အခန်း ၄၄
Vol. 5 Ch. 44
ရွှေလက်ဆေးတဲ့ သိုင်းဘုရင်
စာစဥ်၅ အပိုင်း၄၄
မသောက်နိုင်ရင် မမှာနဲ့
မင်းနေပြည်တော်ရဲ့ ညဦးပိုင်း အချိန်အခါ သမယ ......
ကောင်းကင်ယံမှာတော့ ချစ်သူစုံတွဲတွေ လွှတ်တင်လိုက်တဲ့ ပန်းမီးပုံးပျံလေးတွေက လေညှင်းနဲ့အတူ လရောင်အောက်မှာ ယိမ်းနွဲ့လှုပ်ရှား နေကြလေရဲ့ ။
ကျုပ်လား.....
ကျုပ်ကတော့ ကျုပ်ရဲ့ မယားပါသား နှစ်ကောင်နဲ့အတူ မြို့တော်ရဲ့ တောင်ဘက်ပိုင်းကို ချီတက်နေရတာပေါ့ ။
တုန်းပို စားသောက်ဆိုင်က မြို့တော်ရဲ့ အရှေ့ပိုင်းမှာ ရှိတယ် ။ နောက်ပြီး နတ်မင်းရှစ်ပါး စားတော်ဆက်ကတော့ မြို့တော်ရဲ့ အနောက်ဘက်မှာ ။ ဒါပေမဲ့ စုရှောင်ဆိုတဲ့ မအေပေးလေးရဲ့ ကန့်ကွက်မှုကြောင့် ကျုပ်က မြို့တောင်ဘက်ပိုင်းကို ရွေးဖို့ကလွဲပြီး တခြား ရွေးစရာ မရှိတော့ဘူး ။
ကျုပ်က ဝက်လက်ပေါင်း ဒါမှမဟုတ် ဝက်လက်ကင်ကို ပဲငံပြာရည်လေးနဲ့ တို့ပြီး စားချင်တာဗျာ ။ ဒါပေမဲ့ သည်ဒူးမနာသား စုရှောင်က သေချင်သေပါစေ ၊ ပဲငံပြာရည် ဝက်လက်တော့ မစားဘူး ဆိုတဲ့ အမျိုးကဗျ ။
ကျုပ်က အတတ်နိုင်ဆုံး ကြိုးစားပြီး ညှိကြည့်ပါသေးတယ် ။ ဒါပေမဲ့ သည်မျိုးမစစ်လေးက ဘယ်လိုမှ အလျော့မပေးဘူး ။ သည်လိုနဲ့ပဲ နောက်ဆုံးမှာတော့ ကျုပ်တို့က တုန်းပို စားသောက်ဆိုင်လည်း မသွားနိုင် ၊ နတ်မင်းရှစ်ပါး စားတော်ဆက်လည်း မရောက်တော့ဘဲ ကျုပ်အကြံပေးတဲ့ တတိယ နေရာကိုပဲ သွားကြရတော့တာပေါ့ ။
Iကျုပ်တို့ ရောက်လာတဲ့ နေရာက နတ်မင်းရှစ်ပါး စားတော်ဆက်တို့၊ တုန်းပို စားသောက်ဆိုင်တို့လို နာမည်ကြီး စားသောက်ဆိုင်မျိုး မဟုတ်ဘူး။ လူသူအရောက်အပေါက် နည်းတဲ့ ဆိုင်သေးသေးလေး တစ်ဆိုင်ပဲ။
ဆိုင်အပြင်အဆင်က ရိုးရှင်းတယ် ။ စားပွဲ၊ ကုလားထိုင်တွေဆို ဟောင်းနွမ်းပြီး နည်းနည်းတောင် ညစ်ပတ်နေသလိုပဲ ။ သည်နေ့လို ရာသီဥတု သာယာပြီး လည်ပတ်ဖို့ အကောင်းဆုံး အချိန်မျိုးမှာတောင် ဆိုင်ထဲမှာက ထုံးစံအတိုင်း လူတစ်ယောက်မှ ရှိမနေဘူး ။
ပထမဆုံးအကြိမ် ရောက်ဖူးတဲ့သူတွေကတော့ သည်ဆိုင်ရဲ့ ကောင်းကွက်ကို သိကြမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်ကတော့ ရဲရဲကြီး အာမခံတယ်။ သည်ဆိုင်ရဲ့ လက်ရာက လုံးဝ နောက်စရာ မဟုတ်ဘူး ။
နောက်ပြီး သည်ဆိုင်မှာလည်း ထူးခြားတဲ့ နာမည်တစ်ခု ရှိသေးတယ်ဗျ ။
" စွေ့ယွဲ့ရူတောင်း " တဲ့ ။ ( ဓားသွားသဖွယ် နှစ်ကာလများ )
"ခဏ... ခဏလေး...."
