← Chapters

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇

Vol. 4 Ch. 37

ရွှေလက်ဆေးတဲ့ သိုင်းဘုရင်

စာစဥ်၄ အပိုင်း၃၇

ဧကရာဇ်နဲ့ လက်အောက် အမှုထမ်းကြား စကားဝိုင်း (အပိုင်း ၂ )

ဧကရာဇ်ယွမ်ရှန်းက ငန်းတစ်ကောင်လို လည်တိုင်ကို စွင့်ထားပြီး ရန်ထောင်ဖို့ ကြိုးစားနေတဲ့ ရှန်းယိရန်ကို စိုက်ကြည့်နေတယ် ။ ဒါပေမဲ့ သူ့အကြည့်တွေမှာ ဒေါသထွက်နေတဲ့ပုံတော့ မပါဘူး ။သူက ခေါင်းမာလွန်းတဲ့ သမီးတစ်ယောက် စိတ်ဆိုး၊စိတ်ကောက်နေတာကို ဘာမှမတတ်နိုင်တဲ့ အဖေ တစ်ယောက်လိုမျိုးပဲ ။

ရှန်းယိရန်ရဲ့ ဖခင်က ဧကရာဇ်ရဲ့ ငယ်သူငယ်ချင်း ဖြစ်တယ်။

သူတို့နှစ်ယောက်က ကလေးဘဝကနေ လူကြီးဖြစ်လာတဲ့အထိ အမြဲတမ်း အတူတူ ရှိခဲ့ကြသူတွေ။

ရှန်းမိသားစု ဆိုတာကလည်း လျူရှန်းမန်ကို အစဉ်အဆက် ဦးဆောင်လာခဲ့တဲ့ မျိုးဆက်တစ်ခု ။

တကယ်လို့ ပြိုင်ဘက်ကင်း ပါရမီရှင် ယန်ရှီစန်းသာ စိတ်ရူးပေါက်ပြီး သောက်တလွဲ လုပ်ရပ်တွေသာ မလုပ်ခဲ့ဘူးဆိုရင် လျူရှန်းမန်ရဲ့ ခေါင်းဆောင်နေရာမှာ အခု ရှိနေမှာက ရှန်းမိသားစုဝင်တွေထဲက တစ်ယောက်ယောက်ပဲ ။

ဒါပေမဲ့ ရှန်းယိရန်ရဲ့ ဖခင်က လျူရှန်းမန်ရဲ့ ဒုတိယခေါင်းဆောင် အဖြစ် တာဝန် ယူခဲ့သေးတယ် ။ သူက လျူရှန်းမန်အတွင်းကနေ သိုင်းလောကကို ထိန်းချုပ်ပြီး ဧကရာဇ်အတွက် အလုပ်လုပ်ပေးခဲ့တာ ။

ဧကရာဇ်အတွက်လည်း ကြီးမားတဲ့ အောင်မြင်မှုတွေ မရေမတွက်နိုင်အောင် ဖန်တီးပေးခဲ့ဖူးတယ်။

ဒါပေမဲ့ နောက်ဆုံးမှာတော့...

လျှို့ဝှက်တာဝန်တစ်ခု ထမ်းဆောင်နေချိန်မှာ မကောင်းဆိုးရွားဂိုဏ်း တပည့်တွေရဲ့ လက်ချက်နဲ့ အသက်ဆုံးရှုံးခဲ့ရတယ်။

သည်ကိစ္စတွေအတွက် ဧကရာဇ် ယွမ်ရှန်းက ရှန်းမိသားစုအပေါ် အမြဲ အားနာနေခဲ့ရတာ ဖြစ်တယ် ။ ပြီးတော့ သူ့ရှေ့က ခေါင်းမာလွန်းတဲ့ ကောင်မလေးကိုလည်း စိတ်မကောင်း ဖြစ်မိတယ်။

ရှင်းရှင်းပြောရမယ်ဆိုရင် ရှန်းယိရန်က စုန့်အုအပေါ်မှ ဘာချစ်ခြင်းမေတ္တာမှ ရှိတာ မဟုတ်ဘူး။ ဒါပေမဲ့ စုန့်မိသားစုက သိုင်းလောကထဲမှာ အင်အားကြီးတဲ့ မိသားစုတစ်ခု ဖြစ်တယ်။

စုန့်အုရဲ့ ဖခင်ကလည်း စစ်အင်အား အတော်အသင့် ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက် ဖြစ်တာကြောင့်...

