← Chapters

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅) ပန်းတစ်ပွင့်ကိုဆွတ်ခူး၍ အပြုံးတစ်ခုဖြင့် ဗုဒ္ဓအဖြစ်သို့ ပြောင်းလဲခြင်း

အာ့ချီမှာ အသက် သုံးဆယ်အရွယ်ခန့် ရှိပုံရပြီး အလွန် သာမန်ရုပ်ရည်မျိုးရှိ၏။

သူ၏ခွန်အားကို မထုတ်ဖော်မီက ဆုရှင်းက သူ့ကို ဖန့်တုန်းထင်၏သာမန် နောက်လိုက်တစ်ဦးဟုသာ ထင်ခဲ့သည်။

ဆုရှင်း၏ဒေါသတကြီး အော်ဟစ်သံကို ကြားပြီးနောက် အာ့ချီက တည်ငြိမ်စွာပြောလိုက်၏။ "တကယ်လို့ ငါ့သခင်သာမရှိခဲ့ရင် ငါတောထဲမှာ အချိန်ကြာကတည်းက ပုပ်သိုးနေလောက်ပြီ။ ငါ့သခင်လေးရဲ့အသက်အတွက် ငါ့အသက်ကို လဲရတာ တန်ပါတယ်။ မင်းကို တားထားတာက ငါ့သခင်လေးအသက်ဆက်ရှင်ဖို့ အချိန်နည်းနည်း ပိုရစေနိုင်တယ်။ ဒါကြောင့် ငါ့ကို အပြစ်မတင်ပါနဲ့။"

မျက်ကန်းသစ္စာစောင့်သိမှုပင်။

ဆုရှင်းမှာ သူ့ကိုကျိန်ဆဲရန်ပင် အားအင်မရှိတော့ချေ။ ဤကဲ့သို့သော လူမျိုးနှင့် အကြောင်းပြချက် ပေး၍ မရနိုင်ပေ။

ကုန်းချင်းဖုန်းက သူ၏ဓားရှည်ကို ယမ်းလိုက်ရာ ပြင်းထန်သော ဓားအလင်းတန်းက ဆုရှင်းကို တိုက်ရိုက် လွင့်စင်သွားစေပြီး အာ့ချီ၏တိုက်ခိုက်မှုကိုလည်း ထပ်မံ ဖိနှိပ်လိုက်၏။

ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်ရင်း ဆုရှင်းက နောက်ဆုတ်နေသော အာ့ချီ၏ပုံရိပ်ကို အလွန်အေးစက်စွာကြည့်လိုက်သည်။

ဆုရှင်းရှေ့သို့ ထပ်မံ တက်လာသော်လည်း ကုန်းချင်းဖုန်းကိုတိုက်ခိုက်ရန် ဓားကို ဆွဲထုတ်မည့်အစား သူ၏ဘယ်လက်ရှိ ယိုဓားရှည်ကို အာ့ချီဆီသို့ ထူးဆန်းစွာ ထိုးစိုက်လိုက်ရာ ထိုမြင်ကွင်းကို ကုန်းချင်းဖုန်းနှင့် အာ့ချီ နှစ်ဦးစလုံး မမျှော်လင့်ထားခဲ့ကြချေ။

သို့သော် ရှန်းထျန်းသိုင်းပညာရှင် တစ်ဦးဖြစ်သောကြောင့် အာ့ချီက စွမ်းအားကြီးမားသော မူလချီကို ထုတ်လွှတ်လိုက်ရာ ယိုဓားရှည်မှာ အနည်းငယ် လမ်းကြောင်းလွဲသွားပြီး ဆုရှင်း၏ဓားမှာ သူ၏ကိုယ်ပေါ်တွင် သွေးစွန်းသော အရာတစ်ခုသာ ချန်ထားနိုင်ခဲ့၏။

သူတစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ဆုရှင်းမှာ သူ၏ဘေးသို့ ရောက်ရှိနေပြီဖြစ်ပြီး သူ၏ညာလက်ဖြင့် မုန်းတီးခြင်းလက်ဝါးကို ထုတ်လွှတ်လိုက်သည်။

သူ၏အစွမ်းကုန် ခွန်အားဖြင့် ဆုရှင်း၏လက်ဝါးရိုက်ချက်က ဆင်နဂါးသိုင်းကျင့်စဉ်မှ ရရှိလာသော အပိုခွန်အားများနှင့် ပေါင်းစပ်ကာ အာ့ချီ မတုံ့ပြန်နိုင်မီမှာပင် သူ၏ကာကွယ်ရေး အရှိန်အဝါကို ရိုက်ချိုးလိုက်ပြီး သူ့ကို လက်ဝါးတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်တော့သည်။

"မင်းက မင်းရဲ့ကျေးဇူးကို ငါ့ရဲ့အသက်နဲ့ ပြန်ဆပ်ချင်နေမှတော့ မင်းကို သေမင်းဆီ ပို့ပေးရမှာပေါ့။" ဆုရှင်း၏မျက်နှာအမူအရာမှာ တည်ငြိမ်နေ၏။ သူ့ကို သေစေချင်သူ မည်သူ့ကိုမျှအသက်ရှင်ခွင့် ပေးမည် မဟုတ်ချေ။

ကုန်းချင်းဖုန်းက သူ့ရှေ့ရှိ မြင်ကွင်းကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး သူ၏နှုတ်ခမ်းတွင် အားရကျေနပ်သော အပြုံးတစ်ခုပေါ်လာ၏။ "ဆုရှင်း ဆိုတဲ့ နာမည်နဲ့လိုက်ဖက်ပါတယ်။ မင်းက အရင်ကလိုပဲ ရက်စက်ပြီးပြတ်သားတုန်းပဲ။ ငါတို့ရဲ့ဟူနန် သိုင်းလောက မဟာမိတ်အဖွဲ့ကို ပြန်လည် တည်ထောင်မယ်ဆိုရင် မင်းလို အရည်အချင်းရှိတဲ့သူတွေ အရမ်းလိုအပ်မှာ။"

"တကယ်လို့ ငါက ဟူနန်သိုင်းလောကမဟာမိတ်အဖွဲ့ကို ဝင်ဖို့ ဆုံးဖြတ်လိုက်ရင် ငါ့ကို သွားခွင့်ပြုမှာလား" ဆုရှင်းက မေးလိုက်သည်။

ကုန်းချင်းဖုန်း ခေါင်းယမ်းကာ ပြောလိုက်၏။ "မရဘူး။ ငါတို့ ရတနာတွေကို ရရင်တောင် ဟူနန်သိုင်းလောက မဟာမိတ်အဖွဲ့ကို ပြန်လည်တည်ဆောက်ချင်ရင် ငါတို့က လျှို့ဝှက်စွာဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ လိုတယ်။ ဒီကိစ္စကို လူတွေ သိသွားတာနဲ့ နန်းတော်ရော။ ယီဓားဂိုဏ်းရော၊ ချင်းချန်ဓားဂိုဏ်းရော ငါတို့ကိုလွှတ်ထားမှာမဟုတ်ဘူး။"

"ဒီလောကမှာ လျှို့ဝှက်ချက်တွေကို ထိန်းထားနိုင်တဲ့ တစ်ခုတည်းသော အရာက သေသွားတဲ့သူတွေပဲ။ ပေါက်ကြားနိုင်တဲ့ အန္တရာယ်နဲ့ မင်းရဲ့ အရည်အချင်းတွေကြောင့် ငါ တောင်းပန်ပါတယ်လို့ပဲ ပြောနိုင်တယ်။ ဒါပေမဲ့ ဒီနေ့တော့ မင်း သေရလိမ့်မယ်။"

ဆုရှင်း ခေါင်းယမ်းကာ ပြောလိုက်သည်။ "ဘာလို့ ဒုက္ခခံနေဦးမှာလဲ။ ငါက တကယ်တော့ အပြစ်ကင်းတဲ့ လမ်းသွားလမ်းလာ တစ်ယောက်သက်သက်ပါ။ မင်းက ဘာလို့ ငါ့ကို ဒီအထဲဆွဲသွင်းရတာလဲ။"

