အခန်း ၄၅၄
Vol. 39 Ch. 454
အခန်း (၄၅၄)
"ခရီးသွားတွေဆိုပါလား"
ရဲချီယန်၏ စကားကို ကြားလိုက်ရချိန်တွင် ကုန်သည်ယာဉ်တန်း ခေါင်းဆောင်က သူနှင့် လီဆက်အား အပေါ်အောက် အကဲခတ် ကြည့်ရှုလိုက်သည်။
ရဲချီယန်၏ ခန္ဓာကိုယ်ပေါ်တွင် လက်နက်တစ်ခုမျှ မတွေ့ရှိရသောကြောင့် တင်းမာနေသည့် လေထုမှာ အနည်းငယ် ပြေလျော့သွားတော့သည်။
သို့သော် ရဲချီယန်နှင့် လီဆက်တို့၏ အဝတ်အစားများမှာ သဲကန္တာရထဲတွင် ရှိနေသူတို့နှင့် မလိုက်ဖက်အောင်ပင် သပ်ရပ် သန့်ရှင်းလွန်းနေခြင်းက သူ့ကို သံသယ ဝင်စေဆဲပင် ဖြစ်၏။
"မိတ်ဆွေ၊ ဒီလအနည်းငယ်အတွင်း သဲကန္တာရထဲမှာ နတ်ဘုရားတွေရဲ့ ပြစ်ဒဏ် သာမကဘဲ နေရာအနှံ့ ပစ္စည်းလုယက်နေတဲ့ သဲဓားပြတွေလည်း ပေါများနေတယ်လေ။ ဒီလိုအချိန်မျိုးမှာမှ ခရီးသွားတွေပါလို့ ပြောနေတာတော့ ကျွန်တော်က..."
ကုန်သည်ယာဉ်တန်း ခေါင်းဆောင် စကားမဆုံးခင်မှာပင်။
အဝေးတစ်နေရာမှ အစောင့်တစ်ဦးက ကုလားအုတ်ကို စီးနင်းကာ ထိတ်လန့်တကြား အော်ဟစ် ရောက်ရှိလာလေသည်။
"ခေါင်း... ခေါင်းဆောင်။ မကောင်းတော့ဘူး၊ မကောင်းတော့ဘူး။ အဲဒီ သဲဓားပြတွေ ကျွန်တော်တို့ကို နောက်ကနေ လိုက်လာနေပြီ"
သဲဓားပြများ ဟူသော စကားကို ကြားလိုက်ရသည်နှင့် ကုန်သည်ယာဉ်တန်း တစ်ခုလုံး ချက်ချင်းပင် တုန်လှုပ်ချောက်ချားသွားကြတော့သည်။
"ခင်ဗျားတို့လည်း အမြန် ထွက်ပြေးကြပါတော့။ အဲဒီအရူးတွေက ဘယ်သူ့ကိုမှ အသက်ချမ်းသာ ပေးမှာ မဟုတ်ဘူး။ အထူးသဖြင့် လှပတဲ့ မိန်းမပျိုတွေကိုပေါ့"
ကုန်သည်ယာဉ်တန်း ခေါင်းဆောင်သည် အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ ကုလားအုတ်ကျောပေါ်သို့ ခုန်တက်ကာ ချက်ချင်း ထွက်ပြေးရန် ပြင်ဆင်လိုက်၏။
သို့သော်လည်း ထိုအချိန်တွင်ပင် သဲကုန်းများနောက်မှ သဲဓားပြ အုပ်စုကြီးတစ်ခုက စစ်မြင်းများကို စီးနင်းကာ ဟစ်အော်ရင်း ရောက်ရှိလာလေသည်။
သူတို့ ကိုင်ဆောင်ထားသော လက်နက်ကိရိယာများမှာ ရိုးရိုးရှင်းရှင်း မဟုတ်ပေ။ စစ်မြင်းများဖြင့်အတူ လေနှင့် သဲမှုန်တို့ကို ထိုးခွဲကာ မျက်စိတစ်မှိတ်အတွင်း၌ပင် သူတို့၏ နောက်သို့ ကပ်လိုက်လာနိုင်ခဲ့သည်။
"အဘိုးကြီး... မင်း ဘယ်ကို ပြေးမလို့လဲ၊ ဟားဟားဟား။ မှော်ဆရာတွေ... သူတို့ကို ငါ့အတွက် ပိတ်ဆို့ထားလိုက်စမ်း"