စုန့်မိသားစုရဲ့ ဩဇာက သေးသေးမွှားမွှား မဟုတ်ဘူး။

အဲသည်အချိန်တုန်းက လျူရှန်းမန်ကတော့ အဆိုးဆုံး အခြေအနေကို ရောက်နေခဲ့ပြီ။

အဖွဲ့အစည်းရဲ့ ထိပ်သီး ပညာရှင်တွေကလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားနေကြတယ်။

ရှန်းယိရန်ရဲ့ မိဘနှစ်ပါးလုံးလည်း ကွယ်လွန်သွားခဲ့ပြီ။

အဲသည်အတွက် ရှန်းယိရန် အနေနဲ့ လျူရှန်းမန်ကို ဆက်လက် ရပ်တည်နိုင်စေချင်ရင် သူ့ကိုယ်သူ စတေးဖို့ကလွဲပြီး တခြား ရွေးစရာလမ်း မရှိတော့ဘူး ။

လှပပြီး ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်

ကိုယ့်သဘောနဲ့ကိုယ် စုန့်မိသားစုထဲကို လက်ထပ်ဝင်ရောက်ဖို့ ရွေးချယ်ခဲ့တာပဲ။

ယောက်ျားတွေကို မုန်းတီးပြီး မာနကြီးလွန်းတဲ့ ရှန်းယိရန်က လျူရှန်းမန်ရဲ့ အနာဂတ်အတွက်

စုန့်မိသားစုရဲ့ သတို့သမီး ဖြစ်လာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်။

ဧကရာဇ် ယွမ်ရှန်းက သည်အကြောင်းအရာ အားလုံးကို သိတယ်။ ဒါပေမဲ့ သူ့မှာ တားဆီးပိုင်ခွင့် မရှိဘူး။

ဟုတ်တယ်......

ဧကရာဇ် ဖြစ်နေရင်တောင် လောကကြီးထဲက အရာအားလုံးကို ကိုယ့်ဆန္ဒအတိုင်း လုပ်နိုင်တာ မဟုတ်ဘူးလေ ။

လျူရှန်းမန် အင်အားကျဆင်းနေခဲ့တဲ့ နှစ်တွေတစ်လျှောက်...

ဧကရာဇ်ရဲ့ ကိုယ်ရံတော်တပ်ကလည်း သူတို့တာဝန်ကို ကျေပွန်အောင် အစွမ်းကုန် ထမ်းဆောင်ခဲ့တယ်။

သည်တော့ သူတို့ကို ဆုမချီးမြှင့်သင့်ဘူးလား...

ချီလင် ကိုယ်ရံတော်တပ်ကလည်း မကောင်းဆိုးဝါးဂိုဏ်းတွေရဲ့ အင်အားနဲ့ ဩဇာအာဏာကို နှိမ်နင်းဖို့ တိုက်ပွဲပေါင်းများစွာ ဆင်နွှဲခဲ့ကြတာပဲ ။

သူတို့ရခဲ့တဲ့ အောင်မြင်မှုတိုင်းဟာ...

သူတို့ဘက်က သွေးပေါင်းများစွာ ပေးဆပ်ခဲ့ရတဲ့ ရလဒ်တွေချည်းပဲ။

သည်တော့ သူတို့ကိုကော ဆုမချီးမြှင့်သင့်ဘူးလား...

ဧကရာဇ် ယွမ်ရှန်းက "သူငယ်ချင်းဟောင်းရဲ့ သမီး" ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ လျူရှန်းမန်ကို မြှောက်စားပေးလို့ မရဘူး။

ဒါပေမဲ့...

ဧကရာဇ်တစ်ပါး အနေနဲ့ သူတို့ကို အခွင့်အရေးတစ်ခုတော့ ပေးသင့်တယ် မဟုတ်လား...

