← Chapters

အခန်း ၄၅၃

Vol. 39 Ch. 453

အခန်း ၄၅၃

Vol. 39 Ch. 453

အခန်း (၄၅၃)

【ကံကြမ္မာ လမ်းဆုံလမ်းခွ လှုပ်ရှားမှုစတင်သည်】

【အောက်ပါ ပလက်ဖောင်း နှစ်ခုထဲမှ တစ်ခုကို သင့်၏ ၃၈ ခုမြောက် ပလက်ဖောင်းအဖြစ် ရွေးချယ်ပါ】

ပုံစံကြမ်းများမှတစ်ဆင့် အဆုံးမဲ့ စက်ရုပ်စစ်သည်တော် ဆယ်ရုပ်ကို အသစ်ထုတ်လုပ်ပြီးနောက် ရဲချီယန်က လွင်တီးခေါင်ပြင်၌ တစ်ရက်တာ အနားယူခဲ့သည်။ နေသာသော အရုပ်လေး၏ ရာသီဥတု ခန့်မှန်းချက်အရ နောက်တစ်နေ့အထိ ဤလွင်တီးခေါင်ပြင်၏ ရာသီဥတုမှာ 【လေပြင်းတိုက်ခတ်မှု】 အခြေအနေ၌ပင် ဆက်လက် ရှိနေဦးမည်ကို သူ သိရှိခဲ့ရပေ၏။

"နောက်ထပ် ပလက်ဖောင်းဆီ ဝင်ရောက်ရမယ့် အချိန်တန်ပြီ"

လေပြင်းတို့က အားပါးတရ ညည်းတွား တိုက်ခတ်နေလေသည်။ ရဲချီယန်၏ အရှေ့တွင် ကံကြမ္မာ လမ်းဆုံလမ်းခွ၏ ရွေးချယ်စရာများ ပေါ်ထွက်လာခဲ့၏။

【ပလက်ဖောင်း (၁) အလောင်းကောင် လေဆင်နှာမောင်း (အဆင့် ၈ သတ်ဖြတ်ခြင်း ဘူတာ)】

【ပလက်ဖောင်း (၂) နက်ဖီလင်မ်ရဲ့ ခြံဝန်း (အဆင့် ၉ တာဝန် ပလက်ဖောင်း)】

တုံ့ဆိုင်း ဝေခွဲမရ ဖြစ်နေစရာ အကြောင်း လုံးဝမရှိချေ။

"ပလက်ဖောင်း (၂)၊ နက်ဖီလင်မ်ရဲ့ ခြံဝန်းကို ရွေးတယ်"

အဆင့်ကိုး၊ တာဝန်အမျိုးအစား ဖြစ်သည့်အပြင် ခန့်ညား ထည်ဝါလှသော ဤဘူတာရုံကမ္ဘာ၏ အမည်နာမကြောင့်လည်း ဖြစ်သည်။ ထို့အပြင် လွင်တီးခေါင်ပြင်၏ ထူးဆန်းသော လေပြင်း ရာသီဥတုကလည်း ရှိနေပြန်၏။ သို့ဖြစ်ရာ နောက်ထပ် ပလက်ဖောင်းဆီသို့ သွားရောက် မွှေနှောက် စူးစမ်းရှာဖွေရခြင်းက အတော်လေး စိတ်ဝင်စားဖွယ် ကောင်းနေလောက်ပေသည်။

သံလမ်းတို့ ရှေ့သို့ ဆန့်ထွက်သွားခဲ့ရာ လေပြင်းမုန်တိုင်းကြားရှိ ရထားခေါင်းရှေ့မှ လေဟာနယ် တစ်ခုကို ထိုးခွဲ ဖွင့်လှစ်လိုက်လေသည်။

ဘီးခွေတို့ လိမ့်ဆင်းသွားကာ ရထားဥဩသံကလည်း ဟိန်းဟောက် ပဲ့တင်ထပ်သွား၏။ ရွေးချယ်မှု ပြီးဆုံးသွားသည့်နောက် ရထား၏ ကြေညာသံ ထွက်ပေါ်လာခဲ့သည်။

