အခန်း (၅၇-၅၈)
Vol. 6 Ch. 57-58
အခန်း ၅၇
"ဆရာဝန်ကြီး ငါ့သားရဲ့ ဖုတ်ကောင်ရောဂါက နောက်နောင် ဖြစ်လာမှာ မဟုတ်တော့ဘူးမလား"
ချင်ဟွိုင်ယွီသည် ပန့်ကန့်အား ခေါ်ဆောင်၍ ဆေးစစ်မှုများ ပြုလုပ်ပြီးစီးသွားပြီးနောက် ဆရာဝန်အား စိုးရိမ်တကြီးဖြင့် ကြည့်နေသည်။
"ဖုတ်ကောင်ရောဂါ…ဖုတ်ကောင်ရောဂါက ဘာလဲ အဲ့ဒါက ဘာရောဂါလဲ၊ ငါ တစ်ခါမှ မကြားဖူးပါဘူး"
"ဘာ မင်းပြောတာ ခုနက ကလေး ခုန်ပေါက်ပြီး တုန်ယင်နေတာကို ပြောတာလား"
"ဒါက ရာသီဥတု အရမ်းအေးလွန်းလို့ ကလေးက အအေးပတ်ပြီး ခန္ဓာကိုယ် တောင့်တင်းသွားတာဖြစ်မယ်၊ ဒါကြောင့် မသိစိတ်ကနေ တုန်ယင်နေတာနေမှာပါ"
"ထားလိုက်ပါတော့ ဒါတွေကို အရင် မပြောသေးဘူး"
"ဒီတစ်ကြိမ်တော့ ငါ မင်းကို သေချာ ဝေဖန်ရလိမ့်မယ်၊ မင်းက ဘယ်လို အမေမျိုးလဲ ဒါက အရမ်းကို တာဝန်မကျေလွန်းရာမကျဘူးလား၊ အိမ်က ဘယ်လောက်ပဲ ဆင်းရဲနေပါစေ ကလေးကိုတော့ ချော်ကီးမကျွေးသင့်ဘူးလေ"
"ဒီလောက် အများကြီး စားထားသေးတယ်၊ အကယ်၍ အစာအိမ်ကို ကူးစက်သွားရင်တော့ ဒုက္ခပဲ"
ဆရာဝန်က ထိုစကားများကို ပြောပြီးနောက်တွင် ချင်ဟွိုင်ယွီမှာ လုံးဝကို ကြောင်အသွားတော့သည်။
"ဘာ"
"ရာသီဥတု အရမ်းအေးလို့ ခန္ဓာကိုယ် အအေးပတ်သွားတာလား"
"ချော်ကီးစားတာက အစာအိမ်ကို ကူးစက်စေနိုင်တယ်ပေါ့"
ဆရာဝန်၏ စကားကို ကြားပြီးနောက်တွင် ချင်ဟွိုင်ယွီသည် ဘေးနားရှိ ဟယ်ယွီကျူးအား ကြောင်တောင်တောင်ဖြင့် ကြည့်လိုက်သည်။
ဘေးနားရှိ ဟယ်ယွီကျူး၏ မျက်နှာမှာလည်း ဒယ်အိုးဖင်ကဲ့သို့ မည်းမှောင်နေသည်။ သူ တစ်ခုခုကို သတိပြုမိသွားကြောင်း ထင်ရှားလှ၏။ သူသည်လည်း စစ်ဆေးမှုအချို့ ပြုလုပ်ပြီးနောက် ခန္ဓာကိုယ်တွင် အမှန်တကယ် ပြဿနာမရှိကြောင်း သိရှိသွားသောအခါ သူတို့နှစ်ဦးသည် မကျေမချမ်းဖြင့် ဆေးရုံမှ ထွက်ခွာလာခဲ့ကြသည်။
လမ်းတစ်လျှောက်လုံး သူတို့နှစ်ဦးလုံး စကားတစ်ခွန်းမျှ မပြောခဲ့ကြချေ။ သို့သော် အိမ်သို့ ရောက်လုနီးပါးအချိန်တွင် အမြဲတမ်း တိတ်ဆိတ်နေခဲ့သော ချင်ဟွိုင်ယွီက စတင်၍ စကားပြောလာသည်။
"ရှားကျူး ငါတို့တွေ ချန်ကောဟွားဆိုတဲ့ ခွေးကောင်ရဲ့ လှည့်စားတာကို ခံလိုက်ရပြီလို့ ငါ ထင်တယ်"
ချင်ဟွိုင်ယွီ၏ မျက်လုံးများထဲတွင် ကြီးမားလှသော အမုန်းတရားများ ပေါက်ကွဲထွက်လာသည်။
အကယ်၍ အဆဲခံရခြင်းသာဆိုလျှင် သူမ သည်းခံကောင်း သည်းခံနိုင်ပေမည်။ သို့သော် မိမိ၏ သားဖြစ်သူကို လှည့်စားကာ ချော်ကီးစားခိုင်းခဲ့ခြင်းကိုမူ သူမ အနည်းငယ်မျှပင် သည်းမခံနိုင်ချေ။
အထူးသဖြင့် အကျိုးအမြတ်အပိုင်းတွင် ဖြစ်သည်။ သူမသည် တစ်လက်မမျှပင် အလျှော့မပေးခဲ့ဖူးချေ။ သူမသည် အကျိုးအမြတ်ကိုသာ အလေးမထားသူဆိုပါက ဟယ်ယွီကျူးအား ဤကဲ့သို့ အမြဲတမ်း အသုံးချနေနိုင်မည်မဟုတ်ချေ။ခြံဝင်းထဲရှိ လူများအား သူမတို့ မိသားစုတစ်စုလုံးကို ကြည်ဖြူစွာ ကူညီထောက်ပံ့လာစေရန် ပြုလုပ်နိုင်မည်လည်း မဟုတ်ချေ။လုပ်ငန်းစွမ်းဆောင်ရည် မကောင်းမွန်သည့် အခြေအနေမျိုးတွင် အလုပ်သမားများက သူမအား ဖယ်ကြဉ်ခြင်း မပြုဘဲ နေနိုင်ကြမည်မဟုတ်ချေ။
ထို့ကြောင့် မိမိ၏သားဖြစ်သူ၏ အကျိုးစီးပွားကို အခြားသူက လာရောက် ထိပါးလာသောအခါ ချင်ဟွိုင်ယွီက ဤသည်မှာ ချန်ကောဟွားမှ သူမအား ထောင်ချောက်ဆင်ထားခြင်း ဖြစ်နိုင်ခြေများကြောင်း ချက်ချင်းပင် သတိပြုမိသွားသည်။
