← Chapters

အခန်း ၃၂

Vol. 4 Ch. 32

အခန်း ၃၂

Vol. 4 Ch. 32

ရွှေလက်ဆေးတဲ့ သိုင်းဘုရင်

စာစဥ်၄ အပိုင်း ၃၂

မဖြေရှင်းနိုင်ဘူးထင်ရင် ပြေးသာပြေး

ကျုပ်က ရင်ခွင်ထဲမှာ ရှိနေတဲ့ ရှန်းယိရန်ကို ပုလိပ်ရောဂါ ကပ်ဆိုးကြီးလို သဘောထားပြီး အမြန် တွန်းဖယ် ပစ်လိုက်တယ် ။ ကျုပ်ရဲ့ အပြုအမူက လွန်သွားသလားတော့ မသိဘူး ။ ရှန်းယိရန်က ချော်လဲမလို ဖြစ်သွားပြီး ကျုပ်ကို ခေါင်းရိုက်ခွဲတော့မယ့်အတိိုင်း ကြည့်လာတယ်။

ဒါပေမဲ့ ကျုပ်အနေနဲ့လည်း သူ့ကို မဖယ်လို့ မရဘူးလေဗျာ ။ ကျုပ်ရဲ့ အနာဂတျကွိီး တစ်ခုလုံးက သည်အပေါ်မှာ မူတည်နေတာဗျ ။

" ဟီးဟီး...... ကျွန်တော်က သည်အတိုင်း ကျီစယ် လိုက်တာပါဗျ "

အခြေအနေကတော့ ကျုပ်ရဲ့ အထူးစွမ်းရည်ဖြစ်တဲ့ ဗြောင်လိမ်ဗြောင်စား ပညာရပ်ကို ထုတ်မသုံးလို့ မဖြစ်တော့တဲ့ အခြေအနေပဲ ။

" ကျွန်တော်နဲ့ လက်ထောက်ခေါင်းဆောင်ရှန်းတို့က အထဲမှာ ရှိနေတဲ့ လူကြီးမင်းတို့ရဲ့ အာရုံစိုက်မှုကို လိုချင်လို့ ပြဇာတ်လေး တစ်ပုဒ် ကလိုက်ကြတာပါ ။ တစ်မျိုးတော့ မထင်လိုက်ကြပါနဲ့ဗျ "

အစ်မကြီးရှန်းကို ဘေးဘက် တွန်းဖယ်လိုက်ပြီး လူရိုးသားလေး ပုံစံဖမ်းထားတဲ့ ကျုပ်ကို မြင်တော့ ခေါင်းဆောင်စုန့်ရဲ့ မျက်နှာက နည်းနည်းပျော့ပြောင်း သွားတယ် ။ကြည့်ရတာ ကျုပ်ရဲ့ ဗြောင်လိမ်ဗြောင်စား သိုင်းက အလုပ် ဖြစ်ပုံပဲ ။

ခေါင်းဆောင်စုန့်က ချောင်းတစ်ချက် ဟန့်တယ် ။ ပြီးတော့ လူတွေ ကျုပ်တို့ဘက် အာရုံစိုက်နေတာကို အခွင့်ကောင်းယူပြီး အင်္ကျီလက်စကို ပြန်ပြင်လိုက်တယ် ။ အစောပိုင်းတုန်းက ဒေါသကြောင့် တွန့်ကြေနေတဲ့ အင်္ကျီလက်စကိုပေါ့ ။

" မင်းက ဘာကို ပြောချင်တာလဲ.... မင်းတို့က ဘာဖြစ်လို့ ငါတို့ရဲ့ အာရုံစိုက်မှုကို လိုချင်ရတာလဲ.... ပြီးတော့ ငါမင်းသားချန်နဲ့ စကားပြောနေတုန်း မင်းတို့လေးယောက်က ဇာမဏီခန်းမ အပြင်မှာ ပုန်းပြီး ဘာလုပ်နေကြတာတုန်း....မင်းတို့ဆီမှာ ကိုယ်ကျင့်တရား နဲ့ ယဥ်ကျေးမှု မရှိကြတော့ဘူးလား"

နောက်ဆုံးမှာတော့ ခေါင်းဆောင်စုန့်ရဲ့ ဦးနှောက်က စပြီး အလုပ် လုပ်လာပုံ ရတယ်ဗျ ။

ကျေးဇူးပြုပြီး သူ့ရဲ့ ဦးနှောက် အလုပ်လုပ်တာ သည်ထက် နည်းနည်းလေး ကြာနေပါစေဗျာ.....