【ကျေးဇူးပြု၍ ထိုင်ခုံများတွင် သေချာစွာ ထိုင်ပြီး မြဲမြံစွာ ဆုပ်ကိုင်ထားပါ၊ ရထားသည် နောက်ထပ် ပလက်ဖောင်းဆီသို့ နီးကပ်လာနေပါပြီ】

【နက်ဖီလင်မ်ရဲ့ ခြံဝန်း】

ရထားကြီးသည် လေပြင်းတို့ကို ထိုးခွဲဖြတ်သန်းရင်း ရဲချီယန်၏ ၃၈ ခုမြောက် ပလက်ဖောင်းဆီသို့ ပြင်းထန်စွာ တိုးဝင်သွားလေတော့သည်။ လေဟာနယ်ကို ဖြတ်ကျော်သွားသည့် တခဏ၌ပင် စူးရှ ကြည်လင်သော အော်ဟစ်သံကြီး တစ်ခုကို ရဲချီယန် ကြားလိုက်ရလေ၏။

【ဒင်... ဒင်... ဒင်...】

【ဘူတာရုံကမ္ဘာ၊ နက်ဖီလင်မ်ရဲ့ ခြံဝန်းဆီသို့ ဝင်ရောက်နေပါသည်】

【ဤပလက်ဖောင်း - အလွန် အန္တရာယ်များပါသည်】

【ဤပလက်ဖောင်းသည် အဆင့်မြင့် ပလက်ဖောင်း ဖြစ်သောကြောင့် ဆိပ်ကမ်းရပ်နားချိန် ကန့်သတ်ချက် မရှိပါ】

【လက်ရှိ ထွက်ခွာနိုင်သည့် နည်းလမ်းများ - ဤပလက်ဖောင်း၏ ရည်မှန်းချက်ကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်း (မပြီးမြောက်သေးပါ) / ရထားဒင်္ဂါး ၁၅၀ အသုံးပြုခြင်း / ဤကမ္ဘာ၏ ထွက်ခွာရာ တည်နေရာ ကိုဩဒိနိတ်များကို ရှာဖွေခြင်း】

【ကျေးဇူးပြု၍ သတိထား ဆောင်ရွက်ပါ】

ပလက်ဖောင်းဆီသို့ ရောက်ရှိလာခဲ့ပြီ။

ပြတင်းပေါက်၏ အပြင်ဘက်ရှိ မြင်ကွင်း တစ်ခုလုံးမှာ ဝါကျင်ကျင် သဲမှုန်များဖြင့် ပြည့်နှက်နေပေသည်။ အပြင်ဘက် မြင်ကွင်း၏ မြင်နိုင်စွမ်းမှာ မီတာဆယ်အောက်ပင် ရှိနေ၏။

ရဲချီယန် မျှော်လင့် မှန်းဆထားသည့်အတိုင်းပင် ဖြစ်ပေသည်။ လွင်တီးခေါင်ပြင်ရှိ ဘူတာရုံကမ္ဘာ တိုင်းသည် မတူညီသော အတိုင်းအတာများဖြင့် လေပြင်း တိုက်ခတ်မှုဒဏ်ကို ခံနေကြရပုံပင်။

"လွင်တီးခေါင်ပြင် တစ်ခုလုံးအပြင် ဘူတာရုံကမ္ဘာတွေကိုပါ သက်ရောက်မှု ရှိစေနိုင်တဲ့ လေပြင်းမျိုးဆိုတော့... အတော်လေး ထူးဆန်း စိတ်ဝင်စားစရာ ကောင်းတာပဲ"

ရဲချီယန်က တဟဲဟဲ ရယ်မောရင်း ခေါင်းခါယမ်းလိုက်သည်။

"ဒါပေမဲ့ အခုချိန်မှာ ငါ့ဆီမှာ ဒါကို အဖြေရှာနိုင်တဲ့ စွမ်းရည်မျိုး ရှိဦးမှာ မဟုတ်သေးဘူး မဟုတ်လား"

