အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
အပိုင်း ၄၅
ခေါင်းဆောင်၏ အကြံပြုချက်ကို ရင်ဆိုင်ရချိန်တွင် ချန်ကောဟွားက ပြုံးလိုက်သည်။ထို့နောက် ပြောလိုက်သည်။
"လူကြီးမင်းတို့ နှစ်ယောက်စလုံး သဘောကျတယ်ဆိုမှတော့ ဒီငါးကို ပေးလိုက်ပါ့မယ်"
"သေချာရဲ့လား"
ခေါင်းဆောင်ဟောင်းက အနည်းငယ် အံ့ဩသွားသည်။
"မင်းမိန်းမနဲ့ တိုင်ပင်ဖို့ မလိုဘူးလား"
ချင်ကျင်းယွီ၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားပြီး ပြောလိုက်သည်။
"ဘာမှ ပြောဖို့မလိုပါဘူး၊ အိမ်မှာ ယောက်ျားစကားကိုပဲ နားထောင်တာမို့ သူပြောတဲ့အတိုင်းပါပဲ"
ဤစကားကြောင့် ချန်ကောဟွား၏ ရင်ထဲတွင် ဝမ်းသာသွားရသည်။သူမကို ချစ်ရကျိုးနပ်ေပသည်။သူမေလးက အပြင်ရောက်လျှင်လည်း ခင်ပွန်းဖြစ်သူကို မျက်နှာပေးရမည်မှန်း သိနေသေးသည်။
"ဒါဆိုလည်း ကောင်းပြီ လူငယ်လေး၊ ဈေးကွက်ထဲက ငါးကြင်းတွေက အတွေ့ရများတဲ့ ငါးအမျိုးအစားတွေပဲ၊ ရှားပါးတဲ့ အမျိုးအစားတွေ မဟုတ်ဘူး၊ ဈေးနှုန်းအရဆိုရင် ငါးအရှင်တွေက တစ်ပိသာကို တစ်ကျပ်လောက် ရှိတယ်"
"ဒါပေမဲ့ ငါးဆိုတဲ့အရာက ပိုလေးလေ ပိုတန်ဖိုးရှိလေပဲ"
"သုံးပိသာလောက် အလေးချိန်ရှိတဲ့ ငါးကြီးဆိုရင် ဝက်သားဈေးနဲ့ သိပ်မကွာတော့ဘူး၊ တစ်ပိသာကို တစ်ကျပ် ခြောက်မူးလောက် ရတယ်"
"အကယ်၍ ခြောက်ပိသာလောက်ဆိုရင်တော့ ဈေးက တိုက်ရိုက် နှစ်ဆတက်သွားပြီ"
"မင်း ဖမ်းမိတဲ့ ဒီငါးက ဆယ့်ငါးပိသာလောက် လေးရုံတင်မကဘူး အရောင်ကလည်း ရှားပါးတဲ့ ရွှေနီရောင်ဖြစ်နေပြီ၊ အခုကလည်း နွေဦးပွဲတော်နဲ့ နီးကပ်နေပြီ"
"ဒီလိုလုပ်ကြစို့၊ မင်းဆီကနေ အမြတ်မထုတ်တော့ပါဘူး၊ တစ်ပိသာကို ၃၂ ကျပ်နှုန်းနဲ့ တိုက်ရိုက်ဝယ်မယ်၊ အပြတ်ဈေး ၅၀၀ ကျပ်ဆိုရင်ရော ဘယ်လိုလဲ"
ရွှီး——
ထိုစကားသံအဆုံးတွင် ချင်ကျင်းယွီမှာ လေအေးများကို တိုက်ရိုက် ရှိုက်သွင်းလိုက်မိသည်။
၅၀၀တဲ့လား
အရောင်လေး လှပြီး အနည်းငယ် ပိုကြီးရုံမျှဖြင့် ၅၀၀ ဟူသော မိုးထိအောင် မြင့်မားသည့် ဈေးနှုန်းဖြင့် ရောင်းချနိုင်သည်တဲ့။ဤသည်မှာ အလွန် ရူးသွပ်စရာ ကောင်းလွန်းနေသည်။
ချင်ကျင်းယွီမှာ နှိုင်းယှဉ်၍မရနိုင်လောက်အောင် အံ့ဩနေစဉ်မှာပင် ထို့ထက်ပို၍ မေးရိုးပြုတ်ကျမတတ် အံ့ဩရဖွယ် ကိစ္စတစ်ခု ဖြစ်ပျက်လာသည်။
ချန်ကောဟွားက ပြုံးလျက် ခေါင်းညိတ်လိုက်သည်ကိုသာ တွေ့လိုက်ရပြီး ပြောလိုက်သည်။
"ဈေးနှုန်းက တော်တော်လေး တရားမျှတပါတယ်၊ ဒါပေမဲ့..."
"ဒါပေမဲ့ ဘာဖြစ်လဲ"
ခေါင်းဆောင်နှစ်ဦး၏ အာရုံစိုက်မှုမှာ ချက်ချင်းပင် ဆွဲဆောင်ခံလိုက်ရသည်။
ချန်ကောဟွားက စကားပြန်ရုပ်သိမ်းလိုက်သည်ဟု သူတို့က ထင်မှတ်သွားကြသည်။သို့သော် နောက်တစ်စက္ကန့်၌ ချန်ကောဟွားက ပြောလိုက်သည်။
"ဒီလိုလုပ်ကြတာပေါ့၊ ဒီငါးကို လက်ဆောင်အဖြစ် ပေးလိုက်ပါ့မယ်၊ ဒီတစ်ခေါက် နွေဦးပွဲတော်မှာ နိုင်ငံတော်အတွက် အတိတ်နိမိတ်ကောင်းတစ်ခု ယူဆောင်ပေးတယ်လို့ သတ်မှတ်လိုက်ပါ"
"ပိုက်ဆံမယူဘူးလား၊ ဒါက..."
