← Chapters

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

အခန်း (၉၉) လိမ်လည်မှုများ

ချင်းချန်ဓားဂိုဏ်းမှ လူလေးဦးက အလောင်းကိုစစ်ဆေးရန် သွားရောက်ခဲ့ပြီး ဆုရှင်းမှာမူ သူတို့၏ နောက်တွင် မည်သည့် ထူးခြားမှုမျှ မပြဘဲ ရပ်နေခဲ့၏။

သူက အလောင်းသုံးလောင်းကို အစီအစဉ်တကျ ထားရှိခဲ့သော်လည်း သံသယဖြစ်ဖွယ်အချက်များ များစွာ ရှိနေဆဲဖြစ်သည်။

အကယ်၍ သူသာ အတွေ့အကြုံရင့်ကျက်သော သိုင်းပညာရှင် တစ်ဦးနှင့် တွေ့ဆုံခဲ့ပါက သေချာပေါက် ဖုံးကွယ်ထားနိုင်မည် မဟုတ်ချေ။

သို့သော် ဆုရှင်းကလည်း ပြင်ဆင်ထားပြီး ဖြစ်သည်။

သူ၏စိတ်ပိုင်းဆိုင်ရာ အာရုံစိုက်မှုမှာ ဟိုမင်နှင့် အခြားသူများအပေါ်တွင် အမြဲရှိနေခဲ့၏။ အကယ်၍ သူတို့ တစ်ခုခုမှားယွင်းနေကြောင်း အာရုံခံမိပါက သူသည် တစ်ခါသုံးသိုင်းပစ္စည်းများကို ချက်ချင်းလဲလှယ်ပြီး ထွက်ပြေးမည်ဖြစ်သည်။

မမှားပေ။ ၎င်းမှာ တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်မှု မဟုတ်ဘဲထွက်ပြေးခြင်းသာဖြစ်၏။

ယခုအချိန်တွင် ရှန်းထျန်းသိုင်းပညာရှင် လေးဦး ရှိနေသည်။ တစ်ခါသုံးစွဲသိုင်းပစ္စည်းများက စွမ်းအားကြီးမားလျှင်ပင် ဆုရှင်းက သူတို့အားလုံးကို သတ်နိုင်မည်ဟု ယုံကြည်ချက် မရှိပေ။

ကံကောင်းထောက်မစွာဖြင့် ဟိုမင်နှင့် အခြားသူများမှာ မည်သည့်အရာမှမှားယွင်းနေကြောင်း သတိမပြုမိကြချေ။ သူတို့က ဒဏ်ရာများကို တစ်ချက်ကြည့်ကာ အလောင်းကို စစ်ဆေးခြင်း ပြီးဆုံးပြီဟု သတ်မှတ်လိုက်ကြသည်။

သူတို့၏အမြင်တွင် အလောင်း သုံးလောင်းမှာ ဆုရှင်း ပြောခဲ့သလိုပင် အားလုံး တိုက်ပွဲတွင် သေဆုံးသွားခဲ့ကြပြီး အသေးစိတ် အချက်အလက်များပင်လျှင် ဆုရှင်းပြောပြခဲ့သည်နှင့် အတိအကျ နီးပါး တူညီနေပါသည်။

သူတို့ကို ကြည့်ပြီးနောက် ဟိုမင်က ပြောလိုက်သည်။ "ဒီအလောင်းသုံးလောင်းကို ပြန်သယ်သွားပြီး ဦးလေးဝူ ရောက်လာရင် သတင်းပို့ကြမယ်။"

ကျန်ရှိနေသောသုံးဦးက ခေါင်းညိတ်ကာ အလောင်းသုံးလောင်းကို အပြင်သို့ သယ်ဆောင်သွားကြရာ ထိုလုပ်ငန်းစဉ်က ဆုရှင်း၏ရင်ကို တင်းကျပ်သွားစေခဲ့၏။

ကုန်းချင်းဖုန်း၏သွေးကြောများမှာ လုံးဝ ကြေမွနေပြီ ဖြစ်သည်။ အကယ်၍ သူ့ကိုကြီးမားသော အင်အားဖြင့်ထိတွေ့မိပါက သူ၏သွေးကြောများ လုံးဝ ပြတ်တောက်သွားမည်ဖြစ်ပြီး သူသည် ချက်ချင်းပင်သွေးများ ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခု ဖြစ်လာမည် ဖြစ်၏။

အရူးတစ်ယောက်ပင်လျှင် တစ်ခုခု မှားယွင်းနေကြောင်း အသေအချာ သိနိုင်ပါသည်။

ကံကောင်းထောက်မစွာဖြင့် ချင်းချန်ဓားဂိုဏ်းမှ အဖွဲ့ဝင်များမှာ အလောင်းကို ကောင်းမွန်စွာ သယ်ဆောင်သွားခဲ့ကြပြီး သူတို့၏ဒေါသကို ဖြေဖျောက်ရန် မည်သည့်အရာကိုမျှ မလုပ်ခဲ့ကြချေ။

ထွက်ခွာပြီးနောက် ဟိုမင်က ဆုရှင်းကို ညွှန်ကြားလိုက်၏။ "ငါတို့အတွက် ကောင်းတဲ့ တည်းခိုခန်း အနည်းငယ် ပြင်ဆင်ထားပေးပါ။ မနက်ဖြန် ငါ့ရဲ့သိုင်းဦးလေး ရောက်လာမယ်။ ငါတို့ သူ့ကို သတင်းပို့ဖို့ လိုတယ်။ အဲဒီအခါမှသာ ချန်နင်စီရင်စုက ကိစ္စက တကယ်ပြေလည်သွားမှာ။"

ဆုရှင်းက အလျင်အမြန် ပြောလိုက်သည်။ "ပျော်ရွှင်ဖွယ်တောအုပ် ထဲက အကြီးဆုံးတည်းခိုခန်းကို ကြိုတင်မှာထားဖို့ လူတစ်ယောက် လွှတ်လိုက်ပါပြီ။ အခု အဲဒီကို သွားလို့ရပါပြီ။"

ဟိုမင် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ဤဂိုဏ်းငယ်လေး၏ခေါင်းဆောင်မှာ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် အတော်လေး ကျွမ်းကျင်သည်။

ထို့နောက် ဆုရှင်းက နောက်ထပ် လူအနည်းငယ်ကို ခေါ်ယူကာ အလောင်းများကို ချန်နင်စီရင်စု၏ရင်ခွဲရုံတွင် သိမ်းဆည်းထားရန် ညွှန်ကြားခဲ့ပြီး သူကိုယ်တိုင် ဟိုမင်နှင့် အခြားသူများကို အနားယူရန် တည်းခိုခန်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။

ဟိုမင်နှင့် အခြားသူများကို လွှတ်လိုက်ပြီးနောက် ဆုရှင်းချက်ချင်း လှည့်ကာ ကျင်းယွဲ့ရပ်ကွက်သို့ အမြန်ဆုံး ပြေးသွားတော့သည်။

ဤကိစ္စက မပြီးသေးပေ။ ချင်းချန်ဓားဂိုဏ်းက ဟိုမင်၏စီနီယာသိုင်းဦးလေးက ဤနေရာကိုလာနေပြီဖြစ်သည်။

ဟိုမင်က သူ့ကို သိုင်းဦးလေးဟု ခေါ်ဆိုခြင်းက သူ၏ခွန်အားနှင့် အသက်အရွယ်ကို ဖော်ပြနေ၏။

သိုင်းလောကတွင် သူ၏အတွေ့အကြုံမှာ ဟိုမင်နှင့် အခြားသူများ ယှဉ်နိုင်သည်ထက်အများကြီး ပိုများနေလိမ့်မည်။

ထို့အပြင် သိုင်းဦးလေးက ဆုရှင်း၏လှည့်ကွက်များကို မမြင်နိုင်ဟုမဆိုနိုင်ပေ။ ကုန်းချင်းဖုန်း၏အလောင်းမှာလဘ်း အချိန်ကြာလာသည်နှင့်အမျှ ပြောင်းလဲသွားမည်ဖြစ်သော်လည်း ထိုအချိန်မှာ တစ်ရက် သို့မဟုတ် နှစ်ရက်၊ သို့မဟုတ် သုံးရက် သို့မဟုတ် လေးရက် ကြာမည်လော မည်သူမျှမသိနိုင်ပေ။