ခလောက်... ခလောက်... လှုပ်ရှားနေသော ဘီးခွေသံများ ထွက်ပေါ်လာ၏။ အောက်သို့ ငုံ့ကြည့်လိုက်ရာ ဝေါလီသည် ယခုကတည်းက စိတ်မရှည်တော့သည့်ဟန် ဖြစ်နေပေသည်။

"ကွက်တိပဲ၊ စောစောက တပ်ဆင်ပေးထားတဲ့ အတုအယောင် ပုံရိပ်ကို စမ်းသပ်ကြည့်ရတာပေါ့၊ ဒီလို လေပြင်းမျိုးက ပစ်မှတ်မဲ့ တိုက်ခိုက်မှုအောက်မှာ အကျုံးဝင်လောက်တယ် မဟုတ်လား"

ဤမျှ ပြင်းထန်သော လေမုန်တိုင်းမျိုးနှင့် ကြုံတွေ့ရပါက ယခင်ကဆိုလျှင် ရဲချီယန်သည် ဝေါလီကို ရတနာရှာဖွေခြင်း မပြုလုပ်စေဘဲ ရပ်တန့် နားနေစေရန် ရွေးချယ်ခဲ့ကောင်း ရွေးချယ်ခဲ့ပေလိမ့်မည်။

သို့သော် ယခုအခါ အတုအယောင် ပုံရိပ်ကို တပ်ဆင်ထားပြီးဖြစ်ရာ ဝေါလီက လေပြင်းထဲသို့ တိုးဝင်သွားခဲ့ပြီး ၎င်း၏ တည်ရှိမှုကလည်း တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားလေ၏။ သဲမှုန်၊ ဖုန်မှုန့်နှင့် ကျောက်စရစ်ခဲများက ဝေါလီ့ကို လာရောက် ရိုက်ခတ်သည့်အခါ ရေပြင်ကို ထိခတ်သွားသကဲ့သို့ ခန္ဓာကိုယ် အပြင်ဘက်၌ လှိုင်းဂယက်လေးများသာ ကျန်ရစ်စေခဲ့သည်။

အတုအယောင် ပုံရိပ်က လေပြင်းဒဏ်ကို လုံးဝ လျစ်လျူရှု ထားလိုက်ချေပြီ။

ဝေါလီ ထွက်ခွာသွားပြီးနောက်မှသာ ရဲချီယန်က ပတ်ဝန်းကျင် အခြေအနေကို စတင် လေ့လာ ကြည့်ရှုလိုက်သည်။

သို့သော် လေ့လာကြည့်ရှုစရာ သိပ်များများစားစား မရှိလှချေ။ သဲ... သဲ... နေရာတိုင်းမှာ သဲတွေချည်းသာ ဖြစ်၏။

နက်ဖီလင်မ်ရဲ့ ခြံဝန်း ဟု အမည်ရသော ဤဘူတာရုံကမ္ဘာသည် တကယ်တမ်း၌ သဲကန္တာရ တစ်ခုသာ ဖြစ်နေပေသည်။ ထို့အပြင် သူ၏ လက်ရှိ တည်နေရာမှာလည်း ဧရာမ သဲမုန်တိုင်းကြီး၏ အလယ်ဗဟို တည့်တည့်၌ ကျရောက်နေ၏။

【ချမ်းသာကြွယ်ဝမှု ဒိုင်းလွှာ】

ချမ်းသာကြွယ်ဝမှု ဒိုင်းလွှာက စတင် လည်ပတ်လာပြီး ရထားကို ဗဟိုပြုကာ အချင်း မီတာဆယ်ကျော်ရှိသော လေငြိမ် ဧရိယာတစ်ခုအဖြစ် ကျယ်ပြန့်သွားခဲ့သည်။

ရဲချီယန်က ရထားပေါ်မှ ဆင်းလိုက်ပြီး ယခင် အတွေ့အကြုံများကို အားပြုလျက် ပတ်ဝန်းကျင်၌ တာဝန်၏ အကြောင်းအရာကို စတင် ရှာဖွေလိုက်တော့သည်။

"ဟင်... ဘာဖြစ်လို့ ဘာမှ မရှိတာလဲ"