အရောင်းစား ခံရပြီးနောက် ပိုက်ဆံကူရေပေးနေသည်နှင့်ပင် တူသေးသည်။
ချင်ဟွိုင်ယွီ၏ စကားကို ကြားပြီးနောက်တွင် အမြဲတမ်း တစ်ခုခု မှားယွင်းနေသည်ဟု ခံစားနေရသော ဟယ်ယွီကျူးသည်လည်း ပြဿနာကို သတိပြုမိသွားကာ
"ဟွိုင်ယွီ မင်း ဘယ်လိုတွေးမိလို့လဲ" ဟု ပြန်လည်မေးမြန်းလိုက်သည်။
ထို့နောက် ချင်ဟွိုင်ယွီသည် ရင်ထဲမှ သုံးသပ်ချက်များကို အလျင်အမြန်ပင် ထုတ်ဖော်ပြောဆိုလိုက်သည်။
ဤရက်ပိုင်းအတွင်း ကိစ္စများစွာ ဖြစ်ပျက်ခဲ့သည်။ သို့သော် သူမ၏ အမြင်တွင်မူ အရာအားလုံးသည် ချန်ကောဟွားက အကွက်ကျကျ ဆင်ထားသော ထောင်ချောက်များသာ ဖြစ်သည်။
ပန့်ကန့်က အစားမက်ကြောင်းကို သိသိကြီးနှင့် သူ၏ရှေ့တွင် ငါးဟင်းကို တမင် စားပြသည်။ အခန်းထဲတွင်လည်း တိုက်ဆိုင်စွာပင် တိရစ္ဆာန်ဖမ်းစက်ကို ထောင်ထားခဲ့သေးသည်။ ထို့နောက် မိမိ၏ကလေးက ထိုအထဲသို့ ဝင်သွားကာ ဒုက္ခရောက်ခဲ့ရသည်။ ထို့အပြင် မနည်း ပြန်လည်ကောင်းမွန်လာချိန်တွင် မကောင်းဆိုးဝါးပူး၍ ရွှေရည်ပူ စားရသည့် ကိစ္စနှင့် ထပ်မံ ကြုံတွေ့ခဲ့ရပြန်သည်။
ထိုကြက်သည် တကယ်ပင် မကောင်းဆိုးဝါးပူးနေခြင်း ရှိမရှိကို အရင် ပြောရန် မလိုသေးချေ။
တကယ်လို့ ပူးနေတယ်ဆိုရင်တောင်မှ ဘာဖြစ်လို့ ရွှေရည်ပူကို မဖြစ်မနေ စားဖို့ လိုအပ်ရတာလဲ…
အခြားနည်းလမ်းများကို သူ ပြောပြနိုင်သည်ဆိုပါက ပြဿနာကို ဖြေရှင်းရန် ပို၍ ယုံကြည်စိတ်ချရသော နည်းလမ်းများ ရှိနေသင့်ကြောင်းကို သိထားရပေမည်။
ယခု ဆေးရုံသို့ရောက်၍ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက်တွင် ဆရာဝန်ကလည်း စားလိုက်သော ကြက်သည် ခန္ဓာကိုယ်အတွက် လုံးဝ ပြဿနာမရှိကြောင်း ပြောဆိုခဲ့သည်။
ဤနေရာမှ ကြည့်မည်ဆိုလျှင် ချန်ကောဟွားသည် ရွှေရည်ပူနှင့် မကောင်းဆိုးဝါးပူးကပ်ခြင်းမှာ လုံးဝ မသက်ဆိုင်ကြောင်းကို သိရှိနေနိုင်ခြေ အလွန်များပြားပြီး ထိုကြက်သည်လည်း အစကတည်းက မကောင်းဆိုးဝါးပူးနေခြင်း မရှိခဲ့နိုင်ချေ။ အရာအားလုံးမှာ သူ ကြိုတင် စီစဉ်ထားခြင်းသာ ဖြစ်သည်။
ချင်ဟွိုင်ယွီက မိမိ၏ ခန့်မှန်းချက်များကို ပြောပြပြီးနောက်တွင် ဟယ်ယွီကျူးမှာလည်း ရုတ်တရက် အရာရာ မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။ ထို့နောက် တိုက်ရိုက်ပင် ဆဲရေးတိုင်းထွာတော့သည်။
"မင်း ပြောမှပဲ… တကယ်ကို ဖြစ်နိုင်ခြေ ရှိနေတာပဲ"
"မရဘူး ဒီသေချင်နေတဲ့ တိရစ္ဆာန်က ဒီလိုမျိုး လုပ်ရက်တယ်၊ ငါ အခုပြန်သွားပြီး သူ့ကို သေတဲ့အထိ ရိုက်ပစ်မယ်"
ဟယ်ယွီကျူးသည်လည်း ဒေါသထွက်လာကာ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး လူကို တိုက်ရိုက် သွားရောက် ရိုက်နှက်ရန် ပြင်ဆင်တော့သည်။
သို့သော် သူ၏ လှုပ်ရှားမှုကို ချင်ဟွိုင်ယွီက အလျင်အမြန်ပင် တားဆီးလိုက်သည်။
ချင်ဟွိုင်ယွီ၏ အမြင်ဘက်မှ ရပ်တည်၍ ကြည့်မည်ဆိုလျှင် အကယ်၍ ဟယ်ယွီကျူးသာ ဤအချိန်တွင် ပြန်သွားရန် ရွေးချယ်လိုက်မည်ဆိုပါက ထိုကိစ္စမှာ ပိုမို ကြီးထွားသွားနိုင်ခြေ အလွန်များပြားသည်။
ပထမအချက်မှာ ဤအရာများအားလုံးသည် သူမကိုယ်တိုင် တွေးတောထားခြင်းသာဖြစ်ပြီး ခိုင်လုံသော သက်သေအထောက်အထား အမှန်တကယ် မရှိခြင်း ဖြစ်သည်။ သူမ၏ ခန့်မှန်းချက်မှာ အမှန်တရားနှင့် တစ်ထပ်တည်း ကျနေလျှင်ပင် မည်သည့် အသုံးဝင်မှုမျှ မရှိချေ။