သို့သော် လူတိုင်းသွေးစွန်းနေသော အလောင်းကို မြင်သောအခါ ၎င်းမှာ ဖန့်တုန်းထင်၏ဓားဒဏ်ရာကြောင့် မဖြစ်နိုင်ကြောင်း သူတို့ သဘောပေါက်သွားကြပါလိမ့်မည်။

စုံစမ်းစစ်ဆေးပြီးနောက် ဆုရှင်းက ၎င်း၏နောက်ကွယ်တွင် ရှိနေကြောင်း သံသယဖြစ်ဖွယ်မရှိသလောက်ပင်။

ထို့ကြောင့် သူချန်နင်စီရင်စုတွင် လုံးဝဆက်နေ၍ မရတော့ပေ။ ချင်းချန်ဓားဂိုဏ်းက ထိုသိုင်းဦးလေးဝူ မရောက်လာခင် သူချန်နင်စီရင်စုမှ ထွက်သွားရမည်။

ကျင်းယွဲ့ရပ်ကွက်သို့ အလျင်အမြန် ပြန်ရောက်သောအခါ ဆုရှင်းက ရွှမ်းအာကို ခေါ်ရန် ကိုယ်ပိုင်ကျောင်းသို့ သွားခဲ့သည်။

သူမ၏အစ်ကိုဖြစ်သူက ဤအချိန်တွင် သူမကို လာရှာသည်ကို မြင်သောအခါ ရွှမ်းအာ ဇဝေဇဝါဖြင့်မေးလိုက်၏။ "အစ်ကို။ အိမ်မှာ တစ်ခုခု ဖြစ်လို့လား။"

ဆုရှင်းသည် ရွှမ်းအာ၏ခေါင်းကို ပုတ်ကာ ပြောလိုက်သည်။ "ဘာမှမဖြစ်ပါဘူး။ အစ်ကိုနဲ့အတူ အစ်မရှဲ့ ဆီ အရင်သွားရအောင်။"

ရွှမ်းအာ လိမ္မာကျိုးနွံစွာ ခေါင်းညိတ်လိုက်၏။

ဤကာလအတွင်း ရှဲ့ကျစ်ယန်က သူမကိုများစွာ သင်ကြားပေးခဲ့ပြီး ရွှမ်းအာကလည်း အလွန် နူးညံ့သိမ်မွေ့သော သဘာဝရှိသည့် ဤလှပသောအစ်မကြီးကို အလွန်သဘောကျလာခဲ့သည်။

သူရွှမ်းအာကို ရှဲ့ကျစ်ယန်၏တည်းခိုခန်းသို့ ခေါ်ဆောင်သွားရာ ရှဲ့ကျစ်ယန်က ရှောင်ချီနှင့် အခြားသူများကို ဓားသိုင်း လေ့ကျင့်ရန်တိုက်တွန်းနေ၏။

ဆုရှင်းဝင်သွားပြီးနောက် အသံဩဩဖြင့် ပြောလိုက်သည်။ "သခင်မလေးရှဲ့။ ကျွန်တော် ခင်ဗျားနဲ့ သီးသန့် စကားပြောလို့ ရမလား။"

ရှဲ့ကျစ်ယန် ခေါင်းညိတ်လိုက်ပြီး ရှောင်ချီနှင့် အခြားသူများကို အရင်ထွက်သွားရန် ပြောလိုက်သည်။

လူတိုင်းထွက်သွားပြီးနောက် ဆုရှင်းက ပြောလိုက်၏။ "ကုန်းချင်းဖုန်း။ ဖန့်တုန်းထင်နဲ့ အာ့ချီတို့ကို ငါ သတ်လိုက်တာ။"

ရှဲ့ကျစ်ယန် စကားမပြောသော်လည်း သူမ၏မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ပေါ်လာ၏။

သူမက ဖန့်တုန်းထင်၏သေဆုံးရသည့် အကြောင်းရင်းကို အရင်က အနည်းငယ် သံသယဖြစ်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူက ကုန်းချင်းဖုန်းနှင့် သေသည်အထိ တိုက်ခိုက်မည့် အမျိုးအစား မဟုတ်သောကြောင့်ပင်။

ပုံမှန်အားဖြင့် ဖန့်တုန်းထင် ထွက်ပြေးနေစဉ် ကုန်းချင်းဖုန်း၏သတ်ဖြတ်ခြင်းကို ခံရပါက နားလည်နိုင်သော်လည်း ဖန့်တုန်းထင်က ကုန်းချင်းဖုန်းနှင့်အတူ သေဆုံးသွားခြင်းက ရှဲ့ကျစ်ယန်ကို အနည်းငယ် သံသယဖြစ်စေခဲ့၏။

သို့သော် ဆုရှင်းက ကုန်းချင်းဖုန်းကို တကယ် သတ်နိုင်လိမ့်မည်ဟု သူမ ဘယ်သောအခါမျှ မမျှော်လင့်ထားခဲ့ချေ။ ချန်နင်စီရင်စုမှ ဤသာမန်ဟု ထင်ရသော ဂိုဏ်းငယ်လေး၏ခေါင်းဆောင်က အမှန်တကယ်ပင် သိပ်မရိုးရှင်းလှပေ။

"ရှင် ဟိုမင်နဲ့ တခြားသူတွေကို လှည့်စားနိုင်ခဲ့ပြီလေ။ ရှင်ထွက်မပြေးတော့ဘူးလား။ ဟိုမင်နဲ့ တခြားသူတွေရဲ့ သိုင်းဦးလေး ဒီတစ်ခေါက် လာမယ့်သူက ချင်းချန်ဓားဂိုဏ်းက နတ်တံခါးအဆင့် သိုင်းပညာရှင် ဝူတောက်ယွမ်ဖြစ်လောက်တယ်။ သူက ရှေးဦးဝိညာဉ်အဆင့်ကို ဝင်ရောက်ပြီး အထွတ်အထိပ်ဆရာသခင်အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။"

"ရှင်ကုန်းချင်းဖုန်းကို သတ်နိုင်ရင်တောင် ဝူတောက်ယွမ်ရဲ့တိုက်ခိုက်မှု သုံးကြိမ်ကို ခံနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ရှင်လုပ်ခဲ့တဲ့ လှည့်ကွက်တွေကို သူ့ဆီကနေ ဖုံးကွယ်ထားဖို့ ခက်ခဲလိမ့်မယ်။"

သူတို့သည် ရင်းနှီးကျွမ်းဝင်သူများဖြစ်ကြသဖြင့် ရှဲ့ကျစ်ယန်က ဆုရှင်းကို ကြင်နာစွာ သတိပေးလိုက်ခြင်းပင်။

ဆုရှင်းခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "အဲဒါတွေ အားလုံးကို ငါသိပါတယ်။ ဒါပေမဲ့ ဒီနေ့ ငါ ဒီကိုလာတာ သခင်မလေးရှဲ့ဆီကနေ အကူအညီ တစ်ခု တောင်းချင်လို့ပါ။"

ရှဲ့ကျစ်ယန် ခဏတာ စဉ်းစားပြီး ပြောလိုက်၏။ "ဒီတစ်ခေါက် ရှင်ကျွန်မကို အများကြီး ကူညီခဲ့တယ်။ ရှင့်ကို ကူညီနိုင်တာ တစ်ခုခုရှိရင်ပြောပါ။ ဒါပေမဲ့ ဝူတောက်ယွမ်ကို ရင်ဆိုင်ဖို့တော့ ကျွန်မမကူညီနိုင်ဘူး။"

"သူက သိုင်းလောကမှာ ဝါရင့်ပုဂ္ဂိုလ် တစ်ယောက်ပါ။ ကျွန်မက ယီဓားဂိုဏ်း ခေါင်းဆောင်ရဲ့တပည့် ဖြစ်နေရင်တောင် သူက ကျွန်မကို အလေးအနက်ထားမှာ မဟုတ်ဘူး။"

