← Chapters

အခန်း ၄၀

Vol. 4 Ch. 40

အခန်း ၄၀

Vol. 4 Ch. 40

ရွှေလက်ဆေးတဲ့ သိုင်းဘုရင်

စာစဉ် (၄) အပိုင်း (၄၀)

အဆိပ်လူးထားသော ရွှေသေတ္တာအမှု (ဒုတိယပိုင်း)

ဒါကတော့ ကျုပ်ရဲ့ အစီအစဉ်လို့ ဆိုရမှာပေါ့.....

ဒါပေမဲ့ ခရီးသွားဟန်လွှဲ သာမန် အထောက်တော် ရဲမက်လေးတစ်ယောက်က လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ရုံတင်မက စာရင်းစာအုပ်နဲ့ ရွှေသေတ္တာကိုပါ ယူသွားမယ်လို့တော့ ကျုပ် မထင်ထားခဲ့ဘူး။

ကျုပ်က လျူရှန်းမန်ကို သွားနေတဲ့ လမ်းတစ်ဝက်မှာပဲ ရှိသေးတယ် ။ ချန်အာ တစ်ယောက် ဒေါသတကြီးနဲ့ လျူရှန်းမန်ထဲ ဝင်သွားတယ် ဆိုတဲ့ သတင်းကို ကြားနေရပြီ ။

အဲသည်အချိန်မှာ ကျုပ်ခေါင်းထဲကို မေးခွန်းတွေက တရစပ် ဝင်လာတယ် ။

စာရင်းစာအုပ် ပါသွားတာကတော့ ထားပါတော့ ။ အဲဒါကို ကျုပ်လက်ခံနိုင်ပါတယ် ။ ဒါပေမဲ့ ရွှေသေတ္တာက ဘယ်လိုလုပ် ပါသွားရတာလဲ.....

အဲသည်ရွှေကို ထိလိုက်တဲ့သူတိုင်းက အဆိပ်မိပြီး ချက်ချင်း သေရမှာ မဟုတ်ဘူးလား....

နောက်မှ ယိရန်ဆီကနေ ပြဿနာကို ဖြေရှင်းခဲ့တဲ့သူက မင်းဖေးဟန်ဆိုတဲ့ လူငယ် ဆိုတာ သိရပြီး သူကိုယ်တိုင်လည်း အဲသည် ရွှေသေတ္တာကြောင့် အဆိပ်မိသွားတယ်ဆိုတာ သိလိုက်ရတယ်။

ကျုပ်လည်း သူ့အပေါ် နည်းနည်းတော့ အပြစ်ရှိသလို ခံစားလိုက်ရတာပေါ့ ။

တကယ်လို့ သူသာ တာဝန်ထမ်းဆောင်ရင်း သစ္စာရှိရှိနဲ့ သေသွားမယ်ဆိုရင် အဲဒါက မတရားတဲ့ သေခြင်းမျိုး ဖြစ်သွားမှာလေ။

ပြောရင်းနဲ့ မူလ အကြောင်းရင်းဆီ ပြန်သွားရအောင်။

ကျုပ်ရဲ့ လူတွေ ပြောတာတော့ အဲသည်အဆိပ်က အလွန်ပြင်းထန်တယ်တဲ့။

ထိလိုက်ရုံနဲ့တင် လူတစ်ယောက်ကို အကြိမ်ပေါင်းများစွာ သတ်နိုင်လောက်တဲ့ အဆိပ်မျိုးပေါ့။

ဒါပေမဲ့ မင်းဖေးဟန် ဆိုတဲ့ လူငယ်ကတော့ အသက်ရှင်နေတုန်းပဲ ။

အဆိပ်ကို အများကြီး မစုပ်ယူမိတာကြောင့်လား...

ဒါမှမဟုတ် အချိန်မီ ကုသမှု ရလိုက်တာကြောင့်လား...