ဒုတိယအချက်မှာ ထောင်ခြောက်လို ဖမ်းစက်သည် တိရစ္ဆာန်ဖမ်းစက် ဖြစ်သော်ငြား တိရစ္ဆာန်ဖမ်းစက်ဖြင့် ကြွက်မဖမ်းရဟု မည်သူကမှ သတ်မှတ်ထားခြင်း မရှိပေ။ ထို့ကြောင့် တိရစ္ဆာန်ဖမ်းစက်ကို အကြောင်းပြ၍ ပြဿနာရှာရန်လည်း နည်းလမ်းမရှိချေ။
တတိယအချက်မှာ ပန့်ကန့်က ပစ္စည်းခိုးယူခဲ့ခြင်းပင် ဖြစ်သည်။ ပုံမှန်နေ့ရက်များတွင် ပန့်ကန့်၌ ဤအကျင့်ရှိပြီးဖြစ်ရာ စက်ဖြင့် ညှပ်ခံရချိန်တွင် လူတိုင်း၏ သဘောထားမှာ ခံသင့်ခံထိုက်သည်ဟူ၍သာ တွေးကြမည်ဖြစ်သည်။
ယခု ပြီးသွားခဲ့ပြီဖြစ်သော ကိစ္စကို ထပ်မံ ထုတ်ဖော်ပြောဆိုမည်ဆိုပါက လူတိုင်း၏ မကျေနပ်မှုကို ထပ်မံ ဆွဲဆောင်နိုင်မည်မှာ ထင်ရှားပြီး မိမိကိုယ်မိမိ ပြဿနာရှာသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
နောက်ဆုံးအချက်မှာ ယနေ့ ရွှေရည်ပူဖြင့် မကောင်းဆိုးဝါးနှင်ထုတ်သည့် ကိစ္စပင် ဖြစ်သည်။ တစ်ဖက်လူက ကျေးလက်တွင် ကြက်မွေးမြူခဲ့ဖူးသည့် သူ၏ အတွေ့အကြုံကို ထုတ်ဖော်ပြောဆိုခြင်းသာ ဖြစ်သည်။ ရွှေရည်ပူ အသုံးပြုရန်ဆိုသည်မှာလည်း အကြံပေးရုံသာဖြစ်ပြီး အတင်းအကျပ် ခိုင်းစေခဲ့ခြင်း မဟုတ်ချေ။
ဤသည်မှာ မည်သည့်အမှား ရှိနိုင်မည်နည်း
ထို့အပြင် ရွှေရည်ပူ တိုက်ကျွေးပြီးနောက်တွင် ပန့်ကန့်မှာ အမှန်တကယ်ပင် ပြန်လည်ကောင်းမွန်လာခဲ့လေသည်။
ဤသို့သောအခြေအနေမျိုးတွင် သူတို့နှစ်ဦးက ချန်ကောဟွားအား သွားရောက် ပြဿနာရှာရန် မည်သည့် အရည်အချင်းများ ရှိနေပါသနည်း။ထို့ကြောင့် အကယ်၍ ဟယ်ယွီကျူးက သူတစ်ပါးအား သွားရောက် ပြဿနာရှာမည်ဆိုလျှင် တစ်ခုခုဖြစ်၍ ပြဿနာတက်ကာ ရိုက်နှက်ကြမည်ဆိုပါက လုံခြုံရေးဌာနမှ လူများက ဝင်ရောက်စွက်ဖက်မည် မစွက်ဖက်မည်ကို အရင် မပြောသေးလျှင်ပင် လူအများ၏ ပြင်းပြင်းထန်ထန် ဆဲရေးတိုင်းထွာမှုကို သေချာပေါက် ခံရမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေ ချန်ကောဟွားက စေတနာဖြင့် သူမ၏သားကို ကယ်တင်ပေးခဲ့ခြင်းဖြစ်ရာ သူမတို့က လှည့်ပတ်၍ တစ်ဖက်လူအား ကိုယ်ထိလက်ရောက် ရိုက်နှက်ရန် ပြုလုပ်ခြင်းသာ ဖြစ်သွားနိုင်သည်။
ဒီမှာ ဥပဒေဆိုတာ မရှိတော့ဘူးလား
တရားဥပဒေဆိုတာ မရှိတော့ဘူးလား
ချင်ဟွိုင်ယွီမှ ဤသို့ တိုက်တွန်းပြောဆိုပြီးနောက်တွင် ဟယ်ယွီကျူးသည်လည်း တဖြည်းဖြည်း တည်ငြိမ်သွားသည်။
တည်ငြိမ်သွားသည်ဟု ဆိုသော်ငြား ဟယ်ယွီကျူး၏ မျက်လုံးအောက်ခြေတွင်မူ အမုန်းတရားများက ရံဖန်ရံခါ ဖြစ်ပေါ်လာသည်။ သူသည် ချန်ကောဟွားအား ဤမျှ လွယ်လွယ်ကူကူဖြင့် လွှတ်ပေးရန် လုံးဝ ဆန္ဒမရှိကြောင်း ထင်ရှားလှသည်။ သူ ခံစားခဲ့ရသော နစ်နာမှုများအတွက် မဖြစ်မနေ ပြန်လည် လက်စားချေရမည် ဖြစ်သည်။
ရွှီတမောင်းအား ရိုက်နှက်ခဲ့သကဲ့သို့ ချန်ကောဟွားကိုလည်း မြေပြင်ပေါ်တွင် ဖိကာ တစ်ကြိမ်လောက် ပြင်းပြင်းထန်ထန် ရိုက်နှက်ပစ်ရမည် ဖြစ်သည်။
ဤအတွေးအောက်တွင် ဟယ်ယွီကျူးသည် ဒေါသများကို မျိုသိပ်ကာ ချင်ဟွိုင်ယွီနှင့်အတူ ခြံဝင်းထဲသို့ ပြန်လည် ရောက်ရှိလာသည်။
ပြန်ရောက်လာချိန်တွင် ညနေစာစားချိန်သို့ နီးကပ်နေပြီ ဖြစ်သည်။ နွေဦးပွဲတော် ရောက်ရှိခါနီးဖြစ်သောကြောင့် လူတိုင်းက ညနေစာအတွက် သေချာစွာ ပြင်ဆင်နေကြသည်။
သို့သော် ခြံဝင်းထဲရှိ လူအများက ချင်ဟွိုင်ယွီသည် ဟယ်ယွီကျူးနှင့် ပန့်ကန့်တို့အား ခေါ်ဆောင်၍ ပြန်လာသည်ကို မြင်တွေ့လိုက်ရသောအခါ လူတိုင်း၏ အစာအိမ်ထဲတွင် လှိုင်းထန်သွားသကဲ့သို့ ဖြစ်သွားကာ မျက်နှာပေါ်တွင်လည်း ရွံရှာသော အမူအရာများ ထွက်ပေါ်လာကြသည်။
