အခန်း ၄၆
Vol. 5 Ch. 46
MARTIAL KING'S RETIRED LIFE
စာစဥ်၅ အပိုင်း ၄၆
လန်ကျွင်းကျူးခုံ
လျှို့ဝှက်တဲ့ လူတစ်စု ရှိတယ် ။ ပေါ်ပေါ်ထင်ထင် မနေဘူး ။ လူအများရဲ့ မျက်ကွယ်ကနေ တိတ်တဆိတ် လှုပ်ရှားနေကြတဲ့သူတွေ။
ပြည့်တန်ဆာ ဂေဟာ နဲ့ လောင်းကစားရုံတွေမှာ သူတို့ ရှိနေတတ်သလို ဘုရားကျောင်းထဲမှာလည်း သူတို့ရဲ့ အရိပ်အယောင်ကို တွေ့နိုင်တယ်။ သိုင်းလောကထဲမှာလည်း သူတို့ရဲ့ ခြေရာတွေ ကျန်နေတတ်တယ်။
ဈေးလမ်းမတွေနဲ့ နန်းတော်အတွင်းမှာတောင် သူတို့ရဲ့ အငွေ့အသက်ကို ရံဖန်ရံခါ မြင်တွေ့နိုင်တယ်။
သူ့တို့ရဲ့ လှုပ်ရှားမှုက အင်မတန် ကျစ်လစ် သိပ်သည်းတယ် ။
သူတို့ရဲ့ တည်ရှိမှုကို ရိပ်စားမိကြသူတွေ ရှိပေမယ့် သူတို့ ဘာလုပ်နေကြသလဲ ဆိုတာကိုတော့ ဘယ်သူမှ တိတိကျကျ မပြောနိုင်ကြဘူး။ သူတို့ရဲ့ ဌာနချုပ်က ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို သိဖို့ဆိုတာကတော့ ပိုလို့တောင် ခက်သေးတယ်။
ပုံမှန်အားဖြင့် သူတို့က လှုပ်ရှားတာ မရှိသလောက် နည်းပေမယ့် တစ်ခါ လှုပ်ရှားလိုက်ပြီဆိုရင်တော့ တိုင်းပြည် တစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်တဲ့ ကိစ္စကြီးမျိုးသာ ဖြစ်လေ့ရှိတတ်တယ် ။
အမြဲလိုလို လူမြင်ကွင်းကနေ ပုန်းကွယ်နေကြပေမယ့် တစ်ခါ ပေါ်လာပြီဆိုရင်လည်း လူတိုင်းကို အံ့ဩတုန်လှုပ်သွားစေမယ့် ပုံစံမျိုးနဲ့ ပေါ်လာတာချည်းပဲ ။
သူတို့က ဧကရာဇ် ဘုရင်မင်းမြတ်ဆီမှာ ဦးဆွေးဆံမြည့် အမှုထမ်းကြပြီး... ဧကရာဇ်ကိုယ်တိုင်ရဲ့ အမိန့်ကိုပဲ တိုက်ရိုက် နာခံကြတယ် ။
သူတို့ကတော့ တခြားလူတွေ မဟုတ်ဘူး ။ ဧကရာဇ်ရဲ့ ခါးပိုက်ဆောင် နန်းတွင်း ကိုယ်ရံတော်တပ်က လူတွေပဲ ။
*******.........*******........*******.......********
သည်နေ့ညမှာတော့ ကောင်းကင်ယံမှာ ကြယ်အလင်းတွေက သိပ်ပြီး မထွန်းလင်းနိုင်ကြဘူး ။
ဒါပေမဲ့ နန်ကျင်းမြို့ပြင်က စွန့်ပစ်ထားတဲ့ ခြံဝင်း အဟောင်း တစ်ခုမှာတော့ ပြဿနာ ဇာတ်ရှုပ်ကြီး တစ်ခုကို အစပျိုးဖို့ ပြင်နေလေရဲ့ ..........
အရပ်မြင့်မြင့်၊ ရုပ်ရည်ခန့်ညားတဲ့ လူတစ်ယောက်က ခြံဝင်းအတွင်းကို စူးစူးစိုက်စိုက် ကြည့်နေတယ်။
သူ့ရဲ့ မျိုးရိုးနာမည်ကတော့ " ထိုက်"
နာမည်က " ဟန်ယီ “
သိုင်းလောကသားတွေကတော့ သူ့ကို "သွေးသံမဏိ ထိုက်ဟန်ယီ" လို့ ခေါ်ကြတယ်။
ထိုက်ဟန်ယီရဲ့ အဲသည်ဘွဲ့နာမည်က အလကားရလာတာတော့ မဟုတ်ဘူး။
သူ့ရဲ့ သိုင်းပညာက အထွတ်အထိပ်ကို ရောက်နေပြီ။ အတွင်းအားကလည်း သာမန်သိုင်းသမားတွေ လိုက်မမီနိုင်တဲ့ အဆင့်တစ်ခုကို ရောက်နေပြီးသား ။
သိုင်းလောကထဲမှာတော့ သူနဲ့ ပတ်သက်ပြီး ဒဏ္ဍာရီ တစ်ပုဒ်တောင် ရှိသေးတယ်။
တစ်ခါတုန်းက လူတစ်ယောက်ဟာ သုံးဆယ်ကီလိုကျော်လေးတဲ့ ဓားမကြီးကို ကိုင်ပြီး အိပ်ပျော်နေတဲ့ သွေးသံမဏိ ထိုက်ဟန်ယီကို ခုတ်သတ်ဖို့ ကြိုးစားခဲ့ဖူးတယ်တဲ့ ။
ဒါပေမဲ့... ဓားသွားက ထိုက်ဟန်ယီ လည်ပင်းပေါ် ကျသွားတဲ့ အချိန်မှာ
"ထန် " ဆိုတဲ့ အသံတစ်ခုပဲ ထွက်ပေါ်လာခဲ့တယ်။
နောက်ဆုံးမှာ ဓားသွားသာ အက်ကွဲသွားပြီး...