"အောက်မှာ မြှုပ်နေတာများလား"

ရထားပတ်လည်၌ ရှာဖွေကြည့်ပြီးနောက် ရဲချီယန်သည် နေရာတိုင်းရှိ သဲမှုန်များကိုသာ မြင်တွေ့လိုက်ရ၏။ သဲကန္တာရ၊ လေပြင်း... အကယ်၍ တစ်စုံတစ်ခု တကယ်ပဲ ရှိနေခဲ့လျှင်တောင် သဲအောက်၌ မြှုပ်နှံခံထားရနိုင်ခြေ အလွန် များပြားပေသည်။

ရဲချီယန်က ခဏတာ စဉ်းစားလိုက်ပြီးနောက် ပျားအုံရထားတွဲကို တိုက်ရိုက် ဖွင့်လှစ်လိုက်ကာ အပ်ကြီးပျားအုပ်ကို နေရာတွင်ပင် မြေတူးဆွရန် စေခိုင်းလိုက်တော့သည်။

ထင်ထားသည့်အတိုင်းပင် ဖြစ်ပေသည်။

အပ်ကြီးပျားအုပ်က ထိုဧရိယာအတွင်း မီတာအတော်များများအထိ အောက်သို့ တူးဆွသွားပြီးနောက် နောက်ဆုံးတွင် ဧရာမ အရိုးစုကြီး တစ်ခုကို ရှာတွေ့ခဲ့ကြ၏။

"ဒါ ဘာကောင်ရဲ့ အရိုးစုကြီးလဲ၊ ကြီးမားလိုက်တာ"

"ဟင်... ကြည့်ရတာ ငှက်တစ်ကောင်ရဲ့ ပုံစံမျိုးနဲ့ ဆင်နေသလိုပဲ"

အပ်ကြီးပျားအုပ် ယူဆောင်လာသော အရိုးစုကြီးကို လေ့လာ ကြည့်ရှုလိုက်သည်။ ရဲချီယန်က လက်လှမ်း၍ ထိတွေ့လိုက်ကာ စနစ်ကို အသုံးပြုပြီး အကဲဖြတ် စစ်ဆေးကြည့်လိုက်တော့သည်။

【နက်ဖီလင်မ်ရဲ့ အကြွင်းအကျန်များ】

【နက်ဖီလင်မ် သေဆုံးပြီးနောက် ကျန်ရစ်ခဲ့သော အရာများ ဖြစ်သည်။ မည်မျှကြာမြင့်သော နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့သည် မသိ၊ ကျန်ရှိနေသင့်သော အသားစများမှာ ကာလကြာရှည်ကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်】

နက်ဖီလင်မ်တဲ့လား...။

ဤပလက်ဖောင်း၏ အမည်မှာ နက်ဖီလင်မ်ရဲ့ ခြံဝန်းပင်။ ထို့အပြင် ဤအရိုးကိုလည်း နက်ဖီလင်မ်ရဲ့ အကြွင်းအကျန်များဟု ခေါ်ဆိုထား၏။

ထိုသို့ဆိုလျှင် ဤပလက်ဖောင်းရှိ မကောင်းဆိုးဝါးက သေဆုံးနေပြီးသား ဆိုသည့် သဘောလား...။

"မဟုတ်လောက်ဘူး၊ ငှက်တစ်ကောင်တည်းကိုပဲ နက်ဖီလင်မ်လို့ ခေါ်တာတော့ မဖြစ်နိုင်ဘူး"

ရဲချီယန်က ခေါင်းခါယမ်းလိုက်ပြီး အရိုးကြွင်းကျန်များပေါ်၌ ဆက်လက် ရှာဖွေနေလေသည်။ သူ တစ်စုံတစ်ခုကို ရှာတွေ့ခဲ့သော်လည်း တာဝန်နှင့် သက်ဆိုင်သော အကြောင်းအရာကိုမူ မတွေ့ရသေးချေ။

【တို့... ထိုး...】

ရဲချီယန်၏ နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာသည့် လီဆက်သည် ဧရာမ အရိုးစုကြီး၏ အခြားတစ်ဖက်ဆီသို့ လျှောက်သွားခဲ့ပြီး ထိုနေရာတွင် မြေကြီးရောင် စိတ်ဝိညာဉ် ကျောက်စိမ်းတစ်ခုကို ရှာတွေ့ခဲ့သည်။

သူမက သခင်ဖြစ်သူ၏ အနီးဆီသို့ လျှောက်လာခဲ့ပြီး ရဲချီယန်၏ ပခုံးကို ညင်သာစွာ ထိုးကလော်လိုက်၏။

"ဒါက..."

【နက်ဖီလင်မ်ရဲ့ စိတ်ဝိညာဉ် ကျောက်စိမ်း (တက်ကြွမှုမရှိပါ)】

【နက်ဖီလင်မ် ဟူသည် ၎င်းတို့၏ မျိုးနွယ်စု ဘာသာစကားအရ မသေမျိုးဟု အဓိပ္ပာယ်ရပြီး ၎င်း၏ မသေဆုံးနိုင်ခြင်း မြစ်ဖျားခံရာမှာ နက်ဖီလင်မ်တိုင်း ပိုင်ဆိုင်ထားသော နိဗ္ဗာန်ဘုံ စိတ်ဝိညာဉ် ကျောက်စိမ်းပင် ဖြစ်သည်】

【သို့သော် ဤစိတ်ဝိညာဉ် ကျောက်စိမ်းသည် ကျိန်စာသင့်နေပြီး ၎င်း၏ မူလ အရောင်အဆင်းကို ဆုံးရှုံးထားသည်၊ ထို့ကြောင့် နက်ဖီလင်မ်အတွက် နိဗ္ဗာန်ဘုံ စွမ်းအားကို မထောက်ပံ့ပေးနိုင်တော့ပါ】

"ဒါက တာဝန်လား"

"နိဗ္ဗာန်ဘုံ ပြန်လည်မွေးဖွားခြင်း..."

ရဲချီယန်က အရိုးစုကို ခေါက်ကြည့်လိုက်သည်။

"အသားစ တစ်ဖဲ့လေးတောင် မကျန်တော့တာကို ဒီလိုဟာမျိုးက ပြန် ရှင်သန်လာနိုင်သေးတာလား"

သူက ဆက်လက် ရှာဖွေခဲ့သော်လည်း တာဝန် ဟု ခေါ်ဆိုနိုင်မည့် ဒုတိယမြောက် အရာကိုမူ ရှာမတွေ့ခဲ့ချေ။

သို့ဖြစ်ရာ ဤပလက်ဖောင်း၏ တာဝန်မှာ နက်ဖီလင်မ်ကို နိဗ္ဗာန်ဘုံ ဖြတ်သန်း ပြန်လည်မွေးဖွားလာစေရန် ဖြစ်သည်ဟု ရဲချီယန် ယာယီ ကောက်ချက်ချလိုက်၏။

အခြားတစ်နည်း ပြောရလျှင် ဤစိတ်ဝိညာဉ် ကျောက်စိမ်း၏ စွမ်းအားကို ဖြည့်တင်းပေးရန်ပင်။

မည်သို့ ဖြည့်တင်းပေးရမည်နည်း...။

သဲလွန်စ လုံးဝ မရှိချေ။

ပလက်ဖောင်းဆီသို့ ဝင်ရောက်ပြီး တစ်နာရီခန့် အကြာ။

ဤဧရာမ သဲမုန်တိုင်းကြီးသည် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ချေပြီ။ အပြင်ဘက်၌ လေပြင်း တိုက်ခတ်မှုဒဏ် ခံနေရဆဲ ဖြစ်သော်လည်း အနည်းဆုံးတော့ အဝေးမှ မြင်ကွင်းအချို့ကို သူ လှမ်းမြင်နိုင်နေပြီ ဖြစ်၏။

ဥပမာအားဖြင့်...