ခေါင်းဆောင်နှစ်ဦးမှာ သိသာထင်ရှားစွာ ကြက်သေသေသွားပြီး မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပြည့်လာသည်။
ဘေးဘက်ရှိ ချင်ကျင်းယွီမှာ ပို၍ပင် အံ့ဩသွားပြီး ပါးစပ်ကြီး ဟသွားရသည်။
ပိုက်ဆံမယူဘူးတဲ့လား
ဒါက ၅၀၀ ကျပ်ကြီးတောင်လေ
သို့သော် လူတိုင်း အံ့ဩနေကြချိန်တွင် ခေါင်းဆောင်ဟောင်းက ရုတ်တရက် အသံကျယ်ကြီးဖြင့် ရယ်မောလာသည်။
"ဟားဟားဟား... နိုင်ငံတော်အတွက် အတိတ်နိမိတ်ကောင်းတစ်ခု ယူဆောင်ပေးမယ်တဲ့လား၊ ကောင်းတယ် လူငယ်လေး၊ မင်းက တော်တယ်၊ အခုခေတ် လူငယ်တွေထဲမှာ ငါအဘိုးချိုးက မင်းလို မျိုးချစ်စိတ်ရှိတဲ့သူမျိုး သိပ် မတွေ့ဖူးသေးဘူး"
ဤစကားကို ကြားသောအခါ ချန်ကောဟွား၏ မျက်နှာပြင်တွင် မပြောင်းလဲသော်လည်း အတွင်းစိတ်ထဲ၌မူ ကောင်းကင်အထိ ထိုးတက်နေသော လှိုင်းလုံးကြီးများ ရိုက်ခတ်သွားသည်။
မျိုးရိုးနာမည်က ချိုးတဲ့လား
တစ်ဖက်လူမှာ ရုပ်မြင်သံကြားပေါ်တွင် ပါဖူးသည့် နိုင်ငံတော် အရာရှိကြီးပင် ဖြစ်သည်။ဤအမှီအခိုကြီးမှာ အလွန်ကြီးမားလွန်းနေေလပြီ။
ငါးတစ်ကောင်ဖြင့် တစ်ဖက်လူ၏ အသိအမှတ်ပြုမှုကို လဲလှယ်ရခြင်းမှာ လုံးဝကို အရှုံးမရှိဘဲ သေချာပေါက် အမြတ်ထွက်သည့် ကိစ္စဖြစ်သည်။
"မင်းနာမည် ဘယ်လိုခေါ်လဲ၊ ပြီးတော့ ဘယ်မှာ အလုပ်လုပ်တာလဲ"
အဘိုးအိုချိုး၏ မျက်လုံးများက တောက်ပလျက် ချန်ကောဟွားကို ကြည့်နေသည်။
နိုင်ငံတော် အရာရှိကြီးတစ်ဦးဖြစ်သည့်အားလျော်စွာ အခြားသူများထံမှ အမြတ်ထုတ်ခြင်းကို သဘာဝအားဖြင့် မနှစ်သက်ပေ။
သို့သော် အရေးအကြီးဆုံးမှာ တစ်ဖက်လူ၏ ကိုယ်ရေးအချက်အလက်များက အမှန်တကယ် ယုံကြည်ရမှု ရှိ၊ မရှိ သေချာစေရန်ဖြစ်၍ အလုပ်အကိုင်ကို မေးမြန်းခြင်းဖြစ်သည်။
ချန်ကောဟွားက ပြန်ဖြေလိုက်သည်။
"အဘိုးချိုး၊ င့ါနာမည်က ချန်ကောဟွားပါ၊ စစ်ကျိုမြို့က ဟုန်ရှင်း သံမဏိစက်ရုံမှာ ဝယ်ယူရေးဝန်ထမ်းနဲ့ အဆင့်နှစ် ပန်းပဲဆရာ(ဖစ်တာ)အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်"
"အို"
အဘိုးအိုမှာ ကြက်သေသေသွားပြီး သူ၏ မျက်လုံးများထဲရှိ ချန်ကောဟွားအပေါ် လေးစားသဘောကျမှုက ပို၍ နက်ရှိုင်းလာသည်။
စစ်ကျိုမြို့မှာ အနီးအနားတွင်သာရှိပြီး စုံစမ်းလိုက်သည်နှင့် ဤလူ ရှိ၊ မရှိကို သိနိုင်သောကြောင့် လှည့်စားရန် လုံးဝ မလိုအပ်ပေ။ထို့ကြောင့် ကိုယ်ရေးအချက်အလက်နှင့် အလုပ်အကိုင်မှာ သေချာပေါက် အစစ်အမှန်ပင် ဖြစ်ရမည်။
တစ်ဖက်လူမှာ တစ်ဦးတည်းဖြင့် ရာထူးအများအပြားကို ပူးတွဲထမ်းဆောင်နေခြင်းဖြစ်၍ စွမ်းဆောင်ရည် ရှိနေသည်မှာ အသေအချာပင်ဖြစ်သည်။
ခေါင်းဆောင်များနှင့် ရင်ဆိုင်ရချိန်တွင်လည်း နှိမ့်ချလွန်းခြင်း သို့မဟုတ် မောက်မာလွန်းခြင်း မရှိဘဲ မျက်နှာပျက်ခြင်း၊ ရင်ခုန်ခြင်းများလည်း မရှိပေ။ဤလူ၏ သတ္တိနှင့် စွမ်းရည်မှာ သဘာဝအတိုင်းပင် ရှိနေသည်။ထို့အပြင် ရှားပါးလှသည့် တန်ဖိုးရှိသော မျိုးချစ်စိတ်ဓာတ်ပါ ပေါင်းထည့်ထားသေးသည်။
ချက်ချင်းပင် အဘိုးအိုအား အရည်အချင်းရှိသူကို မြတ်နိုးသည့် စိတ်များ ဖြစ်ပေါ်လာစေသည်။
"မဆိုးဘူး၊ ပျိုးပင်ကောင်းလေးပဲ၊ ချန်ကောဟွား မဟုတ်လား၊ မင်းကို ငါ မှတ်ထားလိုက်မယ်" အဘိုးအိုက ခေါင်းညိတ်လျက် တည်ငြိမ်စွာ ပြောလိုက်သည်။
ဤစကား ထွက်လာသည်နှင့် ဘေးဘက်ရှိ ယာဉ်မောင်းနှင့် ဟယ်မျိုးရိုးရှိသော ခေါင်းဆောင်တို့မှာ တိုက်ရိုက်ပင် တုန်လှုပ်သွားကြသည်။သူတို့က တစ်ဖက်လူ၏ အစစ်အမှန် ကိုယ်ရေးအချက်အလက်ကို သိထားကြသူများ ဖြစ်သည်။
ထိုသူက မျိုးဆက်သစ်များကို အာရုံစိုက်သည်ကို ထိုနှစ်ဦး စလုံး တစ်ခါမှ မမြင်ဖူးခဲ့ပေ။သို့သော် ယခုအချိန်တွင် တစ်ဖက်လူက ချန်ကောဟွားဆိုသည့် ဤလူကို မှတ်ထားမည်ဟု ပြောဆိုနေသည်။ဤသည်က မည်သည့်အဓိပ္ပာယ် ဆောင်နေသည်ကို ပြောပြစရာပင် မလိုတော့ချေ။
သေးငယ်သော စစ်ကျိုမြို့လေးမှာ နဂါးတစ်ကောင် ထွက်ပေါ်လာတော့မည်ဟု ဆို၍ရနိုင်သည်။ဤတစ်ကြိမ်တွင်မူ စောစောကမှ ချန်ကောဟွားအပေါ် အနည်းငယ် မကျေမနပ်ဖြစ်နေခဲ့သော ယာဉ်မောင်းမှာ ချန်ကောဟွားကို ကြည့်သည့် မျက်လုံးများက ချက်ချင်းပင် ရိုသေလေးစားမှုများပြည့်လာသည်။
ဤလူသာ ရမ်းကားမှုများ မလုပ်ပါက အနာဂတ်တွင် အဘိုးအို လူအင်အား လိုအပ်လာချိန်၌ သေချာပေါက် နဂါးတံခါးကို ကျော်ဖြတ်မည့် ငါးကြင်းတစ်ကောင် ဖြစ်လာမည်ကို သူ သိနေသည်။
"ဒါနဲ့ အဘိုးချိုး၊ ငါ တစ်ခုလောက် မေးလို့ရမလား၊ ဒီငါးကို ခဏနေရင် ဘယ်လို စီစဉ်မှာလဲ၊ သတ်ပြီး အသားစားပစ်မှာတော့ မဟုတ်ပါဘူးနော်"
"ဟားဟားဟားဟား..."