ထိုက်ဟန်ယီကတော့ အစင်းရာတောင် မထင်ဘဲ အကောင်းပကတိ ရှိနေတုန်းပဲတဲ့ ။
ဒါပေမဲ့ အဲသည်ကိစ္စက တကယ် ဖြစ်ခဲ့တာလား ၊ ကောလာဟလ သက်သက်လား ဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ကြဘူး ။
ထိုက်ဟန်ယီက လျူရှန်းမန် ထိပ်သီးစာရင်းမှာ အဆင့်နှစ်ဆယ့်တစ်ကို ရရှိထားတဲ့သူ ။
သူက ထိပ်တန်းအယောက်နှစ်ဆယ် ၊ ကျား () အဆင့်ထဲ ဝင်ဖို့ကို သေချာသလောက် ရှိနေတဲ့ သိုင်းသမား ဆိုရင်လည်း မမှားဘူး ။
ဒါ့အပြင် တခြားတစ်ဖက်မှာလည်း သူက ဧကရာဇ်ရဲ့ ခါးပိုက်ဆောင် တပ်ဖွဲ့ဖြစ်တဲ့ နန်းတွင်းကိုယ်ရံတော်တပ်ရဲ့ ထိပ်တန်း တိုက်ခိုက်ရေးသမား ဖြစ်နေသေးတယ် ။
အခုလက်ရှိ ထိုက်ဟန်ယီရဲ့ နံဘေးမှာတော့ အသက်ငယ်ငယ် ၊ ခပ်ချောချော မိန်းမငယ်လေး တစ်ယောက်က ကနွဲ့ကလျ ရပ်နေတယ် ။
မိန်းမငယ်လေးက သူ့ရဲ့ကျောပေါ်မှာ ငွေရောင် လေးတစ်လက်ကို သိုင်းလွယ်တင်ထားပြီး အပေါ်ကနေ အနက်ရောင်အဝတ်နဲ့ သေသေသပ်သပ် ဖုံးအုပ်ထားတဲ့အတွက် သေချာ သတိမထားမိရင် မြင်နိုင်မှာ မဟုတ်ဘူး။
သူက ခေသူတော့ မဟုတ်ဘူး ။တိတိကျကျ ပြောရမယ်ဆိုရင် သူကလည်း ဧကရာဇ် ခါးပိုက်ဆောင် တပ်ဖွဲ့က ထိပ်တန်း တိုက်ခိုက်ရေးသမား တစ်ယောက်ပဲ။
သိုင်းလောကသားတွေကတော့ သူ့ကို......"ရွက်ကြွေငွေလေးရှင် ရဲ့လျို" လို့ ခေါ်ကြတယ်။
အသက်ငယ်သေးပေမယ့် ရဲ့လျိုရဲ့ မြားပစ်ပညာက နောက်စရာ မဟုတ်ဘူး ။
တစ်ခါတုန်းကဆိုရင် ရဲ့လျိုက မြားတစ်စင်းတည်းနဲ့ ကြွေကျလာတဲ့ သစ်ရွက် ခုနစ်ရွက်ကို တစ်ပြိုင်တည်း ဖောက်ထွင်း ပစ်ပြခဲ့ဖူးတယ် ။
အဲသည်ဖြစ်ရပ်ကြောင့်လည်း "ရွက်ကြွေငွေလေးရှင်" ဆိုတဲ့ ဘွဲ့နာမည်ကို ရရှိခဲ့တာပဲ။
လျူရှန်းမန် ထိပ်သီးစာရင်း အဆင့်သတ်မှတ်ချက်မှာတော့.....ရဲ့လျိုက ထိုက်ဟန်ယီရဲ့ အောက်တစ်ဆင့် နိမ့်ပြီး အဆင့်နှစ်ဆယ့်နှစ်ကို ရရှိထားတဲ့ သိုင်းသမားတစ်ယောက် ဖြစ်တယ်။
ဒါပေမဲ့......
သိုင်းလောကသားတွေရဲ့ မျက်လုံးထဲမှာတော့ သူတို့နှစ်ယောက်က အသက်ရှင်လျက် လမ်းလျောက်နေတဲ့ ဂြိုဟ်ဆိုးနှစ်စင်းနဲ့ သိပ်မကွာခြားလှဘူး ။
သိုင်းလောကမှာ ဆိုရိုးစကား တစ်ခုရှိတယ် ။
သိုင်းလောကသား တစ်ယောက် အနေနဲ့ မကောင်းမှုတွေ မလုပ်ထားဘူးဆိုရင် လျူရှန်းမန်ကို ကြောက်စရာ မလိုဘူး။
အလားတူ မင်းမှုထမ်းတွေကို ရန်မပြုထားဘူးဆိုရင်လည်း ချီလင်ကိုယ်ရံတော်တပ်ကို ရှောင်နေစရာ မလိုဘူး။
ဒါပေမဲ့......
ဧကရာဇ်ရဲ့ ခါးပိုက်ဆောင်တပ်ဖွဲ့ဝင်တွေကို တွေ့ပြီ ဆိုရင်တော့ မင်းဟာမင်း အဖြူရောင် သိုင်းလောကသား ဖြစ်ဖြစ်၊ အမည်းရောင် သိုင်းလောကသားဖြစ်ဖြစ် အမြန်ဆုံး အဲသည်နေရာကနေ ပြေးပေတော့ပဲ ။
ဘာဖြစ်လို့လဲ ဆိုတော့ နန်းတွင်း ကိုယ်ရံတော်တပ်က လူတွေက ပုလိပ် ရောဂါလို လူစားမျိုးတွေမို့ပဲ။
ဥပမာပြောရရင်......