စုရှောင်က ရုတ်တရက် တစ်ခုခုကို သတိရသွားသလို မေးလာတယ်။
"စွေ့ယွဲ့ရူတောင်း..... ဟုတ်လား ။ ဒါပေမဲ့ဓားသွား ဆိုတာက ဘယ်ဓားသွားကို ဆိုလိုတာလဲ "
ကျုပ်က မျက်နှာပိုးသတ်ပြီး ရယ်လိုက်တယ်။ စုရှောင်လိုချင်တဲ့ အဖြေကို ကျုပ်လုံးဝ မပေးဘူး ။
"အဟက် ... အဲဒါကိုတော့ သူတို့ကို ကိုယ်တိုင် မေးကြည့်လိုက်လေ..."
ကျုပ်တို့နဲ့ မျက်နှာချင်းဆိုင်က ဆိုင်ရှင်က စုရှောင်ရဲ့ စကားကို ကြားသွားတော့ နှာခေါင်းရှုံ့ပြီး ပြောလာတယ်။
"စွေ့ယွဲ့* ဆိုတာ ဝက်သတ်တဲ့နေရာမှာ သုံးတဲ့ ဓားနာမည်ကို ခေါ်တာ"
စုရှောင်က သူ့နားကိုတောင် မယုံနိုင်တော့ဘူး။
သူက ကျုပ်ကို လှည့်ကြည့်ပြီး မေးတယ်။
"ကျွန်တော်တို့ မြို့တောင်ဘက်အထိ ရောက်လာတာတောင် အစ်ကိုမင်းက ပဲငံပြာရည် ဝက်လက်ပေါင်း စားရမယ့်နေရာကို ရှာတွေ့သေးတာလား..."
ကျုပ်က မျက်စောင်းထိုးပြီး ပြန်အော်လိုက်တယ်။
"မင်းပါးစပ်က အခွန် မဆောင်ရတိုင်း ပေါက်ပန်းလေးဆယ်တွေ လျှောက်ပြောမနေနဲ့ ။ သည်ဆိုင်မှာ ပဲငံပြာရည် ဝက်လက်ပေါင်း မရှိဘူးကွ ..... ပဲငံပြာရည် ဝက်ခြေထောက်ပေါင်း ပဲ ရှိတာ "
"အဲသည် နှစ်ခုက အတူတူပဲ မဟုတ်ဘူးလား..."
ဘာ.......
မင်းဘယ်လို ပြောရဲလိုက်တာလဲ....
တကယ်ကို လူဖြစ်ရှုံးနေတဲ့ကောင်....
မင်းလို ဟင်းတစ်ပွဲရဲ့ အရသာကို မခံစားနိုင်တဲ့ကောင်က ပဲငံပြာရည် ဝက်လက်ပေါင်းနဲ့ ပဲငံပြာရည် ဝက်ခြေထောက်ပေါင်းကို တစ်တန်းတည်း လာထားရဲတယ်ပေါ့.....
ထန်ယီကတော့ ကျုပ်တို့နှစ်ယောက်ကို လုံးဝ အဖက်မလုပ်ဘဲ ခုံမှာ အရင်ဝင်ထိုင်လိုက်တယ်။
"ကျွန်တော်က အရက်ဖိုးရှင်းမယ်... စုရှောင်က စားစရာဖိုးရှင်းမယ်... ဟုတ်တယ် မဟုတ်လား..."