ဆုရှင်း ခေါင်းယမ်းလိုက်ပြီး ပြောလိုက်သည်။ "အဲဒါကို ငါ သိပါတယ်။ ငါက ရွှမ်းအာကို ခင်ဗျားဆီ အပ်ပြီး ယီဓားဂိုဏ်းကို ဝင်ခွင့်ပြုချင်လို့ပါ။"

"ငါက ချင်းချန်ဓားဂိုဏ်း အကြီးအကဲတစ်ယောက်ရဲ့သားကို သတ်ခဲ့ပြီး ဟိုမင်နဲ့ သူ့အဖွဲ့ကိုလည်း လှည့်စားခဲ့တယ်။ ချင်းချန်ဓားဂိုဏ်းက ငါ့ကို လွှတ်ထားမှာ မဟုတ်ဘူး။ ရှင်းအာကို ငါနဲ့အတူ အလိုက်ခံရပြီးလျှောက်သွားနေတာမျိုး ငါ အဖြစ်မခံနိုင်ဘူး။"

ဆုရှင်း ဤသို့ ပြောသည်ကို ကြားသောအခါ သူ၏

လက်မောင်းထဲရှိ ရွှမ်းအာမှာ ငိုချလိုက်တော့သည်။ "ဝါး.... အစ်ကို။ ညီမလေးကို မလိုချင်တော့ဘူးလား။ ကိစ္စမရှိပါဘူး။ ရွှမ်းအာက ဒုက္ခရောက်မှာကို မကြောက်ပါဘူး။ အစ်ကိုနဲ့ အတူရှိနေသရွေ့ ရွှမ်းအာ ဘာကိုမှမကြောက်ဘူး။"

"အမေကလည်း ဆုံးသွားပြီ။ ရွှမ်းအာက အစ်ကို့ကို ထပ်ပြီး မခွဲနိုင်တော့ဘူး။"

"အစ်ကိုကျေးဇူးပြုပြီး ရွှမ်းအာကို မစွန့်ပစ်ပါနဲ့နော်။ ရွှမ်းအာ သေချာပေါက်ကြိုးစားပြီး သင်ယူပါ့မယ်။"

ဆုရှင်းလည်ချောင်းထဲတွင် တစ်ဆို့နေသော်လည်း သူ၏စိတ်ကို ခိုင်မာအောင်ထားကာ ရွှမ်းအာ၏မျက်ရည်များကို သုတ်ပေးလိုက်ပြီး ညင်သာစွာ ပြောလိုက်၏။ "ရွှမ်းအာ လိမ္မာတယ်နော်။ အစ်ကို ညီမလေးကို ဘယ်တော့မှမထားခဲ့ပါဘူး။ အစ်ကိုအခွင့်အရေး ရတဲ့အခါ ညီမလေးဆီ လာခဲ့ပါ့မယ်။"

"ရွှမ်းအာ ညီမလေးက အနာဂတ်မှာ အစ်ကို့ကို ကာကွယ်ပေးဖို့ ဓားသိုင်းသင်ချင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား။ အဲဒီတော့ ဒီတစ်ခေါက် အစ်မရှဲ့ ဆီမှာ ဓားသိုင်း သေချာသင်ယူလိုက်ပါ။ ညီမလေးသန်မာလာတဲ့အခါ အစ်ကို့ကို ကာကွယ်ပေးနိုင်လိမ့်မယ်။ အဲဒီအခါကျရင် ငါတို့ထပ်ပြီး ခွဲနေစရာ မလိုတော့ဘူးပေါ့။"

ဆုရှင်းက ထိုသို့ပြောခဲ့သော်လည်း ရွှမ်းအာမှာ အသည်းအသန်ငိုကြွေးနေဆဲဖြစ်ပြီး မရပ်တန့်နိုင်ခဲ့ပေ။

ရှဲ့ကျစ်ယန် သက်ပြင်းချကာ ပြောလိုက်၏။ "ရှင် မပြောရင်တောင်ရွှမ်းအာကို ထိခိုက်ခံမှာ မဟုတ်ပါဘူး။"

"ဒါ့အပြင် ရှင်ကျွန်မဆီက အကူအညီ တောင်းနေတာ မဟုတ်ပါဘူး။ ရှင်ကျွန်မကို အရမ်း ရက်ရောတဲ့ လက်ဆောင်တစ်ခု ပေးနေတာပါ။"

"ရွှမ်းအာက ဓားနှလုံးသား ပါလာတဲ့သူပါ။ ဓားဂိုဏ်းငါးဂိုဏ်းက တပည့်တွေသာ သူမနဲ့တွေ့ရင် သူတို့က သူမကိုတပည့်အဖြစ် လက်ခံဖို့ သေချာပေါက် တောင်းဆိုကြမှာပဲ။"

"ရှင်ရွှမ်းအာကို ယီဓားဂိုဏ်းကို ဝင်ခွင့်ပြုခဲ့တာကိုပဲ ကျွန်မကရှင့်ကို ကျေးဇူးတင်ရမှာပါ။"

ဆုရှင်းက ပြောလိုက်သည်။ "ကောင်းပြီ။ နောက်ထပ် အကူအညီတစ်ခုတောင်းချင်ပါသေးတယ်။ ငါ့အတွက် လင်းယုန်ပျံဂိုဏ်းကို စောင့်ရှောက်ပေးဖို့ ခင်ဗျားကို တောင်းဆိုချင်ပါတယ်။"

"ငါအခု ထွက်သွားရင် ချင်းချန်ဓားဂိုဏ်းက အမှန်တရားကို သိသွားတဲ့အခါ လင်းယုန်ပျံဂိုဏ်းကို အပြစ်ပေးနိုင်တယ်။"

"ဂိုဏ်းထဲက ဒီညီအစ်ကိုတွေက ငါ့နောက်ကို လိုက်လာတာ အတော်ကြာပြီ။ ငါ့ကြောင့် ချင်းချန်ဓားဂိုဏ်းက သူတို့ကိုသတ်ဖြတ်သွားရင် ငါခံနိုင်ရည် ရှိမှာ မဟုတ်ဘူး။"

ရှဲ့ကျစ်ယန် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။ "ဒါက ကိစ္စသေးသေးလေးပါ။ ပြဿနာ မရှိပါဘူး။"

သူမက ဖန့်တုန်းထင်ကို သတ်ခဲ့သော တရားခံ ဆုရှင်းကို မကာကွယ်နိုင်သလို ချင်းချန်ဓားဂိုဏ်းကလည်း သူမကိုထိုကဲ့သို့သော မျက်နှာသာပေးမည် မဟုတ်ပေ။

သို့သော် ချန်နင်စီရင်စုရှိ ဂိုဏ်းငယ်လေးတစ်ခုကို ကာကွယ်ခြင်းမျှသာဖြစ်ပါက ပြဿနာ မရှိပေ။

ရှဲ့ကျစ်ယန်၏ကတိကို ရရှိပြီးနောက် ဆုရှင်းက လှည့်ကာ တံခါးကိုတွန်းဖွင့်လိုက်ပြီး မျက်နှာပေါ်တွင်မခွဲခွာချင်သော အမူအရာဖြင့် ငိုကြွေးနေသည့် ရွှမ်းအာကို ချန်ထားရစ်ခဲ့၏။

ရှဲ့ကျစ်ယန်သက်ပြင်းချကာ ထိုင်ချလိုက်ပြီး ရွှမ်းအာ၏မျက်နှာလေးပေါ်မှ မျက်ရည်များကို သုတ်ပေးရန် သူမ၏နူးညံ့သော လက်လေးကို ဆန့်ထုတ်လိုက်သည်။

ဤအရာက သိုင်းလောကပင်။ အမုန်း နှင့် အချစ်သာရှိပြီး အမှား နဲ့ အမှန်ဆိုသည့်အရာ မရှိပေ။

ချင်းချန်ဓားဂိုဏ်းက ဆုရှင်းက ဖန့်တုန်းထင်ကို သတ်ခဲ့ကြောင်းသာသိပြီး ဖန့်တုန်းထင်ကို ဘာကြောင့် သတ်ခဲ့သနည်းဟု သူ့ကို မေးမည် မဟုတ်ပေ။