ထိုနေရာတစ်ဝိုက်တွင် ကြည်လင်သော ရယ်မောသံများ ထွက်ပေါ်လာသည်။
မိနစ်ဝက်ခန့် ကြာပြီးနောက်မှ အဘိုးအိုက ပြုံးလျက် စတင်ပြောဆိုလာသည်။
"ဒီလောက်ကြီးမားတဲ့ ရွှေနဂါးငါးကြီးကို နဂါးအဖြစ် ပြောင်းလဲသွားတယ်လို့ ပြောရင်တောင် လွန်မယ်မထင်ဘူး၊ ငါတို့လို အဘိုးကြီးတွေက ဘယ်လိုလုပ်ပြီး စားရက်မှာလဲ"
"ဒီငါးကို နိုင်ငံတော်ဧည့်ဂေဟာ ဧည့်ခန်းမဆောင်ရဲ့ အထင်ရှားဆုံး နေရာမှာ မွေးထားဖို့ ရည်ရွယ်ထားတယ်၊ နေရာအရပ်ရပ်က လာတဲ့ ဧည့်သည်တွေ တံခါးကနေ ဝင်လာတာနဲ့ ငါတို့ တာ့ရှားနိုင်ငံရဲ့ ကြီးပွားတိုးတက်နေတဲ့ နိုင်ငံတော် ကံကြမ္မာကို မြင်တွေ့နိုင်အောင်လို့ပေါ့"
ခေါင်းဆောင်ဟောင်းက ဤသို့သော စကားမျိုး ပြောထွက်လာလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
တကယ်တမ်းဆိုရလျှင် ငါးကြင်းတစ်ကောင်က နိုင်ငံတော် ရတနာအဖြစ် သတ်မှတ်ခံရမည်တဲ့လား။သို့ေသာ် ဤသည်မှာ နိုင်ငံတော်အတွက် မျက်နှာပန်းလှစေမည့် ကိစ္စကြီးပင် ဖြစ်သည်။ထို့နောက် အဘိုးအိုတို့ သုံးဦးလည်း ကျေနပ်စွာဖြင့် ဤဧရာမ အကောင်ကြီးကို သယ်ဆောင်သွားခဲ့ကြသည်။
သူတို့ ထွက်ခွာသွားချိန်တွင် ချန်ကောဟွားအပေါ် ကျေးဇူးကြွေး တစ်ခု တင်သွားကြောင်းကို ကိုယ်တိုင် ဝန်ခံသွားခဲ့ပြီး နောင်တစ်ချိန် ချန်ကောဟွား၌ ကိစ္စရှိလာပါက သူ့ထံ ဖုန်းဆက်၍ တိုက်ရိုက် လာရှာနိုင်ကြောင်း ပြောကြားသွားသည်။
ခေါင်းဆောင်များ ထွက်ခွာသွားသည်ကို မျက်စိတစ်ဆုံး လိုက်ကြည့်ပြီးနောက် ချင်ကျင်းယွီမှာ ချန်ကောဟွား၏ ဘေးတွင် ထိုင်လျက် နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"ကောဟွား၊ ဘာလို့ ပိုက်ဆံ မယူလိုက်တာလဲ၊ ၅၀၀ ကျပ်တန် ငါးကို ဒီတိုင်းကြီး ပေးလိုက်တာလား"
ချန်ကောဟွားက အခြား ငါးကြီးများကို အတော်များများ ထပ်မံ ဖမ်းမိပြီးနောက်မှ စတင်ပြောလိုက်သည်။
"မိန်းမ၊ မင်း နှမြောစရာကောင်းတယ်လို့ ထင်နေတာလား"
ချင်ကျင်းယွီက ခေါင်းညိတ်ပြလိုက်သည်။
"မင်း အခု နားမလည်သေးဘူး၊ တစ်ခါတလေမှာ ကိုယ်က ဘာမှ မလိုချင်လေလေ ခေါင်းဆောင်တွေအတွက်တော့ သူက ကိုယ့်ကို အခွင့်အရေးတွေ ပိုပေးလာလေလေပဲ"
"ဒါပေမဲ့ ကိုယ်က တစ်ခုခုကို လုယူဖို့ ကြိုးစားလေလေ များသောအားဖြင့် ဘာမှ မရနိုင်လေလေပဲ"
"ဒါကြောင့် တို့တွေ စောင့်ကြည့်ကြတာပေါ့၊ တစ်နေ့ကျရင် ဒီရွှေရောင် ငါးကြင်းကြီးက တန်ဖိုးထက် ပိုလွန်နေတဲ့ နေ့တစ်နေ့ ရှိလာမယ်ဆိုတာကို မင်း သိလာရလိမ့်မယ်"
ချင်ကျင်းယွီမှာ နားလည်သလို နားမလည်သလိုဖြင့် ခေါင်းညိတ်လိုက်သည်။
......
