← Chapters

အခန်း ၄၃

Vol. 5 Ch. 43

အခန်း ၄၃

Vol. 5 Ch. 43

ရွှေလက်ဆေးတဲ့ သိုင်းဘုရင်

စာစဥ်၅ အပိုင်း၄၃

ပြဿနာ ရှာမယ့် မင်းသားချန်

သာယာလှတဲ့ တူရိယာသံတွေနဲဲ့အတူ ချောမောလှပတဲ့ ကချေသည်မလေးတွေက မင်းသားချန်ရဲ့ ရှေ့တော်မှောက်မှာ လှပစွာ ကပြ အသုံးတော် ခံနေလေရဲ့ ။ ဒါပေမဲ့လည်း သူတို့ရဲ့ အက၊အလှတွေက မင်းသားချန်ရဲ့ စိတ်ကို ဖမ်းစားနိုင်စွမ်းတော့ ရှိပုံ မရဘူး ။

ကျုပ်ကြားတာကတော့ မင်းသားချန်က အခုရက်ပိုင်းမှာ ဒေါသထွက်လွန်းလို့ လမ်းလျှောက်ရင်းနဲ့တောင် ခလုတ်တိုက်ပြီး ချော်လဲခဲ့တယ်တဲ့ ။ပြီးတော့ အဲသည် ချော်လဲမှုကြောင့် ဒဏ်ရာတောင် ရခဲ့သေးတယ်ဆိုပဲ ။ ဒါပေမဲ့ အဲဒါက ကောလာဟလ ဆိုတော့ ဘယ်အပိုင်းအထိ မှန်မလဲ ဆိုတာကိုတော့ ကျုပ်လည်း အာမမခံရဲဘူးဗျို့ ။

ဂီတသမားတွေ နဲ့ ကချေသည်မလေးတွေကလည်း မင်းသားချန် သည်ရက်ပိုင်းမှာ စိတ်လွတ်နေတာကို သိပုံရတယ်ဗျ ။ သူတို့က မျက်နှာတွေ ဖြူဖပ်ဖြူရော် ဖြစ်နေကြပေမယ့် တီးမှုတ်၊ ကခုန်တာကိုတော့ လုံးဝ မခိုရဲကြဘူး ။ အမှားတစ်ချက်တောင် မပါအောင် ကြိုးကြိုးစားစား တီးမှုတ်၊ကခုန် နေကြတယ် ။

သူတို့က မင်းသားချန်ဆီမှာ အမှုထမ်းခဲ့ကြတာ ကြာပြီ ဆိုတော့ မင်းသားချန်အကြောင်းကို မသိဘဲ မနေဘူး ။ မင်းသားချန် ဆိုတာက သာမန်အချိန်တွေမှာ စိတ်ရင်း သိပ်မဆိုးလှပေမယ့် သူစိတ်အလိုမကျတဲ့ အချိန်မှာ အမှားလုပ်တဲ့သူကို တွေ့ရင်တော့ ကောင်းကောင်းကြီး အပြစ်ပေးတတ်တဲ့ လူတစ်ယောက်ဗျ ။

" မင်းတို့အားလုံး ထွက်သွားကြစမ်း "

မင်းသားချန်ရဲ့ အသံကို ကြားတော့ လူတွေအားလုံးက အခန်းထဲကနေ သူ့ထက်ငါ ဦးအောင် အလျိုလျို ပြေးထွက် သွားကြတယ် ။မသိရင် သူတို့က ခွေးခေါင်းဓားစက်ကနေ လွတ်ငြိမ်းခွင့် ရသွားကြသလိုပဲ ။

ခဏကြာတော့ မင်းသားချန်ဘေးမှာ လူဆိုလို့ ဝတ်စုံဖြူ ဝတ်ထားတဲ့ ဓားသမား တစ်ယောက်ပဲ ကျန်တော့တယ် ။ အဲသည် ဓားသမားကတော့ မင်းသားချန်ရဲ့ အားအကိုးရဆုံး လက်ရုံး တဖြစ်လဲ ဟွာဆန်း ဂိုဏ်းချုပ် ကျားယွင်ဖုန်းကလွဲပြီး တခြား မရှိဘူး ။