ရလဒ်များကိုသာ အာရုံစိုက်ပြီး လုပ်ငန်းစဉ်ကို လျစ်လျူရှုခြင်းက ချင်းချန်ဓားဂိုဏ်း၏ကိုင်တွယ်မှုသာမက သိုင်းလောက ဂိုဏ်းအများစု၏အလေ့အကျင့်လည်း ဖြစ်၏။

ဆုရှင်းမှာ အမည်မသိသာမန်လူ တစ်ဦးသာ ဖြစ်သော်လည်း အကြီးအကဲ တစ်ဦး၏သားဖြစ်သော ချင်းချန်ဓားဂိုဏ်း၏တိုက်ရိုက် တပည့်တစ်ဦးကို သတ်ဖြတ်ရဲခဲ့သည်။

အကယ်၍ ချင်းချန်ဓားဂိုဏ်းက သူ၏ခေါင်းကို မယူပါက သူတို့သည်ကြီးမားစွာ အရှက်ကွဲရပေလိမ့်မည်။

ထို့ကြောင့် ရှဲ့ကျစ်ယန်က ဆုရှင်းကို မည်မျှ ပြင်းထန်စွာလိုက်လံဖမ်းဆီးမည်ကို စိတ်ကူးကြည့်နိုင်ပါသည်။

"ဒီတစ်ခါ ရှင်အသက်ရှင်ရင် သိုင်းလောကမှာ ရှင်က အမည်မသိသာမန်လူတစ်ယောက် ဖြစ်တော့မှာ မဟုတ်ဘူး။"

ရှဲ့ကျစ်ယန် သက်ပြင်းချကာ ရွှမ်းအာ၏လည်ပင်းကို ညင်သာစွာပုတ်လိုက်ရာ သူမချက်ချင်း အိပ်ပျော်သွားတော့သည်။

ရွှမ်းအာက ယခုအချိန်တွင် အနည်းငယ် စိတ်မတည်မငြိမ်ဖြစ်နေသေးသဖြင့် သူမကို အိပ်ခိုင်းလိုက်ခြင်းက အကောင်းဆုံးပင်။

ဆုရှင်းက လက်ရှိအချိန်တွင် ထွက်ခွာရန် အလျင်မလိုဘဲ လီဟွိုင်။ ဟွမ်ပင်းချန်နှင့် လီချင်းတို့ကို အရင်ဆုံး ခေါ်ယူလိုက်၏။

ဤလူသုံးဦးမှာ ဆုရှင်းက လင်းယုန်ပျံဂိုဏ်းအတွင်းတွင်ပြုစုပျိုးထောင်ရန် အားအစိုက်ရဆုံး လူသုံးဦးဖြစ်ပြီး သူ၏အစစ်အမှန် ယုံကြည်ရသူများ ဖြစ်ကြသည်။

ဟွမ်ပင်းချန်အခန်းထဲသို့ ဝင်လာသည်နှင့် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ "ခေါင်းဆောင် ငါတို့ နတ်လေပြေအဖွဲ့ရဲ့ နယ်မြေကို တိုက်ခိုက်ဖို့ အစီအစဉ် ရှိလား။"

"ကုန်းချင်းဖုန်း သေဆုံးပြီးကတည်းက နတ်လေပြေအဖွဲ့က ခေါင်းဆောင်မရှိဘဲ လုံးဝဖရိုဖရဲဖြစ်နေခဲ့တယ်။"

"ငါတို့ မြန်မြန် လုပ်တာ ပိုကောင်းမယ်။ မဟုတ်ရင် သံမဏိဓားအဖွဲ့ နဲ့ သူရဲကောင်းသုံးဖော်အသင်းက ငါတို့ထက် လက်ဦးသွားလိမ့်မယ်။"

ဆုရှင်းက တည်ငြိမ်စွာ ပြောလိုက်၏။ "ငါ ချန်နင်စီရင်စုကနေ ထွက်သွားတော့မယ်။"

၎င်းတို့သုံးဦးမှာ ခဏတာ မှင်သက်သွားကြသည်။ ဟွမ်ပင်းချန်က အော်ဟစ်လိုက်၏။ "ခေါင်းဆောင် ဘာပြောလိုက်တာလဲ။ ချန်နင်စီရင်စုကနေ ထွက်သွားပြီး ဘာလုပ်မလို့လဲ။"

ဆုရှင်းက အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။ "မြေအောက်နန်းတော်ထဲမှာ ချင်းချန်ဓားဂိုဏ်းက ဖန့်တုန်းထင်ကို ငါသတ်ခဲ့တာ။ ဒါပေမဲ့ ဟိုမင်ကိုတော့ လှည့်စားထားနိုင်ခဲ့တယ်။"

"ဒါပေမဲ့ ဒီကိစ္စကို ထာဝရလျှို့ဝှက်ထားလို့ မရဘူး။ ချင်းချန်ဓားဂိုဏ်းက ကျွမ်းကျင်သူတွေ မနက်ဖြန် ရောက်လာလိမ့်မယ်။ ငါတော့ သူတို့ရဲ့အစွမ်းကုန် လိုက်လံဖမ်းဆီးတာကိုခံရမယ်လို့ မျှော်လင့်ထားတယ်။"

ဟွမ်ပင်းချန်နှင့် အခြားနှစ်ဦးတို့သည် ကျောရိုးတစ်လျှောက် စိမ့်တက်သွားသကဲ့သို့ ချက်ချင်း ခံစားလိုက်ရပြီး အမြဲတမ်းအတည်ငြိမ်ဆုံးဖြစ်သော လီဟွိုင်ပင်လျှင် လန့်သွားခဲ့၏။

ယခင်က သူတို့က ချန်နင်စီရင်စုတွင် ရေတွင်းထဲမှ ဖားများကဲ့သို့ ဖြစ်နေပြီး အပြင်ဘက်ရှိ သိုင်းပညာရှင်များ မည်မျှစွမ်းအားကြီးမားကြောင်းကို မသိရှိခဲ့ကြပေ။

သို့သော် ဤကာလအတွင်း ထိုနာမည်ကြီး သိုင်းလောကဂိုဏ်းများမှ လူများသည် ချန်နင်စီရင်စုသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြပြီး ထိုအချိန်မှသာ သူတို့နှင့် မိမိတို့အကြား ကွာဟချက် မည်မျှကြီးမားကြောင်းကို သူတို့ သဘောပေါက်ခဲ့ကြသည်။

ထိုနာမည်ကြီး ဂိုဏ်းများမှ တပည့်များ အားလုံးမှာ အသက် နှစ်ဆယ် သို့မဟုတ် သုံးဆယ် အရွယ်သာ ရှိသေးသော်လည်း ရှန်းထျန်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်မည်ဆိုလျှင် သိုင်းပညာကိုဘဝတစ်ဝက်ခန့်လေ့ကျင့်ခဲ့သော်လည်း ရှန်းထျန်းအဆင့်၏အစွန်းကိုပင် မထိတွေ့နိုင်သေးပေ။

ထို့အပြင် ဤသူများမှာ ထိုနာမည်ကြီး ဂိုဏ်းများ၏လူငယ် တပည့်များဖြစ်သည်။

ဟွမ်ပင်းချန်နှင့် သူ၏အဖွဲ့က တစ်ဖက်လူများ၏ အစစ်အမှန်ခွန်အားမှာ မည်မျှကြောက်မက်ဖွယ် ကောင်းမည်ကို စိတ်ကူးပင်မယဉ်ဝံ့ကြချေ။

ကြောက်မက်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားသော ချင်းချန်ဓားဂိုဏ်း၏လိုက်လံဖမ်းဆီးခြင်းကို ခံနေရသော်လည်း သူတို့၏ခေါင်းဆောင်က ဤမျှတည်ငြိမ်နေနိုင်ခြင်းမှာ အံ့သြဖွယ်ကောင်းလှသည်။

အခန်း (၁၀၀) အမှန်တရား ပေါ်ပေါက်လာခြင်း

ဆုရှင်းက လင်းယုန်ပျံဂိုဏ်းနှင့် ခွဲခွာရမည်ကို တကယ်ပင် အနည်းငယ်ဝမ်းနည်းနေမိသည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းမှာ ဤလောကတွင် သူ ကိုယ်တိုင် အပင်ပန်းခံတည်ဆောက်ခဲ့သော ပထမဆုံးအင်အားစုပင်မဟုတ်လော။