သုံးပိသာကျော်လောက်ရှိသော ငါးကြီး အကောင် ၃၀ ကျော်ကို ဖမ်းမိလိုက်သည်။ဤမျှ ကြီးမားသော အောင်မြင်မှုကြီးကို ချန်ကောဟွားတို့ နှစ်ဦးအနေဖြင့် ပြန်လည် သယ်ဆောင်သွားရန် နည်းလမ်း မရှိခဲ့ပေ။
ထို့ကြောင့် ပိုက်ဆံ အနည်းငယ် အကုန်အကျခံကာ ပတ်ဝန်းကျင်ရှိ တောင်သူအချို့ကို ခြံဝင်းထဲအထိ ကူညီသယ်ဆောင်ပေးရန် အကူအညီတောင်းခဲ့ရသည်။
ညဘက် ရောက်သည့်အချိန်မှသာ သူတို့ အိမ် ပြန်ရောက်လာသည်။
ပြန်ရောက်လာချိန်တွင် တောင်သူ ဆယ်ဦးနီးပါးက အကောင် ၄၀ နီးပါးရှိသော ငါးကြီးများကို ချန်ကောဟွား၏ အိမ်ထဲသို့ တစ်သီတစ်တန်းကြီး ပို့ဆောင်ပေးခဲ့ကြသည်။
မသိသော လမ်းသွားလမ်းလာများက ဤလေးဘက်ပိတ် ခြံဝင်းကြီးကို ကုန်သွယ်ရေးသမဝါယမ၏ နေရာသစ်ဟုပင် ထင်မှတ်သွားကြပြီး ထိုသူများကိုလည်း ဝယ်ယူရေးဝန်ထမ်းများဟု ထင်မှတ်သွားကြသည်။
ငါးကြီးများကို ခြံဝင်းထဲသို့ ယူဆောင်လာသည်နှင့်အမျှ အိမ်တိုင်း အိမ်တိုင်း၏ တုံ့ပြန်မှုများမှာလည်း တစ်ခုနှင့်တစ်ခု မတူညီကြပေ။
ဦးလေးကြီးရီက မြင်တွေ့ပြီးနောက် တိုက်ရိုက်ပင် အေးစက်စွာ ရယ်မောလိုက်သည်။ချန်ကောဟွားတွင် ငါးဖမ်းသည့် စွမ်းရည်ရှိမည်ကို သူက လုံးဝ မယုံကြည်ပေ။တဖက်သူက တစ်နေရာရာကနေ ဝယ်လာခဲ့ခြင်းဖြစ်မည်မှာ သေချာသည်။ထို့ကြောင့် ရင်ထဲတွင် စတင်၍ သရော်လှောင်ပြောင်လာသည်။
"အရမ်း ငယ်လွန်းသေးတယ်၊ နှစ်သစ်ကူးလေး ဖြတ်သန်းဖို့ကို ဒီလောက် ပစ္စည်းတွေ အများကြီး ဝယ်နေမှတော့ သူတို့နှစ်ယောက် အိုလာတဲ့အခါကျရင် ဘယ်လိုလုပ်ကြမလဲ"
ဒုတိယဦးလေးက ခြံဝင်းထဲတွင် လျိုကွမ်းထျန်းနှင့် လျိုကွမ်းဖူတို့ကို ရိုက်နှက်နေသည်။မူလကတည်းက မျက်နှာမသာမယာ ဖြစ်နေသော သူက ဤမြင်ကွင်းကို မြင်တွေ့ပြီးနောက် တိုက်ရိုက်ပင် ခနဲ့တဲ့တဲ့ဖြင့် ပြောလိုက်သည်။
"ဒီလောက် ပိုက်ဆံတွေ အများကြီး သုံးပြီး ဒီလောက် ပစ္စည်းတွေ အများကြီး ဝယ်လာတာတောင် ခေါင်းဆောင်တွေကို ပေးရမှန်း မသိဘူး၊ နောင် ကိစ္စရှိလာတဲ့အခါ ဘယ်သူက မင်းကို ကူညီချင်မလဲဆိုတာ ကြည့်နေလိုက်"
တတိယဦးလေးမှာမူ သဘာဝအတိုင်းပင် လွန်စွာ မနာလို ဖြစ်နေသည်။သူက ငါးဖမ်းရသည်ကို နှစ်သက်ပြီး မနေ့က ၁၅ ကျပ်သားပင် မပြည့်သော ငါးလေးများကိုသာ ဖမ်းမိခဲ့သည်။
သို့သော် ယခုအချိန်တွင် ချန်ကောဟွားက ဖမ်းမိသည်ဖြစ်စေ၊ မဖမ်းမိသည်ဖြစ်စေ ဤမျှလောက် များပြားသော ငါးများကို ရရှိနိုင်ခြင်းကပင် စွမ်းေဆာင်ရည်ရှိခြင်း ဖြစ်သည်။
ထို့အပြင် သူက ချန်ကောဟွားကို ဖားယားရန်အတွက်လည်း အစီအစဉ်ဆွဲထားပြီး ဖြစ်သည်။ထို့ကြောင့် အခြေအနေကိုမြင်တွေ့ပြီးနောက် သူက ချက်ချင်းပင် ချန်ကောဟွားကို မြှောက်ပင့်၍ ပြောလိုက်သည်။
"ကောဟွားရာ၊ မင်းက တဖြည်းဖြည်းနဲ့ ပိုပြီး တော်လာတာပဲ၊ ချင်ကျင်းယွီ ခန္ဓာကိုယ်လေး ကျန်းမာလာတဲ့အထိ စောင့်ပြီးရင် မင်းတို့တွေ မြန်မြန် ကလေးလေး ဘာလေး ယူကြဦး၊ အဲဒီအချိန်ကျရင် မင်းတို့မှာ ထိန်းဖို့ အချိန်မရှိရင် ငါက မင်းတို့အတွက် ကလေးထိန်းပေးမယ်"
တတိယဦးလေး ပြောအပြီးတွင် ချင်ကျင်းယွီက ရှက်သွေးဖြာကာ ရယ်မောလိုက်သည်။
ချန်ကောဟွား၏ မျက်နှာပေါ်တွင်မူ တည်ငြိမ်သော အပြုံးတစ်ခု ရှိနေသည်။အခြားသူများမှာမူ ဤမြင်ကွင်းအပေါ် တုံ့ပြန်မှုများက မတူညီကြပေ။
ရွှီတမောင်းမှာ မနေနိုင်ဘဲ သက်ပြင်းတစ်ချက် ချလိုက်မိပြီး အနည်းငယ် စိတ်ညစ်နေပုံ ရသည်။
တတိယဦးလေးပင်လျှင် ချန်ကောဟွားကို ဖားယားနေသည်ကို သူ မြင်တွေ့လိုက်ရ၍ ရင်ထဲတွင် ချက်ချင်းပင် ဖိအားများ ခံစားလိုက်ရသည်။ထို့ကြောင့် ချန်ကောဟွား စိတ်အနှောင့်အယှက် မဖြစ်စေဘဲ ကျေနပ်သွားစေရန် မည်သို့ ဖားယားရမည်ကို ရင်ထဲတွင် စဉ်းစားနေသည်။
