← Chapters

အခန်း ၃၄

Vol. 4 Ch. 34

အခန်း ၃၄

Vol. 4 Ch. 34

ရွှေလက်ဆေးတဲ့ သိုင်းဘုရင်

စာစဥ်၄ အပိုင်း၃၄

ဧကရာဇ် ရောက်ရှိလာခြင်း

အော်သံ အဆုံးမှာပဲ ဒေါင်ကောင်းကောင်း၊ ကိုယ်လုံးကိုယ်ထည် ခပ်ထွားထွားနဲ့ အမျိုးသားတစ်ယောက်က နဂါးကိုးကောင် ဝတ်ရုံကို ဝတ်ဆင်ပြီး ပန်းခြံထဲကို ဝင်လာတယ်ဗျ ။ သူ့နောက်မှာလည်း လူတန်းနှစ်တန်းက ကပ်ပြီး လိုက်လာကြတာပေါ့ ။

သည်လို အရှိန်အဝါမျိုးကို ဧကရာဇ်တစ်ပါးကလွဲပြီး တခြားလူတွေ ဖန်တီးနိုင်လိမ့်မယ်လို့ ကျုပ်မထင်ဘူး ။

လျူရှန်းမန်မှာက လက်ရှိ ဧကရာဇ် ဘုရင်မင်းမြတ်ကို မြင်ဖူးတဲ့လူ ခပ်ရှားရှားပဲ ။ အဲသည်အတွက် သူတျို့က အခွင့်အရေး ရတုန်းမှာ ဘုရင်မင်းမြတ်ကို မော်ဖူးချင်နေကြတယ် ။ဒါပေမဲ့လည်း ဘုရင်မင်းမြတ် မျက်မာန်တော် ရှသွားမှာကို စိုးပြီး မော်မကြည့်ရဲကြဘူး ။

လက်ရှိ ဧကရာဇ် ဘုရင်မင်းမြတ် ယွမ်ရှန်းက ဥာဏ်ပညာ ၊ အမျှော်အမြင်နဲ့ ပြည့်စုံတဲ့ ဘုရင်တစ်ပါး ဖြစ်ပေမယ့် အသက်လေးဆယ် မကျော်ခင် အချိန်အထိ ဆက်တိုက် ကံဆိုးခဲ့တဲ့ သူဗျ ။အဲဒါကြောင့် သူ့မျက်ခုံးတွေက ဖြူစတောင် ပြုနေပြီ။

ဉာဏ်ပညာကြီးတဲ့ ဘုရင်တစ်ပါး ဖြစ်ရတာ မလွယ်ဘူးလေ။ အထူးသဖြင့် သားတော် ခြောက်ပါးက အာဏာလုနေကြတာကို ကိုင်တွယ်ဖြေရှင်းနေရတော့ ပိုပြီး ပင်ပန်းရတာပေါ့။

သူက ကျုပ်နဲ့ နောက်ဆုံး တွေ့တုန်းကထက်ကို ပိုပြီး အိုလာပြီ ။ သူက အခုမှ အသက်လေးဆယ် စွန်းစွန်းပဲ ရှိသေးပေမယ့် ကြည့်ရတာ ငါးဆယ်ကျော် လူကြီး တစ်ယောက်လိုပဲ ။

ပြီးတော့ ဧကရာဇ် ယွမ်ရှန်းက နည်းနည်း ဝလာသေးတယ်ဗျ ။ ဒါကတော့ နန်းတော်ထဲမှာ ဆီဦးထောပတ်တွေ စားပြီး ဇိမ်ခံတာ လွန်သွားလို့ ဖြစ်မယ် ။

