← Chapters

အခန်း ၄၅

Vol. 5 Ch. 45

အခန်း ၄၅

Vol. 5 Ch. 45

ရွှေလက်ဆေးတဲ့ သိုင်းဘုရင်

စာစဥ်၅ အပိုင်း၄၅

စုံထောက်ကြီး မင်းဖေးဟန်

" ရွာသူကြီး..... အခုလို ညည့်နက်သန်းခေါင်ကြီးမှာ ကျုပ်ကို တံခါးဖွင့်ပေးတာ ကျေးဇူးတင်ပါတယ်ဗျာ ။ ဒါနဲ့ ခင်ဗျားမှာ ဘယ်လို လုပ်ပြီး ချာယွင်ရဲ့ အိမ်သော့ ရှိနေတာလဲ "

ရွာသူကြီးက တုန်တုန်ရီရီနဲ့ သော့တစ်ချောင်းကို ထုတ်ယူရင်း ပြန်ဖြေတယ်။

"တကယ်လို့ ကျွန်တော့်ဆီမှာ သော့အပိုတစ်ချောင်းသာ မရှိရင် ညဘက် အိမ်ပြန်မရတဲ့ ရွာသားတွေ ပေါ်လာတဲ့အခါ ဘယ်လိုလုပ်မလဲ။ အဲဒါကြောင့် ကျုပ်ကို ယုံကြည်တဲ့ ရွာသားတွေက သူတို့အိမ်သော့ အပိုတစ်ချောင်းစီ အပ်ထားကြတာပါ "

ပြောပြီးတာနဲ့ သော့ကို သော့ပေါက်ထဲ ထည့်ကာ သော့ဖွင့်လိုက်တယ်။

အင်း... သည်လိုဆိုတော့ ကျုပ်လည်း ချာယွင်ရဲ့ တံခါးကို ဖျက်စရာ မလိုတော့ဘူးပေါ့။

ရွာသူကြီးက ကျုပ်ကို လှည့်ကြည့်ပြီး ပြောလာတယ်။

"မင်းအရာရှိ... ကျွန်တော်တို့လို ပြည်သူတွေကိုလည်း ငဲ့ညှာပေးပါဦးဗျာ။"

ကျုပ်က ဘယ်တုန်းက အရာရှိ ဖြစ်သွားတာတုန်း.....

" ရွာသူကြီး....ကျုပ်က သည်အတိုင်း အထောက်တော် ရဲတပ်သား အဆင့်ပဲ ရှိတာပါ ။ အရာရှိ မဟုတ်ပါဘူး "

"အတူတူပါပဲ အရာရှိမင်းရယ်။ အခု အရာရှိမင်း ရောက်လာတာ အတော်ပဲ။ ကျွန်တော်တို့ရွာမှာ ထူးထူးဆန်းဆန်း ကိစ္စတစ်ခု ဖြစ်နေလို့ အရာရှိမင်းရဲ့ အမြင်ကို နားထောင်ကြည့်ချင်ပါတယ် "

ရွာသူကြီးရဲ့ လက်ထဲကသော့က သော့ပေါက်ထဲ ရောက်နေပြီဗျ ။ ဒါပေမဲ့ သူက လက်ကို မလှည့်သေးဘဲ ကျုပ်ကို ပြုံးပြီး ကြည့်နေတယ် ။

လခွီးတဲ့မှ..... သည်အဘိုးကြီးက ကျုပ်ကို အကျပ် ကိုင်နေတာလား......

" ဟုတ်ပြီ... ဟုတ်ပြီလေ... ပြောကြည့်ပါဦး ။ ကျုပ်နားထောင်ပေးရတာပေါ့ "

" တကယ်တော့ သိပ်ပြီး ထွေထွေထူးထူး မဟုတ်ပါဘူး ဆရာမင်း ။ ကျွန်တော်တို့ရဲ့ ရွာချောင်းထဲမှာ ဆောင်းဦးရောက်တိုင်း လူတွေ အမြဲလိုလို ရေနစ် သေနေကြလို့ပါ ။ အဲဒါ ဆရာမင်း ဘယ်လိုများ အကြံ ပေးချင်သလဲဗျ "

" ခင်ဗျားတို့ ရွာကလူတွေ ဦးနှောက် မရှိဘူးလား ။တကယ်လို့ ဆောင်းဦး ရာသီမှာ ရေနစ်သေတယ်ဆိုရင် နွေရာသီမှ သွားကြပေါ့ "