ဘယ်လိုပဲဖြစ်ဖြစ် အသက်မသေခဲ့ဘူးဆိုတော့ အနည်းဆုံး ကျုပ်စိတ်သက်သာရာ ရတာပေါ့ ။မဟုတ်ဘူးလား ။

ကျုပ် ဘာစကားမှ မပြောတာကို မြင်တော့ မင်းဖေးဟန်ဆိုတဲ့ လူငယ်က ကုတင်ပေါ်မှာ သက်တောင့်သက်သာ လဲလျောင်းလိုက်တယ် ။ အဲဒါတင်မက သူက ပျင်းကြောတောင် ဆန့်လိုက်သေးတယ် ။

ကြည့်ရတာတော့ သူက ဘယ်သူ့ကိုမှ ကြောက်တတ်တဲ့ပုံ မရဘူး ။

သူက ကုတင်ပေါ်မှာ နေသားတကျ ဖြစ်သွားတော့ ကျုပ်ကို ကြည့်ပြီး ပြောလာတယ် ။

" လုပ်ပါ..... ပြောလိုက်စမ်းပါ....ကျုပ်ကို ပြောချင်တာတွေ မျိုသိပ် မထားနဲ့တော့ "

မဟုတ်သေးပါဘူး.....သည်ကောင်က တဖြည်းဖြည်းနဲ့ ပိုပိုပြီး လွန်လာပြီ....

ဒါက ဧကရာဇ်တစ်ပါးကို စကားပြောသင့်တဲ့ ပုံစံလား.....

ကျုပ် သည်အလိုက်ကန်းဆိုး မသိတဲ့ ကျေးတောသားကို တစ်ခုခု.... တစ်ခုခု လုပ်မှ....

ဟမ်......

ခဏ..... ခဏနေပါဦး....

သည်မင်းဖေးဟန်ဆိုတဲ့ လူငယ်က သူမိတဲ့ အဆိပ်က ကျုပ်စနက်ကြောင့် ဆိုတာကို ရိပ်စား မိသွားတာလား.....

အဟက်.....ဒါကြောင့် သည်ကောင်စုတ်လေးက ကျုပ်ကို ရန်ဆွဖို့ ကြိုးစားနေတာကိုး....

" မင်းက တကယ် ထူးချွန်တဲ့ လူငယ်တစ်ယောက်ပဲ "

" မချီးကျူးပါနဲ့ဗျာ။ ကျုပ်က ချီးကျုးခံရရင် ခေါင်းကိုက်တတ်တဲ့ ရောဂါ ရှိလို့ပါ "

ဟေ့ကောင်..... ငါက မင်းခေါင်းပေါ်က သန်းဖြစ်နေလို့လားကွ......

ကျုပ်က ကျုပ်အတွေးကို ထုတ်မပြောဘူး ။ အဲသည်အစား မေးခွန်း တစ်ခုပဲ မေးလိုက်တယ် ။

" ကောင်းပြီ... အလာပသလာပတွေ ထားလိုက်တော့။ အဓိကကိစ္စကိုပဲ ပြောကြတာပေါ့။ ငါ ဘာပြောချင်လဲဆိုတာကို မင်းရိပ်စားမိတယ် မဟုတ်လား "

" အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ......တရားမျှတတဲ့ ဘုရင်တစ်ပါးက စကားကို ဝေ့ဝိုက်ပြီး မပြောဘူးဆိုတဲ့ အတိုင်းပဲ ။ ခင်ဗျား ပြောချင်တာကို ရှင်းရှင်းလင်းလင်း ပြထားပြီးပြီ

မဟုတ်လား ။ ဒါကြောင့် ကျုပ် သေချာပေါက် ရိပ်စားမိပါတယ် "

" ဉာဏ်ကောင်းတဲ့ ကောင်လေးပဲ ။ ဉာဏ်ကောင်းတဲ့ လူတွေနဲ့ စကားပြောရင် အကုန်လုံး ထုတ်ပြောနေစရာ မလိုဘူး ဆိုတာ တကယ်မှန်တယ် ။ မင်း ရိပ်စားမိထားတယ် ဆိုတော့လည်း ငါကိုယ်တော် ထုတ်ဖော် ပြောစရာ မလိုတော့ဘူးပေါ့ "