" ဝက်ခြေထောက်စွပ်ပြုပ် ၊ တုန်းပို ဝက်လက် ၊ ဝက်ချိုချဥ် ၊ ဝက်ကုပ်သား ချဥ်စပ်..... ဘာဖြစ်လို့ ဟင်းလျာတိုင်းက ဝက်သားပဲ ဖြစ်နေတာလဲ "
စုရှောင်က ကျုပ်ကို အထင်သေးတဲ့ အကြည့်နဲ့ ကြည့်ပြီး ပြောလာတယ်။
"ကျွန်တော်ကတော့ ပေါ့ပေါ့ပါးပါး တစ်ခုခု စားချင်တယ်..."
"ဒါဆို သည်ဟာစား..."
ကျုပ်က သည်မအေပေးလေးကို ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး ။
ကျုပ် တစ်ဝက်လောက် ကိုက်စားပြီး ကျန်နေတဲ့ သခွားသီးကို သူ့ပါးစပ်ထဲ ထိုးထည့်ပေးလိုက်တယ် ။
ဘာကြောင့်မှန်းတော့ မသိဘူး ။ စုရှောင်ရဲ့ မျက်နှာက ရဲခနဲ ဖြစ်သွားတယ်ဗျ ။ ပြီးတော့ ကျုပ်ကို သခွားသီးနဲ့ ပြန်ပစ်ပေါက်လာတယ် ။
"အစ်ကိုမင်း..... ကျွန်တော့်ကို ဒါပေးတာ ဘာအဓိပ်ပါယျလဲ ။ ကျွန်တော်က စိတ်ကောက်နေတာ မဟုတ်ဘူးဗျ ။ ကျွန်တော့်လို ယောကျာ်းစစ်စစ်ကြီးက ဘယ်တော့မှ စိတ်မကောက်ဘူး "
အိုး..... လူငယ်လေး..... မင်းက နို့နံ့တောင် မစင်သေးပေမယ့် သည်လိုကိစ္စမျိုးမှာ အတော်လေး ဗဟုသုတ ရှိနေပါလား....
ပြီးတော့ မင်းရဲ့ အတွင်းစိတ်က ညစ်ညမ်းနေတယ် ဆိုတာကို သည်ဖေဖေကြီးက မြင်နေရတယ်ကွ......
" စားပွဲထိုး...... သည်ဟာ ၊ သည်ဟာနဲ့ သည်ဟာ ...အကုန်ယူခဲ့ "
ကျုပ်က စုရှောင်ကို အရေးမလုပ်တော့ဘူး ။ အဲသည်အစား ကျုပ်အိတ်ကပ် ပါးနေတုန်းက စိတ်ကူးယဥ်ခဲ့ရတဲ့ ဟင်းလျာတွေကိုပဲ တစ်သီတစ်တန်းကြီး မှာနေလိုက်တော့တယ် ။
"အစ်ကိုမင်း......ဝက်လက်ဟင်းတွေချည်းပဲ ထိုင်မှာမနေနဲ့လေ ။ စားပွဲထိုး..... သူ့ကို စွပ်ပြုပ်တစ်ပွဲ ၊ အရွက်ကြော် ပွဲသေး တစ်ပွဲ အင်း....မဟုတ်သေးဘူး ။ မြေပဲဆံ တစ်ပန်းကန်ပဲ ယူလာခဲ့တော့ "
"စုရှောင်...မင်းက ငါ့ကို ကြက်စာကျွေးနေတာလားကွ... ဟေ...."