ကုန်းချင်းဖုန်းက ပြောလိုက်၏။ "အကယ်၍ မင်းက တစ်ယောက်ယောက်ကို အပြစ်တင်ရမယ်ဆိုရင်။ ချန်နင်စီရင်စုက ဒီပြဿနာများတဲ့နေရာမှာ ရှိနေတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လို့ ရမယ်။ ချန်နင်စီရင်စုက ဂိုဏ်းသုံးဂိုဏ်းနဲ့ အဖွဲ့လေးဖွဲ့ထဲမှာ ငါတို့က သွေးစွန်းဝတ်ရုံအဖွဲ့ကိုတော့ အကြံအစည် မလုပ်ရဲဘူး။ ဒါပေမဲ့ တခြားဂိုဏ်းတွေ အားလုံးက ငါတို့ရဲ့တွက်ချက်မှုတွေထဲမှာ ရှိတယ်။"

"တကယ်ပဲ တခြားနည်းလမ်း မရှိတော့ဘူးလား" ဆုရှင်းက မေးလိုက်သည်။

ကုန်းချင်းဖုန်း ခေါင်းယမ်းကာ ပြောလိုက်၏။ "မရှိဘူး။ ဒီနေ့ ဒီရောက်နေတဲ့သူတွေထဲက ဘယ်သူမှ အသက်ရှင်လျက် ထွက်သွားနိုင်မှာမဟုတ်ဘူး။"

ထိုအချိန်တွင် ဆုရှင်း၏မျက်နှာပေါ်တွင် ရုတ်တရက် အပြုံးတစ်ခု ပေါ်လာရာ ကုန်းချင်းဖုန်းမှာ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

"အဲဒီလိုဆိုမှတော့ မင်း သေလိုက်တာ ပိုကောင်းမယ်။"

ဆုရှင်းက ရုတ်တရက် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး လက်ခလယ်နှင့် လက်မကို ညင်သာစွာ ပူးလိုက်ကာ ဗုဒ္ဓလမ်းစဉ်ဝင်တစ်ဦး၏အသွင်အပြင်ဖြင့် ပြုံးလိုက်၏။

သို့သော် ဤကဲ့သို့သော သနားဂရုဏာဆန်သည့် မြင်ကွင်းမှာ ကုန်းချင်းဖုန်း၏မျက်လုံးထဲတွင် သမိုင်းမတင်မီခေတ်က သားရဲတစ်ကောင်ထက် ပို၍ ကြောက်မက်ဖွယ် ကောင်းလှသည်။

သူ ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ "ရှောင်လင် သိုင်းပညာခုနစ်ဆယ့်နှစ်ပါးထဲက တစ်ခုဖြစ်တဲ့ နတ်ဘုရားပန်းခူးလက်ချောင်း ရှောင်လင်ရဲ့တိုက်ရိုက် တပည့်တွေပဲ သင်ယူနိုင်တဲ့ နတ်ဘုရား ပန်းခူးလက်ချောင်းကို မင်းက ဘယ်လိုလုပ်သိတာလဲ။"

သို့သော် ဆုရှင်းက သူ့ကို အဖြေမပေးချေ။ သူက လက်ချောင်းဖြင့်ထိုးပြလိုက်ရာ ဆုရှင်း၏သနားဂရုဏာဆန်သောအပြုံးက ကုန်းချင်းဖုန်းကို ဖုံးလွှမ်းသွား၏။

သူ့ရှေ့ရှိ ဆုရှင်းမှာ ဆုရှင်း မဟုတ်တော့ဘဲ ဗုဒ္ဓ ဖြစ်သွားလေပြီ။

ပန်းတစ်ပွင့်ကို ဆွတ်ခူး၍အပြုံးတစ်ခုဖြင့် ဗုဒ္ဓအဖြစ်သို့ပြောင်းလဲခြင်း။

သူ၏လက်ချောင်းကို တစ်ချက်ခေါက်လိုက်ခြင်းဖြင့် သူက ကုန်းချင်းဖုန်း၏ဓားအဖျားကို ထိလိုက်သည်။

၎င်းမှာ ညင်သာစွာ ထိလိုက်ခြင်းဖြစ်ပုံရသော်လည်း ခေါင်းလောင်းကြီးတစ်ခုကဲ့သို့ ဟိန်းထွက်သွားသော အသံတစ်ခုကို ထွက်ပေါ်လာစေ၏။

ဓားရှည်မှာ အထိအခိုက်မရှိသော်လည်း ကုန်းချင်းဖုန်း၏သွေးကြောများမှာ ချက်ချင်း ကြေမွသွားတော့သည်။

သူက သွေးမှုန်များကို ပါးစပ်မှ ပန်းထုတ်လိုက်ပြီး သူ၏မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေဆဲဖြစ်သော်လည်း သူသည် သေဆုံးနေပြီ ဖြစ်၏။

ယင်းကို မြင်သောအခါ ဆုရှင်းက မြေပြင်ပေါ်သို့ လဲကျသွားသည်။

သူ အလွန်အမင်း မောဟိုက်နေ၏။

ကုန်းချင်းဖုန်း၏တိုက်ခိုက်မှုကို ခုခံနေစဉ်အတွင်း သူက သူ၏အတွင်းအား ထက်ဝက်နီးပါးကို အသုံးပြုခဲ့ပြီး ဖြစ်သည်။

နတ်ဘုရားပန်းခူးမုဒြာကို ယခုလေးတင် အသုံးပြုလိုက်ခြင်းက ဆုရှင်း၏အတွင်းအားကို လုံးဝနီးပါး ကုန်ခန်းသွားစေခဲ့သည်။

မီးလျှံဓားသွားနှင့် နှိုင်းယှဉ်ပါက ဤနတ်ဘုရား ပန်းခူးလက်ဟန်မုဒြာက အတွင်းအား ပိုမို လိုအပ်ပါသည်။

ချီပင်လယ်အဆင့်တွင်ပင် ကျွမ်းကျင်သူတစ်ဦးအဖြစ် သတ်မှတ်ခံရသော ကုန်းချင်းဖုန်းနှင့် ရင်ဆိုင်ရချိန်တွင် ဆုရှင်းက နောက်ဆုံးတွင် သူ၏လျှို့ဝှက်ဖဲချပ်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

တစ်ခါသုံးပစ္စည်း လှဲလည်လိုက်ခြင်းပင်။

ကုန်းချင်းဖုန်းမှာ အလွန်သန်မာလှပြီး ဖန့်တုန်းထင်ထက် အဆပေါင်းများစွာ ပိုမိုသန်မာပေသည်။ ဆုရှင်း၏လက်ရှိ ခွန်အားဖြင့် သူ၏နည်းလမ်းများ အားလုံးကို အသုံးပြုလျှင်ပင် ပြိုင်ဘက်ကို ယှဉ်နိုင်မည် မဟုတ်ချေ။

ဆုရှင်းက ကုန်းချင်းဖုန်းနှင့် ငြိမ်းချမ်းရေး ယူချင်ခဲ့သော်လည်း တစ်ဖက်လူက သူ့ကိုတိုက်ခိုက်ရန် အတင်းအကျပ် တောင်းဆိုနေသဖြင့် ဆုရှင်းက အံကြိတ်ကာ သူ့ကိုမြေအောက်ကမ္ဘာသို့ ပို့ဆောင်ရန် သူ၏ဗီလိန်အမှတ်များကို ဖြုန်းတီးပစ်လိုက်ရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။

ဆုရှင်းက သူနှင့်အတူ အကြောင်းပြချက် နှစ်ခုကြောင့် စကားများနေခဲ့ခြင်းဖြစ်သည်။ ပထမအချက်မှာ ဟန်ဆောင်ရန် ဖြစ်ပြီး ဒုတိယအချက်မှာ သူလဲလှယ်လိုသောသုံးစွဲနိုင်သော ပစ္စည်းများကို ရွေးချယ်ရန် ဖြစ်၏။

နောက်ဆုံးတွင် ဆုရှင်းက ကူမာရကျီဗာမှ အသေးစားသဏ္ဍာန်မဲ့ကျင့်စဉ်ကို အသုံးပြု၍ အတုခိုး ဖန်တီးထားသော ရှောင်လင်သိုင်းပညာ ၇၂ ပါးထဲမှ တစ်ခုဖြစ်သည့် ပန်းခူးလက်ချောင်းကို ရွေးချယ်ခဲ့သည်။

