← Chapters

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁)ရွှီတမောင်းမှ ချင်ဟွိုင်ယွီအား ဒေါသတကြီး ဆူပူကြိမ်းမောင်းခြင်း

နားမကြားသောအဘွားအိုမှာ ဒေါသထွက်လွန်းသဖြင့် တောင်ဝှေးကိုပင် တည်ငြိမ်စွာ မထောက်နိုင်တော့ချေ။ ဤသည်ကိုကြည့်ခြင်းအားဖြင့် သူမ ယခုအချိန်၌ မည်မျှအထိ ဒေါသထွက်နေကြောင်းကို သိသာထင်ရှားစေသည်။

မည်သို့ပင်ဖြစ်စေ ဤခြံဝင်းကြီးထဲတွင် ချင်ဟွိုင်ယွီသည် ကျားတုန်းရွှီ၏ ဇနီးဖြစ်ကြောင်းကို လူတိုင်းက သိထားကြသည်။

ဤသို့သော အခြေအနေမျိုးတွင် ချင်ဟွိုင်ယွီသည် ကျားမိသားစု၏ ဇနီးကောင်းတစ်ယောက် ဖြစ်လာစေရန် တစ်နေကုန် တွေးတောနေခြင်းမရှိဘဲ ကိစ္စတစ်ခုခုရှိလာသည်နှင့် ဟယ်ယွီကျူးထံသို့သာ ပြေးသွားတတ်သည်။

ဟယ်ယွီကျူး၏ အသက်အရွယ်မှာလည်း မငယ်တော့‌ပေ၊ ဇနီးမယားရှာဖွေရမည့် အချိန်ကာလတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။ သို့သော် ချင်ဟွိုင်ယွီ၏ ရည်ရွယ်ချက်ရှိ၍ဖြစ်စေ ရည်ရွယ်ချက်မပါဘဲဖြစ်စေ မြူဆွယ် သွေးဆောင်မှုများကြောင့် သူ၏ စိတ်အာရုံများအားလုံးမှာ ချင်ဟွိုင်ယွီ အပေါ်တွင်သာ စွဲလမ်းနှစ်မြုပ်နေခဲ့ရသည်။

နားမကြားသောအဘွားအိုမှာမူ ဟယ်ယွီကျူးဟူသော မြေးတစ်ယောက်တည်းသာ ရှိလေရာ သူ အိမ်ထောင်ကျသွားသည်ကို သဘာဝကျစွာပင် မြင်တွေ့လိုလှသည်။

ချင်ဟွိုင်ယွီအ‌ေနနှင့် ဤသို့ပြုမူနေခြင်းက နားမကြားသောအဘွားအို၏ ရင်ထဲ၌ မသက်မသာ ဖြစ်စေသည်။

သူမအား ချင်ဟွိုင်ယွီအပေါ် ပို၍မုန်းတီးသွားစေသည့်အချက်မှာ ပြီးခဲ့သည့်အကြိမ်က ကျားကျန်းရှီသည် ဟယ်ယွီကျူးထံမှ ငွေငါးရာကို လိမ်လည်တောင်းယူခဲ့သည့် ကိစ္စကြောင့်ပင် ဖြစ်သည်။

အသက်အရွယ်ကြီးရင့်ကာ အတွေ့အကြုံ ရင့်ကျက်နေပြီဖြစ်သော နားမကြားသောအဘွားအိုသည် ကျားမိသားစုက ဟယ်ယွီကျူးအပေါ် အသုံးချ၍ရသမျှ အသုံးချနေကြောင်းကို သဘာဝကျစွာပင် မြင်တွေ့နိုင်စွမ်းရှိသည်။

ကျားမိသားစုအနေဖြင့် ဟယ်ယွီကျူး၏အပေါ်၌ တွယ်ကပ်ကာ သွေးစုပ်နိုင်ခြင်း၏ အဓိကသော့ချက်မှာ ချင်ဟွိုင်ယွီထံ၌ ရှိနေခြင်းကြောင့်ပင်ဖြစ်သည်။ထို့ကြောင့် နားမကြားသောအဘွားအိုသည် ချင်ဟွိုင်ယွီအား အလွန်အမင်း ရွံရှာမုန်းတီးလှသည်၊ ထိုသို့သော အခြေအနေအောက်တွင် ချင်ဟွိုင်ယွီသည် ဟယ်ယွီကျူး၏ ရင်ခွင်ထဲသို့ တိုးဝင်လုမတတ် ဖြစ်နေသည်ကို သူမ မြင်တွေ့လိုက်ရသောအခါ ဤကိစ္စကိုသာ အခြားသော မိန်းကလေးများ သိရှိသွားခဲ့ပါလျှင် ဟယ်ယွီကျူးက သူတစ်ပါး၏ ဇနီးမယားကို သွေးဆောင်ဖြားယောင်းနေသည်ဟု ထင်မြင်သွားနိုင်ခြေ ရှိသည်။

အကယ်၍ ဤသတင်းသာ အတည်ဖြစ်သွားခဲ့ပါက ဟယ်ယွီကျူးသည် တစ်သက်လုံး လူပျိုကြီးဘဝဖြင့် နေထိုင်သွားရ‌ေပလိမ့်မည်။ ထိုအကြောင်းများကြောင့်ပင် နားမကြားသောအဘွားအိုသည် ဤမျှလောက်အထိ ဒေါသထွက်နေရခြင်း ဖြစ်သည်။

သို့ရာတွင် နားမကြားသောအဘွားအို မျက်နှာပျက်နေချိန်၌ ဘေးနားရှိ ရီကျုံးဟိုင်၏ မျက်နှာပေါ်တွင်မူ ကျေနပ်အားရနေသည့် အမူအရာများ ပြည့်နှက်နေသည်။

အဘယ်ကြောင့်ဆိုသော် သူ၏စိတ်ထဲတွင် ဟယ်ယွီကျူးသည် ချန်ကောဟွားကို မယှဉ်နိုင်သော်ငြားလည်း ချန်ကောဟွားနှင့် ပြဿနာ ဖြစ်ထားသည်။ထိုလူက သူ့အား အိုမင်းမစွမ်းချိန်၌ ပြုစုစောင့်ရှောက်ပေးမည် မဟုတ်ကြောင်းကို သိထားသဖြင့် ဟယ်ယွီကျူးကိုသာ သူ့အတွက် အသင့်တော်ဆုံးသော ပြုစုစောင့်ရှောက်မည့်သူအဖြစ် သတ်မှတ်ထားသောကြောင့် ဖြစ်သည်။

အခြေခံအားဖြင့် ဟယ်ယွီကျူးကို သားတစ်ဝက်အဖြစ် သဘောထားနေခဲ့ပြီ ဖြစ်သည်။

သားဖြစ်သူ၌ ဇနီးမယားရှိလာခဲ့ပါလျှင် သူ၏သက်ကြီးပိုင်းဘဝအတွက် အာမခံချက် ရှိသွားမည် ဖြစ်သည်။ ထို့အပြင် အလုပ်ကို ကြိုးစားပမ်းစားလုပ်ကိုင်တတ်ပြီး အတော်အတန် လိမ္မာရေးခြားရှိသော ချင်ဟွိုင်ယွီပင် ဖြစ်နေသေးသည်။