ကျုပ်တို့နှစ်ယောက် အချေအတင် စကားများနေတုန်းမှာပဲ ထန်ယီကတော့ ဘယ်သူမှ သတိမထားမိလိုက်ခင် အရက်ကို တိတ်တိတ်လေး မှာပြီးသွားပြီဗျ ။
အဲသည်ကောင်က ပုံမှန်ဆို စကားနည်းပြီး တိတ်တိတ်ဆိတ်ဆိတ်နေတာများတယ်။ ဒါကြောင့်အရက်သောက်ရင် ဘယ်လောက်အထိ ခံနိုင်ရည်ရှိမလဲဆိုတာတော့ ကျုပ်လည်း မသိဘူး။
ဒါပေမဲ့ ကျုပ်တို့ရဲ့ အော်ဟစ်ငြင်းခုံသံတွေကို ကြားရတော့ ဆိုင်ရှင်ရဲ့ မျက်နှာမှာ "ဆိုင်တော့ သည်နေ့ အေးအေးချမ်းချမ်း ဖြစ်တော့မှာ မဟုတ်ဘူး..." ဆိုတဲ့ အမူအရာမျိုး ပေါ်လာတာကို ကျုပ် သတိထားမိလိုက်တယ်။
ဒါပေမဲ့ ကျုပ်က အဲသည်ကိစ္စကို မသိသလို နေလိုက်ပြီး စားပွဲထိုးကိုပဲ ထန်ယီ ဘာမှာလိုက်လဲလို့ တိုးတိုးတိတ်တိတ် မေးလိုက်တယ်။
သူပြန်ဖြေလိုက်တဲ့ အဖြေကြောင့် ကျုပ်မှာ ပါးစပ်ထဲက ကိုက်ထားတဲ့ သခွားသီးတောင် နင်တော့မလို့ပဲဗျို့ ။
ထန်ယီဆိုတဲ့ကောင်က ဝါးရွက်စိမ်း အရက်ကို ဆယ်အိုးတောင် မှာထားတာဗျ ။
"ညီလေး..... ဝါးရွက်စိမ်း အရက် ဆယ်အိုးမှာပြီး မင်းက ဘာလုပ်မလို့လဲ "
စားပွဲထိုးကောင်လေးကလည်း အလန့်တကြားနဲ့ ရှင်းပြလာတယ် ။
"ဧည့်သည်တော်... ကျွန်တော်တို့ဆိုင်က ဝါးရွက်စိမ်းအရက်က တခြားဆိုင်ကဟာတွေနဲ့ မတူပါဘူး။ အရက်ပြင်းအား အရမ်း များပါတယ်။ နည်းနည်းလေး သောက်ရုံနဲ့တင် မူးနိုင်ပါတယ်။ ပုံမှန်ဆို လူတွေက တစ်ခွက်ချင်းပဲ မှာသောက်ကြတာပါ..."
ထန်ယီကတော့ ဘယ်သူပြောတာကိုမှ ဂရုမစိုက်ဘူး ။
"ရပါတယ်... ကျွန်တော် မှာထားတဲ့အတိုင်းသာ ယူလာပေးပါ..."
စုရှောင်ကတော့ လက်ခုပ်တီးပြီး ဝမ်းသာအားရ အော်လိုက်တယ်။
"ကောင်းတယ်.... ကောင်းတယ်ဗျို့....ကျွန်တော်တို့က အမြဲတမ်း အလုပ်တွေနဲ့ပဲ ရှုပ်နေတာ ။နောက်ဆုံးတော့ သည်နေ့ အရက် အဝ သောက်ရပြီပေါ့ "
ထန်ယီကို ထားလိုက်ပါတော့....
အခု စုရှောင်ကပါ အရက်သောက်တတ်နေတာလား....
ကျုပ်ရဲ့ အစီအစဉ်က သည်နေ့ သူတို့နှစ်ယောက်ကို မူးအောင်တိုက်ဖို့ဗျ။
ဒါပေမဲ့ အခုကြည့်ရတာ...
နောက်ဆုံး မူးသွားမယ့်သူက ကျုပ်ပဲ ဖြစ်နေတော့မှာ မဟုတ်ဘူးလား ။
စားပွဲထိုးက အရက်အိုးတွေကို တစ်အိုးပြီးတစ်အိုး မနိုင်မနင်း သယ်လာပြီး စားပွဲပေါ် တင်ပေးတယ်။
"ဧည့်သည်တော်တို့....... မှာထားတဲ့ အရက်ရပါပြီ..."