ဧကရာဇ် ယွမ်ရှန်း လမ်းလျှောက်ဝင်လာတာကို ကြည့်ရင်း ကျုပ် မသက်မသာ သက်ပြင်းချမိတယ်။

သူနဲ့ မင်းသားချန်က ပုံစံခွက် တစ်ခုတည်းကနေ ထွက်လာကြသလိုပဲ ။

မျက်နှာသွင်ပြင်တွေက အတော်လေး တူညီနေကြပြီး မင်းသားချန်ရဲ့ မျက်ခုံး နှစ်ခု အကွာအဝေးက ရက်စက်ကြမ်းကြုတ်တဲ့ အရိပ်အယောင် ပြနေတာလေး တစ်ခုပဲ ကွာတယ် ။ ဧကရာဇ် ယွမ်ရှန်းကတော့ အလွန် ကြင်နာတဲ့ အကြည့်မျိုး ရှိပြီး ဆွေမျိုးရင်းချာ ဦးလေးတစ်ယောက်လို ခံစားရစေတာဗျ ။

မင်းသားချန်က အားကိုးရမယ့်သူ ရောက်လာပြီလို့ ထင်သွားပုံရတယ်။

သူက သူ့ရဲ့ အဂတိလိုက်စားမှု ကိစ္စကိုတောင် သတိရတော့ပုံ မပေါ်ဘူး ။ သူက အရူးတစ်ယောက်လိုပဲ အော်လိုက်တယ်။

"ခမည်းတော်.... ခမည်းတော်....ကျွန်တော် သည်မှာ "

"ဒီ မိန်းမယုတ်က ကျွန်တော့်ကို ခြိမ်းခြောက်နေပါတယ် "

ဒါပေမယ့် စုရှောင်ဆိုတာက တစ်လောကလုံးမှာ ပြိုင်ဘက် မရှိတဲ့ နံပါတ်တစ် ငတုံးလေ ။ ပြီးတော့ သောက်တလွဲ သတ္တိတွေနဲ့ ပြည့်နေတဲ့ကောင် ။

သူက ဧကရာဇ် ရှေ့မှာတင်ပဲ မင်းသားချန် ခေါင်းကို ဓားနှောင့်နဲ့ ထပ်ထုလိုက်တယ် ။

ဒုတ်......

စဥ်းနှီတုံးပေါ်က ငါးကို ကျည်ပွေ့နဲ့ ထုချလိုက်သလို အသံကြီးက တစ်နေရာလုံး ပဲ့တင်ထပ်သွားတော့တယ် ။

" အား......အိုး..... ခမည်းတော်.....ကြည့်ပါဦးဗျ ။ သည်မိန်းမ သားတော်ကို ရိုက်နေပြန်ပြီ "

" ရိုက်တော့ ဘာဖြစ်လဲ......ခင်ဗျားက ဘယ်သူ့ကို မိန်းမလို့ ခေါ်လိုက်တာလဲ "

ကျုပ်ကတော့ စုရှောင်ကို ကြည့်ရင်း စိတ်ထဲမှာ ရုတ်တရက် အတွေးတစ်ခု ပေါ်လာတယ် ။ သည်ကောင်လေးက တကယ့် ရတနာလေးပဲဗျ ။ သူ့ကို သေသေချာချာ ထိန်းသိမ်းစောင့်ရှောက်ထားဖို့ လိုတယ် ။

ကျုပ် ဘဝတစ်လျှောက်လုံးမှာ သည်လောက် ပါရမီ ထူးခြားတဲ့ လူမျိုး နောက်တစ်ယောက် ထပ်တွေ့နိုင်မယ် မထင်တော့ဘူး ။

သည်ကောင်က မင်းသားချန်ရဲ့ ခေါင်းကို ငါးစိမ်းသည် ငါးထုသလို တဒုတ်ဒုတ်နဲ့ ထုရဲနေတာ မဟုတ်လား ။

နန်ကုန်းကုန်းကတော့ စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး ဒေါသတကြီး အော်လိုက်တယ် ။

"အတင့်ရဲလိုက်တာ....."

"ဘုရင်မင်းမြတ် ရှေ့တော်မှောက်တောင် လက်နက် ထုတ်ရဲတယ်ပေါ့ "

"မင်းက ပုန်ကန်မှု လုပ်ချင်နေတာလား......"

စုရှောင်က အလျင်အမြန် ပြန်ဖြေတယ် ။

"ဘုရင်မင်းမြတ်...... ခွင့်လွှတ်တော်မူပါ...... အင်း..... အဲ....."

