← Chapters

အခန်း ၄၉

Vol. 5 Ch. 49

အခန်း ၄၉

Vol. 5 Ch. 49

ရွှေလက်ဆေးနဲ့ သိုင်းဘုရင်

စာစဥ်၅ အပိုင်း ၄၉

မိတ်ဆွေဟောင်း

တစ်ဖက်လူက သူတို့ကို မြင်မြင်ချင်း မှတ်မိနေတယ် ။ အဲဒါက သည်လူက သူတို့ရဲ့ လျှို့ဝှက်ချက်ကိုလည်း သိနေပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။

လန်ကျွင်းကျူးခုံ သုံးယောက်က တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြတယ်။

သည်ပွဲရဲ့ ဗျူဟာကတော့ ထုံးစံအတိုင်း သူတောင်းစားရဲ့ ဗျူဟာပဲ ။

တစ်ဖက်လူက တစ်ယောက်က အာရုံထွေပြားအောင် လုပ်ပြီး ကျန်တဲ့သူတွေက အာရုံလွတ်သွားတာနဲ့ ချက်ချင်း သတ်ပစ်မှာ ဖြစ်တယ် ။

အာရုံလွဲဖို့အတွက်ကတော့ တခြား ရွေးချယ်စရာလူ မရှိဘူး ။ ကျောင်းဆရာ ထျန်းဝမ်ကပဲ ရှေ့ထွက်လာရတယ်။

"ငါက လန်ကျွင်းကျူးခုံရဲ့ ထျန်းဝမ် ။ မင်းက ဘယ်သူလဲ ။ ပြီးတော့ ဘယ်ဂိုဏ်းကလဲ"

တစ်ဖက်လူက အေးအေးဆေးဆေးပဲ ။

"မျိုးရိုးက မင်း "

"နာမည်က ဖေးဟန် "

"ပြီးတော့ လျူရှန်းမန်က သာမန် ရဲတပ်သားတစ်ယောက် "

"လျူရှန်းမန်က မင်းဖေးဟန် "

တျန်းဝမ်က နာမည်ကို တိုးတိုးလေး ရေရွတ်ကြည့်တယ်။

ပြီးတာနဲ့ မျက်နှာကြီး မည်းသွားပြီး ဒေါသတကြီး အော်လိုက်တယ်။

"မင်းဖေးဟန်"

"မင်းဖေးဟန် "

"မင်း ငါ့ကို လာနောက်နေတာလားကွ....ဟေ "

"မင်းဖေးဟန်" ဆိုတဲ့ နာမည်က "အစစ်အမှန် မဟုတ် " "အတုအယောင်" ဆိုတဲ့ အဓိပ္ပါယ် ရနေတာလေ ။

သည်လောက် သိသာနေတဲ့ နာမည်ကို ထျန်းဝမ်က အတုမှန်း မသိဘဲ ဘယ်လိုလုပ် နေမလဲ။

မင်းဖေးကျန်းကတော့ ပခုံးတွန့်လိုက်ပြီး ခပ်ပေါ့ပေါ့ ရယ်သွမ်းလိုက်တယ် ။

"နာမည်အဟောင်းကို ငါ မသုံးတာ ကြာပြီ ။ အခု ငါ့ပတ်ဝန်းကျင်က လူတိုင်း ငါ့ကို သည်နာမည်ပဲ ခေါ်ကြတယ်"

"ဒါနဲ့ မင်းတို့ သုံးယောက်က လန်ကျွင်းကျူးခုံကဖြစ်ပြီး စကား များလှချည်လား ။ အမှန်ဆို တိုက်သင့်နေပြီလေ "

သူတို့သုံးယောက်လုံးက တစ်ဖက်လူ ဘာလုပ်ချင်နေတာလဲဆိုတာ လုံးဝ နားမလည်နိုင်ကြဘူး။ ဒါကြောင့် စိတ်ထဲမှာ မသိမသာ သတိထားပြီး ကြောက်ရွံ့နေမိကြတယ်။

ထျန်းဝမ်က အေးအေးဆေးဆေး ပြန်ဖြေလိုက်တယ်။

"ငါတို့က မင်းကို ဘာလို့ တိုက်ရမှာလဲ။ ငါတို့ကြားမှာ အကြွေးဟောင်းလည်း မရှိဘူး၊ ရန်ငြိုးလည်း မရှိဘူး"

