← Chapters

အခန်း ၄၂

Vol. 5 Ch. 42

အခန်း ၄၂

Vol. 5 Ch. 42

ရွှေလက်ဆေးတဲ့ သိုင်းဘုရင်

စာစဥ်၅ အပိုင်း ၄၂

မိုက်မဲလိုက်တဲ့ အကြံ

ရှန်းယိရန်က ချော်ငေါ့သွားတဲ့ ကျုပ်တို့ စကားဝိုင်းကို ပြန်တည့်မတ်ပေးလိုက်တယ် ။

" ဟုတ်ပြီ.....သူတို့အပေါ်မှာ အမှတ်သညာ ထားမနေနဲ့တော့ ။နင်က သူတို့ထက် အသက်ကြီးပြီးတော့ ဘယ်နေရာမှာမှ ယုံကြည် ကိုးစားလို့ကို မရဘူး ။မင်းတို့ သုံးယောက်စလုံးက လျူရှန်းမန် ထိပ်သီးစာရင်းဝင်တွေပဲ ။ ထန်ယီက အဆင့် ၂၂၀ ရတယ် ။ စုရှောင်က အဆင့် ၂၄၀ ရတယ် ။ ဒါပေမဲ့ နင်ကတော့ အဆင့် ၄၀၀ နဲ့ အောက်ဆုံးပဲ ။ ကိုယ့်ကိုယ်ကိုယ်လည်း နည်းနည်းပါးပါး ပြန်သုံးသပ်ကြည့်ဦး..... ဟုတ်ပြီလား "

"ခဏ...ခဏလေး "

ကျုပ်က လျူရှန်းမန် ထိပ်သီးစာရင်းထဲ ဝင်ချင်လို့တော့ မဟုတ်ဘူး ။ ဒါပေမဲ့ စာရင်းထဲ ဝင်သွားပြီ ဆိုမှတော့ ကျုပ်ကို အနည်းဆုံး သင့်တော်တဲ့ အဆင့်သတ်မှတ်ချက်လေးတော့ ပေးသင့်တာပေါ့ ။ မဟုတ်ဘူးလား ......

" စုရှောင် နဲ့ ထန်ယီရဲ့ အဆင့်က ဘာလို့ မြင့်နေတာလဲ ။ အမှုကို ဖြေရှင်းခဲ့တာက ကျွန်တော် မဟုတ်ဘူးလား ။ ဘာဖြစ်လို့ အကျိုးအမြတ်ကျတော့ သူတို့ပဲ ရသွားတာလဲ "

"တကယ်လို့ အကြမ်းဖျင်း ခြုံကြည့်မယ် ဆိုရင်တော့ နင်ပြောတာက မှန်တယ် "

အစ်မကြီးရှန်းက စိတ်ပျက်လက်ပျက် အမူအရာနဲ့ ဆက်ပြောတယ် ။

" ဒါပေမဲ့ နင်လုပ်ခဲ့တာတွေ အကုန်လုံးကို ပြန်တင်ပြလိုက်တော့ ဆရာရွှီးက နင်ဘာမှ ထူးထူးခြားခြား မလုပ်ခဲ့ဘူးလို့ ကောက်ချက် ချလိုက်တယ် ။ အချက်အလက်ကျကျ ပြောရမယ် ဆိုရင် နင်အခုလို ထိပ်သီးစာရင်းထဲ ဝင်နိုင်တာက ထန်ယီတို့နှစ်ယောက်ရဲ့ ကျေးဇူးကြောင့်လို့တောင် ပြောလို့ရတယ် "

ဘာ....

သရီး၊တူး၊ဝမ်းက ဘာကိစ္စဝင်ပြီး ကျုပ်ကို ကောက်ချက် ချရတာလဲ...