မဟာသတ္တိခဲကြီး စုရှောင်က ဧကရာဇ်ကို မြင်တော့ နည်းနည်း တုန်လှုပ်သွားပုံပဲ ။ ဆရာသမားက စကားတွေတောင် ထစ်ကုန်ပြီး ဆက်မပြောနိုင်တော့ဘူး ။

"ကျွန်တော်မျိုးရဲ့ အတင့်ရဲမှုကို ခွင့်လွှတ်တော်မူပါ......ဒါပေမဲ့ သည်လူက......"

စုရှောင်က မင်းသားချန်ကို ဓားနှောင့်နဲ့ ပြန်ထိုးပြလိုက်တယ် ။

"သူက အရမ်း လွန်လွန်းပါတယ်......"

"သူက လူတွေ ခေါ်လာပြီး ကျွန်တော်တို့ကို လာအနိုင်ကျင့်တာ......"

"ကျွန်တော် သူ့ကို လွှတ်ပေးလိုက်ရင် ထွက်ပြေးသွားမှာ စိုးလို့ ဖမ်းထားတာပါ......"

ဧကရာဇ် ယွမ်ရှန်းက ခဏ ငြိမ်သွားတယ် ။

ပြီးတော့ မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ် ။

"အတင့်ရဲလိုက်တာ......"

"ငါ့ရှေ့မှောက်မှာ ဒီလောက် ရဲရဲတင်းတင်း ပြုမူရဲတယ်ပေါ့......"

"ချက်ချင်း လွှတ်လိုက်စမ်း......"

ဧကရာဇ်ရဲ့ အသံက အာဏာအပြည့်နဲ့ ထွက်လာတာဗျ ။

သိုင်းပညာ အဆင့်မြင့်တဲ့ လူတွေ ၊ သေရေးရှင်ရေး အခိုက်အတန့်တွေကို အကြိမ်ကြိမ် ကြုံဖူးတဲ့ လူတွေတောင် မသိစိတ်ကနေ ရင်ခုန်နှုန်း မြန်သွားမိလောက်တဲ့ အထိပဲ ။

ဒါပေမဲ့ စုရှောင်ကတော့......

"ဘုရင်မင်းမြတ်......"

"ကျွန်တော်မျိုး မလွှတ်ချင်လို့ မဟုတ်ပါဘူး......"

"ဒါပေမဲ့ သူက သူ့အပြစ်ကို မဝန်ခံဘဲ ကျွန်တော့်ကို ပြန်ပြီး အနိုင်ကျင့်ရင် ဘယ်လိုလုပ်မလဲ......"

.

မင်းသားချန်က ခပ်ထေ့ထေ့ တစ်ချက် ရယ်လိုက်တယ် ။

"ငါတို့မင်းကို ယဥ်ယဥ်ကျေးကျေး ဆက်ဆံနေတုန်း ငါ့ကိုလွှတ်လိုက် ။ ခမည်းတော်က ငါ့ကို လွှတ်ပေးဖို့ အမိန့်ပေးတာ မင်းကြားတယ်မလား ။ ပြီးတော့ ငါနဲ့ မင်းတို့ကြားက ကိစ္စကိုတော့....ဟင်းဟင်း..."

ကြည့်ရတာ အဖွဲ့သားတစ်ယောက်ကို ကယ်တင်ဖို့ အချိန်ကျပြီနေမယ်.....

ကျုပ်က ထန်ယီကို ရုတ်တရက် တွန်းလိုက်တယယ် ။

ထန်ယီက ကိုယ်ဟန်ပျက်ပြီး နောက်ကို ခြေလှမ်းတစ်လှမ်း ဆုတ်သွားချိန်မှာ ကျုပ်က အခွင့်အရေးကို အမိအရ ယူလိုက်တယ် ။

ကျုပ် လက်ထဲက စာအုပ်ကို မြေကြီးပေါ် ပစ်ချလိုက်တာပဲ ။ အသံလေး နည်းနည်း ကျယ်သွားအောင် အားလေး ထည့်လိုက်ရတာကတော့ တစ်ကဏ္ဍပေါ့ ။

ဘုတ်....