ကျုပ်က ဇာတ်သမားရှုံးတဲ့ အမူအယာနဲ့ ငိုသံနှောပြီး ပြောလိုက်တယ်။

" အရာအားလုံးက မင်းသားချန်ကြောင့် စတာပါပဲဗျာ......လွန်ခဲ့တဲ့ခြောက်နှစ် နွေရာသီ တစ်ခုတုန်းကပေါ့ "

မင်းသားချန်ကလည်း နောက်ဆုံးတော့ အိပ်မက်ထဲကနေ နိုးထလာပုံပဲ ။ သူက သည်နေရာကို ပြသနာရှာဖို့ ရောက်လာမှန်းလည်း ပြန်သတိရလာပုံ ရတယ် ။

"ပါးစပ်ပိတ်စမ်း..... မင်းရဲ့ အရေးမပါတဲ့ သောက်စကားတွေကို ဆက်မပြောနဲ့တော့ ။ ငါက မင်းတို့လျူရှန်းမန်တွေရဲ့ အတွင်းရေးကို စိတ်မဝင်စားဘူး ။ ဒါပေမဲ့ ငါ့ရဲ့ စာအုပ်ကတော့ ငါ့ဆီ ပြန်ရောက်လာမှ ရမယ် ။ သောက််ရူးကောင်..... ငါ့ရဲ့ စာအုပ်ကို ပြန်ပေးစမ်း "

ကျုပ်က အားရပါးရ ပြုံးလိုက်တယ် ။

နောက်ဆုံးတော့ အကြောင်းပြစရာ တစ်ခု ရလာပြီ မဟုတ်လား ။

" တွေ့တဲ့ အတိုင်းပဲ ခေါင်းဆောင်..... အရှင်မင်းသားက စာအုပ်လေး တစ်အုပ် အတွက်နဲ့ အသည်းအသန် ဖြစ်နေတာ "

" ဒါကြောင့်လည်း ကျွန်တော်တို့က ဇာမဏီခန်းမ အပြင်မှာ ပုန်းနေရတာပေါ့ "

ခေါင်းဆောင်စုန့်က အလိုမကျတဲ့ပုံနဲ့ မျက်မှောင် ကြုတ်တယ် ။

" ဘာတွေ ဖြစ်နေတာလဲ ဆိုတာကို တိတိကျကျ ပြောစမ်း ။ မင်းသားချန်.....မင်းသားသည်နေ့ ရောက်လာတာက သည်စာအုပ် အတွက်ပေါ့ ။ မင်းဖေးဟန်....စာအုပ် ယူလာခဲ့ ။ ငါတစ်ချက် ကြည့်ကြည့်မယ် "

"ခဏ.... ခဏနေဦး "

မင်းသားချန်က အလောတကြီးနဲ့ ခေါင်းဆောင်စုန့်ကို တားဖို့ ကြိုးစားလိုက်တယ် ။ ဒါပေမဲ့ ခေါင်းဆောင်စုန့်ရဲ့ သံသယ အကြည့်တွေအောက်မှာ သူဘာမှ မတတ်နိုင်တော့ဘူး ။ အဆိုးဆုံး အပိုင်းကတော့ စာအုပ်နဲ့ ပတ်သက်ပြီး ခေါင်းဆောင်စုန့် ဘာမှ မသိဘူးဆိုတာ သူ ရိပ်မိလိုက်တာပဲ ။