ရိုးရိုးသားသားပြောရလျှင် ဆုရှင်းက ယခင်က ကူမာရကျီဗာဇာတ်ကောင်ကို သိပ်ဂရုမစိုက်ခဲ့သော်လည်း တစ်ခါသုံးပစ္စည်းများကို ရွေးချယ်ရာတွင် ကူမာရကျီဗာတွင် အသေးစားသဏ္ဍာန်မဲ့ ကျင့်စဉ်ရှိနေကြောင်း ဆုရှင်းတွေ့ရှိခဲ့၏။

ထို့အပြင် မူရင်းဗားရှင်းတွင် ကူမာရကျီဗာက ရှောင်လင်၏သိုင်းပညာ ၇၂ ပါးကို အတုခိုးရန် အသေးစားသဏ္ဍာန်မဲ့ကျင့်စဉ်ကို တစ်ခါက အသုံးပြုခဲ့ဖူးသဖြင့် လဲလှယ်နိုင်သော ရွေးချယ်စရာများတွင် ကူမာရကျီဗာ၌လဲလှယ်ရန် မတူညီသော ကျွမ်းကျင်မှုရာဂဏာန်းနီးပါး ရှိလေသည်။

ထို့အပြင် ကျွမ်းကျင်မှု ရာခိုင်နှုန်း ၁၀၀ သို့ ရောက်ရှိသွားသည်နှင့် အသေးစားသဏ္ဍာန်မဲ့ ကျင့်စဉ်ကို အသုံးပြု၍ အတုခိုးထားသော ရှောင်လင် သိုင်းပညာ ၇၂ ပါးပင်လျှင် မူရင်းနီးပါး စွမ်းအားကြီးမားလှသည်။

ရွေးချယ်စရာ အများအပြားထဲမှ ဆုရှင်းက အယပေါက်ကွဲအအပြင်းဆုံးသိုင်းပညာများထဲမှ တစ်ခုဖြစ်သော ပန်းခူးလက်ချောင်းကို ရွေးချယ်ခဲ့၏။

ပန်းခူး လက်ချောင်းနည်းစနစ်ကို အသုံးပြုခြင်းမှာ မီးလျှံဓားသွားနှင့် အတူတူပင်။ ၎င်းကို တစ်ကြိမ်သာ အသုံးပြုနိုင်သော်လည်း ၎င်း၏စွမ်းအားမှာ အလွန် ကြီးမားလှသည်။

လက်ညှိုးတစ်ချက်တည်းဖြင့် ကုန်းချင်းဖုန်း၏သွေးကြောများ အားလုံးကို ကြေမွသွားစေခဲ့သည်။

ယခုအခါ ကုန်းချင်းဖုန်းမှာ အထိအခိုက်မရှိဘဲ သွေးများသာ ဟပ်ထုတ်လိုက်ရသော်လည်း သူ၏သွေးကြောများမှာ ကွဲကြေနေသော ဖန်ခွက်များနှင့် တူနေပြီး အနည်းငယ် ဖိအားပေးလိုက်သည်နှင့် လုံးဝ ကွဲအက်သွားတော့မည်။

သေချာသည်မှာ ဤ ပန်းခူးလက်ချောင်း နည်းစနစ်မှာ စွမ်းအားကြီးမားသော်လည်း ဈေးမပေါပေ။ ၎င်းမှာ ကြယ်သုံးပွင့်ခွဲသုံးစွဲနိုင်သော ပစ္စည်းတစ်ခုဖြစ်ပြီး ဆုရှင်းကို ဗီလိန်အမှတ် ၃၂၀ ကုန်ကျစေခဲ့သည်။

တစ်ခါသုံးပစ္စည်းများ၏ဈေးနှုန်းမှာ စနစ်ဈေးဆိုင်များရှိ ဈေးနှုန်း၏ဆယ်ပုံတစ်ပုံဖြစ်သည်။

ပန်းခူးလက်ချောင်းကျွမ်းကျင်မှုမှာ ဆိုင်တွင် ကြယ်သုံးပွင့်ခွဲအဆင့်သတ်မှတ်ခံထားရပြီး ဗီလိန်အမှတ် ၃၂၀၀ ကုန်ကျရာ မူလတန်ဖိုး၏ဆယ်ပုံတစ်ပုံသာဖြစ်သော်လည်း ၎င်းမှာ များပြားသော ဈေးနှုန်းတစ်ခုဖြစ်သေး၏။

ဆုရှင်းတွင် ဗီလိန်အမှတ် စုစုပေါင်း ၁၃၀၀ သာ ရှိပြီး ယခုအခါလေးပုံတစ်ပုံကို သုံးစွဲလိုက်ရသဖြင့် သူ့အတွက် အတော်လေးနာကျင်စရာပင်။

ရှောင်လင် သိုင်းပညာ ၇၂ ပါးထဲတွင် စွမ်းအားမှာ ကြယ်နှစ်ပွင့်မှ လေးပွင့်အထိ ရှိသည်။

ကြယ်သုံးပွင့် ကျွမ်းကျင်မှုများမှာဈေးပေါပြီး ဗီလိန်အမှတ် ၁၆၀ သာ လိုအပ်ပေသည်။

သို့သော် ကြယ်သုံးပွင့်အဆင့် တစ်ခါသုံးပစ္စည်းတစ်ခုက ကုန်းချင်းဖုန်းကို သတ်နိုင်မည် မဟုတ်မည်ကို ဆုရှင်းစိုးရိမ်ခဲ့ပြီး ထိုသို့ဖြစ်ပါက သူဘက်က အားနည်းချက်ဖြစ်သွားမည်။

စနစ်တွင် တစ်ခါသုံးပစ္စည်းများနှင့် ပတ်သက်၍ ကန့်သတ်ချက်များ ရှိသည်။ တစ်ခါသုံးပစ္စည်းတစ်ခုကို အသုံးပြုပြီးနောက် နောက်တစ်ကြိမ် အသုံးမပြုမီ တစ်နာရီစောင့်ရမည်ဖြစ်ပြီး တစ်ရက်လျှင် သုံးကြိမ်သာ အသုံးပြုနိုင်ပါသည်။

အကယ်၍ ကြယ်သုံးပွင့် တစ်ခါသုံးပစ္စည်းကို အသုံးပြုပြီး ကုန်းချင်းဖုန်းကို မသတ်နိုင်ပါက ၎င်းမှာ ဘေးအန္တရာယ် တစ်ခုဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ဆုရှင်းက စိတ်ချရစေရန် တစ်ချက်တည်းဖြင့် သတ်နိုင်ရန်ကြယ်သုံးပွင့်ခွဲအဆင့် ဝစ်ခါသုံးပစ္စည်းကို တိုက်ရိုက် အသုံးပြုရန် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။

မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ခဏတာ အနားယူပြီးနောက် ခွန်အားအချို့ပြန်လည် ရရှိလာချိန်တွင် ဆုရှင်းက ရှဲ့ကျစ်ယန်နှင့် ကျန်းလင်တို့ တိုက်ခိုက်နေသည့် နေရာသို့ တိုက်ရိုက် သွားရောက်ခဲ့သည်။

သူ ရုတ်တရက်ကြင်နာစိတ်များ ပေါက်ဖွားလာပြီး ရှဲ့ကျစ်ယန်ကို ကယ်တင်ရန် သူရဲကောင်း တစ်ဦး ဖြစ်ချင်နေ၍ မဟုတ်ဘဲ ရှဲ့ကျစ်ယန်သာ ကျန်းလင်၏လက်ချက်ဖြင့် သေဆုံးသွားပါက သူကိုယ်တိုင်လည်း အသက်ရှင်နိုင်မည် မဟုတ်ကြောင်း သိထားသောကြောင့်ပင်။

တစ်ခါသုံးပစ္စည်းများ ရှိနေလျှင်ပင် ဆုရှင်းက ရှေးဦးဝိညာဉ်အဆင့်တွင်ရှိသော ကျန်းလင်ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက် မရှိပေ။

တစ်ခါသုံးပစ္စည်းများက နည်းစနစ်တစ်ခု၏အဆင့်တစ်ခုတွင် ကျွမ်းကျင်မှုကို ၁၀၀% သို့သာ မြှင့်တင်ပေးသည်။

နည်းစနစ်မှ ထုတ်လွှတ်နိုင်သော အစစ်အမှန် စွမ်းအားမှာ မိမိ၏ကိုယ်ပိုင် ခွန်အားအပေါ်တွင်သာ မူတည်နေသေး၏။