" အဲသည်ကောင်က ဘယ်က သောက်ကောင်လဲကွ.... ငါ့လူတွေ သုံးရက်လုံး ရှာလို့တောင် မတွေ့တဲ့ဟာကို သူက မျက်စိတစ်မှိတ်အတွင်း ရှာတွေ့သွားတယ်တဲ့လား "

မင်းသားချန် စေလွှတ်လိုက်တဲ့ လူတွေက ကျားယွင်ဖုန်းရဲ့လူတွေလေ ။ အဲသည်တော့ မင်းသားချန်က ကျားယွင်ဖုန်းကို သွယ်ဝိုက်ပြီး အပြစ်တင်လိုက်တယ် ဆိုတာ အသိသာကြီးပဲ ။

ကျားယွင်ဖုန်းက အနည်းငယ် အရှက်ရသွားတဲ့ အမူအရာနဲ့ ပြောလာတယ်။

" စိတ်ဆိုးတော်မမူပါနဲ့ အရှင်မင်းသား ။ ကျွန်တော်မျိုး အဲသည်လူအကြောင်း စုံစမ်းပြီးပါပြီ။ သူ့နာမည်က မင်းဖေးဟန်ပါ ။ မကြာသေးခင်ကမှ လျူရှန်းမန်ထဲ ဝင်လာတဲ့ အစိုးရအမှုထမ်းတစ်ယောက်ပါ။ မင်းသားလည်း သိပါတယ်။ လျူရှန်းမန်က သိုင်းပြိုင်ပွဲအတွက် အင်အားဖြည့်တင်းဖို့ လူသစ်ရွေးခဲ့တာဆိုတော့ ရွေးချယ်ခံရတဲ့သူတွေက ဘယ်လိုမှ ညံ့ဖျင်းနေမှာတော့ မဟုတ်ပါဘူး "

"ဒုန်း"

မင်းသားချန်က စားပွဲကို လက်နဲ့ အားကုန်ရိုက်ချလိုက်ပြီး အော်ဟစ်တယ်။

"သူက မညံ့ဘူးပေါ့....ဒါဆို မင်းတပည့်တွေကတော့ အသုံးမကျတဲ့ အမှိုက်ကောင်တွေဆိုတဲ့ သဘောလား....."

"ငါ့လက်အောက်မှာ ဟွာဆန်း ၊ စုန့်ရှန်းနဲ့ ချင်းချန်ဆိုပြီး ဂိုဏ်းကြီးသုံးဂိုဏ်းတောင် ရှိခဲ့တာ။ မင်းက မင်းတို့ ဟွာရှန်းဂိုဏ်းတစ်ဂိုဏ်းတည်းနဲ့ ကျန်နှစ်ဂိုဏ်းကို ယှဉ်နိုင်တယ်လို့ ပြောခဲ့လို့ ငါက အဲသည်ဂိုဏ်းချုပ်နှစ်ယောက်ကို ကန်ထုတ်ပစ်လိုက်တာလေ ။ အခုဆိုရင် အဲသည်ဂိုဏ်း နှစ်ဂိုဏ်းက ငါ့ကို ရန်ငြိုးတောင် ထားနေကြပြီ မဟုတ်ဘူးလား "

"ပြီးတော့ မင်းတပည့်တွေကို မကောင်းဆိုးရွား ဂိုဏ်းသားတွေလို ဟန်ဆောင်ခိုင်းပြီး ချာယွင် အိမ်က စာရင်း စာအုပ်ကို သွားခိုးဖို့ အကြံပေးခဲ့တာလည်း မင်းပဲ မဟုတ်လား။ နောက်ဆုံးတော့ စာအုပ်ကို မရခဲ့တဲ့အပြင် ငါပါ ခမည်းတော်ရှေ့မှာ မျက်နှာ ပျက်ခဲ့ရပြီ "