သို့သော် သူမည်မျှပင် ဝမ်းနည်းနေပါစေ။ ချင်းချန်ဓားဂိုဏ်းမှကြီးမားသော ဖိအားများအောက်တွင် သူ ထွက်ပြေးရမည်ဖြစ်ပြီး ပိုမိုဝေးကွာလေ ပိုကောင်းလေပင်။

ဆုရှင်းက အသံနိမ့်နိမ့်ဖြင့် ပြောလိုက်၏။ "လင်းယုန်ပျံဂိုဏ်းက တဖြည်းဖြည်းနဲ့ ပိုပြီး စနစ်တကျ ဖြစ်လာပြီ။ သူ့ရဲ့ဖွံ့ဖြိုးတိုးတက်မှု ဦးတည်ချက်မပြောင်းလဲသရွေ့ သူက ချန်နင်စီရင်စုမှာ အကြီးဆုံးဂိုဏ်းတွေထဲက တစ်ခု ဖြစ်နေဦးမှာပဲ။"

"ငါ ထွက်သွားပြီးရင် လီဟွိုင်က ဂိုဏ်းခေါင်းဆောင် ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဟွမ်ကြီး မင်းကပဲ ဂိုဏ်းရဲ့ ကိစ္စတွေကို တာဝန်ယူရမှာပါ။"

"တကယ်တော့ ဟွမ်ကြီး။ မင်းက ဂိုဏ်းခေါင်းဆောင်ဖြစ်ဖို့ အသင့်တော်ဆုံးပဲ။ ဒါပေမဲ့ သိုင်းလောကရဲ့စည်းမျဉ်းအရ အသန်မာဆုံးသူက အုပ်စိုးရတာလေ။"

ဟွမ်ပင်းချန် ခေါင်းညိတ်လိုက်၏။ သူဤနိယာမကို ကောင်းစွာ နားလည်ထားပြီးဖြစ်သည်။

ချန်နင်စီရင်စုရှိ အခြား ဂိုဏ်းခေါင်းဆောင်များ အားလုံးမှာ ဟောက်ထျန်းအထွတ်အထိပ်အဆင့်တွင်ရှိသော စွမ်းအားကြီးမားသည့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သူကဲ့သို့ ဟောက်ထျန်းအဆင့်၏အစောပိုင်း အဆင့်ကိုပင် မရောက်ရှိသေးသော အားနည်းသူ တစ်ဦးအနေဖြင့် ဂိုဏ်းခေါင်းဆောင်ဖြစ်လာပါက ပြဿနာများကို ဖိတ်ခေါ်နေခြင်းသာဖြစ်ပြီး လှောင်ပြောင်ခံရမည်သာ ဖြစ်သည်။

သူ၏အကြီးမားဆုံး အားသာချက်မှာ စွမ်းအားကြီးမားသူ တစ်ဦး၏နောက်ကွယ်တွင် ရပ်တည်ကာ သူတို့၏ အထွေထွေ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပေးခြင်းပင်ဖြစ်၏။

ထို့အပြင် လီဟွိုင်နှင့် သူ၏ဆက်ဆံရေးအရ လီဟွိုင် ဂိုဏ်းခေါင်းဆောင်ဖြစ်လာလျှင်ပင် သူ၏လုပ်ပိုင်ခွင့်များကို ကန့်သတ်မည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဂိုဏ်း၏ကိစ္စရပ်များ အားလုံးကို သူ့အားယုံကြည်စွာ အပ်နှံထားမည် ဖြစ်သည်။

သူပ ဂိုဏ်းခေါင်းဆောင် မဟုတ်လျှင်ပင် ဂိုဏ်းခေါင်းဆောင်၏အလုပ်ကို လုပ်ဆောင်နေရမည် ဖြစ်၏။

ထို့နောက် ဆုရှင်းက လီချင်းအား ပြောလိုက်သည်။ "လီချင်း မင်းက သိုင်းပညာကို နည်းနည်း နောက်ကျမှစသင်ခဲ့ပေမဲ့ မင်းမှာ အရည်အချင်းနဲ့ ဇွဲလုံ့လ ရှိတယ်။ ငါ ထွက်သွားပြီးရင် မင်းက စစ်ရေးခန်းမရဲ့ဒုတိယ အကြီးအကဲ ဖြစ်လာလိမ့်မယ်။ မင်းနဲ့ ဟွမ်ကြီးတို့ ရှိနေရင် လီဟွိုင် လင်းယုန်ပျံဂိုဏ်းကို ဆက်လက်ရပ်တည်နိုင်အောင် ကူညီပေးဖို့ လုံလောက်ပါပြီ။"

"စိတ်မပူပါနဲ့ ခေါင်းဆောင်။ ကျွန်တော် လီချင်း အသက်ရှင်နေသရွေ့ ခေါင်းဆောင်ကိုရော လင်းယုန်ပျံဂိုဏ်းကိုပါ ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူးလို့ ကျိန်ဆိုပါတယ်။" လီချင်းက သစ္စာဆိုလိုက်၏။

အခြား ဂိုဏ်းဝင်များက ဆုရှင်းအပေါ် ကျေးဇူးတင်ခြင်းထက်ကြောက်ရွံ့လေးစားခြင်းကို ပိုမို ခံစားရမည် ဖြစ်သော်လည်း၊ သူတစ်ဦးတည်းသာလျှင် ကြောက်ရွံ့လေးစားခြင်းထက် ကျေးဇူးတင်ခြင်းကို ပိုမို ခံစားရပါသည်။

သူ၏အစ်ကို ချန်ဆန်းအာ မိုးပြာဝါးဂိုဏ်း၏သတ်ဖြတ်ခြင်းကို ခံရသောအခါ မိုးပြာဝါးဂိုဏ်း၏ခေါင်းဆောင် တိုင်ချုံးကို လုပ်ကြံသတ်ဖြတ်ရန်လောကကြီးကို အန်တုရဲခဲ့သူမှာ ဤခေါင်းဆောင်ပင်။

လီချင်းက ဤကျေးဇူးကို သူ၏ရင်ထဲတွင် အမြဲတမ်း မှတ်ထားခဲ့သည်။

ဆုရှင်း ခေါင်းညိတ်လိုက်၏။ လီချင်းသာ ထိုကဲ့သို့သောကောက်ကျစ်သူ တစ်ဦး ဖြစ်ခဲ့ပါက သူ့ကို ပြုစုပျိုးထောင်ရန် ဤမျှအားထုတ်ခဲ့မည်မဟုတ်ချေ။

နောက်ဆုံးတွင် ဆုရှင်းက ချီ အားဖြည့်ဆေး တစ်ပုလင်းကို ထုတ်ယူကာ လီဟွိုင်အား ပေးလိုက်သည်။ ဤဆေးများမှာ သူ နောက်ဆုံး ကျင့်ကြံစဉ်က ကျန်ရှိနေသော ဆေးများဖြစ်ပြီး ဆယ်လုံးပင် မပြည့်တော့ချေ။

"မင်း အခု ဟောက်ထျန်းအထွတ်အထိပ်အဆင့်နား ရောက်နေပြီ။ ဒီဆေးပုလင်းနဲ့ဆိုရင် ဆယ်ရက်အတွင်း မင်း အဆင့်ကျော်ဖြတ်နိုင်ပါလိမ့်မယ်။"

"မင်းရဲ့ မိစ္ဆာနှိမ်နှင်းရေးဓားသိုင်းရဲ့စွမ်းအားနဲ့ မင်းရဲ့ဟောက်ထျန်းအထွတ်အထိပ်အဆင့် ကျွမ်းကျင်မှုနဲ့ဆိုရင် တခြားဂိုဏ်းတွေကို ခြိမ်းခြောက်နိုင်ပြီး လင်းယုန်ပျံဂိုဏ်း ဆက်လက် ရပ်တည်နိုင်အောင် လုပ်ဖို့ လုံလောက်ပါပြီ။"

လီဟွိုင်က ခေါင်းညိတ်ကာ ဆေးကို လက်ခံလိုက်ပြီး အသံဩဩဖြင့် ပြောလိုက်၏။ "ကျွန်တော် ရှိနေသရွေ့ လင်းယုန်ပျံဂိုဏ်းက ဆက်ရှိနေမှာပါ။"