ပြီးတော့ အရက်သောက်ဖို့ ပန်းကန်လုံးကြီး သုံးလုံးကိုပါ စားပွဲပေါ် ချလိုက်တယ်။
သူက ကျုပ်တို့သုံးယောက်ရဲ့ ဗိုက်တွေက အရက်စည်များ ပြောင်းသွားတော့မလား ဆိုတဲ့ မျက်နှာထားနဲ့ ငေးကြည့်ပြီး လေးစားအားကျမှုတွေ တဖွားဖွား ဖြစ်နေတာ အသိသာကြီးဗျ ။
ထန်ယီက အရက်အိုးရဲ့ အဖုံးကို ဖွင့်လိုက်တယ်။
အဖုံးပွင့်သွားတာနဲ့ တစ်ပြိုင်နက် အရက်နံ့ပြင်းပြင်းက မျက်စိနဲ့ မမြင်ရတဲ့ ချည်မျှင်လေးတစ်ချောင်းလို လေထဲမှာ ပျံ့နှံ့သွားပြီး ကျုပ်တို့ရဲ့ နှလုံးသားကို ချက်ချင်းပဲ ဖမ်းစားလိုက်တယ်။
ကျုပ်က တံတွေးတစ်ချက် မျိုချလိုက်မိတယ်။
ဟူး... ထားလိုက်ပါတော့....
ဘာပဲဖြစ်ဖြစ် ပိုက်ဆံရှင်းရမှာမှ မဟုတ်တာ။ သောက်မယ့်သောက်မှတော့ ဇိမ်ရှိရှိပဲ သောက်လိုက်တော့မယ်.....
ထန်ယီက ပန်းကန်သုံးလုံးကို အရက်အပြည့် ငှဲ့ပေးပြီး လူတစ်ယောက်ရှေ့ တစ်လုံးစီ ချထားပေးတယ်။
ပြီးတော့ သူကိုယ်တိုင်လည်း ပန်းကန်ကို မြှောက်လိုက်တယ်။
စုရှောင်ကတော့ ကြွက်ကလေး တစ်ကောင်လို ပန်းကန်ကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး အရက်နံ့ကို တရှုံ့ရှုံ့အနံ့ ခံနေတယ် ။
အဲသည်နောက် ရုတ်တရက် ကျေနပ်နှစ်သက်တဲ့ အပြုံးကြီး ပေါ်လာတော့တာပဲ။
ကျုပ်ကလည်း ဘယ်နေပါ့မလဲ ။ ပန်းကန်ကို မြှောက်လိုက်တာပေါ့ ။
"ကဲ... ငါတို့သုံးယောက် အဖွဲ့ဖွဲ့တာ လဝက်ရှိပြီ။ သည်အတောအတွင်း ငါ့ကို စောင့်ရှောက်ပေးခဲ့ကြတဲ့ ညီအစ်ကို၊မောင်နှမ..... အဲ... ညီအစ်ကိုတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ နောင်လည်း အတူတူ ကြိုးစားကြမယ်။ ဒုက္ခကို အတူခံမယ်၊ သုခကို အတူခံစားမယ်။ ငါတို့ရဲ့ အနာဂတ်နဲ့ ငါတို့ရဲ့ ခင်မင်မှုအတွက်... သောက်ကြစို့..."
နောက်ဆုံးတော့ ကျုပ်ရဲ့ ရှက်စရာကောင်းတဲ့ အဖွင့်စကားကို အဆုံးသတ်နိုင်သွားပြီဗျ ။
"သောက်ကြစို့ဟေး.."
ကျုပ်က ပန်းကန်ကို မြှောက်ပြီး တစ်ချက် အရသာ ခံကြည့်လိုက်တယ် ။
အား.....
ကောင်းလိုက်တဲ့ အရက်ဗျာ...
အရသာက လျှာဖျားကနေ စီးဝင်သွားပြီး လည်ချောင်းထဲအထိ စိမ့်ခနဲ ဖြစ်သွားတယ် ။ ပြီးတော့ ခါးသက်မှုကို ခံစားလိုက်ရပြီး နွေးထွေးမှုက တစ်ကိုယ်လုံးကို ပြန့်သွားတယ် ။
တကယ် သောက်လို့ကောင်းတဲ့ အရက်ဗျ....