မင်းသားချန်က ပြောလေ ၊ ပြောလေ ပိုပြီး ဒေါသထွက်လေပဲ ။ အဲသည်နောက်မှာ သူက အနားမှာ ရှိတဲ့ ပန်းအိုးတစ်လုံးကို ဆွဲယူလိုက်တယ် ။

"တစ်ခုခု အပြစ်ဖြစ်ပြီဆို ငါပဲ .... ငါပဲ ခေါင်းခံနေရတယ် ။ အခုလည်း ငါပဲ အကျယ်ချုပ် ခံနေရတယ် ။ မင်းတို့ကျတော့ သာသာယာယာပဲ ။ xီးပဲကွာ.....ငါxိုးကို အကျယ်ချုပ်ပါလား "

စကားပြောနေရင်းနဲ့ ပိုပြီး မာန်ပါလာတဲ့ မင်းသားချန်က အဆုံးမှာတော့ ပန်းအိုးကို မြေပေါ် ပေါက်ခွဲပစ်လိုက်တယ် ။

" အရှင့်သား....အဲသည်ပန်းအိုးက စုန့်မင်းဆက် ခေတ်က ကျန်ခဲ့တဲ့ နန်းတွင်းသုံး ကြွေအိုးပါ "

"အဲသည်တော့ ငါက ဘာလုပ်ပေးရမှာလဲ......ငါက ကြွေအိုးကို ထိုင်ကန်တော့နေရမှာလား ..... ငါ့ပစ္စည်းတောင် ငါပေါက်ခွဲလို့ မရတော့ဘူးလားကွ"

မင်းသားချန်က ဒေါသပေါက်ကွဲနေတာ ဖြစ်တဲ့အတွက် ကျားယွင်ဖုန်းက နှစ်သိမ့်ပေးသည်ဖြစ်စေ၊ မနှစ်သိမ့်ပေးသည်ဖြစ်စေ ထူးမှာမဟုတ်ဘူး။ ဒါကြောင့် ဂိုဏ်းချုပ်ကျားက ဓားသမားတစ်ယောက်ရဲ့ တာဝန်အတိုင်း တံခါးဘေးမှာပဲ တိတ်တိတ်ဆိတ်ဆိတ် ရပ်စောင့်နေလိုက်တော့တယ် ။

အချိန်အတော်ကြာမှ မင်းသားချန်က ဒေါသနည်းနည်းပြေသွားပြီး မေးလာတယ်။

"မင်း အခုနက ပြောတာ... လျူရှန်းမန်က လူသစ်သုံးယောက် ခေါ်ထားတယ်ဆို... ဟုတ်တယ်မလား။ သူတို့နာမည်တွေက ဘာတွေလဲ... ပြီးတော့ သူတို့တစ်ယောက်ချင်းစီရဲ့ အကျင့်စရိုက်က ဘယ်လိုမျိုးလဲ "

"ဟုတ်ကဲ့ပါ အရှင့်သား..... လျူရှန်းမန်က သည်တစ်ခေါက်မှာ လူရွေးပွဲကျင်းပပြီး လူငယ်သုံးယောက်ကို သွေးသစ်လောင်း ခေါ်ယူခဲ့ပါတယ်။ သူတို့ကတော့ ထန်ယီ၊ မင်းဖေးဟန် နဲ့ စုရှောင်တို့ပါ "

ကျားယွင်ဖုန်းက သည်ကိစ္စနဲ့ ပတ်သက်ပြီး သေသေချာချာ စုံစမ်းထားတယ် ဆိုတာ သံသယ ဝင်စရာ မရှိဘူး ။ သူက လက်ချောင်းတွေကို ရေတွက်ရင်း ပြောလာတယ်။

