← Chapters

အခန်း ၄၁

Vol. 5 Ch. 41

အခန်း ၄၁

Vol. 5 Ch. 41

ရွှေလက်ဆေးတဲ့ သိုင်းဘုရင်

စာစဉ် (၅ ) အပိုင်း (၄၁)

စာရင်းဝင်ပြီ

မင်းသားချန်ရဲ့ အဂတိ လိုက်စားမှု ပြီးတဲ့နောက်မှာတော့ အရာအားလုံးက အေးအေးချမ်းချမ်း ဖြစ်သွားခဲ့တယ် ။ တကယ်ပြောရရင် အေးချမ်းလွန်းလို့ ကျုပ်မှာ ဘာမှ လုပ်စရာတောင် မရှိတော့ဘူး ။ ကျုပ်ဘဝက ပျင်းဖို့ကိုတောင် ပျင်းနေရတဲ့ အခြေအနေကို ရောက်သွားခဲ့ပြီ ။

ကျုပ်အတွက် သည်အခြေအနေထက် ကောင်းတာ ဘာမှ မရှိတော့ဘူး ။

သည်နေရာမှာ ခင်ဗျားတို့ တစ်ခု သိထားသင့်တာက အိမ်မှာ အလုပ်မရှိ ၊ အကိုင်မရှိ အားအားယားယား နေနေတာနဲ့ အလုပ်မှာ လုပ်စရာ မရှိလို့ အားယားနေတာက မတူဘူး ဆိုတာပဲဗျ ။

အိမ်မှာ အလုပ်မရှိ ၊ အကိုင်မရှိအားအားယားယား ထိုင်နေတာက ဘဝကို ဖြုန်းတီးနေတာ ။ ဒါပေမဲ့ အလုပ်မှာ ဘာအလုပ်မှ လုပ်စရာ မလိုဘဲ အားယားနေတာကတော့ နိဗ္ဗာန်ပဲ ။ အဲဒါကိုမှ လစာကလည်း အပြည့်ရနေသေးရင် ဘဝမှာ ဘာကိုမှ ဆက်တောင်းတနေစရာ မလိုတော့ဘူး ။

ကျုပ်က တာဝန်ထမ်းဆောင်ရင်း ဒဏ်ရာရခဲ့တာ ဖြစ်တဲ့အတွက် ရနိုင်သမျှ လျော်ကြေး မှန်သမျှကို ညှစ်ထုတ်ခဲ့တယ် ။

ရှောင်လို့ရတဲ့ တာဝန်တွေ အကုန်ရှောင်တယ်။

ကင်းလှည့်စရာ မလိုတဲ့ လမ်းတွေကို မသွားဘူး။

လုပ်စရာ မလိုတဲ့ အလုပ်တွေကိုလည်း အကုန်ရှောင်တယ်။

စုရှောင်ကတော့ အလုပ်က ပြန်လာတိုင်း ကျုပ်ကို တစ်မျိုးမဟုတ် တစ်မျိုး အကြောင်းရှာပြီး ဆူပူဆုံးမတယ် ။

ထန်ယီကလည်း မကျေမနပ် မျက်နှာနဲ့ ကျုပ်ကို ကြည့်ပြီး အမြဲမေးတယ်။

"သည်နေ့ည သိုင်းပြိုင်လို့ ရပြီလား "

ဒါပေါ့..... ကျုပ်က စောင်ခေါင်းမြီးခြုံပြီး ကျုပ်ကိုယ်ကျုပ် ဖုံးထားတော့ ဘာကိုမှ မမြင်ဘူးလေ ။

ဟေး....... ကျုပ် စောင်အောက်ထဲမှာ လက်လေ့ကျင့်ခန်း လုပ်နေတယ်လို့ ဘယ်သူ တွေးလိုက်တာလဲ .... ကျုပ်ခင်ဗျားတို့ ဘာတွေးနေလဲ သိတယ်နော်.......

ဒါပေမဲ့ အဲသည် သမားတော် သုံးယောက်ကိုတော့ အသိအမှတ်ပြုရမယ်ဗျ။

သူတို့ ကုပေးတာ တကယ် ထိရောက်တယ်။

သူတို့ရဲ့ ရောဂါ အမည်တပ်ချက်အရ ကျုပ်က အဆိပ်ငါးပါး နတ်ရေစင် နဲ့ တခြား အဆိပ်တချို့ ရောစပ်ထားတာတဲ့ အဆိပ် မိထားတာတဲ့။

ကံကောင်းတာက အဆိပ်က ကိုယ်ထဲက အသက်အန္တရာယ်ရှိတဲ့ နေရာတွေထဲ မဝင်သွားဘူး။ မဟုတ်ရင် အခုချိန်ဆို ကျုပ် သင်္ချိုင်းထဲမှာ တစ်ရေး အိပ်နေရလောက်ပြီ ။

ကျုပ်က အဲသည် သမားတော် သုံးယောက်ဆီကနေပြီး ရေခဲတောင်ကြာပန်းတို့ ၊ နှစ်တစ်ထောင် လင်ဇီးမှို ဒါမှမဟုတ် တခြား တန်ဖိုးကြီး ဆေးမြစ်တွေများ ရမလားဆိုပြီး တတ်နိုင်သလောက် လိမ်လည် ဖျားယောင်းခဲ့သေးတယ်ဗျ ။

ဒါပေမဲ့... ဘာမှ မရခဲ့ပါဘူးဗျာ ။ အဲသည် အဘိုးကြီး သုံးယောက်က ကျုပ်ထက်တောင်မှ ကပ်စေးနှဲကြသေးတယ် ။.

