အခန်း ၃၉
Vol. 4 Ch. 39
ရွှေလက်ဆေးတဲ့ သိုင်းဘုရင်
စာစဉ် (၄) အပိုင်း (၃၉)
အဆိပ်လူးထားသော ရွှေသေတ္တာအမှု (ပထမပိုင်း)
******သည်အပိုင်းကိုတော့ ဧကရာဇ်ရဲ့ ရှုထောင့်ကနေ ပြန်ပြောပြနေသလို ရေးထားတာ ဖြစ်ပါတယ် ။******
ကျုပ်နန်းတွင်းကနေ နောက်ဆုံး ထွက်ခဲ့တာက လွန်ခဲ့တဲ့ ခြောက်လကပဲ ။
ဒါကြောင့် သည်တစ်ခေါက် ထွက်လာတာက ယိရန် နဲ့ ချန်အာ အတွက်လို့ ပြောနိုင်သလို စိတ်ထွက်ပေါက် အနေနဲ့ ခဏတာ အပန်းဖြေဖို့ ထွက်လာတာလို့လည်း ပြောနိုင်တယ် ။
အခု ယိရန်နဲ့ ချန်အာရဲ့ ကိစ္စကတော့ ပြေလည်သွားပြီ ။ဒါပေမဲ့ မင်းဖေးဟန် ဆိုတဲ့ ကောင်လေးကတော့ ကျုပ်ရဲ့ တွက်ချက်မှုထဲမှာ ပါနေသေးတယ်။
မင်းနာမည်က မင်းဖေးဟန်လား "
ဟု.... ဟုတ်ပါတယ်... အဲဒါ ကျွန်တော်မျိုးနာမည်ပါ...
စကားစပြောတာနဲ့ တထစ်ထစ် ဖြစ်နေတဲ့ ကောင်လေးကို ကျုပ်ကြည့်လိုက်တယ်။ နည်းနည်းတော့ စိတ်ဝင်စားဖို့ ကောင်းသားပဲ။
ဒါနဲ့ စလိုက်တယ်။
မင်းရဲ့ မျိုးရိုးနာမည်က မင်းလား....... စိတ်ဝင်စားဖို့ ကောင်းလိုက်တာ.... ငါက သိုင်းလောကထဲကို သိပ်မဝင်ပေမယ့် ကောလာဟလတွေတော့ အများကြီး ကြားဖူးတယ်။ ဒါပေမဲ့ မင်း မျိုးရိုးနာမည်နဲ့ လူငယ်သိုင်းသူရဲကောင်း တစ်ယောက်ကိုတော့ တစ်ခါမှ မကြားဖူးဘူး "
ကျုပ်က ဘာရယ်မဟုတ် သည်အတိုင်း ရယ်စရာ၊မောစရာ အဖြစ် ဟာသလေး ပြောလိုက်တာပဲ ။ ဒါပေမဲ့ လူငယ်လေးကတော့ စိတ်လှုပ်ရှားလာပုံ ရပြီး ချွေးတဒီးဒီး ကျလာတယ်။
" ကျွန်တော်မျိုးက သည်နှစ် ၂၈နှစ် ပြည့်ပါပြီ အရှင်မင်းကြီး ။ အဲသည်တော့ သူရဲကောင်းလေးလို့ ခေါ်နိုင်တဲ့ အရွယ် ။ ကျွန်တော်မျိုးရဲ့ မျိုးရိုး မင်း ဆိုတာကလည်း အတော်များများ တွေ့လေ့တွေ့ထရှိတဲ့ မျိုးရိုးပါ ။အရှင်မင်းကြီးအနေနဲ့ အများကြီး တွေးမနေသင့်ပါဘူး"
တွေ့လေ့တွေ့ထရှိတဲ့ မျိုးရိုးနာမည်တဲ့လား....
ကျုပ်က ခဏ စဥ်းစားလိုက်တယ် ။ ဟုတ်သားပဲ.... သည်မျိုးရိုးနာမည်က ရှိပါတယ် ။
" မျိုးရိုးနာမည် မင်း..... အင်း....သိုင်းလောကထဲက နာမည်ကျော် မိသားစုတွေထဲမှာတော့ မင်းမိသားစု ဆိုတာ မကြားဖူးဘူး ။ ဒါပေမဲ့ ငါကိုယ်တော် ထင်တာ မမှားရင် ပိုင်ပင်းက တာ့လျိုတောင် ခေါင်းဆောင်ဆီမှာ မင်း ဆိုတဲ့ မျိုးရိုးနာမည် ရှိတယ် "
ကျုပ်စကားကို ကြားတော့ မင်းဖေးဟန် ဆိုတဲ့ သူငယ်ရဲ့ မျက်နှာက ဇီးရွက်သာသာတောင် မရှိတော့ဘူး ။ သူက ခေါင်းငုံ့သွားပြီး ကြောက်လန့်တကြားနဲ့ ကျူပ်ကို ခပ်တိုးတိုး မေးလာတယ် ။
" အရှင်မင်းကြီး ဘယ်လောက်အထိ သိထားပြီးပါပြီလဲ "
ဟမ်.....
