← Chapters

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈

Vol. 4 Ch. 38

ရွှေလက်ဆေးတဲ့ သိုင်းဘုရင်

စာစဉ် (၄) အပိုင်း (၃၈)

ပဲငံပြာရည် ဝက်လက်ပေါင်း တစ်ပွဲ

"အဲဒါ အဆိပ်ငါးပါး နတ်ရေစင် ပဲ..."

"သေချာတယ်... အဆိပ်ငါးပါး နတ်ရေစင် ပဲ..."

"မဟုတ်ဘူး... မဟုတ်ဘူး..."

"အဆိပ်ငါးပါး နတ်ရေစင်က အဆိပ်ပြင်းလွန်းတယ်..."

"အဲသည်အဆိပ် မိတဲ့သူက ထိတာနဲ့ တုန်းခနဲ တန်းပြီး သေသွားရမှာ..."

"မင်းဖေးဟန်က အခုထိ အသက်ရှင်နေသေးတယ်..."

"ဒါကြောင့် အဲဒါ မဖြစ်နိုင်ဘူး..."

"ကျုပ်ထင်တာတော့ ရွှေသရဖူမြွေရဲ့ အဆိပ်ကို ဆေးမြက်တချို့နဲ့ ရောစပ်ထားတာ ဖြစ်ရမယ်..."

"သဘောတူတယ်..."

"ကျုပ်လည်း အဲဒီလို ထင်တယ်..."

သမားတော် သုံးယောက်က ကုတင်ပေါ် လဲလျောင်းနေတဲ့ မင်းဖေးဟန်ကို ဝိုင်းအုံနေကြတယ်။

တစ်ယောက်က သွေးခုန်နှုန်း စမ်းတယ်။

တစ်ယောက်က မျက်လုံးစစ်တယ်။

တစ်ယောက်က မျက်နှာကို ကြည့်တယ်။

ပြီးတော့......တစ်ယောက်တစ်မျိုး အငြင်းပွားနေကြတာ မရပ်တော့ဘူး။

ဘယ်သူမှ ဘယ်သူ့ကို အလျော့ မပေးကြဘူး ။

အဲသည်အတွက် အချိန်တော်တော်ကြာ အငြင်းပွားနေပြီးတဲ့ နောက်မှာတောင် မင်းဖေးဟန် မိထားတဲ့ အဆိပ်က ဘာအဆိပ်လဲ ဆိုတာကို အတည်မပြုနိုင်သေးဘူး။

ချန်ပိုင်ချူးက ပြောတယ် ။

"အဆိပ်ငါးပါး နတ်စမ်းရေပဲ "

"ဘယ်လိုလုပ် မဟုတ်ရမှာလဲ..."

"သည်အဆိပ်ကို ငါ အသိဆုံး..."

"သေချာပေါက် အဆိပ်ငါးမျိုး နတ်ရေ..."

သမားတော်လီက ချက်ချင်း ပြန်ငြင်းတယ်။

"ရွှေသရဖူမြွေရဲ့ အဆိပ်..."

"ဒါတင် မဟုတ်ဘူး..."

"ဆေးမြက်အချို့နဲ့ပါ ရောထားတာ သေချာတယ်..."

ဆရာဝန်ကျန်းက ခေါင်းညိတ်ပြီး ပြောတယ်။

" ကျုပ်အထင်ကတော့ ခင်ဗျားတို့ နှစ်ယောက်လုံး မမှားဘူး "

ဘေးမှာ ရပ်ကြည့်နေတဲ့ စုရှောင်ကတော့ စိတ်ပူလွန်းလို့ မနေနိုင်တော့ဘူး။ သူက သမားတော် သုံးယောက် ပြောတာတွေ နားထောင်ရင်းနဲ့ ရုတ်တရက် တစ်ခုခုကို သတိရသွားတယ်။

"ရွှေ..."

"ဟုတ်ပြီ..."

"ကျွန်တော် မှတ်မိပြီ..."

"ချာယွမ်ရဲ့ သင်္ချိုင်းထဲမှာ..."

"ရွှေတစ်သေတ္တာ တွေ့ခဲ့တယ်..."

"သက်သေအဖြစ် ယူလာခဲ့တာလေ..."

"အဲဒါကို အစ်ကိုမင်းက.....သူပဲ သိမ်းထားမယ်ဆိုပြီး....ပြန်လာတဲ့ လမ်းတစ်လျှောက်လုံး ကိုင်လာခဲ့တာ..."