သူက လီချင်းကဲ့သို့ စိတ်အားထက်သန်စွာ ကျိန်ဆိုမည် မဟုတ်သော်လည်း တစ်ခုတော့ ပြောမည်ဖြစ်သည်။ သူ အသက်ရှင်နေသရွေ့ လင်းယုန်ပျံဂိုဏ်း ဆက်လက် တည်ရှိနေမည်။

လင်းယုန်ပျံဂိုဏ်း၏အနာဂတ်ကို စီစဉ်ပြီးနောက် ဆုရှင်းပ ချက်ချင်း လှည့်ကာ ထွက်ခွာသွားတော့သည်။

လီဟွိုင်နှင့် ဟွမ်ပင်းချန်တို့က သူ့ကို လိုက်လံ နှုတ်ဆက်ချင်ခဲ့သော်လည်း ဆုရှင်းက သူတို့ကို ပြန်တွန်းထားခဲ့၏။

ဤမြေခွေးအိုကြီး ဟွမ်ပင်းချန်၏မျက်လုံးများပင် နီရဲနေသည်ကို မြင်သောအခါ ဆုရှင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "ကောင်းပြီ ကလေးတစ်ယောက်လို လုပ်မနေနဲ့တော့။ ငါက ဘယ်တော့မှ ပြန်မလာတော့မှာမှ မဟုတ်တာ။"

"ငါ ချန်နင်စီရင်စုမှာ ရှိနေတုန်းက လူအများကြီး ငါ့ကို သတ်ချင်ခဲ့ကြတယ်။ ဒါပေမဲ့ ငါ အသက်ရှင်နိုင်ခဲ့ပြီး လင်းယုန်ပျံဂိုဏ်းကိုချန်နင်စီရင်စုမှာ အကြီးဆုံး ဂိုဏ်းဖြစ်အောင် တည်ဆောက်နိုင်ခဲ့တယ်။"

"ချင်းချန်ဓားဂိုဏ်းဆိုတော့ရော ဘာဖြစ်လဲ။ သူတို့ ငါ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။"

ထိုသို့ပြောပြီးနောက် ဆုရှင်းက ယမန်နေ့က သူ ပြင်ဆင်ထားသော မြင်းကို စီးကာ ချန်နင်စီရင်စု၏

အပြင်ဘက်သို့ အမြန်နှင်သွားတော့သည်။

ပျောက်ကွယ်သွားသော ဆုရှင်း၏ပုံရိပ်ကို ကြည့်ရင်း ဟွမ်ပင်းချန်က တွေးမိသည်။ "ခေါင်းဆောင် အဆင်ပြေမှာပါနော်။"

လီဟွိုင်က အသံဩဩဖြင့် ပြောလိုက်၏။ "အဆင်ပြေမှာပါနော်ဆိုတာလေးကို ဖယ်လိုက်ရင် ခေါင်းဆောင်က သေချာပေါက်အဆင်ပြေမှာပါ။"

ဤတစ်ကြိမ်တွင် ဆုရှင်းက သူတို့ မော့ကြည့်ရုံသာ တတ်နိုင်လောက်အောင် စွမ်းအားကြီးမားလွန်းသည့် ကြောက်မက်ဖွယ်ကောင်းသော ရန်သူတစ်ဦးကို ရန်စခဲ့သော်လည်း လီဟွိုင်နှင့် အခြားသူများကမူ ဆုရှင်းက ဤအခက်အခဲကို ဖြတ်ကျော်နိုင်လိမ့်မည်ဟု ယုံကြည်နေဆဲဖြစ်သည်။

ဤသည်မှာ မျက်ကန်းယုံကြည်မှု မဟုတ်ပေ။ အစကတည်းက ဆုရှင်းက သူတို့ကို ဘယ်သောအခါမျှ စိတ်ပျက်အောင် မလုပ်ခဲ့ဖူးချေ။

လက်ရှိအချိန်မှာတော့ ချင်းချန်ဓားဂိုဏ်းမှ ဟိုမင်နှင့် အခြားသူများမှာ ဆုရှင်း ထွက်ပြေးသွားပြီဖြစ်ကြောင်း မသိရှိကြသေးပေ။

သူတို့သည် တည်းခိုခန်းတွင် အလွန် သက်သောင့်သက်သာ နေထိုင်နေကြ၏။

ဆုရှင်းက သူတို့အတွက် ပျော်ရွှင်ခြင်းတောအုပ်ရှိ အကောင်းဆုံး တည်းခိုခန်းကို ရွေးချယ်ပေးထားခဲ့သည်။

သူတို့က ဆယ်ရက်စာအတွက် ငွေကြိုရှင်းထားပြီးဖြစ်ရာ တည်းခိုခန်းပိုင်ရှင်သည် သူတို့ကို မင်းမျိုးမင်းနွယ်များကဲ့သို့ ဆက်ဆံရမည်ဖြစ်၏။

ထို့ကြောင့် တည်းခိုခန်းတွင် တည်းခိုပြီးနောက် ဤလူများ အပြင်မထွက်ကြချေ။ သူတို့၏အမြင်တွင် ချန်နင်စီရင်စုကဲ့သို့သော ပျက်စီးယိုယွင်းနေသည့် စီရင်စုတွင်ကြည့်ရှုစရာ ဘာမှမရှိသဖြင့် သူတို့၏သိုင်းဦးလေး ရောက်လာမည့်အချိန်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြခြင်းသာ ဖြစ်သည်။

နောက်နေ့ မွန်းတည့်ချိန်တွင် သူတို့၏သိုင်းဦးလေး ရောက်လာမည်ဟု ယူဆကာ သူ့ကိုကြိုဆိုရန် မြို့တံခါးသို့ သွားရောက်ခဲ့ကြ၏။

ဆယ့်ငါးမိနစ်ခန့် အကြာတွင် သုံးရောင်ခြယ် ဝတ်ရုံကို ဝတ်ဆင်ကာဓားလေးလက်ကို လွယ်ထားသော တာအိုဆရာတစ်ပါး သူတို့ရှေ့တွင်ပေါ်လာပြီး သူတို့ဆီသို့ ဖြည်းညင်းစွာ လျှောက်လာလေသည်။

တာအိုဆရာ၏ခြေလှမ်းများမှာ အလွန်နှေးကွေးပုံရသော်လည်း ခြေတစ်လှမ်းလျှင် ပေအတော်များများအကွာအဝေးကို ရောက်ရှိသွားရာ မြင်းတစ်ကောင် ပြေးနေသည်ထက်ပင် ပိုမို မြန်ဆန်နေ၏။ အဝေးမှ ကြည့်လျှင် မြေကြီးမှာ ကျုံ့ဝင်သွားသကဲ့သို့ ထူးဆန်းသော ဖြစ်စဉ်တစ်ခုနှင့် တူနေပေသည်။

တာအိုဆရာမှာ အသက် လေးဆယ်ခန့် ရှိပုံရပြီး လေးထောင့်ကျကျ ချောမောသော မျက်နှာနှင့် မေးစေ့တွင် လှပသော မုတ်ဆိတ်မွေး သုံးစု တွဲကျနေကာ လောကီနှင့် မသက်ဆိုင်သော အငွေ့အသက်ဆောင်နေ၏။

ဤတာအိုဆရာမှာ အခြားသူ မဟုတ်ဘဲ ဟိုမင်၏ သိုင်းဦးလေး နတ်ဓားလေးလက်ဝူတောက်ယွမ်ပင်။

ဝူတောက်ယွမ် ရောက်လာသည်ကို မြင်သောအခါ သူတို့ချက်ချင်း မတ်တပ်ရပ်ကာ လေးစားသော အမူအရာဖြင့် ကြိုဆိုလိုက်ကြ၏။

သူ၏လောကီနှင့် မသက်ဆိုင်သော အသွင်အပြင် ရှိသော်လည်း ဝူတောက်ယွမ်တွင် ဒေါသကြီးသော စရိုက် ရှိသည်။

တပည့်တစ်ဦးဦးက အနည်းငယ်မျှသော အမှားတစ်ခုကို လုပ်မိလျှင်ပင် ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းခြင်း ခံရပါလိမ့်မည်။

ထို့အပြင် ဝူတောက်ယွမ်က အလွန် သန်မာလှသည်။ လွန်ခဲ့သော ဆယ်နှစ်ကပင် သူသည် ရှေးဦးဝိညာဉ်အဆင့် သိုင်းပညာရှင် တစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ယခု သူက နတ်တံခါးအထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး အနာဂတ်တွင် ဖွဲ့စည်းမည့် မူလဝိညာဉ်၏လမ်းကြောင်းကိုပင် ရွေးချယ်ပြီးသား ဖြစ်သည်။

သူ၏ရှေးဦးဝိညာဉ်ကို အပြည့်အဝပေါင်းစပ်ပြီး မိုးကောင်းကင်နှင့် မြေပြင်၏စွမ်းအားကို နားလည်သဘောပေါက်သွားသရွေ့ သူက ရွှမ်ရှန်းအဆင့်သို့ ချောမွေ့စွာ တက်လှမ်းနိုင်ပြီး သိုင်းအထွတ်အထိပ်ဆရာသခင်အဆင့်သို့ ရောက်ရှိမည်ဖြစ်သည်။

ထိုအချိန်ကျလျှင် သူတို့က ဝူတောက်ယွမ်ကို သိုင်းဦးလေးဟု မခေါ်ဆိုသင့်တော့ဘဲ အကြီးအကဲဝူဟုသာ ခေါ်ဆိုရပါလိမ့်မည်။

ဟိုမင်က သူ့လူများကို ဦးဆောင်ကာ ကြိုဆိုပြီး လေးစားစွာဖြင့် ပြောလိုက်သည်။ "ဦးလေးဝူ။ ကျွန်တော်တို့ ချန်နင်စီရင်စုက တည်းခိုခန်း တစ်ခုမှာ အကောင်းဆုံး အခန်းပြင်ဆင်ထားပါတယ်။ ကျေးဇူးပြုပြီး သွားပြီး ခဏလောက် အနားယူပါဦး။"

ဝူတောက်ယွမ် အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ "ငါက အနားယူဖို့သက်သက်ချန်နင်စီရင်စုကို လာခဲ့တာလို့ ထင်နေလား။ ခြင်္သေ့ရူး တုယွမ်ရှန့်ရဲ့ ရတနာကိစ္စဘာဖြစ်ခဲ့လဲဆိုတာကို အသေးစိတ် ပြောပြစမ်း။"

ဝူတောက်ယွမ်၏လေသံ မကောင်းကြောင်း အာရုံခံမိသဖြင့် ဟိုမင် ချက်ချင်း ကျုံ့ဝင်သွားသော်လည်း အံကြိတ်ကာ ပြောလိုက်ရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။

"ဂျူနီယာညီလေးဖန့် သေသွားပါပြီ။"

"ဘာ။ ဖန့်တုန်းထင်သေသွားပြီဟုတ်လား။"

ဝူတောက်ယွမ်က ဟိုမင်ကို ၎င်း၏သားကောင်အား ကိုက်စားရန် အသင့်ဖြစ်နေသော ကြောက်မက်ဖွယ် သားရဲတစ်ကောင်ကဲ့သို့ စိုက်ကြည့်လိုက်၏။

ထိုက်တောင်ကြီးဖိချလာသကဲ့သို့ စွမ်းအားကြီးမားသောအရှိန်အဝါတစ်ခု သူ့ထံမှ ပေါက်ကွဲထွက်လာရာ ဟိုမင်ကို ထိုနေရာတွင်ပင် ဒူးထောက်ကျလုနီးပါး ဖြစ်သွားစေခဲ့သည်။

နှစ်ဦးစလုံး ယရှန်းထျန်းအဆင့်တွင် ရှိသော်လည်း တစ်ဦးက ချီပင်လယ်အဆင့်တွင်ရှိနေပြီး အခြားတစ်ဦးမှာ ရွှမ်ရှန်းအဆင့်သို့ ဝင်ရောက်ရန် ခြေတစ်လှမ်းအလိုဖြစ်သော နတ်တံခါးအထွတ်အထိပ်အဆင့်တွင် ရှိနေ၏။

၎င်းတို့ နှစ်ဦးကြား ကွာဟချက်မှာ မိုးကောင်းကင်နှင့် မြေပြင်ကဲ့သို့ ကွာခြားလှပေသည်။

"တကယ်တမ်း ဘာဖြစ်ခဲ့တာလဲဆိုတာ ပြောစမ်း။" ဝူတောက်ယွမ်က အံကြိတ်ကာ စကားလုံးများကို ညှစ်ထုတ်လိုက်၏။

ဟိုမင်က ဖြစ်စဉ် တစ်ခုလုံးကို ဘာတစ်ခုမှ မဖုံးကွယ်ဘဲ အသေးစိတ် အလျင်အမြန် ပြန်ပြောပြလိုက်သည်။

"ဟွန့်။ အလောင်းကို သွားကြည့်ဖို့ ငါ့ကို လမ်းပြစမ်း။" ဝူတောက်ယွမ် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ့ကို လမ်းပြရန် ဟိုမင်အား အမိန့်ပေးလိုက်၏။

ဝူတောက်ယွမ်က ဟိုမင်ကဲ့သို့ အကြီးအကဲ ဖန့်ရွေ့၏အပြစ်ပေးခြင်းကို ကြောက်ရွံ့နေရန် မလိုသည်မှာ သေချာပေသည်။

အမှန်တကယ်တွင် သူ၏အဆင့်အတန်းမှာ မကြာမီ ဖန့်ရွေ့နှင့် တန်းတူ ဖြစ်လာတော့မည်ဖြစ်၏။

သို့သော် ဖန့်တုန်းထင်က ချင်းချန်ဓားဂိုဏ်း၏တိုက်ရိုက် တပည့်တစ်ဦးအနေဖြင့် ဤမျှ အဓိပ္ပာယ်မဲ့စွာ သေဆုံးသွား၍ မရနိုင်ပေ။

သူက ဖြစ်ရပ်များကို ဟိုမင် ပြန်လည် ပြောပြသည်ကိုသာ ကြားခဲ့ရသော်လည်း၊ နှစ်ပေါင်းများစွာ သိုင်းလောကတွင် လှည့်လည်သွားလာပြီး အခြားသူများ၏အကြံအစည်များကို ခံခဲ့ရခြင်းမှ ရရှိလာသော သူ၏အလိုအလျောက် သိစိတ်က တစ်ခုခု သေချာပေါက် မှားယွင်းနေကြောင်း သူ့ကို ပြောပြနေ၏။

ဟိုမင်နှင့် သူ၏လူများသည် အချိန်မဆွဲရဲဘဲ ဝူတောက်ယွမ်ကို ချန်နင်စီရင်စု၏ရင်ခွဲရုံသို့ ချက်ချင်း ခေါ်ဆောင်သွားခဲ့ကြသည်။

ချင်းချန်ဓားဂိုဏ်းမှ တပည့်အချို့က အလောင်းသုံးလောင်းကို ဝူတောက်ယွမ်၏ရှေ့သို့ ရွှေ့ပေးလိုက်ကြ၏။ အလောင်းသုံးလောင်းပေါ်ရှိ ဓားဒဏ်ရာများကို မြင်သောအခါ ဝူတောက်ယွမ်၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း မှိုင်းညို့လာခဲ့သည်။

"ဟိုမင်။ ဒီကို လာခဲ့စမ်း။" ဝူတောက်ယွမ်က အေးစက်စွာ ပြောလိုက်၏။

ဟိုမင်သည် သတိကြီးစွာဖြင့် အနီးသို့ တိုးသွားသည်။ "သိုင်းဦးလေး။ ဘာများ ညွှန်ကြားစရာ ရှိလို့လဲ။"

"ဖြန်း။"

သူ စကားမဆုံးမီမှာပင် ဝူတောက်ယွမ်က သူ့ကို ပါးရိုက်လိုက်ရာ ထိုအင်အားက သူ့ကိုထိုနေရာတွင်ပင် လည်ထွက်သွားစေခဲ့၏။

