← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

ရွှေလက်ဆေးတဲ့ သိုင်းဘုရင်

စာစဉ် (၄) အပိုင်း (၃၅)

အီလယ်လယ် အဆုံးသတ်

အခုကိစ္စ ဖြစ်သွားတဲ့ အချိန်မှာ ကျားယွင်ဖုန်းက မင်းသားချန်နောက်မှာ ရပ်နေတာဗျ ။ သူက ဧကရာဇ် ဘုရင်မင်းမြတ် ရှေ့မှာ စုရှောင် အခုလို လုပ်လိမ့်မယ်လို့ ဘယ်လိုမှ တွေးထင် မထားပုံပဲ ။ သူသတိ ဝင်လာတဲ့ အချိန်မှာတော့ စုရှောင်က မင်းသားချန် လည်ပင်းပေါ်မှာ ဓားတောင် တင်ပြီးနေပြီ ။

ကျားယွင်ဖုန်းက မင်းသားချန်ကို ဘယ်မျက်နာနဲ့ ကြည့်ရမယ်တောင် မသိတော့ဘူး ။ အဲသည်အတွက် သူက ဖန်တရာတေနေတဲ့ သစ္စာရှိ လူယုံတော် အကွက်ကိုပဲ ထုတ်သုံးနိုင်တော့တယ် ။

"အတင့်ရဲလိုက်တဲ့ကောင်..... မင်း ဒါဘာလုပ်နေတာလဲ "

"မင်းသား တစ်ပါးကို ကြောက်လန့်စေရင် ဘယ်လို အပြစ်ဒဏ် ခံရမလဲ ဆိုတာ သိရဲ့လား..."

ဧကရာဇ် ယွမ်ရှန်းကလည်း မျက်မှောင်ကြုတ်ပြီး ပြောလာတယ် ။

"အဓိပ္ပာယ် မရှိလိုက်တာ..."

"မင်း ဘာလုပ်နေတာလဲ..."

စုရှောင်က မျက်လုံးလေး ကလယ်ကလယ်နဲ့ဗျ ။ သူက ဧကရာဇ် ယွမ်ရှန်း သူ့ကို အော်ငေါက်လာတာကို ဘာကြောင့် ငေါက်လာမှန်း မသိတော့ပုံပဲ ။

"ဒါ... ဒါပေမယ့်.... ဘုရင်မင်းမြတ် ကိုယ်တိုင်ပဲ ကျွန်တော်မျိုးကို ပြန်လုပ်ပြလို့ အမိန့်ပေးတာ မဟုတ်ဘူးလား "

ဧကရာဇ် ယွမ်ရှန်းက ဒေါသ ထွက်သွားတယ် ။

"ငါက မင်းကို အဖြစ်အပျက် အကုန် ပြန်ရှင်းပြလို့ ပြောတာ ၊ အစကနေ ပြန်လုပ်ပြလို့ ပြောတာ မဟုတ်ဘူး "

စုရှောင်ရဲ့ မျက်နှာက ဇီးရွက်လောက်တောင် မရှိတော့ဘူး ။ သူက ငိုမဲဲ့၊ငိုမဲ့နဲ့

"" ကျွန်တော်မျိုးက အရှင်မင်းကြီး ပြန်လုပ်ပြလို့ ပြောတယ် မှတ်လို့ပါ "

" အပိုတွေ ပြောမနေနဲ့ ။ မင်းသားတစ်ပါးကို ခြိမ်းခြောက်တဲ့ အပြစ်ဒဏ်ကို ခံယူဖို့ ပြင်ထားတော့"

ဧကရာဇ်ယွမ်ရှန်းက စုရှောင်ကို ပြောပြန်တယ် ။

ဒါပေမဲ့ ပြောနေရင်းမှာပဲ သူက ထရယ်တယ် ။သူက စုရှောင်တစ်ယောက် အကြီးအကျယ် စိတ်ဒဏ်ရာရပြီး ငိုနေမလို့ ဖြစ်နေတာကို မြင်တော့ ရယ်ချင်စိတ်ကို ဘယ်လိုမှ အောင့်မထားနိုင်တော့ဘူး ။

"ဟား.....ဟား.....ဟား....."

"မင်းက တကယ့် ရိုးသားတဲ့ ကလေးပဲ..."

