အခန်း ၂၁၄
Vol. 22 Ch. 214
အခန်း (၂၁၄) နန်းတော်သခင်၏ အတွေးများ
ချန်ဖုန်းသည် သူ၏ အိတ်ကပ်ထဲမှ ဆေးရည်ပုလင်းတစ်လုံးကို ထုတ်ယူလိုက်လေ၏။
ထို့နောက် သူက တီးတိုးရေရွတ်လိုက်သည်။
"အရင်တစ်ခေါက်က မင်းကိုယ်ပေါ်မှာ အမာရွတ်တချို့ ရှိနေတာ သတိထားမိလို့ ပြန်ရောက်တဲ့အခါ အဲဒါတွေကို ရက်အနည်းငယ်လောက် အချိန်ပေးပြီး လေ့လာကြည့်ခဲ့တယ်"
"သုံးညဆက်တိုက် အိပ်မပျော်ဘဲ နေပြီးနောက် နောက်ဆုံးတော့ ဒီဆေးရည်ကို ဖော်စပ်နိုင်ခဲ့ပြီ"
"ဒီအာနိသင်က ဈေးကွက်ထဲက ဟာတွေထက် ဆယ်ဆလောက် ပိုအားကောင်းရမယ်... တကယ်လို့ လအနည်းငယ်လောက် ဆက်တိုက်သုံးမယ်ဆိုရင် မင်းကိုယ်ပေါ်က အမာရွတ်တွေကို လုံးဝ ဖယ်ရှားပစ်နိုင်တယ်"
သူက ရှန်ကွမ်ယွဲ့ကို နောက်တစ်ကြိမ် ကြည့်ကာ သက်ပြင်းချလိုက်၏။
"ငါက မူလက မင်းကို ပေးမလို့ပဲ ဒါပေမဲ့ မင်းက ဒါကို မလိုအပ်ဘူးလို့ ထင်တာနဲ့ ငါ လွှင့်ပစ်လိုက်တော့မယ်"
"အာ"
ရှန်ကွမ်ယွဲ့ ရုတ်တရက် မှင်တက်သွားခဲ့သည်။
ထို့နောက် သူမ စိတ်ထဲကနေ တွေးလိုက်မိသည်။ ‘ငါ့ကိုယ်ပေါ်မှာ တကယ်ပဲ အမာရွတ်တချို့ ရှိနေတာပဲ တချို့က အရင် လေ့ကျင့်ရေးတွေက ကျန်ခဲ့တာဖြစ်ပြီး တချို့ကတော့ စစ်မြေပြင်မှာ ရခဲ့တဲ့ ဒဏ်ရာတွေက ကျန်ခဲ့တာ’
‘မိန်းကလေးတွေဆိုတာ သိတဲ့အတိုင်းပဲလေဘယ်သူကများ အလှအပကို မမြတ်နိုးဘဲ နေမှာလဲ’
ရှန်ကွမ်ယွဲ့သည် ဤအမာရွတ်များကို ဖယ်ရှားရန် ကြိုးစားခဲ့ဖူးသော်လည်း ဆေးဝါးများစွာမှာ လုံးဝ ပျောက်ကင်းအောင် မစွမ်းဆောင်နိုင်ခဲ့ကြချေ။
နောက်ပိုင်းတော့ သူမ ဒါကို ဂရုမစိုက်တော့ဘဲ နေလိုက်တော့၏။
သို့သော် သူမ မထင်မှတ်ထားတာက ချန်ဖုန်းက သူမ အတွက် ဆေးရည်တစ်ပုလင်းကိုတောင် ဂရုတစိုက် ဖော်စပ်ပေးခဲ့တာပဲ ပြီးတော့ ထိုကောင်က သုံးညဆက်တိုက်တောင် အိပ်ရေးပျက်ခံခဲ့တာလား။
‘အို ဘုရားရေ
သူက ငါ့ရဲ့ ကိစ္စတွေကို ဒီလောက်တောင် ဂရုစိုက်ပေးတာပဲလား’ ဟု သူမ တွေးလိုက်မိ၏။
ရှန်ကွမ်ယွဲ့သည် စောစောက သူမ သူ့အပေါ် အနည်းငယ် ရိုင်းစိုင်းခဲ့မိကြောင်း ရုတ်တရက် သဘောပေါက်သွားပြီး ချန်ဖုန်း ဆေးရည်ကို လွှင့်ပစ်တော့မည်ကို မြင်လိုက်သောအခါ…
သူမက အလျင်အမြန် ပြေးသွားပြီး နှုတ်ခမ်းကိုကိုက်ကာ ပြောဆိုလိုက်၏။
"ဟင့်အင်း... မလွှင့်ပစ်နဲ့"
"ဟင်"
ချန်ဖုန်းက သူမကို ပြုံးစစဖြင့် ကြည့်လိုက်သည်။