" ဘယ်လိုပဲဖြစ်ဖြစ်....ကျွန်တော် သည်ကိစ္စကို လက်မခံနိုင်ဘူးဗျာ ။ကျွန်တော့်ကို ယုတ္တိရှိရှိ အကြောင်းပြချက် တစ်ခုတော့ ပေးမှရမယ် "

"ပထမအချက်..... ချီလင် ကိုယ်ရံတော်တွေနဲ့ မင်းသားချန်ရဲ့ လူတွေ တိုက်ခိုက်နေကြတာကို တားဆီးခဲ့တာက စုရှောင် ။ ငါပြောတာ မှန်လား "

"ဟုတ်....မှန်တော့...မှန်ပါတယ် "

အဲသည်လူ ခြောက်ယောက်လုံးကို ကျုပ်က လက်တစ်ဖက်တည်းနဲ့ အနိုင်ယူနိုင်တယ်လို့ ပြောရင်လည်း အစ်မကြီးရှန်းက ယုံမှာ မဟုတ်ဘူးလေ ။ ဟုတ်တယ်မလား ။

" ဒါဆိုရင် ဆက်ပြောမယ် ။ သင်္ချိုင်းဂူ သူခိုးတွေကို ရှင်းပစ်ခဲ့တဲ့သူကကော ထန်ယီ မဟုတ်ဘူးလား?

...ဟုတ်ပါတယ် "

ပြီးတော့ မင်းသားချန် ပြဿနာ လာရှာတုန်းက ကျားယွင်ဖုန်းက ငါတို့ကို ခိုးကြောင်ခိုးဝှက် ဝင်တိုက်ခဲ့သေးတယ် မဟုတ်လား။ အဲသည်တုန်းက စုရှောင်က မင်းသားချန်ကို တားခဲ့ပြီး ထန်ယီက ကျားယွင်ဖုန်းကို တားခဲ့တယ်။ ငါပြောတာ ဟုတ်လား၊ မဟုတ်ဘူးလား "

ကျုပ်က ဘာမှ ဆက်မပြောနိုင်တော့ဘူး ။

အစ်မကြီးကတော့ ဆက်ပြောနေတယ် ။

နင်ကတော့ သင်္ချိုင်းထဲက စာအုပ်ကို ယူလာခဲ့တာကလွဲပြီး ဘာလုပ်ခဲ့လို့လဲ။ အဲဒါတောင် အဆိပ်က မိသွားရသေးတယ်။ ပြီးတော့ စာအုပ်ကိုလည်း ဟိုပစ်၊သည်ပစ် လျောက်ပစ်လို့ မင်းသားချန် လက်ထဲတောင် ရောက်မလို ဖြစ်သွားသေးတယ်လေ ။ ငါပြောတာ ဟုတ်လား "

"ဟုတ်ပါတယ် "

" ဒါဆိုရင် မင်းရဲ့ အဆင့်သတ်မှတ်ချက်က တရားမျှတပြီ မဟုတ်ဘူးလား"

ဟာ..... သည်မေဘေး.. ခွေးမျိုးတွေ.....

ဒါက ဘယ်လို သောက်တလွဲ သုံးသပ်မှုမျိုးလဲကွ.....

ရှင်းပြချက် ပေးအပြီးမှာတော့ အစ်မကြီးရှန်းက ကျုပ်ကို အဖက် မလုပ်တော့ဘူး ။

သူက ထူးထူးခြားခြား သည်တစ်ခါတော့ အတော်လေး နူးနူးညံ့ညံ့ ပြောလာတယ်။

" နင်တို့ သုံးယောက်လုံး ပင်ပန်းသွားကြပြီ။

သည်တစ်ခါ မင်းတို့သုံးယောက် လုပ်ခဲ့တာက အရမ်း အရေးကြီးတဲ့ ခြေလှမ်းတစ်ခုပဲ။တကယ်လို့ လျှို့ဝှက် အဆင့်သတ်မှတ်ချက်ထဲတောင် မဝင်နိုင်ဘူးဆိုရင် ဧကရာဇ် သိုင်းပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ရွေးချယ်ခံရမှာ မဟုတ်ဘူး။