ဘယ်လိုပဲဖြစ်ဖြစ် သူက

" ငါလာဘ်စားထားတယ်ဟေ့ "ဆိုပြီး အော်ပြောနေလို့မှ မရတာ ။ ဟုတ်တယ်မလား ။

ပြီးတော့ သည်နေရာကလည်း သာမန် ပါချီပါချက် နေရာ မဟုတ်ဘူး ။ ဒါက လျူရှန်းမန်ရဲ့ ဇာမဏီခန်းမ ။ ပြီးတော့ အဆောက်အဦး နည်းနည်း ကျော်လိုက်မယ်ဆိုရင် ချီလင် ကိုယ်ရံတော်တွေရဲ့ ခြံဝင်းက ရှိနေသေးတယ်။

တကယ်လို့ သည်နေရာမှာသာ ရုတ်ရုတ်သဲသဲ ဖြစ်သွားမယ်ဆိုရင် လူတွေအားလုံးက ရောက်လာကြမှာ အသေအချာပဲ ။

မင်းသားချန်က အခြေအနေ နဲ့ အချိန်အခါကို ယှဥ်ထိုး ကြည့်တယ် ။ နောက်ဆုံး သူ့ဘက်က အလေးမသာတာကို သိသွားပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ ဒေါသတွေကို ကျုပ်အပေါ် ပုံချတော့တာပဲ ။ သူက ကျုပ်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး အမိန့်ပေးလိုက်တယ် ။

" ခွေးသူခိုးကောင်.....မင်းက ငါ့စံအိမ်ထဲက ပစ္စည်းကို ခိုးရဲရုံမက ငါ့ကိုတောင်ပြန်ပြီး သိက္ခာချရဲနေပြီ ။ မင်းလိုကောင်မျိုးကို အပြစ် မပေးလို့ မရဘူး "

" လာကြစမ်း.....သည်ယုတ်ညံ့တဲ့ ခိုးသားကို ဖမ်းကြ"

အဟွန့်....... သည်လို ဖိန့်လုံး၊ခြောက်လုံးလောက်ကတော့ မင်းဖေးဟန်တို့က အံတိုနေပြီကွ......

ကျုပ်က မင်းသားချန်ရဲ့ အမိန့်ကို အဖက်ကို မလုပ်ဘူး ။

ဘာဖြစ်လို့လဲဆိုတော့ ကျုပ်နောက်မှာ တရားမျှတမှု ကိုယ်စားလှယ်လောင်း တစ်ယောက် ရှိနေမှန်း ကျုပ်သိလို့ပဲ ။

" ယွမ်ရှန့် နှစ်ဆယ့်ကိုးနှစ်မြောက် ရှစ်လပိုင်း ၊ ဆယ်ရက်နေ့၌ ရှန်းစီး ယွီမန်ထံမှ ရွှေတုံး ငါးဆယ့်လေးတုံး လက်ခံရရှိသည်......"

" ဩဂုတ်လ ဆယ့်သုံးရက်နေ့၌ ယန်ကျင်းတုထံမှ ရွှေတုံး တစ်ရာ့နှစ်ဆယ် လက်ခံရရှိသည်......"

စုရှောင်ရဲ့ ပြည်သူ့တရားရှင် ဇာတ်ရုပ်က ထပ်ပြီး ပေါ်လာပြန်တယ် ။ သူက မင်းသားချန် အမျက်တော်ရှမှာကို တစ်စက်ကလေးမှ ကြောက်ပုံ မရဘူး ။ ကြည့်ရတာ သူက မင်းသားချန်ကို လိမ္မော်သီးသည်လို့ တကယ်ကြီး ထင်နေပုံပဲ ။ အဲသည်အချက်ကလွဲပြီး တခြား အကြောင်းအရင်းကိုတော့ ကျုပ်လည်း မတွေးတတ်တော့ဘူးဗျ ။

ခေါင်းဆောင်စုန့်ရဲ့ သံသယ အကြည့်တွေက နံပါတ်တွေ နဲ့ နေ့စွဲတွေကို ကြားရတော့ ပိုပြီး စူးရှ ပြတ်သားလာတယ် ။