ကျုပ် ခေါင်းနည်းနည်း ရှုပ်သွားသလို ဒေါသကလည်း မဆိုစလောက်ကလေး ထွက်လာတယ် ။
မင်းဖေးဟန်ဆိုတာက သာမန် အဆင့်နိမ့် အထောက်တော်ရဲမက် သာသာပဲ ရှိသေးတာလေ။ သူ ကျန်းမာရေး မကောင်းလို့ အရိုအသေပြုတာတွေ မလုပ်လည်း ရတယ်လို့ ကျုပ် ပြောလိုက်တာက ကျုပ်ကို ကြိုက်သလို စကားပြောဖို့ ခွင့်ပြုလိုက်တာ မဟုတ်ဘူး။
ထားလိုက်တော့... ထားလိုက်တော့...... အဲဒါက အရေးမကြီးပါဘူး ။ ကျုပ်မှာ သူ့ကို ပြောစရာ တစ်ခု ရှိနေတယ်။ တကယ်လို့ ကျူပ်သာ မပြောလိုက်ရဘူး ဆိုရင် နေမထိ၊ထိုင်မသာ ဖြစ်နေမှာ အသေအချာပဲ ။
အလာပသလာပ ပြောနေတာတွေ ထားလိုက်တော့။ ငါ မင်းကို ပြောစရာရှိတယ်။
မင်းဖေးဟန်ရဲ့ မျက်နှာက ကောင်းကင်ကြီး ပြိုကျလာသလို၊ ကမ္ဘာပဲ ပျက်တော့မလို ဖြစ်သွားတယ်။
သူက ကျုပ်ကို စိတ်ပျက်လက်ပျက်နဲ့ စိုက်ကြည့်ပြီး အံကြိတ်ရင်း ပြောတယ်။
အရှင်မင်းကြီးမှာ ပြောစရာ ရှိမယ်ဆိုတာ ကျွန်တော်မျိုး တွက်ထားပြီးသားပါ "
ဟမ်"
ကျုပ်မျက်နှာပေါ်မှာ ပေါ်လာတဲ့ အမူအယာက အတော်လေး ကြောင်အသွားတဲ့ ပုံပဲ ဖြစ်မယ် ။
မင်းဖေးဟန်က ခေါင်းကို ကိုင်ထားပြီး စိတ်ကို လျော့ချလိုက်တဲ့ ပုံစံနဲ့ ဆက်ပြောပြန်တယ်။
အရှင်မင်းကြီး.....ကျွန်တော်မျိုး မျက်နှာက သည်လောက် ဖောယောင်ကိုင်းပြီး ပျက်စီးနေတာတောင် ကျွန်တော်မျိုးကို မှတ်မိနိုင်သေးတယ်ပေါ့ ။ တကယ်ကို နတ်ဘုရား ဆန်လွန်းပါတယ် ...အရှင်မင်းကြီး "
ဘာကို ဆိုလိုတာလဲ.......
ကျုပ် ခေါင်းကုတ်လိုက်ပြီး မေးလိုက်တယ်။
ငါက ဘာကို နတ်ဘုရားဆန်တာလဲ "
ခဏနေပါဦး.......
ကျုပ်က သူနဲ့ စကားပြောချင်လို့ ခေါ်ထားတာ မဟုတ်ဘူးလား.....
ဘယ်လိုဖြစ်ပြီး သူကပဲ ကျုပ်ကို ပြန်မေးခွန်းထုတ်နေတာလဲ......
မင်းဖေးဟန်က သွားကြိတ်ရင်း ဒေါသတကြီး ပြောတယ်။
သောက်ကျိုးနည်းကွာ.... နောက်ဆုံးတော့ ကျုပ် ဖမ်းမိသွားပြီပေါ့...
ကဲ... ပြောတော့... ဘာပြောချင်လို့လဲ...
သည်ကောင်စုတ်လေး....
စကားပြောတာ သတိထားစမ်းပါကွာ....
ငါက ဧကရာဇ် ဘုရင် တစ်ပါးဆိုတာလည်း ထည့်တွက်ပေးပါဦး....
ကျေးဇူးပြုပြီး အပြောအဆိုကို ထိန်းထားပေးလို့ မရဘူးလား....
