အခန်း (၉၃-၉၄)
Vol. 10 Ch. 93-94
အခန်း (၉၃) နောက်ကွယ်မှ ကြိုးကိုင်သူ
ကျယ်ဝန်းလှသော ခန်းမကြီးကို ကြည့်ကာ ဟွမ်ပင်းချန်က ဇဝေဇဝါဖြင့် မေးလိုက်၏။ "အခု ငါတို့ ဘယ်ရောက်နေတာလဲ။"
ဆုရှင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ "ငါမှတ်မိတာ မမှားဘူးဆိုရင် အခု ငါတို့ချန်သယ်ရပ်ကွက်ရဲ့ အောက်တည့်တည့်မှာ ရောက်နေတာ ဖြစ်ရမယ်။"
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ဇဝေဇဝါဖြင့် ကြည့်လိုက်ကြသည်။ အကယ်၍ ချန်သယ်ရပ်ကွက်က သူတို့၏အထက်တွင် ရှိနေပါက ဤနေရာမှာ တုယွမ်ရှန့်နှင့် သေချာပေါက် ဆက်စပ်မှု ရှိပေလိမ့်မည်။
ချန်သယ်ရပ်ကွက်က ယခင်က တာ့ကျိုးမင်းဆက်၏နန်းတော်မြို့တော် ဖြစ်ခဲ့ဖူးသည်။ တာ့ကျိုးမင်းဆက်၏နန်းတော်မြို့တော်အောက်တွင် ဤမျှကြီးမားသော နေရာနှင့် လျှို့ဝှက်လမ်းကြောင်းတစ်ခုကို တူးဖော်ရဲသူမှာ ထိုအချိန်က သုံးခုမြောက် ဟူနန် သိုင်းလောကမဟာမိတ်အဖွဲ့၏ခေါင်းဆောင် ဖြစ်ခဲ့သော ခြင်္သေ့ရူးတုယွမ်ရှန့်မှလွဲ၍ မည်သူရှိနိုင်ဦးမည်နည်း။
"ခေါင်းဆောင် ဟိုဘက်ကို ကြည့်လိုက်။" ဟွမ်ပင်းချန်က အခြားနံရံများနှင့် မတူညီသော နံရံတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။ ၎င်းတွင် ရတနာသိုက်ကို ဖွင့်ရန် သော့ပုံစံ ကွာဟချက် ငါးခုရှိနေလေသည်။
ထို့အပြင် ကွာဟချက်တစ်ခုတွင် သော့တစ်ချောင်း ရှိနှင့်နေပြီး ဖြစ်၏။
ဆုရှင်းနှင့် ရှဲ့ကျစ်ယန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နှစ်ဦးစလုံး အနည်းငယ် မယုံနိုင်ဖြစ်သွားကြသည်။
သူတို့က ဤနောက်ဆုံးသော့ကို အချိန်အတော်ကြာ ရှာဖွေနေခဲ့ကြသော်လည်း သူတို့၏မျက်စိရှေ့တွင် ဤမျှ အလွယ်တကူ ပေါ်လာလိမ့်မည်ဟု ဘယ်သောအခါမျှ မမျှော်လင့်ထားခဲ့ကြချေ။
သို့သော် ထိုအချိန်တွင် အနောက်မှ ရယ်မောသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ "ဟားဟားဟား သမုဒ္ဒရာထဲမှာ အပ်ပျောက်ရှာနေသလိုပဲ။ အခုတော့ ဘာမှအားစိုက်ထုတ်စရာမလိုဘဲ ငါတို့ဆီ ရောက်လာပြီ။ သော့က ငါတို့ ခြေအောက်မှာ ရှိနေလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။"
ဆုရှင်းနှင့် အခြားသူများ လှည့်ကြည့်လိုက်သောအခါ ဖန့်တုန်းထင်၊ ကျန်းလင်၊ ကျန့်ယွမ်တုန်း၊ ရွမ်မင်ယွဲ့နှင့် မန်ချန်ဟယ် ကဲ့သို့သော အခြား ဂိုဏ်းခေါင်းဆောင်များ အားလုံး သူတို့၏နောက်မှ လိုက်ပါလာပြီး လျှို့ဝှက်လမ်းကြောင်းထဲမှ တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြသည်ကို တွေ့လိုက်ရသည်။
"မင်းတို့ ငါ့နောက်ကို လိုက်လာတာလား။" ဆုရှင်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ကျန်းလင်က တည်ငြိမ်စွာ ပြောလိုက်၏။ "ဘယ်လက်သုံးဓားနဲ့ ခုတ်ထားတဲ့ ဒဏ်ရာကို တခြားသူတွေလည်း လုပ်နိုင်တယ်ဆိုတာ ဂိုဏ်းချုပ်ဆုက သက်သေပြခဲ့ပေမဲ့ မင်းကတော့ သံသယအဖြစ်ရဆုံး လူပါပဲ။ ဒါကြောင့် မင်း နောက်ထပ် ဘာလုပ်မလဲဆိုတာကို ကြည့်ဖို့ တစ်ညလုံး မင်းနောက်ကို လိုက်ဖို့ ငါ အကြံပေးခဲ့တာ။ ဒီလောက်ကြီးတဲ့ အံ့သြစရာကြီးကို တွေ့ရမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။"
ဟွမ်ပင်းချန်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ "ငါတို့ လင်းယုန်ပျံဂိုဏ်းက အစောင့်တွေ ဘယ်ရောက်သွားလဲ။"
မဝင်ရောက်မီတွင် ဟွမ်ပင်းချန်က နေရာကို စောင့်ကြပ်ရန် သူ၏ဂိုဏ်းဝင် အချို့ကို အပေါ်ထပ်တွင် အထူးတလည် ထားခဲ့ပြီး အခြား မည်သူ့ကိုမျှ ဝင်ခွင့်မပြုရန် ညွှန်ကြားခဲ့သည်။
သို့သော် ယခု ကျန်းလင် နှင့် အခြားသူများက အသာအယာပင်ဆင်းလာကြ၏။ ထိုဂိုဏ်းဝင်များ ဘာဖြစ်သွားသနည်း။
ကျန်းလင်က မဖြေပေ။ သို့သော် ဖန့်တုန်းထင်က လှောင်ပြောင်လိုက်၏။ "ငါတို့ရဲ့လမ်းကို ပိတ်ရပ်ရဲပြီး သူတို့ကိုယ်သူတို့ ဘာမှန်းမသိတဲ့ အဲဒီ အသုံးမကျတဲ့ ကောင်တွေအကြောင်း ပြောနေတာလား။ သူတို့က ဒီလောက်ကျေးဇူးကန်းနေမှတော့ ငါက သူတို့ကို သေမင်းဆီ ပို့ပေးလိုက်တာပေါ့။"
"မင်း။" ဟွမ်ပင်းချန်၏မျက်နှာမှာ ဒေါသကြောင့် နီမြန်းသွားပြီး အခြား လင်းယုန်ပျံဂိုဏ်းမှ အဖွဲ့ဝင်များလည်း သူတို့၏လက်နက်များကို ဆွဲထုတ်ကာ တိုက်ခိုက်ရန် အသင့်ဖြစ်နေသော တင်းမာသည့် အမူအရာများဖြင့် ကြည့်လိုက်ကြသည်။
"ရပ်လိုက်။" ဆုရှင်းက ဖန့်တုန်းထင်ကို အေးစက်သော အကြည့်ဖြင့် တစ်ချက် ကြည့်ကာ အော်ဟစ်လိုက်၏။