အစားမက်ကာ အလုပ်အကိုင်ပျင်းရိသော မိန်းမအချို့နှင့် ယှဉ်လိုက်ပါက ဤသည်မှာ သဘာဝကျစွာပင် သူ့အား ပို၍ ကျေနပ်အားရစေသည်။ ထို့ကြောင့် ဟယ်ယွီကျူး၏ လုပ်ရပ်သည် အလွန်လှပသည်ဟု သူ ယူဆထားသည်။

ဤကိစ္စသည် ပို၍ကြီးမားလာလေလေ ပို၍ကောင်းလေ‌ေလဖြစ်ပြီး ကျားတုန်းရွှီနှင့် ကျားကျန်းရှီတို့အား ဒေါသထွက်ကာ သေဆုံးသွားစေရန် တိုက်ရိုက် ပြုလုပ်နိုင်လျှင် အကောင်းဆုံးပင် ဖြစ်မည်။ သို့မှသာ ဟယ်ယွီကျူးအနေဖြင့် ဤနေရာကို ချောမွေ့စွာ ဝင်ရောက်ဆက်ခံနိုင်မည် ဖြစ်သည်။ထို့ကြောင့် နောင်တစ်ချိန်တွင် ကျားမိသားစုကို ဆက်လက် ကူညီထောက်ပံ့သင့် မသင့်ဆိုသည်ကို သူ မသိစိတ်မှ တွေးတောနေမိသည်။

ရွှီတမောင်း၏အကြောင်းကို ဆက်ပြောရမည်ဆိုလျှင် ဤမြင်ကွင်းကို ရွှီတမောင်း မြင်တွေ့လိုက်ရသောအခါ မူလကတည်းကပင် ဟယ်ယွီကျူးအပေါ်၌ မကျေမနပ်ဖြစ်နေခဲ့ပြီး သူ၏ရင်တွင်း၌ မနာလိုဝန်တိုမှု မီးတောက်မီးလျှံများက တဟုန်းဟုန်း တောက်လောင်လာသည်။

ပုံမှန်နေ့ရက်များတွင် သူသည် ချင်ဟွိုင်ယွီထံမှ အခွင့်အရေးရယူရန် ဦးဆောင်လှုပ်ရှားလေ့ရှိပြီး တစ်ဖက်လူကလည်း အနည်းငယ် ချိန်ဆပြီးမှသာ သူ့အား အခွင့်အရေးပေးလေ့ရှိကြောင်းကို သိထားရ‌ေပမည်။

သို့သော် ယခု ဟယ်ယွီကျူးမှာမူ ချင်ဟွိုင်ယွီက သူ၏ရင်ခွင်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ကာ တိုးဝင်နေခြင်း ဖြစ်သည်။

ဤသည်မှာ သူ ရွှီတမောင်းသည် ဟယ်ယွီကျူးကို မယှဉ်နိုင်ဟု ဆိုလိုနေခြင်း ဖြစ်သွားသည်။

ထိုသို့ နှိုင်းယှဉ်မှုများအောက်တွင် ရွှီတမောင်း၏ ရင်တွင်း၌ ပြင်းထန်လှသော မနာလိုဝန်တိုမှုများ ဖြစ်ပေါ်လာသည်။ကြက်ခိုးသူမှာ ဟယ်ယွီကျူးဖြစ်သည်ဟု သတ်မှတ်ခံရပြီးနောက်တွင် ထိုမနာလိုမှုများမှာ အမုန်းတရားအဖြစ်သို့ ပို၍ ပြောင်းလဲသွားသည်။

သို့ဖြစ်ပေရာ သူသည်လည်း မည်သည့်အရာကိုမျှ ဂရုမစိုက်နေတော့ချေ။သူက တိုက်ရိုက်ပင် ပါးစပ်ဖွင့်ကာ ဒေါသတကြီး ဆူပူကြိမ်းမောင်းလိုက်လေတော့သည်။

"ဟယ်ယွီကျူး"

"ခွေးကောင် မင်း ဘာလုပ်နေတာလဲ"

"နေ့ခင်းကြောင်တောင်ကြီး ငါ့အိမ်က ကြက်ကို ခိုးတာက ထားလိုက်ပါတော့၊ အခု မင်းက ကျားတုန်းရွှီရဲ့ မိန်းမကိုပါ ခိုးနေသေးတယ်ပေါ့လေ"

"မင်း လုပ်ရပ်က အရမ်းကို အဓိပ္ပာယ်မရှိ ဖြစ်လွန်းနေပြီ"

ဟယ်ယွီကျူးအား တစ်ကြိမ် ဆဲရေးတိုင်းထွာပြီးနောက်တွင် ရွှီတမောင်းမှာ အားမရသေးသကဲ့သို့ ခံစားနေရသည်။

သူသည် ဟယ်ယွီကျူးကို မယှဉ်နိုင်သည်ကို လက်ခံရန် ခဲယဉ်းနေသောကြောင့် သူ၏ပစ်မှတ်ကို ချင်ဟွိုင်ယွီထံသို့ ချက်ချင်းပင် လှည့်ပြောင်းလိုက်သည်။

"ပြီးတော့ မင်း ချင်ဟွိုင်ယွီ…မင်းလို မိန်းမကလည်း တော်တော်လေးကို အရှက်မရှိတာပဲ"

"အဲ့ဒီတုန်းက ငါ့ရဲ့အစ်ကိုဟွားက မင်းကို တရားဝင် တောင်းရမ်းလက်ထပ်တာကို မင်းက လက်မခံဘဲနဲ့ အထင်သေးတဲ့ မျက်နှာနဲ့ ကျားမိသားစုကို တိုက်ရိုက် ရွေးချယ်ခဲ့တာလေ"

"အခု ကျားတုန်းရွှီက မင်းကို မစွမ်းဆောင်ပေးနိုင်တော့ဘူးမလား"

"အဲ့ဒါကို မီးဖိုချောင်ထဲမှာ ဟယ်ယွီကျူးနဲ့ လာပြီး ရှုပ်ပွေနေရတယ်လို့"

"မင်းက မိခင်တစ်ယောက်ဖြစ်ဖို့ ထိုက်တန်ရဲ့လား၊ စေ့စပ်ပွဲလုပ်တုန်းက သူများဆီက အိမ်ကို တောင်းရလောက်အောင်ကော ထိုက်တန်ရဲ့လား"

"ဇနီးတစ်ယောက်ရဲ့ တာဝန်ကိုတောင် မထမ်းဆောင်နိုင်ဘဲနဲ့ မင်းက ကျားမိသားစုနဲ့ ချင်မိသားစုအတွက် မျက်နှာပန်းလှအောင် လုပ်ပေးလိုက်တာပဲ"