ကျုပ်စကားဆုံးတော့ မင်းဖေးဟန်က ကျုပ်ကို အချိန် အတော်ကြာ စိုက်ကြည့်တယ် ။ ပြီးမှ သက်ပြင်း တစ်ချက် ချပြီး ပြောလာတယ် ။

"အရှင်မင်းကြီး..... ခင်ဗျားက... နေ့တိုင်းလိုလို ထောင်နဲ့ချီတဲ့ နိုင်ငံရေးကိစ္စတွေကို ကိုင်တွယ်ရတယ်။ အဲဒါအပြင် ဖခင်တစ်ယောက်ရဲ့ တာဝန်ကိုလည်း ထမ်းဆောင်နေရသေးတာ။ ဒါက တကယ် လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူး "

" အခု ကျုပ်ရဲ့ ဒဏ်ရာလေးက ဘာမှ မဟုတ်ပါဘူး။ ပျားလေး နှစ်ချက်သုံးချက်လောက် တုပ်တာကတော့ ကျုပ် ခံနိုင်ပါတယ်။ မကြာခင် ပြန်ကောင်းသွားမှာပါ "

မင်းဖေးဟန်က ကျုပ်ကို သူ့မိတ်ဆွေတစ်ယောက်လို သဘောထားပြီး ပြောနေတယ်။

သည်ကောင်က ကျုပ်ကို ဘယ်သူလို့များ ထင်ပြီး အခုလို ပြောနေရတာလဲ.....

ဒါပေမဲ့ သူပြောတဲ့ စကားကတော့ ကျုပ်အရှိုက်တည့်တည့်ကို ထိတယ်လို့ ဆိုရမယ်....

" လူတွေက ငါ့ကို ကုန်းမြေတွေ နဲ့ မြစ်၊ချောင်းတွေကို ပိုင်စိုးတဲ့ ရေမြေ့ရှင် သခင်လို့ ပြောကြတယ်။ ဒါပေမဲ့ အဲသည်အရာတွေကို စီမံခန့်ခွဲရတာ ဘယ်လောက် ခက်ခဲတယ်ဆိုတာတော့ မသိကြဘူး "

"ပြီးတော့ ငါ့သားတွေကလည်း တစ်ယောက်မှ အေးအေးချမ်းချမ်း နေမယ် မရှိဘူး ။ငါ့မှာ နိုင်ငံ့အရေးကို ကြည့်ရသလို မိသားစုအရေးကိုလည်း ဖြေရှင်းရသေးတယ်။ ရှင်းရှင်းပြောရရင် ငါအခုလို ဖြစ်နေတာကို အတော်လေး စိတ်ကုန်နေပြီ ။ တကယ်လို့ ငါသာ သေချာ မကိုင်တွယ်နိုင်ဘူး ဆိုရင် အနောက် မောင်းမဆောင် တစ်ခုတည်းနဲ့တင် ငါစိတ်မောပြီး နတ်ရွာစံနေလောက်ပြီ "

မင်းဖေးဟန်က ခေါင်းညိတ်ပြီး ပြောတယ်။

" အရှင်မင်းကြီးက မင်းသားလေးပါးကို မတူညီတဲ့ နယ်မြို့တွေကို ပို့ထားပေမယ့် သူတို့ရဲ့ မယ်တော်တွေကတော့ နန်းတော်ထဲမှာ ကျန်နေသေးတာပဲလေ။ မင်းသားခြောက်ပါး နဲ့ ကိုယ်လုပ်တော်ငါးပါး.....တကယ်လို့ သူတို့အပေါ် အထိန်းအကွပ်သာ မရှိတော့ဘူး ဆိုရင် အတော် ခေါင်းကိုက်စရာ ကောင်းမှာပဲဗျ "

" ဟ...... ငါ့ရဲ့ မိသားစုအရေးကို မင်းက တော်တော် သိနေပါလား ။ မင်းဖေးဟန်... မင်း တော်တော် ရဲတင်းတာပဲ ။ တော်ဝင်မိသားစုရဲ့ အကြောင်းကို အခြေအမြစ် မယ်မယ်ရရ မရှိဘဲ မှတ်ချက်ပေးရဲတယ်ပေါ့ "