စာရင်းထဲရှိ ဤလူငယ် ပါရမီရှင်က တကယ်ကို အသေးအဖွဲ့ကိစ္စလေးကိုတောင် မကျေမနပ်ဖြစ်တတ်သည်။ သူ၏ဂိုဏ်းဝင် အနည်းငယ်ကို သတ်ဖြတ်လိုက်ခြင်းမှာ နေ့ခင်းဘက်က သူ့ကို စော်ကားခဲ့ခြင်းအတွက် လက်စားချေခြင်း ဖြစ်ကြောင်း ဆုရှင်း သေချာသိနေ၏။
ဤအကြွေးကို ယခုရှင်း၍မရနိုင်သေးသလို ရှင်းပစ်၍လည်း မရသေးပေ။ သို့သော် တစ်နေ့နေ့တွင် ဤအကြွေးကို ဖန့်တုန်းထင် နှင့် သေချာပေါက် ရှင်းရမည်။ သူ့လူများအား အလဟဿ သေခိုင်းမည်မဟုတ်ပေ။
ဖန့်တုန်းထင်က မထီမဲ့မြင် နှာခေါင်းရှုံ့လိုက်ပြီး အခုမှသာ အနည်းငယ် စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရသည်။
ဟူနန် တောင်ပိုင်း၏ဤခေါင်းပါးပြီး အရိုင်းအစိုင်းဆန်သော နယ်မြေသို့ ရောက်ရှိကတည်းက သူသည် အလွန် နေရခက်နေခဲ့သည်။ ဂိုဏ်းငယ်လေးတစ်ခု၏ ခေါင်းဆောင်ကပင် သူ့ကို အလေးမထားဘဲ နေရဲသဖြင့် ဖန့်တုန်းထင်မှာ အလွန် မပျော်မရွှင် ဖြစ်နေခဲ့၏။
သူတို့ ဆုရှင်းကို တကယ်တမ်း သင်ခန်းစာ မပေးနိုင်ခဲ့သော်လည်း သူ၏လူအနည်းငယ်ကို သတ်ဖြတ်လိုက်ပြီး သူ၏ ဒေါသထွက်နေသော မျက်နှာအမူအရာကို မြင်ရခြင်းက အနည်းဆုံးတော့ သူတို့၏ ဒေါသကို ဖြေဖျောက်နိုင်သည့် နည်းလမ်းတစ်ခုပင်။
ထို့နောက် ကျန်းလင်က ပြောလိုက်သည်။ "အားလုံးပဲ၊ ရတနာသိုက်က အခု ငါတို့ရှေ့မှာ ရောက်နေပြီ။ လူတိုင်း ကိုယ်စီသော့တွေကို ထုတ်ယူလိုက်သင့်တယ်။ မဟုတ်ရင် ငါတို့ထဲက ဘယ်သူမှ ဝင်လို့ရမှာ မဟုတ်ဘူး။"
"ဒါပေမဲ့ ငါ့မှာအကြံပြုချက်တစ်ခု ရှိတယ်။ ချန်နင်စီရင်စုက ဒေသခံ ဂိုဏ်းခေါင်းဆောင်တွေ ဝင်လာလို့ ရတယ်။ ဒါပေမဲ့ ဂိုဏ်းဝင်တွေ အားလုံးကိုတော့ ထွက်သွားဖို့ တောင်းဆိုသင့်တယ်။"
"လူအများကြီး ရှိနေရင် ကိစ္စတွေက ရှုပ်ထွေးသွားနိုင်တယ်။ သူတို့ မယူသင့်တဲ့ အရာတစ်ခုခုကို ယူသွားရင် ငါတို့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့။"
လူတိုင်း ခေါင်းညိတ်လိုက်ကြပြီး ဆုရှင်းက ဟွမ်ပင်းချန်နှင့် အခြားသူများကို အပေါ်သို့ အရင်တက်ကာ သူ၏သတင်းကို စောင့်ရန် ပြောလိုက်သည်။
အခြား ဂိုဏ်းဝင်များ ထွက်သွားပြီးနောက် လူတိုင်းသည် သော့လေးချောင်းကို ထုတ်ယူကာ ကွာဟချက်များထဲတွင် ထည့်လိုက်ကြ၏။
သို့သော် မြေအောက်နန်းတော်မှာ ပြောင်းလဲခြင်း မရှိပေ။ ကျန်းလင်က ကွာဟချက်များရှိ ပုံစံများကို သူ၏လက်ဖြင့် အကြိမ်အနည်းငယ် ညင်သာစွာ ထိလိုက်သည်။
မြေအောက်နန်းတော် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး သော့တပ်ဆင်ထားသော နံရံမှာ တဖြည်းဖြည်း နိမ့်ကျသွားကာ ဧရာမ တံခါးကြီးတစ်ခု ပေါ်လာလေသည်။
လူတိုင်းက တံခါးဆီသို့ ချက်ချင်း ပြေးသွားကြပြီး အကယ်၍ သူတို့ နှေးကွေးသွားပါက အတွင်းရှိ ရတနာများကို လက်လွတ်ရမည်ကို စိုးရိမ်နေကြ၏။
ဆုရှင်းက အခြားသူများ၏နောက်သို့ ပြေးလိုက်သွားစဉ် သူ၏ ရင်ထဲတွင် စိုးရိမ်မကင်းဖြစ်မှုများ မြင့်တက်လာပြီး တစ်ခုခု မှားယွင်းနေကြောင်း သူ ခံစားလိုက်ရသည်။
ရှေ့ဆုံးမှ ပြေးနေသော ဖန့်တုန်းထင်က ရပ်တန့်သွားပြီး ရှေ့သို့ လက်ညှိုးထိုးကာ အော်ဟစ်လိုက်၏။ "ရတနာတွေ ဘယ်မှာလဲ။ ဘာတွေ ဖြစ်နေတာလဲ။"
သူတို့ရှေ့တွင် ပေါ်လာသည်မှာ သူတို့ စိတ်ကူးထားခဲ့သော ရတနာတောင်ကြီး မဟုတ်ဘဲ ခြေသုံးလှမ်းအကွာရှိ မျက်နှာများကိုပင် ဖုံးကွယ်ထားနိုင်သော မှုန်ဝါးဝါး မီးခိုးရောင်မြူခိုးများဖြစ်ပြီး အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
ကျန်းလင်သည် အနောက်မှ ဖြည်းညင်းစွာ လိုက်လာပြီး ပြောလိုက်သည်။ "မင်းတို့က ဘာမဟုတ်တာလေးကို အုတ်အော်သောင်းနင်း လုပ်နေကြတာပဲ။ မင်းတို့က အစီအရင်တစ်ခုကို အရင်က တစ်ခါမှ မမြင်ဖူးဘူးလား။ မင်းရဲ့ သိုင်းပညာ ကျင့်ကြံမှုက ရှေးဦးဝိညာဉ် အဆင့်ကို ရောက်တဲ့အခါ ကောင်းကင်နဲ့ မြေကြီးရဲ့စွမ်းအင်ကို အသုံးပြုပြီး မြေကြီးပေါ်မှာ အစီအရင်တစ်ခု ရေးဆွဲဖို့ မင်းရဲ့ ရှေးဦးဝိညာဉ်ကို သုံးနိုင်တယ်။ အဲဒါက အဲဒီလောက်တောင် ထူးဆန်းနေလို့လား။"
"ဒါက မဟာမိတ်ခေါင်းဆောင် တုယွမ်ရှန့် သူ့ရဲ့ ရတနာတွေကို မြှုပ်နှံထားတဲ့ နေရာပဲ။ ဒီမှာ ထောင်ချောက်တွေ ဒါမှမဟုတ် စက်ယန္တရားတွေ တပ်ဆင်ထားတာက ရတနာတွေကို အလွယ်တကူ ပျက်စီးသွားစေနိုင်တယ်။ ဒီအစီအရင်ကို ရေးဆွဲထားခြင်းအားဖြင့် ငါတို့က ရတနာတွေကို ခဏလောက် နှောင့်နှေးစေနိုင်ပြီး အစောင့်တွေကို သတိပေးနိုင်တယ်။"
"ကံမကောင်းတာက ရတနာတွေကို စောင့်ရှောက်ခဲ့တဲ့သူတွေ အားလုံးနီးပါး အခု သေကုန်ကြပြီ။ တစ်ယောက်ယောက် လာခိုးရင်တောင် သူတို့က အကူအညီမဲ့စွာနဲ့ ကြည့်နေရုံပဲ ရှိတော့တယ်။"