ရွှီတမောင်း၏ စကားများမှာ တကယ်ကိုပင် အဆိပ်ပြင်းလှသည်။ သို့သော် သူသည် ဦးနှောက်မရှိသူတစ်ဦးတော့ မဟုတ်ပေ။

ဤကဲ့သို့သော ကိစ္စမျိုးကို ဝင်ရောက်စွက်ဖက်ခွင့် သူ့တွင် မရှိကြောင်းကို သူ သိထားသည်။ ဝင်ရောက်စွက်ဖက်မည်ဆိုလျှင်လည်း ထိုသူမှာ ကျားတုန်းရွှီသာ ဖြစ်ရပေမည်။

သို့ရာတွင် ချန်ကောဟွားသာ ပါဝင်လာခဲ့လျှင် ဤကိစ္စမှာ လုံးဝကို ကွဲပြားသွားမည် ဖြစ်သည်။ချန်ကောဟွားသည် ဤနေရာ၌ မရှိသော်ငြားလည်း ဤသည်မှာ အစ်ကိုဟွားအား ဖားယားရန်အတွက် အခွင့်အရေးတစ်ရပ်ပင် ဖြစ်သည်။ထို့ကြောင့် သူသည် အခြားစကားတစ်ခွန်းမျှ မဆိုတော့ဘဲ စတင်ကာ မြှောက်ပင့်ဖားယားတော့သည်။

"ရွှီတမောင်း"

"မင်းလို လူယုတ်မာက ငါနဲ့ ဟွိုင်ယွီကိုတောင် လုပ်ကြံစွပ်စွဲရဲတယ်ပေါ့လေ၊ ငါ မင်းကို ဘာလုပ်ပစ်မလဲ ကြည့်ထားလိုက်"

ဟယ်ယွီကျူး၏ နောက်ဆက်တွဲစကားသံများမှာ တဖြည်းဖြည်း အားပျော့သွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာ၌ လူအနည်းငယ်ရှိနေကာ ပြဿနာပိုကြီးသွားခဲ့ပါက ဖြေရှင်းရသည်မှာ တကယ်ကို ခက်ခဲသွားမည်ဖြစ်သောကြောင့်ဖြစ်သည်။

အရှက်ခွဲခံရမှုနှင့် ရင်ဆိုင်လိုက်ရသောကြောင့် ချင်ဟွိုင်ယွီ၏ မျက်နှာမှာလည်း အလွန်ပင် ပျက်ယွင်းနေသည်။သို့သော် သူမသည် အလွန်ပါးနပ်လှလေကာ မျက်လုံးအစုံကို လျင်မြန်စွာ ကစားလိုက်ပြီးနောက် ဆင်ခြေတစ်ခုကို ချက်ချင်းပင် ရှာတွေ့သွားသည်။

"ဒီမှာ ဘာတွေ လာပြီး လျှောက်ပြောနေတာလဲ၊ ရှုပ်ပွေတယ်ဆိုတာ ဘာကိုပြောတာလဲ ပြီးတော့ ဒီကိစ္စက အိမ်နဲ့ ဘာဆိုင်လို့လဲ"

"ခုနက ငါက ရှားကျူးရဲ့ အဝတ်အစားမှာ အပေါက်ရှိနေတာကို တွေ့လိုက်လို့ ခေါင်းပြူပြီး သေချာသွားကြည့်တာပါ၊ သူ့ကို ချုပ်ပေးဖို့ ရည်ရွယ်ထားတာလေ၊ အိမ်နီးချင်းတွေ အချင်းချင်း ကူညီကြတာက သာမန်ကိစ္စပဲ မဟုတ်ဘူးလား"

ဤစကားလုံးများ ထွက်ပေါ်လာသောအခါ ထိုနေရာ၌ရှိနေသော သူအားလုံးက ယုံကြည်ခြင်း မရှိကြချေ။

ဒါကို ခေါင်းပြူကြည့်တယ်လို့ ခေါ်တယ်ပေါ့

သူမ၏လက်က ဟယ်ယွီကျူး၏ ပေါင်ကြားထဲသို့ပင် ရောက်လုမတတ်ဖြစ်နေကာ လက်များကလည်း သူ၏ခါးပတ်ကိုပင် ကိုင်တွယ်မိနေပြီ ဖြစ်သည်။ မည်သို့ ဖြစ်ပျက်နေသည်ကို လူတိုင်း သိရှိကြသည်။

သို့သော်လည်း ဤကဲ့သို့သော ကိစ္စရပ်မျိုးမှာ အလင်းရောင်သို့ ထုတ်ပြ၍ မရနိုင်သောကြောင့် မြင်သော်လည်း မမြင်ယောင်ဆောင်နေရခြင်းသည် ဤအကြောင်းပြချက်ကြောင့်ပင် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေကာမူ နေ့စဉ်နှင့်အမျှ အမြဲတစေ တွေ့မြင်နေရသူများဖြစ်ကြရာ ရွှီတမောင်းမှလွဲ၍ ကျန်အိမ်နီးချင်းများအားလုံးမှာ ထိုသူနှစ်ဦးနှင့် မည်သည့် ရန်ငြိုးမျှ မရှိကြပေ။

တစ်ဖက်လူမှ ဆင်ခြေပေးနေသည်ကို သွားရောက်ဖော်ကောင်လုပ်လိုက်ပါမူ ဟယ်ယွီကျူးနှင့် ချင်ဟွိုင်ယွီတို့အား ရန်စမိသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ထို့ကြောင့် လူတိုင်းက ဤကိစ္စကို ဖော်ထုတ်ရန် ဆန္ဒမရှိကြချေ။

ရွှီတမောင်း တစ်ဦးတည်းသာလျှင် လက်လျှော့ရန် ငြင်းဆန်နေသည်။ထို့နောက် သူက အေးစက်စွာ ရယ်မောလိုက်ရင်း

"မင်းက သူ့ကို အပေါက်ဖာပေးမလို့ ဟုတ်လား၊ ပြောင်းပြန်ဖြစ်နေပြီထင်တယ် ဟယ်ယွီကျူးက မင်းကို အပေါက်ဖာပေးရမှာ နေမှာပါ"

ဤသို့ ရိသဲ့သဲ့စကားများ ထွက်ပေါ်လာပြီးနောက်တွင် ရီကျုံးဟိုင်သည် အရင်ဆုံး သည်းမခံနိုင်တော့ဘဲ ဖြစ်လာသည်။

"ပါးစပ်ပိတ်ထားစမ်း"

"ဒီနေ့က မင်းအိမ်က ကြက်အခိုးခံရတဲ့ ပြဿနာကို ဖြေရှင်းဖို့ လာတာ၊ ပြဿနာကို ပိုကြီးအောင် လုပ်ဖို့ မင်းကို လာခိုင်းတာ မဟုတ်ဘူး"