"ငါသိပါတယ်..."

"မင်းမှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူး..."

"သည်လိုလုပ်..."

"တကယ်လို့ မင်းမှာ အပြစ်မရှိဘူးလို့ ငါ ဆုံးဖြတ်ရင်..."

"မင်းကို အပြစ်မပေးဘူး..."

"ပြီးတော့ သူ မင်းကို နောက်ထပ် အနိုင်မကျင့်ရဲအောင်လည်း ငါ တားပေးမယ်..."

စဉ်းစားကြည့်ရင် လက်ရှိ ဧကရာဇ် ယွမ်ရှန်းက အသေးအဖွဲ ကိစ္စတွေကို အရေးတယူ လုပ်တတ်တဲ့ လူမျိုး မဟုတ်ဘူး။

ဒါပေမဲ့ သည်ခေတ်က သိုင်းပညာ အားကောင်းနေတဲ့ ခေတ်ဖြစ်ပြီး ဧကရာဇ် ကိုယ်တိုင်လည်း သိုင်းပညာရှင်တွေနဲ့ လက်ပွန်းတတီး ဆက်ဆံ နေထိုင်နေတာမို့ သူ့စိတ်ထားက တော်တော် ပွင့်လင်းတယ်။

စုရှောင်ရဲ့ ရိုးရိုးဖြူစင်ပြီး တုံးအတဲ့ ပုံစံကို သဘောကျသွားလို့ မင်းသားတစ်ပါးကို ခြိမ်းခြောက်ခဲ့တာကိုတောင် လွှတ်ပေးလိုက်တာပဲ။

မင်းသားချန်ကတော့ အတော်လေး ဒေါသထွက်နေပြီဗျ ။

သူက အထိုးခံထားရတာလေဗျာ ။ ဒါပေမဲ့ အခု သူ့ခမည်းတော်က တရားခံကို အပြစ်မယူဘူးဆိုတော့ ပိုလို့တောင် ဒေါသ ထွက်လာတာပေါ့ ။

အဲသည်နောက်မှာ စုရှောင်က အဖြစ်အပျက် အစအဆုံးကို ပြန်ပြောပြတယ်။

ဒါပေမယ့် သူက မင်းသားချန် ဘယ်လောက် မှားကြောင်း၊ လျူရှန်းမန်ကို သူခိုး လွှဲပေးဖို့ ဘယ်လို ဖိအားပေးခဲ့ကြောင်း၊ ကျားယွင်ဖုန်းကို ရှန်းယိရန်တို့ကို တိုက်ခိုက်ခိုင်းခဲ့ကြောင်းကိုပဲ အသားပေးပြီး ပြောတာဗျ ။

ကျုပ်တို့ စာရင်းစာအုပ် ရခဲ့တဲ့ အပိုင်းကိုတော့ တစ်လုံးတစ်ပါဒမှ မဟလိုက်ဘူး။

အဲဒီအချက်ကိုတော့ ကျုပ် ချီးကျူးရမယ်။

စုရှောင်က အနည်းဆုံးတော့ ဘာတွေပြောသင့်တယ် ၊ ဘာတွေ မပြောသင့်ဘူးဆိုတာ သိသေးတာပဲ ။

သူက စကားပြောလိုက်တိုင်းမှာ အထစ်ထစ်၊ အငေါ့ငေါ့ ဖြစ်နေပေမယ့် အဲသည်အချက်ကပဲ ဧကရာဇ်အမြင်မှာ ပိုပြီး ရိုးသားသလို ထင်သွားစေတာ။

စုရှောင် ရှင်းပြတာ ဆုံးတော့ ဧကရာဇ် ယွမ်ရှန်းက မင်းသားချန်ဘက် လှည့်ပြီး အေးစက်တဲ့ အကြည့်နဲ့ ပြောလိုက်တယ်။

"ချန်အာ..."

"မင်း လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက..."

"နောင်တရပြီး ကောင်းကောင်းမွန်မွန် နေတော့မယ်..."

"လူတွေနဲ့ မလိုအပ်ဘဲ ပဋိပက္ခ မဖြစ်တော့ဘူးလို့ ငါ့ကို ကတိပေးခဲ့တယ်..."