ဒါပေမဲ့ မင်းဖေးဟန်က စကားကို ဖြတ်ပြောလိုက်တယ် ။

"လေရူးဓားသိုင်း ဆယ့်သုံးကွက်၊ သရဲ ခုနစ်ကောင် ဓားသိုင်း၊ မျောက်ဝံအမျက် လက်သီးသိုင်း ။ အဲသည်သိုင်းတွေထဲက တစ်ခုမှ နတ်စန္ဒာဂိုဏ်းရဲ့ သိုင်းမဟုတ်ဘူး "

"ထိုက်ဟန်ယီကို သည်အခြေအနေအထိ ရောက်အောင် လုပ်ထားနိုင်တာတောင် မင်းတို့က နတ်စန္ဒာဂိုဏ်းရဲ့ မူပိုင်း သိုင်းတစ်ကွက်မှ မသုံးခဲ့ဘူးလား။ တကယ်ကို သတိကြီးတဲ့လူတွေပဲ"

ထျန်းဝမ်က မျက်နှာမပြောင်းဘဲ ပြန်ဖြေတယ်။

" အကျင့်ဖြစ်နေလို့ပါ "

"သည်ငါးနှစ်လုံးမှာ ငါတို့ အမြဲ သတိနဲ့ နေခဲ့တာ။ ချာယွင်ကို တာဝန်တွေ ကူလုပ်ပေးတုန်းကတောင် ငါတို့ ဂိုဏ်းရဲ့သိုင်းကို တစ်ကွက်မှ မသုံးခဲ့ဘူး။ တစ်နေ့နေ့ လူတွေ ခြေရာခံပြီး ရောက်လာမှာကို စိုးရိမ်လို့"

အဲသည်အချိန်မှာ သူတောင်းစားက မအောင့်အည်းနိုင်တော့ဘဲ မေးလိုက်တယ်။

"ဟေ့... ကောင်စုတ်လေး.... မင်း ငါတို့ရဲ့ အထောက်အထားကို ဘယ်လို သိတာလဲ"

မင်းဖေးဟန်က သက်ပြင်းတစ်ချက် ချလိုက်တယ်။

"မင်းတို့ နတ်စန္ဒာဂိုဏ်းရဲ့ လမိုက်ည အဖွဲ့ နဲ့ လပြည့်ည အဖွဲ့က ညှိနှိုင်းလို့ မရတဲ့အထိ အချင်းချင်း သတ်ဖြတ် ခဲ့ကြတယ်။ ဂိုဏ်းကြီးတစ်ခုလုံး အချင်းချင်း သတ်ဖြတ်ရင်း ပျက်စီးသွားတာကို ကိုယ်တိုင်မြင်ပြီးတာတောင် မင်းတို့က အခုထိ ကိုယ့်အမှားကို မသိသေးဘူးလား"

"မင်းတို့ ဘယ်လောက်ပဲ သတိထားထား၊ လုပ်ပုံလုပ်နည်းကတော့ နတ်စန္ဒာဂိုဏ်းရဲ့ စနစ်အတိုင်း ရှိနေတုန်းပဲ "

"ချာယွင်ရဲ့ ဝိညာဉ်ကဗ္ဗည်းတိုင်ကို လန်ကျွင်းဝါးနဲ့ လုပ်ထားတာကို မြင်လိုက်တာနဲ့ မင်းတို့ ဘယ်သူတွေလဲဆိုတာ ကလေးတောင်မှ သိနေပြီ "

သူတောင်းစားရဲ့ မျက်နှာ အရောင်ပြောင်းသွားတယ်။

"မ... မင်း... လန်ကျွင်းဝါးကိုတောင် သိနေတာလား "

ထျန်းဝမ်က စိတ်ထဲက သံသယတွေကို အတင်းဖိနှိပ်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထိန်းကာ မေးလိုက်တယ်။

"လျူရှန်းမန်က ဟိုးအရင်ကတည်းက ဆုတ်ယုတ်သွားပြီလို့ ငါကြားထားတာ။ အဲသည်လိုနေရာမှာ မင်းလိုလူမျိုး အရည်အချင်းနဲ့ လူတစ်ယောက် ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး။ မင်းက ဘာကြောင့် လျူရှန်းမန်ထဲ ဝင်သွားတာလဲ"