နင်တို့က လျူရှန်းမန်ထဲ ဝင်လာတာ လဝက်တောင် မပြည့်သေးခင် သည်လောက်အထိ လုပ်နိုင်ခဲ့တာကို ငါ အရမ်း ဝမ်းသာတယ်။

ဒါကြောင့် နင်တို့ကို သည်နေ့တော့ နေ့တစ်ဝက် အနားယူခွင့် ပေးလိုက်မယ် "

" သွား...အပြင်သွားပြီး ပျော်ပျော်ပါးပါး လည်ခဲ့ကြ "

စုရှောင်က အသက်ဆယ့်ခြောက်နှစ်ပဲ ရှိသေးတဲ့အတွက် ကလေးစိတ် မကုန်သေးဘူး။

သူက ဝမ်းသာအားရနဲ့ ကျုပ်လက်မောင်းကို ဆွဲပြီး ပြောလာတယ်။

" အစ်ကိုမင်း... အစ်ကိုမင်း.....ကျွန်တော်တို့ ဘယ်သွားကြမလဲ "

" နတ်မင်းရှစ်ပါး စားသောက်ဆိုင် မဟုတ်ရင် တုန်းပို စားသောက်ဆိုင် "

နှစ်ခုထဲက ရွေးလိုက် "

စုရှောင်က မျက်နှာမဲ့သွားတယ် ။

" အာ... ကျွန်တော် ပဲငံပြာရည် ဝက်လက်ပေါင်း မကြိုက်ဘူး "

နောက်ဆုံးတော့ မင်း ပါးစပ်က ထုတ်ပြောလိုက်ပြီပေါ့.....

မင်းက အရသာမသိတဲ့ ငတုံး...

ယဉ်ကျေးမှု မရှိတဲ့ ငတုံး....

ပဲငံပြာရည် နဲ့ ဝက်လက်ရဲ့ နက်နဲတဲ့ အရသာ၊ ယဉ်ကျေးမှုနဲ့ အလှတရားကို နားမလည်တဲ့ သောက်ရူးကောင်....

ထန်ယီကတော့ ပျော်နေပုံ မရဘူး ။ အဲသည်ကောင်က သိုင်းရူးနေတာ ။ သူက အခု အားလပ်ချိန်ကို သိုင်းကျင့်ဖို့ သုံးမှာ အသေအချာပဲ ။

သည်တော့ ကျုပ်အနေနဲ့ စုရှောင်ကို ပဲငံပြာရည် ဝက်လက်ပေါင်း ဝယ်ကျွေးဖို့ ဥာဏ်ဆင်ကိုဆင်မှ ရတော့မယ် ။

အဲသည်အချိန်မှာပဲ ရှန်းယိရန်က ရုတ်တရက်ကြီး ပြောလာတယ် ။

" ယန်လင်း.... နင်သည်နေ့ သိုင်းမကျင့်နဲ့တော့ "

ထန်ယီရဲ့ ခေါင်းက ချက်ချင်း ငိုက်စိုက် ကျသွားတယ် ။ အစောပိုင်းတုန်းကလို ခေါင်းမထောင်နိုင်တော့ဘူး ။

" မင်းရဲ့ သိုင်းပညာ အပေါ်မှာ ဘယ်လောက်အထိ ရူးသွပ်လဲ ဆိုတာ ငါသိတယ် ။ ငါလည်း မင်းကို ပိုသန်မာလာစေချင်တာပေါ့ ။ ဒါပေမဲ့ အချိန်ပြည့် တစ်ယောက်တည်း သိုင်းလေ့ကျင့်နေတာက မင်းကို တိုးတက်ဖို့ အကူအညီ ဖြစ်စေမှာ မဟုတ်ဘူး ။ မင်းက အခုမှ ငယ်ငယ်လေးပဲ ရှိသေးတယ် ။ သည်တော့ တခြားကိစ္စတွေအတွက်လည်း အချိန်ပေးဦး ။ လူငယ်ဆိုတာ အလုပ် နဲ့ အားလပ်ချိန်ကို မျှမျှတတ ထားသင့်တယ် "