ဒါပေမဲ့ ရွာသူကြီးရဲ့ နောက်စကားက ကျုပ်ကို ပိုပြီး အာရုံ နောက်သွားစေတယ်ဗျ ။

" အလုပ်မဖြစ်ဘူး ဆရာမင်း ။ နွေရာသီမှာလည်း လူတွေ ရေနစ်သေကြတာပဲ "

" သူတို့က ဘယ်လိုလုပ်ပြီး နွေရာသီကြီးမှာ ရေနစ်သေကြတာတုန်းဟ"

" ကျွန်တော်တို့ ရွာသားတွေက နွေရာသီဆိုရင် ချောင်းထဲမှာ ရေဆင်းကူးနေကျလေ ။ ကျွန်တော်က ရာသီဥတု ပြောင်းတာနဲ့ အားလုံးကို ချောင်းထဲဆင်း ရေမကူးဖို့ သတိ လိုက်ပေးပါသေးတယ် ။ ဒါပေမဲ့ ရေနစ်သေတဲ့လူက သေနေကြပြီ "

ကျုပ် ဘာဆက်ပြောလို့ ပြောရမှန်း မသိတော့ဘူး ။

တကယ့် သောက်ရူးတွေ နေတဲ့ ရွာပဲ......

ကျုပ်လည်း ရွာသူကြီးရဲ့ ပေါက်ကရစကားတွေကို ဆက်နားမထောင်တော့ဘူး။ လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး သော့ကို လှည့်ဖွင့်တယ်။

ပြီးတော့ ရွာသူကြီးဘက်ကို လှည့်ကြည့်ပြီး ခံစားချက် ကင်းမဲ့နေတဲ့ အပြုံးနဲ့ ပြုံးပြလိုက်တယ် ။

" သူကြီး..... ကျေးဇူးပြုပြီး ကျုပ်ကို ခေါင်းစားနေတာတွေ ရပ်ပေးလို့ရမလား ။ ကျုပ်က အခင်းဖြစ်နေရာကို စစ်ဆေးဖို့ လိုတယ် ။ ဒါကြောင့် အရပ်သားတွေ ဝင်ခွင့် မရှိဘူး "

ရွာသူကြီးက ရင်ဘတ်ကို တဒုန်းဒုန်း ပုတ်ရင်း ပွစိပွစိ ပြောလာတယ်။

"အစိုးရ အရာရှိတွေကလည်း..... "

ဘယ်နှစ်ခါ ပြောနေရဦးမှာလဲ... ကျုပ်က အရာရှိ မဟုတ်ဘူးဗျ....

ကျုပ်က ရွာသူကြီးကို ဥပေက္ခာ ပြုလိုက်ပြီး ချာယွင်ရဲ့ အိမ်ထဲ တိုးတိုးတိတ်တိတ် ဝင်သွားလိုက်တယ်။

ပြီးတော့ အိမ်အနှံ့ ဟိုခေါက် ၊ သည်ခေါက် စစ်ဆေးရင်း သံသယဖြစ်စရာ နေရာတွေများ ရှိမလားဆိုပြီး လိုက်ရှာနေမိတယ် ။

ဧကရာဇ်က ကျုပ်ကို ဖြစ်ကြောင်းကုန်စင် ရှင်းပြပြီးသားဆိုပေမယ့် ကျုပ်စိတ်ထဲမှာ အခုထိ မကျေလည်နိုင်သေးတဲ့ ကိစ္စတစ်ခု ရှိနေတုန်းပဲဗျ ။

အဲဒါကတော့ ဟွာဆန်း ဂိုဏ်းသားတွေက မကောင်းဆိုးရွားဂိုဏ်းရဲ့ သိုင်းပညာကို ဘယ်လိုလုပ်ပြီး တတ်နေတာလဲ ဆိုတာပဲ ။

အဲသည်မေးခွန်းကို ကျုပ် အခုထိ အဖြေရှာမရသေးဘူး။

အစတုန်းကတော့ ဟွာရှန်းဂိုဏ်းရဲ့ ပေါင်းစပ် အတွင်းအား ပညာက ထူးခြားလို့ တခြားဂိုဏ်းတွေရဲ့ သိုင်းပညာကို အတုယူနိုင်တာများလားလို့ ကျုပ် ထင်ခဲ့မိတယ်။