မင်းအနေနဲ့ ကိုယ့်ဘာသာကိုယ် အိမ်ထဲမှာ တံမျက်စည်း လှဲနေရင်တောင် ကံအကြောင်းမလှဘဲ အဖမ်း ခံရနိုင်တယ် ။
သည်လို ဖြစ်ရတာကလည်း နန်းတွင်း ကိုယ်ရံတော်တပ်ဖွဲ့ရဲ့ အလွန် မဟုတ်ဘူး ။ စဥ်းစားကြည့်မယ် ဆိုရင် သူတို့ ပါဝင်ကိုင်တွယ်ရတဲ့ အမှုတွေက တော်ဝင်မိသားစုနဲ့ ပတ်သက်တဲ့ တကယ့် အရေးကြီး အမှုကြီးတွေလေ ။
သူတို့က လှုပ်ရှားပြီဆိုတာနဲ့ အခြေအနေက မီးမွှေးပြီးသား ဖြစ်နေပြီ။ ပြန်လှည့်ဖို့ အချိန် မရှိတော့ဘူး။
သူတို့ ပေါ်လာတဲ့ နေရာတိုင်းမှာ သွေးမိုးတွေ ရွာတော့မယ်ဆိုတာ သေချာလွန်းမက သေချာတယ်။
တကယ်လို့ အဲသည်အချိန်မှာ မတော်တဆ သူတို့နဲ့ ဆုံမိပြီ ဆိုရင်တော့ အဲဒါက မင်းတို့ရဲ့အတိတ်ဘဝ ကံပဲ ။ အနည်းဆုံး အရေပြား တစ်လွှာလောက် အလွှာမခံရဘဲနဲ့တော့ သူတို့ဆီကနေ ပြန်ထွက်ဖို့ မဖြစ်နိုင်ဘူး။
အခု သွေးသံမဏိ ထိုက်ဟန်ယီနဲ့ ရွက်ကြွေငွေလေးရှင် ရဲ့လျိုတို့ကိုယ်တိုင် သည်နေရာကို ရောက်လာပြီဆိုတော့ လုံးဝ သံသယ ဝင်နေစရာ မလိုတော့ဘူး ။
သည်ခြံဝင်းဟောင်းက နန်းတွင်း ကိုယ်ရံတော် တပ်ဖွဲ့ရဲ့ အာရုံစိုက်မှုကို ရသွားခဲ့ပြီ ။
ထိုက်ဟန်ယီတို့ သည်ကို ရောက်လာရတဲ့ အကြောင်းရင်းကတော့ တစ်နှစ်ကျော်ကြာတဲ့အထိ မဖော်ထုတ်နိုင်သေးတဲ့ အမှုဟောင်းတစ်ခုကို ပြန်လည်တူးဆွ စုံစမ်းဖို့ပဲ။
အဲသည် အမှုကတော့...
" ချာယွင်ရဲ့သေဆုံးမှု "ကလွဲပြီး တခြား မရှိဘူး ။
လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ချာယွင်ဟာ မကောင်းဆိုးရွားဂိုဏ်းသားတွေရဲ့ လက်ချက်နဲ့ အသတ်ခံခဲ့ရတယ်။
ဒါပေမဲ့ သူ ဘာကြောင့် အသတ်ခံရတာလဲ......
သူ့ကို ဘယ်သူ သတ်ခိုင်းတာလဲ.........
အဲသည်အမှုရဲ့ နောက်ကွယ်မှာ ဘယ်လို လျှို့ဝှက်ချက်မျိုးတွေ ရှိနေတာလဲ.....
အဲသည်အချက်တွေကို သည်နေ့အထိ ဘယ်သူမှ အဖြေမရှာနိုင်သေးဘူး။
ချာယွင်ဟာ တစ်ချိန်က ဧကရာဇ်ရဲ့ ခါးပိုက်ဆောင် နန်းတွင်းကိုယ်ရံတော်တပ်ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး... အခု ထိုက်ဟန်ယီ တာဝန်ယူထားတဲ့ ရာထူး နေရာမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အကြီးအကဲလည်း ဖြစ်တယ်။
အသက်ရှင်နေစဉ်ကာလအတွင်းမှာ ချာယွင်ဟာ မင်းသားချန်ရဲ့ အိမ်တော်ထဲကို အကြိမ်ကြိမ် လျှို့ဝှက်ဝင်ရောက်ပြီး မင်းသားရဲ့ အပြစ်သက်သေတွေကို စုဆောင်းခဲ့တယ်။
အစပိုင်းမှာတော့ အရာအားလုံးက ချောချောမွေ့မွေ့ပဲ။
ဒါပေမဲ့...
နောက်ဆုံးအကြိမ် သက်သေတွေကို ပေးပို့ပြီး ပြန်ထွက်လာတဲ့အချိန်မှာတော့ သူ့ရဲ့ လျှို့ဝှက်တာဝန် ပေါ်ပေါက်သွားခဲ့တယ်။
အဲသည်နောက်...
မင်းသားချန်ရဲ့ လူတွေက သူ့ကို အသည်းအသန် လိုက်လံ နှုတ်ပိတ် သတ်ဖြတ်ခဲ့ကြတယ် ။
ဒါပေမဲ့...
နောက်ဆုံးမှာတော့ ချာယွင်က မင်းသားချန်ရဲ့ လူတွေလက်ထဲမှာ မသေဘဲ...
မကောင်းဆိုးရွားဂိုဏ်းရဲ့ လက်ချက်နဲ့ အသက်ဆုံးရှုံးခဲ့ရတယ်။
အဲသည်အချက်..... အဲသည်အချက်ကပဲ
ကိစ္စတစ်ခုလုံးကို ပဟေဠိဖြစ်သွားစေခဲ့တာ ။
ထိုက်ဟန်ယီဟာ တစ်ချိန်က ချာယွင်ရဲ့ လက်အောက်မှာ လက်အောက်ငယ်သား အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးတယ် ။
ဒါကြောင့်ပဲ သူက "သူ့ အထက်လူကြီး ဘာကြောင့် သေရတာလဲ ၊ သည်ကိစ္စမှာ ဘယ်သူက အဓိက လက်သည် တရားခံလဲ" ဆိုတာကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မရရအောင် ရှာဖွေဖော်ထုတ်မယ်လို့ သံန္နိဋ္ဌာန် ချထားခဲ့တယ်။
သည်လိုနဲ့ သူလက်ရှိ ရထားတဲ့ သက်သေအားလုံးကို ပေါင်းစပ်ကြည့်လိုက်တဲ့အခါမှာတော့ အခု သည်စွန့်ပစ်ခြံဝင်းဟောင်းက သံသယအရှိဆုံး နေရာ ဖြစ်နေတယ်။
အဲသည်အတွက် သူ့ရဲ့ သံသယ မှန်၊မမှန် ဆိုတာကိုတော့ သည်နေ့ည စောင့်ကြည့်ရမှာပဲ ။
သည်ည ........သည်နေ့ည .....ပြီးဆုံးသွားပြီ ဆိုရင်တော့......အရာအားလုံးရဲ့ အမှန်တရားဟာ ဗူးပေါ်သလို ပေါ်လာပါလိမ့်မယ်........