"သူတို့သုံးယောက်ထဲမှာ သိုင်းပညာအမြင့်ဆုံးက ထန်ယီပါ။ သူက သိုင်းပညာ ဆယ်မျိုးကျော် တတ်မြောက်ထားပါတယ်။ တကယ်လို့ ကျွန်တော်မျိုး အနေနဲ့ သူနဲ့ တစ်ယောက်ချင်း ယှဉ်တိုက်ရမယ်ဆိုရင် အကွက်တစ်ရာ အတွင်းမှာ အနိုင်ယူနိုင်မယ်လို့ အာမ မခံရဲပါဘူး ။ အဲသည်နေ့က ဇာမဏီခန်းမမှာ ကျွန်တော်မျိုးကို ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ခဲ့တဲ့လူကလည်း သူပါပဲ "

" အဲသည်ထန်ယီက မဆိုးဘူး ။ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ငါသူ့ကိုတောင် သိမ်းသွင်းချင်သေးတယ် ။ ဒါနဲ့ ဟိုငါ့ကို ဓားစာခံ လုပ်တဲ့ မိန်းမယုတ်ကကော "

မင်းသားချန်က သူ့ကို ခြိမ်းခြောက်သွားတဲ့ လူကို အခုထက်ထိ မမေ့နိုင်သေးပုံပဲ ။ သူက နှုတ်ခမ်းကို လျှာနဲ့သပ်ပြီး ဆက်ပြောတယ် ။

"အဲသည်အပျက်မကို ငါ့ရဲ့ အစေခံ အဖြစ် အမှုထမ်းခိုင်းပြီး ငါ့ကို ခြိမ်းခြောက်ရင် ဘယ်လို ပြန်ပေးဆပ်ရသလဲ ဆိုတာကို ကောင်းကောင်းကြီး မြည်းစမ်းခိုင်းရမယ် "

" အဲသည်လူက စုရှောင်လို့ ခေါ်ပါတယ်"

ကျားယွင်ဖုန်းက စုရှောင်အကြောင်း ပြောရင်း အနည်းငယ် တွန့်ဆုတ်သွားတယ်။

"အရှင့်သား.... ကျွန်တော်မျိုး သိရသလောက်ကတော့ သူက ယောကျ်ားကြီးပါ "

မင်းသားချန်က မျက်လုံးပြူးပြီး ပြန်ပြောလိုက်တယ် ။

"ဘာ ယောကျ်ားကြီး ဟုတ်လား။ မဖြစ်နိုင်တာကွာ.... သည်လောက် ဆွဲဆောင်မှုရှိတဲ့ လူက ဘယ်လိုလုပ်ပြီး ယောကျာ်းဖြစ်ရမှာလဲ "

မင်းသားချန်က စုရှောင် ယောကျာ်းဖြစ်တယ်ဆိုတဲ့ အချက်ကို လက်ခံချင်ပုံ မရဘူး ။

"အဲသည်လိုပဲ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုးလည်း အတိအကျတော့ မသေချာဘူး။ လျူရှန်းမန်က လူတွေတောင် သူက ယောကျ်ားလား၊ မိန်းမလား ဆိုတာ သေချာ မပြောနိုင်ကြသေးဘူး"

မင်းသားချန်က မျက်နှာပျက်သွားပြီး ပြောလိုက်တယ်။

"ယွင်ဖုန်း မင်းရဲ့ သတင်းရင်းမြစ်က ဘယ်က ရတာလဲ။ အလှလေးတစ်ယောက်ကို ယောကျ်ားရင့်မကြီး ဖြစ်အောင်တောင် သတင်းပေးနိုင်တယ် ။ မင်းပြောတဲ့အတိုင်းဆိုရင် ငါ့ကို ဓားစာခံလုပ်ပြီး ခြိမ်းခြောက်သွားတဲ့သူက လူမဟုတ်ဘဲ တစ္ဆေမ ဖြစ်နေတာများလား "

" ပြီးတော့ နောက်ဆုံးကျန်တဲ့ကောင်ကကော....အဲသည်ကောင်က မကောင်းဆိုးရွားဂိုဏ်းချုပ်လား ဒါမှမဟုတ် သိုင်းလောကမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်လား"

