← Chapters

အခန်း ၂၁၃

Vol. 22 Ch. 213

အခန်း ၂၁၃

Vol. 22 Ch. 213

အခန်း (၂၁၃) သခင်လေးက အကြံသမားကြီးပဲ

ဟွာရှနိုင်ငံ ကျိုတိုမြို့ရှိ ဗီလာတစ်လုံးအတွင်း မည်သည့်အင်အားစုကိုမဆို ဖျက်ဆီးပစ်နိုင်စွမ်းရှိသော ကြောက်မက်ဖွယ် ကျွမ်းကျင်သူများ စုဝေးရောက်ရှိနေလိမ့်မည်ဟု တွေးထင်ရန်ပင် ခက်ခဲလှပေ၏။

ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ ဆိုသည်မှာ ကျန်းထျန်ရှန်း ပင် အားကျရသော အဆင့်အတန်းတစ်ခု ဖြစ်လေသည်။

ထိုဗီလာအတွင်း၌ ရုတ်တရက် လူဆယ်ယောက်ခန့် ရှိနေခဲ့၏။

ဗီလာအပြင်ဘက်တွင် ကင်းစောင့်နေသူများမှာလည်း ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူများသာ ဖြစ်ကြပေသည်။

ယခုအချိန်၌။

ထိုလူတစ်စုသည် ၎င်းတို့ရှေ့ရှိ ချန်ဖုန်းအား ကြည့်ရှုနေကြ၏။

ချန်ဖုန်း၏ အမှတ်အသားနှင့် ပတ်သက်၍ ၎င်းတို့ လုံးဝ သံသယမရှိကြသော်လည်း သူ၏ စွမ်းရည်များကိုမူ လုံးဝ ခန့်မှန်း၍မရနိုင်ခဲ့ချေ။

အပြင်ပန်းကြည့်လျှင် သူက လမ်းမပေါ်တွင် တွေ့ရတတ်သော သာမန်လူတစ်ယောက်နှင့်သာ တူနေပေသည်။

မည်သူကမျှ ထိုသို့ ဖြစ်မည်ကို ကြိုတင်ခန့်မှန်းနိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

"ဒီလောက် ရုပ်ဖြောင့်တဲ့ ကောင်လေးက သူတို့ရဲ့ သခင်လေး ဖြစ်နေလိမ့်မည်ဟုပင်"

ဖြစ်၏။

အပြင်ပန်း ရုပ်ရည်ကိုသာ ကြည့်မည်ဆိုလျှင် ချန်ဖုန်း၏ ရုပ်ရည်ချောမောမှုက အလွန် ထင်ရှားသော လက္ခဏာတစ်ခု ဖြစ်ပေသည်။

အခြားမည်သည့်အရာကိုမျှ ခွဲခြားသိမြင်နိုင်မည် မဟုတ်ချေ။

သို့သော်လည်း နယ်စပ်စစ်ပွဲတွင် ချန်ဖုန်း၏ စွမ်းဆောင်ရည်များကို လဲ့ယန်က ပြောပြလိုက်ချိန်တွင် လူတိုင်း တိတ်ဆိတ်သွားကြလေ၏။

သူတို့ နားလည်သွားကြပြီ ဖြစ်သည်။

ယန်ရီက သက်ပြင်းချလျက် ပြောဆိုလိုက်၏။

"နန်းတော်သခင်က ဆက်ခံသူရွေးချယ်တဲ့နေရာမှာ တကယ်ကို အမြင်စူးရှတာပဲ... ငါတို့ကိုကြည့်ပါလား ငါတို့က အရမ်းစွမ်းဆောင်နိုင်ပေမဲ့ ဘယ်သွားသွား ငါတို့က ကျွမ်းကျင်သူတွေမှန်း လူတွေက သိကြတယ်"

ဘာကြောင့်လဲဆိုတော့ ၎င်းတို့တွင် ထိုကဲ့သို့သော အငွေ့အသက်များ ရှိနေပြီး အမြင်စူးရှသူများက တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သောကြောင့် ဖြစ်ပေ၏။

သူတို့ မည်မျှပင် အစွမ်းထက်နေပါစေ ကြောက်စရာကောင်းမည် မဟုတ်ချေ။

အကြောက်ရဆုံး လူများမှာ သခင်လေးကဲ့သို့သော သူများပင် ဖြစ်လေသည်။

"အစ်ကိုယန်ရီ ဘာတွေပြောနေတာလဲ"