"ရွှေ.....ဟုတ်လား "

ဘေးနားမှာ ဟိုယောင်ယောင် ၊ သည်ယောင်ယောင် လုပ်နေတဲ့ ချာပီးက သူ့အဖေရဲ့ ဂူသင်္ချိုင်းထဲမှာ ရွှေတွေ ရှိတယ်ဆိုတာ ကြားတာနဲ့ ချက်ချင်း မျက်လုံး အရောင်တောက်သွားတယ်။ ပြီးတော့ တကယ့်ကို အစိုးရိမ်ကြီး စိုးရိမ်နေတဲ့ ပုံစံနဲ့ မင်းဖေးဟန် အနားကို ကပ်သွားတော့တာပဲ ။

"သခင်ကြီးမင်း..... သခင်ကြီးရဲ့ လုံခြုံရေးအတွက်....... ကျွန်တော် သခင်ကြီးရဲ့ ခန္ဓာကိုယ်ကို တစ်ချက် စစ်ဆေးပါရစေ"

စကားဆုံးတာနဲ့ ချာပီးရဲ့လက်က မင်းဖေးဟန်ရဲ့ ကိုယ်ပေါ်ကို ရောက်သွားပြီး နေရာ အနှံ့ စမ်းသပ် ရှာဖွေလိုက်တယ် ။

သိပ်ကြာကြာ မရှာလိုက်ရပါဘူး ။သူက မင်းဖေးဟန် ရင်ခွင်ထဲမှာ သေတ္တာလေးတစ်လုံး ရှိနေတာကို စမ်းမိသွားတယ်။

"ဒါများလား..."

ချာပီးက လက်လှမ်းပြီး သေတ္တာကို ယူမလို့ လုပ်လိုက်တဲ့ အချိန်မှာပဲ စုရှောင်က အလန့်တကြားနဲ့ အော်လိုက်တယ်။

"မထိနဲ့ "

"အဲဒါကို လက်လွတ်စပယ် သွားမကိုင်နဲ့..."

"အစ်ကိုမင်း အဆိပ်မိသွားတာ မမြင်ဘူးလား..."

"အဲသည်ထဲမှာ သေချာပေါက် အဆိပ် ရှိမှာပဲ..."

ဒါပေမဲ့ လောဘဇော ကပ်နေတဲ့ ချာပီးက လက်သင့် မခံဘူး ။ သူက နှာခေါင်းတောင် ရှုံ့လိုက်သေးတယ် ။

"ဟမ့် ....နည်းနည်းလေး ကိုင်မိရုံနဲ့ ဘာဖြစ်မှာလဲ..."

"မင်းက ရွှေတွေမှာ အဆိပ် လူးထားတယ်လို့ ပြောချင်တာလား..."

"တကယ်သာ အဲသည်လိုဆိုရင်..."

"သခင်ကြီး အနေနဲ့ ရက်လည်တောင် လုပ်ပြီးနေလောက်ပြီ "

စကား ပြောလို့မှ ဆုံးမယ် မကြံသေးဘူး ။ ချာပီးရဲ့ ခန္ဓာကိုယ်က ရုတ်တရက် တုန်ခါလာတယ်။

ပြီးတော့ ဝက်ရူးပြန် ရောဂါ ထဖောက်သလို...

တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ခါပြီး တွန့်လိမ်လာတော့တာပဲ ။ အဲဒါအပြင် ပါးစပ်ကနေလည်း အမြုပ်တစီစီနဲ့ တံတွေးတွေ ထွက်လာနေသေးတယ် ။

နောက်တစ်ခဏအတွင်း......သူ့မျက်နှာ အရောင်က ပြောင်းသွားတယ်။

အရေပြားအောက်မှာ..... ပိုးကောင်ပေါင်း မရေမတွက်နိုင်အောင် လှုပ်ရှားနေသလို တစ်လှိုင်းပြီး တစ်လှိုင်း ဖောင်းကြွလာတယ်။

အဲသည်မြင်ကွင်းကို မြင်လိုက်ရတဲ့ လူတိုင်းက အလန့် လွန်ကုန်ပြီး အသက်ရှုဖို့တောင် သတိ မရကြတော့ဘူး ။