ရှန်းယိရန်တစ်ယောက် သည်နှစ်တွေတစ်လျှောက် ဘယ်လောက် ကြိုးစားခဲ့သလဲ...

လျူရှန်းမန်ကို တစ်ယောက်တည်း ဘယ်လောက် ခက်ခက်ခဲခဲ ထိန်းသိမ်းခဲ့သလဲ...

ဧကရာဇ် ယွမ်ရှန်းက အားလုံးကို သိတယ်။

သူ့ရှေ့မှာ ခေါင်းမာမာနဲ့ ဒူးထောက်နေတဲ့ ရှန်းယိရန်ကို ကြည့်ရင်း...

သူမရဲ့ ဖခင်ကို ရုတ်တရက် သတိရသွားတယ်။

အဲသည်တုန်းကလည်း...

သူ့ဖခင်က အခု ရှန်းယိရန်လိုပဲ။

သူတို့နှစ်ယောက် အမြင်မတူတဲ့အချိန် ရှိလာရင်...

ကိုယ်ယုံကြည်တာကို အလျှော့မပေးဘဲ အဆုံးထိ ဆုပ်ကိုင်ထားတတ်တယ်။

အတော်ကြာ စဉ်းစားပြီးနောက်...

ဧကရာဇ် ယွမ်ရှန်းက နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။

"သည်လို သမီးမျိုး ရထားတာဆိုတော့..."

"ရှန်းအစ်ကိုကြီးရဲ့ ဘဝက အချည်းနှီး မဖြစ်ခဲ့ဘူးပဲ..."

ဧကရာဇ်က ရှန်းယိရန်ကို ခေါင်းညိတ်ပြလိုက်တယ်။

ပြီးတော့ ညင်ညင်သာသာ ပြောလိုက်တယ်။

"ဒီတစ်ကြိမ် တော်ဝင်သိုင်းပြိုင်ပွဲမှာ..."

"လျူရှန်းမန် ထိပ်သီးစာရင်းကို ပြန်လည် အဆင့်သတ်မှတ်မယ်..."

"သည်အခွင့်အရေးကို ငါ မင်းကို ပေးလိုက်ပြီ..."

"ဒါဟာ မင်းရဲ့ အခွင့်အရေးပဲ..."

"ဘယ်သူမှ မင်းဆီက လုယူသွားလို့ မရဘူး..."

ရှန်းယိရန်ရဲ့ မျက်ဝန်းတွေ ချက်ချင်း ရီဝေသွားတယ်။

ဒါပေမဲ့ မျက်ရည်မကျအောင် အတင်း ထိန်းထားလိုက်ပြီး...

တုန်ယင်နေတဲ့ အသံနဲ့ ပြောလိုက်တယ်။

"ကျေးဇူးတော်ကြီးမြတ်လှပါတယ်..."

"ဘုရင်မင်းမြတ်..."

အရင်တုန်းက...

ချီလင် ကိုယ်ရံတော်တပ်က လျူရှန်းမန်ကို သိုင်းပြိုင်ပွဲ ဝင်ခွင့် မရအောင် အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးတယ်။

ဧကရာဇ်ရဲ့ ကိုယ်ရံတော်တပ်ကလည်း သူတို့ကို တားဆီးဖို့ ကြိုးစားခဲ့ဖူးတယ်။

မင်းသားချန် ကိုယ်တိုင်တောင် လာရောက် ခြိမ်းခြောက်ပြီး.....

သူတို့ကို ပြိုင်ပွဲကနေ ဖယ်ရှားဖို့ လုပ်ခဲ့ဖူးတယ်။

လူတိုင်းမှာ ကိုယ်စီ ကိုယ်စီ အကြောင်းပြချက်တွေ ရှိကြတယ်။

ဒါပေမဲ့.....

လျူရှန်းမန်ကတော့ အတားအဆီးပေါင်း မရေမတွက်နိုင်အောင် ကြုံတွေ့ခဲ့ရတာပဲ။

အခုတော့...