"အတိတ်က မိတ်ဆွေဟောင်းအတွက်"

"လူ ကယ်ဖို့လား။ ဒါဆို မင်းက ဟိုနှစ်ယောက်ကို ကယ်ဖို့ ရောက်လာတာပေါ့"

"အဲသည်လိုဆိုရင် ငါတို့ တခြားတစ်နေရာကို ပြောင်းပြီး အရင် ပုန်းလို့ ရမလား ။ ကျန်တာကိုနောက်မှ အေးအေးဆေးဆေး ညှိနှိုင်းလို့လည်း ရတာပဲ"

လျူရှန်းမန်နဲ့ နန်းတွင်းကိုယ်ရံတော်တပ်က တော်ဝင်နန်းတော် လက်အောက်ခံ အဖွဲ့အစည်းတွေ ဖြစ်ပြီး အချင်းချင်း ဆက်ဆံရေးလည်း မဆိုးလှဘူး ဆိုရမယ် ။ဒါကြောင့် ထျန်းဝမ် ပြောတာကလည်း သဘာဝကျတယ်။

မင်းဖေးဟန်က ခေါင်းခါလိုက်တယ်။

"ငါပြောတာ မိတ်ဆွေဟောင်းတွေအတွက်"

"ဒါဆို အဲသည်နှစ်ယောက်က မင်းရဲ့ မိတ်ဆွေလား"

"မဟုတ်ဘူး။ ငါ သူတို့ကို မသိဘူး"

ထျန်းဝမ် ပိုပြီး နားမလည်တော့ဘူး။

"အဲသည်နှစ်ယောက် မဟုတ်ရင် သည်နေရာမှာ ငါတို့ သုံးယောက်ပဲ ရှိတယ်။ မင်းပြောတဲ့ မိတ်ဆွေဟောင်းဆိုတာ ငါတို့ကို ပြောနေတာတော့ မဟုတ်ပါဘူးနော်"

မင်းဖေးဟန်က ရယ်လိုက်တယ်။

သူက အရင်လို ရင်းရင်းနှီးနှီး ပြုံးပြနေတုန်းပဲ ။

ဒါပေမယ့် ထျန်းဝမ်တို့ သုံးယောက်ကတော့ ဓားတစ်လက်ကို လည်ပင်းပေါ် တင်ထားခံရသလို ခံစားနေရတယ်။ အသက်အန္တရာယ်က နီးကပ်လွန်းနေပြီလို့ ခံစားနေကြရပေမယ့် ဘာဖြစ်လို့ အဲသည်လို ခံစားနေရတာလည်း ဆိုတာ မခန့်မှန်းနိုင်ကြဘူး ။

ထျန်းဝမ်ရဲ့ နဖူးပေါ်မှာ ချွေးစက်တွေ တဖြည်းဖြည်း စီးကျလာတယ်။

သူက အသံတိုးတိုးနဲ့ မေးလိုက်တယ်။

"မင်း... တကယ် ဘယ်သူလဲ"

မင်းဖေးဟန်က အေးအေးဆေးဆေး ပြန်ဖြေတယ်။

"သိုင်းလောကကို နောက်ထပ် မပတ်သက်ချင်တော့တဲ့... အငြိမ်းစားတစ်ယောက်ပါ"

သူတောင်းစားကတော့ အဲသည်လို ဖိအားပေးနေတဲ့ အခြေအနေကို ဆက်ပြီး မခံနိုင်တော့ဘူး။

"တောက်... စကားများမနေနဲ့။ အားလုံးဝိုင်းသတ်ကြ"

စကားဆုံးတာနဲ့ တစ်ပြိုင်နက် သူတောင်းစားက ဓားမော့ကို ချက်ချင်း ဆွဲထုတ်ပြီး ခုတ်ပစ်လိုက်တယ် ။ ဓားသွားက ငွေရောင်အလင်းတန်းတစ်ခုလို လက်ခနဲပဲ ။

ထျန်းဝမ်ကလည်း နောက်ကျ ကျန်မနေဘူး ။ သူက တစ်ပြိုင်တည်း လိုက်ဝင်လာပြီး ဓားရိပ်ပေါင်း မရေမတွက်နိုင်အောင် ဖော်ထုတ်လိုက်တယ်။