ခြံဝန်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး လူအားလုံးက ကျုပ်ဘက် လှည့်ကြည့်လာကြတယ် ။

ကျုပ်က ထန်ယီကို မကျေမနပ် ကြည့်ပြီး ပြောလိုက်တယ် ။

"ညီလေးထန်.....ဘေးက နည်းနည်းပါးပါး သတိထားပါဦး ။ ညီလေးကြောင့် အစ်ကို့ စာအုပ် ပြုတ်ကျသွားပြီ "

ထန်ယီကလည်း တစ်ချက်လေးတောင် တုံ့ဆိုင်းမသွားဘူးဗျ ။

"တောင်းပန်ပါတယ်....အစ်ကိုမင်း "

......

ကောင်းလိုက်တဲ့ နားလည်မှု ၊ အပေးအယူ နဲ့ အချိတ်အဆက်ပဲဗျာ ။ ကျုပ်တို့နှစ်ယောက်ရဲ့ သရုပ်ဆောင်မှုက တစ်နှစ်တာ အကောင်းဆုံးဆုတောင် သေချာပေါက် ရနိုင်တယ် ။ ဒါတောင် ကျုပ်တို့က ကြိုတင် ဇာတ်တိုက် မထားရသေးဘူး ။

ပြီးတော့ ထန်ယီဆိုရင် ပြုတ်ကျနေတဲ့ စာအုပ်ကိုတောင် ကောက်ပေးလာသေးတာဗျ ။

ကျုပ်က လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ပြီး စာအုပ်ကို ပြန်ယူလိုက်တယ် ။

အမူအရာကိုလည်း တည်တည်ကြည်ကြည် ဖြစ်နေအောင် ထိန်းထားရတာပေါ့ ။ လူတိုင်းကတော့ ကျုပ်တို့ကို ပြဇာတ်တစ်ပုဒ် ကြည့်နေသလို စိုက်ကြည့်နေကြတယ် ။

ကျုပ်က စာအုပ်ကို ယူပြီးတာနဲ့ ငြိမ်ငြိမ်မနေဘူး ။ စာအုပ် အဖုံးကို လူတိုင်း သေသေချာချာ မြင်သွားအောင် ဝှေ့ယမ်းပြလိုက်သေးတယ် ။

အဝေးမှာ ရပ်နေတဲ့ မင်းသားချန်ကတော့ စာအုပ်ကို မြင်လိုက်တာနဲ့ ခြေထောက်တွေ ပြော့ခှသှေားပွိီး မြေပေါ် ပုံလဲကျသွားတော့မလိုဘဲ ။ သူက အလျင်အမြန်ပဲ ဧကရာဇ် ယွမ်ရှန်းကို ကျေအေးစကား ဆိုလိုက်တယ် ။

"ခမည်းတော်.....သားတော်နဲ့ သူတို့ကြားက ကိစ္စက နားလည်မှု လွဲတာလေး တစ်ခုပါပဲ.....ဘာမှ အရေးကြီးတဲ့ ကိစ္စ မဟုတ်ပါဘူး......သူ ကျွန်တော့်ကို လွှတ်ပေးမယ်ဆိုရင် သားတော်လည်း သည်ကိစ္စကို ကျေအေးပေးလိုက်ပါ့မယ်......"

စုရှောင်က သည်စကား ကြားတာနဲ့ ချက်ချင်း ဓားကို ပြန်ရုပ်တယ် ။ပြီးတော့ ကျုပ်တို့ဘက်ကို အမြန်ပြေးလာတယ်ဗျ ။

ကျားယွင်ဖုန်းကလည်း မင်းသားချန် ကိုယ်တိုင် ပြောပြီးသား ဖြစ်နေလို့ စုရှောင်ကို ဆက်ပြီး အခက်တွေ့အောင် မလုပ်တော့ဘူး ။ မိန်းမချောလေးကို လမ်းဖယ်ပေးလိုက်တယ် ။

"ဘာကြီးတုန်းဟ......"