ဧကရာဇ် ကိုယ်တိုင် နှုတ်မိန့် ပေးလိုက်ပြီ ဖြစ်တဲ့အတွက်...

ရှန်းယိရန်က နောက်ဆုံးတော့ ရင်ထဲက ဝန်ထုပ်ဝန်ပိုးကို ချနိုင်သွားခဲ့ပြီ။

"သိုင်းပြိုင်ပွဲအတွက် ကောင်းကောင်း ပြင်ဆင်ထား..."

"မင်းသားချန် ကိစ္စကိုတော့ ငါ ဖြေရှင်းပေးမယ်..."

"သူ့ကို ပါးစပ်ပိတ်ထားဖို့ ငါ ပြောလိုက်မယ်..."

"သူ မင်းတို့ကို ထပ်ပြီး ဒုက္ခပေးရဲမှာ မဟုတ်ဘူး..."

"မှန်လှပါ..."

"ဘုရင်မင်းမြတ်..."

ဧကရာဇ် ယွမ်ရှန်းက သက်ပြင်းရှည်တစ်ချက် ချလိုက်တယ်။

ပြီးတော့ ပြုံးရယ်ရင်း ပြောလိုက်တယ်။

" ကဲ....... အခု အလုပ်ကိစ္စအကြောင်း ပြောလို့ ပွီးသှားပွိီ ။ သည်တော့ ခဏလောက် ငါနဲ့ ထိုင်ပြီး စကားပြောဖော် မလုပ်ပေးချင်ဘူးလား..."

"ကျွန်...ကျွန်တော်မျိုးမ..."

"ငါ သိပါတယ်..."

"မင်းက အလုပ်ကိစ္စဆို အလုပ်ကိစ္စ ၊ ကိုယ်ရေးကိုယ်တာဆို ကိုယ်ရေးကိုယ်တာဆိုပြီး ခွဲခြားထားတတ်တဲ့ ကလေးပါ..."

"ဒါပေမဲ့ အခု သည်မှာ အပြင်လူလည်း မရှိဘူး..."

"ပြီးတော့ ငါမင်းဆီက ဦးလေးလို့ ခေါ်သံလေးကို မကြားရတာလည်း ကြာပြီ ။ ဘာလဲ....ငါ့ကို ဦးလေးလို့တောင် မခေါ်ချင်တော့ဘူးလား "

"ဦးလေး" ဆိုတဲ့ စကားလုံးကို ကြားလိုက်ရတာနဲ့ ချက်ချင်းဆိုသလိုပဲ ရှန်းယိရန်ရဲ့ အတွေးထဲမှာ အတိတ်က ငယ်ဘဝ အမှတ်တရတွေ အများကြီး ပြန်ပေါ်လာတယ်။

အချိန်အတော်ကြာ အောင့်ထားခဲ့တဲ့ မျက်ရည်တွေကလည်း နောက်ဆုံးတော့ စီးကျလာခဲ့တယ်။

သူမက အသံတိုးတိုးလေးနဲ့ ခေါ်လိုက်တယ်။

"ဦးလေး..."

"တူမတော် ဦးလေးကို စိတ်ပျက်စေမိပြီ..."

ဧကရာဇ် ယွမ်ရှန်းက ရှန်းယိရန်ကို ထူမ ပေးလိုက်တယ် ။

ရှန်းယိရန် ခေါင်းမော့ပြီး ကြည့်လိုက်တော့...

မျှော်လင့်ထားတဲ့အတိုင်းပဲ...

ဧကရာဇ်ရဲ့ မျက်ဝန်းထဲမှာလည်း မျက်ရည်တွေ ပြည့်နေတယ်။

အခုလေးတင် တစ်နိုင်ငံလုံးရဲ့ အာဏာအမြင့်ဆုံး အုပ်ချုပ်သူ ဖြစ်နေခဲ့တဲ့ ဧကရာဇ် ယွမ်ရှန်းက...

အခုတော့...

ရှန်းယိရန် ငယ်စဉ်က သိခဲ့တဲ့ ခင်မင်ရင်းနှီးတဲ့ ဦးလေးတစ်ယောက် ပြန်ဖြစ်သွားပြန်တယ်။

"အရူးမလေး..."