ကျုပ်က ပန်းကန်တစ်လုံးလုံးကို တစ်ခါတည်း ကုန်အောင် မော့လိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ချက် မှုတ်ထုတ်လိုက်တယ်။
ဒါမှ အရက်သောက်တယ်လို့ ခေါ်တာကွ.....
"ဟား...! အရက်က တော်တော်ပြင်းတာပဲ။ မင်းတို့ရော ဘယ်လိုထင်လဲ "
ဒုန်း...
ဒုန်း...
အသံကြားလို့ ကျုပ်ကြည့်လိုက်တော့ အရက်ချိုး ဆရာသမား နှစ်ယောက်က တစ်ငုံတောင် မသောက်ရသေးဘဲ မှောက်သွားကြတာဗျ ။
သူ့တို့ရဲ့ ခေါင်းတွေက စားပွဲခုံပေါ် တင်နေကြပြီး ကျုပ်သွားစမ်းကြည့်တော့ မူးပြီး အိပ်တောင် ပျော်နေကြပြီ ။
ဟေ့ကောင်တွေ....
မင်းတို့ဟာက သောက်တောင် မသောက်ရသေးဘူးလေကွာ ။ အနံ့လေး ရှုရုံနဲ့တင် မူးသွားကြတာလား ။
တောင်းပန်ပါတယ်ကွာ.....
မသောက်နိုင်ရင်လည်း ဆရာကြီးတွေလို မလုပ်ကြပါနဲ့လား.....
အင်း.... အခုလို မူးသွားကြတော့လည်း တစ်မျိုး ကောင်းတာပါပဲ ။ ကျုပ်အနေနဲ့ သူတို့ကို မူးအောင် တိုက်စရာ မလိုတော့ဘူးပေါ့။
အဲသည်နောက်မှာတော့ ကျုပ်က စားပွဲမှာထိုင်ပြီး တစ်ယောက်တည်း စားလိုက်၊သောက်လိုက် ဆက်လုပ်နေတယ် ။
ဟင်းပွဲ ရောက်လာရင် စားလိုက် ၊ ပြီးရင် အရက် သောက်လိုက်နဲ့ပေါ့ ။ ပြီးတော့ သာသနာဖျက် စုရှောင် တားထားလို့ အစောပိုင်းက မမှာဖြစ်ခဲ့တဲ့ ဝက်ခြေထောက်ပေါင်း ကိုလည်း မမေ့ဘူးဗျ။ လှမ်းမှာလိုက်သေးတယ် ။
"အေ့ "
မှာထားသမျှ ဟင်းတွေ ၊ ရှိသမျှ အရက်အိုးတွေ အကုန်လုံး ကုန်တော့မှ ကျုပ်က လေချဥ်တစ်ချက် တက်ပြီး စားတာ၊သောက်တာကို လက်စ သပ်လိုက်တော့တယ် ။
ဟိုဆရာကြီး နှစ်ပါးကတော့ မူးပြီး အိပ်ပျော်နေတော့ ငတ်ကြပေါ့ဗျာ ။ မဟုတ်ဘူးလား ။
အင်း..... စားလို့ ၊ သောက်လို့ ပြီးပြီဆိုတော့ အလုပ်ကိစ္စ စဖို့ အချိန် ရောက်ပြီပဲ ....