လူတိုင်းက အံ့ဩသွားကြတယ် ။

အထူးသဖြင့် ဧကရာဇ် ယွမ်ရှန်းပေါ့ ။

သူက စိတ်မရှည်တော့တဲ့ ပုံနဲ့ လက်ကို ဝှေ့ယမ်းပြီး စုန့်အုနဲ့ ရှန်းယိရန်ကို လက်ညှိုးထိုးလိုက်တယ် ။

"စုန့်အု......"

"ရှန်းယိရန်......"

"ရှေ့ကို ထွက်လာခဲ့ကြ......"

"မှန်လှပါ......"

"မှန်လှပါ......"

နှစ်ယောက်လုံးက ချက်ချင်း ရှေ့တက်လာကြတယ် ။

ဧကရာဇ် ယွမ်ရှန်းက မျက်နှာတင်းတင်းနဲ့ ပြောလိုက်တယ် ။

"လျူရှန်းမန်က မင်းတို့ တာဝန်ယူထားတဲ့ နေရာ......"

" အခု သည်လို ရုန့်ရင်းဆန်ခတ် ဖြစ်နေတာကို ငါ ဘယ်လို နားလည်ရမှာလဲ......"

"ရှန်းယိရန်......"

"မင်းက ငါ့ကို ဒီနေရာ လာစစ်ဆေးဖို့ အကြိမ်ကြိမ် ဖိတ်ခဲ့တယ်......"

"မင်းဖိတ်တာ အခုလို ဟာသကြီးကို လာကြည့်ဖို့သက်သက် ဖိတ်တာလား......"

ရှန်းယိရန်က မတုန်မလှုပ် ပြန်ဖြေတယ် ။

"ဘုရင်မင်းမြတ်......"

"မင်းသားချန် ဒီနေ့ ရောက်လာမယ်ဆိုတာ ကျွန်တော်မျိုးမ တကယ် မသိခဲ့ပါဘူး......"

"ဒါပေမဲ့ သူက ရောက်လာတာနဲ့ ကျွန်မတို့ဆီမှာ သူခိုး တစ်ယောက်ကို ဝှက်ထားတယ်လို့ စွပ်စွဲပါတယ်......"

"အဖွဲ့ခေါင်းဆောင်စုန့်က အကျိုးအကြောင်း ရှင်းပြဖို့ ကြိုးစားပေမယ့်......"

"သူက သူ့လူတွေကို အရင် တိုက်ခိုက်ခိုင်းခဲ့ပါတယ်......"

"စုရှောင်သာ မတားခဲ့ဘူးဆိုရင် ကျွန်မတို့ အခုဆို ဒဏ်ရာရနေလောက်ပါပြီ......"

ဧကရာဇ် ယွမ်ရှန်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်တယ် ။

အဓိပ်ပါယျကတော့

"မင်း ငါ့ကို လှည့်စားချင်နေတာလား......

မင်းတို့လို အဆင့်က သိုင်းပညာရှင်တွေကို မင်းသားချန်ရဲ့ လူတွေက ဒဏ်ရာရအောင် လုပ်နိုင်မယ်ပေါ့.......

ဆက်ပြောစမ်း...... ဘာလိမ်ဦးမလဲ ငါ နားထောင်ကြည့်မယ်" ဆိုတဲ့ အဓိပ်ပါယျပဲဗြ ။

ဧကရာဇ်က စကားလမ်းကြောင်း ပြောင်းလိုက်တယ် ။

"စောစောက......"

"ငါ့သားကို ခြိမ်းခြောက်ခဲ့တဲ့ လူက ဘယ်သူလဲ......"

"ရှေ့ထွက်လာခဲ့......"

"က... ကျွန်တော်မျိုးပါ......"