"သည်နေ့ကိစ္စက ဘာလဲ..."

"အစိုးရရုံးတော်ကိုတောင် သွားရန်ရှာတယ်ပေါ့ "

"ဟက်.....ငါ့သားက တကယ် ထူးချွန်တာပဲ..."

"ခ... ခမည်းတော်..."

"သားတော်က ရန်ရှာတာ မဟုတ်ပါဘူး....သူတို့... သူတို့က..."

မင်းသားချန်က ဧကရာဇ်ယွမ်ရှန်းကို ဆင်ခြေ ပေးဖို့ ကြိုးစားသေးတယ်ဗျ ။ ဒါပေမဲ့ အဝေးမှာ ရပ်နေတဲ့ ကျုပ်က မင်းသားချန်မြင်အောင် စာရင်း စာအုပ်ကို ထုတ်ပြီး ယပ်ခပ်သလို လုပ်နေတော့ သူက ဆင်ခြေ ဆက်မပေးရဲတော့ဘူး ။

"သူတို့ ဘာမှ မမှားပါဘူး..."

"အားလုံးက နားလည်မှုလွဲတာပါ..."

"သားတော် နည်းနည်း စိတ်မြန်သွားမိပါတယ်... ခမည်းတော်..."

မင်းသားချန်က နောက်ထပ် တစ်ကြိမ် စိတ်ဓာတ် ကျသွားပြန်တယ် ။

တကယ်လို့ ကျုပ်သာ စာရင်းစာအုပ်ကို ဧကရာဇ်လက်ထဲ အပ်လိုက်ရင် သည်နေ့ကစပြီး သူ့ဘဝက ကိစ္စပြတ်ပြီ မဟုတ်လားဗျ ။

မင်းသားချန်ရဲ့ စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ ရုပ်ကိုမြင်တော့ ရှန်းယိရန်နဲ့ ကျုပ် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး မရယ်ဘဲ မနေနိုင်တော့ဘူး။

အဲဒီအချိန်မှာပဲ ဧကရာဇ် ယွမ်ရှန်းက အဝေးကနေ ပွဲထိန်းနေတဲ့ ကျုပ်ကို သတိထားမိသွားတယ်။

သူ သံသယဝင်သွားပုံရပြီး ကျုပ်ဘက် လက်ညှိုးထိုးလိုက်တယ်။

"ဟိုကောင်..."

"မင်း..."

"ခုနကတည်းက ငါ့စကားကို အကြိမ်ကြိမ် ဖြတ်ဖြတ်နေတဲ့ကောင် "

"သတ္တိတော့ ကောင်းသားပဲ..."

"ဒီကိုလာ..."

"လာပြီး ပြောစမ်း..."

...

သောက်ပြဿနာပဲဗျာ..... သည်တစ်ခါတော့ ကျုပ် အလှည့် ရောက်လာပြီဗျ ။

ကျုပ်က အရှေ့ကို တက်သွားပြီး အရိုအသေ ပေးလိုက်တယ် ။

" ဘုရင်မင်းမြတ်ကို ဂါဝရ ပြုပါတယ် "

ဒါပေမဲ့ စိတ်ထဲမှာတော့ ကျုပ်က အခြေအနေကို ဘယ်လို ဆက်ပြီး ထိန်းထားရမလဲ ဆိုတာကို တွေးနေမိတယ် ။

ကျုပ် ဘာဆက်လုပ်ရမလဲ....

တကယ်လို့ စာရင်းစာအုပ်ကို မင်းသားချန်ရှေ့မှာတင် ဧကရာဇ်ဆီ အပ်လိုက်ရင် မင်းသားချန်က လျူရှန်းမန်ကို တစ်သက်လုံး အငြိုးထားသွားမှာ သံသယ ဝင်စရာ မရှိဘူးဗျ ။

ဘဝကို အေးအေးချမ်းချမ်း ၊ တည်တည်ငြိမ်ငြိမ် နဲ့ ဖြတ်သန်းချင်ရင် ပြဿနာတွေကို ကိုယ့်ဆီ ဆွဲမခေါ်သင့်ဘူး မဟုတ်လား ။

ဒါပေမဲ့ စာအုပ်ကို ကျုပ်ဆီမှာ ဆက်သိမ်းထားရင်လည်း မင်းသားချန်က နောက်ပိုင်းမှာ ပြဿနာ ရှာလာနိုင်သေးတယ်။

သည်စာရင်းစာအုပ်ကို ဘယ်လို ကိုင်တွယ်ရပါ့မလဲဗျာ......