ဖန့်တုန်းထင်၏မျက်နှာမှာ အနည်းငယ် နီမြန်းသွား၏။ သေချာသည်မှာ ၎င်းမှာ အစီအရင်တစ်ခု ဖြစ်ကြောင်း သူ သိပါသည်။ သူတို့၏ချင်းချန်ဓားဂိုဏ်းတွင် ရှေးဦးဝိညာဉ် အဆင့်ရှိ သိုင်းပညာရှင်များ မရှားပေ။
သူ ဝင်လာချိန်တွင် ရတနာအပေါ် အာရုံစိုက်လွန်းနေသဖြင့် အစီအရင်ကို မေ့သွားခဲ့ခြင်းသာ ဖြစ်သည်။
သို့သော် ဤအချိန်တွင် ဆုရှင်း၏စိုးရိမ်မကင်းဖြစ်မှုမှာ ပိုမို ပြင်းထန်လာ၏။ ကျန်းလင်၏အနည်းငယ် လွမ်းဆွတ်နေသော လေသံကို နားထောင်ရင်း သူ၏ခေါင်းထဲတွင် အတွေးတစ်ခု လင်းလက်သွားသည်။
လွန်ခဲ့သော ရက်အနည်းငယ်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံး၏အပိုင်းအစများသည် ဆုရှင်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားပြီး နောက်ဆုံးတွင် ရှင်းလင်းသော သဲလွန်စတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
သူက ရုတ်တရက် အော်ဟစ်လိုက်၏။ "ကျန်းလင် ဒါတွေ အားလုံးက မင်းရဲ့ပူးပေါင်းကြံစည်မှုပဲ မဟုတ်လား။ မင်း ဒါကို အစကတည်းက စီစဉ်ထားခဲ့တာ။ ရတနာတွေကို ဘယ်မှာ မြှုပ်ထားလဲဆိုတာ မင်း အစကတည်းက သိနေခဲ့တယ်။ ပဉ္စမမြောက်သော့က တကယ်တော့ မင်းလက်ထဲမှာ ရှိနေတာပဲ။ ကျန်းချင်းဖန်ကို သတ်တာလဲ မင်းပဲ။"
ဆုရှင်း၏ စကားများကြောင့် လူတိုင်း ချက်ချင်း အံ့အားသင့်သွားပြီး ဘာပြောရမှန်း မသိဖြစ်သွားကြသည်။ ဤအရာအားလုံးက ဘာအဓိပ္ပာယ်ရှိသနည်း။ ဆုရှင်း ရူးသွားပြီလော။
သို့သော် ဤအချိန်တွင် ကျန်းလင်က တောက်ပသော အပြုံးတစ်ခုကို ပြသလိုက်၏။ အနောက်ဘက်တွင် ရပ်နေရင်း သူသည် စက်ယန္တရားအချို့ကို လှမ်းကိုင်လိုက်ရာ သူ၏နောက်ကွယ်ရှိ လျှို့ဝှက်လမ်းကြောင်းမှာ လျင်မြန်စွာ ပိတ်သွားပြီး သူတို့အားလုံးကို အတွင်း၌ ပိတ်လှောင်လိုက်တော့သည်။
"အဖြေမှန်တဲ့အတွက် ဂုဏ်ပြုပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဆုကြေးတော့ မရှိဘူး။"
ဖန့်တုန်းထင်၏အမူအရာ ချက်ချင်း အေးစက်သွား၏။ "ကျန်းလင် ဒါက ဘာအဓိပ္ပာယ်လဲ။"
ထို့နောက် ကျန်ယွမ်တုန်းက တင်းမာစွာ ပြောလိုက်သည်။ "ကျန်းလင် ကျန်းချင်းဖန်ကို မင်း တကယ်ပဲ သတ်ခဲ့တာလား။ မင်းရဲ့နျန်ဂိုဏ်းက အင်အားကြီးတာနဲ့ပဲ ဟူနန်က မိသားစုကြီး သုံးစုကို အလေးမထားဘဲ နေလို့ရပြီလို့ ထင်နေတာလား။"
ရှဲ့ကျစ်ယန်မှာ ထိုမျှလောက် စိတ်လှုပ်ရှားမနေသော်လည်း သူမ၏မျက်လုံးများတွင် လေးနက်သော အရိပ်အယောင်တစ်ခု ပေါ်လာ၏။
ဆုရှင်းက သက်ပြင်းချကာ ပြောလိုက်သည်။ "ဒီကိစ္စက နျန်ဂိုဏ်းနဲ့ ဘာမှမဆိုင်ဘူး။ ဒီခန်းမသခင်ကျန်းရဲ့နောက်ခံက ဘယ်တုန်းကမှ နျန်ဂိုဏ်းရဲ့ ခန်းမသခင် တစ်ယောက်ဖြစ်ခဲ့တာ မဟုတ်လောက်ဘူး။"
"ဒါ့အပြင် ဂိုဏ်းခေါင်းဆောင် ကုန်းချင်းဖုန်း။ မင်းကလည်း ချန်နင်စီရင်စုက ဂိုဏ်းငယ်လေးတစ်ခုရဲ့ ခေါင်းဆောင် သက်သက် မဟုတ်လောက်ဘူးနော်။"
"မီးခွက်အောက်က အမှောင်ဆုံးဆိုတဲ့ စကားလိုပဲ။ ဒီနောက်ကွယ်မှာ ပူးပေါင်းကြံစည်မှု တစ်ခု ရှိနေတယ်လို့ ငါ သံသယရှိခဲ့ပေမဲ့ မင်း ပါဝင်ပတ်သက်နေမယ်လို့တော့ ငါ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။"
"လူကြီးမင်းတို့။ မင်းတို့ရဲ့ နောက်ခံကို ထပ်ပြီး ဖုံးကွယ်ထားစရာ မလိုတော့ဘူး မဟုတ်လား။"
ဖန့်တုန်းထင်၏မျက်နှာအမူအရာ ချက်ချင်း အေးစက်သွား၏။ သူ့နောက်သို့ သိမ်ငယ်စွာ လိုက်ပါလာသော သူရဲဘောကြောင်သည့် ဂိုဏ်းခေါင်းဆောင်မှာ တကယ်တော့ သူ့ကို အစကတည်းက အကြံအစည်လုပ်နေခဲ့ခြင်း ဖြစ်သည်။
ကုန်းချင်းဖုန်းက ကျယ်လောင်စွာ ရယ်မောရင်း ထွက်လာကာ ကျန်းလင်နှင့်အတူ ရပ်လိုက်၏။ "ဆုရှင်းက တကယ်ကို ဆုရှင်းပါပဲ။ ချန်နင်စီရင်စုမှာရှိတဲ့ ဂိုဏ်းသုံးဂိုဏ်းနဲ့ အဖွဲ့လေးဖွဲ့ဟာ ဒီနေရာလေးမှာပဲ အိုမင်းသွားနိုင်တဲ့ သာမန် အရည်အချင်းရှိသူတွေနဲ့ ပြည့်နှက်နေတာ။ မင်းတစ်ယောက်တည်းပဲ ဒီထောင့်လေးကနေ ရုန်းထွက်ပြီး တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်တဲ့သူ။"
"မင်း ဒီအထဲမှာ ပါဝင်ပတ်သက်နေတာ နှမြောစရာပဲ။ အခု လွတ်လမ်းမရှိတော့ဘူး။ မင်းရဲ့ ကံမကောင်းမှုကိုပဲ အပြစ်တင်လို့ရတော့မယ်။"
ကျန်းလင်က ချောင်းဟန့်ကာ ပြောလိုက်သည်။ "အခု ငါ့ကိုယ်ငါပြန်မိတ်ဆက်ပါရစေ။ ငါက ကျန်းလင်ပါ။ ငယ်ငယ်ကတည်းက ခြင်္သေ့ရူးတုယွမ်ရှန့်ရဲ့ မွေးစားခြင်းကို ခံခဲ့ရပြီး သူ့ရဲ့ ၉၃ ယောက်မြောက် မွေးစားသားဖြစ်ပါတယ်။"
"ဒါပေမဲ့ ငယ်ငယ်ကမကြာခဏဖျားနာတတ်လို့ နျန်ဂိုဏ်းရဲ့လီရှားခန်းမကို ပို့ခံခဲ့ရပြီး အဲဒီမှာ စန်းပုနတ်သမားတော်(စန်းပုရှန်းယိ) ရွှယ်ပုဆန်းရဲ့ကုသမှုကို ခံယူခဲ့ရလို့ အဲဒီနှစ်က ကပ်ဘေးကနေ လွတ်မြောက်ခဲ့တာပါ။"