ရီကျုံးဟိုင်မှ ထိုသို့ပြောလိုက်သောအခါ ရွှီတမောင်းမှာ ချက်ချင်းပင် စကားများများ ဆက်မပြောတော့ချေ။သို့သော် ရွှီတမောင်းသည် အလွယ်တကူ လက်လျှော့တတ်သူမျိုး မဟုတ်ချေ။ သူ ပါးစပ်ပိတ်သွားခြင်းမှာ လျှို့ဝှက်စွာဖြင့် မည်သို့ ဒုက္ခပေးရမည်ကို စဉ်းစားရန်အတွက်သာ ဖြစ်သည်။

ခုနက အချိန်လေးအတွင်းမှာပင် သူ တွေးတော၍ ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။၎င်းမှာ ဤကိစ္စပြီးဆုံးသွားပါက ကျားတုန်းရွှီနှင့် ကျားကျန်းရှီတို့ထံ မဖြစ်မနေ သွားရောက်ပြောပြမည်ဟူ၍ ဖြစ်သည်။သူတို့ကို သွားရောက်၍ ပြဿနာရှာခိုင်းရပေမည်။

ရီကျုံးဟိုင်သည် ရွှီတမောင်း ငြိမ်သက်သွားသည်ကို မြင်သောအခါ အပိုစကားများကို ဆက်မပြောတော့ချေ။

ဟယ်ယွီကျူးနှင့် ချင်ဟွိုင်ယွီတို့ နှစ်ဦးထံသို့ ခြံဝင်းတစ်ခုလုံး၏ အစည်းအဝေးကို တက်ရောက်ရန် တိုက်ရိုက်ပင် အမိန့်ပေး‌လိုက်သည်။

မူလကတည်းကပင် ချင်ဟွိုင်ယွီနှင့် ဟယ်ယွီကျူးတို့ နှစ်ဦးမှာ ငြိမ်ငြိမ်မထိုင်နိုင် ဖြစ်နေခဲ့ကြသည်။

ယခု အစည်းအဝေးလုပ်မည်ဟု ကြားလိုက်ရသောအခါ သဘာဝကျစွာပင် အစည်းအဝေးတက်ရောက်ရန် ထွက်သွားကြသည်။ သို့ရာတွင် ထွက်ခွာသွားချိန်၌ ချင်ဟွိုင်ယွီသည် ဟယ်ယွီကျူးအား မျက်ရိပ်ပြလိုက်သည်။

ဟယ်ယွီကျူး မြင်တွေ့လိုက်ရသောအခါ အချက်တစ်ချက်ကို နားလည်သွားသည်မှာ ယနေ့အတွက် ဤအပြစ်ကိစ္စမှ လွတ်မြောက်နိုင်ရန် ခဲယဉ်းလှပြီဟူ၍ ဖြစ်သည်။

သက်ဆိုင်သူအားလုံး နေရာသို့ အလျင်အမြန် သွားရောက်ကြသည်နှင့်အမျှ လူအုပ်ကြီးသည်လည်း အလယ်ခြံဝင်းဘက်သို့ အစုလိုက်အပြုံလိုက် ချီတက်သွားကြလေတော့သည်။

……

အခန်း (၅၂)

မိနစ်အနည်းငယ်ကြာပြီးနောက်တွင် ပတ်ဝန်းကျင်မှ အိမ်နီးချင်းများအားလုံးသည် အလယ်ခြံဝင်းသို့ ရောက်ရှိလာကြသည်။ လူအများ၏ စီစဉ်မှုအောက်တွင် အလယ်ခြံဝင်း၌ စားပွဲဝိုင်းတစ်လုံးနှင့် ခုံရှည်ဆယ်ခုကျော်ခန့်ကို နေရာချထားသည်။

ဦးလေးကြီးသုံးဦးသည် အလေးအနက်ထားသော မျက်နှာထားများဖြင့် စားပွဲဝိုင်းပေါ်တွင် ထိုင်နေကြပြီး ဤခြံဝင်းတစ်ခုလုံး၏ အစည်းအဝေးကို ဦးဆောင်ကျင်းပရန် ပြင်ဆင်နေကြသည်။

ချန်ကောဟွားနှင့် ချင်ကျင်းယွီတို့ နှစ်ဦးမှာမူ ပြဇာတ်ကြည့်ရန်အတွက် ထိုင်နေကြသည်။ သူတို့နှစ်ဦးသည် ရံဖန်ရံခါ စကားပြောကာ ရယ်မောနေကြသဖြင့် တင်းမာနေသော လေထုကို အတော်အတန် ပေါ့ပါးသွားစေသည်။

သူတို့နှစ်ဦး၏ ဘေးဘက်ဖြစ်သော ညာဘက်ခြမ်းတွင်မူ ဒုတိယဦးလေးနှင့် တတိယဦးလေးတို့၏ ကလေးများ အားလုံး ထိုင်နေကြသည်။ ကျားမိသားစုဝင်များမှာလည်း ညာဘက်ခြမ်းတွင် ထိုင်ကာ ဝိုင်းဝန်းကြည့်ရှုနေကြ၏။

သက်ဆိုင်သူ ဟယ်ယွီကျူးမှာမူ အလယ်တည့်တည့်၌ မတ်တတ်ရပ်ကာ လူအများ၏ မေးခွန်းထုတ်မှုများကို စောင့်ဆိုင်းနေသည်။ ရွှီတမောင်းမှာမူ ဤခိုးယူမှုဖြစ်စဉ်၏ နစ်နာသူအနေဖြင့် ဟယ်ယွီကျူး၏အရှေ့တွင် မတ်တတ်ရပ်နေပြီး သူ့အား အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်နေသည်။

ခြံဝင်းတစ်ခုလုံး၏ အစည်းအဝေးကို ဦးဆောင်သူမှာ ရီကျုံးဟိုင်ပင် ဖြစ်သည်။ အရာအားလုံး အဆင်သင့်ဖြစ်သွားပြီးနောက်တွင် သူသည် မတ်တတ်ရပ်လိုက်ကာ ခြံဝင်းထဲရှိ လူဆယ်ဂဏန်းခန့်ကို အနည်းငယ် ရှင်းပြလိုက်သည်။

ရွှီတမောင်းအိမ်မှ ကြက်မကြီး ခိုးယူခံရကြောင်းကို အိမ်နီးချင်းများ ကြားသိရပြီးနောက်တွင် ယခုလေးတင် ဟယ်ယွီကျူးအိမ်မှ ကြက်သားဟင်းအနံ့ ရနေသည်ကိုပါ ကြုံတွေ့ခဲ့ရသောကြောင့် လူတိုင်းက ဤကိစ္စကို ရှားကျူး လုပ်သည်ဟု တညီတညွတ်တည်း ထင်မြင်နေကြသည်။

သို့သော် မကြာမီမှာပင် ထိုကိစ္စကို လူတိုင်းက မေ့လျော့သွားကြသည်။ ဟယ်ယွီကျူးသည် စားဖိုမှူးတစ်ဦး ဖြစ်သည်။ စားဖိုမှူးများ ခိုးစားတတ်သည်မှာ သာမန်ကိစ္စတစ်ခုဖြစ်ပြီး မည်သည့်အရာကို စားချင်သည်ဖြစ်စေ စားနိုင်သဖြင့် သူတို့အတွက် အပေါများဆုံးအရာမှာ စားစရာပင် ဖြစ်သည်။