သူတို့ ရပ်ကြည့်နေတဲ့ အချိန်မှာကို ချာပီးရဲ့ မျက်နှာက ဘောလုံးကြီးလို ဖောင်းတက်သွားခဲ့ပြီ ။ သူ့ရဲ့ ခရမ်းပုတ်ရောင် ပြောင်းသွားတဲ့ မျက်နှာကြီးက ဝက်သေပုပ်ကောင်ခေါင်းထက်တောင်မှ ကြောက်စရာ ကောင်းနေသေးတယ်လို့ ဆိုရမယ် ။

ချာပီးရဲ့ နှုတ်ခမ်း တစ်ခုလုံးက ယမ်းထုပ် တစ်ထုပ်ကို မျိုမိလိုက်တဲ့ ဘဲနှုတ်ခမ်းလို ဖြစ်နေပြီး ဝက်လို အော်ညည်းနေရုံကလွဲပြီး ဘာမှ မလုပ်နိုင်တော့ဘူး ။

အခြေအနေက တကယ့်ကို ကြောက်စရာပဲ ။

သမားတော်ကျန်းကတော့ လက်ခုပ်၊လက်ဝါးတီးပြီး ချာပီးကို အားပေးနေလေရဲ့ ။

"အင်း...... သည်သကောင့်သားကတော့ ကိစ္စပြတ်ပြီဗျို့ "

ချန်ပိုင်ချူးကလည်း အားကျမခံ သူ့အမြင်ကို ထပ်ပြောတယ် ။

"ဟုတ်ပြီ.... ဒါပဲ...ဒါပဲကွ "

"ဒါက အဆိပ်ငါးပါး နတ်ရေစင် အဆိပ်မိရင် ပြတဲ့ လက္ခဏာတွေပဲ "

သမားတော်လီကလည်း ငြိမ်မနေဘူး ။

"ရွှေသရဖူမြွေရဲ့ အဆိပ် ပါတယ်ဆိုတာကို ......ကျုပ် ရဲရဲကြီး အာမခံတယ်..... ပြီးတော့ဆေးမြက်တွေနဲ့လည်း ရောထားသေးတယ်ဗျ..."

" ကျုပ်ရဲ့ အမြင်က လုံးဝ မမှားနိုင်ဘူး"

သောက်တလွဲ လူတွေ......ခင်ဗျားတို့ သည်နေ့ လူနာကို ကုဖို့ အစီအစဥ်ကော ရှိသေးရဲ့လား.....

ဘာမှ မဟုတ်တဲ့ အဆိပ်အမျိုးအစားကိုပဲ တစ်နေကုန် ထိုင်ငြင်းခုံနေတော့မှာလား.....

ကျုပ် သတိရလာတယ် ။

ခဏ.... မဟုတ်သေးဘူး ။ ကျုပ်က ဘယ်တုန်းကမှ သတိ မေ့မသွားဘူးဗျ ။ ကျုပ်က အခြေအနေကို အခွင့်ကောင်းယူပြီး သတိမေ့ချင်ယောင် ဆောင်နေရုံ သက်သက်ပဲ ။

ဒါပေမယ့် အဲသည်ရွှေတွေမှာ အဆိပ် လူးထားတယ် ဆိုတာကို ကျုပ် တကယ်မယုံနိုင်ဘူး။

ဘယ်သူက ထင်မှာလဲ ။ ကျုပ်ကိုယ်တိုင် အဆိပ်မိသွားခဲ့ပြီး ချာပီးဆို အခု သေခါနီး အခြေအနေတောင် ရောက်နေပြီဗျ။

စုရှောင်က စိုးရိမ်တကြီး အော်လိုက်တယ်။

က... ကယ်ပေးကြပါဦး

သမားတော်လီက လူကယ်ဖို့ အစီအစဥ် မရှိဘူး ။ သူက စိတ်မပါ၊လက်မပါနဲ့ စုရှောင်ကို ပြန်မေးတယ် ။

ကယ်ပေးရမယ်..... ဘယ်လိုကယ်ပေးရမှာလဲ "

လူနာကို ကယ်တင်ဖို့က သမားတော် တစ်ယောက်ရဲ့ တာဝန် မဟုတ်ဘူးလား "

သမားတော် သုံးယောက်က ရောက်လာချိန်ကတည်းကနေ အခုချိန်အထိ ဘာမှ မယ်မယ်ရရ လုပ်နိုင်တာကို မမြင်တော့ စုရှောင်ရဲ့ ဒေါသတွေ ထိန်းမရတော့ဘူး ။