"ကျွန်တော်မျိုး နာမည် မင်းဖေးဟန်ပါ..."

"လျူရှန်းမန်က သာမန် အထောက်တော် ရဲတပ်သား တစ်ယောက်ပါ..."

ဧကရာဇ်က ကျုပ်ကို စိုက်ကြည့်လာတယ်။

"မင်း..."

ဒါပေမဲ့ စကားကို တစ်ဝက်တစ်ပျက်မှာတင် ရပ်သွားတယ်။

ဟင်...

ဘာဖြစ်တာလဲ...

ကျုပ်က စိတ်ရှုပ်ထွေးသွားပြီး ဦးနှောက်ကို အလျင်အမြန် အလုပ်ပေးလိုက်တယ် ။

ဘာပြသနာ ရှိနေလို့လဲ.....စဥ်းစားစမ်း မင်းဖေးဟန်......

ပြဿနာက ဘာလဲဆိုတာ ကျုပ် စဥ်းစားလို့ မရဘူး ။

ခဏလေး..... ခဏ နေစမ်းပါဦး....

သေစမ်းကွာ......

ပြသနာက ဘာလဲ ဆိုတာကို ကျုပ် ရုတ်တရက် သတိရလာပြီဗျ ။

ကျုပ်က ဧကရာဇ်နဲ့ မျက်နှာချင်းဆိုင် တွေ့ဖူးတယ် ။ စကားတွေတောင် ပြောဖူးတယ်ဗျ ။

သွားပြီ....သွားပြီ..... သွားပြီ......

သူက ကျုပ်ကို မမှတ်မိလောက်ပါဘူးနော်.....ဟုတ်တယ်မလား.....

နှစ်တွေ အများကြီး ကြာသွားပြီဆိုပေမယ့် ဧကရာဇ်က ဉာဏ်ကောင်းတဲ့ ဘုရင်တစ်ပါးလေ.....

သူ့ဆီမှာ တစ်ခါမြင်ဖူးရင် မမေ့နိုင်တဲ့ မှတ်ဉာဏ်မျိုး ရှိနေရင် ဘယ်လို လုပ်မလဲ...

တကယ်လို့ သူ ကျုပ်ကို မှတ်မိသွားရင် ကျုပ်ရဲ့ သိုင်းလောကကနေ အငြိမ်းစားယူပြီး အေးအေးဆေးဆေး ကပ်စားမယ့် အစီအစဉ်တွေ အကုန် ပျက်စီးကုန်တော့မှာပေါ့။

မယုံနိုင်စရာပဲ...

ကျုပ်ရဲ့ အငြိမ်းစားဘဝ စီမံကိန်းကို ဖျက်ဆီးမယ့်လူက ဧကရာဇ် ကိုယ်တိုင် ဖြစ်နေမယ်လို့ ကျုပ်လုံးဝ ထင်မထားခဲ့ဘူး...

ဒါပေမဲ့လည်း ဧကရာဇ်ရဲ့ အမူအရာက သိတဲ့လူ တစ်ယောက်ကို တွေ့လိုက်တဲ့ပုံ မပေါ်ဘူးဗျ ။

ဆန့်ကျင်ဘက်အနေနဲ့ သူက အလန့်တကြား ကြည့်ပြီး ကျုပ်ကို မေးလာတယ် ။

"မ... မင်း အဆင်ပြေရဲ့လား..."

"ကျွန်တော်မျိုး အဆင်ပြေပါတယ်..."

"ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘုရင်မင်းမြတ်..."

"ကျွန်တော်မျိုးတို့လို သာမန်ပြည်သူတွေကိုတောင် စိတ်ပူပေးတယ်ဆိုတာ..."

"ဘုရင်မင်းမြတ်ရဲ့ သနားကြင်နာမှုက အတိုင်းအဆ မရှိပါဘူး..."

"ကျေးဇူးတော်က ပင်လယ်လေးစင်းလုံးကို ဖုံးလွှမ်းနေပြီး..."