ရှန်ကွမ်ယွဲ့မှာ ဒေါသထွက်စွာဖြင့် ခြေဆောင့်လိုက်ပြီး ပိုမို အမျိုးသမီးဆန်လာပုံပေါ်၏။
"တကယ်လို့ ရှင် စိတ်မရှိဘူးဆိုရင် ဒီည ကျွန်မအိမ်မှာ ညစာလာစားပါလား"
"ဒါကို ရှင့်ရဲ့ အကူအညီအတွက် ကျေးဇူးတင်တဲ့အနေနဲ့ သဘောထားလိုက်ပါ ပီးတော့လေ...ကျွန်မအဖေကလည်း ရှင့်ကို တွေ့ချင်နေတာ"
ချန်ဖုန်း ချက်ချင်း မှင်တက်သွားခဲ့သည်။
‘ဒါက ဘာအဓိပ္ပာယ်လဲ ငါတို့က ဘာလို့ ရုတ်တရက်ကြီး တစ်ယောက်နဲ့တစ်ယောက် မိဘတွေနဲ့ တွေ့ဖို့ အကြောင်းပြောနေရတာလဲ မင်းအဖေက ငါ့ကို တွေ့ချင်နေတာလား ပီးတော့ ညစာလား’ဟု သူတွေးလိုက်သည်။
ချန်ဖုန်းသည် အရင်တစ်ခေါက်က ရွှီချင်းချန်၏ အိမ်တွင် ညစာစားခဲ့သည်ကို ရုတ်တရက် သတိရသွား၏။
‘အဲ့တုန်းက ငါ့ရဲ့ လူပျိုဘဝကိုတောင် ဆုံးရှုံးရလုနီးပါး ဖြစ်သွားခဲ့တာ ဒါက ထောင်ချောက်နောက်တစ်ခုလား’ဟု သူ ထပ်တွေးလိုက်သည်။
ချန်ဖုန်း၏ ဝန်လေးနေသော မျက်နှာအမူအရာကို မြင်သောအခါ ရှန်ကွမ်ယွဲ့သည် အကြောင်းပြချက်မရှိဘဲ စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့သည်။
"ဘာလဲ နည်းပြချန်က မလာချင်ဘူးလား... အင်းလေ ဘာပဲဖြစ်ဖြစ် ရှင်က အဇူရာနန်းတော်ရဲ့ သခင်လေးပဲဟာ ကျွန်မရဲ့ အဆင့်အတန်းနဲ့ ရာထူးအရဆိုရင် ရှင့်ကို ဘယ်လိုလုပ် လာခိုင်းလို့ရမှာလဲ"
"မဟုတ်ပါဘူး"
ချန်ဖုန်းက သူ့နဖူးသူ ရိုက်လိုက်၏။
ဒီမိန်းမရဲ့ မျက်နှာအမူအရာက စာအုပ်လှန်တာထက်တောင် မြန်နေသေးသည်။ လွန်ခဲ့တဲ့ ခဏလေးက နေသာနေပြီးတော့ ရုတ်တရက်ကြီး တိမ်တွေဖုံးသွားသလိုပင်။
ရှန်ကွမ်ယွဲ့က မျက်လုံးလှန်ကာ ပြောဆိုလိုက်သည်။
"ကျွန်မအဖေက အရင်တုန်းက စစ်ဘက်ဆိုင်ရာဌာနရဲ့ အကြီးအကဲလေ... ဒါပေမဲ့ အခုတော့ အနားယူသွားပါပြီ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က နယ်စပ်မှာ ရှင် စွမ်းဆောင်ခဲ့တာတွေကို သူ ကြားထားတယ် အဲဒါကြောင့် ရှင့်ကို တွေ့ချင်နေတာ"
"ဒီလိုဆိုမှတော့လည်း"
ချန်ဖုန်းက ဖျော့တော့စွာ ပြုံးလိုက်၏။
ထို့နောက် အကြောင်းအရာကို အလျင်အမြန် ပြောင်းလိုက်သည်။
"ဒီဆေးရည်ကို အရင်စမ်းကြည့်ကြမလား... ဖော်စပ်ပြီးကတည်းက ငါ မသုံးရသေးလို့ ဘယ်လောက်ထိရောက်မှုရှိလဲတော့ မသိဘူး... ဒါပေမဲ့ အဆင်ပြေလောက်မှာပါ"
"ကောင်းပြီလေ...ကျွန်မ စမ်းကြည့်လိုက်မယ်"
ရှန်ကွမ်ယွဲ့၏ မျက်နှာပေါ်တွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။