အစောပိုင်းက နောက်မီးလင်းခံရမယ့် အခြေအနေကြောင့် သူရဲ့စိတ်တွေ ဖောက်သွားတာကို ကျုပ်နားလည်ပေးလို့ ရတယ်ဗျ ။ အရည်အချင်းရှိတဲ့ စုန့်အုလို ခေါင်းဆောင် တစ်ဦးက ဘယ်လို အခြေအနေကို ရောက်ရောက် ဒေါသ အမှောင်ဖုံးသွားစရာ အကြောင်း မရှိဘူး ။ သူ့ရဲ့ ဦးနှောက်က အခုတင်ကို ပြန်ပြီး အလုပ်လုပ်နေပြီ ။

ခေါင်းဆောင်စုန့်က လက်နှစ်ဖက်ကို ယှက်ပြီး အရိုအသေ ပေးလိုက်တယ် ။

" အရှင့်သား..... ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို တစ်ချက်လောက် ကြည့်ခွင့်ပြုပါ ။ တကယ်လို့ စာအုပ်က မင်းသားပိုင်ဆိုင်တဲ့အရာ အစစ်အမှန်လို့ ယူဆနိုင်ရင် ကျွန်တော်မျိုး သေချာပေါက် ပြန်ပေးပါ့မယ် "

မင်းသားချန်ရဲ့ မျက်နှာက ပျက်သထက် ပျက်သွားတယ်ဗျ ။

မင်းသားခြောက်ပါးရဲ့ အင်အားစုတွေက နန်းလုပွဲအတွက် အင်အား စုဆောင်းနေကြတာ အတော်ကြာပြီ ။ သူတို့က သိုင်းလောကမှာ ကျင်လည် ကျက်စားနေကြတဲ့ သိုင်းလောကသားတွေကိုတောင် စည်းရုံး သိမ်းသွင်း ထားကြသေးတယ် ။

အဲသည်လို စည်းရုံး သိမ်းသွင်းဖို့အတွက် ဆိုရင် ငွေရေး၊ကြေးရေးက မပါလို့ မဖြစ်ဘူး ။လိုအပ်တဲ့ ငွေကြေးကလည်း ကျုပ်တို့၊ခင်ဗျားတို့ တွေးထင် ထားတာထက်တောင်မှ များလောက်မယ်ဗျ ။

အဲသည်လို ငွေရေး၊ကြေးရေးက စကား ပြောနေတဲ့ အချိန်မှာမှ ကံဆိုးချင်တော့ မင်းသားချန်က မင်းနေပြည်တော်မှာ အခြေချ နေထိုင်ရတဲ့ မင်းသားနှစ်ပါးထဲက ဖြစ်နေပြန်တယ် ။

ဘုရင်ဧကရာဇ်ကိုယ်တိုင် စံမြန်းနေထိုင်တဲ့ မင်းနေပြည်တော်မှာ ငွေရှာဖို့ ဆိုတာက မင်းသား တစ်ပါးအတွက် လွယ်တဲ့ ကိစ္စ မဟုတ်ဘူး ။ ဒါကြောင့်မို့ပဲ သူက ကြားပေါက်အနေနဲ့ အပိုဝင်ငွေရအောင် လာဘ်စားတဲ့ နည်းလမ်းကို ရွေးချယ်ခဲ့တာ ဖြစ်ရမယ် ။

မင်းသားချန်တစ်ယောက် ကံများ ဆိုးချင်ပုံရတော့ အလုပ် ပထမဆုံး စဝင်တဲ့ နေ့မှာတင် ကျုပ်က သင်္ချိုင်းဂူထဲ ရောက်သွားပြီး သူ့ရဲ့ အဂတိ မှတ်တမ်းစာအုပ်ကို တွေ့သွားတယ်လေ ။

ဟူး....... ဆိုးလိုက်တဲ့ ကံပါဗျာ......