လူရိုးကြီးကတော့ တစ်ကိုယ်လုံးက အတွင်းအားတွေကို အကုန်လုံး စုစည်းလိုက်ပြီး အမြင့်ဆုံးအဆင့်အထိ တွန်းတင်လိုက်တယ်။

သူတောင်းစားနဲ့ ထျန်းဝမ်တို့ရဲ့ သိုင်းပညာက မူလကတည်းက သိုင်းလောက ထိပ်တန်းအဆင့်မှာ ရှိနေတဲ့လူတွေ ဖြစ်တာကြောင့် အားနည်းချက်ဆိုတာ မရှိသလောက်ပဲ။

ဓားမော့အလင်းတန်းတွေနဲ့ ဓားအရိပ်တွေက ဒီရေလှိုင်းကြီးလို မင်းဖေးဟန်ဆီကို မာန်ဟုန်အပြည့်နဲ့ ဖုံးလွှမ်းသွားတယ်။

သည်တိုက်ခိုက်မှုရဲ့ လက်သည်တရားခံက လူနှစ်ယောက်တည်း ဆိုပေမယ့် ဓားတစ်လက်နဲ့ ဓားမော့တစ်လက်က ပတ်ဝန်းကျင် တစ်ခုလုံးကို အသက်ရှူကျပ်စေလောက်တဲ့ ဖိအားမျိုး ပေးနေတယ်။

ဒါကမှ သူတို့ နတ်စန္ဒာဂိုဏ်းရဲ့ တကယ့် သိုင်းပညာအစစ် ဆိုတာ ယုံမှား သံသယ ဝင်နေစရာ မလိုဘူး ။

လူရိုးကြီးကလည်း အသက်ကို တစ်ဝကြီး ရှူလိုက်ပြီး အိုမင်းနေတဲ့ နွားရိုင်းကြီးတစ်ကောင်လို အားကုန်စုကာ မင်းဖေးဟန်ဆီကို ခုန်ဝင်လာတယ်။

သူတို့က ထိုက်ဟန်ယီနဲ့ တိုက်တုန်းက သူတို့ဂိုဏ်းရဲ့ သိုင်းပညာကို မသုံးရဲခဲ့ကြဘူး ။

ဒါပေမယ့် အခုတော့ သူတို့ တတ်စွမ်းသမျှ ပညာကုန် ထုတ်သုံးတာကိုတောင်မှ တစ်ဖက်လူအတွက် မလုံလောက်မှာ စိုးရိမ်နေကြတယ်။

သူတို့ရှေ့က လူငယ်က သူတို့ကို အသက်နဲ့ရင်းပြီး တိုက်ခိုက်ရတဲ့ အခြေအနေအထိ ဖိအားပေးထားခဲ့တာပဲ။

မင်းဖေးဟန်က မရှောင်ဘူး။

အဲသည်အစား မျက်လုံးကို မှိတ်ပြီး ငြိမ်နေလိုက်တယ် ။

ဓားတစ်လက် ၊ ဓားမော့ တစ်ချောင်း နဲ့ လက်သီး တစ်လုံးက သွေးနံ့ရထားတဲ့ သားရဲရိုင်းတွေလို သူ့ဆီကို တစ်ပြိုင်တည်း တိုးဝင်လာကြတယ်။

မင်းဖေးဟန်ကတော့ မူလ ရပ်နေတဲ့ နေရာကနေ တစ်လှမ်းတောင် ရွေ့မသွားဘူး ။ လန်ကျွင်းကျူးခုံ သုံးယောက်ရဲ့ တိုက်ခိုက်မှုက သူ့ကို ပန်းနဲ့ ပေါက်နေသလိုပဲ ။

တစ်ဖက်မှာတော့ ထျန်းဝမ်တို့ သုံးယောက်က တိုက်လေလေ ပိုပြီး ကြောက်လာလေလေ ။

တိုက်လေလေ စိတ်ထဲမှာ ပိုပြီး ဟာလာဟင်းလင်း ဖြစ်လာလေလေ ခံစားလာကြရတယ် ။

သူတို့ရဲ့ အတွင်းအားတွေ တဖြည်းဖြည်း ကုန်ခန်းလာပေမယ့် မင်းဖေးဟန်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ သွေးတစ်စက်တောင် မမြင်ရသေးဘူး။