"ငတုံး။" ဝူတောက်ယွမ်က အံကြိတ်ကာ စကားလုံး နှစ်လုံးကို ညှစ်ထုတ်လိုက်သည်။

ဟိုမင် သူ၏မျက်နှာကို အုပ်ကာ ဝူတောက်ယွမ်ကို မတရားခံရသော အမူအရာဖြင့် ကြည့်လိုက်၏။ သူ ဘာအမှားလုပ်မိမှန်း သူ နားမလည်ခဲ့ပေ။

"ဆုရှင်းဆိုတဲ့ ဂိုဏ်းငယ်လေးရဲ့ ခေါင်းဆောင်က ဖန့်တုန်းထင်က အာ့ချီသေသွားပြီးနောက် ကုန်းချင်းဖုန်းနဲ့အတူ သေသွားတယ်လို့ မင်းကို ပြောခဲ့တယ်ဆို။"

ဟိုမင် အလျင်အမြန် ခေါင်းညိတ်လိုက်၏။ "ဟုတ်ပါတယ်။ ကျွန်တော်တို့ ဒဏ်ရာတွေကို သေချာ စစ်ဆေးခဲ့ပြီးပါပြီ။ သူတို့ သုံးယောက်စလုံး အတူတူ သေသွားတာ သေချာပါတယ်။"

ဝူတောက်ယွမ်သည် ဟိုမင်ကို အေးစက်စွာ စိုက်ကြည့်လိုက်ရာ သူ၏မျက်လုံးများတွင် ဒေါသမီးများ တောက်လောင်နေ၏။ "မင်း စဉ်းစားမကြည့်ဘူးလား။ ဖန့်တုန်းထင်ရဲ့စရိုက်နဲ့ဆိုရင် အာ့ချီ လို အစေခံတစ်ယောက်သေသွားပြီးနောက်မှာ ကုန်းချင်းဖုန်းနဲ့ အတူ သွားသေပါ့မလား။"

ဟိုမင်၏ ယနဖူးမှ ချွေးအေး တစ်စက် ချက်ချင်း ကျဆင်းလာခဲ့သည်။

ဝူတောက်ယွမ်၏ထောက်ပြမှုကို ကြားပြီးနောက် ဘာမှားနေလဲဆိုတာကို နောက်ဆုံးတွင် သူ သဘောပေါက်သွားခဲ့၏။

သူ၏ဂျူနီယာညီလေး၏စရိုက်ကို သူ အလွန် ကောင်းစွာ သိသည်။ ၎င်းက လုံးဝမာနကြီးပြီး တစ်ကိုယ်ကောင်းဆန်သူ ဖြစ်၏။

အကယ်၍ ဖန့်တုန်းထင်သာ အရင်သေဆုံးခဲ့ပါက အာ့ချီက ကုန်းချင်းဖုန်းနှင့် သေသည်အထိ တိုက်ခိုက်မည်မှာ သေချာပေသည်။

သို့သော် အကယ်၍ ပြောင်းပြန်သာ ဖြစ်ခဲ့ပါက ၎င်းမှာ လုံးဝ မဖြစ်နိုင်ပေ။

ဖန့်တုန်းထင်က အာ့ချီကို စွန့်ပစ်ကာ သူ၏ ကိုယ်ပိုင် အသက်အတွက် ထွက်ပြေးမည်မှာ သေချာပေသည်။ သူ့အတွက် သူ၏ ကိုယ်ပိုင် အသက် သို့မဟုတ် အစေခံတစ်ဦး၏အသက်၊ မည်သည့်အရာက ပို၍ အရေးကြီးသနည်း ဆိုသည်မှာ စဉ်းစားရန်ပင် မလိုအပ်သော မေးခွန်းတစ်ခု ဖြစ်၏။

"အဲဒီခွေးမသားက ငါ့ကို လိမ်ရဲတယ်ပေါ့။" ဟိုမင်၏မျက်လုံးများ ရုတ်တရက် အေးစက်သွားလေသည်။

ဝူတောက်ယွမ် လှောင်ပြောင်လိုက်၏။ "မျက်စိနဲ့ မြင်ရတာထက် ပိုနက်နဲတဲ့ အရာတွေ ရှိနေနိုင်တယ်။"

ထိုသို့ ပြောရင်း ဝူတောက်ယွမ်သည် ခါးကို ကိုင်းကာ ကုန်းချင်းဖုန်း၏အလောင်းကို သူ၏လက်ဖြင့် ညင်သာစွာ ဖိလိုက်သည်။

သူ၏အတွင်းအားများ ထွက်ပေါ်လာပြီး ချက်ချင်းပင် ကုန်းချင်းဖုန်း၏ကိုယ်ပေါ်ရှိ သွေးကြောများ ပေါက်ထွက်သွားကာ အလောင်းတစ်ခုလုံး သွေးများ ဖုံးလွှမ်းသွားတော့သည်။

ဟိုမင်နှင့် အခြားသူများမှာ သူတို့ မြင်တွေ့လိုက်ရသည့်အရာကြောင့် အံ့အားသင့်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် အလျင်အမြန် ဆုတ်သွားကြ၏။

သို့သော် ဝူတောက်ယွမ်မှာ ကြောက်မက်ဖွယ်ကောင်းသောမြင်ကွင်းကို မမြင်တွေ့ခဲ့သကဲ့သို့ပင် သူ၏အတွင်းအားဖြင့် ဖန့်တုန်းထင်၏အလောင်းကို ဆက်လက် စစ်ဆေးနေခဲ့သည်။

နောက်ဆုံးတွင် သူက အေးစက်စွာ ပြောလိုက်၏။ "တစ်ယောက်ယောက်က သူ့ရဲ့သွေးကြောတွေကို စွမ်းအားကြီးတဲ့ သိုင်းပညာတစ်ခုနဲ့ ကြေမွသွားအောင်လုပ်လိုက်လို့ ကုန်းချင်းဖုန်း သေသွားတာပဲ။"

"ဖန့်တုန်းထင်လည်း မသေခင် လက်ညှိုးသိုင်းပညာတစ်ခုကြောင့် ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့ပြီး နောက်ဆုံးမှာ ဓားချက်နဲ့သေဆုံးသွားတာ။ တစ်ယောက်ယောက်က သူတို့ရဲ့သေဆုံးမှုကို ဖုံးကွယ်ထားတာပဲ။ တကယ်ကို ရဲတင်းပြီး ပါးနပ်တာပဲ။"

ဓားဒဏ်ရာများ အားလုံးကို မြင်တွေ့နိုင်၏။ ပုံမှန်လူတစ်ဦးပ ပြင်ပဒဏ်ရာများကို မြင်တွေ့ရသည်နှင့် အခြား အတွင်းဒဏ်ရာများကို စစ်ဆေးရန် ဘယ်သောအခါမျှ အားထုတ်တော့မည် မဟုတ်ချေ။

ဤသည်မှာ သိုင်းလောကသို့ အခုမှ စတင်ဝင်ရောက်လာသော ဟိုမင်ကဲ့သို့ အတွေ့အကြုံမရှိသူများအတွက် အထူးသဖြင့် ကြိုတင် မှတ်ယူထားသော အယူအဆတစ်ခု ဖြစ်သည်။

ဟိုမင်ကို လှည့်စားရန် ဆုရှင်း ဤအချက်ကို အသုံးပြုခဲ့ခြင်း ဖြစ်၏။ အကယ်၍ ဝူတောက်ယွမ်သာ ဆုရှင်းဖန်တီးထားသော ဇာတ်လမ်းကို အစကတည်းက သံသယမဝင်ခဲ့ပါက အလောင်းကို စစ်ဆေးရန် သူ၏မူလချီကို အသုံးပြုမည်ဟု သူ တွေးမိမည် မဟုတ်ချေ။

သူ အရူးလုပ်ခံလိုက်ရကြောင်း သဘောပေါက်သွားသဖြင့် ဟိုမင် ဟိန်းဟောက်လိုက်၏။ "ဆုရှင်း။ ဒါတွေ အားလုံးက ဆုရှင်းရဲ့လက်ချက်ပဲ။ သူက ငါတို့ ချင်းချန်ဓားဂိုဏ်းက လူတွေကို သတ်ရဲတယ်။ ပြီးတော့ ငါတို့ကို အရူးတွေလို သဘောထားရဲသေးတယ်။ သူ့ကို ငါ အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်။"

All Chapters