သူမက ရှေ့ရှိ ဗီလာကို ကြည့်ကာ ပြောဆိုလိုက်၏။
"ဒီဗီလာက အဇူရာနန်းတော် ပိုင်တာ မဟုတ်လား... ရှင် စိတ်မဆိုးဘူးဆိုရင် ကျွန်မ ဆေးရည်ကို စမ်းကြည့်လို့ရအောင် အခန်းတစ်ခန်းလောက် ပေးပါ"
သူမ စမ်းကြည့်ရန် မစောင့်နိုင်တော့ချေ။
ချန်ဖုန်းကမူ "ဝင်ခဲ့လေ... ဒါပေမဲ့ ဆေးရည်က ရလဒ်သိရဖို့ အချိန်အကြာကြီး သုံးဖို့လိုတယ်ဆိုတာကိုတော့ ငါ သတိပေးရလိမ့်မယ်" ဟု ပြောလိုက်၏။
ချန်ဖုန်းက သူမအတွက် အခန်းတစ်ခန်း ရှာပေးလိုက်သည်။
ထို့နောက် သူက ဆိုဖာပေါ်တွင် ထိုင်ကာ တီဗီစကြည့်နေလိုက်၏။
ဗီလာအတွင်း၌။
ပေ့ဟူသို့ ပြန်ရန် ပြင်နေသော မျက်နှာတစ်ထောင်မြေခွေး က ထူးဆန်းသော မျက်နှာအမူအရာဖြင့် ချဉ်းကပ်လာသည်။
"သခင်လေး ရှင်က စစ်ဘက်ဆိုင်ရာဌာနရဲ့ စစ်သေနာပတိနဲ့ တကယ်ပဲ ပတ်သက်နေတာကိုး... နယ်စပ်မှာ ရန်သူတွေကို တိုက်ခိုက်ဖို့ ရှင် သူမကို ကူညီပေးခဲ့တာ အံ့သြစရာတော့ မဟုတ်ပါဘူး"
"ထွက်သွားစမ်း"
ချန်ဖုန်း သူမကို ကန်ပစ်ချင်စိတ်ပေါက်သွား၏။
"ကောင်းပါပြီ ကောင်းပါပြီ... ငါ သွားပါပြီ သခင်လေး... ပျော်ပျော်နေခဲ့ပါ"
မျက်နှာတစ်ထောင်မြေခွေး က ရယ်မောလိုက်သည်။
သူမတို့အဖွဲ့သည် ဗီလာအတွင်းမှ အလျင်အမြန် ထွက်ခွာသွားကြပြီး ဗီလာ၏ ပတ်ပတ်လည်တွင် လျင်မြန်စွာ ပုန်းကွယ်သွားကြလေ၏။
......
အခြားတစ်ဖက်တွင်။
ဟွာရှနိုင်ငံ၏ မသိရသော နေရာတစ်ခု၌။
ရှေးဟောင်းဘုရားကျောင်းတစ်ခု ရှိပေသည်။
ထိုဘုရားကျောင်းကို တောင်ထိပ်တွင် တည်ဆောက်ထားပြီး သွားရေးလာရေး ခက်ခဲကာ ဆဲလ်ဖုန်းလိုင်းလည်း မရရှိချေ။
သို့သော် ပတ်ဝန်းကျင်မှာမူ အလွန် ကောင်းမွန်လှ၏။
တောင်တန်းများနှင့် မြစ်များက လှပပြီး လေထုမှာလည်း အလွန် လတ်ဆတ်ပေသည်။
ဘုရားကျောင်း၏ ပင်မခန်းမဆောင်နောက်တွင် မြေအောက်ခန်းတစ်ခု ရှိသည်။
လျှို့ဝှက်ခန်းတစ်ခုအတွင်း၌။
အသက် လေးဆယ် သို့မဟုတ် ငါးဆယ်အရွယ် အမျိုးသားတစ်ဦး ထိုင်နေပြီး သူ၏ ဆံပင်များမှာ လုံးဝ ဖြူဖွေးနေကာ အလွန် နွမ်းနယ်နေပုံရပေ၏။
ထိုအချိန်၌။
အဘိုးအိုတစ်ဦး ဝင်လာခဲ့သည်။
သူက ရိုသေလေးစားစွာဖြင့် ပြောဆိုလိုက်၏။
"နန်းတော်သခင်... အဇူရာနန်းတော်ရဲ့ ပင်မနတ်ဘုရားဆယ်ပါး ဟွာရှနိုင်ငံကို ဝင်ရောက်လာပြီး အဇူရာနန်းတော်က ကမ္ဘာပေါ်မှာ ပြန်လည်ပေါ်ထွက်လာတော့မယ်ဆိုတဲ့ သတင်းရထားပါတယ်"
"ဟင်"
ထိုအမျိုးသားမှာ အနည်းငယ် မှင်တက်သွားခဲ့သည်။