အစ်မကြီးရှန်းက ထန်ယီထက် တစ်နှစ်ပဲ ကြီးပေမယ့် သူ့ရဲ့ အတွေ့အကြုံကိုတော့ သွားနောက်လို့ မရဘူးဗျ ။ အဲဒါကြောင့်လည်း ဧကရာဇ် ကိုယ်တိုင်က သူ့ကို ပထမတန်းစား သိုင်းသမားအဖြစ် ချီးမြှင့်ထားတာပဲ ။

ကျုပ်က ထန်ယီကို သွားသောက်ဖို့ လက်အမူအယာ ပြလိုက်တယ် ။

" သွားသောက်ကြစို့ .... ဒါပေမဲ့ ကျသင့်ငွေကိုတော့ မင်းရှင်း " ဆိုတဲ့ အဓိပ်ပါယျနဲ့ပေါ့ ။

ထန်ယီကလည်း မငြင်းဘူး ။ ပြုံးပြီး ခေါင်းညိတ်တယ် ။ ကြည့်ရတာ သူက သဘောတူပုံပဲ ။

မိုက်ပြီဟေ့..... စုရှောင်က ကျုပ်ကို စားစရာ ဒကာ ခံမယ်...... ထန်ယီက ကျုပ်ကို သောက်စရာ ဒကာခံမယ် ....

ဟား....ဟား....သည်နေ့ထက် ကံကောင်းတဲ့နေ့ကော ရှိပါဦးမလားကွာ....

ကျုပ်က နတ်မင်းရှစ်ပါး စားသောက်ဆိုင် နဲ့ တုန်းပို စားတော်ဆက်.... ဘယ်ဟာကို ရွေးရမလဲ ဆိုပြီး ဗျာများနေတုန်းမှာပဲ အစ်မကြီးရှန်းကပြောလာတယ် ။

" ဒါပေမဲ့ မင်းတို့ထဲက တစ်ယောက်ကတော့ သည်နေ့မှာ လုပ်ဆောင်ချက် သိပ်မကောင်းဘူး။ ဒါကြောင့် ယန်လင်းနဲ့ရှောင်ဟန်က အရင် သွားနင့်ကြ ။ မင်းဖေးဟန်... နင်ကတော့ နေခဲ့ဦး "

ထန်ယီ နဲ့ စုရှောင်က နည်းနည်းတော့ ထူးဆန်းနေတယ် ဆိုတဲ့ ပုံစံနဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်တယ် ။ ဒါပေမဲ့လည်း ဘာမှ မပြောဘဲ ထွက်သွားကြတယ် ။

ဟမ်....

ကိစ္စက ပြန်ဖြစ်ဦးမှာလား....

အရင်တစ်ခေါက် နေခဲ့ဖို့ ပြောတုန်းက အစ်မကြီးရှန်းက ကျုပ်ကို မင်သွေးကျောက်ပြားနဲ့ သေအောင်ဆော်ခဲ့တာလေ ။

မဖြစ်ဘူး..... သင်ခန်းစာ ယူရမယ် ။

ကျုပ်အနေနဲ့ အစ်မကြီးရှန်း မေးတဲ့ မေးခွန်းတွေကို ဆန့်ကျင်ဘက် ဖြေလို့ မရဘူး ။ ပြီးရင် အစ်မကြီးရှန်း ပစ္စည်းတွေကိုလည်း ခိုးကြည့်လို့ မဖြစ်ဘူး.....

" နင်အခုပဲ ငါ့ရဲ့ ရင်သားတွေကို ခိုးကြည့်လိုက်တာ မဟုတ်လား ။ နင် တော်တော် လွန်နေပြီ "

သေစမ်း..... ကျုပ်တော့ ထောင်ချောက်ထဲ ကျသွားပြန်ပြီဗျို့.......