မှော်တုတ်တံများကို ကိုင်ဆောင်ထားသည့် မှော်ဆရာအချို့က နောက်ဘက်မှနေ၍ မန္တန်များကို ရွတ်ဖတ်လိုက်ရာ မြေပြင်မှ ဧရာမ သဲတံတိုင်းကြီးများ ထွက်ပေါ်လာပြီး ကုန်သည်ယာဉ်တန်း၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်လေတော့သည်။
"အဲဒီမှာတင် ရပ်လိုက်စမ်း"
သဲဓားပြ ခေါင်းဆောင်က ရက်စက် ကြမ်းကြုတ်စွာ ပြုံးဖြဲလိုက်ပြီး လက်ထဲရှိ ဓားကောက်ကြီးကို ကိုင်ဆောင်ကာ ခုန်ပျံလိုက်ရာ ကုန်သည်ယာဉ်တန်း၏ အရှေ့၌ ဒိုင်းခနဲ ကျဆင်းလာခဲ့၏။
ဝုန်း...။
ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ သဲဓားပြ ခေါင်းဆောင်၏ ပတ်လည်တွင် လေနှင့်သဲများ ရစ်ဝဲသွားကာ ရူးသွပ်မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကုန်သည်ယာဉ်တန်း ခေါင်းဆောင်ကို စိုက်ကြည့်လိုက်လေသည်။
သဲဓားပြတွေလား။ ဒီကောင်ရဲ့ စွမ်းရည်က အဆင့်နိမ့် ရထားမောင်းနှင်သူ အများစုထက်တောင် ပိုပြီး အစွမ်းထက်နေလောက်ပေသည်။
"ငါ့ရှေ့မှာ ဒူးထောက်လိုက်စမ်း၊ မင်းတို့ကို သတ်မပစ်ဘူး။ အိမ်ပြန်ရောက်ရင် လိမ္မာတဲ့ ကျွန်တွေ လုပ်ကြ၊ ခြေလက်အင်္ဂါ အပြည့်အစုံ ရှိနေသရွေ့တော့ ဈေးကောင်း ရနေဦးမှာပဲ"
"ဟင်"
သဲဓားပြ ခေါင်းဆောင်က လမ်းသရဲ အနီးတွင် ရပ်နေသော ရဲချီယန်နှင့် လီဆက်တို့ကို ရုတ်တရက် သတိပြုမိသွားရာ သူ၏ မျက်လုံးထဲရှိ ရူးသွပ်မှုတို့က လောဘရမ္မက်များအဖြစ် ချက်ချင်း အစားထိုး ဝင်ရောက်သွားခဲ့တော့သည်။
"မိန်းမ တစ်ယောက် ပါနေတာလား၊ အတော်လေး လှတဲ့ မိန်းမပဲ။ ပြီးတော့ ဒီကောင်ကလည်း ချောမောတဲ့ ယောကျ်ားတစ်ယောက်ပဲဟ၊ ဟားဟားဟားဟား။ ဟေ့... မင်းတို့နှစ်ယောက်၊ လုံးဝ မခုခံနဲ့နော်၊ ဒီလို ရုပ်ရည်မျိုးဆိုရင် သာမန်လူတွေထက် အများကြီး ပိုပြီး ဈေးကောင်းရလိမ့်မယ်"
ချောမောတဲ့... ယောကျ်ားတဲ့လား။
ရဲချီယန်၏ မျက်ခုံးများ တွန့်ချိုးသွားခဲ့၏။
သူ့ကို ဖော်ပြဖို့ ဒီလို နာမဝိသေသနမျိုးကို သုံးနှုန်းရသလား။
ဒါက တကယ်ကြီး...
သူက တဟဲဟဲ ရယ်မောလိုက်ကာ လက်တစ်ဖက်ကို မြှောက်လိုက်ပြီးနောက် ပြန်ချလိုက်သည်။
"တစ်ယောက်မှ အရှင်မထားနဲ့"
သူ၏ အသံက မကျယ်လောင်လှသော်လည်း သဲဓားပြများကတော့ ရှင်းလင်းစွာ ကြားလိုက်ရပေသည်။
"တစ်ယောက်မှ အရှင်မထားနဲ့ ဟုတ်လား၊ ဟားဟားဟားဟား။ အဲဒီလို လုပ်လို့ မရဘူးလေ၊ ငါက မင်းတို့ကို ရောင်းစားရဦးမှာ..."