ထို့ကြောင့် နွေဦးပွဲတော်ရောက်ခါနီး ဤအချိန်အခါသမယမျိုးတွင် သူတစ်ပါး၏ကြက်ကို ခိုးစားရန် မည်သို့ ဖြစ်နိုင်မည်နည်း။ ထို့အပြင် တစ်ဖက်လူမှာ သူ၏ရန်ဘက်ဖြစ်သော ရွှီတမောင်းပင် ဖြစ်နေသေးသည်။

ဤသည်မှာ လူအများ၏ အာရုံစိုက်မှုကို ခံရမည်မှာ ထင်ရှားသည်။ ထို့အပြင် ယခင်က ခြံဝင်းတစ်ခုလုံး၏ အစည်းအဝေးတစ်ခုကို သူ ကြုံတွေ့ခဲ့ဖူးသောကြောင့် ပြဿနာဖန်တီးပါက ကံဆိုးမှုများ ထပ်မံကြုံတွေ့ရမည်ကို သူ မည်သို့လျှင် မသိဘဲ နေမည်နည်း။

ဤသို့သော စဉ်းစားသုံးသပ်မှုများအောက်တွင် တစ်စုံတစ်ခုသော နားလည်မှုလွဲမှားခြင်းများ ရှိနေမည်လားဟု လူတိုင်းက တွေးတောမိကြသည်။

သို့သော် မည်သို့ပင် တွေးတောစေကာမူ ခြံဝင်းတစ်ခုလုံး၏ အစည်းအဝေးတွင် ရှိသင့်ရှိထိုက်သော လုပ်ငန်းစဉ်များကိုတော့ လျှော့ချ၍ မရနိုင်ချေ။

ရီကျုံးဟိုင်သည် မတ်တတ်ရပ်လိုက်ပြီး လူအများ၏ရှေ့တွင် တိုက်ရိုက်ပင် မေးခွန်းထုတ်လိုက်သည်။

"ဟယ်ယွီကျူး မင်းကို ငါ မေးမယ်၊ ရွှီတမောင်းအိမ်က ကြက်ကို မင်း ခိုးတာ ဟုတ်သလား မဟုတ်ဘူးလား"

ဦးလေးကြီးရီ ပြောပြီးနောက်တွင် ဟယ်ယွီကျူးသည် ပါးစပ်ကို တွန့်လိုက်ပြီး လည်ပင်းကို မော့ကာ မဟုတ်ကြောင်း ပြန်လည်ဖြေကြားရန် ဟန်ပြင်လိုက်သည်။သို့သော် ချင်ဟွိုင်ယွီ၏ မျှော်လင့်တကြီး ကြည့်နေသော မျက်လုံးများကို မတော်တဆ မြင်တွေ့လိုက်ရသောအခါ သူ၏အတွေးများမှာ အလိုအလျောက်ပင် ယိမ်းယိုင်သွားသည်။

"ကြက်တစ်ကောင်တည်းပါပဲ ငါ ခိုးတယ်လို့ပဲ သဘောထားလိုက်ပါတော့"

ဂရုမစိုက်သည့် သဘောထားမျိုး ပြသလိုက်ခြင်းကြောင့် ရွှီတမောင်း၏ မကျေနပ်မှုများကို ချက်ချင်းပင် ဆွဲဆောင်လိုက်‌စေသည်။

"ဟေး မင်းက ဘာအမူအရာလဲ"

"ပစ္စည်းခိုးထားပြီးတော့များ အဲ့ဒီလောက်တောင် အသံကျယ်နေသေးတယ်ပေါ့လေ"

"ငါ မင်းကို ရဲစခန်းရောက်အောင် လုပ်ပစ်မယ်ဆိုတာ ယုံလား"

ရီကျုံးဟိုင်သည်လည်း ဟယ်ယွီကျူး၏စကားများကြောင့် ဇဝေဇဝါ ဖြစ်သွားသည်။

ဒီလောက်တောင် အရည်အချင်းမရှိတဲ့ အဖွဲ့သားမျိုး ဘယ်မှာရှိမှာလဲ

မဟုတ်ဘူးလို့ တစ်ခွန်းလောက်ပြောလိုက်ရုံနဲ့ ကိုယ်တိုင် ဖုံးကွယ်ပေးလို့ရနေတာကို

သူက သဘောထားလိုက်ပါတော့လို့ ပြောနေတော့ တကယ်ပဲ ဟုတ်နေလို့လား

မကျေမနပ်ဖြစ်နေမှုအောက်တွင် ရီကျုံးဟိုင်က

"ဟယ်ယွီကျူး မင်းစကားကို ရှင်းရှင်းလင်းလင်း ပြောစမ်း" ဟု ပြင်းထန်စွာ အော်ဟစ်လိုက်သည်။

ရီကျုံးဟိုင်၏စကားများက အနည်းငယ်တော့ အသုံးဝင်သေးသည်ဖြစ်ပြီး အနည်းဆုံးတော့ ဟယ်ယွီကျူးအပေါ်တွင် အသုံးဝင်သည်။

သူ ပြောပြီးနောက်တွင် ဟယ်ယွီကျူးသည် သူ၏ခေါင်းကို လက်ဖြင့် ကုတ်လိုက်ပြီး အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပြောလိုက်သည်။

"ဒီကြက်ကို ငါ ခိုးတာ မဟုတ်ဘူး၊ သူ့ဘာသာသူ ငါ့အိမ်ထဲကို ဝင်လာတာ၊ ငါက အမှတ်မထင် တွေ့သွားတာ… တောကြက်လို့ထင်ပြီးတော့ ချက်စားလိုက်တာပဲ"

"ဒါပေမဲ့ ဒီကြက်ကို ခင်ဗျားတို့က ရွှီတမောင်းအိမ်က ကြက်လို့ပြောရင်လည်း ငါ ပေါက်ဈေးအတိုင်း သူ့ကို ပြန်လျော်ပေးလိုက်ရင် ပြီးသွားတာပဲ မဟုတ်ဘူးလား"

"ဘယ်လိုပဲဖြစ်ဖြစ် သူ့အိမ်က ကြက်မှာလည်း တံဆိပ်ကပ်ထားတာမှ မဟုတ်တာ ဘယ်သူ့ဟာလဲဆိုတာ ဘယ်သူက သိမှာလဲ"

အခြားသူများ ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ ဂရုမစိုက်တော့‌ေချ။စိတ်အနှောင့်အယှက်ဖြစ်နေသော ဟယ်ယွီကျူးသည် အကြောင်းပြချက်တစ်ခုကို တိုက်ရိုက်ပင် လုပ်ကြံဖန်တီးလိုက်သည်။