" အစ်မကြီးရှန်း...... ကျွန်တော် တောင်းပန်ပါတယ် "

အစ်မကြီးရှန်းရဲ့ တိုက်တိုင်းအောင် မင်သွေးကျောက်ပြားက အကြောင်းသုံးပါး ရွေးတာ မဟုတ်ဘူးဗျ ။ အဲသည်အတွက် ကျုပ်က အလျင်အမြန်ပဲ နောက်ကို ဆုတ်လိုက်တယ် ။

ဒါပေမဲ့ အစ်မကြီးရှန်းက သည်တစ်ခါမှာတော့ ကျုပ်ကို မရိုက်ဘဲ ရွှန်းလဲ့နေတဲ့ မျက်ဝန်းတွေနဲ့ ကျုပ်ကို မော့ကြည့်လာတယ် ။ ကျုပ်တို့ နှစ်ယောက်ရဲ့ မျက်လုံးခြင်း ဆုံတော့ ကျုပ်က ဘာလုပ်လို့ ဘာကိုင်ရမယ် မသိတော့ဘူး ။

သူက ကျုပ်ကို အကြောင်းအရင်းကို မမေးခင်မှာ အကြာကြီး စိုက်ကြည့်နေသေးတယ်ဗျ ။

"ဘာလို့လဲ "

"ဘာ...ဘာလို့လဲ...ဆိုတော့....အစ်မကြီးရှန်းက အရမ်း လှနေလို့ပါ "

အစ်မကြီးရှန်းရဲ့ ဖွေးဥနေတဲ့ မျက်နာက ရှက်သွေးဖြာပြီး ပန်းနုရောင် သန်းသွားတယ် ။ ပြီးမှ မေးလာတယ် ။

" ငါက မင်းကို အဲသည်ကိစ္စ မေးတာ မဟုတ်ဘူး ။ ငါမေးတာက နင် လျူရှန်းမန်မှာ ဘာဖြစ်လို့ နေချင်ရတာလဲလို့ မေးတာ "

အမ်.... အစ်မကြီးရှန်း မေးချင်တာက ဒါလား ....

အမှန်အတိုင်း ပြောရရင် အစတုန်းက မင်းကို ခေါ်ခဲ့တာက မင်းရဲ့ ဒေါ်လေးကို လျူရှန်းမန်ထဲ ဝင်လာစေချင်လို့ပဲ ။ ပြီးတော့ မင်းရဲ့ ဂိုဏ်းကလည်း လျူရှန်းမန် အတွက် အားကိုးရတဲ့ အထောက်အပံ့တစ်ခု ဖြစ်လာနိုင်တယ်ဆိုတာ ငါသိတယ်။ ဒါကြောင့်ပဲ ချွင်းချက်အနေနဲ့ ထားပြီး မင်းကို တရားဝင် အစိုးရအမှုထမ်းတစ်ယောက်အဖြစ် ခန့်အပ်ခဲ့တာ

အစ်မကြီးရှန်းက ဆက်ပြောတယ် ။

" စုရှောင်က ရိုးသားတယ် ၊ စိတ်ထားဖြူစင်တယ်။ သူ့ရဲ့ သိုင်းပညာက အခုချိန်မှာတော့ မမြင့်သေးပေမယ့် သူ့ရဲ့ ခံယူချက်က ငါတို့နဲ့ ကိုက်ညီတယ်။ ဒါကြောင့် သည်နေရာကပဲ သူ့ရဲ့ စံနှုန်းတွေနဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အကောင်းဆုံး နေရာလို့ ငါ ယုံကြည်တယ် "