ရွှီး...
ဖူးချိ...
【အချိန်စက်ယန္တရား လက်နက်ကိရိယာ】
လီဆက်၏ ကျောဘက်မှ သံချွန်များက အကောင်အထည် ပေါ်လာပြီးနောက် နာရီလက်တံ၊ မိနစ်လက်တံနှင့် စက္ကန့်လက်တံ လက်နက်ကိရိယာများအဖြစ် ကွဲထွက်သွားလေ၏။
သွေးဆူ ရူးသွပ်နေဆဲ ဖြစ်သော သဲဓားပြ ခေါင်းဆောင်၏ ဦးခေါင်းအထက်တွင် မိနစ်လက်တံ · ချိတ်ဆွဲဦးခေါင်းခွံ ဓား က ရုတ်တရက် ပေါ်လာခဲ့သည်။
တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း သတိပြုမိသွားကာ သူက ရှောင်တိမ်းရန် ကြိုးစားလိုက်၏။
သို့သော် ချိတ်ဆွဲဦးခေါင်းခွံ ဓားက သူ့နောက်သို့ မမှိတ်မသုန် လိုက်ပါလာပြီး အောက်သို့ ကျဆင်းလာချိန်တွင် သူ၏ ဦးခေါင်းထိပ်ကို ဖောက်ထွင်းဝင်ရောက်သွားလေတော့သည်။
"ဘာ။ တတိယခေါင်းဆောင် သေသွားပြီဟုတ်လား။ တောက်... တတိယခေါင်းဆောင်အတွက် ကလဲ့စားချေကြ"
သူတို့၏ ခေါင်းဆောင် သေဆုံးသွားသော်လည်း ကျန်ရစ်သော သဲဓားပြများက ပြိုကွဲမသွားဘဲ ရှေ့သို့ အပြင်းအထန် တိုးဝင်လာကြလေသည်။
မှော်ဆရာများကလည်း မန္တန်များကို ဆက်လက် ရွတ်ဖတ်နေကြရာ ဝါကျင်ကျင် သဲမှုန်များက သုံးမီတာခန့် မြင့်မားသော ဧရာမ လူဘီလူးကြီးများအဖြစ် ပြောင်းလဲသွားပြီး ရဲချီယန်ထံသို့ လက်သီးများဖြင့် လွှဲယမ်း ထိုးနှက်လာတော့၏။
ကြည့်ရသည်မှာ အတော်လေး အစွမ်းထက်ပုံရပေသည်။
သို့သော် ကံဆိုးစွာဖြင့်... သူတို့ ရင်ဆိုင်ရသူမှာ ရဲချီယန် ဖြစ်နေခဲ့သည်။
စက္ကန့်လက်တံမှ အဆက်မပြတ် ကွဲထွက်လာသော လေပေါ်ဝဲနေသည့် မြားတံများက ဝါကျင်ကျင် သဲဘီလူးကြီးများ၏ ခန္ဓာကိုယ်များကို အပိုင်းပိုင်း အစစ ဆုတ်ဖြဲပစ်လိုက်ပြီး ဓားပြအုပ်စုထဲသို့ ပျံသန်းဝင်ရောက်ကာ သတ်ဖြတ်ခြင်းကို စတင်လိုက်လေတော့သည်။
သေဆုံးခြင်းတရားသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှ၏။
ရှေ့တန်းမှ လူများ သေဆုံးသွားသည့်အခါ နောက်တန်းမှ လူများက ထွက်ပြေးချင်လာကြသည်။
နောက်ဆုံး ထွက်ပြေးသော မှော်ဆရာမှာ မြေပြင်ပေါ်သို့ လဲကျသွားပြီး အနောက်သို့ တရွတ်တိုက် ဆုတ်ခွာနေစဉ်။
"ချမ်းသာပေးပါ၊ အသက်ချမ်းသာပေးပါ။ အား"
ချိတ်ဆွဲဦးခေါင်းခွံ ဓားက သူ၏ နှလုံးသားကို ဖောက်ထွင်းသွားခဲ့လေပြီ။
ဤသဲကန္တာရကြီးမှာ ခဏတာမျှ တိတ်ဆိတ်သွားတော့သည်။
ဝှူး...