ကျုပ်သာ မင်းသားချန် နေရာမှာဆို အကြောက်လွန်ပြီး ဘာတွေလုပ်လို့ လုပ်မိမယ် မသိဘူးဗျ ။

မာန်ဝင့်နေတဲ့ မင်းသားချန်က နောက်ဆုံးမှာတော့ ဘာကိုမှ ဂရုစိုက်တော့ပုံ မရဘူး ။ သူက အသံကျယ်ကြီးနဲ့ အမိန့်ပေး လိုက်တယ် ။

" လူကြီးမင်းကျား...... သူ့ကို ထိန်းလိုက် "

မင်းသားချန်ရဲ့စကား ဆုံးမယ်တောင် မကြံသေးဘူး ။ ငွေရောင် အလင်းတန်း တစ်ခုက ဖြတ်ခနဲ ပေါ်လာတယ်ဗျ ။

ကျုပ်သေချာ ကြည့်လိုက်တော့ အဖြူရောင် ဝတ်စုံကို ဝတ်ထားတဲ့ လူတစ်ယောက် ။ အဲသည်လူက ငန်းရိုင်းတစ်ကောင်လို လျင်မြန်မှု အပြည့်နဲ့ လျူရှန်းမန် ခြံဝင်းထဲမှာ ပေါ်လာတယ် ။

တစ်ချိန်တည်းမှာပဲ ပြဒါးရောင် လဲ့နေတဲ့ ငွေရောင်အလင်းတန်းက မိုးသီး၊မိုးပေါက်တွေလို ခေါင်းဆောင်စုန့်ရဲ့ အပေါ်ကို ကျရောက်လာပြန်တယ် ။

ငွေအလင်းတန်းကတော့ လူကြီးမင်းကျားလို့ ခေါ်တဲ့ လူရဲ့ လက်ထဲက ထွက်လာတဲ့ ဓားအလင်းတန်းပဲ ။ ကြည့်ရတာ သည်လူက ဓားကို အဓိက အသုံးပြုတဲ့ ဓားသမားပဲ ဖြစ်ရမယ် ။

ခေါင်းဆောင်စုန့် ခေါင်းထဲမှာ ဘာတွေ တွေးနေသလဲတော့ မသိဘူး ။ ဒါပေမဲ့ သူက လူကြီးမင်းကျားဆိုတဲ့ လူရဲ့ အမြန်နှုန်းကြောင့် ကြောင်အသွားပုံရတယ် ။ သူက လှုပ်ရှားဖို့ကို မတတ်နိုင်တော့တာဗျ ။

ဒါပေမဲ့လည်း ရှန်းယိရန်ရဲ့ တုံ့ပြန်မှုတွေက တကယ် ပညာရှင်ဆန်တယ် ။ သူက တုံ့ဆိုင်းမနေဘဲ စုန့်အုကို ဘေးဘက် ကန်ထုတ်ပစ်လိုက်တယ် ။

ဖုန်း.....

အသံနဲ့ အတူ စုန့်အုက လူကြီးမင်းကျားရဲ့ ဓားချက်အောက်ကနေ လွတ်ထွက်သွားတယ်ဗျ ။ မြေကြီးပေါ်မှာ ရုပ်ပျက်ဆင်းပျက် လိမ့်သွားတာကတော့ တစ်ပိုင်းပေါ့ဗျာ ။

ဟ.... ဒါနဲ့ နေပါဦး ။ သည်ဓားချက်က ဘာလို့ ရင်းနှီးသလို ခံစားနေရတာလဲ.......

သည်ဓားကွက်က ဟွာဆန်းရဲ့ ဓားသိုင်းနဲ့ အတော်လေး တူတယ် ။ သည်လူရဲ့ မျိုးရိုးနာမည်ကလည်း "ကျား" ဆိုတော့.......

မဟုတ်မှလွဲရော..... သည်လူက လက်ရှိ ဟွာဆန်းဂိုဏ်းချုပ် "ကျားယွင်ဖုန်း"များလား.....