သူတို့ပေးတာဆိုလို့ ပဲနီလေးနဲ့ လုပ်ထားတဲ့ အားဖြည့်ဆေးမှုန့်ပဲ ရှိတာဗျ ။.

သူတို့က အဲသည်ဆေးမှုန့်က သရက်ရွက်ကို အားဖြည့်ပေးတယ်၊ ချီဓာတ်ကို ပြန်ဖြည့်ပေးတယ်" ဆိုပြီး ဝိုင်းလိမ်ကြသေးတယ် ။

တကယ်တော့ ကျုပ်ရဲ့ ဆေးဖိုးဝါးခ အကုန်အကျ သက်သာအောင် လုပ်နေတာ အသိသာကြီးပဲ ။ သူတို့က သူတို့ရဲ့ အဖိုးတန် ဆေးမြစ်တွေကို ကျူပ်အပေါ်မှာ သုံးပြီး မကုပေးချင်ကြဘူးလေ ။

ဒါကြောင့် လျော်ကြေးအနေနဲ့ ကျုပ်က သိုလှောင်ရုံထဲ ခိုးဝင်ပြီး လောင်ကျောင်း အရက်သုံးအိုးတိတိ ခိုးသောက် ပစ်လိုက်တာပေါ့ ။

သူများ မသထှာတဲ့ အရက်ကို သောက်ရလို့လားတော့ မသိဘူးဗျ ။အရသာကတော့ သောက်လို့ ကောင်းချက်ပါပဲဗျာ......

ကျုပ်အတွက် တစ်ခုတည်းသော နှမြောစရာကတော့ ရွှေသေတ္တာပဲ။

ကျူပ် နားစွန်နားဖျား ကြားလိုက်တာကတော့

ရွှေတွေကို သန့်စင် ဆေးကြေးပြီးတဲ့နောက်မှာ ရှန်းယိရန်က အထောက်တော် အသစ်တွေကို ဝေပုံကျ ခွဲပေးလိုက်တယ်တဲ့။

တောက်....ဘယ်လိုတောင် ဖြုန်းတီးလိုက်တာလဲဗျာ........

ကျုပ်က သည်ရက်ပိုင်းမှာ ဘာလုပ်စရာမှ မရှိတဲ့အတွက် လျူရှန်းမန်က ထုတ်တဲ့ စာစောင်တွေကိုပဲ လှန်လော ဖတ်ရှုနေမိခဲ့တယ် ။

ပြီးတော့ အဲသည်ကနေမှ တော်ဝင်နန်းတော်က လက်အောက်ခံ သိုင်းသူရဲကောင်းတွေကို ဘယ်လို စနစ်နဲ့ စီမံအုပ်ချုပ်နေလဲ ဆိုတာကို အကြမ်းဖျင်း နားလည်သွားခဲ့တယ်။

ကျုပ် မှတ်မိသလောက်အရ ဆိုရင် လျူရှန်းမန်၊ ချီလင် ကိုယ်ရံတော်တပ် နဲ့ ဧကရာဇ်ရဲ့ သက်တော်စောင့် ကိုယ်ရံတော်အဖွဲ့တွေက တော်ဝင်နန်းတော်ရဲ့ ပုံမှန် အုပ်ချုပ်ရေးစနစ်အောက်မှာ မပါဘူး။

ရှန်းယိရန်က သူ့ဖခင်ဆီကနေပြီး ပထမတန်းစားသိုင်းသမားဘွဲ့ ကို အမွေဆက်ခံထားတယ်။ ဒါပေမဲ့ အဲသည်ဘွဲ့က သူ့ရဲ့ အခွင့်အရေးနဲ့ ခံစားခွင့်တွေကိုပဲ သက်ရောက်မှုရှိတာဖြစ်ပြီး အခွင့်အာဏာ ပိုရစေတာ မဟုတ်ဘူး။ သူက လျူရှန်းမန် အဖွဲ့ဝင်တွေကိုပဲ စီမံအုပ်ချုပ်ခွင့် ရှိတယ်။

ချီလင် ကိုယ်ရံတော်တပ်ဖွဲရဲ့ တပ်မှုးကလည်း အဲသည်လိုပဲ ။

ဟုတ်တာပေါ့ ။ သူက ဘယ်နေရာကိုသွားတဲ့ လူတိုင်းရဲ့ လေးစားမှုကို ရတယ် ။ နန်းတွင်းကော ၊အပြင်လောကမှာပါ အရေးပါ အရာရောက်တယ် ။ဒါပေမဲ့ သူကလည်း ချီလင် ကိုယ်ရံတော် တပ်ဖွဲ့ကလွဲပြီး တခြား အဖွဲ့တွေကို အုပ်ချုပ်ခွင့် မရှိဘူး ။