ကုန်းချင်းဖုန်းကလည်း ဝင်ပြောလိုက်၏။ "ခြင်္သေ့ရူးတုယွမ်ရှန့်မှာ အရင်တုန်းက တပည့်တွေ မရေမတွက်နိုင်အောင် ရှိခဲ့တာ။ ငါ့အဖေက မထင်မရှားဆုံးနဲ့ အားအနည်းဆုံးသူ တစ်ယောက်ပဲ။ အဲဒါကြောင့်မို့လို့ သူ ဒီကပ်ဘေးကနေ လွတ်မြောက်ခဲ့ပြီး ငါ့ရဲ့ကုန်းမိသားစုကိုလည်း နန်းတော်ရဲ့ရှင်းလင်းဖယ်ရှားမှုကနေ လွတ်မြောက်ခွင့် ရခဲ့တာ ဖြစ်မယ်။"
သူတို့နှစ်ဦး ဝန်ခံသည်ကို ကြားသောအခါ လူတိုင်း စကားပြောစရာမဲ့သွားကြ၏။ သူတို့ တစ်နေ့လုံး ရှာဖွေနေခဲ့သော ရတနာမှာ တကယ်တော့ တစ်စုံတစ်ယောက်က တမင်တကာ ဖန်တီးထားသော ပူးပေါင်းကြံစည်မှု တစ်ခု သက်သက်သာ ဖြစ်နေသည်။
ဆုရှင်းက သက်ပြင်းရှည်ကြီးချကာ ပြောလိုက်သည်။ "တုယွမ်ရှန့်က အဲဒီတုန်းက နန်းတော်ရဲ့ လက်ချက်နဲ့ တကယ် သေသွားခဲ့တာပဲ။ မင်းတို့က ဒီကပ်ဘေးကနေ ကံကောင်းထောက်မစွာ လွတ်မြောက်လာနိုင်ခဲ့တာတောင် အတော်လေး ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပဲ။ ပြီးတော့ ရတနာအတွက် မင်းတို့က ချင်းချန်ဓားဂိုဏ်းနဲ့ ယီဓားဂိုဏ်းကိုတောင် အကြံအစည်လုပ်ခဲ့သေးတယ်။ မင်းတို့က သေရမှာကို မကြောက်ဘူးလား။"
ကျန်းလင်၏မျက်နှာမှာ ရက်စက်သော အမူအရာအဖြစ် ပြောင်းလဲသွား၏။ "တာ့ကျိုးမင်းဆက်ရဲ့နယ်မြေတစ်ဝက်ကို ငါ့ရဲ့မွေးစားအဖေက ကူညီပြီး တိုက်ယူပေးခဲ့တာ။"
"ရလဒ်အနေနဲ့ ကျိမိသားစုက သူတို့ရဲ့ကျေးဇူးရှင်ကို သစ္စာဖောက်ပြီး သုံးခုမြောက် ဟူနန်သိုင်းလောက မဟာမိတ်အဖွဲ့ထဲက လူယုတ်မာတချို့နဲ့ ပူးပေါင်းပြီး ငါ့ရဲ့မွေးစားအဖေကို လုပ်ကြံခဲ့တာကြောင့် သုံးခုမြောက် ဟူနန်သိုင်းလောက မဟာမိတ်အဖွဲ့ကြီး ပြိုကွဲသွားခဲ့ရတာ။"
"အခု ကျိဟောက်ထျန်းက အိုမင်းမစွမ်းဖြစ်နေပြီဆိုတော့ ငါတို့ကိုယ်တိုင် တစ်ခုခုလုပ်ဖို့ အချိန်တန်ပြီ။"
ဆုရှင်း ခေါင်းယမ်းလိုက်၏။ ဤအရာက တကယ်ကို ဒရာမာဇာတ်လမ်းတစ်ပုဒ်လိုပင်။
ထျဲဝူချင်က သူ့ကို တုယွမ်ရှန့်အကြောင်း ပြောပြပြီးနောက် ပါဝင်ပတ်သက်နေသော ညစ်ပတ်သည့် လျှို့ဝှက်ချက်များကို သူ ကောင်းကောင်း မှန်းဆနိုင်ခဲ့သော်လည်း ဤအရာက အမှန်တရားဖြစ်လိမ့်မည်ဟု ဘယ်သောအခါမျှ မမျှော်လင့်ထားခဲ့ချေ။
ကုန်းချင်းဖုန်းက ရယ်မောကာ ဆုရှင်းကို မေးလိုက်သည်။ "ဆုရှင်း ငါ သိချင်တာက နောက်ဆုံးမှာ ငါ့ကို ဘာလို့ သံသယဝင်သွားတာလဲ။"
"အစီအစဉ် တစ်ခုလုံးမှာ ငါပါဝင်ခဲ့ပေမဲ့ ငါက အရန်နေရာကနေပဲ ပါဝင်ခဲ့တာပါ။ ဒါ့အပြင် ငါက ချန်နင်စီရင်စုမှာ မွေးပြီးကြီးပြင်းလာတာဆိုတော့ ငါက ကျန်းလင်နဲ့ ပူးပေါင်းကြံစည်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ ငါမှန်း မင်း ဘယ်လိုများ ခန့်မှန်းမိသွားတာလဲ။"
ဆုရှင်းက တည်ငြိမ်စွာ ပြောလိုက်၏။ "အရမ်း ရိုးရှင်းပါတယ်။ မကြာသေးခင်က မင်း လုပ်နေတဲ့ လုပ်ရပ်တွေက မင်းရဲ့စရိုက်နဲ့ မကိုက်ညီဘူး ဆိုတာကြောင့် ငါ သံသယ ဝင်သွားတာပါ။"
"ငါ့အမြင်မှာ ကုန်းချင်းဖုန်းဆိုတာ ငယ်ငယ်ရွယ်ရွယ်နဲ့ နတ်လေပြေအဖွဲ့ရဲ့ခေါင်းဆောင်နေရာကို လွှဲယူနိုင်ခဲ့တဲ့ ပါးနပ်ပြီးကောက်ကျစ်တဲ့ ဂိုဏ်းခေါင်းဆောင် တစ်ယောက်ပဲ။"
"ဒါပေမဲ့ ဖန့်တုန်းထင်ငါ့ကိုဒုက္ခပေးဖို့ သူ့ကို မြှောက်ပေးခဲ့တာ မင်းမဟုတ်ဘူးလား။ ပြီးတော့ မင်းက ငါ့ကို ထောင်ချောက်ဆင်တဲ့အချိန်မှာ ငါ့ရဲ့ အခက်အခဲကို အခွင့်ကောင်းယူခဲ့သေးတယ်။"
"အကယ်၍ မန်ချန်ဟယ်ကသာ ဒီလိုလုပ်ခဲ့မယ်ဆိုရင် ငါ နည်းနည်းလေးမှ သံသယဝင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းက လုပ်ခဲ့ပြီး အဲဒါက မင်းအတွက် ဘာအကျိုးအမြတ်မှမရစေခဲ့ဘူး။ ဒါက မင်းရဲ့ စရိုက်နဲ့ လုံးဝ မကိုက်ညီတာ ထင်ရှားတယ်။ အဲဒီအချိန်မှာ ငါ မင်းကို တကယ် စပြီး သံသယဝင်ခဲ့တာ။"
ထို့နောက် ဆုရှင်းက ကျန်းလင်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ "ဒီခန်းမသခင်ကျန်းအတွက်တော့ ဟာကွက်တွေ ပိုတောင်များသေးတယ်။ မင်းက ယီဓားဂိုဏ်းနဲ့ ချင်းချန်ဓားဂိုဏ်းကြားက ပဋိပက္ခကို လျှို့ဝှက်စွာဖန်တီးခဲ့ပြီး အဲဒီညက ငါ့ကို ထောင်ချောက်ဆင်တဲ့ အချိန်မှာ တိုက်ဆိုင်သွားသလိုမျိုး ဟန်ဆောင်ခဲ့သေးတယ်။ ဒါပေမဲ့ တစ်ခုဆိုရင်တိုက်ဆိုင်မှုလို့ပြောလို့ရပေမဲ့ အများကြီး ပေါင်းလာတဲ့အခါ မင်းက ကမ္ဘာကြီးမရှုပ်ထွေးမှာကိုတောင်ကြောက်နေသလိုပဲ။ ဒါက တိုက်ဆိုင်မှု မဟုတ်ဘူး။"
အခန်း (၉၄) အစစ်အမှန်အသွင်အပြင် ပေါ်လာခြင်း
ဆုရှင်းက လူနှစ်ဦး၏ သရုပ်မှန်များနှင့် ပတ်သက်သော သံသယဖြစ်ဖွယ် အချက်များကို သေချာစွာ ရှင်းလင်းပြခဲ့သော်လည်း အချိန်နှောင်းသွားပြီ ဖြစ်သည်။