ကျားယွင်ဖုန်းက သိုင်းပညာ ထက်မြက်ရုံတင်မက ဥာဏ်ပညာနဲ့ပါ ပြည့်စုံတယ် ဆိုတာကို ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ဘူး ။ဒါပေမဲ့လည်း သည်တစ်ခေါက် လျူရှန်းမန်ရဲ့ လူသစ်သုံးယောက်ကလည်း သာမန်မဟုတ်တဲ့ ရှားပါး အရည်အရည်အချင်း ရှိသူတွေ ဖြစ်နေကြတယ် ။ သည်တော့ သူ့အနေနဲ့ သက်ပြင်းချပြီး သူ့ရဲ့ ကံမကောင်းမှုအပေါ် လက်သင့်ခံဖို့ပဲ ရှိတော့တယ် ။

"သူ့နာမည်က မင်းဖေးဟန်ပါ။ သူ့အကြောင်း သိထားရတဲ့အချက်ကတော့ သိပ်မများပါဘူး။ နာမည်ကြီး ဂိုဏ်းတစ်ဂိုဏ်းက တပည့်လို့ပဲ ကြားထားပါတယ် အရှင့်သား "

"သူက နာမည်ကြီးဂိုဏ်းကဆိုတော့လည်း ဘာဖြစ်လဲ ။ နာမည်ကြီးဂိုဏ်းတွေက မင်းတို့ ဟွာဆန်းဂိုဏ်းကို ယှဉ်နိုင်လို့လား။ မင်းက ငါ့ကို မကူညီချင်လို့ သက်သက် ဆင်ခြေပေးနေတာ မဟုတ်လား "

စံအိမ် အကျယ်ချုပ် ချခံထားရတာ ဆယ်ရက်တောင် ရှိနေပြီ ဖြစ်တဲ့အပြင် လွတ်လပ်ခွင့်ကပါ မရှိတော့ မင်းသားချန်ရဲ့ ဒေါသတွေက ထိန်းမရတော့ဘူး ။

" ပါထျန်း... ဘယ်မှာလဲ.....ဝင်လာခဲ့ "

" ကျွန်တော် သည်မှာ ရှိပါတယ် အရှင်မင်းသား.....မိန့်တော်မူပါ "

စကားသံ အဆုံးမှာတော့ မီးခိုးရောင်ဝတ်စုံနဲ့ ကိုယ်ခန္ဓာကြီးမားပြီး မျက်နှာကြမ်းတမ်းတဲ့ လူကြီးတစ်ယောက် အခန်းထဲကို ဝင်လာတယ်။

သူကတော့ မြို့တော်ရဲ့ အဆိုးဆုံး လူမိုက်ကြီး ရှင်းပါထျန်း ပဲ။

ရှင်းမိသားစုက မူလကတည်းက မိဖုရားကြီးရဲ့ အမှုတော်ကို ထမ်းဆောင်ခဲ့တဲ့ မိသားစု ဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဧကရာဇ်ဟာ မင်းသားဘဝမှာပဲ မိဖုရားကြီးကို လက်ထပ်ခဲ့ပြီး ရှင်းမိသားစုကလည်း မိဖုရားကြီးအတွက် အကျိုးဆောင်ပေးခဲ့တာ မနည်းဘူး။ ဧကရာဇ် နန်းတက်ပြီး မိဖုရားကြီး အာဏာရလာတဲ့အခါ သူတို့မိသားစုကိုလည်း နန်းတော်ထဲ ခေါ်သွင်းခဲ့တယ်။

ဒါကြောင့် ရှင်းမိသားစုဟာ မြို့တော်ထဲမှာ အတော်လေး ဩဇာအာဏာရှိတဲ့ မိသားစုတစ်စုလို့ ဆိုရမယ် ။