တကယ်တော့ တော်ဝင်နန်းတော်က သိုင်းသမားတွေကို စီမံခန့်ခွဲဖို့ အသုံးပြုတဲ့ စနစ်က အတော်လေး ပြည့်စုံတယ်လို့ ပြောရမယ် ။

သည်နေရာမှာ ခင်ဗျားတို့ သိထားသင့်တာ တစ်ခုက လက်ရှိ တိုင်းပြည်ရဲ့ အရာရှိတွေ အုပ်ချုပ်တဲ့ ဒေသတိုင်းမှာ သိုင်းလောက အင်အားစုတွေ၊ ဂိုဏ်းတွေ၊ လူပုဂ္ဂိုလ်တွေ ရှိနေတယ် ဆိုတာပဲ ။

အဲသည်လို နေရာမျိုးမှာ နန်းတော်ဘက်က အင်အားကြီး သိုင်းသမားတစ်ယောက်ရဲ့ အကူအညီကို မရဘူးဆိုရင် အရာရှိတွေအတွက် အလုပ်လုပ်ရတာက အတော်လေး ခက်ခဲသွားလိမ့်မယ် ။

သည်အချက်နဲ့တင် အဆင့်သတ်မှတ်ခံထားရတဲ့ သိုင်းသမားတွေကို အရာရှိတွေက ဘယ်လောက်အထိ အရေးပေးမလဲဆိုတာကို ခင်ဗျားတို့ စဥ်းစားကြည့်ပေါ့ဗျာ ။

သည်နေရာမှာ သိုင်းသမားတစ်ယောက်ရဲ့ အရည်အချင်းကို တိုင်းတာဖို့ နန်းတွင်းက အသုံးပြုတဲ့ စံနှုန်းကတော့ လျူရှန်းမန် ထိပ်သီးစာရင်း သတ်မှတ်ချက်ပဲ ။

အဲသည်စာရင်းထဲကို ဝင်သွားပြီ ဆိုတာနဲ့ အရာရှိတွေရဲ့ အာရုံစိုက်မှုကနေ ပြေးမလွတ်တော့ဘူး ။ ပြီးတော့ သူတို့က သူတို့ အုပ်ချုပ်တဲ့ ဒေသထဲမှာ ဖြစ်ပျက်နေတဲ့ သိုင်းလောက ပြဿနာတွေကိုပါ ဖြေရှင်းပေးဖို့ တောင်းဆိုလာကြလိမ့်မယ်။

ဒါပေမဲ့ ကျုပ်သတိပေးချင်တာက ခင်ဗျားအနေနဲ့ သဘော အရမ်း မကောင်းပြဖို့ပဲ ။တချို့ကိစ္စတွေဆိုရင် မသိချင်ယောင်ဆောင်ပြီး ကျော်သွားလိုက် ။ တကယ်လို့ ခင်ဗျားကသာ သဘော အရမ်းကောင်းပြီး အကူအညီ တောင်းသမျှ အားလုံးကို လုပ်ပေးနေမယ်ဆိုရင် သူတို့က သာမန် တံမျက်စည်းလှဲ ၊ အမှိုက်ကျုံးတဲ့ အလုပ်တွေကိုတောင် ခင်ဗျားဆီ အကူအညီ တောင်းနေတော့မှာဗျ ။

အလုပ်မှာ အချောင်ခိုတာ နဲ့ တာဝန်ချိန်တွေမှာ မသိသလို ရှောင်နေတာရဲ့ ကောင်းတဲ့အချက်ကတော့ အဆင့်သတ်မှတ်ချက်မှာ ဝင်ဖို့ စိတ်ပူနေစရာ မလိုတာပဲ ။ ကျုပ်လို အချောင်နေ၊အချောင်စား လူက လျူရှန်းမန်ထိပ်သီးစာရင်းမှာ ဘာအကြောင်းနဲ့မှ ဝင်စရာ မရှိဘူးလေ ။ ဟုတ်တယ်မလား ။

နောက်ဆုံး အရက်တစ်ခွက် သောက်ပြီးတဲ့နောက် ထပ်ငှဲ့သောက်ရမလား၊ မသောက်တော့ဘဲ နေရမလား ကျုပ် စဉ်းစားနေတုန်းမှာပဲ အခန်း အပြင်ဘက်ကနေ တံခါးခေါက်သံ ကြားလိုက်ရတယ်။

" ဆရာမင်း.....ဆရာမင်း......"

ကျုပ်က လေတံခွန် တစ်စင်းလို ကုတင်ပေါ်ကို တန်းပျံတက်သွားပြီး စောင်ကို ခေါင်းမြီးခြုံလိုက်တာပေါ့ ။

ကျုပ်က နာမကျန်း ဖြစ်နေတဲ့ လူနာလေဗျာ ....ဟား...ဟား......