ထို့အပြင် ဆုရှင်းက အချက်တစ်ချက်ကို သိချင်နေဆဲဖြစ်၏။ သူတို့က သူ့ကိုထောင်ချောက်ဆင်ဖို့ အဘယ်ကြောင့် ဤမျှအားထုပ်နေရသနည်း။
ထျဲဝူချင်က ယီဓားဂိုဏ်းအမှတ်အသားပြားကို ဘယ်အချိန်ကရခဲ့သနည်းဟု မေးခဲ့ဖူးသည်ကို ဆုရှင်း ရုတ်တရက်သတိရသွားသည်။
ဆုရှင်း၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ပေါ်လာပြီး သူကဗြုန်းစားကြီး ပြောလိုက်၏။ "မင်းတို့မှာ သော့နှစ်ချောင်းပဲရှိတာ မဟုတ်ဘူး။ သုံးချောင်း ဒါမှမဟုတ် လေးချောင်းတောင် ရှိရမယ်။"
ကုန်းချင်းဖုန်းက အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ "မင်း အဲဒါကိုတောင် ခန့်မှန်းမိသွားတာလား။ ကျွတ် ကျွတ် ဆုရှင်း၊ မင်းက တကယ်ကို ထူးခြားတာပဲ။ မင်း ခန့်မှန်းတာ မှန်တယ်။ အရင်က ငါတို့ဆီမှာ သော့လေးချောင်းရှိခဲ့တယ်။"
"နှစ်တွေကြာလာတာနဲ့အမျှ ဦးလေးကျန်းက ပြန့်ကျဲနေတဲ့အမှတ်အသားပြားလေးခုကို နည်းလမ်းမျိုးစုံနဲ့ ရှာတွေ့ခဲ့တယ်။ နောက်ဆုံးတစ်ခုက ယီဓားဂိုဏ်းထဲမှာရှိနေပြီး ငါတို့ တိုက်ရိုက် မယူနိုင်ခဲ့ဘူး။ ဒါကြောင့် ပြန်ယူဖို့ ဒီနည်းလမ်းကို သုံးခဲ့ရတာ။"
သူ စကားပြောလိုက်သည်နှင့် ဖန့်တုန်းထင်၏မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွား၏။ အဘယ်ကြောင့်ဆိုသော် သူ၏လက်ထဲရှိ သော့မှာ သူမကြာသေးမီကမှ ရရှိခဲ့သောအရာ ဖြစ်နေသောကြောင့်ပင်။
ကျန်ယွမ်တုန်းနှင့် ရွမ်မင်ယွဲ့တို့၏မျက်နှာအမူအရာများမှာလည်း ဖန့်တုန်းထင်နည်းတူ မသာမယာဖြစ်သွားကြသည်။
သူတို့သည် ဟူနန်တောင်ပိုင်းမှ ဒေသခံများဖြစ်ကြပြီး ခြင်္သေ့ရူး တုယွမ်ရှန့်၏ ရတနာမှာ မည်မျှ တန်ဖိုးကြီးကြောင်းကို သူတို့ ပို၍ပင် သိကြ၏။
သော့ကို ရရှိပြီးနောက် မိသားစု သုံးစုစလုံးက အလွန် ဝမ်းသာအားရဖြင့် သူတို့၏ယုံကြည်ရဆုံး တပည့်များကို စေလွှတ်ခဲ့ကြသော်လည်း သူတို့က တစ်ဖက်လူ၏ထောင်ချောက်ထဲသို့ ကျဆင်းသွားပြီဖြစ်ကြောင်း မသိခဲ့ကြပေ။
ဆုရှင်းက သူ၏နှာခေါင်းကို ပွတ်ကာ ပြောလိုက်သည်။ "မင်းတို့က ချင်းချန်ဓားဂိုဏ်းကို သော့ကို ဘာလို့ တမင်သက်သက်ပေးခဲ့တာလဲဆိုတာ ငါ နားလည်သွားပြီ။"
"မင်းတို့က ချင်းချန်ဓားဂိုဏ်းနဲ့ ယီဓားဂိုဏ်းကြားက သဘောထားကွဲလွဲမှုကို အခွင့်ကောင်းယူပြီး သူတို့ကြားမှာ ရန်တိုက်ပေးချင်တာပဲ။ ပြီးတော့ အကောင်းဆုံးကတော့ သူတို့ ဒီရတနာမြေကို ဝင်လာတဲ့အခါ နှစ်ဖက်စလုံး အင်အားတွေ အများကြီး ကုန်ဆုံးသွားအောင် လုပ်ချင်တာ။"
"ပြီးတော့ မင်းတို့ငါ့အတွက် ထောင်ချောက်ဆင်ခဲ့တာက ငါ့ကိုသုံးပြီး ငါ့နောက်က ရှဲ့ကျစ်ယန်ကို တိုက်ခိုက်ဖို့ ဖြစ်မယ်။ ရှဲ့ကျစ်ယန်ရဲ့စရိုက်ကို မင်းတို့ သိတယ်။ သူမက ငါ့ဘက်က သေချာပေါက် ရပ်တည်ပေးလိမ့်မယ်။ ဖန့်တုန်းထင်ကတော့ ငါ လဲကျနေချိန်မှာ သေချာပေါက်ထပ်နင်းလိမ့်မယ်။"
"မင်းတို့က ငါ့ကြောင့် သူတို့အချင်းချင်းတိုက်ခိုက်စေချင်တာ။ အပြန်အလှန် ပျက်စီးသွားတဲ့အထိတောင် ဖြစ်စေချင်တာ။ ဒါပေမဲ့ ကံမကောင်းတာက နောက်ဆုံးမှာ ငါ့နာမည်ကို ရှင်းနိုင်ခဲ့လို့ မင်းတို့ မအောင်မြင်ခဲ့ဘူး။"
"ဒါပေမဲ့ ငါ့ရဲ့တစ်ခုတည်းသော မေးခွန်းက ဟူနန်တောင်ပိုင်းက မိသားစုကြီး သုံးစုကို ဒီအထဲ ဘာလို့ ဆွဲသွင်းခဲ့တာလဲ။ ငါ့ကို ထောင်ချောက်ဆင်ဖို့ သူတို့ကိုအသုံးပြုတာကလွဲပြီး မင်းတို့မှာ တခြား ရည်ရွယ်ချက် ဘာမှမရှိပုံပေါ်တယ်။"
ဆုရှင်း ဤသို့ ပြောသည်ကို ကြားသောအခါ ကျန့်ယွမ်တုန်းကလည်း ကျန်းလင်ကို ဇဝေဇဝါဖြစ်နေသော မျက်နှာဖြင့် ကြည့်လိုက်၏။
ဤကိစ္စက ဟူနန်တောင်ပိုင်းမိသားစုကြီး သုံးစု နှင့် တကယ်လည်း သိပ်မပတ်သက်နေပေ။ ဤသို့ဆိုလျှင် ဘာကြောင့် သူ့ဆီကိုအတင်းဝင်လာနေရသနည်း။
ကျန်းလင်က ကျန်ယွမ်တုန်းနှင့် ရွမ်မင်ယွဲ့ကို လှောင်ပြောင်လိုက်သည်။ "မင်းတို့နဲ့ ဘာမှမဆိုင်ဘူးလို့ ထင်နေတာလား။ ငါတို့ မွေးစားအဖေကို သတ်ဖို့ နန်းတော်နဲ့ အရင်ဆုံး ပူးပေါင်းကြံစည်ခဲ့တာ မင်းတို့ဟူနန်တောင်ပိုင်းက မိသားစုကြီး သုံးစုပဲလေ။"
"ငါရတနာကို ရပြီး ဟူနန်သိုင်းလောကမဟာမိတ်အဖွဲ့ကို ပြန်လည် တည်ထောင်ပြီးတာနဲ့ ဒီအကြွေးကို မင်းတို့အားလုံးနဲ့ သဘာဝကျကျ ရှင်းမှာပါ။ အခုတော့ ငါက အတိုးလေး နည်းနည်း လာကောက်ရုံပါပဲ။"
ကျန့်ယွမ်တုန်းမှာ ယခုအခါ ပေါင့်မုန့်လည်နင်သွားလေပြီ။ ဤအရာတွေအားလုံးက သူတို့၏အဖေများဖန်တီးခဲ့သည့် ကံကြမ္မာသာဖြစ်သည်။ သို့သော် ယခုတော့ သူတို့ပေးဆပ်ရမည့် အလှည့် ရောက်လာလေပြီဖြစ်၏။