လူအများ၏ အကြည့်များအောက်တွင် ပန့်ကန့်သည် ယခင်က ရွှေရည်ပူ အလောင်းထည့်ခံခဲ့ရသည့် ကိစ္စကို တွေးမိကာ မသိစိတ်မှပင် ချမ်းစိမ့်စိမ့် ဖြစ်သွားသည်။
လမ်းတွင် မူလက အနည်းငယ် ဗိုက်ဆာနေခဲ့သော သူသည် ချက်ချင်းပင် စားသောက်ချင်စိတ်ပျောက်သွားသည်။
ဘေးနားရှိ ဟယ်ယွီကျူးမှာလည်း ထိုနည်းတူပင် ဖြစ်သည်၊ မိမိ၏ ပါးစပ်ထဲရှိ အရသာမှာ ရွှီတမောင်း၏အရာ ဖြစ်ကြောင်းကို တွေးမိလိုက်သည်နှင့် တစ်ကိုယ်လုံး နေရခက်သွားကာ အစာအိမ်ကို ထုတ်၍ အကြိမ်ပေါင်းများစွာ ဆေးကြောပစ်လိုက်ချင်စိတ်များ ပေါက်လာသည်။
သူတို့အသီးသီး ရွံရှာနေကြချိန်၌ပင် ထမင်းချက်ရန် ပြင်ဆင်နေသော ချန်ကောဟွားသည်လည်း အခန်းတံခါးမှ ထွက်လာကာ ကျောက်မီးသွေး လာယူသည်။
ချင်ဟွိုင်ယွီ၊ ဟယ်ယွီကျူးနှင့် အခြားသူများကို တိုက်ဆိုင်စွာ မြင်တွေ့လိုက်ရသောအခါ ချန်ကောဟွားက ပြုံးရွှင်သော မျက်နှာဖြင့် နှုတ်ဆက်လိုက်သည်။
"ဘယ်လိုလဲ ရှားကျူး ၊မင်းနဲ့ ကလေးက ဘာပြဿနာမှ ကြီးကြီးမားမား မရှိဘူးမလား"
ဤစကားကို ကြားလိုက်ရသောအခါ ဟယ်ယွီကျူး၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားသည်။
ချန်ကောဟွားသည် သူ့အား လာရောက် လှောင်ပြောင်နေခြင်းဖြစ်သည်ဟု ခံစားလိုက်ရသည်။ အထူးသဖြင့် တစ်ဖက်လူ၏ မျက်နှာပေါ်ရှိ အပြုံးမှာ ငါ မင်းကို ဒုက္ခပေးခဲ့တယ်၊ ပြီးတော့ မင်းရဲ့ ဟာသဖြစ်တဲ့ပုံစံကိုလည်း ထပ်ကြည့်ဦးမယ်…ဟု ရှင်းလင်းပြတ်သားစွာ ပြောဆိုနေခြင်းပင် ဖြစ်သည်။
ဤသည်မှာ ဟယ်ယွီကျူးကို သည်းမခံနိုင်စိတ်ပင် ဖြစ်ပေါ်လာစေသည်။ သို့သော် ကံကောင်းသည်မှာ ချင်ဟွိုင်ယွီက သူ့အား အရူးအမူး မျက်ရိပ်ပြနေသောကြောင့်သာ ဟယ်ယွီကျူးမှာ ပေါက်ကွဲမည့် အတွေးကို လက်လျှော့လိုက်ခြင်း ဖြစ်သည်။
ရှားကျူးမှာ ရင်ထဲရှိ စကားများအားလုံးကို မျက်နှာပေါ်တွင် ဖော်ပြတတ်သော ပွင့်လင်းသူတစ်ဦးဖြစ်ရာ ဤသေးငယ်သော လှုပ်ရှားမှုလေးများမှာ ချန်ကောဟွား၏ မျက်လုံးများမှ မည်သို့လျှင် လွတ်ကင်းနိုင်မည်နည်း။
ဤသည်တို့ကို မြင်တွေ့လိုက်ရသောအခါ တစ်ဖက်လူက မိမိက သူ့အား ဒုက္ခပေးခဲ့ကြောင်းကို သိရှိသွားပြီဖြစ်ကြောင်း သူလည်း ခန့်မှန်းမိလိုက်သည်။
သို့သော် ချန်ကောဟွား၏ မျက်နှာပေါ်တွင်မူ တည်ငြိမ်အေးချမ်းမှုများသာ ရှိနေဆဲဖြစ်ပြီး အလေးအနက်ထားခြင်း မရှိခဲ့ချေ။
ဒါကလည်း အလွန် ရိုးရှင်းလှသည်။ပထမအချက်မှာ သူ အသုံးပြုသည်မှာ ပွင့်လင်းသော အစီအစဉ်ဖြစ်ရာ နောက်ကျမှ သူက သူတို့ကို ဒုက္ခပေးခဲ့ခြင်းဖြစ်ကြောင်း နားလည်သွားလျှင်ပင် မည်သို့ဖြစ်နိုင်မည်နည်း။ သူတို့တွင် ပြန်လည် ခုခံရန် အရည်အချင်းပင် မရှိချေ။ ထို့ကြောင့် သူ၏ ရင်ထဲတွင် မည်သည့် ဝန်ထုပ်ဝန်ပိုးမျှ မရှိချေ။
ဒုတိယအချက်မှာ ဤရက်ပိုင်းအတွင်း မိမိ စာရင်းသွင်း ဝင်ခဲ့ရာတွင် ခန္ဓာကိုယ်ကြံ့ခိုင်မှုဆိုင်ရာ စွမ်းရည်များစွာကို ရရှိခဲ့သည်။ ထို့ကြောင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာလည်း သာမန်လူများထက် များစွာ သာလွန်နေသည်။ နောင်ခေတ်ကာလနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ခန္ဓာကိုယ် အရည်အသွေးမှာ အထူးတပ်ဖွဲ့ဝင်များနှင့် နှိုင်းယှဉ်နိုင်သည်ဟု ဆိုလျှင်ပင် လွန်မည်မဟုတ်ချေ။