ထိုက်ဟန်ယီက တံခါးကို အသာတွန်းဖွင့်လိုက်ပြီး ရဲ့လျိုနဲ့အတူ ခြံဝင်းထဲကို တိတ်တဆိတ် ဝင်သွားတယ်။
သည်ခြံဝင်းဟာ တစ်ချိန်က အစိုးရအရာရှိတစ်ယောက်ရဲ့ နေအိမ်ဖြစ်ခဲ့ပေမယ့် ဘာအကြောင်းကြောင့် စွန့်ပစ်ခံခဲ့ရတယ်ဆိုတာကိုတော့ ဘယ်သူမှ မသိကြဘူး။
လူအသွားအလာ ပြတ်တောက်နေတာ ကြာပြီဖြစ်လို့ တစ်ခြံလုံးက လူသူကင်းမဲ့ပြီး တိတ်ဆိတ်နေတယ်။
ဒါပေမဲ့ အဲသည် လူသူကင်းမဲ့နေတဲ့ ခြံဝင်းထဲမှာတော့ လူတစ်ယောက် ရှိနေတယ်။
"သူတောင်းစားတစ်ယောက်..."
ရဲ့လျိုက ခြံဝင်း အလယ်ခေါင်မှာ ခေါင်းကို အဝတ်နဲ့ အုပ်ပြီး အိပ်ပျော်နေတဲ့ လူကို ကြည့်ရင်း တိုးတိုးလေး ပြောလိုက်တယ်။
"အစ်ကိုထိုက်... သတိထားပါ။ ဒါ ထောင်ချောက်တစ်ခုလည်း ဖြစ်နိုင်တယ်။"
ထိုက်ဟန်ယီက အဲသည်မြင်ကွင်းကို ထူးဆန်းတယ်လို့ ခံစားမိပေမယ့် ဘာမှ မှတ်ချက် မပေးဘူး ။ အဲသည်အစား ရဲ့လျိုကို မျက်လုံးနဲ့ အသာလေး အရိပ်အခြည် ပြလိုက်တယ် ။
ရဲ့လျိုကလည်း နားလည်တဲ့အမူအရာနဲ့ ခေါင်းညိတ်လိုက်ပြီး ကျောပေါ်က ငွေရောင်လေးကို အသာဖြုတ်ကိုင်လိုက်တယ်။
"အစ်ကို အခြေအနေ တစ်ချက် သွားကြည့်လိုက်မယ် "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် ထိုက်ဟန်ယီက ရှေ့ကို ခြေလှမ်းနည်းနည်း တိုးသွားတယ် ။
ရဲ့လျိုကတော့ လိုက်မသွားခဲ့ဘူး ။ သူက တံခါးအပြင်ဘက်အထိ ဆုတ်သွားပြီး မြားနဲ့ အဝေးကနေ ပစ်ကူပေးဖို့ အသင့်အနေအထား ပြင်ထားလိုက်တယ် ။
ဒါက နန်းတွင်းကိုယ်ရံတော်တပ်တွေ ကျင့်သုံးတဲ့ နှစ်ယောက်တွဲ တိုက်ပွဲဝင် နည်းစနစ်ပဲ ။
တစ်ယောက်က အရှေ့မှာ အမာခံ တက်ပြီး နောက်တစ်ယောက်က အနောက်ကနေ အဝေးပစ် လက်နက်နဲ့ အထောက်အကူ ပေးတယ်။ သာမန် သိုင်းလောကသားတွေ အဖို့တော့ သည်လိုမျိုး စနစ်တကျ ချည်းကပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ ။ဒါပေမဲ့ စစ်ဆင်ရေးတွေကို အကြိမ်ပေါင်းများစွာ လုပ်ဆောင်ဖူးတဲ့ နန်းတွင်းကိုယ်ရံတော် တပ်ဖွဲ့ဝင်တွေအဖို့ကတော့ အမှားအယွင်း မရှိ အချိတ်အဆက်မိမိ ချည်းကပ်နိုင်တယ် ။
သည်လိုနဲ့ ထိုက်ဟန်ယီ ခြေလှမ်း နှစ်လှမ်းလောက် လှမ်းပြီးတဲ့ အချိန်မှာ အိမ်ခေါင်မိုး၊ ထုပ်တန်း တစ်ခုပေါ်ကနေ လူရိပ်တစ်ခုက မြှားတစ်စင်းလို ရုတ်တရက် ပစ်ဝင်လာတယ်။
အရင်ဆုံး ရောက်လာတာကတော့.....
လက်သီးတစ်ချက်။
ဒါပေမဲ့ လက်သီးမရောက်ခင်မှာ လက်သီးအားရဲ့ လေဖိအားက အရင်ရောက်လာတယ်။
လက်သီးအားက မိုးခြိမ်းသံလို 'ဝုန်းခနဲ ' ပေါက်ကွဲနေပြီး တစ်ဖက်လူက တစ်ချက်တည်းနဲ့ ထိုက်ဟန်ယီကို အလဲထိုးဖို့ ရည်ရွယ်ထားတာ အသိသာကြီးပဲ ။
သည်တိုက်ခိုက်သူရဲ့ သိုင်းပညာက ထိုက်ဟန်ယီထက် လုံးဝ မနိမ့်ဘူး။
ဒါပေမဲ့ အခုအချိန်မှာသာ ထိုက်ဟန်ယီက နောက်ဆုတ်လိုက်ရင် တိုက်ခိုက်သူရဲ့ နောက်ပစ်မှတ်က ရဲ့လျို ဖြစ်သွားလိမ့်မယ်။
ရဲ့လျိုရဲ့ လေးပညာက သိုင်းလောကထဲမှာ ထိပ်တန်းအဆင့် ရှိပေမယ့် အနီးကပ်တိုက်ခိုက်ရာမှုတော့ အားနည်းတယ်။
သည်လို ရက်စက်ပြီး အညှာအတာ ကင်းမဲ့တဲ့ တိုက်ခိုက်မှုမျိုးကို သူဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး။
ထိုက်ဟန်ယီက ခြေလှမ်းကို ချက်ချင်း ရပ်လိုက်တယ်။
ပြီးတော့...