ဤသတင်းက သူ့အတွက် အတော်လေး မထင်မှတ်ထားသောအရာ ဖြစ်နေခဲ့၏။
အဘိုးအိုက ခဏတာ တုံ့ဆိုင်းနေပြီးနောက် ဆက်ပြောလိုက်သည်။
"ပြီးတော့ အဇူရာနန်းတော်က သခင်လေးတစ်ယောက်ကို ရွေးချယ်လိုက်ပြီလို့လည်း ပြောကြတယ်... အခု အဇူရာနန်းတော် တစ်ခုလုံးက သူ့ကို နာခံနေကြပြီ... သူ အဇူရာနန်းတော်ကို လွှဲပြောင်းယူဖို့ အချိန်သိပ်ကြာတော့မယ် မထင်ဘူး တစ်ဖက်လူရဲ့ နာမည်က ချန်ဖုန်း ဖြစ်ပြီး သူက အဇူရာနန်းတော်က မဟုတ်ဘူး"
"ဘာဖြစ်တာလဲ"
ထိုအမျိုးသား၏ သိချင်စိတ်က ပိုမို ပြင်းထန်လာခဲ့၏။
"ဘယ်သူက အမိန့်ထုတ်လိုက်တာလဲ... သခင်လေးကို ဘယ်သူက ရွေးချယ်လိုက်တာလဲ"
"ဘယ်သူကများ ငါ့ရဲ့အမိန့်တွေကို အတုအယောင် လုပ်ရဲတာလဲ"
မေးခွန်းလေးခု ဆက်တိုက် မေးလိုက်ခြင်းပင်။
အဘိုးအိုက ထူးဆန်းသော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်သည်။
"တစ်ဖက်လူဆီမှာ အဇူရာတိုကင် ရှိနေတယ်... အဲဒါကို နန်းတော်သခင် ကိုယ်တိုင် လက်ဆင့်ကမ်းပေးခဲ့တာလို့ ကောလာဟလတွေ ထွက်နေပြီး ခင်ဗျားက အမွေအနှစ်တွေ အကုန်လုံးကို အဲဒီသခင်လေးဆီ ပေးလိုက်တယ်လို့လည်း ပြောကြတယ်"
"ငါ"
ထိုအမျိုးသားမှာ ကျိန်ဆဲလုနီးပါး ဖြစ်သွားခဲ့၏။ သူက အဇူရာတိုကင်ကို ခြံဝင်းတစ်ခုထဲတွင် တကယ်ပဲ ထားရစ်ခဲ့ခြင်း ဖြစ်သည်။
မူလက လဲ့ယန်နှင့် အခြားသူများကို သွားယူခိုင်းရန် ရည်ရွယ်ထားခဲ့၏။
"ဒါက ဘယ်လိုလုပ် အပြင်လူတစ်ယောက်ရဲ့ ယူသွားတာကို ခံလိုက်ရတာလဲ ဘယ်လိုလုပ် အမှားအယွင်း ဖြစ်သွားရတာလဲ"
"သူက ငါ လာအိုဇီရဲ့ ဆက်ခံသူတောင် ဖြစ်လာသေးတယ်လား ဘာတွေဖြစ်နေတာလဲကွာ"
အမျိုးသားသည် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး သူ၏ အငွေ့အသက်များ ပေါက်ကွဲထွက်လာခဲ့သည်။
သူ၏ဘေးရှိ အဘိုးအိုမှာ လန့်ဖြတ်သွား၏။
"နန်းတော်သခင်... ခင်ဗျားရဲ့ ဒဏ်ရာတွေက အပြည့်အဝ မသက်သာသေးဘူးနော်... အခုချိန်မှာ ခင်ဗျား လုံးဝ စိတ်လိုက်မာန်ပါ မလုပ်သင့်ဘူး... အဲလိုလုပ်ရင် ခင်ဗျားရဲ့ ကြိုးစားအားထုတ်မှုတွေ အကုန်လုံး အလဟဿ ဖြစ်သွားလိမ့်မယ်"
ထိုအခါမှ အမျိုးသားသည် ပြန်ထိုင်လိုက်သည်။
ဤအချိန်တွင် သူ၏ စိတ်ခံစားမှုများ သိသိသာသာ တည်ငြိမ်သွားခဲ့ပြီ ဖြစ်၏။