ဒါပေမဲ့ သေသေချာချာ ပြန်စဉ်းစားကြည့်တော့ မဟုတ်သေးဘူး။

လူမရှိ၊ ငါမရှိ ဆိုတဲ့သိုင်းက မကောင်းဆိုးရွားဂိုဏ်းမှာ လူသစ်ဝင်လာတိုင်း သင်ပေးတဲ့ အခြေခံသိုင်းတစ်မျိုးပဲ။

ဒါကို ဟွာဆန်းဂိုဏ်းသားတွေက သိုင်းကွက်အစစ်တွေကို သိုင်းကွက်အတုတွေနဲ့ ရောနှောပြီး အတုမှန်း မရိပ်မိအောင် သုံးသွားနိုင်ခဲ့တယ်။

မကောင်းဆိုးရွားဂိုဏ်းကို နှိမ်နင်းရာမှာ အထူးကျွမ်းကျင်တဲ့ ချီလင် ကိုယ်ရံတော် တပ်ကတောင် သူတို့ရဲ့ လှည့်စားမှုကို မခွဲနိုင်ခဲ့ကြဘူး။

လူတချိူ့ကတော့ ထင်ကြမယ် ။ မကောင်းဆိုးရွားဂိုဏ်းရဲ့ အခြေခံ ဓားသိုင်းကို သင်ယူရတာက လွယ်လွယ်လေးပါပေါ့ ။ ဒါပေမဲ့ တကယ်တမ်းမှာတော့ အဲသည်လောက် မလွယ်ဘူးဗျ ။

သိုင်းသမားတော်တော်များများက ဂိုဏ်းတစ်ဂိုဏ်းရဲ့ အခြေခံသိုင်းကွက်တွေကို အထင်သေးတတ်ကြတယ်။

ဒါပေမဲ့လည်း " သိုင်းပညာ အမြင့်ဆုံးရောက်နေတဲ့ ပညာရှင်တစ်ယောက်ဟာ သိုင်းကွက်ကို တစ်ချက်မြင်ရုံနဲ့ အသုံးချနိုင်တယ် "ဆိုတဲ့ စကားက ရှိနေသေးတယ် မဟုတ်လားဗျ ။

သည်နေရာမှာ ကျုပ် ခင်ဗျားတို့ကို ရှင်းရှင်း ပြောလိုက်မယ် ။

အဲသည်စကားက သောက်တလွဲကြီးဗျ ။ သိုင်းလောကထဲမှာတောင် မကျင်လည်ဖူးဘဲ စိတ်ကူးယဥ်ပြီး အာချောင်နေကြတဲ့ကောင်တွေရဲ့ ဦးနှောက်ဆေးတာကို မခံကြနဲ့ဗျ ။

ခင်ဗျားတို့ကို ဥပမာ တစ်ခု ပေးမယ် ။

လက်ရှိ ရှောင်လင်ကျောင်းထိုင်ရဲ့ ရိကျင်းကျင်း က သိုင်းလောကတစ်ခွင်လုံးမှာ ပြိုင်ဘက်ကင်း အတွင်းအားသိုင်း ဆိုပြီး နာမည်ကျော်တယ် ။

ဒါပေမဲ့ သူ့ကို ဝူတန်တောင်ခြေက ထင်းခုတ်သမားတွေတောင် ကစားတတ်တဲ့ လုံချွမ်သိုင်းရဲ့ ခြေကန်ချက်တွေ ပြပေးပါဆိုရင် သူလုပ်ပြနိုင်မယ် ထင်လား ။

မရဘူးဗျ ။ ရှောင်လင်ကျောင်းထိုင် အနေနဲ့ လုံချွမ်သိုင်းကို တစ်ကွက်စ၊နှစ်ကွက်စတော့ ပြပေးမယ်နိုင်မယ် ။ ဒါပေမဲ့ သိုင်းပညာ တစ်ခုလုံးကို အစအဆုံး အမှားအယွင်းမရှိ ပြပေးဖို့ ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး ။

ဘာကြောင့်လဲဆိုတော့ ဝူတန်ဂိုဏ်း နဲ့ ရှောင်လင်ဂိုဏ်းရဲ့ သိုင်းပညာ အခြေခံသဘောတရားတွေက မတူညီကြလို့ပဲ ။