ဟောက်ထျန်း အထွတ်အထိပ်အဆင့် နှင့် ရှန်းထျန်းချီပင်လယ်အဆင့်တို့မှာတူညီသော အဆင့်ရှိ တစ်ခါသုံးပစ္စည်းများဖြင့် ထုတ်လွှတ်နိုင်သော စွမ်းအားမှာ လုံးဝ ကွာခြားပေလိမ့်မည်။

မနီးမဝေးတွင် မန်ချန်ဟယ်နှင့် ဟယ်ထျန်းတို့သည် မြေပြင်ပေါ်တွင် လဲကျနေပြီး သူတို့၏ကံကြမ္မာကို မသိရသော်လည်း သူတို့ အသက်ရှူနေဆဲပင်။

သို့သော် ဆုရှင်းက သူတို့ကို လျစ်လျူရှုထားခဲ့၏။

*သူတို့လဲကျနေချိန်မှာ ငါက ထပ်မနင်းခဲ့တာတောင် အံ့ဖွယ်တစ်ခုဖြစ်နေပြီ။ သူတို့ကို ငါက ဘယ်လိုလုပ် ကယ်နိုင်မှာလဲ။*

တစ်ချိန်တည်းမှာပင် ရှဲ့ကျစ်ယန်နှင့် ကျန်းလင်တို့၏တိုက်ပွဲမှာ ဆုရှင်း၏တိုက်ပွဲထက် များစွာ ပိုမို ပြင်းထန်နေ၏။

လူသားအဆင့်သတ်မှတ်ချက်တွင် အဆင့် ၇၈ နေရာတွင်ရှိနေပြီး တစ်နှစ်အတွင်း နတ်သမီးဟူသော နာမည်ပြောင်ကို ရရှိခဲ့သော ရှဲ့ကျစ်ယန်၏စွမ်းအားမှာ သေချာပေါက် စကားလုံးသက်သက် မဟုတ်ပေ။

ယီဓားဂိုဏ်း၏ယီကျန့်အရှိန်အဝါစစ်ဆေးခြင်းနည်းစနစ်မှာ မယုံနိုင်လောက်အောင် စွမ်းအားကြီးမားလှသည်။

၎င်းမှာ သိုင်းပညာတစ်ခု မဟုတ်ဘဲ ဓားကို အသုံးပြုသည့် အလွန်အခြေခံကျသော နည်းလမ်းတစ်ခုမျှသာဖြစ်သော်လည်း ၎င်းက အချို့သော အဆင့်မြင့် သိုင်းပညာများထက်ပင် ပိုမို စွမ်းအားကြီးမားသည်။

သို့သော် ဓားသိုင်းက မည်မျှပင်သန်မာစေကာမူ ၎င်းကို ခွန်အားဖြင့် ပံ့ပိုးပေးရန် လိုအပ်သေး၏။ နတ်တံခါးအဆင့် ခွန်အားရှိသော ကျန်းလင်က ရှဲ့ကျစ်ယန်ကို လုံးဝ ဖိနှိပ်ထားနိုင်ခဲ့သည်။

သူက သူ၏ လက်ထဲရှိ သွယ်လျသော မိုးမခရွက်ဓားကို အသုံးပြု၍ အရှေ့သို့စီးဆင်းမှုကို ဖြတ်တောက်ခြင်းဟူသော ခမ်းနားကြီးကျယ်သည့် ဓားသိုင်းကိုဖော်ဆောင်ခဲ့ရာ ၎င်းမှာ လုံးဝ ရုတ်တရက် ဆန်လွန်းသည်ဟု မခံစားရပေ။

နှစ်ဖက်စလုံး တိုက်ခိုက်နေသည်မှာ တစ်နာရီ၏ လေးပုံတစ်ပုံပင် မပြည့်သေးပေ။

ကျန်းလင်မှာ အချိန်များစွာ ပိုနေသေးပုံရသော်လည်း ရှဲ့ကျစ်ယန်၏မျက်နှာမှာ ချွေးသီးချွေးပေါက်များဖြင့် ဖုံးလွှမ်းနေပြီး အခြေအနေကို ကိုင်တွယ်ဖြေရှင်းရသဖြင့် အနည်းငယ် မောပန်းနေပြီဖြစ်၏။

ကျန်းလင်က ခေါင်းယမ်းကာ ပြောလိုက်သည်။ "ယီဓားဂိုဏ်းရဲ့ နတ်သမီးရှဲ့ကျစ်ယန်က တကယ်ကို ဘယ်ယောကျ်ားနဲ့မဆို တန်းတူ အရည်အချင်း ရှိတာပဲ။ ကံမကောင်းတာက ဒီနေ့ မင်း သေရဦးမှာပဲ။"

ရှဲ့ကျစ်ယန်က ရုတ်တရက် ပြောလိုက်၏။ "အဲဒါက သေချာပေါက် မမှန်ပါဘူး။ ယီဓားဂိုဏ်းရဲ့ကြီးမြတ်တဲ့ ဓားသိုင်းလေးခုဖြစ်တဲ့ အသက်၊ သေခြင်း၊ အတွေး နဲ့ ပျက်စီးခြင်း ထဲက ကျွန်မ ဘယ်ဟာကို ကျင့်ကြံနေလဲလို့ ရှင်မေးခဲ့တာကို မှတ်မိလား။ ကောင်းပြီ။ အခု ကျွန်မ ပြောပြမယ်။ ကျွန်မက ပျက်စီးခြင်း နည်းစနစ်ဖြစ်တဲ့ အထွတ်အထိပ်ကပ်ဘေးကိုးခု ဓားကို ကျင့်ကြံနေတာ။"

သူမ စကားပြောပြီးသည်နှင့် ရှဲ့ကျစ်ယန်၏ဓားမှ တောက်ပသောအလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာရာ ၎င်းမှာတစ်ကမ္ဘာလုံးရှိ တစ်ခုတည်းသော ဓားဖြစ်သကဲ့သို့ ပင်။

ဓားရှည်၏ ပုံရိပ်မှာ ကျန်းလင်၏မျက်လုံးများထဲတွင် ကွဲကြေသွားသော်လည်း ထို့နောက် သူ၏ရှေ့တွင် မှုန်ဝါးဝါး ဓားအရိပ်တစ်ခုအဖြစ် ထူးဆန်းစွာ စုစည်းသွားကာ သူ၏ရင်ဘတ်ဆီသို့ ထိုးစိုက်လာတော့သည်။

ကျန်းလင်က သူ့ကိုယ်သူ ကာကွယ်ရန် သူ၏မိုးမခရွက်ဓားကို ဝှေ့ယမ်းခဲ့သော်လည်း မမြင်ရသော ဓားအရိပ်ကို သူမပိတ်ဆို့နိုင်ကြောင်း တွေ့ရှိလိုက်ရသဖြင့် ထိတ်လန့်သွားခဲ့၏။

၎င်းက သူ၏နှလုံးသားကို ထိုးဖောက်ဝင်ရောက်သွားချိန်တွင် သွေးတစ်စက်မျှ မထွက်ခဲ့သော်လည်း သူ၏အသက်စွမ်းအင်များ အားလုံးမှာ ချက်ချင်း ငြိမ်းသတ်ခံလိုက်ရသည်။

အထွတ်အထိပ်ကပ်ဘေးကိုးခု - ကောင်းကင်ဘုံ၏လမ်းစဉ်မှာ ရက်စက်၏။ ကပ်ဘေးတစ်ခုစီက ကောင်းကင်သစ် တစ်ခုကို ကိုယ်စားပြုသည်။

ယီဓားဂိုဏ်း၏ကြီးမြတ်သော ဓားသိုင်း လေးခုအနက် အစွမ်းအထက်ဆုံးမှာ ပျက်စီးခြင်း နည်းစနစ်ဖြစ်သော အထွတ်အထိပ်ကပ်ဘေးကိုးခု ဓားပင် ဖြစ်သည်။

ရှဲ့ကျစ်ယန်က မြေပြင်ပေါ်သို့ လဲကျသွားပြီး သူမ၏ဓားရှည်မှာ ပြာအဖြစ် ပြောင်းလဲသွားသည်။