မျက်နှာတစ်ထောင်မြေခွေး က ခေါင်းငဲ့ကာ သိချင်စိတ်ဖြင့် ကြည့်ရင်း မေးလိုက်၏။

ယန်ရီက ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။

"မင်းတို့ရှေ့မှာ ရပ်နေတဲ့ ရန်သူက အားနည်းတဲ့သူဆိုရင် မင်းတို့ ဒီလောက် သတိထားနေပါဦးမလား ဆိုတာကို တွေးဖူးလား... မင်းတို့ သတိလက်လွတ်ဖြစ်သွားတဲ့ အချိန်ကျမှ အဲဒီရန်သူက စိတ်ကူးနဲ့တောင် မှန်းဆလို့မရတဲ့ စွမ်းအားတွေကို ရုတ်တရက် ထုတ်သုံးလာရင်လေ... အသေလှည့်စားခံရမှာပဲ... အဲဒီလိုလူမျိုးက အရမ်းကြောက်စရာကောင်းတယ် သူက သူ့ရဲ့ အငွေ့အသက်တွေ အကုန်လုံးကို ပြီးပြည့်စုံအောင် ဖုံးကွယ်ထားနိုင်တယ်... အပြင်ပန်းကြည့်ရင် သာမန်လူနဲ့တူပေမဲ့ တကယ်လို့ သူ့ကို သာမန်လူတစ်ယောက်လို ဆက်ဆံမိရင်တော့ မင်း သေချာပေါက် သေပြီပဲ"

လူတိုင်း နောက်တစ်ကြိမ် အံ့အားသင့်သွားကြပြန်၏။

ချန်ဖုန်းမှာမူ အနည်းငယ် စကားပြောစရာမဲ့ဖြစ်သွားခဲ့သည်။

‘ဒီလူရဲ့ စိတ်ကူးယဉ်မှုတွေက တကယ်ကို လွန်ကဲလွန်းလှတယ် အတိုချုပ်ပြောရလျှင် သူက ငါ့ကို လူယုတ်မာကြီးလို့ ပြောချင်နေတာ မဟုတ်လား’

"ကောင်းပြီ ခင်ဗျားတို့တွေ နယ်စပ်ပြင်ပ စစ်မြေပြင်ကို ပြန်သွားကြတော့"

သူတို့သာ ဆက်ပြီး ဆွေးနွေးနေကြလျှင် ထူးဆန်းသောအရာများ ထွက်ပေါ်လာမည်ကို ချန်ဖုန်း စိုးရိမ်နေခဲ့၏။

"အဇူရာနန်းတော်က ပြန်လည်အသက်ဝင်လာဖို့ ပြင်ဆင်နေပြီဆိုတော့ အားလုံးကို ပြန်စုစည်းလိုက်တော့"

"နားလည်ပါပြီ"

ယန်ရီမှာ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။

အမှန်ပင်ဖြစ်၏။ အဇူရာနန်းတော်က ကမ္ဘာပေါ်တွင် နောက်တစ်ကြိမ် ပြန်လည်ပေါ်ထွက်လာတော့မည် ဖြစ်ပေသည်။

မကြာသေးမီ နှစ်များအတွင်း ၎င်းတို့သည် နယ်စပ်ပြင်ပတွင် လှည့်လည်သွားလာနေခဲ့ကြပြီး အိမ်ခြေယာမဲ့များကဲ့သို့ ခံစားနေခဲ့ကြရ၏။

ယခုတော့ ၎င်းတို့ နောက်ဆုံးတွင် အိမ်ပြန်ရတော့မည် ဖြစ်သည်။

"သခင်လေး အဇူရာနန်းတော်က နယ်စပ်ပြင်ပမှာ စီးပွားရေးလုပ်ငန်း အများအပြားကို လုပ်ကိုင်နေဆဲပါပဲ ဒါပေမဲ့ မကြာသေးမီ နှစ်တွေအတွင်းမှာ ငါတို့က တသီးတခြား နေထိုင်ခဲ့ကြလို့ ဒီလုပ်ငန်းအများစုကို တခြားသူတွေက လုယူသွားခဲ့ကြတယ်"

"ဒါဆိုရင်လည်း ပြန်ယူကြတာပေါ့"

လူတိုင်းက သူ့ကို သခင်လေးဟု ခေါ်နေကြသဖြင့် ဤအမှတ်အသားကို ချန်ဖုန်း ဝန်လေးစွာဖြင့် လက်ခံလိုက်လေ၏။