ဒါကြောင့် မျက်စိနဲ့ ကြည့်ရုံသက်သက်လောက်ကတော့ ဘယ်လိုမှ မလုံလောက်ဘူး။ ကိုယ်တိုင် လေ့ကျင့်ဖူးမှသာ အဲသည်သိုင်းကို တကယ် လက်တွေ့ အသုံးချနိုင်တာ ။

ဒါကြောင့် ဟွာဆန်း ဂိုဏ်းသားတွေက မကောင်းဆိုးရွားဂိုဏ်းရဲ့ အခြေခံဓားသိုင်း ကို အသုံးပြုနိုင်တယ်ဆိုတာကြီးက ဘယ်လိုမှ အဓိပ္ပာယ်မရှိတဲ့ ကိစ္စပဲ။

အရေးအကြီးဆုံးက...

သူတို့က အဲသည်သိုင်းကို ဘယ်ကနေ သင်လာတာလဲ......

ဟွာဆန်းဂိုဏ်းမှာ မကောင်းဆိုးရွားဂိုဏ်းက အကြီးအကဲတွေကို အဆိပ်ခပ် ၊ သတိမေ့အောင်လုပ် ၊ ပြီးမှ လျှို့ဝှက်သိုင်းကျမ်းတွေ ခိုးမယ့် ကျုပ်ဆရာလို အရူးမျိုး ရှိမယ်လို့တော့ ကျုပ်က မထင်ဘူးဗျ။

နောက်ပြီး ဟွာဆန်းဂိုဏ်းက သမာဓိ ဘက်တော်သား နာမည်ကြီး အဖြူရောင် သိုင်းဂိုဏ်းတစ်ဂိုဏ်းပဲ။

ဟုတ်ပြီဗျာ.....ဟွာဆန်းက တခြားဂိုဏ်းတွေရဲ့ သိုင်းပညာကို လေ့လာတယ်ပဲ ဆိုကြပါစို့။

လေ့လာမယ်ဆိုရင်လည်း ရှောင်လင်ရဲ့ တုတ်သိုင်း၊ ဝူတန်ရဲ့ လက်သီးသိုင်း ဒါမှမဟုတ် အော်မေ့ဂိုဏ်းရဲ့ ဓားသိုင်းတွေကိုပဲ လေ့လာမှာပေါ့။ ဘယ်လိုလုပ် မကောင်းဆိုးရွားဂိုဏ်းရဲ့ သိုင်းပညာကို သွားလေ့လာနေမှာလဲ။

ပြီးတော့ ဂိုဏ်းတစ်ဂိုဏ်းက တခြားဂိုဏ်းရဲ့ သိုင်းပညာကို လေ့လာတယ်ဆိုတာ ယေဘုယျအားဖြင့် နည်းလမ်းနှစ်မျိုးပဲ ရှိတယ်။

ပထမတစ်မျိုးက...

အချင်းချင်း မဟာမိတ်ဖြစ်တဲ့ ဂိုဏ်းနှစ်ဂိုဏ်း သိုင်းဖလှယ်ပြီး အပြန်အလှန် သင်ယူကြတာ။

ဒုတိယတစ်မျိုးကတော့...

သိုင်းလောကထဲမှာ တခြားဂိုဏ်းက တပည့်တွေနဲ့ ထိပ်တိုက်တွေ့တဲ့အခါ သူတို့ရဲ့ သိုင်းကွက်တွေကို မှတ်သားလာပြီး၊ ဂိုဏ်းပြန်ရောက်မှ အတုယူလေ့ကျင့်ကာ မှတ်တမ်းတင်ထားတာပဲ။

ဒါပေမဲ့.....

ဟွာဆန်းဂိုဏ်းနဲ့ မကောင်းဆိုးရွားဂိုဏ်းက သိုင်းဖလှယ်ပြီး အပြန်အလှန် သင်ပေးနေကြတယ်ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

သိုင်းလောကမှာ မကောင်းဆိုးရွားဂိုဏ်းသားတွေနဲ့ ဆုံမိလို့ သိုင်းကွက် နှစ်ကွက်၊ သုံးကွက်လောက် မှတ်မိလာတာက အထူးအဆန်း မဟုတ်ဘူး ။

ဒါပေမဲ့...