သူက သမားတော် အားလုံးကို စပြီး အပြစ်တင်တော့တယ် ။

အဆိပ်က ဘာအဆိပ်ဆိုတာ သိနေပြီပဲ။ ဒါကိုတောင် ခင်ဗျားတို့က မကုနိုင်ဘူးလား ။ အဲဒါဆိုရင် ဘာလို့ သမားတော်ဘွဲ့ ခံယူနေသေးတာလဲ "

ချန်ပိုင်ချူးက မျက်နှာငယ်လေးနဲ့ ပြန်ဖြေတယ် ။ သူ့ပုံစံက လူနာကို အစွမ်းကုန် ကြိုးစား ကုသပေမယ့် ဘယ်လိုမှ မတတ်နိုင်တော့လို့ လက်လျော့လိုက်ရတဲ့ သမားတော် ပုံစံ အပြည့်ပဲ ။ဒါပေမဲ့ တကယ်တမ်းမှာ သူက အစကနေအဆုံး အာပေါင်အာရင်း သန်သန်နဲ့ ငြင်းခုံနေတာကလွဲပြီး ဘာမှ ထူးထူးခြားခြား လုပ်ခဲ့တာ မဟုတ်ဘူး ။

" ညီအစ်ကိုစု.....မင်းက အရမ်း ငယ်သေးတော့ သိုင်းလောကရဲ့ နာမည်ကျော် သတင်းတွေကို ကြားဖူးမှာ မဟုတ်ဘူး ။ အဆိပ်ငါးပါး နတ်ရေစင်ဆိုတာ ယွင်ထျန်း နန်းတော်က အထူးဖော်စပ်ထားတဲ့ အဆိပ်ပဲ။ အဲသည်အဆိပ် မိသွားတဲ့သူက သေတာကလွဲပြီး တခြား ရွေးစရာလမ်း မရှိဘူး ။ အဲဒါကို ငါက ဘယ်လို ကုပေးရမှာလဲ "

" သည်တော့ သူနဲ့ ခပ်ဝေးဝေးနေလိုက်တာ ပိုကောင်းမယ်။ သူ့အရေပြားပေါ်က ခရမ်းရောင် အဖု၊အပိန့်တွေမှာတောင် အဆိပ်ပါနေတာ ။ တကယ်လို့ မင်းကို ကူးသွားပြီဆိုရင် မင်းလည်း ဇာတ်လမ်း ပြတ်ပြီပဲ "

သမားတော်ကျန်းကလည်း ဝင်ပြောတယ် ။

သူပြောတဲ့ အတိုင်းပဲ "

သမားတော်လီကလည်း နှုတ်ဆိတ် မနေဘူး ။

သည်လူ သေဖို့က လွဲပြီး တခြား မရှိဘူး ။ လုံးဝ သေချာပေါက် သေမှာ "

" ဘယ်သူက သေမှာလဲ "

နောက်ဆုံးတော့ ကျူပ်မျက်လုံးဖွင့်လိုက်တယ်။ သည်လူတွေရဲ့ ပေါက်တတ်ကရ ပြောနေတာတွေကို ကျုပ်လုံးဝ သည်းခံပြီး နားမထောင်နိုင်တော့ဘူးဗျ။

တစ်ဆက်တည်းမှာပဲ ကျူပ်က လက်ကို ဆန့်ပြီး ချာပီးရဲ့ လက်ကောက်ဝတ်ကို ထိလိုက်တယ်။

ကျုပ်က ချာပီး မိနေတဲ့ အဆိပ်ကို အသာလေး ကုနိုင်တယ်ဗျ ။ ဒါပေမဲ့လည်း ကျုပ်ရဲ့ အတွင်းအားနဲ့ ချာပီးရဲ့ အဆိပ်ကို တိုက်ထုတ်ပေးလိုက်မယ် ဆိုရင် လူတွေရဲ့ အာရုံက ကျုပ်အပေါ် ရောက်လာလိမ့်မယ် ။ ပြီးတော့ ကျုပ်ရဲ့ သိုင်းပညာ အပေါ်လည်း သံသယ ဝင်လာကြမှာ အသေအချာပဲ ။

အဲသည်အတွက် တခြားနည်းလမ်းတစ်ခုကို ရွေးဖို့ကို ကျုပ် ဆုံးဖြတ်လိုက်ရတယ် ။လူမရိပ်မိအောင် ညင်ညင်သာသာလေး လုပ်နိင်တဲ့ နည်းလမ်းကိုပေါ့ ။

အွတ်...... ကယ်ကြပါဦး.... ငါ သေတော့မယ် "

" ဟင် ငါ စကားပြောလို့ ရသွားပြီလား?