"နေ့စဉ်နေ့တိုင်း ပိုပြီး ချမ်းသာကြွယ်ဝပါစေ..."

ကျုပ်က ဧကရာဇ်ရဲ့ ဘုန်းတော်ဘွဲ့တွေကို ပါးစပ်ထဲ ရှိသလောက် ရွတ်လိုက်တယ် ။

အဲသညျအခြိနျမှာပဲှနျးယိရနျက ရုတ်တရက် ဝင်ပြောလာတယ်ဗျ ။

"မဟုတ်သေးဘူး..."

"မင်းဖေးဟန်..."

"နင် တကယ် အဆင်ပြေရဲ့လား..."

ဘေးမှာ ရပ်နေတဲ့ အဖွဲ့ခေါင်းဆောင် စုန့်အုကလည်း ကျုပ်ကို စိုးရိမ်နေတဲ့ပုံပဲဗျ ။

"မင်းဖေးဟန်...မင်း တကယ် အဆင်ပြေရဲ့လား..."

"ကျွန်တော် အဆင်ပြေပါတယ်..."

ကျုပ်က ပိုပြီး စိတ်ရှုပ်သွားတယ်။

သူတို့ ဘာမြင်သွားလို့ သည်လို မေးနေကြတာလဲ...

ကျုပ် ဘယ်ညာ လှည့်ကြည့်လိုက်တယ်။

ကိုယ့်ကိုယ်ကိုယ်လည်း စစ်ကြည့်လိုက်တယ်။

ပုံမှန်မဟုတ်တာ ဘာမှ မရှိဘူးလေ...

နေပါဦး...

သူတို့ သိုလှောင်ခန်းထဲက အရက်တွေကို ကျုပ်ခိုးသောက်ထားမှန်း သိသွားကြတာတော့ မဟုတ်ပါလောက်ဘူးနော်...

အဲသည်အချိန်မှာပဲ ထန်ယီက တိတ်တိတ်လေး လျှောက်လာတယ်။ ပြီးတော့ သူက ကျုပ်လက်ထဲ မှန်တစ်ချပ် ထည့်ပေးပြီး ပြောလိုက်သေးတယ် ။

"ကျေးဇူးတင်စရာ မလိုဘူး..."

" ဟမ့်.....ငါက မင်းကို ဘာကျေးဇူး တင်ရမှာလဲ"

ကျုပ်က မှန်ကိုယူပြီး ကိုယ့်မျက်နှာကိုယ် ကြည့်လိုက်တယ်။

လခွီးတဲ့မှပဲဗျို့...... ကျုပ်ရဲ့ ချောမောခန့်ညားလှတဲ့ ကျုပ်မျက်နှာက ယောင်ကိုင်းနေတာအတော်ဆိုးနေပြီဗျ။ပြီးတော့ ခရမ်းရောင်၊ အစိမ်းရောင် အဖုအထစ်တွေကလည်း မျက်နှာ တစ်ခုလုံး အနှံ့ ပြည့်နှက်နေတယ် ။

အဲဒီအချိန်မှ ကျုပ် သတိထားမိသွားတာက မျက်နှာမှာ အထိအတွေ့ အာရုံတောင် မရှိတော့ဘူးဆိုတာပဲ။ လက်နဲ့ ထိကြည့်လိုက်တော့ ဘာမှ မခံစားရဘူး။

အံ့ဩစရာ မရှိတော့ဘူးဗျ။

ဒါကြောင့် ခုနကတည်းက ဘာမှ သတိမထားမိတာကိုး။

လုံးဝ ထုံကျင်နေပြီလေ။

ကျုပ်... အဆိပ်မိသွားတာလား....

ဘယ်အချိန်ကများ အဆိပ်မိသွားတာပါလိမ့်....