နန်းတော်သခင် ပြန်မလာရန်သာ မျှော်လင့်ရပေမည်။

မည်သို့ပင်ဆိုစေကာမူ အဇူရာနန်းတော်ကို မိမိ လွှဲပြောင်းရယူပြီးမှတော့ ထိုကိစ္စကို တွေးတောရမည် ဖြစ်၏။

"နားလည်ပါပြီ"

ယန်ရီ၏ အငွေ့အသက်များ မြင့်တက်လာခဲ့သည်။

ချန်ဖုန်း မသိခဲ့သည့်အရာမှာ သူ ဤအမိန့်ကို ထုတ်ပြန်ပြီးနောက် နယ်စပ်ပြင်ပရှိ အင်အားစု ဆယ်စုခန့် ဖျက်ဆီးခံလိုက်ရမည်ကိုပင်။

၎င်းတို့မှာ အဇူရာနန်းတော်၏ စီးပွားရေးလုပ်ငန်းများကို ခိုးယူသွားခဲ့သော အင်အားစုများ ဖြစ်ကြပေ၏။

ထို့နောက် အချိန်များတွင် ကိစ္စအချို့ကို သတင်းပို့ပြီးနောက် လဲ့ယန်နှင့် အခြားသူများ ထွက်ခွာသွားကြသည်။

အဇူရာနန်းတော်က ပြန်လည်ရောက်ရှိလာလေပြီ။

၎င်းတို့ လုပ်ဆောင်ရန် ကိစ္စများစွာ ကျန်ရှိနေသေး၏။

ချန်ဖုန်းက မျက်နှာတစ်ထောင်မြေခွေး အား ကြည့်ကာ ရယ်မောလိုက်သည်။

"ဆရာမကု ခင်ဗျားက မသွားသေးဘူးလား"

"ငါက ဘယ်ကိုသွားရမှာလဲ"

မျက်နှာတစ်ထောင်မြေခွေး က ရယ်မောလိုက်၏။

"ငါက ပေ့ဟူတက္ကသိုလ် အနုပညာဌာနက ဆရာမလေ... ငါပြန်သွားရင်တောင် ပေ့ဟူတက္ကသိုလ်ကိုပဲ ပြန်ရမှာ... သခင်လေး နင့်ကို လူကိုယ်တိုင် ကာကွယ်ပေးဖို့ လိုအပ်သေးလား"

"ကောင်းပြီလေ"

ချန်ဖုန်းမှာ စကားပြောစရာမဲ့ဖြစ်သွားခဲ့သည်။

ထို့နောက် ချန်ဖုန်းက အခြားကိစ္စတစ်ခုကို သတိရသွားကာ မေးလိုက်၏။

"အရင်တစ်ခေါက် နယ်စပ်မှာတုန်းက တခြား M နိုင်ငံရဲ့ ကင်းစခန်း တပ်မှူးတွေကို ရှင်းလင်းဖို့ ငါ့ကို ကူညီပေးခဲ့တာ ခင်ဗျားနဲ့ လဲ့ယန် မဟုတ်ဘူးလား"

"အင်း... ဟုတ်တယ်"

မျက်နှာတစ်ထောင်မြေခွေး က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ... ခင်ဗျား အခု ပေ့ဟူကို ပြန်သွားလို့ရပြီ"

ထိုသို့ ပြောဆိုပြီးနောက် ချန်ဖုန်းသည် ဗီလာထဲမှ ထွက်လာခဲ့၏။

သူအနေနဲ့ ကိစ္စများစွာကို တွေးတောနေခဲ့သည်။

အဇူရာနန်းတော်၏ အင်အားကို သူ တကယ် အလိုရှိသော်လည်း သူ၏ လက်ရှိ အခြေအနေမှာ အတော်လေး အနေရခက်နေပေ၏။

အဇူရာနန်းတော်ရှိ လူတိုင်းက သူ့ကို လက်ခံထားကြသော်လည်း အကယ်၍ အဇူရာနန်းတော်သခင်သာ ပေါ်လာပါက သူ၏ အမှတ်အသား အစစ်အမှန်သည် ပေါ်ပေါက်သွားပေလိမ့်မည်။

"ဒါက ကောင်းချီးတစ်ခုလား ဒါမှမဟုတ် ကျိန်စာတစ်ခုလား"