ရှင်းပါထျန်းကတော့ ရှင်းမိသားစုထဲက ထူးခြားတဲ့သူတစ်ယောက် ဖြစ်တယ်။ မွေးရာပါ ကိုယ်ခန္ဓာသန်မာပြီး ရန်ဖြစ်ရတာကိုလည်း အတော်လေး နှစ်သက်တယ်။ အသက် ဆယ့်သုံး၊ ဆယ့်လေးနှစ်လောက်ကတည်းက မြို့တော်က လူမိုက်တွေကို လိုက်စိန်ခေါ်ပြီး ရန်ဖြစ်နေခဲ့တာ။ ပြီးတော့ တိုက်တိုင်းလည်း နိုင်တယ်။

သူက တိုက်ခိုက်တဲ့အခါမှာ လုံးဝ ညှာတာတာမျိုး မရှိဘူး။ လက်သီးတစ်ချက် ထိုးလိုက်ရင်လည်း အားကုန်ပဲ ။ဒါကြောင့် သူနဲ့ ရင်ဆိုင်ဖူးတဲ့သူ အများစုက အရိုးကျိုးတာ၊ အကြောပြတ်တာလို ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့သာ အဆုံးသတ်ခဲ့ကြရတယ်။

နောက်ဆုံးမှာတော့ ရှင်းမိသားစု အကြီးအကဲတွေက ရှင်းပါထျန်းရဲ့ စိတ်ရိုင်းကို ထိန်းချုပ်ရခက်လွန်းတာကြောင့် ကျန်းနန်ဒေသက ဂိုဏ်းကြီးရှစ်ဂိုဏ်းထဲက တစ်ဂိုဏ်းဖြစ်တဲ့ အေးခဲတောင် ဘုရားကျောင်း ကို ပို့ပြီး ဗုဒ္ဓဘာသာသင်၊ သိုင်းပညာသင်ခိုင်းလိုက်တယ်။ သူ့ရဲ့ စိတ်နေစိတ်ထားကို ပြုပြင်ပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့ ။

သည်လိုနဲ့ သူတို့ မသိလိုက်ခင်မှာတင် အနှစ်နှစ်ဆယ်က အလျင်အမြန် ကုန်သွားတော့တယ် ။

ရှင်းပါထျန်း ပြန်ရောက်လာတော့ လူကြီးတစ်ယောက် ဖြစ်နေပြီ ။ သူက အနှစ်နှစ်ဆယ်လုံးလုံး ဗုဒ္ဓတရားတော်တွေ သင်ယူပြီး သိုင်းပညာကို လေ့လာခဲ့ပေမယ့် စိတ်နေစိတ်ထားကတော့ လုံးဝ ပြောင်းမသွားဘူး ။ အဲသည်အစား ပိုတောင် ရက်စက်ကြမ်းကြုတ်လာသေးတယ် ။

အေးခဲတောင် ဘုရားကျောင်းက ငြိမ်းချမ်းမှုနဲ့ မေတ္တာတရားကို အဓိကထားတဲ့ ကျောင်းတော်ဖြစ်တာကြောင့် ကျောင်းထိုင် နဲ့ ဆရာတော်တွေက သူ့ရဲ့ စိတ်သဘောထားကို သိပြီးသား ။ ဒါကြောင့် အဆင့်မြင့်သိုင်းပညာတွေကို မသင်ပေးဘဲ ဘုန်းကြီးကျောင်း သန့်ရှင်းရေးလုပ်တာ၊ အလုပ်ကြမ်းတွေ လုပ်တာပဲ ခိုင်းခဲ့တယ်။

ရှင်းပါထျန်းက အဲသည်လို ဘုန်းကြီးကျောင်းသားဘဝကို မုန်းတီးနေပြီးသား။အဲဒါကိုမှ သိုင်းပညာကလည်း ကောင်းကောင်း မသင်ရတော့ သူ့ရဲ့ အမုန်းတရားက ပိုပိုပြီး ကြီးထွားလာတော့တာပေါ့ ။