လူတိုင်းကတော့ စိုးရိမ်တကြီးနဲ့ ကျုပ်ကို ကြည့်နေကြတယ်။

ကျုပ်လည်း ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်တယ်။

သည်ပုံစံအတိုင်းဆို နောက်ထပ် အချိန် နည်းနည်း ကြာတာနဲ့ စကားတောင် ပြောနိုင်တော့မယ် မထင်ဘူးဗျ ။

ဒါပေမဲ့ စာရင်းစာအုပ် ကိစ္စကလည်း ဖြေရှင်းဖို့ လိုနေသေးတယ်လေ ။

ခေါင်းထဲမှာ အတွေးတွေ ရှုပ်ထွေးလာပြီး နောက်ဆုံးတော့ အကြံတစ်ခု ပေါ်လာတယ်။

"အား.... အဆိပ်... အဆိပ် မိသွားပြီ "

ကျုပ် ကောင်းကင်ကို မော့ကြည့်တယ်။

ပြီးတော့... ဖောင်းခနဲ မြေပေါ် ပစ်လှဲချပစ်လိုက်တာပေါ့ ။

ကျုပ်က လဲချနေရင်းနဲ့ စာအုပ်ကို "မကောင်းသူထိပ် ၊ ကောင်းသူထိပ်"ဆိုပြီး ရမ်းသန်း ပစ်လိုက်သေးတယ်ဗျ ။

အနီးအနားက လူတွေက ကျုပ် ပြုတ်မကျအောင် အမြန် လာဖမ်းကြတယ်။

"သမားတော်.... သမားတော် ခေါ်ကြ "

"မြန်မြန် "

လို့ အော်ကြတဲ့လူတွေလည်း ရှိတယ်။

ဒါပေမဲ့ တချို့ကတော့

" အနားမကပ်နဲ့.....သည်လူ့ရောဂါက အတော် ပြင်းနေပြီ ။ တခြားလူတွေကိုပါ ကူးစက်ကုန်လိမ့်မယ် "လို့ အော်နေကြတယ်ဗျ ။

မင်းမေကြီးတော်ကို ကူးစက်ပါလား......ငါက အဆိပ် မိထားတာကွ..... အနာကြီးရောဂါ ဖြစ်နေတာ မဟုတ်ဘူး......

အဲသည်အချိန်မှာပဲ စာအုပ်က ခိုဖြူလေးတစ်ကောင်လို လေထဲမှာ ပျံသွားပြီး မင်းသားချန်ဘက်ကို ဦးတည်သွားတယ်။

မင်းသားချန်က ဝမ်းသာအားရ လက်လှမ်းပြီး ဖမ်းဖို့ ကြိုးစားတယ်။

ဒါပေမဲ့...အဲသည်ကောင်က တကယ့် သုံးစားမရတဲ့ကောင်ဗျ ။ဒါလေးကိုတောင် ရအောင် မဖမ်းနိုင်ဘူး ။ စာအုပ်က သူ့လက်နဲ့ထိပြီး လေထဲကို ပြန်တက်သွားတယ်လေ ။

" သွားပြီ.... ငါတော့ ဇာတ်လမ်းပြတ်ပြီ"

စာအုပ်ရဲ့ သွားရာလမ်းကြောင်းကို မြင်တော့ မင်းသားချန်ရဲ့ မျက်နှာက ချက်ချင်း ဖြူဖျော့သွားတယ်။

ဘာလို့လဲဆိုတော့ စာအုပ်က သူ့ခမည်းတော်ဆီ တည့်တည့် ပျံသွားလို့ပဲ။

ဒါပေမဲ့ အခုကိစ္စ သူ့ရဲ့ သောက်သုံးမကျတဲ့ လက်ကြောင့် ဖြစ်သွားတာဆိုတော့ ဘာမှ မတတ်နိုင်ဘဲ ကိုယ့်လက်ကိုယ် ပြန်ကျိန်ဆဲနေရုံပဲ တတ်နိုင်တော့တယ် ။

ဧကရာဇ် ယွမ်ရှန်းကတော့ မင်းသားချန်လို အသုံးမကျတဲ့သူ မဟုတ်ဘူး ။အဲသည်အပြင် သူက သိုင်းပညာ တတ်ထားတဲ့သူ ဖြစ်တဲ့အတွက် စာအုပ်ကို အလွယ်တကူ ဖမ်းမိသွားတယ်။

သူက နားမလည်တဲ့ မျက်နှာနဲ့ စာအုပ်ကို တစ်ချက်ကြည့်တယ်။

ပြီးတော့ ကိုယ့်လက်ကိုယ် ကျိန်ဆဲနေတဲ့ မင်းသားချန်ကို တစ်ချက်ကြည့်တယ်။

ပြီးနောက်...စာအုပ်ကို ဖွင့်လိုက်တယ်။

ကဲ......အသက် (၂၅) နှစ်အရွယ်မှာ ကွယ်လွန်၊အနိစ္စ ရောက်သွားတဲ့ မင်းသားချန်ကို အောက်မေ့ သတိရ ဝမ်းနည်း၊ပူဆွေးတဲ့ အနေနဲ့ တစ်မိနစ် ငြိမ်သက်ပေးလိုက်ကြရအောင်....