လေပြင်းတို့က အူဝဲ ညည်းတွားနေလေ၏။
လီဆက်က ရဲချီယန်ထံသို့ လှပ သေသပ်စွာ အရိုအသေပြုလိုက်သည်။
"ကောင်းကောင်း လုပ်နိုင်ခဲ့တယ် လီဆက်"
--
အချိန်စက်ယန္တရား လက်နက်ကိရိယာက ၎င်း၏ မူလ 【သံချွန်】 ပုံသဏ္ဌာန်သို့ ပြန်လည် ပြောင်းလဲသွား၏။ ရဲချီယန်က အံ့ဩ တုန်လှုပ်နေသော မျက်နှာများဖြင့် တစ်စုတစ်ဝေးတည်း ပူးကပ်နေကြသော ကုန်သည်ယာဉ်တန်း အဖွဲ့ဝင်များကို ကြည့်ကာ အနည်းငယ် ပြုံးလိုက်လေသည်။
"အခု... အနီးဆုံး မြို့တော်က ဘယ်နေရာမှာလဲဆိုတာ ငါ့ကို ပြောပြနိုင်ပြီလား"
【ကလစ်】
၎င်းက ကင်မရာ ခလုတ်နှိပ်လိုက်သည့် အသံပင် ဖြစ်သည်။
လီဆက်က ဤဘူတာရုံ၌ သူမ၏ ပထမဆုံး ဓာတ်ပုံကို ရိုက်ကူးလိုက်ခြင်း ဖြစ်၏။
ကုန်သည်ယာဉ်တန်း ခေါင်းဆောင်မှာ မြေပြင်ပေါ်မှ ကပျာကယာ ကုန်းရုန်း ထလာခဲ့ပြီး ခန္ဓာကိုယ်ကို ကိုင်းညွတ်ထားကာ အလွန်တရာ အကြောက်အလန့်လွန်၍ ကျုံ့ယုံ့နေပုံ ပေါ်ပေသည်။
သူ၏ မျက်နှာထက်တွင် အလွန် တောင့်တင်းနေသော အပြုံးတစ်ခုကို အတင်းအကျပ် ဖန်တီးထားရ၏။
"အသျှင်... သခင်ကြီး။ ရ... ရပါတယ်ခင်ဗျာ။ ကျွန်တော်တို့ရဲ့ ခရီးစဉ်က အနီးဆုံး မြို့တော်ပဲ ဖြစ်ပါတယ်၊ အဲဒီနေရာက..."
သူက ရဲချီယန်အား မြို့တော်၏ ဦးတည်ရာအရပ်ကို ပြောပြလိုက်ပြီး ယာဉ်တန်း၏ တစ်ခုတည်းသော မြေပုံကိုပင် ထုတ်ယူကာ လက်နှစ်ဖက်ဖြင့် ဆက်သလိုက်လေသည်။
"ဒီမြေပုံက သဲပင်လယ်ထဲမှာရှိတဲ့ မြို့တော်တွေနဲ့ မျိုးနွယ်စု အခြေချ နေထိုင်ရာ နေရာ အများစုကို ဖော်ပြပေးထားပါတယ်ခင်ဗျာ။ ကျေးဇူးပြုပြီး လက်ခံပေးပါ သခင်ကြီး။ ဒါပေမဲ့လေ..."