ဓားသွားတွေက သူ့ခန္ဓာကိုယ်ကို ထိတယ် ။

ဒါပေမယ့် ထိတာက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် မဟုတ်ဘဲ လေဟာနယ်ကြီး တစ်ခုကို ခုတ်မိနေသလိုပဲ ။

ထျန်းဝမ်က ခါးသီးစွာ ရေရွတ်လိုက်တယ်။

"အားပြောင်းအားလွှဲသိုင်း......အားပြောင်းအားလွှဲသိုင်း ။ ရပ်လိုက်ကြတော့ဟေ့ "

သူ့အသံထဲမှာ စိတ်ဓာတ်ကျမှု၊ မယုံနိုင်မှု၊ ဝမ်းနည်းမှု၊ နောင်တနဲ့ အခြားခံစားချက်ပေါင်းများစွာ ရောနှောနေတယ်။

ဒါပေမယ့် စကားပြောနိုင်သေးတာ သူတစ်ယောက်တည်းပဲ။

သူတောင်းစားနဲ့ လူရိုးကြီးကတော့ မျက်နှာမှာ သွေးတောင် မရှိတော့ဘူး ။

လက်တွေ၊ ခြေတွေက ရေခဲတုံးလို အေးစက်လာတယ်။

"အားပြောင်းအားလွှဲသိုင်း "

အတွင်းအားကို ခန္ဓာကိုယ်အပြင်ဘက် ထုတ်ပြီး ကျရောက်လာသမျှ တိုက်ခိုက်မှုတွေကို ပြန်ပြောင်း လမ်းလွှဲပေးတဲ့ ပညာရပ် ။ ဒါက ဒဏ္ဍာရီလာ သိုင်းပညာလို့တောင် ပြောလို့ရတယ် ။ နတ်ဘုရားတွေမှပဲ သုံးနိုင်တဲ့ ပညာရပ်မျိုး ။

ကောလာဟလအရ ဆိုရင် သည်ပညာရပ်ကို သံမဏိဓား ထိပ်သီးစာရင်းက ထိပ်ဆုံး ဆရာသခင် ဆယ်ပါးလွဲပြီး တခြား တတ်မြောက်ထားတဲ့လူ မရှိသလောက်ပဲ ။

သည်လို ငယ်ငယ်ရွယ်ရွယ်နဲ့ အားပြောင်းအားလွှဲ အတွင်းအားကို အောင်မြင်ထားတဲ့ လူတစ်ယောက်ကို သူတို့က ဘယ်လိုလုပ် ယှဉ်နိုင်တော့မှာလဲ။

ရုတ်တရက် ထျန်းဝမ်က အသံကုန် အော်လိုက်တယ်။

"လူမရှိ ငါမရှိ"

စကားဆုံးတာနဲ့ တစ်ပြိုင်နက် သူက ဓားကွက်ကို ပြောင်းလိုက်တယ်။

သူ့မျက်နှာပေါ်မှာတော့ ဖော်မပြနိုင်လောက်အောင် ပြင်းထန်တဲ့ သတ်ဖြတ်လိုစိတ်တွေ ပြည့်နှက်နေတယ်။

သူတောင်းစားနဲ့ လူရိုးကြီးက အစပိုင်းမှာ ကြောင်သွားကြပေမယ့် ခဏအကြာမှာတော့ ထျန်းဝမ်နောက်ကို တစ်ပြိုင်တည်း လိုက်ပြီး တူညီတဲ့ သိုင်းကွက်ကို ထုတ်သုံးလိုက်ကြတယ်။

သူတောင်းစားက ဓားမော့ကို သုံးတယ်။

လူရိုးကြီးကတော့ လက်ချောင်းကို ဓားအဖြစ် အသုံးပြုတယ်။

ဒါပေမယ့် သူတို့ ထုတ်ဖော်လိုက်တဲ့ ဓားသိုင်းရဲ့ အရှိန်အဝါကတော့ ထျန်းဝမ်ထက် အားနည်းတာမျိုး လုံးဝ မရှိဘူး။

ပြီးတော့ သူတို့ သုံးယောက်ပေါင်း တိုက်ခိုက်မှုရဲ့ စွမ်းအားက ချက်ချင်း အဆများစွာ မြင့်တက်သွားခဲ့တယ်။