သိုင်းပညာ တစ်ခုလုံးကို အစအဆုံး အသုံးချနိုင်တဲ့အထိ တတ်နေတယ်ဆိုတာတော့ ယုံနိုင်စရာကို မရှိဘူး။

ဒါကြောင့် ကျန်တဲ့ ဖြစ်နိုင်ခြေက တစ်ခုပဲ ရှိတော့တယ်။

အဲဒီ ဟွာဆန်းဂိုဏ်းသားတွေကို မကောင်းဆိုးရွားဂိုဏ်းရဲ့ သိုင်းပညာကို သိတဲ့ တစ်ယောက်ယောက်က ကိုယ်တိုင် သင်ပေးခဲ့တာပဲ။

တခြားတစ်နည်း ပြောရရင်တော့ မင်းနေပြည်တော်မှာ မကောင်းဆိုးရွားဂိုဏ်းရဲ့ ဂိုဏ်းဝင်တွေ အခုထက်ထိ ရှိနေသေးတယ် ဆိုတာပဲ ။

ကျုပ်က ချာယွင်ရဲ့ အခန်းထဲကို ဝင်လိုက်တယ်။ မျက်စိတစ်ချက် ဝေ့ကြည့်လိုက်တာနဲ့တင် အခန်းအခြေအနေ သိသာနေပြီဗျ ။

သူသေသွားပြီးတဲ့ နောက်ကစပြီး သားဖြစ်သူ ချာပီးက သည်အခန်းထဲမှာ နေထိုင်လာတာပဲ ဖြစ်ရမယ်။ဒါပေမဲ့ အခန်းတစ်ခုလုံးကတော့ အမှိုက်သရိုက်တွေနဲ့ ပြည့်နေပြီး မြွေတွေတောင် ဝင်အောင်းနေသလားလို့ ထင်ရတဲ့အထိ ရှုပ်ပွနေတာဗျ။

ဒါပေမဲ့ ချာပီးရဲ့ကိုယ်ကျင့်တရား နဲ့ အကျင့်စရိုက်ကို ပြန်ပြောင်းတွေးလိုက်မိတော့ အခန်း သည်လောက်ညစ်ပတ်နေတာကလည်း မထူးဆန်းဘူးလို့ ကျုပ်ထင်မိတယ် ။

သည်နေရာမှာ ကျုပ်က အခန်းထဲက ပစ္စည်းတွေကို စိတ်ဝင်စားတာ မဟုတ်ဘူး ။ အခန်းရဲ့ တည်နေရာ နဲ့ အခန်း အငွေ့အသက်ကိုပဲ စိတ်ဝင်စားတာ ။

မကောင်းဆိုးရွားဂိုဏ်းသားတွေမှာက အိပ်ခန်းနဲ့ ပတ်သက်ပြီး စီမံတဲ့ စနစ် တစ်ခုရှိတယ်။ တံခါးရဲ့ အနေအထား၊ တိုင်တွေ ၊ တန်းတွေရဲ့ တည်နေရာ၊ ပရိဘောဂတွေရဲ့ နေရာ ချထားပုံ၊ သုံးထားတဲ့ ပစ္စည်းအမျိုးအစား၊ အနံ့အသက်အထိ တစ်ခုလုံးမှာ စနစ်တကျ သတ်မှတ်ထားတဲ့ ပုံစံ တစ်ခုရှိတယ်။

အခု ချာယွင်ရဲ့ အခန်းက အပြင်ပန်းမှာ ရှုပ်ပွနေပေမယ့် အငွေ့အသက်ကတော့ အဲသည် ခံစားချက်မျိုးပဲဗျ ။.

ဒါကြောင့် သည်အခန်းက ကောင်းဆိုးရွား ဂိုဏ်းသား တစ်ယောက်ရဲ့ အခန်းဆိုတာ လုံးဝ သေချာတယ် ။

ဒါပေမဲ့ ပဟေဠိ တစ်ခုလုံးရဲ့ အဓိက ကွင်းဆက်ကတော့ ပျောက်နေတုန်းပဲ ။

ကျုပ်က အခန်းတစ်ဝိုက်ကို ထပ်ကြည့်လိုက်ပြီး ချာယွင်ရဲ့ ကဗ္ဗည်းတိုင် ရှိတဲ့နေရာဆီ လျှောက်သွားလိုက်တယ်။