"ဘာလို့ ဦးလေးနဲ့ သည်လောက်တောင် စိမ်းကားနေဖို့ လိုတာလဲ..."

"ဘုရင်နဲ့ အမှုထမ်း ဆိုပြီး ခွဲခြားနေဖို့ လိုသလား..."

"ငါက မင်းရဲ့ မိသားစု မဟုတ်ဘူးလား..."

"လာ..."

"ထတော့..."

"လပိုင်းလောက် မတွေ့ရရုံနဲ့..."

"ဦးလေးက မင်းအတွက် သူစိမ်း ဖြစ်သွားပြီလား..."

ရှန်းယိရန်ရဲ့ ရင်ထဲမှာ နွေးထွေးမှုတစ်ခု ပျံ့နှံ့သွားတယ်။

အဲဒီ ခံစားချက်က...

အထီးကျန်ပြီး အားကိုးစရာ မရှိတဲ့ ကလေးတစ်ယောက်...

နောက်ဆုံးတော့ သူ့ဖခင်ကို ပြန်တွေ့လိုက်ရသလိုမျိုးပဲ။

အခုမှပဲ...

လျူရှန်းမန် လက်ထောက်ခေါင်းဆောင် ဆိုတဲ့ ရာထူးကို ခဏလောက် ချထားနိုင်တော့တယ်။

ပြီးတော့...

ရင်းနှီးတဲ့ မိသားစုဝင် တစ်ယောက်ကို ရင်ဖွင့်နေသလိုမျိုး...

စိတ်ထဲက အရာတွေကို ပြောနိုင်တော့တယ်။

ဧကရာဇ်က သူမကို ထိုင်ခုံဆီ ခေါ်သွားပြီး...

အတိတ်က စိတ်ဝင်စားစရာ အဖြစ်အပျက်လေးတွေ အများကြီး ပြောပြတယ်။

စကားပြောနေရင်း...

အချိန်တွေ ကုန်သွားတာတောင် သတိမထားမိတော့ဘူး။

ဒါပေမဲ့...

အလုပ်ကိုပဲ စိတ်ဝင်စားတဲ့ ရှန်းယိရန်ကတော့...

ကောင်းကင်ကို တစ်ချက် မော့ကြည့်လိုက်ပြီး...

ဧကရာဇ် ဘယ်အချိန် ပြန်မလဲဆိုတာ စပြီး စိုးရိမ်လာတယ်။

သူမ စိတ်ထဲမှာ တွေးမိတာက...

"ဦးလေးယွမ်က ဘယ်တော့ ပြန်မှာပါလိမ့်..."

"ငါ့မှာ လုပ်စရာ အလုပ်တွေ အများကြီး ကျန်သေးတယ်လေ..."

ဧကရာဇ် ယွမ်ရှန်းကတော့...

စကားပြောရတာ အရှိန်ရလာပြီး...

ပြန်ဖို့ လုံးဝ စိတ်ကူးမရှိတဲ့ ပုံပဲ။

ဒါပေမဲ့...

ငယ်ဘဝ အမှတ်တရတွေလည်း ပြောစရာ ကုန်သလောက် ရှိနေပြီ .

ရှန်းယိရန်ကလည်း စကားမပြောဘဲ ငြိမ်နေတော့...

ဧကရာဇ်က အကြောင်းအရာ အသစ်တစ်ခု ရှာမှပဲ ဖြစ်တော့မယ် ။

"ဪ... ဟုတ်သားပဲ..."

"ခုနက ပန်းခြံထဲမှာ မေ့လဲသွားတဲ့ လူငယ်လေး..."

"သူ့နာမည်က ဘာတဲ့လဲ..."

ရှန်းယိရန်က အသိပြန်ဝင်လာပြီး ပြန်ဖြေလိုက်တယ်။

"မင်းဖေးဟန်လို့ ခေါ်ပါတယ် ဦးလေး "

"သည်အမှုကို ဖြေရှင်းခဲ့တဲ့သူက သူပါ..."