ဟိန်းဟောက်သံတစ်ချက်နဲ့အတူ သူ့ရဲ့ လက်သီးကို ပြန်လည် ထိုးထုတ်လိုက်တယ်။
တစ်ဖက်လူကလည်း လုံးဝ မရှောင်ဘူး။
လက်သီးသုံးချက်...
ကန်ချက်တစ်ချက်...
အားလုံးက ထိပ်တိုက် တွေ့နေကြတာချည်းပဲ ။
ဘုန်း....
လက်သီးနှစ်ချက် ထိပ်တိုက်ဆုံသွားတဲ့ အသံက
သံတူကြီးနှစ်လက်ကို အားရပါးရ ထုရိုက်လိုက်တဲ့အလားပဲ ။ ပတ်ဝန်းကျင် တစ်ခုလုံးကို နားကွဲလုမတတ် ဖြစ်သွားစေတယ် ။
ဒါပေမဲ့ ရလဒ်အဖြေကတော့ မတူညီဘူး ။
ထိုက်ဟန်ယီက နောက်ကို ခြေတစ်လှမ်းလောက်သာ ဆုတ်လိုက်ရပြီး ကိုယ်ကို ချက်ချင်း ပြန်ထိန်းလိုက်နိုင်တယ် ။
ဒါပေမဲ့ တစ်ဖက်လူကတော့ ခုနစ်စင်ကြယ် ခြေလှမ်းသိုင်းကို အသုံးပြုပြီး နောက်ကို ဆက်တိုက် ဆုတ်ခွာသွားရတယ် ။
မျက်စိတစ်မှိတ် အတွင်းမှာပဲ ထိုက်ဟန်ယီ နဲ့ သူ့ကြားက အကွာအဝေးက တော်တော်လေး ကျယ်သွားခဲ့ပြီ။
အဲသည်တော့မှ ထိုက်ဟန်ယီလည်း တစ်ဖက်လူရဲ့ ရုပ်သွင်ကို သေသေချာချာ မြင်လိုက်ရတယ်။
သူဝတ်ထားတာက သာမန် ဖျင်ကြမ်း ဝတ်စုံ တစ်စုံ ။ ရုပ်ရည်ကလည်း ဘာမှ ထူးထူးခြားခြား မရှိဘူး ။
အပေါ်ယံ အမြင်အတိုင်းနဲ့ ကြည့်မယ်ဆိုရင် သည်အတိုင်း သာမန် လူရိုး၊လူအကြီး တစ်ယောက်လိုပဲ ။
"ခင်ဗျား..... ဘယ်သူလဲ "
ထိုက်ဟန်ယီက အသံမာမာနဲ့ မေးလိုက်တယ်။
ဒါပေမဲ့ .....
စကားဆုံးတာနဲ့ တစ်ပြိုင်နက် သူ့အသက်ရှူသံက ပုံမှန်မဟုတ်တော့တာကို ထိုက်ဟန်ယီ သတိ ထားမိလိုက်တယ် ။
သူ့ရဲ့ သွေးတွေက ဆူပွက်နေပြီး အတွင်းအား လှည့်ပတ်ပုံက စနစ်တကျ မရှိတော့ဘူး ။
အခုမှပဲ ထိုက်ဟန်ယီက တစ်ဖက်လူရဲ့ လက်သီးအားကို သူ့အနေနဲ့ အပြည့်အဝ မချေဖျက်နိုင်ခဲ့ဘူးဆိုတာ နားလည်သွားတယ်။
သူက သေချာပေါက် အတွင်းဒဏ်ရာ အသေးစားတစ်ခု ရသွားခဲ့ပြီ ။
တစ်ချိန်တည်းမှာပဲ တစ်ဖက်လူက ဘာဖြစ်လို့ ခုနစ်စင်ကြယ် ခြေလှမ်းသိုင်းကို သုံးပြီး နောက်ဆုတ်သွားသလဲဆိုတာကို ထိုက်ဟန်ယီ သဘောပေါက်သွားတယ် ။
တစ်ဖက်လူက လက်သီးချင်း ထိပ်တိုက်ရင်ဆိုင်ရာကနေ ဖြစ်ပေါ်လာတဲ့ တန်ပြန်အားကို ချေဖျက်ချင်လို့ အနောက် ဆုတ်သွားခဲ့တာပဲ ။
အတွေးနဲ့အတူ ထိုက်ဟန်ယီရဲ့ မျက်လုံးတွေက သိသိသာသာ ကျဉ်းမြောင်းသွားတယ်။
သည်လူက အရမ်း အန္တရာယ်များတယ်......
ထိုက်ဟန်ယီက အတွင်းအားကို စွမ်းအင်ဗဟိုချက်မ ပင်လယ်ထဲ ပို့ဆောင်လိုက်ပြီး အသက်ရှုနှုန်းကို ပြန်ချိန်ညှိတယ် ။ တစ်ဆက်တည်းမှာပဲ ထပ်မေးလိုက်တယ် ။
"ခင်ဗျား ဘယ်သူလဲ... ဘာကြောင့် ကျုပ်ကို ရုတ်တရက် အလစ် ဝင်တိုက်တာလဲ "
အဲသည်အချိန်မှာပဲ ခြံဝင်း အလယ်ခေါင်မှာ အိပ်နေတဲ့ သူတောင်းစားက အသံတွေကြောင့် လန့်နိုးလာပုံရပြီး ခေါင်းထောင်လာတယ်။
ထိုက်ဟန်ယီကို မြင်တော့ သူက ဝမ်းသာအားရ အော်လိုက်တယ် ။
"သခင်ကြီး....ကျွန်တော့်ကို သနားသဖြင့် ပိုက်ဆံလေး တစ်ပြားနှစ်ပြားလောက် စွန့်ကြဲခဲ့ကြပါဦးခင်ဗျာ "
ထိုက်ဟန်ယီက အလစ်တိုက်ခံထားရလို့ ဒဏ်ရာ ရနေတဲ့သူ ဖြစ်တယ် ။ အဲသည်အတွက် သူက သူတောင်းစားကို လူကောင်းလား၊လူဆိုးလား ဆိုတာ ဝေဖန် ပိုင်းခြား မနေတော့ဘူး။
" အပိုတွေ လုပ်မနေနဲ့ ။ ထစမ်း "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် သူက တောင်းစားရဲ့ ပခုံးကို တစ်ချက်တည်း အညှာအတာမရှိ ဖမ်းကိုင်လိုက်တယ်။
ဂျွတ်...