သည်လိုနဲ့ တစ်ညမှာတော့ ရှင်းပါထျန်းက ဘယ်လိုမှ သည်းမခံနိုင်တော့ဘဲ သူနဲ့အတူ သန့်ရှင်းရေးလုပ်ရတဲ့ ကိုရင် သာမဏေတစ်ပါးကို လည်ပင်းညှစ်သတ်လိုက်တယ်။ ပြီးတော့ သူတာဝန်ကျ သန့်ရှင်းရေးလုပ်ရတဲ့ ကျမ်းတိုက်ပေါ်က လျှို့ဝှက်သိုင်းကျမ်းတွေကိုပါ ခိုးယူသွားခဲ့တယ်။

သူခိုးသွားတာကတော့ အေးခဲကောင်းကင် ဓားသိုင်း (မူပွား) ကျမ်းတစ်အုပ်နဲ့ ရွှေချပ်ဝတ် (မူပွား )ကျမ်း တစ်အုပ်ပဲ ။

အဲသည်နောက်မှာ ရှင်းပါထျန်းက ကျန်းနန်ကနေ ထွက်ပြေးသွားပြီး သိုင်းပညာ နှစ်မျိုးကို ကျွမ်းကျင်အောင် ဆယ်နှစ်ကျော်ကြာ လေ့ကျင့်ခဲ့တယ်။ သိုင်းပညာ နှစ်မျိုးစလုံးကို အောင်မြင်ပြီးမှ ပြန်လာခဲ့တာပေါ့ ။

ဒါပေမဲ့ သူက အိမ်ကို အရင်ဆုံး မပြန်ဘူး ။

သူပထမဆုံး လုပ်တာက အေးခဲတောင် ဘုရားကျောင်းကို ပြန်သွားပြီး သူ့ကို သန့်ရှင်းရေးအလုပ်တွေ လုပ်ခိုင်းခဲ့တဲ့ ဆရာတော်ကို ခေါင်းဖြတ်သတ်လိုက်တာပဲ ။ အဲဒါအပြင် သူ့ကို ဖမ်းဖို့ ကြိုးစားတဲ့ ရဟန်းခုနစ်ပါးကိုလည်း သတ်ပစ်လိုက်သေးတယ်။

သည်အဖြစ်အပျက်က ကျန်းနန်တစ်ခွင်လုံးကို တုန်လှုပ်သွားစေခဲ့တယ်။

အဲသည်နောက်ပိုင်း သူ့အတွက် သိုင်းလောကမှာ နေရာရဖို့ မဖြစ်နိုင်တော့တာကြောင့် အစိုးရအရာရှိတွေရဲ့ လက်အောက်မှာသာ အမှုထမ်းပြီး အသက်မွေးခဲ့ရတယ်။

နောက်တော့ မိသားစုရဲ့ မိဖုရားကြီးနဲ့ ဆက်နွယ်မှုကို အသုံးချပြီး မင်းသားချန်ရဲ့ လက်အောက်ကို ဝင်သွားခဲ့တယ်။

မင်းသားချန်ကလည်း ဥပဒေ အထက်မှာ သူရှိတယ်လို့ ခံယူထားတဲ့လူ ဆိုတော့ ဘာပြောကောင်းမလဲ ။ ရှင်းပါထျန်းလိုလူကို ဝမ်းသာအားရ ကြိုဆိုတော့တာပေါ့ ။.