ကျုပ်က မတ်တပ် ထရပ်လိုက်တယ် ။
" ဟိုနားက ပုန်းနေတဲ့လူ ။ ထွက်လာခဲ့ "
ကျုပ်စကားဆုံးတော့ မှောင်ရိပ်ကျနေတဲ့ လမ်းကြားတစ်ခုထဲကနေပြီး လူအုပ် တစ်အုပ် ထွက်လာတယ်ဗျ ။
အဲသည်အုပ်စုရဲ့ ခေါင်းဆောင်က အတော်လေး
အရပ်မြင့်ပြီး ခန္ဓာကိုယ်လည်း တောင့်တောင့်တင်းတင်း ရှိတယ် ။
သည်လူက နောက်စရာ မဟုတ်ဘူး ။ သူ့ရဲ့ အသက်ရှူသံကို နားထောင်လိုက်ရုံနဲ့တင် အမာစား သိုင်းပညာ တစ်မျိုး နဲ့ ရွှေချပ်ဝတ် အမျိုးအစားတွေထဲက တစ်မျိုးကို လေ့ကျင့်ထားတဲ့သူဆိုတာ အသိသာကြီးပဲ ။
ကျန်တဲ့လူတွေကတော့ သူ့နဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူး ။ သည်အတိုင်း ရပ်ကွက်ထဲက လူရမ်းကား သာသာ တိုက်ခိုက်ရေး သမားတွေဗျ ။
သူက ကျုပ်ဆီကို ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်လာပြီး ရယ်ရယ်မောမော ပြောတယ်။
"မင်းတို့ သုံးယောက်က ငါ့သခင်ရှာနေတဲ့ သုံးယောက်ပဲ ဖြစ်ရမယ်။ အချိန်မဖြုန်းချင်ဘူးဆိုတော့ နာမည်ပြောလိုက်... ငါက မေးရတာ မကြိုက်ဘူး"
ကျုပ်ထိုင်နေတဲ့နေရာက အရမ်းကို မှောင်ရိပ် ကျနေတယ် ။ လမ်းမီး အလင်းတောင် မရောက်နိုင်တဲ့ထောင့်။ ပြီးတော့ ကျုပ်က ခေါင်းကိုငုံ့ထားတဲ့အတွက် သူက ကျုပ်မျက်နှာကို မမြင်နိုင်သေးဘူး။
ကျုပ်ကတော့ တိတ်ဆိတ်နေလိုက်တယ်။
" ဟီးဟီး....မေးရတာ မကြိုက်ဘူးလို့ ငါပြောနေတာ မကြားဘူးလား "
သူက ရယ်သံကြီးနဲ့အတူ လက်သီးတစ်ချက်ကို ကျုပ်မျက်နှာဆီကို ပစ်ထိုးလိုက်တယ်။
သည်လူက အတော်လေး ရန်လိုတယ်ဗျ ။ ပြီးတော့ အားကလည်း အတော်လေး ကောင်းတယ် ။
သူ့ရဲ့ လက်သီးက လေထုထဲမှာ လှိုင်းတစ်ခု ပဲ့တင် ထပ်သွားပြီး ညည့်ဇီးကွက် တစ်ကောင်ရဲ့ အော်သံလို စူးခနဲ ထွက်လာတယ် ။
လက်သီးရဲ့ အမြန်ကတော့ တကယ့် လျှပ်စီး တစ်စင်းလိုပဲ ။
ဒါပေမဲ့..... အဲသည်လက်သီးက လမ်းတစ်ဝက်မှာ ရုတ်တရက်ပဲ နူးညံ့သွားလေရဲ့ .....
ကျုပ်က သူ့ရဲ့ ပျော့ခွေနေတဲ့ ခန္ဓာကိုယ်ကို ဖမ်းယူလိုက်တယ်။ မဖမ်းလို့လဲ မရဘူး ။ ဆရာသမားက သတိတောင် မေ့နေပြီဗျ ။ ပြီးတော့ သူ့ကို ဘေးဘက် ပစ်ချလိုက်တယ် ။
သည်လူက လက်သီး အားတောင် မထုတ်ရသေးခင်မှာ ကျုပ်လက်ဝါးက သူ့ကို ထိထားပြီးသားဗျ ။ ကျုပ်လက်ဝါးရိုက်ချက်ကို မိသွားတဲ့ သည်လူကတော့ သုံးရက်တိတိ အိပ်နေရတော့မှာ အသေအချာပဲ ။ ပြီးတော့ နိုးလာရင်လည်း ဘာမှ မှတ်မိတော့မှာ မဟုတ်ဘူး ။