ပခုံးရိုး ကျိူးသံက ခြံဝင်း တစ်ခုလုံးကို ပျံ့နှံသွားတယ် ။
" အား....."
သူတောင်းစားက ချက်ချင်း အော်ဟစ်ပြီး လူးလှိမ့်သွားတယ်။
မျက်ရည်တွေလည်း မထိန်းနိုင်တော့ဘူး။
"ကယ်ကြပါဦးဗျို့..... အရာရှိ တစ်ယောက်က ကျွန်တော့်ကို အပြစ်မရှိဘဲ ရိုက်ပုတ် နှိပ်စက်နေပါတယ် ။ ကျေးဇူးပြုပြီး ကယ်ကြပါဦး ။ မြို့တော်ထဲမှာကို အရာရှိ တစ်ယောက်က ဥပဒေမဲ့ လုပ်နေပါတယ်ဗျ "
သူတောင်းစားရဲ့ ငိုယို၊အော်ဟစ်သံကြောင့် ထိုက်ဟန်ယီက ကြောင်အမ်းအမ်း ဖြစ်သွားတယ် ။
သည်သူတောင်းစားက တကယ်ကြီး သိုင်းပညာ တစ်စက်မှ မတတ်တာလား......
သူတောင်းစားကတော့ ဆက်ပြီး ငိုနေတယ် ။
"ကျွန်တော့်ကို ဘာလို့ အသားလွတ် လာရိုက်ရတာလဲ ။ ကျွန်တော်က ကျွန်တော့်ဘာသာ အိပ်နေတာလေ ။ အားယိုးယိုး.... ပခုံးကတော့ ကျိုးပါပြီဗျာ "
သူတောင်းစားက အသံပြဲကြီးနဲ့ အော်ဟစ် ငိုယိုနေတဲ့အတွက် ထိုက်ဟန်ယီက မနေသာတော့ဘူး ။ အမြန်ပဲ တောင်းပန်လိုက်ရတယ် ။
" တောင်းပန်ပါတယ် လူကြီးမင်း ။ ကျွန်တော်က ခင်ဗျားကို လူဆိုးလို့ ထင်လိုက်မိလို့ပါ ။ ကျေးဇူးပြုပြီး သည်ဘက်ကို လာပါ ။ ကျွန်တော့် မိတ်ဆွေက ခင်ဗျားကို ကာကွယ်ပေးပါလိမ့်မယ် "
ထိုက်ဟန်ယီရဲ့ စကားဆုံးတော့ သူတောင်းစားရဲ့ ငိုသံက ချက်ချင်း တိတ်သွားတယ် ။ ပြီးတော့သူက ကောက်ကျစ်တဲ့အပြုံး ပြုံးလိုက်ပြီး ထိုက်ဟန်ယီကို ပြန်ပြောလာတယ် ။
" တောင်းပန်စရာ မလိုပါဘူး ။ တကယ်တမ်းလည်းငါက လူဆိုးပဲလေ "
ထိုက်ဟန်ယီရဲ့ ခန္ဓာကိုယ်က ဆတ်ခနဲ တောင့်တင်းသွားတယ် ။ ဒါက အသက်အန္တရာယ်နဲ့ ကြုံတဲ့ အချိန်မျိုးမှာ ဖြစ်တတ်တဲ့ သူ့ရဲ့ အမူအကျင့်ပဲ ။
ထိုက်ဟန်ယီ တွေဝေနေတဲ့ အချိန်မှာပဲ ငွေရောင်အလင်းတန်း တစ်ချက်က သူတောင်းစားရဲ့ အင်္ကျီလက်အောက်ကနေပြီး လက်ခနဲ ထွက်သွားခဲ့ပြီ ။
အဲသည်ငွေရောင် အလင်းတန်းကတော့ ဓားမော့ တစ်လက်ဖြစ်ပြီး ဓားသွားက ထိုက်ဟန်ယီရဲ့လည်ပင်းဆီကို တန်းတန်းမတ်မတ် ဝင်ရောက်လာလာတာ ဖြစ်တယ် ။
ထိုက်ဟန်ယီက သူ့ရဲ့ သေကွင်း၊သေကွက်ကို ဘယ်လိုမှ အထိ မခံနိုင်ဘူး ။ အဲသည်အတွက် ညာဘက်လက်ကို ချက်ချင်း မြှောက်ပြီး ဓားချက်ကို ကာကွယ်လိုက်တယ်။
ထန်.....
တစ်ဖက်က သူတောင်းစားကလည်း မရပ်သွားဘူး ။ သူက မကောင်းဆိုးရွား တစ်ကောင်လို ရယ်ပြီး ဓားချက် တစ်ရာကို တရစပ် ထုတ်လိုက်တယ် ။
သူ့ရဲ့ ပုံစံက ရောဂါသည် တစ်ယောက်လို အားနည်းနေပေမယ့် သူ့ရဲ့ ဓားသိုင်းကတော့ တကယ့် ထိပ်တန်း အဆင့်ပဲ ။
အဲသည်အချိန်မှာပဲ အစောပိုင်းက ဆုတ်သွားတဲ့ လူရိုးကြီးက ပြန်ရောက်လာတယ် ။ထိုက်ဟန်ယီ အဖို့တော့ တိုက်ပွဲက တစ်ယောက်ချင်း မဟုတ်ဘဲ နှစ်ယောက် တစ်ယောက် ဖြစ်သွားခဲ့ပြီ ။
ထိုက်ဟန်ယီက အံကြိတ်ပြီး တောင့်ခံထားဖို့ ကြိုးစားသေးပေမယ့် အခြေအနေက ထိန်းထားလို့ မရတော့ဘူး ။
တဈခွိီမှာ သူတောင်းစားရဲ့ အလစ် တိုက်ခိုက်မှုက သူ့ကို ဟန်ချက် ပျက်သွားစေတယ် ။
လူရိုးကြီးကလည်း အခွင့်အရေးကို လက်လွှတ်မခံဘဲ ထိုက်ဟန်ယီကို အထက်စည်းကနေ ဖိတတိုက်တော့တာပဲ ။
သည်လိုနဲ့ နောက်ထပ် သိုင်းကွက် ဆယ်ကွက် အကျော်မှာတော့ အခွင့်အရေးကို ချောင်းနေတဲ့ သူတောင်းစားက အတွင်းအားအပြည့်နဲ့ ထိုက်ဟန်ယီကို ခုတ်လိုက်ပြန်တယ် ။
သည်တစ်ကြိမ်မှာတော့ ထိုက်ဟန်ယီက အတွင်းအား စုစည်းချိန် မရလိုက်တဲ့အတွက် ဓားချက်ကို မခုခံလိုက်နိုင်ဘူး ။
ရွှမ်း.....