ကျုပ်က ဘာမှ မတုံ့ပြန်တော့ တံခါးခေါက်နေတဲ့ အစောင့်က တံခါးကို တွန်းဖွင့်ပြီး အထဲ ဝင်လာတယ်။

ကျုပ်အခန်းက စုရှောင်၊ထန်ယီတို့ရဲ့ အခန်းနဲ့ တစ်ဆက်တည်းပဲ ။ အခန်း သုံးခန်းပဲ ခြားတာ ။

သည်ရက်ပိုင်း ကျုပ်ကို ထမင်းပို့ပေးနေကျ အစောင့်တွေကလည်း ကျုပ်အခန်း ဘယ်မှာလဲဆိုတာ အလွတ်ရနေပြီ။

သူ အခန်းထဲ ဝင်လာတဲ့ အသံကြားတာနဲ့ ကျုပ် မျက်လုံး ပိတ်ထားလိုက်တယ်။

ပုံမှန်ဆိုရင်တော့ ကျုပ် အိပ်နေတာ မြင်တာနဲ့ အစောင့်က စားစရာချထားပြီး ပြန်ထွက်သွားတတ်တယ်။

ဒါပေမဲ့ သည်နေ့တော့ ခါတိုင်းနဲ့ မတူဘူးဗျ ။

သူက ကျုပ်နားအထိ လျှောက်လာပြီး ပခုံးကို နှစ်ချက်သုံးချက် လှုပ်နှိုးလာတယ် ။

ဆရာမင်း.....ဆရာမင်း..... ခဏ ထပါဦးဗျ "

ကျုပ်ကတော့ ဘာမှ မတုံ့ပြန်ဘူး ။

သွား....သွားစမ်းပါကွာ.... အိပ်ချင်ယောင် ဆောင်နေတဲ့လူကို ဘယ်တုန်းက နိုးလို့ရတယ် ကြားဖူးလို့လဲ......

"ဆရာမင်း.....အရေးကြီးတယ်ဗျ.... အမြန်ထပါတော့ ။ ဆရာမင်းကို နန်းတွင်းကနေ

အဆင့်သတ်မှတ်ချက်ထဲ ထည့်လိုက်ပြီဗျ "

ဘာ.......

ကျုပ်က ဘာအလုပ်မှတောင် မလုပ်ဘဲ အခန်းထဲမှာ ဆယ်ရက်လောက် အိပ်နေတာလေ ။ ဒါကိုတောင် ဘယ်လိုလုပ်ပြီး အဆင့် သတ်မှတ် ခံလိုက်ရတာလဲ......

မိုးနတ်မင်းကြီး......ခင်ဗျားရဲ့ မျက်လုံးတွေကို ကျီးထိုးသွားတာများလားဗျာ........

ကျုပ်က မျက်လုံးဖွင့်ပြီး အလန့်တကြားနဲ့ မေးလိုက်တယ် ။

"ဘာအဆင့်သတ်မှတ်ချက်လဲ "

အစောင့်က ဝမ်းသာအားရနဲ့ ပြန်ဖြေတယ်။

" ထိပ်သီးစာရင်း အဆင့်သတ်မှတ်ချက်လေဗျာ"

"အခု လက်ထောက်ခေါင်းဆောင်ရှန်းက ကျွန်တော့်ကို ဆရာတို့ သုံးယောက်ကို လာခေါ်ခိုင်းလိုက်တာ"

"ဆရာစုနဲ့ ဆရာထန်တောင် ခြံထဲမှာ ရောက်နေကြပြီ ။ ဆရာမင်း လာတာကိုပဲ စောင့်နေကြတာ"

ကျုပ်က အစောင့်စကား ဆုံးတာတောင် မစောင့်တော့ဘူး ။ သူ့ကို ဘေးဖယ်တွန်းပြီး အပြင်ကို ပြေးထွက်သွားတယ်။

ပြီးတော့ ခြံထဲမှာ စောင့်နေတဲ့ စုရှောင်နဲ့ ထန်ယီကို ခေါ်ပြီး အစ်မကြီးရှန်းရဲ့ ရုံးခန်းဆီ တန်းသွားတော့တာပဲ ။

"မင်းဖေးဟန် အဖွဲ့.....ရောက်ရှိကြောင်း သတင်း ပို့ပါတယ် "

ဟုတ်တယ်..... အဖွဲ့နာမည်က အခုလို ကြောင်တောင်တောင် နာမည်ပဲ....

ကျုပ်နာမည်ကို အဖွဲ့နာမည် လုပ်ထားတာဗျာ ....