ကျားယွင်ဖုန်းက အေးစက်စက် တစ်ချက် ရယ်တယ် ။ ပြီးတာနဲ့ တစ်ပြိုင်နက် "လသုံးစင်း နှင့် ကခုန်ခြင်း " ဆိုတဲ့ ဓားကွက်ကို ထုတ်သုံးလိုက်တယ် ။

ရွှမ်း......

ဝှစ်....ဝှစ်....ဝှစ်...

ဓားအလင်းတန်းတွေက ရောင်ခြည်စက်ဝိုင်း သုံးခုအထိ ဖြာထွက်သွားပြီး အဖွဲ့ခေါင်းဆောင်စုန့် ၊ ရှန်းယိရန် နဲ့ ထန်ယီတို့ သုံးယောက်လုံးကို ဓားကွက်ထဲ ဆွဲသွင်းထားလိုက်တယ်ဗျ ။

ဝိုး......

လူကြီးမင်းကျား...... ခင်ဗျားရဲ့ ဥာဏ်ပညာ ၊ အမျှော်အမြင်က ကောင်းလှချည်လားဗျ....

ခင်ဗျားက ခင်ဗျားကို ပြသနာ ပေးနိုင်ဖို့ အလားအလာရှိတဲ့ လူတွေကို အရင်ဆုံး ထိန်းချုပ် ထားလိုက်တယ်ပေါ့ ။

တကယ်ကို ဉာဏ်ကြီးရှင်ပါပဲဗျာ....

စစ်ရေးအမြင်နဲ့ ကြည့်မယ် ဆိုရင်လည်း ကျားယွင်ဖုန်းရဲ့ ဆုံးဖြတ်ချက်က မှန်တယ်ဗျ ။ သူက ကျုပ်တို့ကို အဖွဲ့ နှစ်ဖွဲ့ ကွဲသွားအောင် အောင်အောင်မြင်မြင် ခွဲထုတ်ပစ်လိုက်နိုင်တယ်လေ ။

အခုဆိုရင် စုရှောင်နဲ့ကျုပ်က တခြားလူ သုံးယောက်နဲ့ စည်းခြား သွားခဲ့ပြီ မဟုတ်လား ။

မင်းသားချန်က သူ့ရဲ့ လူတွေကို လှမ်းငေါက်လိုက်တယ် ။

" အသုံးမကျတဲ့ကောင်တွေ......ဘာလုပ်နေတာလဲ.....အဲသည် တေလေကြမ်းပိုး နှစ်ကောင်ကို ဖမ်းပြီး ငါ့စာအုပ် ပြန်ယူခဲ့စမ်း ။

ကျုပ်ကလည်း ဘယ်လို ငြိမ်ခံမှာလဲ ။ စုရှောင်လက်ကို ဆွဲပြီး ပြေးတော့တာပေါ့ ။

ကျုပ်တို့က ဇာမဏီခန်းမရဲ့ ပြူတင်းပေါက်ကို ခုန်ကျော်ပြီး အထဲ ဝင်ပြေးကြတယ် ။

" ဟား...ဟား...အဲသည် ငတုံးနှစ်ကောင်က သူတို့ကိုယ်သူတို့ ခြောငျပိတျလိုကျကွပွိီကှ ။ အထဲဝင်ပြီး အဲသည်ကောင်တွေကို ရိုက်ကြစမ်း ။ စာအုပ်ထဲက အကြောင်းအရာတွေကို အလွတ်ကျက်ထားတဲ့ကောင်ကို ပိုရိုက်ခဲ့ကြ"

ကျုပ်နဲ့ စုရှောင် ဇာမဏီခန်းမထဲ ဝင်ဝင်ပြီးချင်းမှာပဲ လူသန်ကြီး လူလေးယောက်ကလည်း အနောက်ကနေ လိုက်ဝင်လာကြတယ် ။