အခန်းတစ်ခန်းလုံးက ညစ်ပတ်၊ရှုပ်ပွနေပေမယ့် ကဗ္ဗည်းတိုင်ကတော့ အဲသည်လို မဟုတ်ဘူး ။ကြည့်ရတာ လူတစ်ယောက်က ကဗ္ဗည်းတိုင်ကို သေသေချာချာ သန့်ရှင်းပေးထားတဲ့ပုံပဲ ။

ချာပီးက လျူရှန်းမန်မှာ နေနေတာ ဆယ်ရက်ကျော်ပြီ။ အခုထိ ပြန်လာမရသေးဘူး ။

ဒါဆို.... သည်ကဗ္ဗည်းတိုင်ကို ဘယ်သူ သန့်ရှင်းပေးနေတာလဲ......

ကျုပ်က ဘယ်ဘက်လက်နဲ့ ကဗ္ဗည်းတိုင်ကို အသာလေး တစ်ချက် ပွတ်ကြည့်လိုက်တယ်။

အင်း....... ဝါးနဲ့ ထွင်းထားတာပဲ....

ပြီးတော့...

သစ်ခွပန်းရနံ့ သင်းသင်းလေး တစ်ခုကို ရလိုက်တယ်။

အနံ့က အရမ်း ဖျော့လွန်းလို့ ကျုပ်မှ မဟုတ်ရင် ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး။

တခြားလူတွေ အတွက်တော့ မသိဘူး ။ ကျုပ်အတွက်တော့ သည်အနံ့က ရင်းနှီးလွန်းတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အမြဲလိုလို ရှူခဲ့ဖူးတဲ့ ရနံ့မျိုးပဲ ။

သည်ရနံ့က ပြည်မကြီးမှာ ရှိတဲ့ ရနံ့မျိုး မဟုတ်ဘူး ။

ခင်ဗျားတို့ သိအောင် ပြောပြရရင် အနောက်ဘက်ဒေသ ဥပဒေမဲ့ နယ်မြေမှာပဲ ပေါက်တဲ့ ဝါးတစ်မျိုး ရှိတယ်။

မာနကြီးပေမယ့် အထီးကျန်မဆန်တဲ့ ဝါး....

တောင်ကြားထဲက သစ်ခွပန်းလို ငြိမ်သက်အေးချမ်းတဲ့ ရနံ့ကို အမြဲထုတ်လွှတ်နေတဲ့ ဝါး....

အဲသည်ဝါးကို ဒေသခံတွေ

"လန်ကျွင်းကျူး " လို့ ခေါ်တယ်။

ဥပဒေမဲ့နယ်မြေက မကောင်းဆိုးရွားဂိုဏ်းရဲ့ အင်အားကြီး အဖွဲ့နှစ်ဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ လမိုက်ည အဖွဲ့ရဲ့ ဌာနချုပ် တည်ရှိရာ နေရာ ဆိုရင်လည်း မမှားဘူး ။

လွန်ခဲ့တဲ့ ငါးနှစ်တုန်းက စီးမင်ချူးတိုင် နဲ့ အဖြူရောင် သိုင်းဂိုဏ်းတွေ အကြီးအကျယ် တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာလည်း အဲသည်နေရာပဲ။

နောက်ဆုံးမှာတော့ ကျုပ်အားလုံးကို နားလည်သွားခဲ့ပြီ ။

မြို့တော်ထဲမှာ ပုန်းကွယ်နေတဲ့သူတွေက ဘယ်သူတွေလဲ ဆိုတာကိုပေါ့ ။

ပြီးတော့မင်းသားချန်ဘက်က လူတွေက ဘာကြောင့် လန်ကျွင်းကျူးခုံရဲ့ လူတွေအဖြစ် ဟန်ဆောင်ခဲ့တာလဲဆိုတာကိုလည်း ကောင်းကောင်းကြီး သိသွားခဲ့ပြီ ။

မကောင်းဆိုးရွားဂိုဏ်း လမိုက်ည ဌာနခွဲရဲ့ စတုတ္ထ အားအကောင်းဆုံး အဖွဲ့.......

" လန်ကျွင်းကျူးခုံ "

တကယ်ပဲ သူတို့ ဖြစ်နေတာကိုး ။

Lord. Zen

All Chapters