ ကျူပ်ရဲ့ ယောကျာ်းပီသလွန်းတဲ့ အပြုအမူတွေကို မြင်ပြီးနောက်မှာတော့ မပြောတော့ဘူး ။
သူက ရုတ်တရက် ရယ်လိုက်ပြီး ကျုပ်ကို ခေါင်းညိတ်ပြလာတယ် ။
" သည်လိုဆိုရင်လည်း နင်ငါ့ကို လာတင်တောင်းမယ့်နေ့ကို ငါစောင့်နေမယ် "
ကျုပ်လုံးဝ နားမလည်ဘူး ။ ရှန်းယိရန်က ကျုပ်သည်လောက် အသားယူနေတာကို ဘာလို့ စိတ်မဆိုးတာလဲ ။
သူက တကယ်ကြီး ကျူပ်ကို စိတ်ဝင်စားနေတာများလား........
တခြားတစ်ဖက်မှာတော့ အဖွဲ့ခေါင်းဆောင်စုန့်ရဲ့ မျက်နှာက ခရမ်းချဥ်သီးမှည့်လို နီရဲနေပြီဗျ ။
ကြည့်ရတာ သူက စာပေ ဘက်မှာတင် မကဘူး ။ ပြဇာတ် အနုပညာဘက်မှာပါ ပါရမီပါပုံ ရတယ်ဗျ ။ ဘာဖြစ်လို့လဲဆိုတော့ စုန့်အုရဲ့ မျက်နှာက စီချွမ်းက ပြဇာတ်မင်းသားတွေလို အမျိုးမျိုး ပြောင်းနိုင်လို့ပဲ ။
ဟုတ်တယ် ။ စုန့်အုရဲ့ မျက်နာက ခဏလေး အတွင်းမှာကို နီရာကနေ ဖြူ ၊ ဖြူရာကနေ စိမ်း၊ စိမ်းရာကနေ မည်းသွားတဲ့အထိ အရောင်အမျိုးမျိုး ပြောင်းနေတာဗျ ။
ဒါပေမဲ့ ဘာကြောင့်မှန်း မသိဘူး ။စုရှောင်က ကျုပ်ကို အထင်သေးတဲ့ မျက်လုံးတွေနဲ့ ထပ်ကြည့်နေတယ် ။
ခုနတုန်းက ဖမ်းမယ် ၊ဆီးမယ် တကားကား လုပ်နေတဲ့ မင်းသားချန် နဲ့ သူ့လူတွေကလည်း အနောက်ကို သုံးလှမ်းလောက် ဆုတ်သွားပြီး ကျုပ်ကို လှမ်းကြည့်နေကြတယ် ။
" သည်ကောင် ရူးနေတာလား"ဆိုတဲ့ အကြည့်နဲ့ပေါ့ ။
ဟမ်..... ဘယ်လိုဖြစ်တာလဲ.... အခြေအနေက ဆက်ပြီး ထူးဆန်းနေသေးပါလား.....
ပတ်ဝန်းကျင် တစ်ခုလုံးက အပ်ကျသံတောင် ကြားရလောက်တဲ့ အထိ တိတ်ဆိတ်နေတယ် ။
။ ဘယ်သူမှ ဘာအသံမှ မထွက်ကြတော့ဘူး ။
ဒါက မုန်တိုင်းမလာခင် တိတ်ဆိတ်နေတဲ့ အနေအထားမျိုးပဲ ။
အချိန်အကြာကြီး တိတ်ဆိတ်နေပြီး နောက်မှာတော့ လက်မောင်းကြွက်သား အလှပိုင်ရှင် ထန်ယီက သည်ထူးဆန်းတဲ့ အနေအထားကို ဖျက်ဆီး ပစ်လိုက်တယ် ။
အဲသည်ခွေးမျိုးက ခြေသံဖွဖွလေးနင်းပြီး လမ်းလျှောက်လာပေမယ့် ပြသနာကို ဖြေရှင်းဖို့ ရည်ရွယ်ချက်နဲ့ ရောက်လာတာ မဟုတ်ဘူးဗျ ။အဲကောင်က ပြသနာကို မကြီးကြီးအောင် လုပ်ဖို့ ရောက်လာတာ ။
" အစ်ကိုမင်း.......လက်ထောက်ခေါင်းဆောင်ရှန်းက အဖွဲ့ခေါင်းဆောင်ရဲ့ ဇနီးလောင်းဆိုတာ မသိဘူးလား "
အဲသည်ခဏမှာပဲ ကျုပ်ခေါင်းထဲကို အကြံ တစ်ခု ရောက်လာတယ် ။ နောက်ထုတ်မယ့် သံမဏိဓား စာစောင်ရဲ့ စာဖတ်ပရိသတ် ကဏ္ဍမှာ ဘာရေးရမလဲ ဆိုတာကိုပေါ့.....
လေးစားရပါသော တည်းဖြတ်သူခင်ဗျား.....
ကိုယ့်အထက်လူကြီးရဲ့ တင်ပါးကို ကိုင်မိတာနဲ့
ကိုယ့်သူဌေးမိန်းမရဲ့ တင်ပါးကို ကိုင်မိတာ
ဘယ်တစ်ခုက ပိုအပြစ်ကြီးပါသလဲဗျ ။
ပြီးတော့ အဲသည်နှစ်ခုလုံး လုပ်မိသွားရင်ကော ဘာဆက်လုပ်သင့်ပါသလဲ ။
နောက်တစ်ခု ကျန်ပါသေးတယ် ။ သူဌေးရှေ့တည့်တည့်မှာပဲ သူ့မိန်းမ တင်ပါး ကိုင်မိရင်ကောဗျ ။
နောက်ဆုံး တစ်ခု ကျန်ပါသေးတယ် ။ ကျွန်တော်က သူ့မိန်းမကို သူ့ဆီကနေ လုယူမယ် ဆိုပြီး သူ့ရှေ့မှာ ပြောမိလိုက်ပါသေးတယ် ။
Lord Zen