ဟီးဟီး......စတာပါဗျာ.....

မင်းသားချန်က အရှင်လတ်လတ်ကြီး ရှိနေတုန်းပါပဲ.......

စိတ်ဓာတ်ကျသွားတဲ့ မင်းသားချန်က ခမည်းတော်ဆီ အမြန်ပြေးသွားပြီး တကယ့် သားလိမ္မာပုံစံ ဖမ်းလိုက်တယ် ။ မသိရင်တော့ သူ့ပုံစံက တကယ့်" သုဝဏ္ဏသာမ"ပဲဗျ ။

"ခ... ခမည်းတော်...သား... သားတော်ကလေ..."

"ဟင်း...ဟင်း...."

ဧကရာဇ် ယွမ်ရှန်းက အေးစက်စက် ရယ်လိုက်တယ်။

"မင်းက တကယ့် မင်းသားကောင်းပါလား..."

သူ့မျက်နှာမှာ ဒေါသတော့ မရှိဘူး။

ဒါပေမဲ့ အေးစက်တဲ့ ရယ်သံက ပိုကြောက်ဖို့ ကောင်းနေတယ်။

"အခုချက်ချင်း..... မင်းစံအိမ်ကို ပြန် "

"သွား"

"ခမည်းတော်..."

" ဘာလို့ သည်မှာ ရပ်နေသေးတာလဲ?"

"စာအုပ်ထဲက အကြောင်းအရာတွေကို လူအများရှေ့မှာ ငါ ဖတ်ပြစေချင်နေတာလား"

မင်းသားချန်က သွားကြိတ်လိုက်တယ်။

ပြီးတော့ ကျုပ်ကို အမုန်းတကြီး စိုက်ကြည့်ပြီး ပြောတယ်။

"သားတော် အမှားလုပ်မိတာ နားလည်ပါပြီ..."

"အခုပဲ စံအိမ်ကို ပြန်ပါတော့မယ်..."

"ပြီးရင်အပြင် မထွက်ဘဲ ကိုယ့်အမှားကိုယ် ပြန်သုံးသပ်ပါ့မယ်..."

"ယွင်ဖုန်း... သွားစို့..."

မင်းသားချန်နဲ့ ကျားယွင်ဖုန်းတို့ ထွက်သွားကြတယ်။

ကျုပ်ကိုလည်း လူတွေက ထမ်းစင်ပေါ် တင်ပြီး ဆေးကုဖို့ ခေါ်သွားကြတယ်။

ထမ်းစင်နဲ့ သယ်ထုတ်သွားတဲ့အချိန် နောက်ဆုံး မြင်လိုက်ရတဲ့ မြင်ကွင်းက ဧကရာဇ် ယွမ်ရှန်းဟာ ထွက်ခွာသွားတဲ့ မင်းသားချန်ရဲ့ နောက်ကျောကို ငေးကြည့်နေတာပဲ ။

ပြီးတော့ စာအုပ်ကို နန်ကုန်းကုန်းဆီ ပစ်ပေးလိုက်တယ်။

သူက စာအုပ်ကို ယောင်လို့တောင် နောက်တစ်ခါ မကြည့်တော့ဘူး။

သူ့ရဲ့ ကြင်နာတဲ့ မျက်ခုံးတွေက...

ပြုံးနေသလိုလို...

မပြုံးနေသလိုလိုနဲ့...

အဓိပ္ပာယ်ဖော်ရ ခက်နေတယ်။

ဘာကြီးတုန်းဟ...

ဘယ်လိုပဲ ကြည့်ကြည့်......

ဒီအဆုံးသတ်ကြီးက နည်းနည်းတော့ ထူးဆန်းလွန်းမနေဘူးလားဗျာ.....

Lord.Zen

All Chapters