ဖန့်တုန်းထင် အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။ "အဓိပ္ပာယ်မရှိတာတွေ အများကြီး ပြောမနေနဲ့။ မင်းတို့ နှစ်ယောက်က ငါတို့ကို အကြံအစည် လုပ်ရဲတယ်ပေါ့။"
ဖန့်တုန်းထင်၏စကားကို ကြားသောအခါ လူတိုင်းက ကျန်းလင်နှင့် ကုန်းချင်းဖုန်းတို့က ကျင့်ကြံခြင်းအဆင့် မတူညီကြောင်း ရုတ်တရက် သဘောပေါက်သွားကြသည်။
တစ်ယောက်က ချီပင်လယ်အဆင့်ဖြစ်ပြီး နောက်တစ်ယောက်က ဟောက်ထျန်းအထွတ်အထိပ်အဆင့်ဖြစ်၏။ (ချီပင်လယ်ဆိုတာ ရှန်းထျန်းအဆင့်ရဲ့ ပထမအဆင့်)
ထိုနေရာရှိ လူအားလုံး၏စုစုပေါင်း ခွန်အားမှာ သူတို့ထက် သေချာပေါက်ပိုများနေသဖြင့် သူတို့ ဘာကို ကြောက်နေရမည်နည်း။
သို့သော် ဆုရှင်းမှာ ဖန့်တုန်းထင်လောက် အကောင်းမြင်မနေခဲ့ပေ။
တစ်ဖက်လူက သူတို့ကို ဤနေရာသို့ ခေါ်လာပြီး သူတို့၏သရုပ်မှန်များကို မဆိုင်းမတွဖော်ပြခဲ့ခြင်းဖြစ်ရာ သူတို့တွင် အားကိုးစရာတစ်ခုခုရှိရပါလိမ့်မည်။
တကယ်တော့ ဖန့်တုန်းထင်၏ စကားကို ကြားပြီးနောက် ကျန်းလင်၏အရှိန်အဝါမှာ စတင် လှိုင်းထန်လာပြီး သူ၏မူလချီများ ပေါက်ကွဲထွက်လာကာ ၎င်းအတွင်းတွင် နှင်းခဲများ စုဖွဲ့နေသည်ကို သဲ့သဲ့လေး မြင်တွေ့လိုက်ရ၏။
"နတ်တံခါးအဆင့် သိုင်းပညာရှင်။"
လူတိုင်းအံ့အားသင့်စွာ အသက်ရှူမှားသွားကြပြီး သူတို့၏မျက်နှာများမှာ အလွန် တင်းမာသွားတော့သည်။
ရှန်းထျန်းအဆင့်သုံးဆင့်မှာ ချီပင်လယ်၊ ဝိညာဉ်ဝင်ပေါက် နှင့် နတ်တံခါးတို့ ဖြစ်ကြသည်။
နတ်တံခါးအဆင့်ရှိ သိုင်းပညာရှင်များက မျက်ခုံးနှစ်ခုကြားရှိ ရှေးဦးဝိညာဉ်ကို သန့်စင်ပြီး မိုးကောင်းကင်နှင့် မြေပြင်တို့ကို ဆက်သွယ်နိုင်သည့် အတိုင်းအတာအထိ ဝိညာဉ်စွမ်းအားကို တိုးမြှင့်ပေးသည်။
ပိုမို အစွမ်းထက်သူများက မိုးကောင်းကင်နှင့် မြေပြင်၏စွမ်းအား တစ်စိတ်တစ်ပိုင်းကိုပင် စတင် ငှားရမ်း အသုံးပြုနိုင်ကြ၏။
ကျန်းလင်၏အဆင့် မည်သို့ပင် ရှိစေကာမူ။ သူက အားအနည်းဆုံး နတ်တံခါးအဆင့် သိုင်းပညာရှင်ဖြစ်နေလျှင်ပင် သူက ဖန့်တုန်းထင်နှင့် ရှဲ့ကျစ်ယန်တို့ထက် အဆင့်ငယ် နှစ်ဆင့် ပိုမို သန်မာနေပြီး သူတို့ကိုလုံးဝအနိုင်ယူနိုင်ပါသည်။
"ငါ့ရဲ့ခွန်အားကို အချိန်အတော်ကြာ ဖုံးကွယ်ထားပြီးနောက် ဒီနေ့တော့ ငါအဲဒါကို နောက်ဆုံး ထုတ်လွှတ်ခွင့် ရပြီ။" ကျန်းလင် ဟိန်းဟောက်လိုက်ပြီး သူ၏ နောက်ကျောမှ ဓားတစ်လက်ကို ဆွဲထုတ်လိုက်၏။
ပုစဉ်းတောင်ပံကဲ့သို့ ပါးလွှာသောမိုးမခရွက်ဓား တစ်လက်ပင်။
ထိုနေရာရှိ ကုန်းချင်းဖုန်းကလည်း သူ၏ခွန်အားအပေါ် ကန့်သတ်ချက်များကို ဖြေလျှော့လိုက်ရာ သူထုတ်ဖော်လိုက်သော အရှိန်အဝါမှာ ရှန်းထျန်း ချီပင်လယ်အဆင့် သိုင်းပညာရှင် တစ်ဦး၏အရှိန်အဝါ ဖြစ်၏။
ရှန်းထျန်း သိုင်းပညာရှင် နှစ်ဦး၊ တစ်ဦးက နတ်တံခါးအဆင့်နှင့် နောက်တစ်ဦးက ချီပင်လယ်အဆင့် သူတို့ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းထက် ကျော်လွန်နေပေသည်။
လူတိုင်းက သူတို့နောက်ရှိ စက်ယန္တရားတံခါးကို မကြည့်ဘဲ မနေနိုင်ကြချေ။ ကျန်းလင်က လှောင်ပြောင်လိုက်သည်။ "ထပ်ကြည့်နေစရာ မလိုပါဘူး။ ရတနာသူခိုးတွေကို ကာကွယ်ဖို့အတွက် ဒီက စက်ယန္တရားတံခါးဝင်ပေါက်ကို ပိတ်လိုက်တာနဲ့ တစ်နာရီကြာမှ ပြန်ဖွင့်လို့ရတာ။ မဟုတ်ရင် မင်းတို့ဆီမှာ သော့ရှိနေရင်တောင် ဘာမှအသုံးဝင်မှာ မဟုတ်ဘူး။"
ဟယ်ထျန်းက အလျင်အမြန် ပြောလိုက်၏။ "သခင်ကြီးကျန်း။ ဒါက မင်းနဲ့ သူတို့ရဲ့ရန်ငြိုးပါ။ ငါ့ရဲ့သံမဏိဓားအဖွဲ့က ချန်နင်စီရင်စုက ဂိုဏ်းငယ်လေးတစ်ခုပါ။ ငါ့ကို သွားခွင့်ပြုရင် တစ်လုံးမှ ထုတ်မပြောဘူးလို့ ငါ အပြည့်အဝ ကတိပေးပါတယ်။"
မန်ချန်ဟယ်ကလည်း အလျင်အမြန် ပြန်ပြောလိုက်သည်။ "ဟုတ်ပါတယ်။ ငါတို့ လျှို့ဝှက်ထားပေးပါ့မယ်လို့ ကတိပေးပါတယ်။"
ထိုအချိန်တွင် မန်ချန်ဟယ်မှာ နောင်တများဖြင့် ပြည့်နှက်နေ၏။
သူက ဤကိစ္စတွင် တက်ကြွစွာပါဝင်ပတ်သက်ခဲ့ပြီး ၎င်းအတွက် သူက နင်လော့ကျွင်းနှင့် ဒွမ့်ရှောင်တို့ကိုပင် ဖယ်ကြဉ်ကာ ဟူနန်တောင်ပိုင်း၏မိသားစုကြီး သုံးစုကို ကိုယ်တိုင် ဆက်သွယ်ခဲ့သည်။
သို့သော် ယခုအခါတွင် သူက ဒွမ့်ရှောင် သို့မဟုတ် နင်လော့ကျွင်းတို့နှင့် နေရာပြောင်းချင်နေမိသည်။
"ဟက်...ပါးစပ်ပိတ်ထားမယ်။"
ကျန်းလင်က တည်ငြိမ်စွာ ပြောလိုက်၏။ "ဒီလောကမှာ သူတို့ပါးစပ်ကို တကယ်ပိတ်ထားနိုင်တဲ့သူဆိုလို့ သေသွားတဲ့သူတွေပဲ ရှိတယ်။"
သူ စကားပြောပြီးသည်နှင့် ကျန်းလင်၏ပါးလွှာသော မိုးမခရွက်ပုံသဏ္ဍာန်ဓားက ခုတ်ပိုင်းလိုက်သည်။ လူတိုင်း၏မျက်စိရှေ့တွင် အရှေ့ဘက်သို့ စီးဆင်းနေသော မြစ်ကြီးတစ်စင်း ပေါ်လာသကဲ့သို့ ဖြစ်သော်လည်း ၎င်းကို ကျန်းလင်၏ဓားဖြင့် နှစ်ပိုင်း ပိုင်းဖြတ်လိုက်၏။