အကယ်၍ ဟယ်ယွီကျူးက အကောင်းအဆိုးကို မခွဲခြားတတ်ဘဲ ရမ်းကား ရဲတင်းမည်ဆိုပါက မိမိက သူ့အား သေချာပေါက် ပြင်းပြင်းထန်ထန် ပြန်လည် တုံ့ပြန်ပေးမည် ဖြစ်သည်။
"ကလေး ဘာမှမဖြစ်ပါဘူး"
"စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ နောင်ကြရင် ကလေးက နင့်ကို ကျေးဇူးဆပ်ပါလိမ့်မယ်"
ချင်ဟွိုင်ယွီက တစ်လုံးချင်းစီ ပြောလိုက်သည်။နောက်ပိုင်းစကားများကိုမူ သူမသည် သွားကြိတ်ကာ ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။
ကျေးဇူးဆပ်မည်ဟု ဆိုသော်ငြား မသိသူများကမူ လက်စားချေမည်ဟုပင် ထင်မှတ်နိုင်သည်။
သေချာပေါက် ချင်ဟွိုင်ယွီ ဤသို့ ပြောဆိုခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ချန်ကောဟွားအား သတိပေးခြင်းပင် ဖြစ်သည်။
ငါက နင့်ရဲ့ ထောင်ချောက်ကို သိသွားပြီဖြစ်လို့ နောက်နောင် ငါ့သားကို မထိနဲ့၊ အဲ့လိုမှမဟုတ်ရင် သေချာပေါက် နင့်ကို ကောင်းကောင်း ပညာပေးမယ်…ဟူ၍ ဖြစ်သည်။
သို့ရာတွင် ချန်ကောဟွားမှာ မည်ကဲ့သို့သော လူမျိုးဖြစ်ပါသနည်း။ဤတိရစ္ဆာန်များကို ကစားစရာအဖြစ် အစောကတည်းက သတ်မှတ်ထားခဲ့ပြီးဖြစ်ရာ ချင်ဟွိုင်ယွီ၏ ပေါ့ပေါ့တန်တန် စကားတစ်ခွန်းကြောင့် မည်သို့မျှ ကြောက်လန့်သွားနိုင်မည် မဟုတ်ချေ။
ဤသို့ဖြင့် ချန်ကောဟွားက နောက်ထပ် စကားတစ်ခွန်းကို ထပ်မံ ပြောဆိုလိုက်ရာ ချင်ဟွိုင်ယွီအား တိုက်ရိုက်ပင် ဒေါသပေါက်ကွဲသွားစေသည်။
"ကျေးဇူးဆပ်ဖို့တော့ မလိုပါဘူး"
"ဘယ်လိုပဲဖြစ်ဖြစ် နှစ်သစ်ကူးတော့မှာဆိုတော့ မင်းတို့အိမ်က ပန့်ကန့်ကို ငါ့ကို ဦးချကန်တော့ခိုင်းလိုက်"
"ပထမအချက်က ကျေးဇူးတင်တဲ့အနေနဲ့ပေါ့၊ ဒုတိယအချက်က မင်းတို့အတွက်လည်း ကောင်းပါတယ်၊ ဘာပဲဖြစ်ဖြစ် နောင်ကြရင် ငါနဲ့ ရင်ဆိုင်ရတဲ့အခါ ဒီလောက်ကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကြီး ရှိနေစရာ မလိုတော့ဘူးလေ"
စကားသံ ဆုံးသွားသောအခါ ချင်ဟွိုင်ယွီမှာ နေရာမှာပင် တိုက်ရိုက် ကြက်သေသေသွားသည်။ လောကကြီးတွင် ထိုမျှလောက် အရှက်မရှိသော လူမျိုး ရှိနေမည်ကို သူမ လုံးဝ မျှော်လင့်မထားခဲ့ချေ။
မိမိ၏ သားဖြစ်သူကို ချော်ကီးစားရန် လှည့်စား ဒုက္ခပေးသည်မှာ ထင်ရှားနေပါလျက်နှင့် နောက်ဆုံးတွင် မိမိ၏ သားဖြစ်သူက သူ့အား ဦးချကာ ကျေးဇူးတင်ရဦးမည်။
ဒါက လူက ပြောထွက်တဲ့ စကားလား ဟမ်
ချင်ဟွိုင်ယွီမှာ ဒေါသထွက်လွန်းသဖြင့် ဦးရေပြားများပင် ထုံကျင်သွားသည်။ ရင်ထဲရှိ ဒေါသတရားများမှာ တဖြည်းဖြည်းချင်း စုပုံလာခဲ့လေတော့သည်။
……
အခန်း ၅၈
ချင်ဟွိုင်ယွီက ပေါက်ကွဲလုနီးပါး ဖြစ်နေသည်ကို မြင်သောအခါ ဦးလေးကြီးသုံးဦးမှာ လမ်းလျှောက်၍ ရောက်ရှိလာကြသည်။
ချန်ကောဟွားက ဦးလေးကြီးသုံးဦးအား ဤသို့ ပြောလိုက်သည်။
"ဦးလေးကြီးတို့ လာကြတာ ကောင်းလိုက်တာ၊ ခုနကပဲ ချင်ဟွိုင်ယွီက ပန့်ကန့်ကို ငါ့ကို ကျေးဇူးတင်စကား ပြောခိုင်းမယ်လို့ ပြောနေတာ၊ ဦးလေးတို့ သက်သေအဖြစ်နဲ့ လာကြည့်ပေးပါဦး"
"ပန့်ကန့်က ငါ့ကို ဦးချကန်တော့လိုက်ရင် ဒီအသက်ကယ်တင်ခဲ့တဲ့ ကျေးဇူးတရားတွေ အားလုံး ပြေလည်သွားပြီပေါ့၊ နောက်နောင်ဆိုရင်လည်း လူတိုင်း အဆင်ပြေပြေနဲ့ နေကြရအောင်လေ ဘယ်လိုလဲ"
ဦးလေးကြီးများက ထိုစကားကို ကြားပြီးနောက်တွင် လျိုဟိုင်ကျုံးနှင့် ယန်ပုကွေ့တို့သည် အကြည့်များကို အလိုအလျောက်ပင် ရီကျုံးဟိုင်ထံသို့ ရွှေ့လိုက်ကြသည်။