အထွတ်အထိပ်ကပ်ဘေးကိုးခုဓား၏ စွမ်းအားမှာ အလွန် ကြီးမားလှ၏။ ၎င်းမှာ သူမ၏လက်ရှိ ထိန်းချုပ်နိုင်စွမ်းထက် လုံးဝကျော်လွန်နေသည်။

သူမတောင်ပေါ်မှ မဆင်းမီ သူမ၏ဆရာက သူမ၏ဓားထဲသို့ သူ၏ကိုယ်ပိုင် ဓားဆန္ဒကို ထည့်သွင်းပေးခဲ့သောကြောင့် အထွတ်အထိပ်ကပ်ဘေးကိုးခုဓားကို သူမ အသုံးပြုနိုင်ခဲ့ခြင်းဖြစ်ပြီး သိုင်းကွက်ကို အပြည့်အဝ ထုတ်ဖော်နိုင်စေခဲ့ခြင်း ဖြစ်၏။

သူမဆရာ၏ဓားဆန္ဒ ပံ့ပိုးမှုဖြင့်ပင် သူမက လှုပ်ရှားမှု တစ်ခုတည်းဖြင့် သူမ၏ခွန်အားအားလုံး လုံးဝ ကုန်ခန်းသွားပြီး သူမ မတ်တပ်ပင် မရပ်နိုင်တော့ချေ။

ကုန်းချင်းဖုန်းနှင့် ဆုရှင်းတို့ ထွက်သွားသော နေရာကိုကြည့်ရင်း ရှဲ့ကျစ်ယန်က သူမဘာသာ တွေးလိုက်၏။

*ဆုရှင်း ရှင်ကံကောင်းပါစေ။ ရှင်တစ်ခုခု တကယ်ဖြစ်သွားရင်။ ကျွန်မ ရွှမ်းအာကို သေချာ ဂရုစိုက်ပေးပါ့မယ်။*

အခန်း (၉၆) လူသေတွေကပဲ လျှို့ဝှက်ချက်တွေကို သိမ်းထားနိုင်တာ

ထိုအချိန်တွင် ဆုရှင်း ဘာလုပ်နေသနည်းဆိုရလျှင် ကံမကောင်းစွာဖြင့် သူလမ်းပျောက်နေခြင်းဖြသ်နေ၏။

မြေအောက်နန်းတော်ကြီးက မြူများဖြင့် ဖုံးလွှမ်းနေ၏။ သူ ကီလိုမီတာအတော်များများ ပြေးလာခဲ့ပြီးဖြစ်ပြီး ရှဲ့ကျစ်ယန်နှင့် ကျန်းလင်တို့ထံသို့ ပြေးသွားသော်လည်းတစ်မိနစ်ကြာကအထိ သူတို့ကို မတွေ့ရတော့ပေ။

ဆုရှင်းက အစပိုင်းတွင် ရှဲ့ကျစ်ယန် ကိုယ့်ဘာသာ ထွက်ပြေးသွားသည်ဟု ထင်ခဲ့သော်လည်း မြေပြင်ပေါ်၌ တိုက်ပွဲဖြစ်ထားသော လက္ခဏာများ မတွေ့ရသောအခါ သူလမ်းပျောက်သွားပြီဖြစ်ကြောင်း သဘောပေါက်သွားသည်။

အခြား ရွေးချယ်စရာ မရှိတော့သဖြင့် ဆုရှင်းက မြေပြင်ပေါ်တွင် လျှို့ဝှက်အမှတ်အသား လုပ်ကာ ရှဲ့ကျစ်ယန်ကို တွေ့နိုင်မလားဆိုသည်ကို သိရှိရန် အခြားနေရာများကို သတိထား၍ စူးစမ်းရှာဖွေရတော့သည်။

ဤမြူများထဲတွင် မြင်နိုင်စွမ်းမှာ ခြေသုံးလှမ်းခန့်ပင် မရှိဘဲ ဦးတည်ရာ အာရုံခံနိုင်စွမ်းလည်း လုံးဝနီးပါး ပျောက်ဆုံးနေသဖြင့် ကံတရားကိုသာ အားကိုးရတော့မည်။

ဆယ့်ငါးမိနစ်ခန့် လမ်းလျှောက်ပြီးသောအခါ ရှေ့ရှိ မြူထူများမှာ တဖြည်းဖြည်းပါးလာပြီး ဆုရှင်း၏မျက်စိရှေ့တွင် ဂိုဒေါင်များ ပေါ်လာလေသည်။

ဂိုဒေါင် ဆယ်ခုကျော်ရှိပြီး ရွှေ၊ ငွေ၊ လက်နက်၊ ဆေးဝါးနှင့် သိုင်းပညာ စသည့် အမည်များ ရေးသားထားသည်။ ၎င်းတို့မှာ ခြင်္သေ့ရူး တုယွမ်ရှန့်က တာ့ကျိုးမင်းဆက်နှင့်အတူ အရှေ့ကျင်မင်းဆက်ကို တိုက်ခိုက်စဉ်က လုယက်လာခဲ့သော အမျိုးမျိုးသော ပစ္စည်းများဖြစ်ကြောင်း ထင်ရှားသည်။

မထင်မှတ်ဘဲ ကံကောင်းထောက်မစွာဖြင့် ဤနေရာသို့ ရောက်ရှိလာခြင်းပင်။

သို့သော် ဤရတနာတိုက်များတွင်လည်း သော့ငါးချောင်းအတွက် အပေါက်များရှိနေပြီး ၎င်းတို့ကို ဖွင့်ရန် ထိုသော့ငါးချောင်းလိုအပ်ကြောင်း ပြသနေသည်။

ထိုအချိန်တွင် အနောက်မှ ကျယ်လောင်သော ရယ်မောသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

"ဟားဟားဟား။ ခြင်္သေ့ရူး တုယွမ်ရှန့်ရဲ့ ရတနာက တကယ်ရှိလိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး။ ငါ လွတ်သွားတာနဲ့ ဟူနန်မှာရှိတဲ့ ချင်းချန်ဓားဂိုဏ်းက တာဝန်ခံကို ချက်ချင်းအကြောင်းကြားမယ်။ ဒီရတနာက ငါတို့ ချင်းချန်ဓားဂိုဏ်းပဲ ပိုင်သင့်တယ်။"

ဖန့်တုန်းထင်က မြူများထဲမှ ထွက်ပေါ်လာပြီး ဆုရှင်းကို မြင်သောအခါ အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

"မင်း မသေသေးဘူးလား။ အာ့ချီရော။"

ဆုရှင်းက တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

"သူ သေသွားပြီ။ ကုန်းချင်းဖုန်းလည်း သေပြီ။"

ဖန့်တုန်းထင်က ဂရုမစိုက်သော ပုံစံဖြင့် ပြောလိုက်သည်။

"ကုန်းချင်းဖုန်းသေတာ ကောင်းတာပေါ့။ ရှဲ့ကျစ်ယန်က ကျန်းလင်ကို တားထားရင် သူတို့ ဒီနေရာကို ခဏအတွင်းရှာတွေ့နိုင်မှာ မဟုတ်ဘူး။"

ဖန့်တုန်းထင်၏ဂရုမစိုက်သော သဘောထားကို မြင်သောအခါ ဆုရှင်း မနေနိုင်ဘဲ မေးလိုက်သည်။

"အာ့ချီက မင်းအတွက် အသက်စွန့်ခဲ့တာလေ။ သူ့အပေါ် နည်းနည်းလေးတောင် သံယောဇဉ် မရှိဘူးလား။"

ဖန့်တုန်းထင်က လှောင်ပြောင်လိုက်၏။

"ငါ့ရဲ့ဖန့်မိသားစုက မွေးထားတဲ့ ခွေးတစ်ကောင်ပဲလေ။ သေတော့ ဘာဖြစ်လဲ။ သံယောဇဉ် ရှိစရာ အကြောင်းမရှိဘူး။"

"ငါ့အဖေသာ သူ့ကို မကယ်ခဲ့ရင် သူ တောနက်ထဲမှာ တောကောင်တွေ ကိုက်စားခံရတာကြာပြီ။"

"ငါ့ရဲ့ဖန့်မိသားစုက သူ့ကို မွေးပြီး သိုင်းပညာ သင်ပေးခဲ့တာ။ အခု အဲဒီကျေးဇူးကို ပြန်ဆပ်ရမယ့် အချိန်ပဲ။"