ဟယ်ယွီကျူးမှာမူ မျှော်လင့်တကြီးဖြင့် အကြိမ်အနည်းငယ် ကြည့်ပြီးနောက် ထပ်၍ မကြည့်ချင်တော့ပေ။အဘယ်ကြောင့်ဆိုသော် အိမ်တွင်းရေး ထိခိုက်နေသော သူက ပိုကြည့်လေလေ ရင်ထဲတွင် ပို၍ ခံစားရခက်လေလေ ဖြစ်နေသောကြောင့်ပင်။
ကျားမိသားစုနှင့် ပတ်သက်၍မူ ပို၍ပင် စိတ်ဝင်စားစရာ ကောင်းနေသည်။ပန့်ကန့် အပါအဝင် ကလေးသုံးယောက်စလုံးမှာ မျှော်လင့်တကြီးဖြင့် ကြည့်နေကြသည်။
အထူးသဖြင့် ဆူဖြိုးလှပသော ငါးကြီးများကို မြင်တွေ့ရချိန်တွင် တိုက်ရိုက်ပင် သွားရည်ကျကာ တံတွေးများ မျိုချနေကြသည်။
ချင်ဟွိုင်ယွီမှာမူ အသံတစ်ချက်မျှ မထွက်ဘဲ ကလေးများကို ခေါ်ဆောင်ကာ အိမ်ထဲသို့ ပြန်ဝင်သွားသည်။သူမ၏မျက်လုံးများထဲရှိ အထီးကျန်မှုနှင့် နောင်တရမှုများကို အထင်းသား မြင်တွေ့နေရသည်။ထိုအထဲတွင် ပို၍ များပြားနေသည်မှာ မနာလိုဖြစ်စိတ်ပင် ဖြစ်သည်။
အကယ်၍ ပိုမို တိကျစွာ ပြောရမည်ဆိုလျှင် မနာလိုဝန်တိုမှုနှင့် အမုန်းတရားများပင် ဖြစ်သည်။ညီမဝမ်းကွဲဖြစ်သူ ချင်ကျင်းယွီမှာမူ အရာအားလုံးကို ခံစားပျော်ရွှင်နေနိုင်ေနသည်။
အထူးသဖြင့် ချင်ဟွိုင်ယွီတစ်ယောက် ခံစားရခက်ကာ နောင်တရစွာဖြင့် ကလေးများကို ခေါ်ဆောင်၍ အိမ်ထဲသို့ ဝင်သွားသည့် ပုံစံကို မြင်တွေ့ရချိန်တွင် ဖြစ်သည်။သူမက အလွန်ပင် ရင်ထဲပေါ့ပါးသွားသည်ဟု ခံစားရပြီး တစ်ကိုယ်လုံး လန်းဆန်းသွားသည်အထိ ပေါ့ပါးသွားသည်။
ထို့နောက် ခေါင်းထဲတွင် အသိစိတ်လွတ်စွာဖြင့် ပြန်လည် တွေးတောမိလိုက်သည်မှာ ထိုနှစ်က သူမနှင့် ခင်ပွန်းဖြစ်သူတို့ လက်ထပ်ချိန်တွင် မည်သည့် စားကောင်းသောက်ဖွယ်မှ မရှိခဲ့ခြင်းပင် ဖြစ်သည်။
သို့သော် ချင်ဟွိုင်ယွီတို့ မိသားစုမှာ တစ်စုံတစ်ရာမှ ဖော်ပြခြင်း မရှိသည့်အပြင် အိမ်အပြင်ဘက်တွင်ပင် သရော်လှောင်ပြောင်နေခဲ့ကြသည်။ထို့အပြင် ယခင်က ချင်ဟွိုင်ယွီ လက်ထပ်ချိန်တွင် သူမက တစ်ဖက်လူ၏ မင်္ဂလာပွဲ မြင်ကွင်းကို မြင်တွေ့ခဲ့ရသည်။
မိမိကိုယ်တိုင်မှာ သနားစရာကောင်းစွာဖြင့် ပြောင်းဖူးပေါက်စီကို ကိုင်ထားရပြီး တစ်ဖက်လူမှာမူ ငါးကြီး၊ အသားကြီးများနှင့် ဖြစ်သည်။သို့သော် မည်သည့် မြင်ကွင်းမျိုးပင် ဖြစ်ပါစေ မိမိ၏ ဤအစ်မဝမ်းကွဲမှာ သူမအတွက် မည်သည့် အရာကောင်း တစ်ခုမျှ ယူဆောင်လာပေးခြင်း မရှိခဲ့ပေ။အနည်းငယ်မျှ ကောင်းမွန်သော ဂျုံပေါက်စီလေး တစ်လုံးပင် ဖြစ်ပါစေ မပေးခဲ့ဖူးချေ။
ယခုအခြေအနေအောက်တွင် သူမနှင့် ချန်ကောဟွားတို့၏ ဘဝက အရသာရှိရှိ ဖြတ်သန်းနေရပြီး ထိုသူများမှာမူ နောင်တရခြင်းနှင့် စိတ်ညစ်ခြင်းမှလွဲ၍ မည်သည့်အရာမျှ မလုပ်နိုင်ကြပေ။
ဤသို့သော နှိုင်းယှဉ်မှုမျိုးအောက်တွင် ချင်ကျင်းယွီအား မည်သို့လျှင် မပျော်ရွှင်စေဘဲ နေနိုင်မည်နည်း။အမှန်တကယ်ပင် ကောင်းကင်သို့ ပျံတက်သွားမတတ် ပျော်ရွှင်နေရသည်။
အပိုင်း ၄၆ - ဘယ်လူယုတ်မာက ငါ့အိမ်က ကြက်ကို ခိုးသွားတာလဲ
ဖမ်းဆီးရမိသော ငါးဝတုတ်ကြီးများကို အိမ်သို့ သယ်ဆောင်လာပြီးနောက် ချန်ကောဟွားတို့ ဇနီးမောင်နှံလည်း နွေဦးပွဲတော်မတိုင်မီ အချိန်မီလေးတွင် ငါးခြောက်များကို အားလုံး ပြုလုပ်လိုက်ကြသည်။
ဆားနယ်ပြီး နေလှန်းပြီးနောက်တွင် မွှေးကြိုင်လှသော ငါးခြောက်တုံးများ အားလုံး အဆင်သင့်ဖြစ်သွားသည်။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ချန်ကောဟွားတို့ ဇနီးမောင်နှံမှာ နွေဦးပွဲတော် ရောက်ရှိလာမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
သို့သော် နွေဦးပွဲတော် နီးကပ်လာသည့် ရက်အနည်းငယ်အလိုတွင် ချန်ကောဟွားက ဤမွန်းတည့်အချိန်လေးမှာ ယခင်လိုပင် မည်သည့်ကိစ္စမျှ ဖြစ်လာမည်မဟုတ်ဟု မူလက ထင်မှတ်ထားခဲ့ချိန်၌ပင် ရုတ်တရက် ရွှီတမောင်း ရှိရာအရပ်ဆီမှ ဒေါသတကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။