သည်ကောင်က ယဥ်ယဥ်ကျေးကျေး သုံးနှုန်းနေရာကနေ ရုတ်တရက်ကြီး ဘာထဖောက်တာလဲ......
ကျုပ်က သိချင်စိတ်နဲ့ သူ့ကို စိုက်ကြည့်ပြီး ပြောလိုက်တယ်။
ငါကိုယ်တော် ကြားထားတာတော့ မင်းသားချန်ရဲ့ အမှုကို မင်းတစ်ယောက်တည်း ဖြေရှင်းခဲ့တယ်ဆိုပဲ "
မင်းဖေးဟန်က သက်ပြင်းချပြီး ညည်းတွားတယ်။
အဲသည် သောက်တလွဲ အမှုကြောင့်ပေါ့ .....တကယ်လို့ အဲသည် သောက်ကျိုးနည်းအမှုသာ မပေါ်လာဘူးဆိုရင် ကျုပ် သည်လို ဖြစ်လာမှာ မဟုတ်ဘူး..."
မဟုတ်သေးပါဘူး......သည်သောက်ကလေးက ဘာလို့ ကျုပ်ကို သည်လောက် ပေါ့ပေါ့ပါးပါး စကားပြောနေရတာလဲ......
အဆိပ်မိထားလို့ ဦးနှောက်ထိသွားတာလား...
ဒါမှမဟုတ်...
ကျုပ်စနက်ကြောင့် ဖြစ်သွားတာများလား....
ဟူး.... ပြောရရင် ဇာတ်လမ်းက ရှည်တယ်။
ဧကရာဇ်တစ်ယောက် ဖြစ်ရတာက မလွယ်ဘူး။ ပြီးတော့ ဖခင်တစ်ယောက် ဖြစ်ရတာလည်း မလွယ်ဘူး။
ကွယ်လွန်သွားတဲ့ ကျုပ်ရဲ့ မိတ်ဆွေဟောင်း အစ်ကိုရှန်းကတော့ ကံကောင်းတယ်လို့ ပြောရမယ်။ သူက ယိရန်လို သမီးကောင်းတစ်ယောက်ကို ရထားတာလေ ။
ကျုပ်မှာ သားခုနစ်ယောက် ရှိတယ်။
ဒါပေမဲ့ အဲသည်ထဲက ခြောက်ယောက်က ပြဿနာကို မီးထွန်းရှာတဲ့ ကောင်တွေချည်းပဲ။
သည်ကောင်တွေက သူ့တို့ဟာသူတို့ အုပ်စုတွေ ဖွဲ့ပြီး နန်းလုဖို့ အချင်းချင်း တိုက်ခိုက်နေကြတဲ့ကောင်တွေ ။
ဒါကြောင့် မျှခြေကို ထိန်းသိမ်းဖို့အတွက် ကျုပ်က သူတို့ထဲက လေးယောက်ကို မြို့တော်အပြင်ဘက် မြို့တွေကို ပို့ထားပြီး နှစ်ယောက်တည်းကိုပဲ မြို့တော်မှာ ထားထားတယ်။
ဒါပေမဲ့ နှစ်ယောက်ပဲ ကျန်တော့တာတောင် ကျုပ်ကို စိတ်မချမ်းသာအောင် လုပ်နိုင်ကြတုန်းပဲ ။
အထူးသဖြင့် မင်းသားချန်ဆိုတဲ့ကောင်ပေါ့...