စုရှောင်က ရှေ့တိုးလာပြီး ဒူးထောက်လိုက်တယ် ။

သူက ဧကရာဇ်ကို ပထမဆုံးအကြိမ် မြင်ဖူးတာ ဆိုတော့ အရမ်း စိတ်လှုပ်ရှားနေတဲ့ ပုံပဲ ။

စကားတောင် ထစ်ငေါ့ထစ်ငေါ့ ဖြစ်နေတယ် ။

"ဟ.....ဟို..... နေကောင်းတယ်နော်....ဘုရင်မင်းမြတ်......"

......

တောက်...... စုရှောင်ရာ......

မင်း......မင်း......

ဧကရာဇ်ကို တကယ်ကြီး " နေကောင်းတယ်နော်"လို့ နှုတ်ဆက်လိုက်တာလား......

စုရှောင်က သူ့အမှားကို သတိ ပြုမိလိုက်ပုံ ရတယ် ။ သူ့ရဲ့ ဖွေးဥနေတဲ့ မျက်နှာက ချက်ချင်း ရဲတွတ်သွားတယ် ။

ပြီးတော့ သူက အထစ်ထစ် အငေါ့ငေါ့နဲ့ ပြန်ပြောတယ် ။

"ကျွန်တော်မျိုး ဆိုလိုတာက....ဘုရင်မင်းမြတ်ကို ဂါရဝပြုပါတယ် ။ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ ခင်ဗျာ "

ဧကရာဇ် ယွမ်ရှန်းက ချွေးသီး၊ချွေးပေါက်တွေ တဒီးဒီး ကျနေတဲ့ စုရှောင်ကို မြင်ပြီး ရယ်ချင်စိတ်ကို ထိန်းနိုင်တော့ပုံ မပေါ်ဘူး ။ ဒါပေမဲ့ အတင်း ထိန်းထားလိုက်ပြီး လည်ချောင်းရှင်းကာ မေးလိုက်တယ် ။

"မင်း ဘယ်သူလဲ......"

"ဘာလို့ သည်လောက် အတင့်ရဲတဲ့ အလုပ်ကို လုပ်ရတာလဲ......"

စုရှောင်က ရိုးရိုးသားသား ပြန်ဖြေတယ် ။

"ကျွန်တော်မျိုး နာမည်က စုရှောင်ပါ......"

"စုက စုကျိုးမြို့ရဲ့ စု......"

"ရှောင်က မိုးသောက်အရုဏ်ဦးရဲ့ ရှောင်......"

"သည်နှစ် အသက် ဆယ့်ခြောက်နှစ် ရှိပါပြီ......"

"အိမ်ကတော့ နန်ကျင်းမှာပါ......"

"မိသားစုက သိုင်းကျောင်း ဖွင့်ထားပါတယ်......"

"ကျွန်တော်မျိုးက......"

စုရှောင်ရဲ့ ကြက်တူရွေး နှုတ်တိုက် အဖြေကို ဧကရာဇ်က ခံစားနိုင်တော့ပုံ မရဘူးဗျ ။သူက လက်မြှောက်ပြီး တားလိုက်တယ် ။

"ခဏ......ခဏလေး"

"မင်း ဘာလို့ အဲလောက် အများကြီး ပြောနေတာလဲ......"

စုရှောင်က မကျေမနပ် မျက်နှာလေးနဲ့ ပြန်ဖြေတယ် ။

"ဘုရင်မင်းမြတ်ပဲ ကျွန်တော်မျိုးကို ပြောခိုင်းတာလေ..... မဟုတ်ဘူးလား......"

"ဖွစ်......"

ဧကရာဇ်က နှုတ်ခမ်းကို ဖိကိုက်ထားလိုက်တယ် ။

ဒါပေမဲ့ လူတိုင်းရဲ့ အမြင်မှာ အထင်းသားကြီးပဲဗျ ။သူက ရယ်ချင်နေတာကို မနည်း ထိန်းနေရတာ ။

စကား နည်းနည်းပဲ ပြောရသေးပေမယ့် ဧကရာဇ်က သည်ရိုးသားပုံရတဲ့ သိုးငယ်လေးကိုသဘောကျသွားပုံ ရတယ် ။

"ဟားဟား......"