ကျုပ်က မျက်လုံးပြူးပြီး မင်းဖေးဟန်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်တယ်။

သည်အဆိပ်မိပြီး ဦးနှောက် တစ်ကန့် လွတ်သွားပုံရတဲ့ ကောင်လေးကို ဧကရာဇ် တစ်ပါးရဲ့ အာဏာစက်ကို နည်းနည်းပါးပါး ပြမှ ဖြစ်တော့မယ် ။ မဟုတ်ရင် သည်ကောင်က ကျုပ်ရဲ့ ဧကရာဇ် ဆိုတဲ့ ရာထူးကို ကြောက်တော့မှာ မဟုတ်ဘူး ။

ဒါပေမဲ့လည်း မင်းဖေးဟန်က ပြန်ရယ်ပြီး ပြောတယ် ။ သူက တကယ်ကြီး ကျုပ်ရဲ့ ဧကရာဇ်ဆိုတဲ့ ရာထူးကို မကြောက်တဲ့ပုံပဲ ။

" အရှင်မင်းကြီးရဲ့ မိသားစုအကြောင်းကို အပြင်မှာ လူတိုင်း ပြောနေကြတာပဲလေ။ ကျုပ် အိမ်အပြင် ခဏထွက်ပြီး လမ်းတစ်ပတ်လောက် လျှောက်လိုက်ရုံနဲ့ အလုပ်အကိုင် မတူတဲ့ လူငါးယောက်ဆီက ကောလာဟလ ငါးမျိုး ကြားရနိုင်တယ် ။ လူတွေကို မပြောနဲ့လို့ တားထားရုံနဲ့ သူတို့ ပါးစပ်ပိတ်နေမှာ မဟုတ်ဘူးဗျ။ မယုံရင် အရှင်မင်းကြီးကို မြို့အနောက်ဘက်က နတ်မင်းရှစ်ပါး စားတော်ဆက်ကို ကျုပ် ခေါ်သွားပေးမယ် "

" ပဲငံပြာရည် ဝက်လက်ပေါင်း တစ်ပွဲသာ ကျုပ်ကို ဝယ်ကျွေးလိုက် ။ အရှင်မင်းကြီး တစ်ခါမှ မကြားဖူးတဲ့ သတင်းတွေတောင် ကြားရစေမယ်လို့ ကျုပ် အာမခံတယ် "

မင်းဖေးဟန်......

ကျုပ်က ကျုပ်ရှေ့မှာ ရှိနေတဲ့ လူငယ်လေးကို ဘာစကားမှ မပြောဘဲ အချိန်အတော် စိုက်ကြည့်နေမိတယ် ။

တွက်ကြည့်မယ်ဆိုရင် သူက ကျုပ်ရဲ့ သားအကြီးဆုံးထက်တောင် ငယ်ဦးမယ် ။

ဘုရင်နဲ့ အောက်ခြေပြည်သူ ဆိုတဲ့ အဆင့်အတန်း ကွာခြားချက်ကို ဖယ်ထားလိုက် ။ အဲဒါဆိုရင်တောင် ကျုပ်က သူ့အဖေ အရွယ်လောက်ရှိတယ် ။

ဒါပေမဲ့ သူ့ဆီမှာ ကြောက်ရွံ့တဲ့ အရိပ်အယောင် တစ်စက်လေးမှ ရှိမနေဘူး ။

သူ့ရဲ့ ပြောပုံဆိုပုံ၊ ပြုမူပုံတွေက ကျုပ်နဲ့ သူဟာ တန်းတူရည်တူ မိတ်ဆွေ နှစ်ယောက်လိုပဲ ဖြစ်နေတယ်။

သည်နေရာမှာတော့ ကျုပ် မဝန်ခံမဖြစ် ဝန်ခံရမယ် ။ ကျုပ်အခုလို အဆက်ဆံ မခံရတာ အတော်လေး ကြာနေပြီ ။ ယိရန်ရဲ့ အဖေ ဆုံးသွားပြီးကတည်းက ဘယ်သူကမှ ကျုပ်ကို အခုလို တန်းတူရည်တူ သဘောထားပြီး မဆက်ဆံကြတော့ဘူး ။