ရဲချီယန်က ၎င်းကို လှမ်းမယူသေးဘဲ ကုန်သည်ယာဉ်တန်း ခေါင်းဆောင် စကားဆက်မည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။
"ဒါပေမဲ့... သခင်ကြီးအနေနဲ့ ကျွန်တော်တို့နဲ့အတူ ခရီးဆက်ပေးလို့ ရနိုင်မလားခင်ဗျာ။ နောက်မြို့တော်ကို ရောက်တဲ့အခါ ကျွန်တော်တို့ရဲ့ သူဌေးက သခင်ကြီးကို သေချာပေါက် ဆုလာဘ် အကြီးအကျယ် ပေးပါလိမ့်မယ်"
ဒါပါပဲ။
လူတိုင်းမှာ သူတို့ လိုချင်သည့် အရာတစ်ခုစီ ရှိကြစမြဲပင်။ ရဲချီယန် လိုချင်သည့် အရာမှာလည်း ဤကုန်သည်ယာဉ်တန်းနှင့်အတူ နေထိုင်ပြီး သူတို့၏ နှုတ်မှတစ်ဆင့် ဤကမ္ဘာ၏ အခြေခံ သတင်းအချက်အလက်များကို ရယူရန်သာ ဖြစ်ပေသည်။
သူတို့ ကိုယ်တိုင်က ကမ်းလှမ်းလာခဲ့ပြီ ဖြစ်ရာ သူလည်း အကျိုးအမြတ် တစ်ခုခု ရရှိနိုင်လောက်ပေသည်။ ဘာကြောင့် ငြင်းဆန်ရမည်နည်း။
"ရတာပေါ့၊ ဒါဆိုရင်လည်း မင်းတို့ရဲ့ လမ်းညွှန်မှုကိုပဲ မျှော်လင့်နေပါ့မယ်"
ကုန်သည်ယာဉ်တန်း ခရီးမဆက်မီ ရဲချီယန်က သဲဓားပြ ခေါင်းဆောင်၏ ကွေးဓားကို ကောက်ယူလိုက်သည်။
၎င်း၏ အဆင့်က မမြင့်မားလှဘဲ အဆင့် ၆ ပစ္စည်းတစ်ခုသာ ဖြစ်၏။
ဒါပေမဲ့...
သူတို့က သာမန် သဲဓားပြတွေသာ ဖြစ်သည်။ ကုန်သည်ယာဉ်တန်း ခေါင်းဆောင်၏ စကားများအရ ဤသဲကန္တာရထဲ၌ ထိုသဲဓားပြ အုပ်စုမှာ အဆင့်နိမ့် အမျိုးအစားသာ ဖြစ်ကြောင်း သိရှိရန် မခက်ခဲလှချေ။
ကုန်သည်ယာဉ်တန်း၏ မူလ ကျွမ်းကျင် အစောင့်အကြပ်များမှာ ပိုမို အစွမ်းထက်သော သဲဓားပြများ၏ ပိတ်ဆို့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ယခုအချိန်အထိ သတင်းအစအနမျှ မရတော့ရာ သူတို့ သေဆုံးသွားလောက်ပြီ ဖြစ်ပေသည်။
ညဉ့်ယံသို့ ရောက်ရှိလာပြီး အအေးဒဏ်က ပိုမို ပြင်းထန်လာလေ၏။
ရဲချီယန်က ကုန်သည်ယာဉ်တန်း အတွင်း၌ မနေခဲ့ပေ။ အချိန် 【၂၃:၅၉】 တွင် သိုလှောင်မှု မေးထရစ်ထဲမှ ရထားကို အပြင်သို့ ထုတ်ယူလိုက်သည်။
နောက်တစ်နေ့ ညသန်းခေါင်ကျော်သွားချိန်တွင် ၎င်းကို သိုလှောင်မှု မေးထရစ်ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်၏။ ထိုအချိန်၌ သူ၏ ဘေးတွင် နောက်ထပ် ကိုယ်ရံတော် တစ်ယောက် ထပ်တိုးနေချေပြီ။
ရဲချီယန်က အီဗ်ကို ရထားပေါ်မှ အပြင်သို့ ခေါ်ထုတ်လာခဲ့ခြင်း ဖြစ်သည်။
၎င်းသာမကသေး။
ကောင်းကင်ယံ အထက်၌ တလက်လက် တောက်ပနေသော ရွှေရောင် လျှပ်စီးတန်းလေး အသွင်ဖြင့် ဖုံးကွယ် နေသူမှာလည်း သူ ခေါ်ထုတ်လာခဲ့သည့် မိုးပြာရောင် ဟိန်းဟောက်သံ မိုးကြိုးသိမ်းငှက် ပင် ဖြစ်လေသည်။