ချာပီးရဲ့ မျက်နှာပေါ်က ဖောယောင်မှုတွေက ချက်ချင်း လျော့ကျသွားတယ်ဗျ ။

အရင်က ညည်းညူရုံ အသံပဲ ထွက်နိုင်ခဲ့တဲ့ ပါးစပ်က အခုတော့ ပွင့်လာပြီး စကားပြောနိုင် သွားခဲ့ပြီ ။

ကျုပ် လုပ်လိုက်တာက သူ့ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ကျုပ်ခန္ဓာကိုယ်ထဲ စုပ်ယူလိုက်တာပဲ။

ပုံမှန်အခြေအနေဆိုရင် သည်လိုမျိုး လုပ်တာမျိုးက အဆင်မပြေဘူး ။

ဒါပေမယ့် အခုကျတော့ ကျုပ်ကိုယ်တိုင်လည်း အဆိပ်မိနေတဲ့အတွက် ကျုပ်ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အဆိပ်ပမာဏက သူ့ထက် အဆပေါင်းရာချီ ပိုများနေတယ်။

အဲဒါအပြင် အဆိပ်အမျိုးအစားက တူနေသေးတယ်ဗျ ။ အဲသည်တော့ ကျုပ်အနေနဲ့ စုပ်ယူဖို့ ပိုလွယ်ကူသွားပြီး အဆိပ်က သဘာဝအတိုင်း ကျုပ်ခန္ဓာကိုယ်ထဲကို စုဝင်လာခဲ့တာပေါ့ ။

ကျုပ်က လဲလျောင်း နေတာကနေ ထထိုင်လိုက်တယ်။ တကယ်တော့ ကျုပ်ခန္ဓာကိုယ်မှာ ဘာအမှားမှ မရှိဘူးဗျ ။ မျက်နှာလေး တစ်ခုတည်း ကွက်ပြီး ဖောင်းနေတာပဲ ရှိတာ ။

ကျုပ် ထထိုင်လိုက်တာကို မြင်တော့ သမားတော် သုံးယောက်က အပြေးရောက်လာပြီး မေးကြတယ်။

မင်းက အဆိပ်ငါးပါး နတ်စမ်းရေ နဲ့ ရွှေသရဖူ မြွေဆိပ် မိထားတာ ။ သည်အခြေအနေမှာ လက်ချောင်းတောင် မလှုပ်နိုင်သင့်တော့ဘူး ။ အခု ဘယ်လိုဖြစ်ပြီး ထထိုင်နိင်နေတာလဲ "

" ကိုယ့်ကိုယ်ကိုယ် ဖိအားမပေးနဲ့......ကိုယ့်ကိုယ်ကိုယ် ဖိအားမပေးနဲ့.....လှဲနေလိုက် ။ ငါမင်းကို စမ်းသပ်ကြည့်ဦးမယ် "

"အမ်.... ဘာကို စမ်းသပ် မှာလဲ "

ကျုပ်က လက်မြှောက်ပြီး လေထဲမှာ လက်သီးသုံးလုံးလောက် ပစ်ထိုးလိုက်တယ် ။

" ဘာအဆိပ်ငါးပါး နတ်ရေစင်လဲ..... ကျုပ်က အပြန်လမ်းမှာ ပျားတုပ်တာ ခံလိုက်ရတာလေ "

တကယ်လို့ ခင်ဗျားက တစ်ယောက်ယောက်ကို သရော်ချင်တယ်ဆိုရင် အပြတ်သာလုပ် ။ လုံးဝ မျက်နှာသာ မပေးနဲ့ ။လုံးဝ မသနားနဲ့ ။ဒါက ကျုပ်ပေးချင်တဲ့ အကြံဥာဏ်ပဲ ။

ကျုပ်စကားကို ကြားတော့ သမားတော် သုံးယောက်ရဲ့ မျက်နှာက အမူအယာ အမျိုးမျိုး ပြောင်းသွားကြတယ် ။ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး အရှက်ပြေ ရယ်နေရုံကလွဲပြီး ဘာမှ မတတ်နိုင်တော့ဘူး ။

ငါက ပထမဆုံး မြင်ကတည်းက ပျားတုပ်တာမှန်း သိပြီးသား ။ ဒါပေမဲ့ ငါ့မိတ်ဆွေဟောင်းနှစ်ယောက်ရဲ့ ဆေးပညာအရည်အချင်းကို စမ်းသပ်ချင်လို့ မပြောဘဲ နေခဲ့တာ "