ထို့နောက် သူ၏ နှုတ်ခမ်းများပေါ်တွင် ရုတ်တရက် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"တစ်ဖက်လူရဲ့ နာမည်က ချန်ဖုန်း မဟုတ်လား... သူက အဇူရာတိုကင်ကို ရထားမှတော့ ငါ့ကိုယ်စား အဇူရာနန်းတော်ကို အရင် တာဝန်ယူခိုင်းထားလိုက်ပါ"
"နန်းတော်သခင်က ချန်ဖုန်းကို အသုံးချပြီး ခင်ဗျားအတွက် အကျိုးရှိအောင် လုပ်ဖို့ ကြိုးစားနေတာလား"
အဘိုးအိုမှာ အနည်းငယ် မှင်တက်သွားခဲ့သည်။
အမျိုးသားက လက်ကာပြကာ ပြောဆိုလိုက်၏။
"အဇူရာနန်းတော်က ထိပ်တန်းအင်အားစုတစ်ခု ဖြစ်ပေမဲ့ သူ့မှာ ရန်သူတွေ ရှိနေသေးတယ်... အခု အဇူရာနန်းတော်က ကမ္ဘာပေါ်မှာ ပေါ်လာပြီဆိုတော့ လူအများကြီးရဲ့ ပစ်မှတ်ထားတာကို သေချာပေါက် ခံရမှာပဲ"
"အဲဒီ အင်အားစုတွေကို နှိမ်နင်းဖို့ ချန်ဖုန်း ငါ့ကို ကူညီပါစေပေါ့ သူက စစ်ပွဲကို အနိုင်ရပြီး အတားအဆီးတွေ အကုန်လုံးကို ရှင်းလင်းပေးပြီးတာနဲ့ ငါ အဇူရာနန်းတော်ကို ပြန်ယူမယ် ဒါက ပိုမို လွယ်ကူသွားမှာ မဟုတ်ဘူးလား"
"နန်းတော်သခင်က ပညာရှိတာပါပဲ"
အဘိုးအိုက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။
အဇူရာနန်းတော်သခင် သည် ကမ္ဘာအနှံ့ထိ နာမည်ကျော်ကြားသူဖြစ်ပြီး အလွယ်တကူ အမြတ်ထုတ်ခံမည့်သူ မဟုတ်ချေ။
"ဒီကမ္ဘာပေါ်မှာ သူ့ကို ဒုက္ခရောက်အောင် လုပ်နိုင်တဲ့သူဆိုလို့ လက်ချိုးရေလို့ရတဲ့ အရေအတွက်ပဲ ရှိလောက်တယ်"
"ကောင်းပြီ အဖွဲ့အစည်း အကုန်လုံးကို ဆက်ပြီး စောင့်ကြည့်နေလိုက်"
အမျိုးသား၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ဖြတ်ပြေးသွားပြီး ထပ်မံပြောဆိုလိုက်၏။
"အဇူရာနန်းတော်ရဲ့ ပင်မနတ်ဘုရားဆယ်ပါး အပါအဝင် ဘယ်သူ့ကိုမှ ငါ့ရဲ့ သတင်းကို မသိစေနဲ့ ငါ သေသွားပြီလို့ လူတိုင်းကို ထင်စေချင်တယ်"
"နန်းတော်သခင်... ဒါပေမဲ့..."
"ဒါပေမဲ့တွေ လုပ်မနေနဲ့"
အမျိုးသားက မျက်မှောင်အနည်းငယ် ကြုတ်ကာ ထပ်ပြောဆိုလိုက်၏။
"ကောင်းကင်ကြီး ပြိုမကျလာသရွေ့ အရာအားလုံးက အဆင်ပြေနေမှာပဲ... ကောင်းကင်ကြီး ပြိုကျလာရင်တောင် ငါ ထိန်းထားပေးမယ်... ဘာကြောက်စရာ ရှိလို့လဲ"
"ငါက လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက အဇူရာနန်းတော်ကို တည်ထောင်ခဲ့တာကွ"
"အဲဒီကောင်လေးက အဇူရာနန်းတော်ကို ဒီလောက် လွယ်လွယ်ကူကူနဲ့ ခိုးယူသွားနိုင်မယ်ဆိုတာ ငါ လုံးဝ မယုံဘူး…”
"နားလည်ပါပြီ"
အဘိုးအိုသည် ဘာမှဆက်မပြောတော့ဘဲ လျှို့ဝှက်ခန်းထဲမှ ဖြည်းညင်းစွာ ထွက်ခွာသွားလေ၏။