အဝေးမှ သဲကုန်းတစ်ခုပေါ်တွင်ပင် မှောင်မိုက်သော ညဉ့်ယံ၌ ဖုံးကွယ်နေသည့် ကျီးကန်းနတ်ဆိုး က ဤနေရာကို စောင့်ကြည့်နေ၏။
ကုန်သည်ယာဉ်တန်းဆီသို့ ပြန်ရောက်လာပြီးနောက် ရဲချီယန်က မီးပုံဘေးတွင် ထိုင်လိုက်ပြီး လီဆက် ပြင်ဆင်ပေးထားသော သိုးသားကင်ကို စားသုံးရင်း ညလယ်စာအဖြစ် ရထားပေါ်မှ ယူဆောင်လာခဲ့သည့် ရေခဲစိမ် ဘီယာဖြင့် တွဲဖက် သောက်သုံးနေလေသည်။
သူတို့၏ ပတ်ပတ်လည်တွင် လေပြင်းများ ဆက်လက် တိုက်ခတ်နေဆဲပင်။ မနက်ဖြန်၏ ရာသီဥတုကလည်း ပြောင်းလဲသွားခြင်း မရှိသေးချေ။
သူက မုန်တိုင်းမျက်လုံး ကျောက်တုံးကို အသုံးပြု၍ ကုန်သည်ယာဉ်တန်း စခန်းပတ်လည်၌ ပိုမို ကြီးမားသော မုန်တိုင်းကြီး တစ်ခုကို ဖန်တီးလိုက်ပြီး စခန်းကို မုန်တိုင်း၏ ဗဟိုချက် မျက်လုံးနေရာ၌ ထားရှိလိုက်သောကြောင့် လေပြင်းများ၏ အနှောင့်အယှက်ကို မခံရတော့ပေ။
အတုအယောင် စောင့်ကြည့်ရေးစက်၏ အလင်းမျက်နှာပြင်မှတစ်ဆင့် ရဲချီယန်သည် သိုလှောင်မှု မေးထရစ်အတွင်း သိမ်းဆည်းထားသော ရထားတွဲထဲရှိ သဲပုံစံငယ်ကို ကြည့်ရှုရင်း အတွေးနက်နေလေ၏။
သူ သွားချင်သော နေရာက ကိုဩဒိနိတ်၏ ဆန့်ကျင်ဘက် အရပ်တွင် ရှိနေခြင်းမျိုး မဟုတ်ချေ။
တကယ်တမ်း၌ သဲပုံစံငယ်ပေါ်တွင် မည်သည့် အလင်းစက်လေးမျှ မရှိတော့ခြင်းပင်။
သဲပုံစံငယ်က အာနိသင် ကင်းမဲ့သွားခြင်း မဟုတ်ဘဲ မူလ အနီရောင် အလင်းစက်လေးက သူ နက်ဖီလင်မ်ရဲ့ အကြွင်းအကျန်များကို ရှာတွေ့ခဲ့သည့် နေရာ၌ပင် ရှိနေခဲ့ခြင်း ဖြစ်သည်။
ထိုအရိုးစုကြီးကို ရဲချီယန်က ရထားပေါ်သို့ သယ်ဆောင်လာခဲ့ပြီး ဖြစ်ရာ အလင်းစက်လေးကလည်း သဘာဝကျစွာပင် ပျောက်ကွယ်သွားခဲ့တော့သည်။
"နိဗ္ဗာန်ဘုံ ပြန်လည်မွေးဖွားခြင်း..."
သူက စိတ်ထဲမှ တီးတိုး ရေရွတ်လိုက်ရင်း မလှမ်းမကမ်းမှနေ၍ အလွန်အမင်း သတိထားကာ သူ့ထံသို့ လျှောက်လာနေသော ကုန်သည်ယာဉ်တန်း ခေါင်းဆောင်အား မျက်လုံးပင့် ကြည့်လိုက်လေသည်။
"သခင်ကြီး... ညဘက် ကင်းစောင့်တာကို ကျွန်တော်ပဲ လုပ်လိုက်တာ ပိုကောင်းပါလိမ့်မယ်..."
ရဲချီယန်က မီးပုံအထက်တွင် ကင်ထားသော တောယုန်တစ်ကောင်ကို ကောက်ယူလိုက်ပြီး မှုတ်လိုက်သည်။
"ငါက အိပ်မပျော်လို့ပါလေ။ ဒါနဲ့... နေ့လယ်တုန်းက မင်း ပြောခဲ့တာ ဒီသဲကန္တာရကို မာတမ် လို့ ခေါ်တယ်ဆို။ ရှေးဟောင်းဘာသာစကားအရတော့ အဲဒါက သေဆုံးခြင်းလို့ အဓိပ္ပာယ်ရတယ်လေ။ ဒါဆို မင်း နက်ဖီလင်မ် ဆိုတဲ့ နာမည်ကိုရော ကြားဖူးလား"