အခန်း ၄၆၀
Vol. 39 Ch. 460
အခန်း (၄၆၀)
အဖြေက အဘယ်နည်း။
သေဆုံးခြင်းတရားသည် မာတမ်အတွက်တော့ သာမန် ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုသာ ဖြစ်လေ၏။
သူက အစစ်အမှန် နတ်ဘုရားတစ်ပါး ဖြစ်လာစေမည့် နည်းလမ်းကို ရရှိခဲ့ပြီး သေမင်းနှင့် အနီးစပ်ဆုံး ဖြစ်ခဲ့ရသည့် အချိန်မှာ လွန်ခဲ့သော ရာစုနှစ်တစ်ခုက သူ့ကို ယုံကြည်ခဲ့သော နတ်ငှက်ကြီး နက်ဖီလင်မ်အပေါ် ပုန်ကန်ခဲ့သည့် ထိုနေ့၌ပင် ဖြစ်ချေသည်။
မာတမ်က နက်ဖီလင်မ်ရဲ့ မီးတောက်များကို ခိုးယူကာ ပြောင်းပြန်ကြက်တောင်ကို နှုတ်ယူပြီး စိတ်ဝိညာဉ် ကျောက်စိမ်းကို ဖျက်ဆီးပစ်ခဲ့သည့် အချိန်အထိ နက်ဖီလင်မ်သည် သေဆုံးသင့်သည့်အရာ မဟုတ်သလို သေလည်း သေဆုံးသွားမည် မဟုတ်ပေ။
ထိုမီးတောက်က သူ၏ ရင်ဘတ်အတွင်း၌ ပြင်းထန်စွာ တောက်လောင်နေခဲ့ရာ ၎င်း မငြိမ်းသတ်သွားသရွေ့ သူသည်လည်း နက်ဖီလင်မ်ကဲ့သို့ပင် သေဆုံးမည် မဟုတ်ချေ။
သို့သော်လည်း...
"ငါက အစစ်အမှန် နတ်ဘုရား တစ်ပါးပဲ။ အစစ်အမှန် နတ်ဘုရားဆိုတာ ထာဝရ ရှင်သန်နေတဲ့သူကွ။ ငါက... အင့်"
နာကျင်မှု... ရင်ဘတ်ဆီမှ ထွက်ပေါ်လာသော နာကျင်မှု။
ပြင်းထန်စွာ တောက်လောင်နေသော ထိုမသေနိုင်သည့် မီးတောက်ကြီးမှာ သူ ဖြေကြားလိုက်သည့် တခဏ၊ ရဲချီယန်၏ ပခုံးထက်ရှိ ကျီးကန်းနတ်ဆိုးက ