← Chapters

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း (၉၁) ခိုင်လုံသော သက်သေအထောက်အထား

#နေခြည်နှစ်ဆယ့်လေးခုဝိညာဉ်တုန်လှုပ်ခြင်း လက်ညှိုးကို

နှစ်ဆယ့်လေးရာသီဝိညာဉ်တုန်လှုပ်ခြင်းလက်ညှိုးသိုင်းလို့ပြောင်းထားပါတယ်ခင်ဗျာ။

# တစ်ချို့နေရာမှာ ရှေးဦးဝိညာဉ်အဆင့်ပါခဲ့ရင် ခွင့်လွှတ်ပါ အဲ့တာက နတ်တံခါးအဆင့်ပါ ပြင်ဖို့ကျန်ခဲ့တာပါ။ နတ်တံခါးအဆင့်မှာ ရှေးဦးဝိညာဉ်ကိုသန့်စင်ရပါတယ်၊ သန့်စင်တာပြီးပြည့်စုံရင် ရွှမ်ရှန်းအဆင့်ကိုတက်ပြီး အထွတ်အထိပ်ဆရာသခင်ဘွဲ့ရပါတယ်။

သူ့ရှေ့ရှိ လူများ၏မည်သူမည်ဝါဖြစ်ကြောင်းကို သိလိုက်ရသဖြင့် ဆုရှင်း သက်ပြင်းချလိုက်နိုင်သည်။

သူမည်မျှပင်တုံးအပါစေ၊ သူ့ကို တစ်ယောက်ယောက်က ထောင်ချောက်ဆင်သွားမှန်း ယခုသူသဘောပေါက်သွားပြီဖြစ်သည်။

ကျန်းချင်းဖန်က သေနေပြီးသား ဖြစ်လောက်သည်။ ခုနက သူ့ကို လာတိုက်ခိုက်သူက သူ့ကို ဒီနေရာရောက်လာအောင် တမင်တကာ မြှူဆွယ်ခေါ်ဆောင်လာခြင်းပင်။

"ငါသူ့ကို မသတ်ခဲ့ဘူးလို့ ပြောပြီးပြီလေ။ ငါ့ကို ဒီရောက်အောင် တစ်ယောက်ယောက်က မြှားခေါ်လာခဲ့တာ။ ငါရောက်လာတဲ့အချိန်မှာ ကျန်းချင်းဖန်က သေနေပြီးသားပဲ။ မင်းတို့ မယုံရင် အလောင်းကို လာစစ်ဆေးကြည့်လို့ ရတယ်။"

ဆုရှင်းသည် အငြင်းအခုန် လုပ်တတ်သူ မဟုတ်သော်လည်း အခြားသူများအတွက်တော့ အပြစ်ကို ဝင်မခံချင်ပေ။

မန်ချန်ဟယ်က လှောင်ပြောင်လိုက်သည်။ "သက်သေနဲ့တကွ လက်ပူးလက်ကြပ်မိနေပြီပဲ။ ထပ်စစ်ဆေးနေဖို့ ဘာလိုသေးလို့လဲ။ သူ့ကို ဖမ်းလိုက်ကြ။"

ဆုရှင်းက ဤမျှကြီးမားသော ပြဿနာကြီးကို ဖန်တီးလိုက်သဖြင့် မန်ချန်ဟယ်မှာ အလွန် ဝမ်းသာနေ၏။

ရှန်းနန်၏မိသားစုကြီး သုံးစုမှ အဖွဲ့ဝင်ကို သတ်ဖြတ်လိုက်သောကြောင့် ဆုရှင်းမှာ ယခုအခါ သေချာပေါက် သေလမ်းကို ရင်ဆိုင်နေရပြီ ဖြစ်သည်။

"နေဦး မင်ယွဲ့။ သွားပြီး အလောင်းကို စစ်ဆေးလိုက်ပါဦး" ကျန့်ယွမ်တုန်းက အသံဩဩဖြင့် ပြောလိုက်သည်။

သူကား အရူးမဟုတ်ပေ။ မန်ချန်ဟယ်နှင့် ဆုရှင်းတို့ကြားတွင် နက်ရှိုင်းသော ရန်ငြိုးများ ရှိနေသဖြင့် သူ၏စကားကို သေချာပေါက် နားထောင်မည် မဟုတ်ချေ။

မည်သို့ပင်ဖြစ်စေ သူ့ကို ဝန်းရံထားသော လူရာပေါင်းများစွာ ရှိနေသဖြင့် ဆုရှင်း ဤနေရာမှ ထွက်ပြေးနိုင်မည် မဟုတ်ပေ။ ဆုရှင်းက လူကို တကယ်သတ်ခဲ့သည်ဆိုလျှင်ပင် သူ့ကို နောက်မှ ဖမ်းဆီးမည်ဆိုလျှင်လည်း နောက်ကျမည် မဟုတ်ချေ။

ရွမ်မင်ယွဲ့ခေါင်းညိတ်လိုက်ပြီး ကျန်းချင်းဖန်၏ဒဏ်ရာများကို သွားရောက် စစ်ဆေးလိုက်သည်။ သူမက ခေါင်းယမ်းကာ ပြောလိုက်၏။ "ကျန်းချင်းဖန်သေသွားတာ သိပ်မကြာသေးဘူး။ သူက ဓားတစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာ။ ထူးထူးခြားခြားကြည့်စရာ ဘာမှမရှိပါဘူး။"

ဆုရှင်းအပေါ် ထားရှိသော ကျန့်ယွမ်တုန်း၏ အကြည့်များမှာ ချက်ချင်းပင် လူသတ်ချင်သော အရိပ်အယောင်များဖြင့် ပြည့်နှက်သွားလေသည်။

ဆုရှင်းမှာ အဓိက သံသယရှိသူ ဖြစ်နေဆဲပင်။

အကယ်၍ အရင်ကသာဆိုလျှင် ကျန်းချင်းဖန်ကို ဓားတစ်ချက်တည်းဖြင့် သတ်နိုင်လိမ့်မည်ဟု သူ ယုံကြည်မည် မဟုတ်ပေ။

သို့သော် ဆုရှင်း၏ခွန်အားကို ကိုယ်တိုင် ကြုံတွေ့ပြီးနောက် မန်ချန်ဟယ်က ဆုရှင်း၏အောင်မြင်မှုများကို တမင်တကာ ပုံကြီးချဲ့ပြောဆိုခဲ့ခြင်း မဟုတ်ကြောင်း သူ ယုံကြည်သွားခဲ့သည်။

အကယ်၍ သူသာ ရုတ်တရက် တိုက်ခိုက်ခဲ့ပါက ဆုရှင်းက ကျန်းချင်းဖန်ကို ဓားတစ်ချက်တည်းဖြင့် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိပေလိမ့်မည်။

ထိုအချိန်တွင် အသံတစ်သံက တည်ငြိမ်စွာ ထွက်ပေါ်လာ၏။ "မင်း အဲဒီအချက်မှာ မှားနေပြီ။ ဒဏ်ရာတစ်ခုကနေ အများကြီးသိနိုင်တယ်။"

ကျန်းလင်က အမှောင်ထဲမှ အေးအေးဆေးဆေး လျှောက်ထွက်လာခဲ့သည်။

"ခန်းမသခင်ကျန်း။ ဒီမှာ ဘာလာလုပ်နေတာလဲ" ကျန့်ယွမ်တုန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ကျန်းလင် ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "သံမဏိဓားအဖွဲ့မှာ လူအရမ်းနည်းတော့ သော့နဲ့ ပတ်သက်တဲ့ သဲလွန်စတွေကို ငါတို့ နေ့ရောညပါ အတူတူ ရှာဖွေနေရတယ်။ ပြီးတော့ ငါလည်း အားမနေနိုင်တော့ သေချာပေါက် သူတို့နဲ့အတူ ရှာဖွေနေတာပေါ့။"

သေချာသည်မှာ မည်သူကမျှ သူ့ကို မယုံကြည်ကြပေ။ သူက ပွဲကြည့်ရန် ဤနေရာသို့ လာခဲ့သည်ဟုသာ သူတို့ ထင်ခဲ့ကြသည်။ သို့သော် သူတို့ အံ့အားသင့်သွားစေသည်မှာ ကျန်းလင်က ကျန်းချင်းဖန်၏ အလောင်းဆီသို့ တိုက်ရိုက် လျှောက်သွားကာ ကြည့်လိုက်ပြီး ပြောလိုက်ခြင်းပင် ဖြစ်၏။ "အခုခေတ် လူငယ် သိုင်းပညာရှင်တွေက တကယ်ကို ပေါ့ဆကြတာပဲ။"

"ဒီနေ့ ငါမင်းတို့ကို သင်ခန်းစာ တစ်ခု ပေးမယ်။ တစ်ခါတလေ အလောင်းတွေက စကားပြောတတ်တယ်။ ပြီးတော့ သူတို့ကို ဘယ်သူ သတ်သွားလဲ ဆိုတာနဲ့ ပတ်သက်တဲ့ သဲလွန်စ အများကြီးကိုလည်း သူတို့က ပြောပြနိုင်တယ်။"

ကျန်းလင်မှာ အသက် သုံးဆယ်ကျော် အရွယ်သာ ရှိသေးသော်လည်း သူက ဆယ်ကျော်သက် အရွယ်ကတည်းက နျန်ဂိုဏ်းတွင် ပါဝင်ခဲ့ပြီး အောက်ခြေအဆင့်အဖွဲ့ဝင်ဘဝမှ ယခု လက်ရှိ လီရှားခန်းမ၏ အကြီးအကဲ နေရာအထိ တက်လှမ်းလာခဲ့သူ ဖြစ်ကြောင်း ကောလာဟလ ထွက်ပေါ်နေ၏။

သူက အတွေ့အကြုံရင့်ကျက်သူ တစ်ဦးဖြစ်ပြီး သူ၏ နောက်ခံသမိုင်းကြောင်းမှာ ဆုရှင်းနှင့် အတော်လေး ဆင်တူပါသည်။

ကျန်းချင်းဖန်၏ လည်ပင်းရှိ ဒဏ်ရာကို လက်ညှိုးထိုးပြကာ ကျန်းလင်က ဖြည်းညင်းစွာ ပြောလိုက်သည်။ "ဒီဒဏ်ရာကို ကြည့်ခြင်းအားဖြင့် သူက လည်ပင်းကို ဓားနဲ့ အလှီးခံရပြီး အသတ်ခံလိုက်ရတာကို တွေ့နိုင်တယ်။"

"ကျန်းချင်းဖန်က ဟောက်ထျန်းအထွတ်အထိပ်အဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်တယ်။

သူ့ကိုဓားတစ်ချက်တည်းနဲ့ သတ်နိုင်သူက ရှန်းထျန်းသိုင်းပညာရှင်တစ်ဦး ဖြစ်မယ် ဒါမှမဟုတ် သူ့ကို အလစ်အငိုက်ဖမ်းပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သူဖြစ်လိမ့်မယ်။"

"ဒါပေမဲ့ တစ်ဖက်လူက ရှန်းထျန်းသိုင်းပညာရှင် ဖြစ်နိုင်ခြေကိုတော့ အခု ငါတို့ ဖယ်ရှားလိုက်လို့ ရပြီ။"

"ဘာဖြစ်လို့လဲ" ရွမ်မင်ယွဲ့က မသိမသာ မေးလိုက်၏။

"ရိုးရှင်းပါတယ်။ ကျန်းချင်းဖန်က သူ့ဓားကို ဆွဲထုတ်ခဲ့ပြီးပြီ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူ့ဓားက ပြိုင်ဘက်ရဲ့ဓားလောက် မမြန်ခဲ့ဘူး။ အကယ်၍ သူ့ပြိုင်ဘက်ကသာ ရှန်းထျန်းသိုင်းပညာရှင် တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ကျန်းချင်းဖန်မှာ သူ့ဓားကို ဆွဲထုတ်ဖို့ အခွင့်အရေးတောင် ရခဲ့မှာ မဟုတ်ဘူး။"

ကျန်းလင်က ကျန်းချင်းဖန်၏ဘယ်ဘက်လက်ကို လက်ညှိုးထိုးပြလိုက်ရာ ထိုလက်ထဲတွင် ဓားရှည်တစ်ဝက်ခန့် ဆွဲထုတ်ထားသော ဓားအိမ်တစ်ခုကို ကိုင်ဆောင်ထားလေသည်။ သို့သော် သူ ဓားကို အပြည့်အဝ မဆွဲထုတ်နိုင်မီမှာပင် လည်ပင်းကို အလှီးခံလိုက်ရခြင်း ဖြစ်၏။

"ဒါ့အပြင် ဒဏ်ရာကို ကြည့်ခြင်းအားဖြင့် ဓားကို ကိုင်ဆောင်သူဟာ မှန်းဆရခက်ပြီး ရက်စက်တဲ့ ဓားသိုင်းပညာကို ပိုင်ဆိုင်ထားတဲ့ ကျွမ်းကျင်တဲ့ ဓားသမား တစ်ယောက်ဖြစ်တယ်။ အရေးအကြီးဆုံးက သူက ဘယ်လက်ဓားသမားပဲ။"

ဆုရှင်း ရုတ်တရက် ခေါင်းမော့လာပြီး ကျန်းလင်ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။

သို့သော် ရွမ်မင်ယွဲ့က ပြန်လည် ချေပလိုက်သည်။ "အဓိပ္ပာယ် မရှိတာ။ ပြိုင်ဘက်က ဘယ်လက်သုံး ဓားသမားလား။ ညာလက်သုံး ဓားသမားလားဆိုတာကို ရှင်က ဘယ်လိုလုပ် သိနိုင်မှာလဲ။"

ကျန်းလင်က လှောင်ပြောင်လိုက်၏။ "မျှော်လင့်ထားတဲ့အတိုင်း သိုင်းလောကထဲကို အခုမှ စဝင်လာတဲ့ ကလေးတစ်သိုက်ပဲ။ ဒီလောက် သေးငယ်တဲ့ အသေးစိတ် အချက်အလက်ကိုတောင် ငါ့ရဲ့ အောက်ခြေအဆင့် ဂိုဏ်းဝင်တွေက မြင်နိုင်တယ်။"

"ဘယ်လက်နဲ့ ညာလက်က ဓားခုတ်ချက်တွေရဲ့ ထောင့်တွေမှာ အချိုးကျနေတယ်။ ဘယ်လက်ဖြင့် ဓားကိုခုတ်တဲ့အခါ ဒဏ်ရာရဲ့ထောင့်က ညာဘက်အပေါ်ကို ထောင်တက်နေပြီး၊ ညာလက်နဲ့ ဓားကို ခုတ်တဲ့အခါ ဒဏ်ရာရဲ့ထောင့်က ဘယ်ဘက်ကို အောက်စိုက်ဆင်းနေတယ်။"

"ကျွတ် ကျွတ်။ မင်းတို့ရဲ့ရှန်းနန်က မင်းမျိုးမင်းနွယ် မိသားစုတွေက တောင်ဘက်က အဲဒီ ခေါင်းပါးတဲ့မြေမှာပဲ ကြီးစိုးနိုင်တာ အံ့သြစရာ မရှိပါဘူး။ တိုက်ရိုက် မျိုးဆက်တွေရဲ့ အရည်အချင်းက ဒီလောက်ပဲလား။"

ရွမ်မင်ယွဲ့မှာ အလွန် ဒေါသထွက်သွားသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းသွား၏။ ကျန့်ယွမ်တုန်းကလည်း ကိုယ်တိုင် သွားရောက် မစစ်ဆေးခဲ့မိသည့်အတွက် ရှက်ရွံ့ကာ သူ့ကိုယ်သူ အပြစ်တင်မိသည်။

ကျန်းလင်က ဆုရှင်းဘက်သို့ လှည့်ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ဆု။ အခု မင်း ဘာပြောစရာ ရှိသေးလဲ။ ငါသိသလောက်တော့ ချန်နင်စီရင်စု တစ်ခုလုံးမှာ ဘယ်လက်သုံး ဓားသိုင်းကို ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်တဲ့ သိုင်းပညာရှင်ဆိုလို့ မင်း တစ်ယောက်တည်း ရှိတာ မဟုတ်လား။"

"ပြီးတော့ ဂိုဏ်းချုပ်ဆု။ မင်းက သာမန်လူမှ မဟုတ်တာ။ မင်း ငယ်ရွယ်ပေမဲ့ မင်းရဲ့ မှတ်တမ်းက ထူးကဲတယ်။ မင်းရဲ့ ခွန်အားနဲ့ မှန်းဆရခက်ပြီး ရက်စက်တဲ့ ဓားသိုင်းတွေနဲ့ဆိုရင် နာမည်သာရှိပြီး တိုက်ပွဲ အတွေ့အကြုံ မရှိတဲ့ သိုင်းလောကကို အခုမှ ဝင်လာတဲ့ ကျန်းချင်းဖန်ကို သတ်ဖို့ဆိုတာ ကိတ်မုန့် စားရသလို လွယ်ကူနေမှာပဲ။"

ဆုရှင်းက လက်ခုပ်တီးလိုက်ပြီး သူ၏ မျက်နှာမှာ အမူအရာ ကင်းမဲ့နေ၏။ " ပြောတာကောင်းတယ်။ ဒီလူကို သတ်တာ ငါပဲလို့ငါကိုယ်တိုင်တောင် ယုံသွားပြီ။ ကျန်းလင် ဒီနေ့ မင်းက ကိုနန်ဝင်ပူးနေတာလား။"

ကျန်းလင် မျက်ခုံးပင့်လိုက်သည်။ "ကိုနန်က ဘယ်သူလဲ။ တံခါးခြောက်ပေါက်ရဲ့ စစ်ဆေးရေးမှူးချုပ်လား။ ငါ့ရဲ့ကောက်ချက်ချမှုက တိကျနေလို့ မဟုတ်ဘူး။ သက်သေအထောက်အထားနဲ့ လက်ပူးလက်ကြပ် မိနေတာမို့လို့ ဘယ်သူမဆို ဒီလူကို သတ်တာ မင်းပဲလို့ထင်ကြမှာပဲ။"

"ပြောတာကောင်းတယ်။ သက်သေနဲ့တကွ လက်ပူးလက်ကြပ် မိနေပြီပဲ။ ငြင်းစရာ အကြောင်းမရှိဘူး။" အေးစက်သော အသံတစ်သံ အနောက်မှ ထွက်ပေါ်လာပြီး နတ်လေပြေအဖွဲ့မှ ကုန်းချင်းဖုန်းနှင့်အတူ ဖန့်တုန်းထင်တို့က သူတို့၏လူများကို ခေါ်ဆောင်လာခြင်း ဖြစ်၏။

ဖန့်တုန်းထင်က သူရဲကောင်းသုံးဖော်အသင်းမှ အဖွဲ့ဝင် အများအပြား လင်းယုန်ပျံဂိုဏ်း၏နယ်မြေထဲသို့ ဝင်ရောက်သွားကြောင်း နတ်လေပြေအဖွဲ့မှ အဖွဲ့ဝင်များထံမှ ကြားသိခဲ့ရခြင်း ဖြစ်သည်။

ပဉ္စမမြောက် သော့ကို ရှာတွေ့သွားပြီး သူတို့ အချင်းချင်း လုယက် တိုက်ခိုက်နေကြပြီဟု သူ ထင်ခဲ့သော်လည်း ဤမျှ ကောင်းမွန်သော ပြဇာတ်ကို ကြည့်ရှုရလိမ့်မည်ဟု သူ ဘယ်သောအခါမျှ မမျှော်လင့်ထားခဲ့ချေ။

နေ့ခင်းဘက်က သူ့ကို အရှက်ခွဲရဲခဲ့သော ထိုကောင်လေးမှာ ယခုအခါ ပြဿနာတက်နေပုံရသဖြင့် သူ လဲကျနေချိန်တွင် ထပ်မံ နင်းခြေရမည်ကို သေချာပေါက် ဝန်လေးမည် မဟုတ်ပေ။

"တစ်ခါတလေ ကိုယ့်မျက်စိနဲ့ မြင်ရတဲ့ အရာတွေက အမှန်တရား မဟုတ်နိုင်ဘူး။ ခန်းမသခင်ကျန်းရဲ့ကောက်ချက်ချမှုက နည်းနည်းလေး မတရားသလို ဖြစ်နေတယ်။" ကြည်လင်ပြီး သာယာသော အသံတစ်ခု အနောက်မှ ထွက်ပေါ်လာ၏။

ရှဲ့ကျစ်ယန်က ဟွမ်ပင်းချန်၊ လီဟွိုင်တို့နှင့်အတူ လင်းယုန်ပျံဂိုဏ်းမှ အဖွဲ့ဝင် တစ်သောင်းနီးပါးကို ခေါ်ဆောင်ကာ ရောက်ရှိလာခဲ့သည်။

မည်သို့ပင်ဆိုစေ ဤနေရာသည် လင်းယုန်ပျံဂိုဏ်း၏ နယ်မြေ ဖြစ်သည်။ သူတို့သည် ဆူပူအုံကြွမှုကို သတိထားမိပြီး ဖြစ်၏။ ဟွမ်ပင်းချန်နှင့် လီဟွိုင်တို့သည် ရှဲ့ကျစ်ယန်ကို ချက်ချင်း အကြောင်းကြားခဲ့ပြီး ဂိုဏ်းဝင် သောင်းနှင့်ချီ၍ ဤနေရာတွင် စုရုံးစေခဲ့သည်။

မန်ချန်ဟယ် ခေါ်ဆောင်လာသော သူရဲကောင်းသုံးဖော်အသင်း ဂိုဏ်းဝင်များနှင့် ကုန်းချင်းဖုန်း ခေါ်ဆောင်လာသော နတ်လေပြေအဖွဲ့ ဂိုဏ်းဝင်များ စုစုပေါင်း အရေအတွက်မှာ နှစ်ထောင်ပင် မပြည့်ချေ။

သူတို့အားလုံး လက်နက်များကို ဆွဲထုတ်ကာ လမ်းတစ်ခုလုံးကို ပိတ်ဆို့ထားသော လင်းယုန်ပျံဂိုဏ်းဝင်များကို သတိကြီးစွာဖြင့် ကြည့်ရှုနေကြ၏။

ကုန်းချင်းဖုန်းက အေးစက်စွာ ပြောလိုက်သည်။ "ဆုရှင်း မင်းက ငါ့ကိုနှုတ်ပိတ်ဖို့ သတ်ချင်နေတာလား။ မင်းရဲ့ ကြက်တွေ၊ ခွေးတွေနဲ့ပဲ ရှန်းထျန်းအဆင့်က ကျွမ်းကျင်သူ အများအပြားကို ဆန့်ကျင်တိုက်ခိုက်နိုင်မယ်လို့ မင်း ထင်နေတာလား။"

ဆုရှင်း လှောင်ပြောင်လိုက်၏။ "ဂိုဏ်းခေါင်းဆောင်ကုန်း။ စွပ်စွဲချက်တွေ ရမ်းသမ်းမပြောပါနဲ့။ ငါက လူကို မသတ်ခဲ့ဘူး အဲဒီတော့ ဘာလို့ နှုတ်ပိတ်ဖို့ လိုမှာလဲ။"

သူ လင်းယုန်ပျံဂိုဏ်းမှ အဖွဲ့ဝင်များဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "လက်နက်တွေကို သိမ်းလိုက်ကြ။ ဘာမှ ကြီးကြီးမားမားကိစ္စမဟုတ်ဘူး။ ဒီလောက်အထိ တင်းမာနေအောင် လုပ်စရာ မလိုဘူး။"

ဆုရှင်း၏သြဇာအာဏာအောက်တွင် လင်းယုန်ပျံဂိုဏ်းမှ အဖွဲ့ဝင်များက လိမ္မာကျိုးနွံစွာဖြင့် လက်နက်များကို သိမ်းဆည်းလိုက်ရာ နတ်လေပြေအဖွဲ့နှင့် သူရဲကောင်းသုံးဖော်အသင်းမှ အဖွဲ့ဝင်များမှာ ချက်ချင်းပင် စိတ်သက်သာရာ ရသွားကြ၏။

ဆုရှင်းက ကျန်းချင်းဖန်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ "ရှန်းနန်က မိသားစုရဲ့ဒီသခင်လေးကျန်းကို ငါ အရင်က တစ်ခါမှ မတွေ့ဖူးဘူး။ တစ်ခါမှကို မမြင်ဖူးတာ။ ငါက သူ့ကို ဘာလို့ သတ်ချင်ရမှာလဲ။"

"ပြီးတော့ မင်းတို့ စဉ်းစားမကြည့်ဘူးလား။ အကယ်၍ ငါ သူ့ကို တကယ်သတ်ခဲ့တယ်ဆိုရင်တောင် ဒီနေရာက ဘယ်နေရာလဲ။ ဒါက ကျင်းယွဲ့ရပ်ကွက်လေ။ ကျန်းချင်းဖန်က ဒီမှာ ဘာလာလုပ်တာလဲ။"

ဆုရှင်း ဤသို့ ပြောလိုက်သည်နှင့် ကျန့်ယွမ်တုန်းနှင့် အခြားသူများ တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရ၏။

သူတို့က အရင်က အတူတူ ရှိနေခဲ့ကြပြီး ကျန်းချင်းဖန်မှာ ဆုရှင်းကို မသိကြောင်း ကျန့်ယွမ်တုန်း အာမခံနိုင်ပေသည်။

သို့သော် ယနေ့ညတွင် ကျန်းချင်းဖန်က ရုတ်တရက် တစ်ယောက်တည်း ပြေးထွက်သွားခဲ့ပြီး ဂိုဏ်းဝင် တစ်ဦး၏မြင်တွေ့ခြင်းကို ခံခဲ့ရကာ ထိုဂိုဏ်းဝင်က သူတို့ကို အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

ကျန်းချင်းဖန်က သော့နှင့် ပတ်သက်သည့် သဲလွန်စတစ်ခုကို ရှာတွေ့သွားပြီး လောဘမျက်စိ ကန်းကာ တစ်ယောက်တည်း လာခဲ့ခြင်း ဖြစ်မည်ဟု ကျန့်ယွမ်တုန်းက မူလက ထင်ခဲ့၏။

ထို့ကြောင့် သူက ရွမ်မင်ယွဲ့နှင့် မန်ချန်ဟယ်တို့ကို သူတို့၏လူများနှင့်အတူ နောက်မှ လိုက်ပါလာရန် အထူးတလည် တောင်းဆိုခဲ့ပြီး ကျန်းချင်းဖန် မည်သို့သော လှည့်ကွက်များ သုံးနေသည်ကို ကြည့်ရှုရန် သက်သက်သာ ဖြစ်သည်။

မမျှော်လင့်ဘဲ သူတို့၏လူအင်အား များပြားမှုကြောင့် သူရဲကောင်းသုံးဖော်အသင်း လက်အောက်ရှိ ဂိုဏ်းဝင်များ၏နှေးကွေးစေမှုကို ခံခဲ့ရပြီး ကျန်းချင်းဖန်ကို မျက်ခြည်ပြတ်သွားစေခဲ့သည်။ သူတို့ ကျန်းချင်းဖန်ကို ထပ်မံ မြင်တွေ့ရချိန်တွင် သူသည် သေဆုံးနေပြီ ဖြစ်၏။

ကျန်းလင်က ပြုံးယောင်ယောင်ဖြင့် ပြောလိုက်သည်။ "အကြောင်းပြချက်က အရမ်း ရိုးရှင်းပါတယ်။ အရင်က ငါပြောခဲ့သလိုပဲ။ အလောင်းက အရာအားလုံးကို ငါတို့ကို ပြောပြလိမ့်မယ်။"

ထိုသို့ ပြောရင်း ကျန်းလင်က ခေါင်းငုံ့ကာ ကျန်းချင်းဖန်၏ကိုယ်ပေါ်တွင် လိုက်လံရှာဖွေလိုက်ရာ နောက်ဆုံးတွင် စာတစ်စောင်ကို ထုတ်ယူနိုင်ခဲ့သည်။ ထို့နောက် သူက ရွမ်မင်ယွဲ့ကို ရယ်မောကာ ပြောလိုက်၏။ "ရွမ်မိသားစုက ကောင်မလေး။ မင်းကို နောက်ထပ် သင်ခန်းစာ တစ်ခုပေးရဦးမယ်။ အလောင်းကို စစ်ဆေးတယ် ဆိုတာ ကြည့်ရုံသက်သက် မဟုတ်ဘူး။ တစ်ခါတလေ ကိုယ်တိုင် လုပ်ရတယ်။"

ရွမ်မင်ယွဲ့၏မျက်နှာမှာ ချက်ချင်း မှောင်မိုက်သွားသည်။ သူမကို အဘယ်ကြောင့် ခဏခဏဆွဲ‌ထည့်နေရသနည်း။

ကျန်းလင် စာကို ဖွင့်လိုက်ရာ သူ၏မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ချက်ချင်း ပေါ်လာခဲ့၏။

လူတိုင်း မြင်နိုင်ရန် သူ စာကို ဖြန့်ပြလိုက်ရာ ၎င်းတွင် ရှင်းလင်းစွာ ရေးသားထားသည်။ "ည ၇ နာရီ ကျင်းယွဲ့ရပ်ကွက် လင်ဟွာလမ်းကိုလာခဲ့ပါ။ ပဉ္စမမြောက် သော့က ငါ့လက်ထဲမှာရှိတယ်။" လက်မှတ်မှာ ဆုရှင်းဖြစ်နေသည်မှာ အမှားအယွင်း မရှိနိုင်ပေ။

ကျန်းလင်က တစ်ဝက်တစ်ပျက် ပြုံးလျက် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ဆု ဒီစာက မင်းရဲ့ လက်ရေးပဲ မဟုတ်လား။ ကျန်းချင်းဖန် ဒီကို ဘာလို့ လာခဲ့လဲဆိုတာ အခု လူတိုင်းသိသွားပြီ မဟုတ်လား။"

"ဂိုဏ်းချုပ်ဆု။ အခု ငါ သိချင်နေတာက ဒီသော့နဲ့ ပတ်သက်ပြီး မင်းကျန်းချင်းဖန်ကို လှည့်စားခဲ့တာလား။ ဒါမှမဟုတ် တကယ်ပဲ မင်းဆီမှာ ရှိနေတာလား။"

အရာအားလုံးက ဆုရှင်းကို ဦးတည်နေပုံရပြီး ဖန့်တုန်းထင်နှင့် အခြားသူများ၏အကြည့်များတွင် အေးစက်သော ပြင်းထန်မှုများ ပေါ်လွင်နေ၏။

အကယ်၍ သော့သည် ဆုရှင်း၏လက်ထဲတွင် တကယ် ရှိနေပါက သူတို့သည် ၎င်းကို လုယူရန် သေချာပေါက် အရေးယူ ဆောင်ရွက်ရမည် ဖြစ်သည်။

ဤအချိန်တွင် ရှဲ့ကျစ်ယန်က ရုတ်တရက် ပြောလိုက်သည်။ "တစ်ခုခု မှားနေတယ်။ ငါထင်တာမမှားဘူးဆိုရင် ဒီစက္ကူက ဟိုင်ကျိုး။ ကျူးရှန်ရဲ့ ဒေသထွက်ကုန်ဖြစ်တဲ့ ဝါးစိမ်းစက္ကူဖြစ်ရမယ် မဟုတ်လား။"

"ဝါးစိမ်းစက္ကူက ဈေးကြီးပေမဲ့ အရမ်းခိုင်ခံ့တာကြောင့် ဗဟိုလွင်ပြင်က ပညာရှင်တွေက အရမ်း နှစ်သက်ကြတယ်။ ဒါပေမဲ့ ဝါးစိမ်းစက္ကူမှာ အားနည်းချက် တစ်ခုရှိတယ်။ အဲ့ဒါက အပူဒဏ်ကို ခံနိုင်ရည်မရှိဘဲ အပူချိန်မြင့်မားတဲ့ ဒေသတွေမှာ အခြားနေရာတွေထက် အဆပေါင်းများစွာပိုမို မြန်ဆန်စွာ ဆွေးမြေ့ပျက်စီးတတ်တာပဲ။"

"ဒီနေရာက ဟူနန်တောင်ပိုင်းဖြစ်ပြီး ရာသီဥတုက သဘာဝအတိုင်း ပူပြင်းပြီးစိုစွတ်တယ်။ ဗဟိုလွင်ပြင်က ကုန်သည်များတွေ ဝါးစိမ်းစက္ကူတွေကို ဒီနေရာမှာ ရောင်းချမှာမဟုတ်ဘူး။"

"ဆုရှင်းက စာတစ်စောင်ရေးချင်လျှင်ပင် ဟူနန်က ဒေသထွက် စက္ကူကိုပဲအသုံးပြုလိမ့်မယ်။ ဝါးစိမ်းစက္ကူကို သူဘယ်လိုလုပ် ရှာတွေ့နိုင်မှာလဲ။ ဒါ့ကြောင့် ဒီစာက ချန်နင်စီရင်စုကို လာတဲ့ပြင်ပလူ တစ်ယောက်က အတုအပလုပ်ထားတာဖြစ်ပြီး သူ ယူလာတဲ့ ဝါးစိမ်းစက္ကူကိုအဆင်ပြေပြေအသုံးပြုပြီး အတုလုပ်ထားတာလို့ ငါ သံသယရှိတယ်။"

ရှဲ့ကျစ်ယန်က ဤမျှသေးငယ်သော အသေးစိတ် အချက်အလက်လေးကိုပင် သတိထားမိသွားသဖြင့်အခြားသူများ အားလုံးအံ့အားသင့်သွားကြ၏။

ကျန်းလင်၏မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသော်လည်း သူ ချက်ချင်းပင် ဖုံးကွယ်လိုက်သည်။

အခန်း (၉၂) သံသယကို ရှင်းလင်းခြင်း

သက်သေအထောက်အထားများအားလုံးက ဆုရှင်းထံကိုဦးတည်နေချိန်တွင် ရှဲ့ကျစ်ယန်က ရုတ်တရက် သံသယဖြစ်ဖွယ် အချက်တစ်ခုကို ထောက်ပြလိုက်သဖြင့် ဤနေရာရှိ လူအချို့မှာ သံသယဝင်သွားကြ၏။

သို့သော် နတ်လေပြေအဖွဲ့မှ ကုန်းချင်းဖုန်းက ရုတ်တရက် ပြောလိုက်သည်။ "ချန်နင်စီရင်စုမှာ ဝါးစိမ်းစက္ကူပေါ်လာတာက မဆန်းပါဘူး။ မကြာသေးခင်ကမှ ဂိုဏ်းချုပ်ဆုက ချန်နင်စီရင်စုက တောင်ပိုင်း လူရိုင်းတွေရဲ့ထွက်ကုန်ရောင်းဝယ်ရေးကို လက်ဝါးကြီးအုပ်ဖို့ ငါတို့နဲ့ပူးပေါင်းခဲ့သေးတာပဲ။"

"ဒီကုန်သည်တွေ အားလုံးက ဗဟိုလွင်ပြင်ကနေ လာကြတာ။ သူတို့က ဝါးစက္ကူကိုမရောင်းပေမဲ့ သူတို့နဲ့အတူ သယ်လာဖို့ကတော့ အတော်လေးဖြစ်နိုင်ချေရှိပါတယ်။"

"လင်းယုန်ပျံဂိုဏ်းက ဗဟိုလွင်ပြင်က ဒီကုန်သည်တွေနဲ့ အရောင်းအဝယ်တော်တော်များများလုပ်ခဲ့တယ်။ သူတို့ရဲ့ဝါးစက္ကူက လင်းယုန်ပျံဂိုဏ်းဆီ ရောက်သွားပြီး ဂိုဏ်းချုပ်ဆုက အမှတ်မထင်သုံးလိုက်တာလည်း ဖြစ်နိုင်တာပဲ။"

"ဘာပဲဖြစ်ဖြစ်။ သခင်မလေးရှဲ့လို သာမန်စက္ကူနဲ့ ဝါးစက္ကူကို လူတိုင်းခွဲခြားမသိနိုင်ဘူးလေ။"

ကုန်းချင်းဖုန်း ပြောသည်ကို ကြားပြီးနောက် လူတိုင်းက ဤအရာကလည်းဖြစ်နိုင်သည်ဟု ချက်ချင်း ခံစားလိုက်ရ၏။

ဆုရှင်းက ကုန်းချင်းဖုန်းကို အေးစက်စွာကြည့်လိုက်၏။ ဤကောင်က သူတစ်ပါးအခက်တွေ့နေချိန်တွင် ထပ်မံတင်နင်းသည့်နေရာ၌အလွန်မြန်ဆန်လှပေသည်။

ကျန်းလင်က ကျယ်လောင်စွာ ရယ်မောလိုက်၏။ "မှန်ပါတယ်။ ဒါက ဘာကိုမှ သက်သေမပြနိုင်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ကျန်းချင်းဖန်ရဲ့ကိုယ်ပေါ်က ဓားဒဏ်ရာကတော့ အတုလုပ်လို့ မရပါဘူး။"

"ချန်နင်စီရင်စုအတွင်းမှာ ကျန်းချင်းဖန်ကို သတ်နိုင်စွမ်းရှိပြီး ဘယ်လက်သုံးဓားကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်သူဆိုလို့ မင်းတစ်ယောက်တည်းပဲ ရှိတယ် ဆုရှင်း။"

ကုန်းချင်းဖုန်းက လှောင်ပြောင်လိုက်၏။ "အဲဒါကို ကျွန်တော် သက်သေခံနိုင်ပါတယ်။ ဂိုဏ်းချုပ်ဆုရဲ့ ဘယ်လက်သုံးဓားက ကျွန်တော်တို့ ချန်နင်စီရင်စုမှာ အတော်လေးနာမည်ကြီးတာ။ ဂိုဏ်းချုပ်မန် ခင်ဗျား သဘောမတူဘူးလား။"

မန်ချန်ဟယ်က အေးစက်စွာ ပြုံးလိုက်သည်။ "သေချာတာပေါ့။ ငါ့ရဲ့တပည့်က ဂိုဏ်းချုပ်ဆုရဲ့ ဘယ်လက်သုံးဓားနဲ့ သေသွားခဲ့တာပဲ။"

လူတိုင်းက ဆုရှင်းကို လက်ညှိုးထိုးနေကြသဖြင့် ကျန့်ယွမ်တုန်းက သူရဲကောင်းသုံးဖော်အသင်းမှ ဂိုဏ်းဝင်တစ်ဦးထံမှ ဓားရှည်တစ်လက်ကို လုယူလိုက်ပြီး ယနေ့တွင် ကိစ္စရပ်များ၏အောက်ခြေအထိ ရောက်အောင် စုံစမ်းရန် သန္နိဋ္ဌာန်ချလိုက်၏။

ကျန်းချင်းဖန် အလဟဿသေဆုံးသွား၍ မရပေ။ သူ၏မိသားစုကို ရှင်းပြချက်တစ်ခု ပေးရပါလိမ့်မည်။

သို့သော် ဤအချိန်တွင် ဆုရှင်းက ရုတ်တရက် ကုန်းချင်းဖုန်းနှင့် ကျန်းလင်ကို ကြည့်ကာ ရယ်မောလိုက်ရာ ထိုရယ်မောသံက သူတို့နှစ်ဦးကို အနည်းငယ် စိုးရိမ်မကင်းဖြစ်သွားစေခဲ့၏။

"ဒီလို ဒဏ်ရာမျိုးကို ဘယ်လက်သုံးဓားနဲ့ပဲ လုပ်လို့ရတယ်လို့ မင်းတို့ကို ဘယ်သူပြောလဲ။ ဒါက ရယ်စရာပဲ။"

"ဒီကမ္ဘာပေါ်မှာ ထူးဆန်းတဲ့သိုင်းပညာတွေ မရေမတွက်နိုင်အောင်ရှိတယ်။ ဒီလိုဒဏ်ရာမျိုး ရအောင်လုပ်တာက အတော်လေးရိုးရှင်းပါတယ်။ မယုံရင် အခု ငါ မင်းတို့ကိုသရုပ်ပြမယ်။"

ဆုရှင်းသည် ရုတ်တရက်ညာလက်ဖြင့် ဓားကို ပြောင်းကိုင်လိုက်ပြီး ကုန်းချင်းဖုန်းဆီသို့ ထိုးစိုက်လိုက်၏။ ထက်မြက်သော ဓားသွားက သူ၏အနီးသို့ ချက်ချင်း ရောက်ရှိလာသဖြင့် ကုန်းချင်းဖုန်း လန့်ဖြန့်သွားခဲ့သည်။