ဆုရှင်းသည် ဖန့်တုန်းထင်ကို အေးစက်စွာ ကြည့်လိုက်ပြီး နာမည်ကြီး ဂိုဏ်းတစ်ခုမှ ဤတပည့်က မည်မျှအထိ စိတ်ထားရက်စက်နိုင်ကြောင်းကို တွေးတောနေမိသည်။

သို့သော် အာ့ချီမှာလည်း သနားစရာကောင်းသလို မုန်းစရာလည်း ကောင်းသူတစ်ဦးဖြစ်သည်။ သူက ဤသို့သော လူမျိုးအပေါ်အဆုံးအထိ မျက်ကန်းသစ္စာခံနေခဲ့သဖြင့် သူလည်း သေသင့်ပေသည်။

ဖန့်တုန်းထင်က ခါးမှ သူ၏ထင်းရှူးစေ့ပုံစံ ဓားရှည်ကို ဆွဲထုတ်ကာ လှောင်ပြုံးပြုံးလိုက်၏။

"ဆုရှင်း။ ပြီးခဲ့တဲ့တစ်ခေါက်က အဲဒီမိန်းမ ရှဲ့ကျစ်ယန်အတွက် မင်း ငါ့ကို စော်ကားရဲတယ်။ ငါတို့ ဒီစာရင်းကို အစောကြီး ဒါမှမဟုတ် နောက်ကျရင် ရှင်းရမယ်လို့ ငါ ပြောခဲ့တယ်။ ဒီနေ့ မင်း မမြင်သင့်တာကို မြင်သွားပြီဆိုတော့ အခုပဲ ဒီစာရင်းကို ရှင်းကြတာပေါ့။"

"ငါ မမြင်သင့်တာကို မြင်သွားတယ် ဟုတ်လား။"

ဆုရှင်းက ရတနာများ ပြည့်နေသော ဂိုဒေါင်ကို ကြည့်ရင်း မေးလိုက်သည်။

"ခြင်္သေ့ရူး တုယွမ်ရှန်ါရဲ့ ရတနာကို ပြောတာလား. မင်း အရမ်း တွေးလွန်းနေပြီ။ အခု ငါတို့မှာ ကြောက်စရာကောင်းတဲ့ ရန်သူ ကျန်းလင် ရှိနေသေးတယ်။ မင်းက ကိုယ့်လူကို ပြန်သတ်ချင်နေတာလား။"

ဖန့်တုန်းထင်က လှောင်ပြုံးပြုံးလိုက်သည်။

"ကျန်းလင်က ရှဲ့ကျစ်ယန်နဲ့ တိုက်နေတုန်းဆိုတော့ ဒီနေရာကို ဒီလောက်မြန်မြန် ရှာတွေ့မှာ မဟုတ်ဘူး။"

"ငါ့ရဲ့ နောက်လိုက်တစ်ယောက် အပြင်မှာ ရှိတယ်။ ငါ ပျောက်နေတာ ကြာပြီဆိုတာကို သူ သိရင် ငါ့ရဲ့ စီနီယာအစ်ကိုနဲ့ ဦးလေးကို သေချာပေါက် အကြောင်းကြားလိမ့်မယ်။ အဲဒီအခါ ဟူနန်မှာရှိတဲ့ ငါတို့ ချင်းချန်ဓားဂိုဏ်းက လူတွေ အကုန်လုံး စုစည်းလာပြီး ဒီရတနာက ငါတို့ဟာ ဖြစ်သွားမယ်။"

"ဒါကြောင့် ရတနာရှိတဲ့နေရာကို သိတဲ့သူတိုင်း သေရမယ်။ အို... အပြင်မှာ စောင့်နေတဲ့ မင်းရဲ့ လင်းယုန်ပျံဂိုဏ်းဝင်တွေလည်း ရတနာရှိတဲ့နေရာကို သိနေတယ်ဆိုတော့ တောင်းပန်ပါတယ်။ သူတို့လည်း သေရလိမ့်မယ်။"

"မင်းတို့ ချင်းချန်ဓားဂိုဏ်းက မင်းတစ်ယောက်တည်း မဟုတ်ဘူးလား။"

ဆုရှင်း ချက်ချင်း အံ့အားသင့်သွားလေသည်။

ဖန့်တုန်းထင်က တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

"ငါတို့ ချင်းချန်ဓားဂိုဏ်းက ဓားဂိုဏ်းငါးဂိုဏ်းထဲက တစ်ခုလေ။ ခြင်္သေ့ရူး တုယွမ်ရှန့်ရဲ့ ရတနာသော့ ရုတ်တရက်ပေါ်လာပြီး ရက်အနည်းငယ်အကြာမှာ ပဉ္စမမြောက် သော့အကြောင်း သဲလွန်စ ပေါ်လာတယ်။ ဒါက တိုက်ဆိုင်မှုဆိုတာ..."

"သရဲတောင်ယုံမှာ မဟုတ်ဘူး။"

"ဒါပေမဲ့ ဘေးကင်းအောင် ငါတို့ ချင်းချန်ဓားဂိုဏ်းက သူတို့ကို သတိမပေးခဲ့ဘူး။ ငါ့ကို ပေါ်ပေါ်ထင်ထင်လွှတ်လိုက်ပေမဲ့ ချန်နင်စီရင်စုနားက ချန်ကျိုးစီရင်စုမှာ ရှန်းထျန်းသိုင်းပညာရှင် တချို့ကို လျှို့ဝှက်တပ်စွဲထားတယ်။ ငါ့ဆီက သတင်းရတာနဲ့ ချန်နင်စီရင်စုကို နေ့ဝက်အတွင်း ရောက်လာနိုင်တယ်။"

လောကရှိ သူရဲကောင်းများကို သူ တကယ်ပင် အထင်သေးမိခဲ့ကြောင်း ဆုရှင်း သူ့ဘာသာ တွေးလိုက်မိသည်။

ကျန်းလင်နှင့် ကုန်းချင်းဖုန်းတို့၏အစီအစဉ်မှာ သိပ်၍ ဉာဏ်ကောင်းလှသည်တော့ မဟုတ်ပေ။ သို့သော် ခြင်္သေ့ရူး တုယွမ်ရှန့် လုံးဝ ပျောက်ကွယ်သွားပြီဖြစ်ကာ သုံးခုမြောက် ဟူနန် သိုင်းလောက မဟာမိတ်အဖွဲ့ကြီး ပြိုကွဲသွားခဲ့သည်မှာ ကြာပြီဟု လူတိုင်းက ယူဆထားခဲ့ကြသည်။

အကြွင်းအကျန် လူနှစ်ယောက် ကျန်နေသေးမည်ဟု သူတို့ မထင်ခဲ့ကြသောကြောင့် မည်သူကမျှ သူတို့ကို သံသယမဝင်ခဲ့ကြခြင်းဖြစ်သည်။

အသေးအဖွဲ သဲလွန်စလေးရရုံဖြင့် တစ်ခုခု မှားယွင်းနေပြီဆိုသည်ကို ဆုရှင်း အာရုံခံမိနိုင်ပါက ချင်းချန်ဓားဂိုဏ်းမှ လူများကလည်း အရူးများသာ မဟုတ်သည်မှာ သေချာသည်။

သူတို့တွင်လည်း သူတို့၏ကိုယ်ပိုင် သံသယများ ရှိနေမည်သာ ဖြစ်၏။

သို့သော် ချင်းချန်ဓားဂိုဏ်းမှာ အရမ်း သတိထားလွန်းနေသည်။ ဟူနန်တောင်ပိုင်းတွင် ရှန်းထျန်း သိုင်းပညာရှင် အများအပြားကိုပင် ချုံခိုစောင့်ဆိုင်းနေစေခဲ့၏။

ဖန့်တုန်းထင် အပြင်ထွက်ကာ တုယွမ်ရှန့်၏ရတနာတည်နေရာကို သိသူတိုင်းကို သတ်ဖြတ်လိုက်မည်ဆိုပါက သူတို့ ချင်းချန်ဓားဂိုဏ်းက ရတနာအားလုံးကို လက်ဝါးကြီးအုပ်နိုင်ပါလိမ့်မည်။

ဖန့်တုန်းထင်က မျက်နှာအမူအရာ အမျိုးမျိုး ပြောင်းလဲနေသော ဆုရှင်းကို ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းတွင် လှောင်ပြုံးတစ်ခု ပေါ်လာလေသည်။