ဒါကလည်း အလွန်ရိုးရှင်းလှသည်။ချန်ကောဟွား၏ စကားများမှာ ထောင်ချောက် ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။ ချန်မိသားစုမှာ တိရစ္ဆာန်ဖမ်းစက် သုံးခဲ့သလို ရွှေရည်ပူကိုလည်း အတင်းအကျပ် လောင်းထည့်ခဲ့ကြောင်းကို မည်သူမဆို သိရှိထားကြသည်။
ချန်မိသားစုနှင့် ကျားမိသားစုတို့၏ ပဋိပက္ခမှာ တစ်ကြိမ် ဦးချရုံမျှနှင့် မည်သို့မျှ ပြေလည်သွားနိုင်မည် မဟုတ်ချေ။ထင်ရှားစွာပင် လုံးဝ မဖြစ်နိုင်ချေ။ထို့ကြောင့် သူတို့သည် ဤအရေးကိစ္စထဲသို့ ဝင်ရောက်စွက်ဖက်ရန် မလိုလားကြသကဲ့သို့ ချန်ကောဟွားအားလည်း ရန်စမိမည်ကို မလိုလားကြချေ။
အကြီးအကဲတစ်ဦးဖြစ်သူ ရီကျုံးဟိုင်မှာ ခြံဝင်း၏ တာဝန်ခံဖြစ်ရာ လူနှစ်ဦးလုံးမှာ သူတို့၏ အကြည့်ကို သူ့ထံသို့ ရွှေ့လိုက်ကြသည်။ သူတို့၏ ရည်ရွယ်ချက်မှာလည်း ရှင်းလင်းလှသည်၊ သူအား ဤဒုက္ခဇာတ်လမ်းထဲတွင် ဝင်ရောက်ဖြေရှင်းစေလိုခြင်း ဖြစ်သည်။
ရီကျုံးဟိုင်အကြောင်းကို ဆက်ပြောရမည်ဆိုလျှင် သူသည်လည်း ဤသည်မှာ အလွန်ပင် ခက်ခဲသော အခြေအနေတစ်ခုဖြစ်ကြောင်း မသိဘဲ မနေခဲ့ချေ။
သို့သော် ဤသည်မှာ ထောင်ချောက်ဖြစ်ကြောင်း သိသော်ငြားလည်း သူသည် မဖြစ်မနေ ဝင်ရောက်ဖြေရှင်းရပေတော့မည်။
သူသည် ခြံဝင်းထဲတွင် အရည်အချင်းအရှိဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ တူညီစွာပင် ချန်ကောဟွား၏ စကားမှာလည်း အလွန်ပင် ရှင်းလင်းလှသည်။ တစ်ကြိမ်ဦးချ ကန်တော့ခြင်းဖြင့် ပန့်ကန့်၏ အသက်ကို ကယ်တင်ခဲ့သည့် ကျေးဇူးနှင့် လဲလှယ်မည်ဟူ၍ ဖြစ်သည်။
ဤသည်မှာ အလွန်ပင် ကျိုးကြောင်းဆီလျော်လှ၏။ မည်သို့ပင်ဆိုစေ ရွှေရည်ပူဖြင့် အသက်ကယ်တင်ခြင်းမှာ ရွံရှာစရာကောင်းသော်ငြား ပန့်ကန့်၏ ဖုတ်ကောင်ရောဂါမှာ အမှန်တကယ်ပင် ပျောက်ကင်းသွားခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ဤတောင်းဆိုချက်ကိုပင် ငြင်းပယ်လိုက်မည်ဆိုပါက သူသည် ဦးလေးကြီးရီ အနေဖြင့် ခြံဝင်းထဲတွင် မည်သို့ ဂုဏ်သိက္ခာ ရှိတော့မည်နည်း။ ထို့ကြောင့် ရီကျုံးဟိုင်သည် မတတ်နိုင်စွာဖြင့် ချင်ဟွိုင်ယွီအား ကြည့်ကာ
"ဟွိုင်ယွီ… ကောဟွား ပြောတာ မှန်တယ်၊ ကလေးကို သူ့ကို ဦးချကန်တော့ခိုင်းလိုက်ပါ" ဟု ပြောလိုက်သည်။
ပြောပြီးနောက်တွင် ဤမျှနှင့် မလုံလောက်သေးဟု ထင်မှတ်ကာ ဟယ်ယွီကျူးကို ကြည့်၍
"ရှားကျူး၊ ချန်ကောဟွားက မင်းအသက်ကိုလည်း ကယ်တင်ခဲ့တာပဲ၊ မင်းလည်း သူ့ကို ဦးချကန်တော့လိုက်ပါ" ဟု ပြောလိုက်သည်။
ဟယ်ယွီကျူးနှင့် ချင်ဟွိုင်ယွီတို့ နှစ်ဦးသည် ထိုစကားကို ကြားလိုက်ရသောအခါ ရင်ထဲ၌ အလွန်ပင် မခံမရပ်နိုင် ဖြစ်သွားသည်။
ကောင်းလိုက်တဲ့ အဖြစ်…
အိမ်ပြန်ရောက်ပြီး ထမင်းမစားရသေးခင်မှာတင် ချန်ကောဟွား၏ ဒုက္ခပေးခြင်းကို ထပ်မံ ခံလိုက်ရပြန်သည်။ ထို့အပြင် ငြင်းပယ်ရန်လည်း မဖြစ်နိုင်ချေ။ ဤအခြေအနေမျိုးကို မည်သူက ခံနိုင်ရည် ရှိမည်နည်း။
ဤသို့ တွေးတောရင်း သူတို့နှစ်ဦး၏ ချန်ကောဟွားအား ကြည့်သည့် အကြည့်များမှာလည်း ပြောင်းလဲသွားသည်။ ယခင်က သည်းခံနေခြင်းမှနေ၍ နာကျင်မှုနှင့် စိုးရိမ်ပူပန်မှုများသို့ ပြောင်းလဲသွားသည်။
မည်သို့ပင်ဆိုစေ သူတို့ မည်မျှပင် မနှစ်မြို့စေကာမူ အခြေအနေက ဤအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ချန်ကောဟွားအား ဦးချမကန်တော့ဘဲ ဤကိစ္စမှာ လုံးဝ ပြေလည်နိုင်မည် မဟုတ်ချေ။