ဘာဖြစ်လို့လဲ ကျုပ်ကို မေးခွန်း ပြန်လာမမေးနဲ့ ။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်က အသက်အကြီးဆုံး ဖြစ်နေလို့ပဲ ။

တခြား နာမည်ကြီးအဖွဲ့တွေဆိုရင် သူတို့အဖွဲ့ နာမည်ကို အမိုက်စား နာမည်တွေ ပေးကြတယ်။

ဒါပေမဲ့ ကျုပ်ကတော့ လူတွေ အာရုံစိုက်ခံရတာ

မကြိုက်ဘူး။ ထင်ပေါ် မနေချင်ဘူး။

အဲဒါကြောင့် အခုလို နာမည် ပေးထားလိုက်တာ ။

မတွေ့ရတဲ့ရက်က နည်းနည်း ကြာလို့နေမယ်။အစ်မကြီးရှန်းက ပိုပိုလို့တောင် လှလာတယ်ဗျ ။

သူက သည်နေ့မှ ထူးထူးဆန်းဆန်း ဆံပင်ရှည်တွေကို ကျောဘက်မှာ ကပိုကယို ချထားတော့ ခါတိုင်းထက်ကို ပိုပြီး မိန်းမဆန်နေသလိုပဲ ။

တိတိကျကျ ပြောရမယ် ဆိုရင် အစ်မကြီးရှန်းရဲ့ အခုပုံစံက သေးသေးမွှားမွှား ကိစ္စတွေကို ဂရုမစိုက်တတ်တဲ့ သူ့ရဲ့ စိတ်နေသဘောထား ၊ သဘောထား ပွင့်လင်းပြီး ထက်မြက်တဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ လုံးဝ လိုက်ဖက်နေတယ်။

ဒါပေမဲ့ သူက စိတ်အခြေအနေ ကောင်းပုံတော့ မရဘူး ။ ကျုပ်တို့ကို မြင်တော့ မပြုံးချင်ပြုံးချင်နဲ့ လှမ်းပြုံးပြတယ် ။

အဲသည်အပြုံးက ဘယ်လိုမှ ကောင်းတဲ့ နိမိတ် မဟုတ်တာ အသိသာကြီးပဲ ။

"မဆိုးဘူး....... မင်းတို့ သုံးယောက်စလုံး လျူရှန်း ထိပ်သီးစာရင်းထဲ ဝင်သွားပြီ"

ဒါပဲ..... အဲသည်စကားကိုပဲ စောင့်နေတာ.....

ကျေးဇူးပြုပြီး....ကျုပ်ကို ယုတ္တိရှိရှိ ၊ အကြောင်းပြချက် ခိုင်ခိုင်လုံလုံလေး တစ်ခုလောက် ပေးစမ်းပါ.....

" အစ်မကြီးရှန်း.... ကျွန်တော်တို့က ဘယ်....ဘယ်လိုဖြစ်ပြီး "

" ဘယ်လိုဖြစ်တယ် မမေးနဲ့ ။ ငါမင်းတို့ကို အဆင့် တင်ပေးလိုက်တာ "

ကျုပ်တောင် မေးခွန်း မေးလို့ မပြီးသေးဘူး။ အစ်မကြီးရှန်းက စကားကို ဖြတ်ပြောလာတယ် ဗျ။ ပြီးတော့ သူ့ပုံစံက ကျုပ်တို့ကို အခုလို လုပ်ပေးလိုက်ရတာကို အရမ်း ဂုဏ်ယူနေသလိုပဲ ။ သူက တကယ့် ဂုရုကြီး တစ်ပါးလို လက်ကာပြီးတောင် ပြောလာသေးတယ် ။

" ငါ့ကို ကျေးဇူးတင်စရာ မလိုဘူး"

ပြီးတဲ့နောက်မှာတော့ သူက မျက်လုံးမှိတ် ရင်ကော့ပြီး ကျုပ်တို့ဆီကနေ မြှောက်ပင့် ပြောဆိုမှုတွေ နဲ့ ကြည်ညိုလေးစား အားကျမှုတွေကို ခံယူဖို့ ပြင်လိုက်တယ် ။

ထန်ယီက အခုကိစ္စကို မျှော်လင့်ထားပုံ မရဘူး ။ဒါပေမဲ့လည်း သူက စိတ်ရင်းအမှန်နဲ့ ပြောလိုက်တယ် ။

" ကျေးဇူးတင်ပါတယ်.... လက်ထောက်ခေါင်းဆောင်ရှန်း "

စုရှောင်ကတော့ သိတဲ့ အတိုင်းပဲ ။ သူက လျူရှန်းမန် ထိပ်သီးစာရင်းထဲ ဝင်တယ်လို့ သတင်းကြားပြီးကတည်းကကို အပျော်ကြီး ပျော်နေပြီလေ ။

သူက ကျုပ်လက်အင်္ကျီစကို ဆွဲပြီး ခုန်ပေါက်နေတော့တာပဲ ။

" ဘယ်လိုလုပ် ကျေးဇူးမတင်ဘဲ နေနိုင်မှာလဲဗျာ..... ကြားတယ် မဟုတ်လား အစ်ကိုမင်း ။ကျွန်တော်တို့ အဆင့်သတ်မှတ်ချက်ထဲ ဝင်သွားပြီ ။ကြည့်...ကြည့်..... ကျွန်တော်က အဆင့် နှစ်ရာ့လေးဆယ်မှာဗျ "