ရှင်းပါထျန်း ဝင်လာတာကို မြင်တော့ မင်းသားချန်က ရယ်တယ် ။

"ဟား...ဟား... ပါထျန်း... ငါ့အိမ်တော်မှာ နေရတာ အဆင်ပြေရဲ့လား။ ငါ ဆုချထားတဲ့ အဆိုတော်မလေးကိုရော အခုထိ 'အသုံးချ' နေတုန်းလား "

ရှင်းပါထျန်းကလည်း အလိုက်သင့် ရယ်လိုက်တယ်။

"အရမ်းကို အဆင်ပြေပါတယ်..... အရှင်မင်းသား။ မင်းသားရဲ့ အမြင်ကတော့ တကယ့်ကို လက်ဖျားခါစရာပဲဗျ ။ အဲသည် အဆိုတော်မလေးက လုံးဝ အိစက် နေတာပါပဲ "

"အဲလိုပဲ ဖြစ်နေရမှာပေါ့ ။ ငါက အမြင်တင် ကောင်းတာ ဟုတ်ဘူး။ ခါးအားလည်း ကောင်းတယ်ကွ.... ဟား...ဟား...ဟား..."

သည်ရက်ပိုင်းအတွင်းမှာ စိတ်ဖိစီးနေတဲ့ မင်းသားချန်က သူနဲ့ အပေးအယူတည့်တဲ့ ရှင်းပါထျန်းလိုလူ ရှိနေတဲ့အတွက် အတော်လေးကို သဘောကျနေတယ်။

ကျားယွင်ဖုန်းကတော့ မျက်လုံးကို မှေးထားပြီး ဘေးမှာ တိတ်တဆိတ်သာ ရပ်နေတယ် ။သူက

ဂိုဏ်းချုပ်တစ်ယောက် ဖြစ်တဲ့အပြင် မင်းသားချန်ရဲ့အနီးကပ် သက်တော်စောင့်လည်း ဖြစ်တဲ့အတွက် သည်လိုညစ်ညမ်းတဲ့ စကားဝိုင်းထဲ ဝင်ပြောချင်ပုံ မရဘူး ။

ဒါပေမဲ့လည်း ရှင်းပါထျန်းကတော့ ကျားယွင်ဖုန်းကို အမြဲ မျက်စိဒေါက်ထောက် ကြည့်နေတဲ့သူ ဖြစ်နေတယ် ။

"ဂိုဏ်းချုပ်ကျား... အိပ်ပျော်နေတာတော့ မဟုတ်ဘူးမလား "

ကျားယွင်ဖုန်းက မင်းသားချန်ရဲ့ လက်အောက်မှာ အတော်ဆုံး သိုင်းသမား တစ်ယောက် ။ ပြီးတော့ မင်းသားချန်ရဲ့ အားအကိုးရဆုံး လူယုံလည်း ဖြစ်တယ် ။ ဒါကြောင့် ရှင်းပါထျန်းက မျက်စောင်းထိုးနေတာ ကြာပြီလို့ ဆိုရမယ် ။

"ဂိုဏ်းချုပ်ကျား... ကျုပ်တို့ အတူတူ အလုပ်လုပ်လာတာ တစ်နှစ်တောင် ရှိပြီ။ ဘာလို့ အခုထိ အဲသည်လောက် အေးတိအေးစက် နေနေရတာလဲ။"

ကျားယွင်ဖုန်းက ရှန်းပါထျန်းလို လူယုတ်မာကို

မူလကတည်းက မနှစ်သက်တာကြောင့် မျက်မှောင်ကြုတ်ရုံသာ ကြုတ်လိုက်ပြီး ဘာမှ ပြန်မဖြေဘူး။

"တော်တော့... အပိုတွေ မပြောနဲ့တော့။"

မင်းသားချန်က အေးစက်တဲ့ အပြုံးနဲ့ ပြောလိုက်တယ်။

"ပါထျန်း... ငါ့အိမ်တော်က သိုင်းသမားတွေထဲက ကြိုက်တဲ့လူကို ရွေးလိုက် ။ အရေအတွက်ကိုလည်း လိုသလောက် ခေါ်သွား "

"ပြီးရင် လူတစ်ယောက်ကို မထနိုင်အောင် ရိုက်ခဲ့ ၊ တစ်ယောက်ကို အသက်ရှင်လျက် ဖမ်းခေါ်လာ ၊ နောက်တစ်ယောက်ကိုတော့..... သတ်လိုက်"

Lord.Zen

All Chapters