" ထန်ယီကတော့ လက်စားချေဖို့အတွက် ရှင်သန်နေတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ငါက သူ့ကို တရားခံ ရှာတွေ့အောင် ကူညီပေးနိုင်တယ်၊ သူ့ရဲ့ ရန်ငြိုးကိုလည်း ဖြေရှင်းပေးနိုင်တယ်။ ဒါကြောင့် လျူရှန်းမန်က သူ့အတွက် သင့်တော်တဲ့ အိမ်တစ်လုံး ဖြစ်နိုင်တယ် "

" ဒါပေမဲ့ နင်ကတော့ မတူဘူး ။ မင်းဖေးဟန်... နင် ဘာလိုချင်နေတာလဲဆိုတာကို ငါ တကယ် မသိဘူး "

" ငါ့ကို ဖြေစမ်းပါ...... လျူရှန်းမန်က နင်လိုချင်တာကို ပေးနိုင်လို့လား။ နင် ဘာကြောင့် သည်နေရာကို ရွေးချယ်ခဲ့တာလဲ "

ကျုပ်က ခဏလောက် စဉ်းစားလိုက်တယ် ။ပြီးမှ

" အဖြေ မပေးခင်မှာ အရင်ဆုံး ကျွန်တော် မေးခွန်းတစ်ခု မေးချင်ပါတယ်...လက်ထောက်ခေါင်းဆောင်ရှန်း "

" မေး"

" ကျွန်တော်မေးချင်တာက အဲသည် စာရင်းစာအုပ် ကိစ္စအကြောင်းပါ။ အဲသည် အချိန်တုန်းက ကျွန်တော်သာ စာအုပ်ကို ဧကရာဇ်လက်ထဲ ရောက်အောင် မလုပ်လိုက်နိုင်ဘူးဆိုရင် လက်ထောက်ခေါင်းဆောင်ရှန်း အနေနဲ့ ကိစ္စကို ဘယ်လို ကိုင်တွယ်မလဲ "

ကျုပ်က ခဏ ရပ်လိုက်ပြီး အသံကို ပိုလေးနက် တည်ကြည်အောင် ပြင်လိုက်တယ် ။

" ဧကရာဇ်က သူ့သားတော်တွေကို ဘယ်လောက် ချစ်လဲဆိုတာ လူတိုင်း အသိပဲ ။အဲသည်အတွက် မင်းသားချန် အကျင့်ပျက်ခြစားနေတယ်ဆိုတာ သိသွားရင်တောင် သူ့ကို ကြီးကြီးမားမား အပြစ်ပေးမှာ မဟုတ်ဘူး ။ ဒါပေမဲ့.....လျူရှန်းမန်ကတော့ မင်းသားတစ်ပါးကို ရန်စသလို ဖြစ်သွားမှာ အသေအချာပဲ "

" ငါ..."

ရှန်းယိရန်က တန်းပြီး မဖြေဘူး ။ သူက ခဏလောက် စဥ်းစားလိုက်သေးတယ် ။ ပြီးမှ

" ငါသူ့ကို အရေးယူမှာ " လို့ ဖြေတယ် ။

ဟူး....

ကျုပ်က သက်ပြင်း မချဘဲ မနေနိုင်တော့ဘူး ။

" မိုက်မဲလိုက်တာ "

ရှန်းယိရန်က ကျုပ်ကို အထင်သေးတဲ့ အကြည့်နဲ့ ကြည့်ပြီး ပြန်ပြောတယ် ။ မင်သွေးကျောက်ပြားကလည်း ဘယ်နေမလဲ ။ နောက်ကနေ ဆက်လိုက်လာတာပေါ့ ။

"မိုက်မဲတာက နင်ဟဲ့..."

ခွပ်....