ကုန်သည်ယာဉ်တန်းတစ်ခုလား...။

"အသက်ရှင်နေတဲ့ လူတွေကို တွေ့ရပြီဆိုတော့ သွားကြည့်ကြတာပေါ့"

ရထားကို သိုလှောင်မှု မေးထရစ်ထဲသို့ သိမ်းဆည်းလိုက်ပြီး လမ်းသရဲက လက်နက်တပ်ဆင်မှု နေရာလွတ်ထဲမှ ပေါ်ထွက်လာခဲ့သည်။ သူက ဆိုင်ကယ်ပေါ် ခွထိုင်လိုက်ရာ လီဆက်ကလည်း သခင်ဖြစ်သူ၏ ခါးကို ညင်သာစွာ ဖက်တွယ်လိုက်၏။

လမ်းသရဲက ရွှေရောင် သဲကန္တာရပြင်ကြီးထက်၌ အမြန်ဆုံး အရှိန်ဖြင့် ဖြတ်သန်း ပြေးလွှားသွားရင်း ဟိန်းဟောက်သံ ဆက်တိုက် ထွက်ပေါ်လာလေတော့သည်။

ရဲချီယန် တွေ့ရှိခဲ့သော ကုန်သည်ယာဉ်တန်းကလည်း လုံးဝ ဖုံးကွယ်ထားခြင်း မရှိသည့် ထိုအသံကို ကြားလိုက်ရပေသည်။

လမ်းသရဲ အနီးဆီသို့ ရောက်လာပြီးနောက် မြင်တွေ့ရန် မခက်ခဲတော့ချေ။

ဤကုန်သည်ယာဉ်တန်း၏ အခြေအနေမှာ အတော်လေး သနားစရာ ကောင်းနေပေ၏။

ကုန်သည်ယာဉ်တန်း၏ ခေါင်းဆောင်က ဒဏ်ရာဒဏ်ချက်များ ဖုံးလွှမ်းနေသော ခန္ဓာကိုယ်ဖြင့် အပြင်သို့ လျှောက်ထွက်လာသည်။ သူ၏ ဘေးတွင်တော့ လှံရှည်များကို ဆုပ်ကိုင်ထားပြီး တင်းမာ စိုးရိမ်နေသော မျက်နှာများဖြင့် အစောင့်အကြပ်များ ရှိနေကြ၏။

"အသျှင်... သခင်ကြီး၊ ဒီနေရာမှာ ဘာကိစ္စများ ရှိလို့ပါလဲ"

"ကျွန်တော်တို့က မာတီမူး မြို့တော် ကုန်သည်အသင်းကပါ၊ ကျေးဇူးပြုပြီး အမြန်ဆုံး ထွက်ခွာသွားပေးပါ"

ထိတ်လန့် တုန်လှုပ်ခြင်း၊ အကြောက်တရားနှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့ခြင်းများ...။

ဤစိတ်ခံစားချက်က ရှေ့ထွက်၍ စကားပြောလာသော ယာဉ်တန်းခေါင်းဆောင်ထံတွင်သာ ပေါ်လွင်နေခြင်း မဟုတ်ချေ။ ဤကုန်သည်ယာဉ်တန်း တစ်ခုလုံးရှိ လူတိုင်းသည် ထိုစိတ်ကူးမျိုးပင် ရှိနေကြဟန် တူပေသည်။

"ငါ့ပုံစံက ဓားပြနဲ့ တူနေလို့လား"

"မတူပါဘူးလေ"

ရဲချီယန်က ပခုံးတွန့်လိုက်ကာ ဆိုင်ကယ်ပေါ်မှ ခုန်ဆင်းလိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။

"ငါက ဒီနေရာမှာ လမ်းပျောက်နေတဲ့ ခရီးသွား တစ်ယောက်ပါ၊ မင်းတို့နဲ့ တိုက်ဆိုင်စွာ ဆုံမိတာပဲ၊ ကျေးဇူးပြုပြီး အနီးဆုံး မြို့တော်ဆီ သွားတဲ့ ရှင်းလင်းတဲ့ လမ်းကြောင်းလေး တစ်ခုလောက် ငါ့ကို ညွှန်ပြပေးနိုင်မလား"

All Chapters