"ထူးထူးခြားခြား အရည်အချင်းတော့ မရှိဘူး..."

"ဒါပေမဲ့ အမြဲတမ်း ပြဿနာရှာပြီး အလွဲတွေ လုပ်နေတတ်တယ်..."

ပြောနေရင်းနဲ့ မင်းဖေးဟန်တစ်ယောက် မင်းသားချန်ကို စနောက်ခဲ့တာတွေ၊ လှောင်ပြောင်ခဲ့တာတွေကို သတိရသွားပြီး

ရှန်းယိရန်က မရယ်ဘဲ မနေနိုင်တော့ဘူး။

ဧကရာဇ် ယွမ်ရှန်းကတော့ ရယ်နေတဲ့ တူမလေးကိုကြည့်ပြီး စိတ်ဓာတ်ကျသွားတဲ့ပုံနဲ့ ခေါင်းတခါခါ ဖြစ်နေတယ် ။

"ကြည့်ရတာ ငါက သူ့ကို မယှဉ်နိုင်ဘူး ထင်ပါတယ်ကွာ.....ငါက မင်းကို ပြုံးအောင် လုပ်ဖို့ အချိန်အတော်ကြာ ကြိုးစားခဲ့တာ..."

"ဒါပေမဲ့ မင်းက တစ်ခါတောင် မပြုံးခဲ့ဘူး..."

"အခုတော့ သူ့အကြောင်း ပြောရုံပဲ ရှိသေးတယ် ။ မင်းက ရယ်တောင် ရယ်နေပြီ..."

ရှန်းယိရန်က ရယ်နေဆဲပဲ။

"ဦးလေးကလည်း..."

"သမီးကို မစပါနဲ့ "

"မင်းဖေးဟန်က လျူရှန်းမန်ကို ဝင်တာ မကြာသေးဘူး..."

"စည်းမျဉ်းစည်းကမ်းတွေ အများကြီးကိုလည်း မသိသေးဘူး..."

"ဒါကြောင့် ရယ်စရာကောင်းတဲ့ ကိစ္စတွေ ခဏခဏ လုပ်တတ်တယ်..."

"သူက ပုံမှန်ဆို အမြဲတမ်း ပေါ့ပေါ့ဆဆနဲ့ ယုံကြည်လို့ မရတဲ့ ပုံစံပဲ..."

"ဒါပေမဲ့ သိုင်းလောက အကြောင်းကိုတော့ အတော်သိတယ်..."

"ဉာဏ်လည်း အတော်ကောင်းပါတယ်..."

"ဉာဏ်ကောင်းတယ် ဟုတ်လား...ဟက်ဟက် "

ဧကရာဇ် ယွမ်ရှန်းက ပြုံးပြီး ရယ်လိုက်တယ်။

ဒါပေမဲ့ ဘာမှ ဆက်မပြောဘူး။

ဥာဏ်ကောင်းတယ်..... ဘာဥာဏ်ကောင်းတာလဲ.... သူ့အမြင်မှာတော့...မင်းဖေးဟန်က

ဉာဏ်ကောင်းတာ မဟုတ်ဘဲ ပါးနပ်ပြီး ဥာဏ်နီ၊ဥာဏ်နက် များတဲ့ လူတစ်ယောက်ပဲ ။

မင်းဖေးဟန်က စာရင်းစာအုပ်ကို သူ့လက်ထဲ တိုက်ရိုက် အပ်လိုက်ရင် မင်းသားချန်ကို ရန်စသလို ဖြစ်သွားမယ်ဆိုတာ သိတယ်။

အဲဒီလို ဖြစ်သွားရင် လျူရှန်းမန်က လူတိုင်းရဲ့ ရန်သူ ဖြစ်သွားနိုင်တယ် မဟုတ်ဘူးလား.....