စူးရှသော အော်ဟစ်သံတစ်ခု လေထဲတွင် ပဲ့တင်ထပ်သွားသည်။
ဓားလက်လက်ထသွားသည်နှင့် ကျန်းလင်နှင့် အနီးဆုံးရှိ ကျန့်ယွမ်တုန်းနှင့် ရွမ်မင်ယွဲ့တို့၏မျက်လုံးများတွင် နာကြည်းမှုများ ပေါ်လာ၏။
သူတို့၏မျက်ခုံးနှစ်ခုကြားတွင် သွေးကြောင်းတစ်ခု ပေါ်လာပြီး သူတို့၏ခန္ဓာကိုယ်များမှာ နှစ်ပိုင်း ပြတ်သွားလေသည်။
မြင်ကွင်းမှာ အလွန်ပင် ခြောက်ခြားဖွယ်ကောင်းလှပေသည်။
ဓားတစ်ချက်တည်းဖြင့် လူနှစ်ဦး အသတ်ခံလိုက်ရပြီး ဟူနန်တောင်ပိုင်း၏မိသားစုကြီး သုံးစုမှ ကိုယ်စားလှယ်များ လုံးဝ သုတ်သင်ခံလိုက်ရသည်။
ဤမိသားစု သုံးစုအပေါ် ကျန်းလင်၏အမုန်းတရားမှာ မသေးငယ်ကြောင်း ထင်ရှားသည်။
ရှဲ့ကျစ်ယန်က အံ့အားသင့်စွာဖြင့် အော်လိုက်သည်။ "ဒါက ပေဟိုင်ဓားဂိုဏ်းရဲ့ လျှို့ဝှက်ဓားသိုင်း အရှေ့သို့စီးဆင်းမှုကိုဖြတ်တောက်ခြင်း ပဲ။"
ကျန်းလင်က သူ၏မိုးမခရွက်ဓားပေါ်ရှိ သွေးများကို သုတ်လိုက်၏။ "မှန်တယ်။ ဒါက အရှေ့သို့စီးဆင်းမှုကိုဖြတ်တောက်ခြင်းပဲ။ အရင်တုန်းက ငါ့ရဲ့ မွေးစားအဖေက ပေဟိုင်ဓားဂိုဏ်းကို ဖျက်ဆီးဖို့ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ခဲ့တယ်။ ပေဟိုင်ကထိပ်တန်းဂိုဏ်းတွေဆိုတဲ့ အထဲက အရှေ့သို့စီးဆင်းမှုကိုဖြတ်တောက်ခြင်း ဓားသိုင်း တစ်ခုတည်းကသာ ငါ့မွေးစားအဖေရဲ့မျက်လုံးကို ဖမ်းစားနိုင်ခဲ့တာ။"
ရှဲ့ကျစ်ယန်နှင့် အခြားသူများကို ကြည့်ရင်း ကျန်းလင် အေးစက်စွာ ပြောလိုက်သည်။ "ငါ့မွေးစားအဖေရဲ့ ခြင်္သေ့ရူးဓားကိုးကွက်ကို ငါ မသင်ခဲ့ရပေမဲ့။ ဒီအရှေ့သို့စီးဆင်းမှုကို ဖြတ်တောက်ခြင်း နည်းစနစ် တစ်ခုတည်းနဲ့တင် မင်းတို့ကို ကိုင်တွယ်ဖို့ လုံလောက်ပါတယ်။ ဒီတိုက်ပွဲမှာ အသစ်ဖွဲ့စည်းလိုက်တဲ့ ဟူနန်သိုင်းလောကမဟာမိတ်အဖွဲ့အတွက် အလံလွှင့်ဖို့ မင်းတို့ရဲ့သွေးကို ငါ သုံးမယ်။"
သူ စကားပြောပြီးသည်နှင့် ကျန်းလင်က ရှေ့သို့ တစ်လှမ်းတက်လိုက်ပြီး ရှဲ့ကျစ်ယန်၏ဘေးသို့ ရောက်ရှိသွားသည်။ သူ၏သွယ်လျသော မိုးမခရွက်ဓားက စွမ်းအားကြီးမားပြီး ကြီးကျယ်ခမ်းနားသော အင်အားဖြင့် ခုတ်ပိုင်းလိုက်ရာ လှိုင်းထန်နေသော ဓားအရိပ်က ရှဲ့ကျစ်ယန်ကို ချက်ချင်း ဖုံးလွှမ်းသွားလေသည်။
"ချင်းဖုန်း။ မင်း သွားပြီး တခြားအမှိုက်တွေကို အရင်ရှင်းလိုက်။ ရှဲ့ကျစ်ယန်ကို ငါ ကိုင်တွယ်မယ်။ လူသားအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ် ၇၈ နေရာမှာ ရှိတဲ့ နတ်သမီးရှဲ့ကျစ်ယန်က ငါ့လောက် မသန်မာရင်တောင် အထင်သေးလို့ရတဲ့သူ မဟုတ်ဘူး" ကျန်းလင်က လှုပ်ရှားနေစဉ် ညွှန်ကြားလိုက်၏။
ကုန်းချင်းဖုန်း ခေါင်းညိတ်လိုက်ပြီး ဆုရှင်းနှင့် အခြားသူများကို ဆိုးယုတ်သော အပြုံးဖြင့် ပြုံးပြကာ သူ၏ဓားရှည်ကို လျင်မြန်စွာ ထိုးစိုက်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်း ဓားအလင်းတန်း ခုနစ်ဆယ့်နှစ်ခု ကျဆင်းလာပြီး ၎င်းတို့၏ထက်မြက်သော စွမ်းအားက သူတို့ အားလုံးကို ဖုံးလွှမ်းသွား၏။
ကုန်းချင်းဖုန်းက တကယ်တော့ ပြိုင်ဘက် အများအပြားကို ဆန့်ကျင်တိုက်ခိုက်မည်ဖြစ်ပြီး ပထမဆုံး လှုပ်ရှားမှုကိုပင် ပြုလုပ်ခဲ့သည်။
ဆုရှင်းက ထိုထက်မြက်သော ဓားအလင်းတန်းများ သူ့ထံ ချဉ်းကပ်လာသည်နှင့်အမျှ ၎င်းတို့၏ကြီးမားသော စွမ်းအားကို ခံစားလိုက်ရသည်။
နှစ်ဦးစလုံးက ချီပင်လယ်အဆင့် သိုင်းပညာရှင်များဖြစ်ကြသော်လည်း ကုန်းချင်းဖုန်းမှာ ဖန့်တုန်းထင်ထက် များစွာပိုမိုသန်မာနေသည်။
တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် မန်ချန်ဟယ်က ဓားအလင်းတန်းကို ထိပ်တိုက် ရင်ဆိုင်ရန် တာ့ရွှုက် ပိုင်လက်ဝါးကို အသုံးပြုခဲ့သော်လည်း စွမ်းအားကြီးမားသောအင်အားကြောင့် တိုက်ရိုက် လွင့်စင်သွားကာ သူ၏လက်များမှာ ချက်ချင်းပင် သွေးများ ဖုံးလွှမ်းသွားပြီး သူ၏အရှိန်အဝါမှာ အလွန် အားနည်းသွားတော့သည်။
ဟယ်ထျန်းမှာလည်း သူ့ထက် သိပ်မသာလှပေ။
သူ၏နောက်ကျောရှိ ဧရာမကျန်းမာတောက်ဓားကြီးကို အကြိမ်ကြိမ်ဝှေ့ယမ်းခဲ့သော်လည်း ဓားအလင်းတန်း၏တိုက်ခိုက်မှု နှစ်ကြိမ်အတွင်းမှာပင် နှစ်ပိုင်း ကွဲသွားလေသည်။
သူကလည်း ဓားကြောင့် လွင့်စင်သွားပြီး သူ၏ရင်ဘတ်ပေါ်တွင် ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားဒဏ်ရာကြီးတစ်ခု ကျန်ရစ်ခဲ့၏။