ကျုပ်က စိတ်အေးလက်အေးနဲ့ ပေါ့ပေါ့ပါးပါး တစ်ချက် ရယ်လိုက်တယ် ။

" မင်းပြောတဲ့အတိုင်းသာ ဆိုရင် ပဲငံပြာရည် ဝက်လက်ပေါင်းတင် မကဘူး....တစ်ဆိုင်လုံးတောင် ငါ ဝယ်ကျွေးနိုင်တယ်ကွ ။ ဟား... ဟား... ဟား... "

" အဲဒါဆိုရင် ပိုအဆင်ပြေတာပေါ့....ဟီး...ဟီး..."

မင်းဖေးဟန်ကလည်း ကျုပ်နဲ့ အတူ လိုက်ရယ်လာတယ် ။ ရယ်နေရင်းနဲ့ သူက ရုတ်တရက် မျက်နှာ တည်သွားပြီး ဘုရားမှပဲ နားလည်နိုင်မယ့် အမူအယာတွေ ပြလာတယ် ။

" ဒါဆိုရင်.... မင်းကြီး.... ကျုပ်ရဲ့... "

"အဲသည်ကိစ္စကို ဆက်မပြောနဲ့တော့ ။ အဲဒါ မင်းနဲ့ ငါ နှစ်ယောက်တည်း သိထားရင် ရပြီ "

" ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး "

ဟမ်.....

ကျုပ်က အဆိပ်ကိစ္စကို လျှို့ဝှက်ထားဖို့ ပြောတာလေ။

ဒါကို ဘာလို့ သည်ကောင်က ကျေးဇူးတင်နေတာလဲ....

သည်ကောင်လေးရဲ့ အတွေးတွေက လူသာမန်လိုကော ဟုတ်သေးရဲ့လား.....

" တော်ပြီ... ပေါက်တတ်ကရတွေ ဆက်မပြောနဲ့တော့။မင်းအဆိပ်မိတာ ငါ့ကြောင့်ဆိုတာ ငါ သိတယ်။ ဒါပေမဲ့ ကံကောင်းလို့ မင်း ဘာမှ မဖြစ်ခဲ့ဘူး။ဒါကြောင့် မင်းသားချန် အိမ်တော်က လူတွေကို ငါ ကိုင်တွယ်လိုက်မယ် ။သည်ကိစ္စကိုတော့ ကျေကျေလည်လည် ဖြစ်သွားပြီလို့ သတ်မှတ်လိုက်ကြတာပေါ့ "

" ဘာ.....အဆိပ်....ဘယ်အဆိပ်ကို ပြောတာလဲ"

မင်းဖေးဟန်က ဉာဏ်မမီတဲ့ ကလေးတစ်ယောက်လို မျက်လုံး မှေးပြီး ကြည့်လာတယ်။

ပြီးတော့ ဆက်မေးတယ်။

"အဆိပ်ဆိုတော့.... ရွှေတွေပေါ်မှာ အဆိပ်လူးထားဖို့ အမိန့်ပေးခဲ့တဲ့လူက အရှင်မင်းကြီးလား "

ဒီကောင် တကယ်ကြီး ဉာဏ်ရည်မမီတာလား.....

ကျုပ် သူ့ကို စိုက်ကြည့်ပြီး ပြောလိုက်တယ်။

" ဟုတ်တယ်လေ.... ဒါကို မင်းလည်း သိပြီးသား မဟုတ်ဘူးလား "

မင်းဖေးဟန်က ပါးစပ်ကြီး ဟသွားတယ်။

ပြီးတော့ ပြန်ပိတ်သွားတယ်။

ခဏကြာတော့ ထပ်ဟတယ်။

ပြီးတော့ ထပ်ပိတ်သွားပြန်တယ်။

နောက်ဆုံးမှာတော့ လည်ချောင်းထဲ အစာဆို့နေသလို အသံနဲ့ ပြောလာတယ်။

" သည်လိုကိုး.... ကျုပ်အခုမှပဲ နားလည်တော့တယ် "