" ကျွန်တော်ကတော့ အဲသည်လို မိုက်မဲတဲ့ အလုပ်မျိုး လုပ်မှာ မဟုတ်ဘူး "

ကျုပ်က မဆိုစလောက်ကလေး နာကျင်နေသေးတဲ့ မျက်နှာကို ပွတ်ပြီး ဆက်ပြောလိုက်တယ်။

"ဒါပေမဲ့ အဲသည်လို မိုက်မဲတဲ့ အလုပ်မျိုး လုပ်မယ့် အထက်လူကြီး ရှိနေတာကိုတော့ ကျွန်တော် အရမ်း ဂုဏ်ယူတယ် "

" အဲဒါကြောင့်ပဲ လျူရှန်းမန်ကို ကျွန်တော် ရွေးခဲ့တာ "

" ကျွန်တော့် အဖြေကို ကျေနပ်မှု ရှိရဲ့လား... လက်ထောက်ခေါင်းဆောင်ရှန်း..."

ရှန်းယိရန်က ကျုပ်ကို စိုက်ကြည့်နေတယ်။

သူ ကျုပ်ကို ဘယ်လို သတ်မှတ်ထားလဲတော့ ကျုပ်လည်း မသိဘူး။

ရုတ်တရက် သူက ပြောလိုက်တယ်။

"အစ်မကြီးရှန်း "

"ဟမ်... ဘာလဲ..."

ရှန်းယိရန်က ကျုပ်ကို တစ်ချက်ကြည့်ပြီး ပြောတယ်။

"နောက်ပိုင်း နင်နဲ့ငါ့ နှစ်ယောက်တည်း ရှိတဲ့ အချိန်ဆိုရင် ငါ့ကို အစ်မကြီးရှန်းလို့ပဲ ခေါ် "

"နင်က ငါ့ကို အစ်မကြီးရှန်းလို့ ခေါ်နေကျဆိုတော့ အခု လက်ထောက်ခေါင်းဆောင် လို့ ခေါ်တာ နားထဲမှာ နေသားမကျဘူး "

" သည်နေ့ကစပြီး ကျွန်တော် မင်းဖေးဟန်က အစ်မကြီးရဲ့ အမှုတော်ကို အရိုးကျေကျေ အရေခန်းခန်း ထမ်းပါ့မယ် "

"သွားတော့..."

"ယန်လင်နဲ့ စုရှောင်ကို ခေါ်ပြီး လျှောက်လည်လိုက်ဦး "

"ဒါပေမဲ့ မနက်ဖြန်ဆို အလုပ်ပြန်ဆင်းရမှာ ဆိုတော့ အရမ်းကြီး မလွန်စေနဲ့ "

"ပြောစရာ ကျန်သေးလား..."

တကယ်တမ်းတော့ ကျုပ်အနေနဲ့ ဘာမှ မပြောလိုက်ရင် ဇာတ်လမ်းက ပြီးနေပြီဗျ ။

ဒါပေမဲ့ ကျုပ်က ရုတ်တရက်ကြီး မင်သွေးကျောက်ပြားစာ စားနေရတာကို မဝသလို ခံစားလာရတယ် ။ အဲသည်တော့ ထုံးစံအတိုင်း အာချောင်တော့တာပေါ့ ။

" မ...မကျန်တော့ပါဘူး ။ ဒါပေမဲ့ အစ်မကြီးရှန်း အဝတ်အစားလဲရင် တံခါးကို သေသေချာချာလေး ပိတ်ပေးလို့ရမလား ။ အခုကျတော့ အစ်မကြီးရှန်း အဝတ်အစားလဲတိုင်း ကျွန်တော်က တခြားလူတွေ ခိုးကြည့်မှာ စိုးလို့ အပြင်ကနေ စောင့်ကြည့်ပေးနေရတယ်ဗျ "

ဖုန်း......ဖုန်း.....ဖုန်း.....

ထင်တဲ့အတိုင်းပဲ ။ အစ်မကြီးရှန်းရဲ့ လက်ရည်က လုံးဝ ကျမသွားဘူးဗျ ။ သုံးချက်ဆက် ထုလိုက်တာတောင်မှ တစ်ချက်တည်း ထုလိုက်တယ်လို့ ထင်ရအောင် မြန်လွန်းတယ် ။

Lord. Zen

All Chapters