ကျုပ်က ကျန်တဲ့ လေးယောက်ကို တစ်ချက်ကြည့်လိုက်တယ်။
သူတို့ကတော့ အခုထက်ထိ ဘာဖြစ်လို့ ဖြစ်သွားမှန်းတောင် မသိသေးတဲ့ပုံပဲ ။
"မင်းတို့သခင် ကံဆိုးတာပဲ ။ ငါသည်နေ့ မအားဘူးကွ "
သူတို့ရဲ့ မျက်လုံးထဲက အံ့အားသင့်မှုတွေ မပျောက်သေးခင်မှာပဲ ကျုပ်က လှုပ်ရှားလိုက်တယ် ။
ကျုပ်ရဲ့ လက်ဝါးရိုက်ချက်က အရပ် လေးမျက်နှာ ပျံ့နှံ့သွားပြီး သူတို့ကို ပိတ်လှောင် ထားလိုက်တယ် ။
ပြီးတော့ ထုံးစံအတိုင်း "ဝုန်း"ဆို အကုန် မေ့လဲသွားတော့တာပေါ့ ။
ကျုပ်ရဲ့ လက်ဝါးရိုက်ချက်က သိပ်ပြီး ထူးထူးဆန်းဆန်း မရှိလှပါဘူး ။ ကျုပ်က ရိကျင်းကျင်းက ရတဲ့ အတွင်းအားကို ထုတ်ပြီး သည်အတိုင်းလည်း ဟိုဟိုသည်သည် ရိုက်လိုက်တာပါပဲ ။
ဟူး.....ခက်တယ်ဗျာ ။ ခင်ဗျားတို့ကလည်း ကျုပ်လို ရိကျင်းကျင်းကို မတတ်ထားတော့ ကျုပ်အနေနဲ့ ဘယ်လို ရှင်းပြရမယ် မသိတော့ဘူး ။
သည်တော့ ရိုးရိုးရှင်းရှင်းပဲ ပြောမယ် ။ ခင်ဗျားတို့က မှတ်ရုံပဲ မှတ်ထားလိုက် ။
ကျုပ်က လက်ဝါးရိုက်ချက် လေးချက်ကို အမြန် ထုတ်လိုက်တယ် ။ ပြီးတော့ သူတို့ မေ့သွားတယ် ။ ဟုတ်ပြီလား ။
ကဲ နားလည်ရင် ဇာတ်လမ်း ဆက်မယ် ....
သူတို့တွေ မေ့မသွားခင်မှာ ကျုပ်က သူတို့ရဲ့ မျက်လုံးကနေပြီး အရာတစ်ခုကို တွေ့လိုက်ရတယ်ဗျ ။
သူတို့ နားမလည်နိုင်တဲ့ အရာ တစ်ခုအပေါ်မှာ ကြောက်ရွံ့မှု ။
အဲသည်မျက်လုံးတွေက ကျုပ်ကို အရင်တုန်းက အချိန်တွေကို ပြန်ပြီး သတိရစေတယ်။
အဲသည်အချိန်တုန်းကလည်း လူတိုင်းက ကျုပ်ကို အခုလို ကြည့်ခဲ့ကြတာပဲ မဟုတ်ဘူးလား.....
ကျုပ်က ကောင်းကင်ပေါ်မှာ သာနေတဲ့ လကို မော့ကြည့်လိုက်တယ်။
အင်း...လရောင်ကလည်း အရင်တုန်းကလိုပဲ ကြည်လင် တောက်ပ နေသေးတာပါလား.....
ဒါပေမဲ့ သည်ညက လုပ်စရာတွေ များတယ်...
ငါမြန်မြန် သွားမှပဲ.....
ကျုပ်က ဆိုင်အပြင်ဘက်ကို ခြေလှမ်း နှစ်လှမ်းလောက် လှမ်းပြီးတော့ အနောက်ကို သတိတရ ပြန်လှည့်လိုက်တယ် ။
"ဆိုင်ရှင်...... ကျသင့်ငွေကိုတော့ အထဲမှာ ရှိတဲ့
မိန်းကလေး ရှင်းလိမ့်မယ်ဗျို့......"
ဆိုင်ရှင်ကလည်း အပြေးထွက်လာပြီး အိပ်ပျော်နေတဲ့ စုရှောင်ကို ကြည့်လိုက်တယ်။
အဲသည်ကောင်လေးကတော့ အရက်မူးပြီး ကယောင်ကတမ်းတွေ ပြောနေလေရဲ့ဗျာ ။
" ဟုတ်တယ် ။ သူရှင်းမှာ "
Lord. Zen