ရုတ်တရက် မင်းဖေးဟန် မျက်နှာပေါ်မှာ စိတ်သက်သာရာ ရသွားတဲ့ အရိပ်တစ်ခု ပေါ်လာသလိုပဲ ။

ပြီးတော့ တစ်ခုခုကို သတိရသွားသလို ဖြစ်သွားပြီး ကုတင်ပေါ်မှာ ချက်ချင်း မတ်မတ်ထိုင်လိုက်တယ်။

အစောပိုင်းက ကျုပ်ကို သူတစ်ခွန်း၊ကိုယ်တစ်ခွန်း အချေအတင် ပြောခဲ့တဲ့ မင်းဖေဟန်က ဘယ်ရောက်သွားမှန်း မသိဘူး ။ ရုတ်တရက်ကြီး လူအသစ် တစ်ယောက် ပြောင်းသွားသလိုပဲ ။

" အ...အရှင်မင်းကြီး.... ကျွန်တော်မျိုးအနေနဲ့ မစဥ်းစားဘဲ အဓိပ်ပါယျ မရှိတာတွေ ပေါက်တတ်ကရ ပြောခဲ့မိပါတယ် ။ ဒါကလည်း အဆိပ်ကြောင့် ကျွန်တော်မျိုးရဲ့ စဥ်းစားနိုင်စွမ်းတွေ ထိခိုက်သွားတာကြောင့် ဖြစ်ရတာပါ ။ကျေးဇူးပြုပြီး သည်အမိုက်အမဲလေး အပေါ်မှာ မဟာ ကရုဏာထား ခွင့်လွှတ်ပေးသနားတော်မူပါ အရှင်မင်းကြီး...."

ဘယ်လိုဖြစ်တာလဲ.... သည်ကောင့်ရဲ့ အပြုအမူတွေက ရာသီဥတုလိုပဲ အပြောင်းအလဲ မြန်လှချည်လား....

ကျုပ်က လှောင်ပြောင်တဲ့ အပြုံးနဲ့ ပြောလိုက်တယ်။

" ဒါပေမဲ့ ငါမြင်တာတော့ မင်းရဲ့ ပုံစံက အတော်လေး အသိစိတ် ကြည်လင်နေပုံပါပဲ "

မင်းဖေးဟန်က ရိုးသား၊ကြိုးစားလွန်းတဲ့ ကျောင်းတော်သား တစ်ယောက် ပုံစံကို ချက်ချင်း ဖမ်းပြိး ပြန်ပြောလာတယ် ။

" အရှင်မင်းကြီး..... ကျွန်တော်မျိုးက တိုင်းပြည်အစွန်အဖျားမှာ နေတဲ့ ကျေးရွာ ဇနပုဒ်သားလေး တစ်ဦးပါ ။ အရှင်မင်းကြီးရဲ့ ကြီးမြတ်လှတဲ့ ဘုန်းတန်ခိုးတော်ကို တစ်ခါမှ မမြင်ဖူးပါဘူး ။

ဒါကြောင့် ကျွန်တော်မျိုးလို ကျေးတောသား တစ်ယောက်က အရှင်မင်းကြီးရဲ့ ဘုန်းတန်ခိုးတော် ကြီးမြတ်မှုကို မြင်ပြီး မိန်းမော သွားတာက ပုံမှန်ပဲ မဟုတ်ပါလား "

ပုံမှန်... ဟုတ်လား....... ကျုပ်ပြွန်တန်ဆာကိုပဲ လာ ပုံမှန်ပါလား.....

ကျုပ်အသက် လေးဆယ်ကျော် ရှိပြီ ။ ဒါပေမဲ့ ကျုပ်ဘဝ သက်တမ်း တစ်လျှောက်လုံးမှာ သည်လို ရဲတင်းတဲ့ ကျေးတောသား နှစ်ယောက်ကိုပဲ မြင်ခဲ့ဖူးတယ် ။ ပြီးတော့ နှစ်ယောက်လုံးက လျူရှန်းမန်ကချည်းပဲ။

နောက်တစ်ယောက်က ယန်ရှီစန်း.....