စုရှောင်ကတော့ ကျုပ်ကို အပြစ်တင်လို့ မဆုံးတော့ဘူး ။

" အစ်ကိုမင်း...... အစ်ကိုက တကယ့် အရူးပဲ ။ သည်ထဲကို ဘာကိစ္စ ပြေးဝင်လာရတာလဲ ။ အခုတော့ ကြည့်.... ကျွန်တော်တို့ ချောင်ပိတ် မိနေပြီ "

ကျုပ်က ဘာမှ ပြန်မပြောဘဲ ရယ်ပဲ ရယ်နေလိုက်တယ် ။ကျူပ်တို့ကို ဖမ်းဖို့ ပြင်နေတဲ့ လူသန်ကြီး လေးယောက်ကို ကြည့်နေရင်းနဲ့ပေါ့ ။

" မင်းတို့က တကယ်ကြီး တိုက်ခိုက်ချင်နေတာလား"

လူသန်ကြီးလေးယောက်ထဲက ခေါင်းဆောင်ဖြစ်ပုံရတဲ့ လူက ကျုပ်တို့ကို ကွန်ထဲက ငါးတွေဆိုပြီး အပိုင် တွက်ထားပုံပဲ ။

" အခုမှ တောင်းပန်နေရင်လည်း အပိုပဲ ။ မင်းနောက်ကျသွားပြီကွ "

ကျုပ်က သည်လူတွေက တစ်ချက် အကဲခတ်လိုက်တယ် ။ သူတို့ရဲ့ လမ်းလျှောက်ပုံ နဲ့ ကိုယ်နေဟန်ထားအရ ဆိုရင်တော့ သည်လူလေးယောက်စလုံးက သေချာပေါက် နပန်း သမားတွေပဲ ။ သူတို့က အနီးကပ် တိုက်ပွဲတွေမှာ တကယ့် ကြောက်စရာလူတွေ ။

နပန်းသမားလေးယောက်က အနားကို တဖြည်းဖြည်း ကပ်လာတာနဲ့အမျှ ကျုပ်တို့ ပြေးဖို့နေရာ မရှိအောင် စက်ဝိုင်းပုံသဏ္ဍာန် ဝိုင်းလာကြတယ် ။စုရှောင်ကတော့ ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံး ဓားမော့ကို ဆွဲထုတ်လိုက်ရပြီ ။အဲသည်အချိန်မှာမှ သူက တစ်ခုကို သတိထားမိလိုက်တယ် ။ အဲဒါကတော့ သူ့မှာ ဓားကို ဆွဲထုတ်ဖို့တောင် နေရာလွတ် မရှိတော့ဘူး ဆိုတာပဲ ။ ဒါက နပန်းသမားတွေရဲ့ အားသာချက် နည်းဗျူဟာ အလှတရားပေါ့ဗျာ ။

သည်နေ့ စုရှောင် လုပ်ပေးခဲ့တာတွေအတွက် ကျုပ် တကယ် ကျေးဇူးတင်မိတယ် ။

ပြန်စဥ်းစားကြည့်မှ စုရှောင်က ကျုပ်ကို အကြိမ်ပေါင်း မနည်း ကူညီပေးခဲ့တာဗျ ။

ဒါပေမဲ့ ကျုပ်ကတော့ သူ့ကို အနိုင်ကျင့်မိနေသလိုပဲ ။

အဲသည်အတွက် နောင်ကျရင် သူ့ကို တစ်နေ့မှ တစ်ကြိမ်ပဲ စနောက်တော့မယ်လို့ တွေးလိုက်မိတယ် ။

တွေးနေရင်းနဲ့ ကျုပ်က စုရှောင်ကို လှည့်ကြည့်ပြီး မေးလိုက်တယ် ။

" စုရှောင်...... မင်း လူအများကြီးကို တစ်ပြိုင်တည်း တိုက်ဖူးလား "

" ဟင့်အင်း "

" အင်း.....ဒါဆို အခု ငါ သင်ပေးမယ်......"