"အခု မင်း အများကြီး သိသွားပြီဆိုတော့ အေးအေးချမ်းချမ်း သွားလို့ရပါပြီ။"

"အဲဒီတုန်းက မင်း ငါ့ကို ကူညီဖို့ ရွေးချယ်ခဲ့ရင် မင်းအသက်ကို ချမ်းသာပေးလို့ ရတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ မင်းက ရှဲ့ကျစ်ယန်ကို ရွေးချယ်ခဲ့တယ်။"

"မှတ်ထား နောက်ဘဝမှာ ဘက်ရွေးတဲ့အခါ သေချာရွေး။ မဟုတ်ရင် မင်း သေသွားနိုင်တယ်။"

ဖန့်တုန်းထင်က ဆုရှင်း၏နောင်တရပြီး ထိတ်လန့်နေသော မျက်နှာအမူအရာကို တကယ် မြင်ချင်ခဲ့သော်လည်း ဆုရှင်း၏မျက်နှာအမူအရာမှာ လုံးဝ မပြောင်းလဲခဲ့ပေ။ သူက ပြန်လည် မေးခွန်းထုတ်လိုက်၏။

"အဲဒီတုန်းက ငါမင်းကို ရွေးချယ်ခဲ့ရင် အခု မင်း ငါ့ကို တကယ်ပဲ မသတ်ဘူးလား။ သေသွားတဲ့သူတွေပဲ လျှို့ဝှက်ချက်တွေကို ထိန်းထားနိုင်တယ်။ အဲဒါကို လူတော်တော်များများ သဘောတူမယ်လို့ ငါယုံတယ်။"

ဆုရှင်းက ဖန့်တုန်းထင်၏အဓိပ္ပာယ်မရှိသော စကားများကို သေချာပေါက် ယုံကြည်မည် မဟုတ်ပေ။ ဤသို့သော စိတ်ထားရက်စက်သူက ကိုယ့်အကျိုးစီးပွားကို အမြဲတမ်းပထမနေရာတွင် ထားလေ့ရှိသည်။

ဆုရှင်းက သူ၏ဘက်တွင် ရှိနေရုံဖြင့် ရတနာတည်နေရာ ပေါက်ကြားနိုင်သည့် အန္တရာယ်ကို သူ မည်သို့လုပ်၍ ဤအတိုင်းထားမည်နည်း။

ဖန့်တုန်းထင်က တမင်သက်သက် ပြောဆိုနေခြင်း ဖြစ်ပြီး ဆုရှင်းကို မသတ်မီ သူ အရူးလုပ်ခံရသည်ကို မြင်ချင်၍သာဖြစ်သည်။

ကံမကောင်းစွာဖြင့် ဆုရှင်းက သူလုပ်ခဲ့သောအရာများအတွက် ဘယ်သောအခါမျှ နောင်တမရတတ်ပေ။

မှန်လျှင် မှန်သည်။ မှားလျှင် မှားသည်။ နောင်တရနေ၍လည်း ဘာအကျိုးရှိမည် မဟုတ်ပေ။ အရေးကြီးသည်မှာ မိမိ၏အမှားများမှ သင်ယူပြီး ထပ်မလုပ်မိရန်သာဖြစ်၏။

ဖန့်တုန်းထင်က ဆုရှင်းက သူ၏ရည်ရွယ်ချက်ကို သိရှိသွားသည်ကို အလွန်မကျေမနပ်ဖြစ်သွားသည်။ သူက ဆုရှင်းနှင့် စကားပိုပြောမနေတော့ဘဲ ဓားဖြင့် တိုက်ရိုက် တိုက်ခိုက်တော့၏။

သူ၏လက်ထဲရှိ ထင်းရှူးစေ့ပုံစံသံဓားတွင် ရေနှင့်မီးဟူသော မတူညီသည့် မူလချီနှစ်ခု ပါဝင်နေသည်။ ထိုစွမ်းအားနှစ်ခု ဆုံတွေ့သောအခါ ထင်းရှူးစေ့ပုံစံသံဓားတွင် မီးနီရောင်နှင့် ရေခဲပြာရောင် အရောင်များ သဲ့သဲ့လေး ပေါ်လာသည်။

ချင်းချန်ဓားဂိုဏ်း၏ရေနှင့်မီး တာအိုဓားက တကယ်ပင် ထူးဆန်းလှ၏။ မတူညီသော စွမ်းအားများကို ရောနှောကာ သဘာဝတရားအတိုင်း လိုက်နာထားသော်လည်း ၎င်းကို ဓားမှတစ်ဆင့် ပြောင်းလဲဖန်တီးထားခြင်းဖြစ်ရာ အကောင်းဆုံးသောအခြားရွေးချယ်စရာ ဓားသိုင်းတစ်ခု ဖြစ်လာစေသည်။

သို့သော် ဖန့်တုန်းထင်၏ကိုယ်ပိုင် ခွန်အားမှာ ဤဓား၏အစွမ်းအပြည့်အဝကို ထုတ်ဖော်ရန် မလုံလောက်ခဲ့ပေ။ သူက ခွန်အားလုံလုံလောက်လောက် ရှိသော်လည်း ဤဓား၏အစစ်အမှန် အဓိပ္ပာယ်ကို ဘယ်သောအခါမျှ နားမလည်ခဲ့ပေ။

ဤအချိန်တွင် သူ့ထံသို့ တည့်တည့် ထိုးလာသော ရေနှင့်မီး တာအိုဓားကို ကြည့်ရင်း အကြောင်းပြချက် တစ်ခုခုကြောင့် ရှဲ့ကျစ်ယန်က ဖန့်တုန်းထင်ကို တိုက်ခိုက်ရန် ယီကျန့်အရှိန်အဝါစစ်ဆေးခြင်းနည်းစနစ်ကို အသုံးပြုခဲ့သည့် မြင်ကွင်းက ဆုရှင်း၏စိတ်ထဲတွင် ပေါ်လာခဲ့သည်။

ရှဲ့ကျစ်ယန်က ဖန့်တုန်းထင်ကို ဖိနှိပ်ရန် ခွန်အားများစွာပင် အသုံးမပြုခဲ့ကြောင်း ဆုရှင်း ခံစားလိုက်ရ၏။

ဓားချက်တိုင်းက ရန်သူ၏လှုပ်ရှားမှုများကို ကြိုတင်ခန့်မှန်းနေပြီး ဖန့်တုန်းထင်ကို တကယ့် တိုက်ခိုက်မှု မလုပ်နိုင်အောင် တားဆီးထားခဲ့ခြင်း ဖြစ်သည်။

ဆုရှင်းက ယီကျန့်အရှိန်အဝါစစ်ဆေးခြင်းနည်းစနစ်ကို မသိသော်လည်း သူ၏ဓားတွင် အားသာချက် တစ်ခုသာ ရှိသည်။ ၎င်းမှာ မြန်ဆန်မှုပင်။

ယိုဓားရှည်သည် ထူးဆန်းသောတုန်ခါနှုန်းဖြင့် ထွက်ပေါ်လာပြီး ပြိုင်ဘက်၏ထင်းရှူးစေ့ပုံစံ သံဓားကို ထိမှန်ကာ ရှည်လျားသောဓားသံတစ်ခုကို ထွက်ပေါ်လာစေသည်။

ဖန့်တုန်းထင်က ဆုရှင်း၏ယိုဓားရှည်ကို သူ၏ခွန်အားဖြင့် လမ်းကြောင်းလွဲအောင် လုပ်နိုင်ခဲ့သော်လည်း သူ၏ဓားအဟုန်မှာ ရပ်တန့်သွားပြီး နောက်လာမည့် ဓားလှုပ်ရှားမှုကို ရုပ်သိမ်းလိုက်ရသဖြင့် သူ့ကို အလွန် နေရခက်စေခဲ့၏။

ဆုရှင်းက သူ၏လျှပ်တပြတ်ဓားကို အဆက်မပြတ် ဝှေ့ယမ်းကာ ရန်သူကိုသတ်ရန် မကြိုးစားဘဲ ဖန့်တုန်းထင်၏တိုက်ခိုက်မှုများကို တားဆီးရန်သာ ကြိုးစားခဲ့သည်။