" တိုက်ဆိုင်လိုက်တာ ညီအစ်ကိုလီရာ.... ကျုပ်ကလည်း အဲသည်လို တွေးမိလို့ အသာလေး ငြိမ်နေခဲ့တာဗျ "

ကျုပ်လည်း အတူတူပဲဗျ "

သမားတော် သုံးယောက်ရဲ့ စကားကို ကြားတော့ သေမလို ဖြစ်နေတဲ့ ချာပီးက ခုန်ထလာတယ် ။

" အသုံးမကျတဲ့ အဖိုးကြီးတွေ.....ခုနတုန်းက ခင်ဗျားတို့ပြောတော့ ကျုပ်သေမှာ သေချာပေါက်ပဲဆို...... အခုကျတော့ ပျားတုပ်ခံရတာတဲ့လား "

ပြီးတော့ ဒေါသတကြီးနဲ့ အနားမှာရှိတဲ့ ခွေးခြေခုံ တစ်လုံးကို ဆွဲပြီး လိုက်ရိုက်တော့တာပဲ ။

သမားတော် သုံးယောက်ကလည်း အခုလို အဖြစ်မျိုးနဲ့ ကြုံနေကျ ဖြစ်ပုံ ရတယ်ဗျ ။ သူတို့က အခန်းထဲကနေ ခြံဝင်းဝအထိ ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင် ပြေးတော့တာပဲ ။ လုံးဝကို နောက်လှည့်မကြည့်တော့တာဗျ ။

လူတွေ ရှင်းသွားတော့မှ စုရှောင်က ကြွက်ကလေး တစ်ကောင်လို အနားကပ်လာပြီး စိုးရိမ်စိတ် အပြည့်နဲ့ မေးလာတယ် ။

" အစ်ကိုမင်း..... အဆင်ပြေရဲ့လား "

ကျုပ်က လေသံကိုဖျော့ပြီး ပြန်ဖြေလိုက်တယ်။

" ညီလေး..... မင်းဘယ်လို ထင်လို့လဲ...အစ်ကိုက အဆိပ် မိထားတာလေ ။ အခုနက အဆင်ပြေသလို လုပ်နေတာက အဲသည် သမားတော်တွေကို အမြင်ကပ်လို့ပဲ ။ စုရှောင်.... အစ်ကိုက သေတော့မှာ "

" အစ်ကိုမင်း...... မသေပါနဲ့...."

ဒါပဲကွ.... ကျုပ်ရဲ့ သရုပ်ဆောင်ချက်က အမှတ်ပြည့်ပဲ ။ စုရှောင်ဆိုတဲ့ အချောလေးကို အသာလေး လှိမ့်လိုက်နိုင်ပြီ.... ဟား...ဟား....

ကျုပ်က နောက်ဆုံးအချိန်ကို ရောက်နေတဲ့ ဖခင်တစ်ယောက် ပုံစံနဲ့ စုရှောင်ရဲ့ ခေါင်းကို ညင်ညင်သာသာ ပွတ်သပ်လိုက်တယ် ။

စုရှောင်က ဘာတွေ တွေးနေသလဲတော့ မသိဘူး ။ဒါပေမဲ့ သူက စပြီး ငိုလာတယ် ။

" မဟုတ်ဘူး...... မဟုတ်ဘူး......မသေပါနဲ့ အစ်ကိုမင်း..."

စုရှောင်က ကျုပ်လက်ကို ဆွဲယူပြီး ဖြူလျော့နေတဲ့ သူ့ပါးပေါ် တင်လိုက်တယ် ။ သူ့ရဲ့ နူးညံ့ပြီး အိစက်နေတဲ့ ပါးကလေး အပေါ်ပေါ့ ။

လခွီးတဲ့မှ..... မင်းက တကယ်ကော ယောကျာ်းလေး ဟုတ်ရဲ့လားကွာ......