စုရှောင်က ကျုပ်ဘာပြောပြော ယုံပုံ မရဘူး ။ သူက ကျုပ်ကို ပြန်ပြီး သတိပေးနေတယ် ။

" အစ်ကိုမင်း......ကိုယ့်ကိုကိုယ်ပဲ အရင် ဂရုစိုက်ပါဦး "

ကျုပ်က စုရှောင်ကို ဥပေက္ခာ ပြုလိုက်တယ် ။ ပြီးတော့ နပန်းသမား လေးယောက်ထဲက ခေါင်းဆောင်ကို လက်ဝါးစောင်းတစ်ချက် ပစ်ကျွေးပြီး အိပ်ခိုင်းလိုက်တယ် ။

နပန်းသမားတွေရဲ့ ဟာကွက်က လူတစ်ယောက် မရှိတော့တာနဲ့ တန်းပြီး ပေါ်တာပဲ ။

ဒါပေမဲ့ ဟာကွက်တွေ ဘာတွေက သိပ်ပြီးတော့လည်း အရေး မကြီးတော့ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်ရဲ့ ခြေပျံက ကျန်နေသေးတဲ့ နပန်းသမားတွေထဲက တစ်ယောက်ကို ထပ်ပြီး အိပ်ခိုင်းလိုက်ပြီ မဟုတ်လား ။

အခုဆိုရင် နှစ်ယောက် ၊ နှစ်ယောက် ဖြစ်သွားပြီ ။ သည်အချိန်မှာတော့ ဟိုဘက်က နပန်းသမားတွေက အာချောင်ရုံကလွဲပြီး ဘာတတ်နိုင်ဦးမှာလဲ ။

" မင်း..... မင်း..... ငါ့အစ်ကိုကြီးကို ရိုက်ရဲတယ်ပေါ့.... မင်းသေချင်နေပြီလား "

" မင်းအစ်ကိုကြီးတင် မကဘူး မင်းကိုပါ ရိုက်ဦးမှာ "

ကျုပ်အတွက် တွေဝေနေဖို့ အချိန် မရှိဘူး ။အဲသည်အတွက် ကျန်နေတဲ့ နှစ်ယောက်ကိုပါ ထပ်ပြီး အိပ်ဆေး ကျွေးလိုက်တယ် ။

အား......ယား..... ကျုပ်ကလည်း တော်ကို တော်လွန်းပါတယ်ဗျာ ။ လေးယောက် တစ်ယောက် ချတာတောင် ချွေးမစို့လိုက်ဘူးဗျ .။

ကျုပ်က နပန်းသမား လေးယောက်ကို အိပ်မက်ကမ္ဘာထဲ ပို့ပြီးတဲ့နောက် ဆရာကြီးပုံစံ ဖမ်းပြီး စုရှောင်ဘက်ကို လှည့်လိုက်တယ် ။

"လူအများကြီးနဲ့ တစ်ပြိုင်တည်း တိုက်မယ် ဆိုရင် စည်းမျဥ်း တစ်ခုပဲ လိုက်နာစရာ ရှိတယ် ။ လက်တစ်ချက် ထွက်တာနဲ့ တစ်ယောက် မှောက်နေရမယ် ။ နားလည်ပြီလား "

စုရှောင်က မျက်လုံးပြူးကြီးနဲ့ ကျုပ်ကို ကြည့်လိုက် ၊ ကြမ်းပြင်ပေါ်က လူလေးယောက်ကို ကြည့်လိုက် လုပ်နေတယ် ။ ပြီးမှ မကျေမနပ်နဲ့

" အစ်ကိုမင်း...... သည်လူတွေက သည်လောက် ပျော့ညံ့ နေတာကို ကျွန်တော့်အတွက် ဘာလို့တစ်ယောက်တောင် မချန်ထားတာလဲ "

မင်း.......မေ.........

ကျုပ်အနေနဲ့ စုရှောင်ကို ဘာမှ ပြောစရာ မရှိတော့ဘူး ။ ကျုပ်ကိုယ်ကျုပ်ပဲ အပြစ်တင်စရာ ရှိတော့တယ် ။

" သည်နေ့ မင်းဖေးဟန် ကံမကောင်းပါလား"

All Chapters