"ကောင်းပြီ......"

"အရေးကြီးတာပဲ ပြောတော့......"

"ဘာလို့ မင်းသားကို ခြိမ်းခြောက်ခဲ့တာလဲ......"

"ဟုတ်ကဲ့......"

"သည်နေ့ မင်းသားချန်က ဘာအကြောင်းပြချက်မှ မရှိဘဲ ရောက်လာပြီး အဖွဲ့ခေါင်းဆောင်စုန့်နဲ့ စကားများပါတယ်......"

"ပြီးတော့ သူ့လူတွေကို ကျွန်တော်တို့ကို တိုက်ခိုက်ခိုင်းပါတယ်......"

ဧကရာဇ်က မျက်မှောင်ကြုတ်သွားတယ် ။

"အဓိပ္ပာယ် မရှိတာ......"

"မင်းသားချန်က မင်းသားတစ်ပါး......"

"ဘာလို့ အစိုးရရုံးတော်ကို တိုက်ခိုက်ရမှာလဲ......"

သူက စုရှောင် အတော်လေး စိတ်ဖိစီးနေမှန်း သတိထားမိသွားတယ် ။

ဒါကြောင့် လက်ဝါးလှုပ်ပြပြီး ပြောလိုက်တယ် ။

"ထတော့......"

"မတ်တပ်ရပ်ပြီး ပြော......"

"အစကနေ ငါ့ကို တိတိကျကျ ပြန်ရှင်းပြစမ်း......"

"ဟုတ်ကဲ့...... ဟုတ်ကဲ့......"

စုရှောင်က ချက်ချင်း ထရပ်လိုက်တယ် ။

ဒါပေမဲ့ ထရပ်ပြီးတာနဲ့ ရှေ့ကို ခြေလှမ်း အနည်းငယ် ပြေးသွားတယ် ။

စုရှောင် ဘာဆက်လုပ်မလဲ ဆိုတာကိုတော့ ဘုရားမှပဲ သိနိုင်တော့မယ်ဗျို့.....

နောက်တစ်စက္ကန့်မှာတော့......

စုရှောင်က မင်းသားချန်ရှေ့ကို ရောက်သွားပြီး ရုတ်တရက် အော်လိုက်တယ် ။

"မင်း မျိုးxxxxxxကောင်......"

ဒါပေမဲ့ သူ့ရဲ့ စကားသံက သူ့ရဲ့ လက်သီးလောက် မမြန်ဘူးဗျ ။

ဘုန်း......

လက်သီးတစ်ချက်က မင်းသားချန်ရဲ့ မျက်နှာကို အတားအဆီး မရှိ ဝင်သွားတယ် ။

မင်းသားချန်က လုံးဝ မမျှော်လင့်ထားဘဲ မျက်နှာကို အထိုးခံလိုက်ရတော့ ချက်ချင်း ကြောင်အသွားတယ် ။သူ ညည်းတွားဖို့တောင် မေ့နေသလိုပဲ ။

ဒါပေမဲ့ စုရှောင်ရဲ့ လှုပ်ရှားမှုက မပြီးသေးဘူး ။

သူက ကျန်တဲ့ လက်တစ်ဖက်နဲ့ ဓားကို အမြန် ဆွဲထုတ်လိုက်ပြီး မင်းသားချန်ရဲ့ လည်ပင်းပေါ် ပြန်တင်လိုက်တယ် ။ ပြီးတော့ ပြန်ပေးဆွဲမှု အောင်မြင်သွားတဲ့ တောပုန်းဓားပြ တစ်ယောက်လို ထရယ်တယ် ။

"ဟားဟားဟား......"

" အခုချက်ချင်း ငါ့လူတွေကို လွှတ်လိုက်စမ်း"

မိတ်ဆွေတို့ရေ......သွေးအေးရက်စက်တဲ့ မိန်းမပျိုလေးက တစ်ဖန် ပြန်လည် ရောက်ရှိလာပြန်ပြီဗျ ။

Lord.Zen

All Chapters