ကျေးဇူးမတင်ဘဲ အပြစ်ပြောတဲ့သူဆိုလို့ ကျုပ်ပဲ ရှိတယ် ။

" တော်စမ်းပါကွာ.....အဲဒါကို အဆင့်သတ်မှတ်ချက်လို့ ခေါ်တာလား ။ လျူရှန်းမန် ထိပ်သီးစာရင်းက အဆင့်သတ်မှတ်ချက် တစ်ရာပဲ ရှိတာကွ ။အဲဲဒါကို မင်းက ဘယ်လိုလုပ်ပြီး အဆင့် နှစ်ရာ့လေးဆယ်မှာ ရှိနေတာလဲ "

ကျုပ်ပြောလိုက်တဲ့ စကားကြောင့် အစောပိုင်းက ခေါင်းမော့ရင်ကော့ပြီး ဂုရုကြီးပုံစံ ဖမ်းနေတဲ့ အစ်မကြီးရှန်းက နဂိုမူလ အခြေအနေကို ပြန်ပြောင်းသွားတယ် ။ ပြီးတော့ ကျုပ်ကိုသတိပေးတဲ့ အဓိပ္ပါယ်နဲ. ကြည့်တယ် ။

" ဖေးဟန်.....နင်ပြောတာက မှန်တော့မှန်တယ် ။ ဒါပေမဲ့ အလုံးစုံတော့ မမှန်သေးဘူး ။မင်းသိထားတဲ့ လျူရှန်းမန် ထိပ်သီး စာရင်းထဲမှာက ထိပ်ဆုံး အယောက် တစ်ရာကိုပဲ ဖော်ပြထားတာ ။ ဒါပေမဲ့ အဲသည် ထိပ်ဆုံး အယောက်တစ်ရာကိုဘယ်ကနေ ရွေးချယ်ထားလဲကော သိရဲ့လား ။ပိုကြီးတဲ့ လျူရှန်းမန် ထိပ်သီးစာရင်းကနေဟဲ့ ။ သည်တော့ လူတိုင်း သိတဲ့ လျူရှန်းမန် ထိပ်သီးစာရင်း ဆိုတာက နန်းတော်က ထုတ်ပြန်ထားတဲ့ တရားဝင် စာရင်း ။ အခုက လျှို့ဝှက်စာရင်း ။သည်စာရင်းမှာက အဆင့် တစ်ရာ့တစ်ကနေ လေးရာအထိ ရှိတယ် "

"မင်းဖေးဟန်....နောက်တစ်ကြိမ်ကျရင် နင်မသိတဲ့ ကိစ္စတွေမှာ ဝင်ပြီး ပေါက်တတ်ကရတွေ လျှောက်မပြောနဲ့ "

"အစ်မကြီးရှန်း..... ကျွန်တော် ဘယ်မှာ ပေါက်တတ်ကရ ပြောလို့လဲ"

ကျုပ်က သည်ရက်ပိုင်းမှာ သံမဏိဓား စာစောင် နဲ့ တခြား သိုင်းလောက အတင်းအဖျင်း စာစောင်တွေကို ဖတ်ထားတာ မနည်းဘူးဗျ ။

ဒါကြောင့် ဗေဒင်ဆရာ တစ်ယောက်လို လက်ချောင်းတွေကို ရေတွက်ရင်းနဲ့ ပြန်ပြောလိုက်တယ် ။

တရားဝင် လျူရှန်းမန် ထိပ်သီးစာရင်း မှာတော့ နန်းတော်အတွင်းက အားအကောင်းဆုံး သိုင်းသမား အယောက်တစ်ရာကိုပဲ အဆင့်သတ်မှတ်ထားတာ ။ ထိပ်ဆုံး နှစ်ဆယ်ကတော့ အထူးအဆင့်... ဒါကို လူတိုင်း သိတယ်"

"ကျန်တဲ့ ရှစ်ဆယ်ကိုတော့ ကောင်းကင် စည်းတံဆိပ် အဆင့်စနစ်နဲ့ ခွဲထားတာ"

"အဆင့် နှစ်ဆယ့်တစ် ကနေ လေးဆယ် အထိက 'ကျား ' အဆင့်"

"အဆင့် လေးဆယ့်တစ်ကနေ ခြောက်ဆယ်

အထိက 'ယီ ' အဆင့်"

"အဲသည်လို ဆက်သွားတာ"

"ဟား...ဟား....အဆင့် နှစ်ရာ့လေးဆယ် ဟုတ်လလား...... "

"စုရှောင်.... မင်းအဆင့်က ရန် အဆင့်တို့၊ ကွေ အဆင့်တို့ထဲကိုတောင် မဝင်နိုင်သေးဘူးကွ "

ကျုပ်ရဲ့ စကားကြောင့် ခုန်ပေါက် ပျော်မြူးနေတဲ့ စုရှောင်က ချက်ချင်း ငြိမ်ကျသွားတယ် ။ ပြီးတော့ နှုတ်ခမ်းကို ကိုက်ပြီး ဘာစကားမှ မပြောတော့ဘူး ။

" မင်းဖေဟန်....မင်းမတော်သေးဘူးလား"

ရှန်းယိရန်က ထိုင်ရာကနေ ရုတ်တရက်ကြီး ထလာတယ်ဗျ ။

သေစမ်း...... အစ်မကြီးရှန်း စိတ်ဖောက်သွားပြီနေမှာ.....