ဤအရေးကြီးသော အချိန်တွင် ဆုရှင်း လှုပ်ရှားလိမ့်မည်ဟု မည်သူမျှမမျှော်လင့်ထားသဖြင့် ကူညီရန် အချိန်မရလိုက်ပေ။ ကုန်းချင်းဖုန်းနှင့် အနီးဆုံးဖြစ်သော ကျန်းလင်ပင်လျှင် အချိန်မီ မတုံ့ပြန်နိုင်ခဲ့ချေ။

ကံကောင်းထောက်မစွာဖြင့် ကုန်းချင်းဖုန်းမှာ လျင်မြန်ပြီး သူ၏နတ်လေပြေအဖွဲ့မှာ သူ၏ကုန်းမိသားစုအစဉ်အဆက် လက်ဆင့်ကမ်းလာသော ခြေလှမ်းနည်းစနစ်များကြောင့် နာမည်ကြီးလှ၏။

ကုန်းချင်းဖုန်းက ဂိုဏ်းဝင်တစ်ဦး၏အနောက်သို့ ခြေသုံးလှမ်းဖြင့် ခုန်ဝင်သွားကာ တိုက်ခိုက်မှုကို ကာကွယ်ရန် ထိုလူကို လူသားဒိုင်းအဖြစ် အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် ဆုရှင်းဘက်သို့ တုံ့ဆိုင်းခြင်းမရှိ တွန်းပို့လိုက်သည်။

ယိုဓားရှည်က ထူးဆန်းသောတုန်ခါနှုန်းဖြင့် တုန်ခါသွားပြီး နတ်လေပြေအဖွဲ့မှ ဂိုဏ်းဝင်၏လည်ပင်းကို လှီးဖြတ်သွားရာ သွေးများနေရာအနှံ့ ပန်းထွက်သွားသည်။

ကုန်းချင်းဖုန်းက ဟိန်းဟောက်လိုက်၏။ "ဆုရှင်း။ မင်းက အရမ်းဒေါသထွက်ပြီး ငါ့ကို နှုတ်ပိတ်ဖို့ သတ်ချင်နေတာလား။"

ဆုရှင်းက လှောင်ပြောင်လိုက်၏။ "နှုတ်ပိတ်ရအောင် ငါက ဘာလုပ်ထားလို့လဲ။ အခု သူ့လည်ပင်းက ဒဏ်ရာကိုကြည့်လိုက်စမ်းပါ။"

လူတိုင်းက သေချာ စိုက်ကြည့်လိုက်ရာ ဆုရှင်း ချက်ချင်း သတ်ဖြတ်လိုက်သော ဂိုဏ်းဝင်၏လည်ပင်းရှိ ဒဏ်ရာမှာ ကျန်းချင်းဖန်၏ဒဏ်ရာနှင့် အတိအကျ တူညီနေပေသည်။ သို့သော် ဆုရှင်းက ညာလက်သုံးဓားကို အသုံးပြုခဲ့ကြောင်း သူတို့မျက်စိဖြင့် ကိုယ်တိုင် မြင်တွေ့ခဲ့ရ၏။

ကျန်းလင်နှင့် ကုန်းချင်းဖုန်းတို့၏မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး ဆုရှင်းက အေးစက်စွာ ပြောလိုက်သည်။ "မင်းတို့ ကိုယ်တိုင် မလုပ်နိုင်တာကို တခြားသူတွေ မလုပ်နိုင်ဘူးလို့ မယူဆလိုက်ပါနဲ့။"

"ငါ ဆုရှင်းက ဟောက်ထျန်းအထွတ်အထိပ်အဆင့်မှာ ရှိတဲ့ သာမန်လူတစ်ယောက်ပါ။ ငါလုပ်နိုင်တယ်ဆိုရင် ငါ့ထက်ပိုသန်မာတဲ့ တခြားသူတွေလည်း သေချာပေါက် လုပ်နိုင်မှာပါပဲ။"

"ဘယ်လက်သုံးဓားနဲ့ ခုတ်ထားတဲ့ ဒဏ်ရာက ဘာကို ဆိုလိုတာလဲ။ ငါ တကယ် လုပ်ခဲ့တယ်ဆိုရင် ညာလက်ကို သုံးမှာမဟုတ်ဘူးလား။ အို ပြီးတော့ မင်းတို့ကို ပြောဖို့ မေ့သွားတယ်၊ ငါ့ရဲ့ဘယ်လက်သုံးဓားက စွမ်းအားကြီးသလို ငါ့ရဲ့ ညာလက်သုံးဓားကလည်း အဲဒီလိုပဲ ကြောက်စရာကောင်းတယ်။"

သိသာထင်ရှားသော အဖြစ်မှန်များကို သူတို့ရှေ့တွင် ချပြလိုက်သောအခါ လူတိုင်း ချက်ချင်း တိတ်ဆိတ်သွားကြသည်။

တကယ်တမ်းတွင် ဆုရှင်း၏အကြောင်းပြချက်မှာ ဖြစ်နိုင်ခြေ နည်းပါး၏။ လက်နှစ်ဖက်စလုံးဖြင့် တူညီသော ဓားဒဏ်ရာများကို ရရှိအောင် လုပ်နိုင်သည်ဟု သူက ဆိုခဲ့သည်။ သိုင်းလောကတွင် ထိုသို့သော လူမျိုးများ တကယ်တော့ ရှိပါသည်။

သို့သော် အလွန် နည်းပါးပါသည်။

ဆုရှင်း ဤရလဒ်ကိုရရှိနိုင်ခြင်းမှာ ကျင်းဝူမင်၏ လျှပ်တပြတ်ဓားသိုင်းကို မူလကတည်းက လက်နှစ်ဖက်စလုံးဖြင့် လေ့ကျင့်ခဲ့သောကြောင့်ပင်။

ထို့အပြင် ဤဓားသိုင်းမှာ မှန်းဆရခက်ပြီး ရက်စက်ကာ မည်သည့်ထောင့်မှမဆို တိုက်ခိုက်နိုင်စွမ်းရှိသဖြင့် ထိုသို့သောဓားဒဏ်ရာများကို ဖန်တီးရန်မှာ အသေးအဖွဲကိစ္စတစ်ခုမျှသာဖြစ်သည်။

အကယ်၍ အခြားသူ တစ်ဦးဦးသာဆိုလျှင် ရှဲ့ကျစ်ယန်ပင်လျှင် လှည့်ကွက် သို့မဟုတ် လေ့ကျင့်မှုမရှိဘဲ ၎င်းကို လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

"အခု ငါလူမသတ်ခဲ့ဘူးဆိုတာ သိပြီဆိုတော့ မင်းတို့ ဘာလို့ ဒီမှာ ရပ်နေကြသေးတာလဲ။ ညလယ်စာ ကျွေးမှာကို စောင့်နေကြတာလား။" ဆုရှင်းက လှောင်ပြောင်လိုက်၏။

ဆုရှင်းအပေါ် ရန်ငြိုးရှိသူ သို့မဟုတ် သူ့ကို မနှစ်သက်သူ ဖန့်တုန်းထင်နှင့် အခြားသူများ အားလုံး အေးစက်စွာ နှာခေါင်းရှုံ့ကာ လှည့်ထွက်သွားကြသည်။ သို့သော် ကျန့်ယွမ်တုန်းကမူ သူ၏လူများကို ကျန်းချင်းဖန်၏ အလောင်းကို ယူဆောင်သွားရန် ဒေါသတကြီး အမိန့်ပေးခဲ့၏။

ဆုရှင်းက လူသတ်သမား မဟုတ်လျှင် ဘယ်သူ ဖြစ်မည်နည်း။ အကယ်၍ ဤအမှုသာ မပေါ်ပါက သူ အိမ်ပြန်ရောက်သောအခါ မိသားစုထံမှ ပြစ်ဒဏ်ကို မလွဲမသွေရင်ဆိုင်ရပါလိမ့်မည်။

လူတိုင်း ထွက်သွားပြီးနောက် ရှဲ့ကျစ်ယန် ရောက်လာပြီး မေးလိုက်သည်။ "တကယ်တော့ ဘာဖြစ်ခဲ့တာလဲ။ ခုနက ကျန်းချင်းဖန်ရဲ့အလောင်းရှေ့မှာ ရှင် ဘာလို့ရှိနေခဲ့တာလဲ။"