တော်ပါပြီ တော်ပါပြီ။

တစ်ဆင့်ချင်းစီ သွားပြီး အဇူရာနန်းတော်သခင် သေဆုံးသွားပြီဟုသာ မျှော်လင့်ရပေမည်။

ချန်ဖုန်းက ခဏတာ တွေးတောလိုက်ပြီးနောက် သူ၏ စိတ်ထဲမှ ရုတ်တရက် မေးမြန်းလိုက်၏။

"စနစ်... အဇူရာနန်းတော်သခင်က တကယ် သေသွားပြီလား... မင်း သူ့ကို သတ်နိုင်လား"

[ဤမေးခွန်းအား ဖြေကြား၍ မရနိုင်ပါ]

"ချီးပဲ"

ထင်တဲ့အတိုင်းပင်။

ချန်ဖုန်းသည် ထိုအကြောင်းကို ဆက်မတွေးတော့ဘဲ လေဆိပ်သို့သွားရန် ဗီလာထဲမှ ထွက်လာစဉ် သူ၏ရှေ့တွင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။

ရှန်ကွမ်ယွဲ့ ပင် ဖြစ်ပေ၏။

ဤအချိန်တွင် ရှန်ကွမ်ယွဲ့သည် အဝတ်အစား လဲလှယ်ထားခဲ့လေပြီ။

သူမသည် ခြေအိတ်အမည်း၊ ဘွတ်ဖိနပ်အရှည်နှင့် ကုတ်အင်္ကျီတို့ကို ဝတ်ဆင်ထားသည်။

ရိုးရှင်းသော ဝတ်စုံလေးပင် ဖြစ်သော်လည်း လူများကို လန်းဆန်းသော ခံစားချက်ကို ပေးစွမ်းနိုင်ဆဲ ဖြစ်၏။

ချန်ဖုန်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းနေခဲ့သည်။

‘ဒီမိန်းမက ငါ့ကို ဒုက္ခပေးဖို့ အခု ဒီကို ရောက်လာတာလား ငါ အရင် ထွက်ပြေးသင့်လား’ ထိုသို့ တွေးရင်း အခြေအနေ မကောင်းရင် ထွက်ပြေးဖို့ ပြင်လိုက်သည်။

ထိုအချိန်၌ ရှန်ကွမ်ယွဲ့က သူမ၏ မျက်ခွံများကို အနည်းငယ် ပင့်တင်လိုက်ကာ မေးလိုက်၏။

"လှလား"

ချန်ဖုန်းက မသိစိတ်မှ ခေါင်းညိတ်လိုက်သည်။

"လှတယ်"

ထိုစကားလုံးများ သူ၏ ပါးစပ်မှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် သူမထံမှ အားကောင်းသော အငွေ့အသက်များ ရုတ်တရက် ထွက်ပေါ်လာသည်ကို သူ ခံစားလိုက်ရ၏။

‘ဘုရားရေ ရှန်ကွမ်ယွဲ့ကို ကြည့်ရတာ ဒေါသတကြီးနဲ့ ပေါက်ကွဲတော့မလို့ပဲ ဘာတွေဖြစ်နေတာလဲ မင်းရဲ့ ရုပ်ရည်ကို ချီးမွမ်းတာတောင် မရဘူးလား မင်းအနေနဲ့ ဒေါသမထွက်သင့်ဘူး မဟုတ်လား’ ချန်ဖုန်းတစ်ယောက် တွေးနေစဥ်မှာပင်…

ထိုအချိန်မှာပင် ရှန်ကွမ်ယွဲ့သည် သူ့ကို ခြေထောက်ဖြင့် လှမ်းကန်လိုက်လေသည်။

ချန်ဖုန်းက သူမ၏ ခြေတံရှည်များကို အလျင်အမြန် ဖမ်းဆွဲလိုက်ပြီး ကျိန်ဆဲကာ ပြောဆိုလိုက်၏။

"ရှောင်ယွဲ့ယွဲ့... မင်း ဒီလိုဆက်လုပ်နေရင် ငါ သက်ညှာနေမှာ မဟုတ်ဘူးနော်"

"ရှင်"

ရှန်ကွမ်ယွဲ့ မျက်နှာရဲသွားခဲ့သည်။

အထူးသဖြင့် တစ်ဖက်လူက သူမ၏ ခြေထောက်ကို ဖမ်းဆွဲထားသည်ကို ခံစားလိုက်ရချိန်တွင် သူမ ဂနာမငြိမ်ဖြစ်ပြီး စိုးရိမ်ပူပန်လာခဲ့၏။

သူမသည် ယခင်က အမျိုးသားတစ်ဦးနှင့် ဤသို့သော ထိတွေ့မှုမျိုး တစ်ခါမျှ မရှိခဲ့ဖူးချေ။

နယ်စပ်တွင် ချန်ဖုန်းက သူမကို ကုသပေးခဲ့စဉ်က သူမ သတိလစ်နေခဲ့သဖြင့် မည်သည့်အရာကိုမျှ မသိခဲ့ပေ။