အကြိမ်ပေါင်းများစွာ တိုက်ခိုက်ပြီးနောက် နှစ်ဦးသားတစ်ဦးမှ ထိခိုက်ဒဏ်ရာ မရဘဲ အပြန်အလှန် တိုက်ခိုက်နေကြပုံပေါ်သည်။

ပြင်ပလူတစ်ဦးသာ ရှိနေပါက ယခု မြင်ကွင်းကို အလွန် ရင်းနှီးနေမည်မှာ သေချာပြီး ၎င်းမှာ ရှဲ့ကျစ်ယန်က ဖန့်တုန်းထင်ကို တိုက်ခိုက်ရန် ယီကျန့်အရှိန်အဝါစစ်ဆေးခြင်းနည်းစနစ်ကို အသုံးပြုခဲ့စဉ်ကနှင့် အလွန် ဆင်တူနေသည်။

ဤအချိန်တွင် ဆုရှင်းကိုယ်တိုင်လည်း အံ့ဩဖွယ်ကောင်းသော အခြေအနေတစ်ခုထဲသို့ ဝင်ရောက်သွားခဲ့၏။

ဖန့်တုန်းထင်၏ဓား၊ သူ၏ ကိုယ်ပိုင် ဓား၊ သူ၏ တာအိုဓား မူလချီ နှင့် သူ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအားများ အားလုံးက သူ၏ မျက်စိရှေ့တွင် အဆက်မပြတ် ပေါ်လာသော အစက်များနှင့် မျဉ်းများအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ပင်။

ပုံစံမကျဟု ထင်ရသော်လည်း သေချာစွာ ပြန်လည် စီစဉ်ကြည့်ပါက ၎င်းအတွင်းရှိ ထူးခြားသော အဓိပ္ပာယ်တစ်ခုကို ခံစားရနိုင်သည်။ ၎င်းကို ဓားလမ်းစဉ်ဟု ခေါ်ဆိုသည်။

ယခင်က ဆုရှင်းက ရန်သူများကို သတ်ဖြတ်ရာတွင် မြန်၊ တိကျ၊ ရက်စက် ဟူသော စကားလုံး သုံးလုံးကိုသာ လိုက်စားခဲ့၏။

သေချာသည်မှာ ၎င်းက သူ၏ယခင် ရန်သူများ မသန်မာခဲ့ခြင်းနှင့်လည်း ဆက်စပ်နေသည်။ ဆုရှင်းက ချန်နင်စီရင်စုမှ လူများကို လျှပ်တပြတ်ဓားတစ်ခုတည်းကိုသာ အသုံးပြု၍ ကိုင်တွယ်နိုင်လေ့ရှိသည်။

သူက အစစ်အမှန်သိုင်းပညာများနှင့် ထိတွေ့ရန် ခွန်အားရော အခွင့်အရေးပါ မရှိခဲ့ချေ။

ရှဲ့ကျစ်ယန်နှင့် ဖန့်တုန်းထင်တို့ ရောက်ရှိလာမှသာ ဆုရှင်းက ပြင်ပလောကရှိ စွမ်းအားကြီးမားသော သိုင်းပညာများမှာ မည်သို့ဖြစ်ကြောင်းနှင့် အစစ်အမှန် သိုင်းပညာဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်းကို တကယ်ပင် မျက်မြင်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ရေတွင်းအောက်ရှိ ဖားတစ်ကောင်က လောက၏ အစစ်အမှန် အဓိပ္ပာယ်ကို နားမလည်နိုင်ပေ။ ရေတွင်းထဲမှ ခုန်ထွက်မှသာ လောကကြီး၏ကျယ်ပြောလှမှုကို မြင်တွေ့နိုင်မည်။

ဆုရှင်းက ၎င်းအတွက် အကောင်းဆုံးသော ဥပမာပင်။

၅ ရာခိုင်နှုန်း ကျွမ်းကျင်မှု အပိုဆုက ဆုရှင်းကို သိုင်းပညာနှင့် လျင်မြန်စွာ ရင်းနှီးကျွမ်းဝင်လာစေရန် ကူညီပေးရန်သာ ရည်ရွယ်ခြင်းဖြစ်သော်လည်း ၎င်း၏အစွမ်းကို တကယ်ထုတ်ဖော်နိုင်ရန် ဆုရှင်း ကိုယ်တိုင် နားလည်သဘောပေါက်ရန် လိုအပ်သေးကြောင်း စနစ်က ပြောကြားခဲ့ဖူးသည်။

ကျင်းဝူမင်၏လျှပ်တပြတ်ဓားမှာ ကျင်းဝူမင်၏ လျှပ်တပြတ်ဓားသာ ဖြစ်၏။

ဆုရှင်းက လျှပ်တပြတ်ဓားကို ရရှိခဲ့လျှင်ပင် ဒုတိယကျင်းဝူမင် မဖြစ်လာနိုင်ပေ။

သေချာသည်မှာ ဆုရှင်းက ဒုတိယ ကျင်းဝူမင်ဖြစ်ရန် မလိုအပ်ပေ။ သူကား သူကိုယ်တိုင်သာဖြစ်ရန် လိုအပ်သည်။

သူ၏ လျှပ်တပြတ်ဓားမှာ ကျင်းဝူမင်၏လျှပ်တပြတ်ဓားမဟုတ်ဘဲ ဆုရှင်းဖြစ်သော သူ တစ်ဦးတည်းသာ ပိုင်ဆိုင်သည့် လျှပ်တပြတ်ဓားပင်။

မူလက ဆုရှင်း၏လျှပ်တပြတ်ဓား ကျွမ်းကျင်မှုမှာ ၅၀ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီး ပို၍မြင့်တက်မလာနိုင်တော့သော်လည်း ဓားချက်အနည်းငယ်အတွင်းမှာပင် သူ၏လျှပ်တပြတ်ဓား ကျွမ်းကျင်မှုမှာ ၉၀ ရာခိုင်နှုန်းအထိ ထိုးတက်သွားခဲ့၏။

ဆုရှင်း၏ဓားမှာ ပို၍ပို၍ မြန်ဆန်လာသော်လည်း ၎င်းမှာ ရက်စက်မှုကိုသာ လိုက်စားသော ယခင် အမြန်နှုန်းမျိုးနှင့် မတူညီတော့ပေ။

၎င်းအစား စည်းချက်တစ်ခု ပါဝင်လာခဲ့၏။

ဓားမှာ အမြင့်ဆုံးသောအမြန်နှုန်းသို့ ရောက်ရှိသွားသောအခါ တာအိုတစ်မျိုးဖြစ်လာတော့သည်။

ဖန့်တုန်းထင်မှာမူ တိုက်ပွဲကြာလာသည်နှင့်အမျှ ပို၍ပို၍ ထိတ်လန့်လာခဲ့၏။

သူ၏ခွန်အားမှာ ဆုရှင်းထက် အဆပေါင်းများစွာ ပိုမို ကြီးမားသော်လည်း ဆုရှင်းက အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခြင်းကို ခံနိုင်ရည်ရှိနေခဲ့သည်။

ထို့အပြင် သူက အစပိုင်းတွင် ဆုရှင်းကို ဖိနှိပ်ထားနိုင်ခဲ့သော်လည်း သူ ပို၍ တိုက်ခိုက်လေ။ ဆုရှင်းက သူ့ကို ပြန်လည်၍ ဖိနှိပ်လာသည်ဟု ပို၍ ခံစားရလေပင်။

ဆုရှင်း၏ကိုယ်ပိုင် ခွန်အားမှာ ပြောင်းလဲခြင်း မရှိခဲ့ဘဲ သူအသုံးပြုသော ဓားသိုင်းများသာ ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။

စိတ်ပျက်အားငယ်မှုတစ်ခု သူစိတ်အတွင်း၌ဖြစ်ပေါ်လာခဲ့သည်။ ဆုရှင်း၏လက်ရှိ အခြေအနေကို ကြည့်ရင်း ဖန့်တုန်းထင် ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားကာ အံ့ဩတကြီးဖြင့် အော်ဟစ်လိုက်လေသည်။

"ဉာဏ်အလင်းပွင့်ခြင်းပဲ။ မင်းက တကယ်ပဲ ဉာဏ်အလင်းပွင့်ခြင်းအဆင့်ကို ရောက်သွားတာပဲ။"

All Chapters