စုရှောင်ရဲ့ မိသားစုဝင် တစ်ယောက်ရဲ့ နောက်ဆုံးအချိန်ကို လိုက်ပို့တဲ့ ပုံနဲ့ ကျုပ်ကို ပြောတယ် ။

" အစ်ကိုမင်း....တောင့်ခံထားပါဦးဗျာ "

"စုရှောင်......အစ်ကိုတော့ သည်တောင်ကို ကျော်နိုင်မယ် မထင်တော့ပါဘူးကွာ ......ဒါပေမဲ့ အစ်ကို့ဆီမှာ မပြီးမြောက်သေးတဲ့ နောက်ဆုံး ဆန္ဒ တစ်ခု ရှိတယ် "

" ပြောပါ....အစ်ကိုမင်း....ကျွန်တော် အစ်ကိုမင်းရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးပါမယ် "

" အေး..... နတ်မင်းရှစ်ပါး စားတော်ဆက်က ပဲငံပြာရည် ဝက်လက်ပေါင်း တစ်ပွဲလောက် အစ်ကို နောက်ဆုံးအနေနဲ့ စားသွားချင်တယ်ကွာ"

စုရှောင်ရဲ့ ငိုသံက ပိုပြီး တိမ်ဝင်သွားတယ် ။

" ဒါပေမဲ့ အစ်ကိုမင်း..... ကျွန်တော်တို့ နှစ်ယောက်ရဲ့ ရင်းနှီးမှုက ဝယ်ကျွေးလောက်ရတဲ့ အဆင့်အထိ မရောက်သေးဘူးလေ ...... အစ်ကို တမလွန်ဘဝကို သည်အတိုင်း နောင်တတွေနဲ့ပဲ သွားလိုက်လို့ မရဘူးလား....အဟင့်...ဟင့်..."

ကျုပ်က ဒါမျိုးကိုတော့ လုံးဝ သည်းမခံနိုင်ဘူးဗျ ။ဒါကြောင့် ဆတ်ခနဲ ခုန်ထပြီး ပြောလိုက်တယ် ။

"ဘာ......ငါတို့ရဲ့ ခင််မင်ရင်းနှီးမှုက ပဲငံပြာရည် ဝက်လက်ပေါင်း တစ်ပွဲ ဝယ်ကျွေးရတဲ့ အဆင့်အထိ မရောက်သေးဘူးလား ။ ငါက သေခါနီး ဖြစ်နေတာတောင်မှလေ "

" သွားပါဗျာ.... အစ်ကိုက အကောင်းအတိုင်း ရှိနေတာ အသိသာကြီးကို.....အစ်ကို ဟန်ဆောင်နေတာကြီးက ညံ့လွန်းတယ်"

စုရှောင်က ပြောင်စပ်စပ်နဲ့ ထပ်ပြောတယ် ။

" ကျွန်တော်က အစ်ကို့ကို ဘာအကြောင်းကြောင့်နဲ့မှ ဝယ်ကျွေးစရာ မရှိဘူး"

ဟမ်..... ကျုပ်ဟန်ဆောင်တာက အရမ်း သိသာသွားတာလား..... ဒါဆိုရင် စုရှောင်ကို ဥာဏ်ကောင်းတယ်လို့ သတ်မှတ်ရမှာလား ဒါမှမဟုတ် ဥာဏ်တုံးတယ်လို့ သတ်မှတ်ရမှာလား....

ပြောနေရင်းနဲ့ စုရှောင်က မျက်ရည်တွေကို သုတ်လိုက်တယ် ။

" ဒါပေမဲ့ အစ်ကိုမင်း.... အစ်ကို အဆင်ပြေတာ သေချာရဲ့လား "

ကျုပ်က လက်ဝှေ့ယမ်းလိုက်တယ် ။

" ငါ.....အဆင်ပြေတယ် ။ ပျားလေး တစ်ကောင်၊နှစ်ကောင် တုပ်တာက ငါ့လို ယောကျာ်းကြီး တစ်ယောက်ကို ဘာလုပ်နိုင်မှာလဲ "

" ဒါပေမဲ့ အစ်ကို့ခေါင်းက..."

ကျုပ်က ကျုပ်ကိုယ်ကျုပ် မှန်ထဲမှာ ပြန်ကြည့်လိုက်တော့ အဆိပ်က ကျုပ်ကိုယ်ထဲမှာ ရှိနေတုန်းပဲ ။ကျုပ်ရဲ့ မျက်နှာပေါ်မှာက အဖုအပိန့်တွေ ရှိနေသေးတယ် ။

ထူးဆန်းလိုက်တာ.....သည်အဆိပ်က အတော်လေး ပြင်းတာပဲ ။

ပုံမှန်ဆိုရင် ရိကျင်းကျင်း ကျင့်ထားတဲ့ လူတစ်ယောက်ကို အဆိပ်က မသက်ရောက်နိုင်ဘူး ။ပြီးတော့ ထိုက်ကျိကလည်း အတွင်းအားကို စိတ်ကြိုက် ထိန်းချုပ်နိုင်တယ်လေ ။

ဒါပေမယ့် သည်အဆိပ်အပေါ်မှာတော့ နှစ်ခုစလုံးက သိပ်အကျိုးသက်ရောက်မှု မရှိသလိုပဲ။ မဟုတ်မှလွဲရော..... အစောပိုင်းက အဖိုးကြီး သုံးယောက်ရဲ့ ရောဂါ သုံးသပ်ချက်က မှန်နေတာများလား.....