ဒါကြောင့်... ဘယ်သူမှ သတိမထားမိလောက်တဲ့ နည်းလမ်းနဲ့ စာအုပ်ကို သူ့လက်ထဲ ရောက်အောင် လုပ်ခဲ့တာ ။

တစ်ဖက်မှာလည်း ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားပေါ့ ။

ဒါက ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်လိုက်သလိုပဲ။

ဒါပေမဲ့.....ရွှေတုံးကို ထိမိခဲ့လို့ အဆိပ်မိသွားတဲ့ အပိုင်းကတော့ သူလည်း တွက်မထားမိပုံ ရတယ် ။

ဧကရာဇ် ယွမ်ရှန်းက ယောင်ကိုင်းပြီး ခရမ်းရောင်သန်းနေတဲ့ မင်းဖေးဟန်ရဲ့ မျက်နှာကို သတိရလိုက်တော့ စိတ်ထဲမှာ နည်းနည်း အပြစ်ရှိသလို ခံစားလိုက်ရတယ် ။ အဲဒါက အဆိပ် ထလာတဲ့အချိန် ကျလာလို့ပဲ ဖြစ်ရမယ် မဟုတ်လား.

"သူ့မျက်နှာကို ကြည့်ရတာ..."

"အဆိပ်တော်တော် ပြင်းပြင်း မိထားတဲ့ပုံပဲ..."

"အဆင်ပြေရဲ့လား..."

"မသိသေးပါဘူး..."

ရှန်းယိရန်က မခြောက်သေးတဲ့ မျက်ရည်စတွေကို သုတ်လိုက်တယ်။

ခုနတုန်းက ငိုထားတာ မှန်ပေမယ့် အခုတော့ သူက ပုံမှန်အတိုင်း လျူရှန်းမန် လက်ထောက်ခေါင်းဆောင်ရှန်း ပြန်ဖြစ်သွားခဲ့ပြီ ။

ဘယ်လိုပဲဖြစ်ဖြစ်..... ရှန်းရိယန်ကတော့ ရှန်းယိရန်ပါပဲ ။ သူက သူရဲ့ ပျော့ညံ့ပြီး အားနည်းတဲ့ အခြမ်းကို သိပ်ကြာကြာ ပြထားမှာ မဟုတ်ဘူး ။

"ကျွန်တော်မျိုးက သည်ကို မလာခင်မှာ နာမည်ကြီး သမားတော် သုံးယောက်ကို ခေါ်ထားခဲ့တယ်..."

"ပြီးမှ ဦးလေးဆီ လာခဲ့တာ..."

"ဒါကြောင့် အခုထိ ဘယ်လို အခြေအနေ ရှိလဲ မသိသေးဘူး..."

ဧကရာဇ် ယွမ်ရှန်းက ရယ်လိုက်တယ်။

"သူက တော်တော် စိတ်ဝင်စားဖို့ ကောင်းတဲ့ လူငယ်ပဲ.....သည်နေ့ သူလုပ်ခဲ့တဲ့ အကွက်က.....ချန်အာကို တန်ပြန် တိုက်စစ်ဆင်လို့ မရအောင် ချောင်ပိတ် သွားစေခဲ့တာ ။သူက ဘယ်လို ပြသနာ ရှာရမလဲ ဆိုတာကို ကောင်းကောင်းကြီး သိတာပဲ "

ရှန်းယိရန်ကလည်း ရယ်ပြီး ပြောလိုက်တယ်။

"သူက အဲသည်လိုပါပဲ ဘုရင်မင်းမြတ်...."

"ပုံစံကြည့်လိုက်ရင် အမြဲတမ်း ကမောက်ကမနဲ့ ဘာမှ အားကိုးလို့ မရတဲ့ လူတစ်ယောက်လို့ ထင်ရတယ်..."

"ဒါပေမဲ့..."

"တကယ် ပြဿနာ တက်လာတဲ့အခါ..."

"အမြဲတမ်း အဖြေတစ်ခု ရှာနိုင်တယ်..."

"ဟားဟား..."

ဧကရာဇ် ယွမ်ရှန်းက ထရပ်လိုက်တယ်။

"သွားကြစို့..."

"ငါနဲ့အတူ သူ့ဆီ သွားကြည့်ရအောင်..."

"ငါ သူ့ကို ပြောစရာ ရှိသေးတယ်..."

Lord.Zen

All Chapters