ဓားချက်က ထိုက်ဟန်ယီရဲ့ ညာဘက်လက်ကို အရိုးပေါ်တဲ့အထိ ခုတ်ဖြတ်သွားတယ် ။ပြီးတော့ သွေးတွေကလည်း ရဲခနဲ ဖြာကျလာတယ် ။
သွေးတွေ ဖြာကျလာပြီးနောက် လူရိုးကြီးက ထိုက်ဟန်ယီကို လှောင်တော့တာပဲ ။
" အိုး..... မိုက်တယ်ဟ ။ သွေးသံမဏိ ဆိုတဲ့ နာမည်နဲ့လိုက်အောင် သွေးတော့ မြင်နေရပြီ ။ဟား...ဟား...ဟား...."
သူတောင်းစားကလည်း အားကျမခံဘူး ။
" ငါ တစ်ခါ ကြားဖူးတာကတော့ ထိုက်ဟန်ယီရဲ့ ခန္ဓာကိုယ်က ဓားမနဲ့ ခုတ်ရင်တောင် ခြစ်ရာ မပေါ်ဘူးတဲ့ ။ ငါထင်တာက သည်ကောင် တုတ်ပြီး၊ဓားပြီးသိုင်းများ ကျင့်ထားသလားပေါ့ ။ ကြည့်ရတာ စျေးက ဝယ်လာတဲ့ ဝက်သားခုတ်ဓား ပြီးတာပဲ နေမှာပါကွာ......"
"ဟီးး....ဟီး....ကောင်လေး....စိတ်မကောင်းစရာက ငါ့ဓားက ဝက်ခုတ်ဓား မဟုတ်ဘူးကွ .."
ထိုက်ဟန်ယီက သူတို့ကို ဘာမှ ပြန်မပြောနိုင်ဘူး ။ သူက သေလုနီးပါး အန္တရာယ်ထဲကို ကျရောက်နေပြီ မဟုတ်လား ။အဲသည်အတွက် သူက စစ်ကူပဲ အော်တောင်းနိုင်တော့တယ် ။
" ရဲ့လျို.....ငါ့ကို အဝေးကနေ ပစ်ကူပေး"
ဒါပေမဲ့လည်း သူဘယ်လောက်စောင့်စောင့် မြားတွေကတော့ ထွက်မလာခဲ့ဘူး ။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ရဲ့လျိုက အစောပိုင်းကတည်းက သူတောင်းစားကို လေးနဲ့ ပစ်ချင်နေတာ တစ်ပိုင်းသေနေပြီ ဖြစ်တယ် ။
ဒါပေမဲ့လည်း သူ့ဘက်မှာကလည်း လူတစ်ယောက်က ပေါ်လာနေတော့ ထိုက်ဟန်ယီကို အကူအညီ မပေးနိုင်ဘူး ။
သူ့ဘက်မှာ ပေါ်လာတဲ့ လူက ကျောင်းဆရာ တစ်ယောက်လို ဝတ်ဆင်ထားပြီး ပုံစံက အတော်လေး သာမန် ဆန်လွန်းတယ် ။ တကယ်လို့ လူအုပ်ထဲမှာ ရောနှောနေမယ် ဆိုရင် ဘယ်သူကမှ သူ့ကို သတိထားပြီး နှစ်ခါ ပြန်ကြည့်မိမှာ မဟုတ်ဘူး ။
သူပေါ်လာတဲ့ ပုံစံက တစ္ဆေ၊သရဲ တစ်ကောင်လိုပဲ ။ အသံ တစ်ချက်လေးတောင် မထွက်ဘဲ ဓားတစ်လက်နဲ့ ရဲ့လျိုရဲ့ အရှေ့မှာ ပေါ်လာခဲ့တာ ။
ပြီးတော့ သူ့ရဲ့ ဓားသိုင်း.....
သည်ကျောင်းဆရာရဲ့ ဓားသိုင်းက အတော်လေး အဆင့်မြင့်တယ် ။ ဓားကွက်တွေက ရေစီးနေသလိုပဲ ။
တစ်ကွက်ပြီးတစ်ကွက် အဆက်မပြတ် သူ့ကို ဖိနှိပ်နေတယ် ။
ရဲ့လျိုက ပထမ စတွေ့ကတည်းက ခံစစ်ကို ရောက်နေခဲ့တာ အခုချိန်အထိ တန်ပြန်ဖို့ ဟာကွက် မတွေ့သေးဘူး ။
တိတိကျကျပြောမယ်ဆိုရင် လေးညှို့မှာ မြားတင်ဖို့ အခွင့်အရေးကို မရခဲ့တာ ။
ထိုက်ဟန်ယီ နဲ့ ရဲ့လျိုတို့က သူတို့ အဖြစ်ကို သူတို့ ဘယ်လိုမှ မယုံနိုင်ဘဲ ဖြစ်နေကြတယ် ။
သူတို့က မြို့တော်မှာတင် ရှိနေကြတာ ....
ဟဲလော် ဒေသ မဟုတ်သလို တိုက်ပွဲတွေ များလွန်းတဲ့ ကျန်းနန် သိုင်းလောကမှာလည်း မဟုတ်ဘူးလေ .....
ဒါကို ဘယ်လိုလုပ်ပြီး သည်လောက် အစွမ်းထက်တဲ့ ရန်သူတွေနဲ့ လာတွေ့နေရတာလဲ...
ဖောက်...
ဖောက်.....