ထို့ကြောင့် ချင်ဟွိုင်ယွီသည် သွားကို ကျိတ်၍ ပန့်ကန့်အား ချန်ကောဟွားထံ ဦးချကန်တော့စေခဲ့ရသည်။ ဟယ်ယွီကျူးမှာလည်း မနှစ်မြို့စွာဖြင့်ပင် ဒူးနှစ်ဖက်ကို မြေပြင်ပေါ်သို့ ချလိုက်ရသည်။
ဒုန်း…
ဒုန်း…
နှစ်ကြိမ် ဦးချမှု ပြုလုပ်လိုက်သည်။
ချန်ကောဟွားသည် မိမိ၏ ရှေ့မှ မြေးလိမ္မာလေး နှစ်ယောက်ကို ကြည့်၍ ပြုံးရွှင်ကာ အလွန်ပင် ကျေနပ်နေသည့် အမူအရာဖြင့် ကြည့်ရှုနေသည်။ထို့နောက် နှစ်ဦးစလုံးကို ထခိုင်းရန်ပင် မပြောတော့ဘဲ စိတ်ကျေနပ်စွာဖြင့် မိမိ၏ အခန်းထဲသို့ ပြန်သွားသည်။
ကျန်ရှိနေသော ဟယ်ယွီကျူးနှင့် ပန့်ကန့်တို့မှာမူ သူ၏ ကျောပြင်ကို ကြည့်ကာ သွားများကို ကြိတ်ထားကြသည်။
အိမ်သို့ ပြန်ရောက်သောအခါ ချင်ကျင်းယွီသည်လည်း ဟင်းချက်ရန်အတွက် ပါဝင်ပစ္စည်းများကို ထုတ်ယူနေသည်။သို့သော် သူမသည် ပန့်ကန့်နှင့် ဟယ်ယွီကျူးတို့ နှစ်ဦး မိမိ၏ ခင်ပွန်းအား ဒူးထောက်ဦးချနေသော မြင်ကွင်းကို တွေ့လိုက်ရသည်။ချက်ချင်းပင် သူမ၏ မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်သွားသည်။
"ယောကျ်ား၊ နင်က တကယ်ကို လူဆိုးပဲ၊ သူတို့ကို ဘာမှ ပြန်မပြောနိုင်အောင် လုပ်လိုက်တာပဲ"
ချန်ကောဟွားက ကြားသောအခါ အနည်းငယ်သာ ပြုံးလိုက်သည်။သို့ေသာ် သူက အနည်းငယ်မျှပင် အောင်မြင်မှု ရရှိသည်ဟု မခံစားမိချေ။
သူ့အတွက်မူ ပန့်ကန့်နှင့် ဟယ်ယွီကျူးတို့ နှစ်ဦးလုံးသည် မိမိအား ဦးချကန်တော့နေလျှင်ပင် သူတို့နှစ်ဦးမှာ မတန်ေသးေကြာင်းသာ ခံစားရသည်။
သူတို့ကို ကောင်းကောင်း ပညာပေးရန်အတွက် မဟုတ်ခဲ့ပါက သူတို့နှင့် စကားပင် ပြောလိုမည် မဟုတ်ချေ။ သို့သော် ယခုလက်ရှိ ပြဇာတ်မှာမူ ပြီးဆုံးသွားသည်။ ပြီးဆုံးသွားပြီးနောက်တွင် နှစ်ဦးစလုံးသည် ယနေ့ညစာအတွက် ပြင်ဆင်တော့သည်။
မကြာမီမှာပင် အရသာရှိသော ဟင်းလျာများမှာ စားပွဲပေါ်သို့ ရောက်ရှိလာသည်။
အသားဟင်း၊ ဝက်သားနီချက်၊ ရေနွေးငွေ့ပေါင်းအုပ်ထားသော ကြက်ဥဟင်း...
ထို့အပြင် ပူနွေးနေသော ထမင်းဖြူများပါ ရှိနေသေးသည်။ ထမင်းဟင်းနံ့များမှာ ခြံဝင်းတစ်ခုလုံးတွင် သင်းပျံ့နေသည်။
ခြံဝင်းထဲတွင် နှစ်သစ်ကူးအတွက် မျှော်လင့်ချက် ရှိနေသော လူအများမှာ လက်ထဲရှိ ပန်းကန်များကို ရပ်တန့်လိုက်ပြီး ချန်ကောဟွား၏ အိမ်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ ထို့နောက် လေထဲတွင် လွင့်ပျံ့နေသော အနံ့များကို စိတ်မပါ့တပါပင် ရှူရှိုက်လိုက်ကြသည်။
ယန်ပုကွေ့၏ ကလေးများမှာ အမြတ်ထုတ်ရခြင်းကို အလွန်ပင် နှစ်သက်သည်။ယန်ကျဲ့ချန်သည် ပါးစပ်ကို တွန့်လိုက်ပြီး အနံ့ကို ပြင်းပြင်းရှူရှိုက်လိုက်ကာ စိတ်ကူးယဉ်နေသော မျက်နှာထားဖြင့်
"နှစ်သစ်ကူးတောင် မရောက်သေးဘူး ဒီလောက်တောင် ကောင်းကောင်းစားနေတာလား၊ ဝက်သားနီချက်၊ ငါးဟင်းနဲ့ ကြက်ဥဟင်း… စားတာက တကယ်ကို ကောင်းလွန်းေနပြီ" ဟု ပြောလိုက်သည်။
ဘေးနားရှိ ယန်ကျဲ့ဖန်သည် လျှာသပ်နေလျက် လက်ထဲရှိ မုန့်ကိုပင် စားချင်စိတ် မရှိတော့ဘဲ အလွန်ပင် မနာလိုသော လေသံဖြင့် ပြောသည်။
"ငါ နားလည်သွားပြီ၊ ချန်ကောဟွား ဘာလို့ ငါတို့ကို အထင်မကြီးတာလဲဆိုတာ၊ သူရဲ့ ဟင်းတစ်ခွက်ဆိုရင်တောင် တခြားသူတွေရဲ့ ပွဲကြီးတစ်ခုထက်တောင် ပိုကောင်းနေတာပဲ၊ ဒီလို အရည်အချင်းရှိရင် ဘယ်သူနဲ့များ ဆက်ဆံစရာ လိုသေးလို့လဲ"