"တောက်"
"ဘယ်လူယုတ်မာက ငါ့ပစ္စည်းကို ခိုးသွားတာလဲ"
"ငါ့အိမ်က ဥ ဥနေတဲ့ ကြက်မကြီးကွ"
"နှစ်သစ်ကူးတာတောင် ငါ မစားရက်ခဲ့ဘူး"
"ဘယ်ကောင်က ခိုးသွားတာလဲ"
"အခုချက်ချင်း ထွက်လာခဲ့စမ်း"
ခြံဝင်းမှာ သိပ်မကြီးမားသောကြောင့် အသံလုံမှုမှာလည်း သိပ်မကောင်းလှပေ။
ထို့ကြောင့် ဤအော်ဟစ်သံက သဘာဝအတိုင်းပင် ခြံဝင်းထဲရှိ လူတိုင်း၏ နားထဲသို့ ချက်ချင်း ရောက်ရှိသွားသည်။
ရွှီတမောင်း၏ မခံချင်စိတ်ဖြစ်နေပြီး ဒေါသထွက်နေသော အသံကို လူတိုင်း ကြားလိုက်ရပြီးနောက် ချန်ကောဟွား၏ ခေါင်းထဲတွင် လူတစ်ယောက်ကို တွေးမိသွားသည်။
ထိုလူမှာ အခြားသူမဟုတ်ဘဲ မကြာသေးမီကမှ သူတို့အိမ်သို့ လာ၍ ပစ္စည်းခိုးခဲ့သော ပန့်ကန့်ပင် ဖြစ်သည်။
မကြာသေးမီကမှ ထောင်ထဲရောက်လုနီးပါး ဖြစ်သည်ကို ယခုတိုင် ခိုးဝှက်လိုသည့်စိတ် မပြင်သေးဘူးလား
ချန်ကောဟွားက လျှောက်ပြောနေခြင်း မဟုတ်ပေ။မူရင်းဇာတ်လမ်းထဲတွင်လည်း ပန့်ကန့်က ဤအချိန်လောက်တွင်ပင် ရွှီတမောင်းအိမ်မှ ကြက်ကို ခိုးယူခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤကောင်လေးက အနာကျက်သွားတော့ နာကျင်သည်ကို မေ့သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။အကယ်၍သာ ဂရုမစိုက်ဘဲ ထားလိုက်ပါက ဤခွေးဝံပုလွေပေါက်စလေးက သူတို့အိမ်ရှိ ငါးခြောက်များအပေါ်သို့ သေချာပေါက် အာရုံကျလာလိမ့်မည် ဖြစ်သည်။
ချန်ကောဟွား၏ အမြင်တွင်မူ ပန့်ကန့်ဆိုသည့် ဤကောင်လေးကို လူယုတ်မာ အမှိုက်သရိုက်ဟု ပြောလျှင်ပင် ပေါ့လျော့လွန်းနေသေးသည်။သူ့ကို လူတစ်ယောက်ဟုပင် ပြော၍မရနိုင်လောက်အောင် ဖြစ်နေသည်။
ဆိုရိုးစကားဟောင်းတစ်ခု ရှိသည်။ဆင်းရဲသော မိသားစုမှ ကလေးများက စောစီးစွာ အိမ်ထောင်ဦးစီး နေရာကို ယူရတတ်သည်။(အရွယ်ရောက်စော၊ ရင့်ကျက်သည်မှာ စော )
သို့သော် ပန့်ကန့်ဆိုသည့် ဤတိရစ္ဆာန်လေးက လုံးဝကို ထိုသို့ မဟုတ်ခဲ့ပေ။သူ ထွက်ပေါ်လာခြင်းက အပြစ်ကင်းသူများကို လက်စားချေရန် သက်သက်သာ ဖြစ်နေသည်။
ဥပမာအားဖြင့် ဆိုရသော် ပန့်ကန့်ကဲ့သို့ ကျေးဇူးကန်းတတ်သူမျိုး၊ ခိုးဝှက်ခြင်းကို နှစ်သက်သည့် အကျင့်စရိုက်များပါ ပေါင်းစပ်လိုက်လျှင် နောင်ခေတ်များတွင်သာဆိုပါက သေချာပေါက် ရဲစခန်းထဲဝင်၍ အလုပ်ကြမ်းလုပ်ကာ အကျင့်စာရိတ္တ ပြုပြင်ရမည့် ကံကြမ္မာမျိုးပင် ဖြစ်သည်။
ပန့်ကန့်တစ်ယောက် လူယုတ်မာ အမှိုက်သရိုက် ဖြစ်လာရသည့် အကြောင်းရင်း သုံးချက် ရှိကြောင်းကိုလည်း ချန်ကောဟွားက သိထားသည်။ပထမအချက်မှာ ကျားမိသားစုမှ သားအမိနှင့် ချင်ဟွိုင်ယွီတို့ကြောင့် ဖြစ်သည်။ဒုတိယအချက်မှာ လေးဘက်ပိတ် ခြံဝင်းထဲရှိ အိမ်နီးချင်းများကြောင့် ဖြစ်သည်။တတိယအချက်မှာတော့ ပန့်ကန့်ကိုယ်တိုင်ကြောင့်ပင် ဖြစ်သည်။
ကျားမိသားစု အကြောင်းကို အရင်ပြောရလျှင် ကျားတုန်းရွှီက လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာကြောင့် ကျဆုံးသွားခဲ့ရသဖြင့် မိသားစုမှာလည်း သဘာဝအတိုင်းပင် ပို၍ ပို၍ ဆင်းရဲလာသည်။
ဤအချက်နှင့် ပတ်သက်၍ လူတိုင်းကလည်း နားလည်ထားကြသည်။သို့သော် ကျားမိသားစုဝင်များ၏ လုပ်ရပ်က အလွန်ပင် လွန်ကဲလွန်းနေသည်။
သူတို့က ကြိုးစားပမ်းစား လုပ်ကိုင်သည့် နည်းလမ်းဖြင့် အခက်အခဲများကို ပြောင်းလဲပစ်ရန် မစဉ်းစားခဲ့ကြပေ။ထို့အစား မိသားစု ဆင်းရဲသည်ကို အခွင့်ကောင်းယူကာ ကိုယ်ကျင့်တရားအရ အကျပ်ကိုင်ခြင်းများ၊ သနားစရာကောင်းအောင် ဟန်ဆောင်ခြင်းများ၊ စိတ်ထားကောင်းသူများ၏ ကိုယ်ချင်းစာစိတ်ကို ရယူခြင်းများ ပြုလုပ်ခဲ့ကြသည်။