ချန်နင်စီရင်စုမှ ဂိုဏ်းခေါင်းဆောင် သုံးဦးအနက် ဆုရှင်း တစ်ဦးတည်းသာ ယိုဓားရှည်၏ထက်မြက်မှုနှင့် လက်ကိုင်ရိုးရှိဘောလုံးငယ်လေး၏စွမ်းအားကို အသုံးပြု၍ဓားသွားကို ဖယ်ရှားနိုင်ခဲ့သော်လည်း သူက ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရဆဲပင်။
ဖန့်တုန်းထင်လည်း သိပ်မသာလှပေ။ သူကိုယ်တိုင်က တိုက်ပွဲ အတွေ့အကြုံ နည်းပါးသည်။
သူက ချင်းချန်ဓားဂိုဏ်းမှ လာသော်လည်း တိုက်ပွဲဝင် ခွန်အားမှာ လူတစ်ဦးနှင့်တစ်ဦး ကွဲပြားသည်။
သူဓားသွားကို ကာကွယ်နိုင်ခဲ့သော်လည်း ဖန့်တုန်းထင်၏လက်များမှာ ထုံကျင်သွားပြီး သူ၏ဓားရှည်မှာ လက်ထဲမှ လွတ်ကျလုနီးပါးဖြစ်သွားခဲ့၏။
ဖန့်တုန်းထင်၏နောက်မှ တစ်လျှောက်လုံး လိုက်ပါလာသော နောက်လိုက်မှာ လူမသိသူမသိဟန်ဖြစ်သော်လည်း တကယ်တမ်းတွင် သူက ချီပင်လယ်အဆင့်ရှိ သိုင်းပညာရှင် တစ်ဦးဖြစ်ပြီး ဖန့်တုန်းထင်ထက် အနည်းငယ်ပိုမိုကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း အမျိုးသား ငါးဦးအနက် နှစ်ဦး ကျဆုံးသွား၏။
ကုန်းချင်းဖုန်းက ရူးသွပ်စွာ ရယ်မောလိုက်ပြီး လေဆင်နှာမောင်းကဲ့သို့ ဖန့်တုန်းထင်ဆီသို့ ထပ်မံ ပြေးဝင်သွားသည်။
ယခင်တစ်ခေါက်က ညဘက်တွင် သူ့ကို တမင်တကာလာရောက်တိုက်ခိုက်ခဲ့သူမှာ ကုန်းချင်းဖုန်း ဖြစ်ကြောင်း ဆုရှင်း ချက်ချင်း သဘောပေါက်သွား၏။
"အာ့ချီ။ သူ့ကို တားထား။" ဖန့်တုန်းထင်က အော်ဟစ်လိုက်ပြီး သူ၏ရေနဲ့မီး တာအိုဓားကို ထုတ်လွှတ်လိုက်သော်လည်း ကုန်းချင်းဖုန်း၏တိုက်ခိုက်မှုကြောင့် တစ်လှမ်းချင်း နောက်ဆုတ်နေရဆဲ ဖြစ်သည်။
အာ့ချီဟု အမည်ရသော နောက်လိုက်မှာ ချင်းချန်ဓားဂိုဏ်း၏တပည့်တစ်ဦး ဖြစ်သော်လည်း သူက ချင်းချန်ဓားဂိုဏ်း၏တိုက်ရိုက် မျိုးဆက် တစ်ဦး မဟုတ်ဘဲ ချင်းချန်ဓားဂိုဏ်း၏ထူးခြားသော သိုင်းပညာဖြစ်သည့် တာအိုဓားကို သင်ကြားထားခြင်း မရှိပေ။
သူက ကာကွယ်ရန်သာမန်ဓားသိုင်းအချို့ကို အသုံးပြုခဲ့သော်လည်း ကံမကောင်းစွာဖြင့် ၎င်းတို့မှာ လုံလောက်သော စွမ်းအား မရှိခဲ့ချေ။
သူ့တွင် တိုက်ပွဲ အတွေ့အကြုံများစွာ ရှိသော်လည်း သူ၏ပြိုင်ဘက်ကို ယှဉ်နိုင်ခြင်း မရှိသေးပေ။
သေချာသည်မှာ ကုန်းချင်းဖုန်းက ဆုရှင်းကိုလည်း မမေ့ခဲ့ပေ။
သူ၏လှုပ်ရှားမှုများမှာ မယုံနိုင်လောက်အောင် မြန်ဆန်လှ၏။ သူက ဖန့်တုန်းထင်နှင့် အာ့ချီတို့ကို ခုနလေးတင် တိုက်ခိုက်နေခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်း သူက ဆုရှင်း၏ရှေ့သို့ ရောက်ရှိနေလေပြီ။
သူ၏ဓားအလင်းတန်းက နဂါးငွေ့တန်း တစ်ခုကဲ့သို့ ကျဆင်းလာသဖြင့် ဆုရှင်းမှာ တစ်လှမ်းချင်း နောက်ဆုတ်သွားရပြီး သူ၏ပါးစပ်ထောင့်မှ သွေးအနည်းငယ် စီးကျလာတော့သည်။
ကုန်းချင်းဖုန်းက ဆုရှင်းကို ကိုင်တွယ်ရန် သူ၏ခွန်အား ငါးပုံတစ်ပုံကိုသာ အသုံးပြုခဲ့သော်လည်း ဆက်တိုက်ဆိုသလို အားကောင်းသော အင်အားကြောင့် ဆုရှင်း၏ကိုယ်တွင်းအင်္ဂါများကို ထိခိုက်ဒဏ်ရာ ရသွားစေခဲ့၏။
သူတို့ သုံးဦး ပူးပေါင်းလျှင်ပင် ကုန်းချင်းဖုန်းကို မယှဉ်နိုင်သေးပေ။
ထိုအချိန်တွင် ဖန့်တုန်းထင်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ရုတ်တရက် အော်ဟစ်လိုက်သည်။ "အာ့ချီ။ ငါ အပြင်ထွက်ပြီး အကူအညီရှာဖို့ အခွင့်အရေးရတဲ့အထိ မင်းသူတို့ကို ဒီမှာ တားထား။"
သူစကားပြောပြီးသည်နှင့် ဖန့်တုန်းထင်က ဓားကို အိမ်ထဲပြန်ထည့်ကာ လှည့်ပြီးမြူထဲသို့ ပြေးဝင်သွားတော့သည်။
အာ့ချီမှာမူ ကုန်းချင်းဖုန်း၏တိုက်ခိုက်မှုများကို အသည်းအသန် ခုခံနေရ၏။
"ချီးပဲ။"
ဤသည်ကိုမြင်သောအခါ ဆုရှင်းမှာ ကျိန်ဆဲသံများထွက်ပေါ်လုနီးပါးဖြစ်သွားခဲ့သည်။
သူတို့သုံးဦး ပေါင်းလျှင် ပြိုင်ဘက်ကို မယှဉ်နိုင်သော်လည်း သူတို့ပ မရှုံးနိမ့်အောင်ထိန်းထားနိုင်သေး၏။
ယခု ဖန့်တုန်းထင်ထွက်ပြေးသွားပြီဖြစ်ရာ ကုန်းချင်းဖုန်း၏ခွန်အားနှင့် တစ်ယောက်ယောက်ကို အနိုင်ယူဖို့ အချိန်အကြာကြီးလိုမှာ မဟုတ်ပေ။
ဆုရှင်းက ထိုခွေးမသားအတွက် အချိန်ဖြုန်းရန် ရည်ရွယ်ချက် မရှိသဖြင့် ဓားကို အိမ်ထဲပြန်ထည့်ကာ နောက်ဆုတ်လိုက်၏။ သို့သော် အာ့ချီကလည်း ခုခံနေရင်းကုန်းချင်းဖုန်းကို ဆုရှင်း ထွက်ပြေးနေသည့် လမ်းကြောင်းသို့ ဦးတည်စေခဲ့သည်။
ထို့အပြင် ကုန်းချင်းဖုန်းကလည်း ဓားအလင်းတန်း တစ်ချက်ကို ရံဖန်ရံခါပစ်လွှတ်ခြင်းဖြင့် ပူးပေါင်းပါဝင်နေသဖြင့် ဆုရှင်း လွတ်မြောက်ရန် မဖြစ်နိုင်တော့ချေ။
"ကျစ် မင်း ရူးနေလား။ ဖန့်တုန်းထင်က မင်းကို သေမင်းဆီပို့နေတာကို ဘာလို့ ဒီလောက်ကြိုးကြိုးစားစားတိုက်ခိုက်နေသေးတာလဲ။ မင်းက ငါ့ကိုပါ ဆွဲချဖို့လိုလို့လား။" ဆုရှင်းက အာ့ချီကို ဟိန်းဟောက်လိုက်၏။