ဒုတိယဦးလေး အိမ်တွင်…
လျိုဟိုင်ကျုံးသည် လက်ထဲရှိ တူကို ချလိုက်ပြီး ချန်ကောဟွား၏ အိမ်ဘက်သို့ ကြည့်ကာ ရင်ထဲမှနေ၍ တီးတိုး ပြောလိုက်သည်။
"အရွယ်ရောက်စအချိန်မှာ ဘယ်လောက် စားရမလဲဆိုတာ မသိဘူး၊ ပိုက်ဆံနည်းနည်း ရတာနဲ့ သုံးဖြုန်းနေတာ၊ နောင်တစ်ချိန် အိုမင်းမစွမ်းချိန်မှာ ဘာလုပ်မလဲဆိုတာ ငါ စောင့်ကြည့်နေမယ်"
ရီကျုံးဟိုင် အိမ်တွင်…
ဟင်းနံ့ကို ရလိုက်သောအခါ သူသည်လည်း မအောင့်နိုင်ဘဲ သက်ပြင်းချလိုက်သည်။
"ဒီအစားအသောက်တွေက အရမ်းကို ကောင်းလွန်းနေတာပဲ၊ ငါးတွေ အသားတွေချည်းပဲ…သူဌေးကြီးတွေထက်တောင် ပိုချမ်းသာနေသလိုပဲ"
ချန်ကောဟွားအိမ်၏ စားသောက်မှုပုံစံနှင့် ပတ်သက်၍ ခြံဝင်းထဲရှိ လူအားလုံးမှာ အလွန်ပင် မနာလို ဖြစ်နေကြသည်။
သို့သော် တစ်ခြံဝင်းလုံးတွင် ကျားမိသားစုသာလျှင် အခံစားရဆုံးနှင့် ခံရအခက်ဆုံး ဖြစ်နေသည်။
ကျားကျန်းရှီသည် အနံ့ကို ရလိုက်သောအခါ အလွန်ပင် စားချင်စိတ် ပေါက်သွားသော်ငြား သူမသည် အခြားသူများနှင့် မတူဘဲ လိုချင်သောအရာကို အော်ပြောတတ်သူ မဟုတ်ချေ။ထို့အစား သူမ၏ မျက်လုံးများမှာ ရက်စက်စွာ ပြူးကျယ်လာကာ သွားများကို ကျိတ်၍ ဆဲရေးတိုင်းထွာသည်။
"ဒီချန်မိသားစုက တကယ်ပဲ လူမဟုတ်ဘူး၊ နှစ်သစ်ကူးတောင် နီးနေပြီ၊ ငါတို့မိသားစုကို တစ်ခါလောက်တောင် မကူညီဘူး"
"သူတို့အိမ်မှာပဲ ခိုးစားပြီး ကောင်းကောင်း စားသောက်နေတာပဲ"
"ဒီတိရစ္ဆာန်နှစ်ကောင် ဗိုက်ကွဲပြီး သေသွားကြပါစေ"
နှစ်သစ်ကူးနီးကပ်နေသော်ငြား ကျားကျန်းရှီဆိုေသာအဘွားအိုမှာ ဆက်လက်၍ ရက်စက်ယုတ်မာနေဆဲပင် ဖြစ်သည်။သူမ၏ ကိုယ်ကျင့်တရားမှာ အလွန်ပင် နိမ့်ကျကြောင်း ထင်ရှားလှသည်။
ဘေးနားရှိ ချင်ဟွိုင်ယွီ၏ ရင်ထဲတွင်မူ ရှုပ်ထွေးေနသည်။ဒါကလည်း အလွန် ရိုးရှင်းလှ၏။သူမသည် ချန်ကောဟွားအပေါ် မည်ကဲ့သို့ ခံစားချက်ရှိသည်ကို သူမကိုယ်တိုင်ပင် မသိရှိချေ။
သားဖြစ်သူကို ထည့်တွက်မည်ဆိုလျှင် ချန်ကောဟွား၏ ဒုက္ခပေးမှုကြောင့် ခြေထောက် နှစ်ဖက် ပြတ်လုနီးပါးဖြစ်ကာ ချော်ကီးများစွာ စားခဲ့ရသောကြောင့် ချန်ကောဟွားကို အမုန်းဆုံး ဖြစ်သွားသည်။ သို့သော် ချန်မိသားစုထံမှ လွင့်ပျံ့လာသော ဟင်းနံ့များကို ရှူရှိုက်လိုက်ရပြီး ချန်မိသားစု၏ ဘဝမှာ နတ်ဘုရားများထက်ပင် သာလွန်နေသည်ကို မြင်လိုက်ရသောအခါ သူမသည် မနာလိုခြင်းနှင့် မျှော်လင့်ခြင်းများ စတင် ဖြစ်ပေါ်လာပြန်သည်။ နောက်ဆုံးတွင်မူ နောင်တရခြင်းများသို့ ပြောင်းလဲသွားသည်။
သူမသည် အလွန်ပင် နောင်တရနေမိသည်။ ထိုနှစ်က အိမ်စာချုပ်တွင် နာမည်ပေါင်းထည့်ရန် မတောင်းဆိုခဲ့ပါက၊ တခြားသူများနှင့်အတူ ချန်မိသားစုကို မတိုက်ခိုက်ခဲ့ပါက သူမသည် ယခုလို ဖြစ်နေမည်မဟုတ်ချေ။
နှစ်သစ်ကူး၏ ပျော်ရွှင်ဖွယ်ကောင်းသော နေ့ရက်တွင် နောင်တတရားများ မနာလိုမှုများဖြင့် ချန်ကောဟွား၏ အိမ်ဘက်သို့ လှမ်းကြည့်နေရခြင်းမျိုးပင်ဖြစ်သည်။ သို့သော် လောကကြီးတွင် ဝယ်ယူ၍ရနိုင်သော နောင်တဆေး ဆိုသည်မှာ မရှိချေ။
ယခုလက်ရှိတွင် သူမသည် မိမိ၏ ဆိုးရွားသော အကျိုးဆက်များကိုသာ တစ်ဦးတည်း ခံစားရတော့မည် ဖြစ်သည်။ဤသို့ တွေးတောရင်း သူမ၏ မျက်လုံးအိမ်များမှာ မသိစိတ်မှပင် ပါးလွှာသော မျက်ရည်စများဖြင့် ပြည့်နှက်လာသည်။
……