ယခုတော့ သူမ လက်သီးများကို ဆုပ်ထားပြီး သွားကြိတ်ကာ ပြောဆိုလိုက်သည်။

"ရှင်... ရှင် အောက်ချပေးစမ်း... ပြီးတော့ ကျွန်မကို ရှောင်ယွဲ့ယွဲ့ လို့ မခေါ်နဲ့"

"ကောင်းပါပြီ ရှောင်ယွဲ့ယွဲ့ ရယ်"

တစ်ဖက်လူမှာ စိတ်လိုက်မာန်ပါ မလုပ်တော့သည်ကို မြင်သောအခါ ချန်ဖုန်းက သူမ၏ ခြေထောက်ကို အောက်ချပေးလိုက်၏။

"ရှင်"

ရှန်ကွမ်ယွဲ့မှာ အမှန်ပင် ဒေါသထွက်နေခဲ့သည်။

သူမက သူမ၏ ခန္ဓာကိုယ် လှမလှ ယခုလေးတင် မေးလိုက်ချိန်တွင် နယ်စပ်၌ သူမကို ကုသပေးခဲ့သော မြင်ကွင်းကို ချန်ဖုမ်းက ပြောတာဖြစ်မည်ဟု သူမက တွေးကြည့်လိုက်ခြင်း ဖြစ်ပေ၏။

‘သူက တကယ်ပဲ လှတယ်လို့ ပြောလိုက်တာလား…အား…ငါ ရူးတော့မှာပဲ သူက ငါ့ရဲ့ ကိုယ်လုံးတီးခန္ဓာကိုယ်ကို တကယ်ကြီး မြင်သွားခဲ့တာပဲ’

ရှန်ကွမ်ယွဲ့သည် အံကြိတ်လိုက်ပြီး သူမအနေဖြင့် ချန်ဖုန်းကို ယှဉ်နိုင်မည်မဟုတ်ကြောင်းလည်း သူမ၏ ရင်ထဲတွင် သိနေခဲ့၏။

သူမက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ထပ်မေးလိုက်သည်။

"သူတို့ ထွက်သွားကြပြီလား"

ထိုစကားက အဇူရာနန်းတော်၏ ပင်မနတ်ဘုရားဆယ်ပါး ကို ရည်ညွှန်းခြင်း ဖြစ်ပေ၏။

ရှန်ကွမ်ယွဲ့သည် စစ်ဘက်ဆိုင်ရာဌာနကို တာဝန်ယူထားသူ ဖြစ်သည်။

အဇူရာနန်းတော်နှင့် သူ၏ ကျွမ်းကျင်သူအဖွဲ့ ဟွာရှနိုင်ငံတွင် ကျန်ရှိနေခြင်းက အချိန်ကိုက်ဗုံးတစ်လုံး ဖြစ်လာနိုင်ပေ၏။

သူမ စိုးရိမ်နေခဲ့သည်။

ထိုလူများ၏ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်ရပေမည်။

ချန်ဖုန်းက ပြုံးလျက် ပြောဆိုလိုက်၏။

"စိတ်မပူပါနဲ့ ရှောင်ယွဲ့ယွဲ့... ငါ သူတို့ကို လွှတ်လိုက်ပါပြီ... ငါက မင်းရဲ့ အသက်သခင်ကျေးဇူးရှင်ဆိုတော့ ငါ့ကို သောက်စရာလေး ဘာလေး မတိုက်ချင်ဘူးလား"

"ကျွန်မကို ရှောင်ယွဲ့ယွဲ့ လို့ မခေါ်နဲ့လို့"

ရှန်ကွမ်ယွဲ့မှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

တကယ်တော့ ထိုစကားများကို ကိုယ်တိုင်ပြောလိုက်ချိန်တွင် သူမ အနည်းငယ် မှင်တက်သွားခဲ့၏။

ဘာကြောင့်လဲဆိုတော့ အတိတ်က သူမသည် အလွန် အေးစက်ပြီး ခန့်ညားသော အသွင်အပြင်ကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်သည်။

ယခုတော့ သူမတွင် သိမ်မွေ့သော အမျိုးသမီးဆန်သည့် အငွေ့အသက်များ ရှိနေလေပြီ။

‘ငါ ဘာတွေဖြစ်နေတာလဲ’

All Chapters