သူက ကျုပ်ရဲ့ မိဖုရားခေါင်ကြီးက မွေးထားတဲ့ သားအကြီးဆုံး။
ထီးနန်းအမွေဆက်ခံဖို့ အခွင့်အရေး အရှိဆုံးသူလည်း ဖြစ်တယ်။ ဒါကြောင့် ကျုပ်က သူ့ကို အိမ်ရှေ့မင်းသားအဖြစ် မခန့်အပ်သေးတာကို အမြဲ မကျေမနပ် ဖြစ်နေတဲ့သူ ။
ကျုပ်က သူ့ကို အိမ်ရှေ့စံအဖြစ် မခန့်အပ်တာကို အကြောင်းပြုပြီး သည်ခွေးသားလေးက လာဘ်ပေးလာဘ်ယူ လုပ်တယ် ၊ သူ့အတွက် အင်အားကြီးနိုင်မယ် ထင်တဲ့ အခွင့်အရေး မှန်သမျှကို လက်မလွှတ်ဘဲ ယူတယ် ။ အမှားအမှန် ၊ အကောင်းအဆိုး ဘာကိုမှ မခွဲတော့ဘူး ။
သူက သူ့ကိုယ်သူ လုံလှပြီ ထင်ပြီး ကျုပ်မျက်စိအောက်မှာတင် သူ့ရဲ့ ဩဇာအာဏာကို တိတ်တိတ်လေး ချဲ့ထွင်နေတာ ။
ကျုပ်ရဲ့ လက်အောက်ငယ်သားတွေကတော့ သူ့ရဲ့ အကျင့်ပျက်ခြစားမှုတွေကို အမြဲ စုံစမ်းပြီး ကျုပ်ဆီ အစီရင်ခံနေကြတယ်။
မင်းဖေးဟန်က ကျုပ်ကို မတော်တဆလိုလိုနဲ့ ပြဖို့ ကြိုးစားခဲ့တဲ့ စာရင်းစာအုပ်ကိုလည်း ကျုပ် မြင်ဖူးတယ်။
ဒါပေမဲ့ သူ့ကို ကျုပ် လွှတ်ထားလိုက်တယ်။
ပထမအချက်က သူက ကျုပ်ရဲ့ သားပဲ။
ဒုတိယအချက်က သူက မင်းသားတစ်ပါးလည်း ဖြစ်နေတယ်။
အတိုင်းအတာ တစ်ခုအထိ မလွန်သေးသရွေ့တော့ သူ့ကို ပြင်းပြင်းထန်ထန် အရေးယူဖို့ ကျုပ် မလိုလားဘူး။
ဒါကြောင့် အဲသည်စာရင်းစာအုပ်ကို ဖတ်ပြီးနောက်မှာလည်း ဘာမှ မလုပ်ခဲ့ဘူး။
ဒါပေမဲ့ တာဝန်အပေါ် သစ္စာရှိတဲ့ ချာယွင်ကတော့ သည်အမှုကို စုံစမ်းရင်း မတရား သေဆုံးသွားခဲ့တယ်။
ကျုပ်က အဲသည်စာရင်းစာအုပ်ကို သူ့ရဲ့ သင်္ချိုင်းထဲမှာ အတူ မြှုပ်နှံပေးခဲ့တယ်။
ဆုချီးမြှင့်တဲ့ သဘောနဲ့ရော၊ အမှတ်တရ အနေနဲ့ရောပေါ့။
ဒါပေမဲ့ ချန်အာက ချာယွင်ရဲ့ သဲလွန်စကို ဆက်လိုက်နေဦးမယ်လို့တော့ ကျုပ် မထင်ထားဘူး။
သည်ကလေးက သေသွားတဲ့ လူတစ်ယောက်ကိုတောင် မလွှတ်ပေးချင်ခဲ့ဘူး။
သူက ချာယွင်ရဲ့ အိမ်ကို လူလွှတ်လိုက်တယ်လို့ ကြားလိုက်တာနဲ့ ဘာလုပ်ချင်နေလဲဆိုတာ ကျုပ် ချက်ချင်း သဘောပေါက်သွားတယ်။
ကျုပ်အနေနဲ့ စာရင်းစာအုပ်ကို သူမတွေ့ခင် ကြိုပြီး ရွှေ့ပစ်လို့ ရတယ်။
ဒါပေမဲ့ အဲသည်လိုလုပ်လိုက်ရင် သူ့ကို ဆုံးမဖို့ ဒါမှမဟုတ် သတိပေးဖို့ အခွင့်အရေး ရတော့မှာ မဟုတ်ဘူး ။
ဥပဒေအထက်မှာ သူတို့ ရှိနေတယ်လို့ ထင်နေတဲ့ သူနဲ့ သူ့လူတွေကို ကျုပ် အပြစ်ပေးချင်တယ်။
ဒါကြောင့် ကျုပ်ရဲ့ လူတွေကို ချာယွင်ရဲ့ သင်္ချိုင်းဆီ အမြန်သွားခိုင်းပြီး အဆိပ်လူးထားတဲ့ ရွှေသေတ္တာတစ်လုံး ထည့်ထားခိုင်းလိုက်တာပဲ ။
ကျုပ်ရဲ့ အစီအစဉ်အရတော့ အဲသည်ရွှေကို သွားထိတဲ့ သူ့လူတွေ အဆိပ်မိသွားပြီဆိုရင် နန်းတော်က တစ်ယောက်ယောက်ကို လွှတ်ပြီး သတိပေးစကားဖြစ်ဖြစ် ပြောခိုင်းဖို့ပဲ ။
အဲသည်လိုဆိုရင် သူလည်း အသိတရား ရသွားပြီး လမ်းမှန်ပြန်ရောက်လာမယ်လို့ ထင်ခဲ့တာပေါ့ ။
အင်း...... ဒါကတော့ ကျုပ် ရေးထားတဲ့ ဇာတ်ညွှန်းပဲ ။
Lord.Zen