ကျုပ်က ရှောင်တိမ်းဖို့ ဘာမှ တောင် မပြင်ရသေးဘူး ။ ရှန်းယိရန်က ကျုပ်အနားကို ရောက်လာပြီး နားရွက်ကိုတောင် ဆွဲလိမ်ထားနေပြီဗျ ။.

" နင်ဘာလို့ အမြဲတမ်း ငါ့ကို ဆန့်ကျင်ဘက် လုပ်နေတာလဲ ။ နင့်ရဲ့ အထက်လူကြီးက ဘယ်သူလဲ.....ပြောစမ်း....ဟမ်... "

" အစ်....အစ်မကြီးရှန်းပါ "

" ဒါဆိုရင် နင်က ဘယ်သူ့ရဲ့ အမိန့်ကို နာခံရမလဲ"

"အစ်မကြီးရှန်း အမိန့်ပါ ။ လွှတ်....လွှတ်ပါတော့"

သည်အသက်အရွယ်ရောက်မှ နားရွက် ဆွဲလိမ်ခံနေရတာက ရှက်စရာကြီးဗျ ။ စုရှောင်ကတော့ ကျုပ်အဖြစ်ကို ကြည့်ပြီး တခစ်ခစ်နဲ့ ရယ်နေလေရဲ့။

စုရှောင် ရယ်တာက အဆန်း မဟုတ်ပါဘူး ။ ဒါပေမဲ့ ဟိုသစ်သားတုံးကောင် ထန်ယီက ဘာလို့ လှောင်ပြုံး ပြုံးနေတာတုန်း........

မိုးနတ်မင်းကြီးရေ....သည်ကောင့်ရဲ့ အပြုံးကို ကြည့်ပါဦး.......

မရတော့ဘူး..... ငါမင်းကို တအား ရိုက်ချင်နေပြီကွာ ....

ဒါပေမဲ့ ပြသနာက ကျုပ်တို့ရဲ့ အစ်မကြီးရှန်းက ကျေနပ်သေးပုံ မရတာပဲ ။ သူက ကျုပ်နားကို ဆက်ဆွဲထားပြီး ပြောလာတယ် ။

"သည်ကိစ္စတော့ ထားလိုက်ဦး... အခု ငါနင့်ကို စုံစမ်းခိုင်းထားတဲ့ လောင်ကျောင်းအရက်အိုး သုံးအိုး ကိစ္စကော... နင် အဲသည်သူခိုးကို ဖမ်းမိပြီလား"

အော်... အဲသည်ကိစ္စလား...

"ကျွန်တော် စုံစမ်းနေတုန်းပဲခင်ဗျ ။ တရားခံက အရမ်း ပါးနပ် ၊ကောက်ကျစ် ၊ ဉာဏ်ကောင်းတဲ့အပြင် လူချစ်လူခင် ပေါတယ် ။ ပြီးတော့ ချောလည်း ချောသေးတယ် ။ ဒါ့အပြင် သူက ဘာသဲလွန်စမှ မချန်ခဲ့ဘူးဗျ "

"ရော့.... ငါ့ကိုလာပြီး ပေါက်တတ်ကရတွေ ပြောဦး "

ရှန်းယိရန်ရဲ့ စကားဆုံးတော့ ဒဏ္ဍာရီလာ မင်သွေးကျောက်ပြားက ကျုပ်မျက်နှာပေါ် ထပ်ရောက်လာပြန်တယ် ။

ဟေး....အစ်မကြီး...... တော်တော့လေဗျာ.....

ခင်ဗျားရဲ့ စိတ်လက်တစ်ဆစ်နဲ့ သည်ကျောက်ပြားက ဘာဖြစ်နေတာလဲ... ...

ကျုပ်မျက်နှာကိုလည်း သနားပါဦး.....

"စုရှောင်က နင့်အခန်းထဲမှာ အရက်အိုး သုံးအိုးလုံး တွေ့တယ်လို့ လာတိုင်ထားတယ် ။ မင်းဖေးဟန်...... နင်အတော် သတ္တိ ရှိနေတယ်ပေါ့....ဟုတ်လား...... ။ ရောက်တာတောင် ဘယ်လောက်မှ မကြာသေးဘူး ။နင်က သိုလှောင်ရုံထဲက အရက်တွေကိုပါ ခိုးသောက်ရဲနေပြီ "

စုရှောင်.....

သစ္စာဖောက်.....မျိုးမစစ်ကောင်....

သည်ကိစ္စကို လျှို့ဝှက်ထားမယ်လို့ ငါတို့နှစ်ယောက်လုံး သဘောတူထားပြီးပြီ မဟုတ်ဘူးလား.....