အဲသည်ကောင်ကိုတော့ ကျုပ်က အိမ်သာဆေးဖို့ တာဝန် ပေးထားလိုက်ပြီ ။

ကျုပ်က ရယ်လိုက်ပြီး စိတ်ဝင်စားသလို မေးလိုက်တယ်။

" ဒါဆိုလည်း ငါမင်းကို အပြစ်ကနေ ကင်းလွတ်ဖို့ အခွင့်အရေး တစ်ခု ပေးလိုက်မယ် ။ မင်းပြောတဲ့ နတ်မင်းရှစ်ပါး စားတော်ဆက်မှာ ငါ့ကို ထမင်း တစ်နပ် ဧည့်ခံမယ်ဆိုရင် သည်ကိစ္စကို ကျေအေးလိုက်ကြတာပေါ့။ ကဲ....ဘယ်လို သဘောရလဲ "

ကျုပ်က ထမင်းလေး တစ်နပ် တည်ခင်း ဧည့်ခံဖို့ကိုပဲ တောင်းဆိုတာပါ ။

ဒါပေမဲ့ မင်းဖေးဟန်ကတော့ ကျုပ်က သူ့ကျောက်ကပ် တစ်ခြမ်းကို တောင်းနေတဲ့ ပုံစံနဲ့ အလေးအနက် ပြန်ဖြေတယ်။

" အရှင်မင်းကြီး... အဲသည်အစား ကျွန်တော်မျိုးကို ခေါင်းသာ ဖြတ်ပစ်လိုက်ပါတော့ "

ဟ....သည်ကပ်စေးနှဲ ကော်တရာကောင်ကတော့ကွာ......

" တော်ပြီ... တော်ပြီ... ။ ငါ နန်းတော်ကနေ ထွက်လာတာ အချိန် အတော်လေး ကြာနေပြီ ဆိုတော့ သူတို့လည်း စိတ်ပူနေလောက်ပြီ။ မင်းဖေးဟန်... မင်းပြောခဲ့တဲ့ စကားကို ငါ မှတ်ထားမယ်။လူတွေ ကောလာဟလတွေ ဖြန့်နေတာက ငါ့အပြစ်လည်း ပါတယ် "

" သည်တော့ ငါ့ရဲ့ လက်အောက်ငယ်သားတွေ ဖြစ်တဲ့ လျူရှန်းမန်က ငါ့ကို ကူညီပေးရမယ်။ နားလည်လား "

ကျုပ် ခဏလောက် ရပ်လိုက်ပြီးမှ ဆက်ပြောတယ်။

" မင်းက အရည်အချင်း ရှိတဲ့သူတစ်ယောက်ဆိုတာ ငါ မြင်နိုင်တယ်။ယိရန်က ငါ့မိတ်ဆွေဟောင်းရဲ့ သမီးပဲ။သည်တော့ ငါက သူ့ကို ကိုယ့်သမီးအရင်းလို သဘောထားတယ်။ မင်းက သူ ရွေးချယ်ထားတဲ့ လူတစ်ယောက် ဖြစ်တဲ့အတွက် သူ့ကို ကောင်းကောင်း ကူညီပေးပါ။မင်းဆီကနေ ငါ မျှော်လင့်ထားတာတွေ အများကြီး ရှိတယ် "

" နားလည်ပါပြီ......အရှင်မင်းကြီး .....လမ်းခရီး ဖြောင့်ဖြူးပြီး ဘေးကင်းစွာ နန်းတော် ပြန်ရောက်ပါစေ "

မင်းဖေးဟန်က ကုတင်ပေါ်ကနေ ခက်ခက်ခဲခဲ ထတော့မယ့်ပုံစံ ဟန်ဆောင်လိုက်တယ်။

ကျုပ်က လက်ကာပြီး ပြောလိုက်တယ်။

"ထားလိုက်တော့... ဆက်ဟန်မဆောင်နဲ့တော့ ။ မင်းရဲ့ အရိုအသေမဲ့တဲ့ အပြုအမူ နဲ့ အပြောအဆိုကိုသာ ငါအပြစ်ယူမယ်ဆိုရင် မင်းမှာ ခေါင်းဘယ်နှစ်လုံး ရှိရှိ မလောက်နိုင်ဘူး "