သူ ပြောပြီးသွားသောအခါ ဤကြက်ကို ဟယ်ယွီကျူး ခိုးယူခဲ့ခြင်း မဟုတ်ကြောင်းကို ရီကျုံးဟိုင် သိရှိသွားသည်။

ကိစ္စက အလွန်ရိုးရှင်းလှသည်။ ထိုအချိန်က အခန်းထဲတွင် သူ့ကို တွေ့စဉ်က ဓားဖြင့် လည်ပင်းကို ရွယ်ထားလျှင်ပင် သူခိုးတာမဟုတ်ကြောင်း ပြောခဲ့သေးသည်။ သို့သော် ယခုမူကား မကျေမချမ်းဖြစ်နေသော မျက်နှာထားဖြင့် သူ ယူခဲ့ကြောင်းကို ဝန်ခံနေသည်။

ဤကိစ္စတွင် သူသည် ကြက်ခိုးသူအတွက် အပြစ်များကို ဝင်ရောက်ခံယူပေးနေခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။

သူ ဘာလို့ ဒီလိုလုပ်တာလဲ

ရီကျုံးဟိုင်သည် မျက်မှောင်ကြုတ်ကာ စဉ်းစားနေသည်။ ထိုသို့ စဉ်းစားနေစဉ် သူ၏ခေါင်းထဲတွင် မီးဖိုချောင်၌ ချင်ဟွိုင်ယွီနှင့် ဟယ်ယွီကျူးတို့၏ မြင်ကွင်းကို ရုတ်တရက် သတိရသွားသည်။

ချက်ချင်းပင် သူ နားလည်သွားသည်။ ဤကြက်ခိုးသူ၏ အပြစ်မှာ ကျားမိသားစုနှင့် သက်ဆိုင်နေမည် ဖြစ်သည်။ ထိုသို့ တွေးတောရင်း ရီကျုံးဟိုင်သည် ချင်ဟွိုင်ယွီအား မသိစိတ်မှ လှမ်းကြည့်လိုက်မိသည်။

ရလဒ်အနေဖြင့် သူမသည် ဘေးနားရှိ ပန့်ကန့်ကို ကြည့်ကာ ဂနာမငြိမ်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

မည်သူမဆို တစ်ချက်လောက်ကြည့်လိုက်ရုံဖြင့် တစ်ဖက်လူက အပြစ်ရှိသောအလုပ်ကို လုပ်ထားကြောင်း သိနိုင်သည်။

ဤကြက်သည် ပန့်ကန့်ဟူသော ကောင်လေးနှင့် ပတ်သက်နေမည်မှာ ထင်ရှားသည်။ပန့်ကန့်ဖြစ်ကြောင်း တွေးမိလိုက်သည်နှင့် ရီကျုံးဟိုင်၏ ရင်ထဲ၌ အကြောင်းပြချက်မရှိသော ဒေါသမီးများ တဟုန်းဟုန်း တောက်လာသည်။

ဒီကောင်လေးပဲ ဖြစ်နေပြန်ပြီလား…

ဒဏ်ရာပျောက်တာနဲ့ ချက်ချင်းကို မငြိမ်မသက် ဖြစ်နေတော့တာပဲလား…

ဒါက သူခိုး ဝင်စားတာများလား…

ရီကျုံးဟိုင်မှာ ဒေါသထွက်လွန်း၍ မတည်ငြိမ်နိုင်လောက်အောင် ဖြစ်နေသည်။ အထူးသဖြင့် ဟယ်ယွီကျူးက သူ့အတွက် နွားကဲ့သို့ အပြစ်များကို ဝင်ရောက်ခံယူပေးနေသည်ကို မြင်ရသောအခါ ပန့်ကန့်အပေါ်တွင် ပို၍ပင် မကျေမနပ် ဖြစ်လာသည်။

သို့သော်လည်း မတတ်နိုင်ပေ၊ ယခုကိစ္စများက ဤအဆင့်အထိ ရောက်ရှိလာပြီဖြစ်ရာ ရီကျုံးဟိုင်အနေဖြင့် ဟယ်ယွီကျူးကို ဤသို့မလုပ်ရန် တားဆီးချင်လျှင်ပင် ယခုအချိန်၌ လုံးဝ မတတ်နိုင်တော့ချေ။

မည်သို့ပင်ဆိုစေကာမူ အကယ်၍ ချင်ဟွိုင်ယွီအား ရန်စမိပါက နောင်တစ်ချိန်တွင် ဟယ်ယွီကျူးနှင့် ချင်ဟွိုင်ယွီတို့ အဆင်ပြေသွားသောအခါ သူ၏ သက်ကြီးပိုင်းဘဝသည် ချင်ဟွိုင်ယွီအပေါ်၌ မှီခိုရမည် ဖြစ်သည်။

မိမိ၏ အကျိုးစီးပွားနှင့် သက်ဆိုင်နေသောကြောင့် ရီကျုံးဟိုင်သည်လည်း ဘက်လိုက်ရန် ပြင်ဆင်နေပြီး ပြဿနာကြီးကို သေးငယ်သွားစေရန် ကြိုးပမ်းနေသည်။

သို့သော် အမြဲတမ်း တိတ်ဆိတ်စွာ ပြဇာတ်ကြည့်နေခဲ့သော ချန်ကောဟွားကမူ ခြံဝင်းထဲရှိ တိရစ္ဆာန်များသည် ခွေးအချင်းချင်း ကိုက်သကဲ့သို့ မကိုက်ကြသေးဟု ခံစားနေရသည်။

အနည်းငယ် အားမရသေးသကဲ့သို့ ခံစားရသောကြောင့် ဇနီးဖြစ်သူကိုခေါ်ကာ အိမ်ပြန်ရန် ရည်ရွယ်လိုက်သည်။ သို့သော် မမျှော်လင့်ဘဲ သူ အိမ်ပြန်ရန် ခြေလှမ်းပြင်လိုက်ချိန်၌ပင် ပန့်ကန့်ဟူသော ကောင်လေးသည် မိမိတို့၏ အိမ်ကို သူခိုးမျက်လုံးများဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ချန်ကောဟွား၏ ရင်ထဲတွင် ဒေါသများ ထွက်လာသည်။

ကောင်းပြီလေ မင်းလို တိရစ္ဆာန်လေးက အကြံအစည်မသေးဘူးပဲ၊ ငါ့ဆီကိုတောင် အကြံအစည်လာထုတ်ရဲသေးတယ်ပေါ့လေ၊ဒီနေ့ မင်းကို တစ်သက်လုံး မေ့လို့မရနိုင်တဲ့ အတွေ့အကြုံတစ်ခု မပေးနိုင်ဘူးဆိုရင် ငါ့ရဲ့ ချန်ဆိုတဲ့ မျိုးရိုးနာမည်ကို ပြောင်းပြန် ရေးပြမယ်။

ဒေါသထွက်နေသည့်ကြားမှပင် မိမိ၌ ကျွမ်းကျင်မှုကတ်တစ်ခု ရှိနေကြောင်းကို ချန်ကောဟွားက ရုတ်တရက် သတိရသွားသည်။