ဆုရှင်းက ဇာတ်လမ်းတစ်ခုလုံးကို ရှဲ့ကျစ်ယန်အား ပြန်ပြောပြလိုက်ပြီး အသံဩဩဖြင့် ပြောလိုက်၏။ "တစ်ယောက်ယောက်က ငါ့ကို ထောင်ချောက်ဆင်ဖို့ ကြိုးစားနေတာ သိသာပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာကိုတော့ ငါမသိဘူး။"

"ကျန်းချင်းဖန်ကို သတ်တာက တစ်ဖက်လူချန်နင်စီရင်စုက မဖြစ်နိုင်ဘူး။ ချန်နင်စီရင်စုအတွင်းမှာ ငါ့ကို အမုန်းဆုံးလူက မန်ချန်ဟယ်ပဲ။"

"ဒါပေမဲ့ မန်ချန်ဟယ်မှာ အဲ့လိုလုပ်ဖို့သတ္တိမရှိသလို အင်အားလည်း မရှိဘူး။ အဲ့ဒါကို ပြင်ပလူတစ်ဦးက သေချာပေါက်လုပ်ဆောင်ခဲ့တာဖြစ်မယ်။"

"တကယ်လို့ သူရဲ့ရည်ရွယ်ချက်က ရတနာကို လက်ဝါးကြီးအုပ်ဖို့ဆိုရင်၊ သူက ခင်ဗျားကို အလွယ်တကူတိုက်ခိုက်နိုင် ဒါမှမဟုတ် ခင်ဗျားကို ထောင်ချောက်ဆင်နိုင်ပါတယ်။ ဒါပေမဲ့ ငါ့လို ဂိုဏ်းငယ်လေးတစ်ခုရဲ့ခေါင်းဆောင်ကို ထောင်ချောက်ဆင်တာက ဘာအကျိုးရှိမှာမို့လို့လဲ။"

ဒါက ဆုရှင်း နားမလည်နိုင်သည့် အရာလည်း ဖြစ်၏။ သူ့ကို တစ်ယောက်ယောက်က လျှို့ဝှက်စွာ တိုက်ခိုက်လိမ့်မည်ဟု သူ ဘယ်သောအခါမျှ မမျှော်လင့်ထားခဲ့ချေ။

သို့သော် သူစဉ်းစားလို့ မရနိုင်တော့သဖြင့် ထပ်မစဉ်းစားဘဲ စုံစမ်းစစ်ဆေးမှုကိုသာ စတင်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

ဆုရှင်းက ဟွမ်ပင်းချန်ကို ခေါ်ယူကာ ထိုနေ့က ကျန်းချင်းဖန် မည်သူနှင့် ဆက်သွယ်ခဲ့သနည်း။ အထူးသဖြင့် သူနောက်ဆုံး တွေ့ဆုံခဲ့သူကို စုံစမ်းရန် အမိန့်ပေးလိုက်၏။

ကျန်းချင်းဖန်က သူရဲကောင်းသုံးဖော်အသင်းတွင် ရှိနေသော်လည်း ဆုရှင်းက သူ့အကြောင်းကို စုံစမ်း၍ မရနိုင်ဟု မဆိုလိုပေ။

ချန်နင်စီရင်စုရှိ အဓိက ဂိုဏ်းငါးခုစလုံးက ဂိုဏ်းအချင်းချင်းများတွင် သူလျှိုများထည့်ထားကြခြင်း သို့မဟုတ် လူများကို တိုက်ရိုက် လာဘ်ထိုးထားကြ၏။

ဆုရှင်းက သူရဲကောင်းသုံးဖော်အသင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို လိုချင်သဖြင့် ဟွမ်ပင်းချန်က ညတွင်းချင်း တစ်ဖက်လူကို ချက်ချင်း ဆက်သွယ်ခဲ့ရာတစ်နာရီကျော်အတွင်း သတင်းအချက်အလက် အားလုံးကို ရရှိခဲ့သည်။

ဟွမ်ပင်းချန်က ထူးဆန်းသော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။ "ခေါင်းဆောင်။ သူ နောက်ဆုံး ဆက်သွယ်ခဲ့တဲ့လူက တကယ်တော့ ကျွန်တော်တို့ လင်းယုန်ပျံဂိုဏ်းက ဂိုဏ်းဝင်တစ်ယောက်ပါ။ အဲဒီဂိုဏ်းဝင်နဲ့ တွေ့ပြီး သိပ်မကြာခင်မှာပဲ သူ တစ်ယောက်တည်း ထွက်သွားခဲ့တာ။"

ဆုရှင်း စားပွဲကို ပုတ်ကာ အေးစက်စွာ ပြောလိုက်၏။ "အမှောင်ထဲက ဒီလူက အတော်လေး ရက်စက်တာပဲ။ ငါသာ ငါ့ကိုယ်ငါသံသယကနေ လုံးဝ ရှင်းလင်းဖို့ ဓားဒဏ်ရာကို အသုံးမပြုခဲ့ဘူးဆိုရင်။ စုံစမ်းစစ်ဆေးမှု ဆက်လုပ်သွားရင် လူတိုင်းက ဒီဂိုဏ်းဝင်ဆီကို ခြေရာခံမိသွားလောက်တယ်။"

တစ်ဖက်လူက ဇာတ်ညွှန်းတစ်ခု ရေးထားပြီး အရာအားလုံးကို ထူးထူးခြားခြား ရှင်းလင်းပြတ်သားစွာ တွက်ချက်ထားသကဲ့သို့ ပင်။ အကယ်၍ ဆုရှင်းသာ နောက်ဆုံးတွင် သူ၏နာမည်ကို မရှင်းလင်းနိုင်ခဲ့ပါက ဆုရှင်းက ထိုစာကို ကျန်းချင်းဖန်ထံ မည်သို့ပေးပို့ခဲ့သနည်းကို တစ်ယောက်ယောက်က မလွဲမသွေ မေးခွန်းထုတ်လာပါလိမ့်မည်။

မည်သို့ဖြစ်စေ ဆုရှင်းက လင်းယုန်ပျံဂိုဏ်း၏နယ်မြေမှ ဘယ်သောအခါမှ မထွက်ခွာခဲ့ကြောင်း လူတိုင်း မြင်တွေ့ခဲ့ရသည်။ သို့ဆိုလျှင် ဆုရှင်းက ထိုစာကို ကျန်းချင်းဖန်ထံ တိတိကျကျ မည်သို့ ပေးပို့ခဲ့သနည်း။

သေချာပေါက် တစ်ယောက်ယောက်က ဤသဲလွန်စနောက်သို့ လိုက်ကာ စုံစမ်းစစ်ဆေးလိမ့်မည်။

နောက်ဆုံးတွင် စုံစမ်းစစ်ဆေးမှုက လင်းယုန်ပျံဂိုဏ်းမှ ဤဂိုဏ်းဝင်ထံသို့ ဦးတည်သွားမည် ဖြစ်ပြီး ထိုအချိန်တွင် ကျန်းချင်းဖန်ကို သူသတ်ခဲ့ခြင်းဖြစ်ကြောင်း အသေအချာနီးပါး သက်သေပြနိုင်မည်ဖြစ်၏။

"ဒီအကြံအစည် တစ်သီကြီးက အတော်လေး ပါးနပ်တယ်။ သွားပြီး အဲဒီဂိုဏ်းဝင်ကို စုံစမ်းကြရအောင်၊ သူ့နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာ ကြည့်ရတာပေါ့။" ဆုရှင်းက ဟွမ်ပင်းချန်နှင့် လီဟွိုင်တို့ကို သူတို့၏ လူများနှင့်အတူ ထွက်ခွာရန် ခေါ်လိုက်သော်လည်း ရှဲ့ကျစ်ယန်ပါ လိုက်လာခဲ့၏။

"သခင်မလေးရှဲ့၊ ပြန်မနားဘူးလား" ဟု ဆုရှင်းက မေးလိုက်သည်။

ရှဲ့ကျစ်ယန် ခေါင်းယမ်းကာ ပြောလိုက်၏။ "ဒီည ဖြစ်ပျက်ခဲ့တာတွေက အရမ်း ထူးဆန်းတယ်။ ဒီနောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာ ကျွန်မလည်း သွားကြည့်ချင်တယ်။"