မင်းဖေးဟန်က အနည်းငယ် အံ့ဩသွားပြီး မျက်ခုံးပင့်လိုက်တယ်။

"အိုး"

သည်ဓားကွက်က နတ်စန္ဒာဂိုဏ်းရဲ့ အဖွဲ့ဝင်အသစ်တွေကို အရင်ဆုံး သင်ပေးတဲ့ အခြေခံဓားကွက်ပဲ။

သူတို့လို လူတွေရဲ့ အဆင့်အတန်းနဲ့ဆိုရင် သည်လို တိုက်ပွဲမျိုးမှာ အခြေခံဓားကွက်ကို ထုတ်သုံးစရာ အကြောင်းမရှိသင့်ဘူး။

ဒါပေမယ့် ထူးဆန်းတာတစ်ခုတော့ ရှိတယ်။

တစ်ချိန်တုန်းက နတ်စန္ဒာဂိုဏ်းမှာ အဲသည်ဓားကွက်ကို အသုံးပြုပြီး အကြီးအကဲတစ်ယောက်ကို အနိုင်ယူခဲ့တဲ့ တပည့်တစ်ယောက် ရှိခဲ့ဖူးတယ်။

အဲဒါက သူ့သိုင်းပညာ ပိုမြင့်လို့လည်း မဟုတ်ဘူး။

အကြီးအကဲက အားနည်းလို့လည်း မဟုတ်ဘူး။

အဲသည်ဓားကွက်ကို သီးသန့် ကျင့်စဉ်နဲ့ တွဲသုံးပြီး ကိုယ့်အသက်ကို ဂရုမစိုက်ဘဲ ထုတ်သုံးလိုက်မယ်ဆိုရင် ဓားကွက် သာမန်ထက် အဆပေါင်းများစွာ ပိုအားကောင်းလာလို့ပဲ။

ဒါဟာ ရန်သူကိုရော ကိုယ့်ကိုယ်ကိုပါ ထိခိုက်စေတဲ့ သိုင်းပညာမျိုး။

စွမ်းအားက အဆပေါင်းများစွာ တိုးလာပေမယ့် ကိုယ်ပြန် ခံရတဲ့ ဘေးထွက်ဆိုးကျိုး ဒဏ်ကလည်း အဆပေါင်းများစွာ တိုးလာတယ်။

ဥပမာပြောရရင် ရန်သူကို အင်အားရှစ်ရာနဲ့ ထိုးသတ်နိုင်ပေမယ့် ကိုယ့်ကိုယ်ကိုတော့ အင်အားတစ်ထောင်နဲ့ ပြန်ရိုက်မိတဲ့ သဘောမျိုး။

အဲသည်တပည့်က စွမ်းအားကို ဆယ်ဆအထိ မြှင့်တင်ပြီး အကြီးအကဲကို အနိုင်ယူခဲ့တယ်။

တိုက်ပွဲကတော့ နိုင်ပါတယ် ။

ဒါပေမယ့် တိုက်ပွဲပြီးတာနဲ့ သူလည်း သေသွားတော့တာပဲ ။

အခု ထျန်းဝမ်တို့ သုံးယောက်လုံးက နတ်စန္ဒာဂိုဏ်းရဲ့ ထိပ်တန်းသိုင်းသမားတွေ။

သူတို့သုံးယောက် ပေါင်းပြီး သည်သိုင်းရဲ့ စွမ်းအားကို အမြင့်ဆုံးအထိ တွန်းတင်လိုက်ကြပြီ။

သူတို့ရဲ့ တိုက်ခိုက်မှုက ယန်စီမြစ်ကြီးထဲက လှိုင်းလုံးတွေလို အရှိန်အဟုန်နဲ့ တိုးဝင်လာတယ်။

ထွက်ပေါ်လာတဲ့ ဖိအားကြောင့် စကျင်ကျောက်ပြား ကြမ်းပြင်မှာတောင် အက်ကြောင်းတွေ ပေါ်လာသလိုပဲ ။