သည်အဆိပ်က အဆိပ်ငါးပါး နတ်ရေစင် ၊ ရွှေသရဖူမြွေဆိပ်၊ ဆေးမြက် နဲ့ တခြားအဆိပ်မျိုးစုံကို ရောစပ်ဖော်ထားတာ ဖြစ်နိုင်တယ်။

လခွီးတဲ့မှပဲကွာ..... ဘယ်သူက သည်လောက်အထိ ယုတ်မာပြီး အောက်တန်း ကျရတာလဲ....

ဘယ်သူက သေတ္တာအပြည့်နဲ့ ရွှေတုံးတွေကို မြင်ရင် မကိုင်မိဘဲ နေမှာလဲ.....

တောက်.....

ကျုပ်အတွေး များနေစဥ်မှာပဲ အပြင်ဘက်ကနေ ရယ်သံ တစ်ခု ဝင်လာတာကို ကြားလိုက်ရတယ် ။

"ဟား...ဟား...ဟား.... ငါကြားတာကတော့ မင်းက အဆိပ်မိပြီးတာတောင် တက်ကြွနေတာပဲတဲ့။ ကြည့်ရတာတော့ သူတို့ပြောတာ တကယ် မှန်တာပဲ "

အသံပိုင်ရှင်ကတော့ ဧကရာဇ်ကလွဲပြီး တခြားလူ မရှိဘူးဗျ ။

ဒါနဲ့ ဧကရာဇ်က သည်ကို ဘာလာလုပ်တာလဲ ။

ကြည့်ရတာတော့ ဧကရာဇ်က ကျုပ်ကို အပြစ်ရှာဖို့ လာတာ ဟုတ်ပုံ မရဘူး ။ သူက ရယ်ရယ်မောမောနဲ့ ရောက်လာတာလေ ။

"အားလုံး ထွက်သွား.....ငါကလေးနဲ့ နှစ်ယောက်တည်း သီးသန့် စကားပြောချင်တယ် "

နှစ်ယောက်တည်း သီးသန့် စကားပြောမယ် ဟုတ်လား...

ဘာလဲ.....ဧကရာဇ်က လျှို့ဝှက်သဘောတူညီချက် တစ်ခုခု လုပ်ချင်နေတာများလား....

ကျုပ်က အားနည်းနေသလို ဟန်ဆောင်ပြီး ခက်ခက်ခဲခဲ ထဖို့ ကြိုးစားလိုက်တယ်။

ဧကရာဇ်က ကျုပ်ကို ထခွင့် မပေးဘူး။

" ငါ့ကို ဂါဝရပြုဖို့ တွေးမနေနဲ့ ။ ငါက လူနာတစ်ယောက်ကို အရိုအသေပေးခိုင်းတဲ့အထိ ရာဇမာန် တက်နေတဲ့ ဘုရင် မဟုတ်ဘူး ။ မင်းနာမည်က မင်းဖေးဟန်ဆို ဟုတ်လား "

ဟမ်....

ဧကရာဇ်က ကျုပ်ကို ဘာလို့ စိတ်ဝင်စားနေတာလဲ....

မဟုတ်မှလွဲရော....ဧကန္တတော့.....

ကျုပ်က ဧကရာဇ် ယွမ်ရှန်းကို ကြည့်လိုက်တော့

သူ့မျက်လုံးထဲမှာ နူးညံ့ကြင်နာတဲ့ အရိပ်တစ်ခု ရှိနေတယ်ဗျ ။

အဲသည်လို အကြည့်မျိုးက ပထမဆုံး တွေ့ဖူးတဲ့ သူစိမ်းတစ်ယောက်ကို ကြည့်တဲ့ အကြည့်မျိုး မဟုတ်ဘူး။

သောက်ကျိုးတော့ နည်းကုန်ပြီဗျို့.....

ဧကရာဇ်က ကျုပ်ကို မှတ်မိသွားပြီ ထင်ပါရဲ့ဗျာ....

Lord.Zen

All Chapters