[ဖုတ်ကောင် အတွေ့အကြုံကတ်×၁ (အာနိသင် - နေ့ဝက်)]

ထိုအရာကို တွေးမိလိုက်သောအခါ ချန်ကောဟွား၏ စိတ်ထဲတွင် ပန့်ကန့်အား ဒုက္ခပေးရန် အကြံတစ်ခု ရရှိသွားသည်။

ယခုအချိန်တွင် ရီကျုံးဟိုင်သည် ကိစ္စရပ်များကို အတော်အတန် ဖြေရှင်းပြီးသွားပြီဖြစ်ရာ ဤကိစ္စကို တိုက်ရိုက်ပင် အဆုံးသတ်ရန် ပြင်ဆင်နေသည်။သို့သော် ထိုအချိန်၌ အမြဲတမ်း စကားမပြောဘဲနေခဲ့သော ချန်ကောဟွားက စကားစတင် ပြောဆိုလာသည်။

"ရှားကျူး မင်း တကယ်ပဲ ဒီကြက်ကို စားလိုက်တာလား"

ချန်ကောဟွား၏ တည်ငြိမ်သော အသံ ထွက်ပေါ်လာပြီးနောက်တွင် ခြံဝင်းထဲရှိ လူအားလုံး အံ့အားသင့်သွားကြသည်။

အထူးသဖြင့် ချင်ဟွိုင်ယွီဖြစ်သည်။ သူမ၏ နှလုံးခုန်သံများမှာလည်း စည်းချက်ပျက်သွားသည်၊ အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သည့်အကြိမ်က ဟယ်ယွီကျူး အပြစ်ဝင်ခံစဉ်က ချန်ကောဟွားက ဖျက်ဆီးပစ်လုမတတ် ဖြစ်ခဲ့သောကြောင့်ပင် ဖြစ်သည်။

ယခု သူ ဤကဲ့သို့ စကားပြောလာခြင်းသည် ကောင်းသောကိစ္စ လုံးဝ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူမ၏ စိတ်များ ရှုပ်ထွေးသွားသည်။

ဟယ်ယွီကျူး၏ အကြောင်းကို ဆက်ပြောရမည်ဆိုလျှင် ချန်ကောဟွား၏စကားကို ကြားသောအခါ မူလက သူသည် ပြန်လည်မတုံ့ပြန်လိုခဲ့ချေ၊ မည်သို့ပင်ဆိုစေ သူတို့နှစ်ဦးသည် အဆင်မပြေကြပေ၊ သို့သော် ဤသည်မှာ ခြံဝင်းတစ်ခုလုံး၏ အစည်းအဝေးဖြစ်ကြောင်းကို တွေးမိကာ အမြန်ဆုံး အဆုံးသတ်ရန်သာ ကောင်းသည်ဟု ယူဆလိုက်သည်။ထို့ကြောင့် သာမန်ကာလျှံကာသာ ပြန်လည်ဖြေကြားလိုက်သည်။

"ငါ စားတာပဲ မင်းက ဘာဖြစ်ချင်လို့လဲ"

ဟယ်ယွီကျူး ပြောပြီးနောက်တွင် ချန်ကောဟွားသည် အနည်းငယ် စိုးရိမ်ပူပန်ဟန်ဆောင်ကာ ပြောလိုက်သည်။

"ဘာ ဒါဆို မင်း အမြန်ဆုံး တာအိုဘုန်းကြီးတစ်ပါးကို သွားရှာဖို့ လိုနေပြီ"

ဟယ်ယွီကျူးမှာ အနည်းငယ် ဇဝေဇဝါဖြစ်သွားကာ "ဘာဖြစ်လို့ ငါက တာအိုဘုန်းကြီးကို သွားရှာရမှာလဲ" ဟု မေးလိုက်သည်။

ချန်ကောဟွားက ဖြည်းဖြည်းချင်း သွေးဆောင်ပြောဆိုလိုက်သည်။

"မင်းလည်း သိတာပဲ၊ ငါ ခြံဝင်းထဲကို မရောက်လာခင်က တောမှာနေပြီးတော့ ကြက်တွေ ဘဲတွေ မွေးခဲ့တာလေ၊ အစောပိုင်းနှစ်တွေတုန်းက မောင်းရှန်း တာအိုဘုန်းကြီးတွေနဲ့ တွေ့ခဲ့ဖူးတယ်၊ ပြီးတော့ မကောင်းဆိုးဝါးပူးနေတဲ့ တိရစ္ဆာန်တွေကို ဘယ်လို ကြည့်ရမလဲဆိုတာကို သူတို့က ငါ့ကို အကွက်အနည်းငယ် သင်ပေးခဲ့ဖူးတယ်"

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရွှီတမောင်း ကြက်တစ်ကောင်ပိုက်ပြီး ခြံဝင်းထဲ ဝင်လာတာကို ငါ တွေ့လိုက်တယ်၊ ရုတ်တရက် အဲ့ဒီကြက်က သိပ်ပုံမှန်မဟုတ်ဘူးလို့ ခံစားလိုက်ရတယ်"

"အဲ့ဒါက မကောင်းဆိုးဝါးပူးနေတဲ့ ကြက်လို့ ခံစားနေရတာမျိုးပဲ"

"ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက တိုက်ဆိုင်မှုလို့ပဲ ထင်ခဲ့တာ… မြို့ပေါ်မှာ ဘယ်လိုလုပ်ပြီး မကောင်းဆိုးဝါးပူးနေတဲ့ ကြက် ရှိနိုင်မှာလဲဆိုပြီးတော့ ငါလည်း ဘာမှ ထပ်မပြောခဲ့ဘူး"

"ဒါပေမဲ့ ခုနက ရွှီတမောင်းက သူ့အိမ်က ကြက်အကြောင်းကို ပြောတာကို ကြားလိုက်ရတော့ အခု မကောင်းဆိုးဝါး အငွေ့အသက်တွေ ဝင်နေတဲ့ ကြက်ဆိုတာ သေချာသွားပြီ"

"မင်း တကယ်ပဲ စားလိုက်မိတယ်ဆိုရင်တော့ အမြန်ဆုံး တာအိုဘုန်းကြီးကို ရှာပြီးတော့ မကောင်းဆိုးဝါးထုတ်ဖို့ လုပ်ရလိမ့်မယ်"

"အဲ့လိုမှမဟုတ်ရင် မကောင်းဆိုးဝါး အငွေ့အသက်တွေ ကိုယ်ထဲဝင်သွားတာနဲ့ မင်း ဖုတ်ကောင်ရောဂါ ရသွားနိုင်ခြေ အရမ်းများတယ်"

ချန်ကောဟွား ပြောပြီးနောက်တွင် ရွှီတမောင်းမှာ ကြက်သေသေသွားသည်။

သူ မွေးထားသော ကြက်မှာ အလွန်လှပသည်ဟု သူ အမြဲတမ်း ထင်မှတ်ထားသည်ဖြစ်ရာ မည်သို့ မကောင်းဆိုးဝါးပူးနေ‌ေသာ အကောင် ဖြစ်နိုင်မည်နည်း။