ပေါက်ကွဲသံတွေကလည်း ကြားရသူတိုင်းကို တုန်လှုပ်သွားစေလောက်တဲ့အထိ ပြင်းထန်နေတယ်။

အဲသည်အခိုက်အတန့်မှာ ထျန်းဝမ်တို့ သုံးယောက်လုံးဟာ အိပ်မက်တောင် မမက်ဖူးတဲ့ သိုင်းအဆင့်ကို ရောက်ရှိသွားခဲ့တယ်။

ဒါက အချိန်ခဏလေးပဲ ဖြစ်ပေမယ့် ပေးဆပ်ရတဲ့ တန်ဖိုးက အလွန်ကြီးမားလွန်းတယ်လိို့ ဆိုရမယ် ။

ဒါပေမဲ့လည်း သေချာတာ တစ်ခုကတော့ အခု သည်အခိုက်အတန့်အတွင်းမှာ သူတို့တစ်ယောက်ချင်းစီက အကြွင်းမဲ့ သိုင်းပညာရှင်အဆင့်ကို ရောက်ရှိနေခဲ့ပြီ။

သူတို့ရှေ့မှာ ရပ်နေတဲ့သူက နတ်ဘုရားပဲဖြစ်ဖြစ် ဒါမှမဟုတ် မကောင်းဆိုးဝါးပဲဖြစ်ဖြစ် ......

သူတို့သုံးယောက်ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို ခံနိုင်စရာ အကြောင်း မရှိတော့ဘူး ။

သူတို့ရဲ့ ဓားကွက်တွေနဲ့ အတွင်းအားတွေက သားကောင်ကို မြင်လိုက်ရတဲ့ ကျားရဲကြီးတစ်ကောင်လို မင်းဖေးဟန်ဆီကို အရှိန်ပြင်းပြင်းနဲ့ တိုးဝင်လာတယ်။

မင်းဖေးဟန်က နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး စင်္ကြံအောက်ကို ဝင်သွားတယ်။

ဒါပေမယ့် သူတို့ရဲ့ တိုက်ခိုက်မှုအရှိန်က စင်္ကြံကို ဆောက်ထားတဲ့ အုတ်တိုင်တွေအားလုံးကို ချိုးဖျက်ပစ်ပြီး မင်းဖေးဟန်ရှေ့အထိ အတင်းထိုးဖောက်ဝင်လာခဲ့တယ်။

မင်းဖေးဟန်က ခပ်ဖွဖွ ရေရွတ်လိုက်တယ်။

"အတွင်းအားက တော်တော် အားကောင်းတာပဲ"

"ကြည့်ရတာ သံမဏိဓား အဆင့်သတ်မှတ်ချက်က ထိပ်ဆုံးဆယ်ယောက်နဲ့တောင် ယှဉ်လို့ရတဲ့ အဆင့်ကို ရောက်နေပြီ"

သည်တစ်ခါတော့ မင်းဖေးဟန်ရဲ့ မျက်နှာပေါ်မှာ ခံစားချက်တချို့ ပေါ်လာခဲ့ပြီ ။

သူက ပြုံးလိုက်တယ် ။

အဲသည်အပြုံးက ပျော်ရွှင်မှုနဲ့ စိတ်လှုပ်ရှားမှု ရောနှောနေတဲ့ အပြုံး။

"စိတ်ဝင်စားဖို့ ကောင်းသား"

မင်းဖေးဟန်က ကြောက်လန့်ပြီး နောက်ထပ် မဆုတ်တော့ဘူး။

အဲသည်အစား လက်ဝါးတစ်ချက်နဲ့ တိုက်ရိုက် ပြန်ရိုက်ထုတ်လိုက်တယ်။

ဝုန်း...

လက်ဝါးရိုက်ချက်နဲ့ လန်ကျွင်းကျူးခုံ သုံးယောက်အားလှိုင်းနဲ့ ထိပ်တိုက်တွေ့သွားတဲ့ အခိုက်မှာ မင်းဖေးဟန်က ခြေလှမ်းတစ်လှမ်း ဆုတ်လိုက်ရပြန်တယ် ။

သူက အံ့ဩသွားတဲ့ မျက်နှာနဲ့ သူတို့သုံးယောက်ကို ကြည့်ပြီး ပြောလိုက်တယ်။

"တကယ်ကို အားကောင်းတာပဲ"