မင်းကို ငါက ညီအစ်ကိုလို သဘောထားခဲ့တာ...

ဒါပေမဲ့ မင်းကတော့ ငါ့ကို နောက်ကျောကနေ ဓားနဲ့ ထိုးလိုက်တယ်ပေါ့.....

စုရှောင်က ကျုပ်မျက်လုံးထဲက သတ်ချင်စိတ်ကို မြင်သွားတော့ နည်းနည်း ဇဝေဇဝါ ဖြစ်သွားတယ်။

ပြီးတော့ မျက်လုံးချင်း မဆုံအောင် အမြန်ရှောင်ပြီး ပြောတယ်။

"ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောထားတာတွေ အခု ထည့်မတွက်တော့ဘူး ။ ပြီးတော့ ထန်ယီကလည်း အစ်ကို ညဘက် ပြန်မအိပ်ဘူးလို့ တိုင်ထားသေးတယ် "

ထန်ယီ.....ထန်ယီ....

ဒူးမနာသားလေး......

မင်းပုန်းဖို့ နေရာ ကောင်းကောင်းသာ ရှာထားပေတော့.....

မင်းကို ကျောင်းမှန်း၊ကန်မှန်း သိအောင်တော့ ကောင်းကောင်းကြီး ဆုံးမပေးရဦးမယ်.....

ထန်ယီကလည်း အဓိပ္ပာယ်ပါတဲ့ အကြည့်နဲ့ ကျုပ်ကို ပြန်ကြည့်လာတယ် ။

" ဘယ်လိုလဲ....သည်ည တွေ့ကြမလား "

ကျုပ်ကလည်း အကြည့်နဲ့ အဖြေ ပြန်ပေးလိုက်တယ် ။

"သွားစမ်းပါကွာ..... မင်းလို ယောကျာ်းရင့်မကြီးနဲ့ ဘယ်သူက ညဘက်ကြီး တွေ့ချင်မှာလဲ "

ထန်ယဲ့က သိသိသာသာ စိတ်ပျက်သွားတဲ့ မျက်နှာပေးမျိုး လုပ်ပြတယ်။

စုရှောင်ကတော့ ဘာမှ နားလည်ပုံ မရဘူး ။ ဒါပေမဲ့ ကျုပ်တို့ နှစ်ယောက် မျက်လုံးချင်း စကားပြောနေတာကို ဘေးကနေ မနာလိုတဲ့ မျက်နှာနဲ့ ကြည့်နေတယ် ။

အစ်ကိုတို့ရေ.....

အလုပ်ချိန်ကြီးမှာ အဲသည်လိုမျိုးတွေ မလုပ်ကြပါနဲ့လား.....

အဲဒါက အဖွဲ့ရဲ့ လေထုကြီးကို တဖြည်းဖြည်း ထူးဆန်းလာစေတယ်ဗျ......

Lord.Zen

မှတ်ချက်-

* လောင်ကျောင်း (Laojiao)

တရုတ်နိုင်ငံမှာ အလွန်နာမည်ကြီးတဲ့ အရက်အမျိုးအစားတစ်မျိုး ဖြစ်တယ်။

** ကောင်းကင်စည်းတံဆိပ် (Ten Celestial / Heavenly Stems)

တရုတ်ရှေးဟောင်း အစဉ်အလာမှာ အသုံးပြုခဲ့တဲ့ အမှတ်စဉ်သတ်မှတ်ရေးစနစ် တစ်မျိုးဖြစ်တယ်။

ရှန်မင်းဆက်ခေတ် (ဘီစီ ၁၂၅၀ ဝန်းကျင်) ကတည်းက စတင်တွေ့ရှိခဲ့ပြီး အဲဒီအချိန်တုန်းက တစ်ပတ်ကို ဆယ်ရက်သတ်မှတ်တဲ့ စနစ်အတွက် နေ့အမည်တွေအဖြစ် အသုံးပြုခဲ့ကြတယ်။

နောက်ပိုင်းမှာတော့ ရှန်ခေတ် ဘိုးဘွားပူဇော်ပွဲ အခမ်းအနားတွေမှာ ကွယ်လွန်သွားတဲ့ မိသားစုဝင်တွေရဲ့ အမည်အစား သတ်မှတ်နာမည်တွေအဖြစ်လည်း အသုံးပြုခဲ့ကြပြီး သက်ဆိုင်ရာနေ့ရက်မှာ ပူဇော်မှုတွေ ပြုလုပ်ခဲ့ကြတယ်။

အဲသည်အမည်တွေကတော့

၁။ Jia - ကျား

၂။ Yi - ရိ

၃။ Bing - ပင်း

၄။ Ding - တင်း

၅။ Wu - ဝူ

၆။ Ji - ကျိ

၇။ Geng -ကန်

၈။ Xin - စင်

၉။ Ren - ရန်

၁၀။ Gui - ကွေ ဖြစ်ပါတယ် ။

All Chapters