သည်လိုနဲ့ နောက်ဆုံးမှာတော့ ထိုက်ဟန်ယီ နဲ့ ရဲ့လျိူတို့ နှစ်ယောက်ဟာ တစ်ချိန်တည်းမှာပဲ အကြောပိတ် ခံလိုက်ရပြီး မြေပြင်ပေါ် ပုံလျက်သား လဲကျသွားကြတယ် ။
ထိုက်ဟန်ယီက အရှုံးမပေးသေးဘဲ ဒဏ်ရာရနေတဲ့ ကျားတစ်ကောင်လို အော်လိုက်သေးတယ် ။
" မင်းတို့က ဘယ်သူတွေလဲ "
လူရိုးကြီးက ရယ်ပြီး ပြန်ဖြေတယ် ။
" မင်းတို့က သည်နေရာကို ဘာမှန်း မသိဘူး ။ ဒါပေမဲ့ ဝင်လာရဲတယ်ပေါ့ ။ မင်းတို့က မင်းတို့ကိုယ်မင်းတို့ အသက် ဘယ်နှစ်ချောင်း ရှိတယ်လို့ ထင်နေတာလဲ "
သည်နေရာကဘာမို့လို့လဲ.......
ထိုက်ဟန်ယီက စိတ်ထဲမှာ မေးနေမိတယ် ။သူက ခေါင်းကို မော့ကြည့်ပေမယ့် တစ်ဖက် ရန်သူတွေကို မမြင်နိုင်တော့ဘူး ။ ဒါပေမဲ့ ခြံဝင်းထဲက ကျောက်တိုင် နှစ်တိုင်ပေါ်ကို လရောင် ဖြာကျနေတာကိုတော့ မြင်လိုက်နိုင်တယ် ။
ပြီးတော့ အဲသည်တိုင်နှစ်တိုင်ပေါ်မှာ စာကြောင်းနှစ်ကြောင်း ရေးထိုးထားတာကိုလည်း ဖတ်လိုက်နိုင်တယ် ။.
""ဝမ်ကျွင်း၏ ဂုဏ်သတင်းကို သိ၏ ။ သို့သော်.... လန်ကျွင်းဝါးကိုတော့ မသိပေ "
အဲဒီစာကြောင်းကို မြင်လိုက်တဲ့ ခဏမှာပဲ.......
ထိုက်ဟန်ယီရဲ့ မျက်လုံးတွေက တဖြည်းဖြည်း ကျယ်လာတယ်။ နှလုံးသွေး စီးဆင်းမှုကလည်း ခေတ္တခဏ ရပ်တန့်သွားသလိုပဲ ။
တစ်ချိန်တည်းမှာ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့တဲ့ အမည်တစ်ခုက သူ့စိတ်ထဲမှာ ပြန်လည် ပေါ်ထွက်လာတယ်။
အဲသည်နောက်မှာတော့ ထိုက်ဟန်ယီရဲ့ မျက်လုံးတွေက မှေးမှိန် လျော့ကျသွားပြီး ခပ်တိုးတိုးလေး ရေရွတ်လိုက်တယ်။
" လန် "
"ကျွင်း"
"ကျုး"
" ခုံ "
Lord. Zen
(note - Heluo ( / Hlu) ဆိုတာ အပြင်မှာ တကယ်ရှိတဲ့ နေရာဒေသတစ်ခုရဲ့ အမည်ပါ။
အဓိကအားဖြင့် မြစ်ဝါမြစ် (Yellow River) နဲ့ လော့မြစ် (Luo River) တို့နားက ပတ်ဝန်းကျင်ဒေသကို ရည်ညွှန်းတာဖြစ်ပြီး၊ အခုခေတ် ဟီနန်ပြည်နယ် (Henan)၊ အထူးသဖြင့် လော့ယန် (Luoyang) အနီးတဝိုက်ကို ဆိုလိုပါတယ်။
wuxia ဝတ္ထုတွေမှာတော့ Heluo ကို
သိုင်းသမားတွေ စုဝေးရာဒေသ
ဂိုဏ်းအမျိုးမျိုး လှုပ်ရှားရာနယ်မြေ
သိုင်းပြိုင်ပွဲ၊ တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားရာနေရာ
အဖြစ် မကြာခဏ သုံးကြပါတယ်။
ဒါကြောင့် မူရင်းစာက
They were in the capital, not Heluo or the martial world in Jiang Nan...လို့ ရေးထားတာပါ ။)
(note 2-ဝမ်ကျွင်း ( / Wen Jun) က လူပုဂ္ဂိုလ်တစ်ယောက်ရဲ့ နာမည်ကို ရည်ညွှန်းတာပါ။
သည်စာကြောင်း
(Wen Jun is so elegant, yet does not know of Lan Jun bamboo.)
က သာမန်စာကြောင်းမဟုတ်ဘဲ စကားပုံဆန်ဆန်၊ လျှို့ဝှက်အမှတ်အသား လို ရေးထားတာပါ။
သည်ထဲက "ဝမ်ကျွင်း" ဟာ သမိုင်းထဲက Zhuo Wenjun ကို တိုက်ရိုက်ရည်ညွှန်းတာ မဟုတ်ဘဲ၊
(ဝမ်) = ယဉ်ကျေးမှု၊ ပညာရှိ
(ကျွင်း) = သခင်၊ လူကောင်း
ဆိုတဲ့ အဓိပ္ပာယ်နဲ့ "ယဉ်ကျေးသိမ်မွေ့တဲ့ ပညာရှင်" ကို ကိုယ်စားပြုထားတဲ့ အသုံးအနှုန်း ဖြစ်ဖို့ ပိုများပါတယ်။
စာကြောင်းတစ်ခုလုံးရဲ့ အဓိပ္ပာယ်ကတော့
"ကိုယ့်ကိုယ်ကို ပညာရှင်လို့ ထင်နေပေမယ့် လန်ကျွင်းဝါးရဲ့ အဓိပ္ပာယ်ကိုတောင် မသိဘူး။"
ဝတ္ထုထဲမှာတော့ "လန်ကျွင်းကျူး" က လမိုက်ညအဖွဲ့ နဲ့ ဆက်စပ်တဲ့ သင်္ကေတဖြစ်နေတာကြောင့်၊ သည်စာတန်းကိုလည်း လန်ကျွင်းကျူးခုံ အဖွဲ့ရဲ့ လျှို့ဝှက်အမှတ်အသားလို သုံးထားတာ ဖြစ်နိုင်ပါတယ် ။)
ဆက်ပြီး အားပေးကြပါဦးဗျာ.....