ဤကဲ့သို့ လိမ်လည်လှည့်ဖြားသည့် အောက်တန်းကျသော နည်းလမ်းများကို အသုံးပြုကာ အခြားသူများ၏ ပစ္စည်းများကို အဆက်မပြတ် လိမ်လည်ရယူခဲ့ကြသည်။
ကလေးတစ်ယောက်အနေဖြင့် မိမိအိမ်မှ လူကြီးများပင် ဤသို့သော အကျင့်စရိုက်မျိုး ရှိနေသည်ကို မြင်တွေ့ရချိန်တွင် ပန့်ကန့်၏ အမြင်သုံးရပ်က မည်သို့လျှင် မယိမ်းယိုင်ဘဲ နေနိုင်မည်နည်း။
ဤသည်ကလည်း ထိုဆိုရိုးစကားဟောင်းအချို့နှင့် ကိုက်ညီနေသည်။အနီရောင်နှင့် နီးလျှင် နီသွားပြီး၊ မင်နှင့် နီးလျှင် မည်းသွားတတ်သည်။အပေါ်ယက်မ မဖြောင့်လျှင် အောက်ယက်မလည်း ကောက်တတ်သည်။
ထို့နောက်တွင်တော့ ခြံဝင်းထဲရှိ အိမ်နီးချင်းများပင် ဖြစ်သည်။ဟယ်ယွီကျူး၊ ရီကျုံးဟိုင်စသည့် လူများပင် ဖြစ်သည်။
ပန့်ကန့်၏ အမှားများကို ရင်ဆိုင်ရချိန်တွင် တစ်ကြိမ်ပြီးတစ်ကြိမ် သည်းခံခွင့်လွှတ်ပေးခဲ့ကြသည်။ဤသို့သော လုပ်ရပ်က မကောင်းမှုကို အားပေးအားမြှောက် ပြုလုပ်နေခြင်း ဖြစ်သည်။
လှည့်စားခံရသည့် ပြင်ပလူများပင် ဂရုမစိုက်ကြတော့ရာ၊ အမြင်မမှန်ကန်သော ကျားမိသားစုက ကလေးကို ဆုံးမပေးလိမ့်မည်ဟု မျှော်လင့်၍မရချေ။ဤသည်မှာ ထင်ရှားစွာပင် မဖြစ်နိုင်သည့် ကိစ္စဖြစ်သည်။
ဤသို့ဖြင့် အချက်တစ်ချက်ကို ဖြစ်ပေါ်စေသည်၊ ပန့်ကန့် အမှားလုပ်မိသော်လည်း ထိုက်တန်သော ပြစ်ဒဏ်ကို မရရှိခဲ့သဖြင့် ပစ္စည်းခိုးခြင်းက မကောင်းသော အပြုအမူ မဟုတ်ဟု သူ့အား ခံစားသွားစေသည်။ထို့အစား ဘဝအရည်အသွေးကို တိုးတက်စေနိုင်ပြီး ဂုဏ်ယူစရာကောင်းသည့် နည်းလမ်းတစ်ခုဟုပင် ထင်မှတ်သွားစေသည်။
အချိန်ကြာလာသည်နှင့်အမျှ ပန့်ကန့်၏ ခိုးဝှက်တတ်သည့် အကျင့်မှာ သဘာဝအတိုင်းပင် ပေါ်ပေါက်လာခဲ့တော့သည်။
ထို့ကြောင့် ပန့်ကန့်တစ်ယောက် နောက်ဆုံးတွင် ပြစ်မှုကျူးလွန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားရခြင်းမှာ ဤအိမ်နီးချင်းများတွင်လည်း တာဝန်မကင်းပေ။
နောက်ဆုံးတွင်တော့ ပန့်ကန့်ကိုယ်တိုင်ပင် ဖြစ်သည်။ကလေးဖြစ်၍ အစားမက်သည်ကို နားလည်ပေး၍ ရနိုင်သည်။သို့သော် မည်သည့်ကလေးက အစားမမက်ဘဲ နေမည်နည်း။
သို့သော် တိုက်တိုက်ဆိုင်ဆိုင်ပင် ပန့်ကန့်ဆိုသည့် ဤကောင်လေးက အစားအမက်ဆုံးဖြစ်နေပြီး ဝက်တစ်ကောင်ကဲ့သို့ပင် စားသောက်တတ်သေးသည်။
မူလက စားနိုင်ခြင်းက ကံကောင်းမှုတစ်ခုဟု ဆိုသော်လည်း၊ လုပ်အားကို အသုံးပြု၍ ထိုက်တန်သော ပစ္စည်းများနှင့် လဲလှယ်ယူ၍ ရနိုင်သည်။
ဥပမာအားဖြင့် ကလေးက အစားမက်ပြီး အိမ်နီးချင်းများ၏ ပစ္စည်းများကို စားချင်ပါက သူတို့ကို ကူညီပေးခြင်း၊ ပုံမှန်အားဖြင့် ယဉ်ကျေးစွာ နှုတ်ဆက်ခြင်းများ ပြုလုပ်ပါက မည်သည့်အိမ်တွင် စားကောင်းသောက်ဖွယ် ရှိသည်ဖြစ်စေ အသိအမှတ်ပြုသောအားဖြင့် အနည်းငယ် ပေးကြမည်သာ ဖြစ်သည်။
မည်သို့ပင်ဆိုစေ မည်သည့်အိမ်ကမျှ ထိုပစ္စည်း အနည်းငယ်လောက်ကို နှမြောနေမည် မဟုတ်ပေ။သို့သော် ဤကောင်လေးက ထိုသို့ မလုပ်ခဲ့ပေ။
မလုပ်ခဲ့သည့်အပြင် အခြားသူများ၌ရှိလျှင် သူလည်း သေချာပေါက် ရှိရမည်ဖြစ်ပြီး ပို၍ပင် များများ ရှိရမည်ဟု ထင်မှတ်နေသည်။ထိုသို့မဟုတ်ပါက ငိုယိုကာ ရစ်တော့မည်သာ ဖြစ်သည်။
မူရင်းဇာတ်လမ်းထဲရှိ နွေဦးပွဲတော် အချိန်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စကိုပင် ဥပမာ ယူကြည့်နိုင်သည်။
နွေဦးပွဲတော် ကာလအတွင်း ဟယ်ယွီကျူးက ပန့်ကန့်တို့ သုံးယောက်ကို ရွှီတမောင်းအိမ်သို့ သွား၍ မုန့်ဖိုးတောင်းခိုင်းသည်။ပန့်ကန့်က မည်သို့ လုပ်ခဲ့သနည်း။ရွှီတမောင်း၏ အိမ်ထဲသို့ တိုက်ရိုက် ပြေးဝင်သွားပြီး အခြားသူများ အိပ်နေသည်ဖြစ်စေ၊ မအိပ်နေသည်ဖြစ်စေ ဂရုမစိုက်ဘဲ အန်ပေါင်း တောင်းယူခဲ့ကာ၊ မပေးပါက အိပ်လို့ရမည် မဟုတ်ကြောင်း ပြောဆိုသည်။