ကျုပ်စကားဆုံးတော့ သည်ကောင်စုတ်က ရယ်ရယ်မောမောနဲ့ ပြန်ဖြေတယ်။

" ဟီး... ဟီး... အဲဒါက အရှင်မင်းကြီးရဲ့ အနန္တမေတ္တာတော်ကို ပြနေတာပေါ့ဗျာ.... မဟုတ်ဘူးလား "

ယိရန် ပြောစကားအရ ဆိုရင် မကြာသေးခင်က လျူရှန်းမန်မှာ လူသစ်သုံးယောက် ခေါ်ထားတယ်တဲ့ ။

ထန်ယီ ဆိုတဲ့ တစ်ယောက်ကိုတော့ ကျုပ် သိပ်မသိဘူး။

စုရှောင်ကိုတော့ တွေ့ဖူးတယ်။

သဘောကောင်းတယ်။

ရိုးသားတယ်။

ဖြောင့်မတ်တယ်။

တကယ့် လူရိုး၊လူကောင်းလေး တစ်ယောက်ပဲ။

မင်းဖေးဟန်ကတော့...

အင်း.... သည်ကောင်ကတော့ ယိရန် ပြောထားတဲ့အတိုင်း တစ်စက်ကလေးမှ မလွဲဘူး ။

တကယ့်ကို လမ်းလျှောက်နေတဲ့ ပြဿနာထုပ်ကြီး.....

လုံးဝကို အထိန်းအကွပ် မဲ့နေတာ....

သူ့ကို ကြည့်လိုက်တိုင်း ကျုပ်က ယန်ရှီစန်းကို သတိရမိတယ်.....

ကျုပ် လျူရှန်းမန်ကနေ ထွက်လာတော့ နန်ကုန်းကုန်းက ရှေ့တက်လာပြီး ပြောတယ်။

"အရှင်မင်းကြီး... နန်းတော်ကို ပြန်ကြရအောင်ပါ "

"အင်း... သွားကြတာပေါ့"

လျူရှန်းမန်ရဲ့ အုပ်ကြွပ်မိုးတွေ အပေါ်မှာ နေဝင်ချိန် ညနေခင်းရဲ့ အလှတရား ဆည်းဆာဖြစ်တဲ့ ရွှေရောင်အလင်းတွေက ဖြာကျနေတယ်။

မြင်းခွာသံတွေကလည်း တဖြည်းဖြည်း ဝေးသွားပြီး လျူရှန်းမန်ကို အနောက်မှာ ချန်ထားခဲ့တယ် ။

အဲသည်အချိန်မှာပဲ ကျုပ်က ရုတ်တရက် တစ်ခုခုကို သတိရသွားတယ်။

မင်းဖေးဟန်......

သည်နာမည်ကို ဘာလို့ သည်လောက် ရင်းနှီးနေသလို ခံစားရတာလဲ.....

ငါ ဘယ်နေရာမှာများ ကြားဖူးခဲ့တာပါလိမ့်.....

ကျုပ် နောက်ပြန်လှည့်ပြီး ကြည့်လိုက်တယ်။

မင်းဖေးဟန်ရဲ့ မျက်နှာကို မှတ်မိနိုင်ဖို့ ဦးနှောက်ကို အစွမ်းကုန် အလုပ်ပေးပြီး စဉ်းစားကြည့်တယ် ။

ဒါပေမဲ့...

ဖောယောင်ကိုင်းနေတဲ့ သူ့မျက်နှာကြောင့် ကျုပ်ဘာကိုမှ ဆက်စပ် စဥ်းစားလို့ မရနိုင်ဘူး ။

ထားလိုက်ပါတော့လေ..... ကြည့်ရတာ...

ကျုပ် အမှတ်မှားတာပဲ ဖြစ်မှာပါ ....

Lord. Zen

All Chapters