သူမ အတူလိုက်ရန် တောင်းဆိုနေမှုကို ဆုရှင်း မငြင်းဆန်ခဲ့ဘဲ ဂိုဏ်းဝင်၏နေအိမ်သို့ တစ်ယောက်ယောက်ကို ချက်ချင်း လမ်းပြခိုင်းလိုက်သည်။

ဟွမ်ပင်းချန်၏သတင်းအချက်အလက်အရ ထိုဂိုဏ်းဝင်က လင်းယုန်ပျံဂိုဏ်းတွင် ငါးနှစ်ကျော်ကြာပါဝင်ခဲ့သော ဝါရင့် အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ သူက ယခင်က လင်းဖူဟူ၏လက်အောက်ရှိ စစ်ရေးခန်းမမှ တပည့်တစ်ဦးပင်။

နောက်ပိုင်းတွင် ဆုရှင်းက စစ်ရေးခန်းမကို တိုးချဲ့လိုက်သောအခါ သူကလည်း သူ၏ယခင် ခွန်အားများကြောင့် စစ်ရေးခန်းမ၏ အဖွဲ့ခေါင်းဆောင်ငယ် တစ်ဦး ဖြစ်လာခဲ့ပြီး လင်းယုန်ပျံဂိုဏ်းအတွင်းတွင် အဆင့်အတန်းရှိသူ တစ်ဦးအဖြစ် သတ်မှတ်ခံရသည်။

ထိုဂိုဏ်းဝင်က ကျင်းယွဲ့ရပ်ကွက်နှင့် မဝေးသော ခြံဝင်းငယ်လေးတစ်ခုတွင် နေထိုင်ပြီး တစ်ယောက်တည်း နေထိုင်သူဖြစ်၏။

ဆုရှင်းနှင့် အခြားသူများသည် တံခါးမခေါက်ဘဲ ခြံဝင်းတံခါးကို ရိုက်ချိုးဝင်ရောက်သွားခဲ့သော်လည်း အတွင်းဘက်တွင် လုံးဝ တိတ်ဆိတ်နေလေသည်။

ဟွမ်ပင်းချန်သည် အိမ်တံခါးကို ရိုက်ချိုးဖွင့်ရန် သူ၏လူများကို ချက်ချင်း အမိန့်ပေးလိုက်၏။ အတွင်းဘက်တွင် သူ၏ဝတ်စုံကို ဝတ်ဆင်ထားသော လင်းယုန်ပျံဂိုဏ်းမှ အဖွဲ့ဝင် တစ်ဦးက စားပွဲပေါ်တွင် အသက်မပါဘဲ လဲကျနေသည်ကို တွေ့လိုက်ရသည်။

လီဟွိုင်က သူ့ကို စစ်ဆေးရန် ရှေ့သို့ တက်သွားပြီး သူ၏ ပါးစပ်ကို ဟကြည့်ကာ ပြောလိုက်သည်။ "သူ အဆိပ်မိပြီး သေသွားတာ။ ကိုယ့်ကိုယ်ကိုယ် သတ်သေတာလား ဆိုတာကတော့ မသေချာပေမဲ့ ရုန်းကန်ထားတဲ့ လက္ခဏာတော့ မရှိဘူး။"

ဆုရှင်း ရေရွတ်လိုက်၏။ "အတော်လေး သန့်ရှင်းသပ်ရပ်အောင် လုပ်သွားတာပဲ။"

သူက ဟွမ်ပင်းချန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "သူ့နောက်ခံက ဘာလဲဆိုတာကို ပြန်စုံစမ်းဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်ဦး။"

ဟွမ်ပင်းချန်သည် စာရွက်တစ်ထပ်ကို ထုတ်ယူကာ ပြောလိုက်၏။ "ထပ်စစ်ဆေးဖို့ မလိုတော့ပါဘူး။ အကုန်လုံး ဒီမှာ ရှိတယ်။ ဒါပေမဲ့ ခုနက ကျွန်တော် အဲဒါတွေကို ကြည့်ဖို့ အချိန်မရလိုက်ဘူး။"

ဆုရှင်းက ဟွမ်ပင်းချန် စုဆောင်းထားသော အချက်အလက်များကို ယူကာ စာမျက်နှာ တစ်မျက်နှာချင်းစီကို ဂရုတစိုက် ကြည့်ရှုလိုက်ရာ နောက်ဆုံးတွင် အခြားအရာများထက် ထင်ရှားနေသော အချက်တစ်ခုကို သူ ရှာတွေ့သွားခဲ့သည်။

"ဒီဂိုဏ်းဝင် နာမည်က တုကျင်းတဲ့။ သူ့အဖေက တုယွမ်ရှန့်ရဲ့ ဝမ်းကွဲအစ်ကိုပဲ။ သူတို့ သွေးဝေးပေမဲ့ ဆွေမျိုးတွေဖြစ်နေတုန်းပဲ။ သူက တစ်ချိန်က တု့ယွမ်ရှန့်ရဲ့နောက်လိုက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သူ့ရဲ့လက်နက်တွေကို တာဝန်ယူခဲ့ရတာ။"

လက်နက်များမှာ သိုင်းပညာရှင်တစ်ဦး၏ ဒုတိယ အသက်ပင် ဖြစ်၏။ လက်နက်များကို အသုံးပြုရာတွင် ကျွမ်းကျင်သူများက သူတို့၏လက်နက်များမပါဘဲ ဘယ်တော့မှ နေမည် မဟုတ်ချေ။

ထို့ကြောင့် စွမ်းအားကြီးမားသော သိုင်းပညာရှင်များအတွက် လက်နက် ကိုင်ဆောင်ပေးသူများသည် အလွန် ယုံကြည်စိတ်ချရသူများ ဖြစ်ကြဟ။

အဆိပ်မိ၍ သေဆုံးသွားသော တုကျင်းတွင် ဤသို့သော နောက်ခံမျိုး ရှိနေသဖြင့် သူက တုယွမ်ရှန့်၏ ရတနာသိုက်နှင့် သေချာပေါက် ဆက်စပ်မှုရှိကြောင်း သက်သေပြနေ၏။

သူ့ကို လာဘ်ထိုးခဲ့ခြင်း မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူ ကိုယ်တိုင်က ထိုအထဲတွင် ပါဝင်ပတ်သက်နေသောကြောင့်ပင်။

ဤအချိန်တွင် ဂိုဏ်းဝင်တစ်ဦးက ခြံဝင်းထဲတွင် သဲလွန်စအချို့ကို ရှာတွေ့ထားကြောင်း ရုတ်တရက် ပြောလာခဲ့သည်။

ဆုရှင်းနှင့် အခြားသူများ ချက်ချင်း အပြင်ထွက်လာခဲ့ကြ၏။ ခြံဝင်းထဲတွင် သေနေသော သစ်ပင်တစ်ပင်ကိုရွှေ့ထားပြီး သစ်ပင်အောက်တွင် လူတစ်ဦး ဝင်ရောက်နိုင်သော လျှို့ဝှက်လမ်းကြောင်း တစ်ခု ရှိနေလေသည်။

"ရှေ့ကနေ သွားစူးစမ်းဖို့ လူတချို့ကို အရင် လွှတ်လိုက်မယ်။" ဟွမ်ပင်းချန်က သူ၏ဂိုဏ်းဝင် အနည်းငယ်ကို ရှေ့မှ စူးစမ်းရန် ခေါ်လိုက်ပြီး ဆုရှင်းနှင့် အခြားသူများလည်း သူ၏နောက်မှ လိုက်ပါသွားကြ၏။

လျှို့ဝှက်လမ်းကြောင်းကို ကြမ်းတမ်းစွာ တည်ဆောက်ထားပြီး တစ်ကြိမ်လျှင် လူတစ်ဦးသာ ဝင်ရောက်နိုင်၏။ ၎င်းမှာ ကွေ့ကောက်နေပြီး ဝင်္ကပါကဲ့သို့ ဖြစ်နေသည်။

နာရီဝက်တိတိ လမ်းလျှောက်ပြီးနောက် သူတို့ရှေ့ရှိ မြင်ကွင်းမှာ ရုတ်တရက်ရှင်းလင်းသွားပြီး လူတစ်ထောင်ကျော်ဆံ့သော ခန်းမကြီးတစ်ခု ပေါ်လာတော့သည်။

All Chapters