ထို့အပြင် တောင်းယူသည့် အန်ပေါင်း ပမာဏမှာလည်း မနည်းလှပေ။သူက တိုက်ရိုက်ပင် တစ်ကျပ် တောင်းခဲ့ခြင်း ဖြစ်သည်။
တစ်ကျပ်ဆိုသည်မှာ မည်သည့် အဆင့်အတန်းမျိုး ဖြစ်သနည်း။သိထားရမည်မှာ သူတို့ ကျားမိသားစု၏ တစ်လ ဝင်ငွေမှာ နှစ်ဆယ်ကျော်သာ ရှိပြီး လူခြောက်ယောက်အတွက် မျှဝေလိုက်ပါက တစ်ယောက်လျှင် တစ်လကို လေးကျပ်သာ ရရှိမည်ဖြစ်သည်။
သို့သော် ပန့်ကန့်တို့ သုံးယောက်က ပါးစပ်ဟလိုက်သည်နှင့် သုံးကျပ် တောင်းယူခဲ့ရာ ကျားမိသားစုမှ လူတစ်ယောက်၏ တစ်လစာ စားနပ်ရိက္ခာနီးပါးပင် ဖြစ်နေသည်။
ဤသည်ကို ချင်ဟွိုင်ယွီ၏ လုပ်အားခနှင့် ပြောင်းလဲ တွက်ချက်ကြည့်ပါက ငါးရက်စာခန့်ပင် ရှိနေပြီ ဖြစ်သည်။ထို့ကြောင့် ပန့်ကန့်မှာ အလွန် လောဘကြီးလှသည်ဟု ဆိုရမည်။
အိမ်နီးချင်းများမှာ ကလေး၏ နားမလည်မှုအပေါ် အနည်းငယ် မကျေမနပ် ဖြစ်မိကြသော်လည်း သူ၏ ဘဝကို မဖျက်ဆီးမိစေရန် တတ်နိုင်သမျှ သူနှင့် အဆင့်အတန်းတူ အသိဉာဏ်မျိုး မထားခဲ့ကြပေ။
သို့သော် ဤသို့သော အကျိုးဆက်က ကျေးဇူးမသိတတ်သော လူယုတ်မာ၊ လောဘကြီးပြီး ကိုယ်ကျိုးရှာတတ်သော သွေးစုပ်ဖုတ်ကောင် တစ်ကောင်ကို တိုက်ရိုက် ဖန်တီးပေးလိုက်ခြင်းပင် ဖြစ်သည်။ထို့ကြောင့်ပင် ရွှီတမောင်း အော်ဟစ်လိုက်ပြီးနောက် ချန်ကောဟွားက ထူးဆန်းသည်ဟု မခံစားရဘဲ ခိုးဝှက်မှု ထပ်မံ ဖြစ်ပွားခြင်းမှာ ပုံမှန်သာဖြစ်သည်ဟု ခံစားမိသည်။
"ယောက်ျား၊ နွေဦးပွဲတော် ရောက်တော့မယ်၊ သူခိုးတွေကလည်း ပိုက်ဆံ ပိုရအောင် ရှာပြီး အိမ်ပြန် နှစ်သစ်ကူးချင်ကြမှာပဲ၊ တို့တွေ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို သေချာ ဝှက်ထားရအောင်" ချင်ကျင်းယွီက မနေနိုင်ဘဲ သတိပေးလိုက်သည်။
ချင်ကျင်းယွီမှာ အိမ်အပြင်ဘက်တွင် ငါးခြောက်များကို နေလှန်းနေခဲ့ရာ ခုလေးတင် လှန်းပြီးသည်နှင့် အပြင်ဘက်မှ ရွှီတမောင်း၏ အော်ဟစ်သံကို ကြားလိုက်ရသဖြင့် စိုးရိမ်တကြီးဖြင့် ချန်ကောဟွား ရှေ့သို့ ပြေးလာကာ ပြောဆိုလာခြင်း ဖြစ်သည်။
ဇနီးဖြစ်သူ၏ စိုးရိမ်နေသော ပုံစံကို ရင်ဆိုင်ရချိန်တွင် ချန်ကောဟွားက သူမ၏ နှာခေါင်းလေးကို ချစ်စနိုးဖြင့် ပုတ်လိုက်ကာ ပြောလိုက်သည်။
"ငတုံးမလေး ဒီသူခိုးက အစားလာခိုးတာ၊ ပိုက်ဆံလာခိုးတာ မဟုတ်ဘူး"
"အစားလာခိုးတာလား"
ချင်ကျင်းယွီက အံ့အားသင့်စွာ ပြောလိုက်ပြီး အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။
သူခိုးလုပ်မှတော့ ပိုက်ဆံခိုးတာ ပိုမကောင်းဘူးလား။ ပိုက်ဆံရှိရင် ဘာအစားအစာပဲ စားချင်စားချင် ဝယ်စားလို့ ရနေတာပဲကို
ချင်ကျင်းယွီက နားမလည်သည်ကို မြင်သောအခါ ချန်ကောဟွားက မိမိ၏ ခန့်မှန်းချက်ကို ထုတ်ပြောလိုက်သည်။
"မိန်းမ၊ ဒီသူခိုးက ပန့်ကန့်လေ၊ ဒီကောင်လေးက အစားခိုးတာကလွဲပြီး တခြား ဘာစွမ်းရည် ရှိသေးလို့လဲ"
ချန်ကောဟွား၏ ယုံကြည်မှု အပြည့်ရှိသော လေသံ ထွက်လာသည်နှင့်အမျှ ချင်ကျင်းယွီ တစ်ကိုယ်လုံး ကြောင်အမ်းသွားသည်။သူမ၏ အမြင်တွင် ပန့်ကန့်က ပုံမှန်အားဖြင့် အခြားသူများ၏ အိမ်မှ ပစ္စည်းများကို ခိုးယူတတ်သည်မှာ မှန်သော်လည်း အားလုံးက ပစ္စည်းသေးသေးမွှားမွှားလေးများသာ ဖြစ်သည်။
ကြက်ခိုးတာမျိုး ဘယ်တုန်းကမှ မလုပ်ဖူးဘူး မဟုတ်လား
အထူးသဖြင့် တစ်ဖက်လူက မကြာသေးမီကမှ ထောင်ချောက်ညပ်မိ၍ မသန်မစွမ်း ဖြစ်လုနီးပါး ဖြစ်ထားခဲ့သေးသည်။လွန်ခဲ့သည့် ရက်အနည်းငယ်က ဒဏ်ရာများ အတော်လေး သက်သာသွားပြီဟု ပြောခဲ့သော်လည်း ယခု ရက်အနည်းငယ်ပဲ ကြာသေးေလသည်။
လမ်းလျှောက်နိုင် လှုပ်ရှားနိုင်လာတာနဲ့၊ ထပ်ပြီး ရမ်းကားနေပြန်ပြီလား
ဒါက လုံးဝ မဖြစ်နိုင်တာကြီးလေ