ချက်ချင်းပင် သူက နားမလည်နိုင်စွာဖြင့် ပြောလိုက်သည်။

"မဟုတ်သေးပါဘူး ငါ့အိမ်က ကြက်က တောကနေ ယူလာတာ၊ ကြည့်လို့လည်းလှတယ် အသံလည်း ထွက်အောင် အော်တတ်တယ် ၊ခုန်ပေါက်နေတာလည်း အရမ်းကို တက်ကြွနေတာပဲ ဘယ်လိုကြည့်ကြည့် မကောင်းဆိုးဝါးပူးနေတယ်လို့ မထင်ရပါဘူး"

ထိုစကားကို ကြားသောအခါ ချန်ကောဟွားက ပြုံးရွှင်စွာဖြင့်

"ကြက်တွေ ဥ ဥတတ်တာက သာမန်ပါပဲ၊ ဒါပေမဲ့ မင်းအိမ်က ကြက်က အရမ်းလှလွန်းတယ် ၊ကလည်းကတတ်တယ် ၊သီချင်းလည်း ဆိုတတ်တယ်ဆိုတော့ ဒါက သိသိသာသာကို ပုံမှန်မဟုတ်တော့ဘူးလေ"

ထိုအကြောင်းကို ကြားပြီးနောက်တွင် လူတိုင်းက ဟယ်ယွီကျူးအား အနည်းငယ် စိုးရိမ်တကြီးဖြင့် ကြည့်လိုက်ကြသည်။

အဘယ်ကြောင့်ဆိုသော် ချန်ကောဟွားသည် တောတွင် ကြီးပြင်းလာသည်မှာ မှန်ကန်ပြီး သူ၏ပြောစကားများမှာလည်း အကြောင်းပြချက် ခိုင်လုံနေသောကြောင့် ဖြစ်သည်၊ မည်သည့်နေရာတွင် ဤမျှလောက် အရောင်အသွေးစုံလင်လှသော ကြက်မကြီး ရှိနိုင်မည်နည်း။

ထို့အပြင် ချန်ကောဟွားက စေတနာဖြင့် သတိပေးခြင်းသာဖြစ်ပြီး မည်သည့်အကျိုးအမြတ်အတွက်မျှ မဟုတ်သောကြောင့် လူတိုင်းက သူ၏စကားများကို အလိုအလျောက်ပင် ယုံကြည်သွားကြသည်။

သို့သော် ဟယ်ယွီကျူးသည် ထိုစကားကို ကြားပြီးနောက်တွင် စိုးရိမ်ပူပန်ခြင်း အလျဉ်းမရှိဘဲ ပန့်ကန့်အား တည်ငြိမ်သော မျက်နှာထားဖြင့် ကြည့်နေခြင်းဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ကြက်ကို သူ စားခဲ့ခြင်းမဟုတ်ဘဲ တကယ်တမ်း ခိုးစားခဲ့သူမှာ ပန့်ကန့်ဖြစ်သောကြောင့်ဖြစ်သည်။

အကယ်၍ ရွှီတမောင်းအိမ်မှ ကြက်တွင် တကယ်ပင် မကောင်းဆိုးဝါးပူးကပ်နေပါက ပန့်ကန့်ဟူသော ကောင်လေးသာလျှင် ကံဆိုးမှုနှင့် ကြုံတွေ့ရမည် ဖြစ်သည်။

ဟယ်ယွီကျူး တစ်ဦးတည်းသာမကဘဲ ချင်ဟွိုင်ယွီ၊ ကျားကျန်းရှီ၊ ရီကျုံးဟိုင်စသည့် အနည်းနှင့်အများ သိရှိထားသူများအားလုံးကလည်း သူတို့၏ အကြည့်များကို သူ့ထံသို့ ရွှေ့လိုက်ကြသည်။

လူအများအပြားက မိမိအား ကြည့်နေသည်ကို မြင်သောအခါ ပန့်ကန့်သည် တမင်တကာပင် ခေါင်းကို လှည့်လိုက်ပြီးနောက် ခန္ဓာကိုယ်ကိုပါ လှည့်ပတ်ပြလိုက်သည်။

ငါ့ရဲ့ ခန္ဓာကိုယ်က အရမ်းကို သွက်လက်နေတာပဲ ၊ဘယ်လိုလုပ်ပြီးတော့ ဖုတ်ကောင်လို ဖြစ်သွားနိုင်မှာလဲဟု ပြောနေသည့်အလားပင်ထင်ရသည်။

ခင်ဗျားတို့လို လူကြီးတွေတောင် ချန်ကောဟွား လှည့်စားတာကို ခံနေရတယ်ဆိုတော့ တကယ့်အရူးတွေပဲ

ပန့်ကန့်က ကျန်းကျန်းမာမာ ရှိနေသည်ကို ချင်ဟွိုင်ယွီ မြင်သောအခါ သူမ၏ ရင်ထဲတွင် သက်ပြင်းတစ်ချက်ကို မအောင့်နိုင်ဘဲ ချလိုက်မိသည်။ထိုသို့မဟုတ်ပါက ချန်ကောဟွား၏စကားများသာ အမှန်တကယ်ဖြစ်နေခဲ့လျှင် တာအိုဘုန်းကြီးကို မည်သည့်နေရာတွင် သွားရှာရမည်ကို သူမ အမှန်တကယ်ပင် မသိနိုင်တော့ချေ။

သို့သော် ချင်ဟွိုင်ယွီ လုံးဝ မမျှော်လင့်ထားသောအရာတစ်ခု ဖြစ်ပျက်လာသည်။ သူမက သက်ပြင်းချလိုက်ချိန်၌ပင် မူလက ဘာမှမဖြစ်ဘဲ ရှိနေခဲ့သော ပန့်ကန့်သည် ရုတ်တရက် ခန္ဓာကိုယ်လှုပ်ရှားမှုများ တောင့်တင်းလာသည်။

ထို့နောက် တစ်ကိုယ်လုံးက အလိုအလျောက်ပင် နေရာမှာပင် ခုန်ပေါက်လာသည်။

အထူးဆန်းဆုံးအရာမှာ လူတိုင်းက မျှော်လင့်မထားသော အခြေအနေမျိုးတွင် ပန့်ကန့်သည် မျက်လုံးများကို တိုက်ရိုက်မှိတ်ထားကာ လက်နှစ်ဖက်ကို ဆန့်တန်း၍ အရှေ့သို့ ထိုးစိုက်လိုက်သည်။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ အိမ်တန်းလျားခြံဝင်းကြီးတစ်ခုလုံးရှိ အိမ်နီးချင်းများအားလုံးမှာ ကြောက်လန့်တကြားဖြစ်ကာ ဝိညာဉ်များပင် လွင့်စင်သွားလုမတတ် ဖြစ်သွားကြလေတော့သည်။

……

All Chapters