မင်းဖေးဟန်က သူ့ရဲ့ အတွင်းအားကို ထပ်မြှင့်တင်လိုက်တယ် ။

အခြေအနေက ဘယ်ဘက်ကမှ အသာမရတော့ဘူး ။

အသက်ရှူချိန် အနည်းငယ် ကြာသွားတဲ့နောက်မှာတော့ "ဖောက်" ဆိုတဲ့ အသံတစ်ခု ထွက်လာတယ်။

အားချင်းထိပ်တိုက် ရိုက်ခတ်မှုက ကျောက်ကမ်းပါးကို လှိုင်းလုံးကြီးတွေ ဝင်ဆောင့်နေသလိုပဲ ။

အဝေးမှာ ရှိနေတဲ့ ထိုက်ဟန်ယီနဲ့ ရဲ့လျိုတောင် အဲသည်ရိုက်ခတ်မှုရဲ့ ဖိအားကို မခံနိုင်ဘဲ နာကျင်စွာ ညည်းလိုက်ရတယ်။

သိပ်မကြာခင်မှာတော့ ဘယ်သူက ပိုအားကောင်းတယ်ဆိုတာ အဖြေပေါ်လာခဲ့ပြီ ။

လန်ကျွင်းကျူးခုံ သုံးယောက်ရဲ့ အသက်ရှူသံတွေက မူမမှန်တော့ဘူး ။

သူတို့က အသက်ကိုရင်းပြီး တိုက်နေပေမယ့် အခုထိ မသေနိုင်သေးတဲ့ အတိုင်းအတာ တစ်ခုထဲမှာပဲ ထိန်းထားဆဲပဲ ။

သူတို့က သိုင်းကွက်ရဲ့ စွမ်းအားကို ခြောက်ဆ၊ ခုနစ်ဆလောက်ပဲ မြှင့်ထားတာ။

ဒါပေမဲ့ စွမ်းအားကို ခြောက်ဆအထိ မြှင့်ထားပြီးတာတောင် တစ်ဖက်လူကို သရေကျတဲ့ အထိပဲ ဖိအား ပေးနိုင်တယ်တဲ့လား ။

သူတောင်းစားက ရုတ်တရက် အော်လိုက်တယ်။

"တောက်... မထူးတော့ဘူး"

"အသက်နဲ့ လောင်းကြတာပေါ့"

"သည်ကောင့်ကို မရရအောင် သတ်ကွာ "

စကားဆုံးတာနဲ့ တစ်ပြိုင်နက် သူက ဆယ်နှစ်ကျော် စုဆောင်းထားတဲ့ အတွင်းအားအားလုံးကို ဓားကွက်ထဲ ပေါင်းထည့်လိုက်တယ် ။

ကျန်တဲ့ နှစ်ယောက်လည်း အခြေအနေကို မရိပ်စားမိဘဲ မနေဘူး ။

တကယ်လို့ အခုသာ အရှုံးပေးလိုက်မယ်ဆိုရင် သူတို့ရဲ့ အထောက်အထားတွေက ပေါ်ကုန်တော့မှာ ဖြစ်တယ် ။အဲသည်လို ဖြစ်သွားပြီ ဆိုတာနဲ့ သူတို့ရဲ့ ဘဝက သေတာထက်ကို ဆိုးသွားမှာ အသေအချာပဲ ။

အဲသည်အတွက် သူတို့အနေနဲ့ အသကျကိုရငျးဖို့ကလှဲပွိီး တခြား ရွေးစရာလမ်း မရှိတော့ဘူး ။

" သတ်"

" ပေါက်တဲ့နဖူး မထူးတော့ဘူး ။ သတ်ဟေ့ "

ထျန်းဝမ် နဲ့ လူရိုးကြီးတို့က ကြုံးဝါးပြီး သူတို့ရဲ့ ဓားကွက်စွမ်းအားကို ဆယ်ဆအထိ မြှင့်တင်လိုက်ကြတော့တယ် ။

ဘန်း....ဘန်း...ဘန်း...

.....ဝုန်း.......ဝုန်း......

အဲသည်နောက်မှာတော့ ခြံဝင်းတစ်ခုလုံးဟာ အသိစိတ် ကင်းမဲ့နေတဲ့ သားရဲကြီးတွေရဲ့ စစ်တကလင်းအဖြစ် ပြောင်းသွားခဲ့ပြီ ။

Lord. Zen

l

All Chapters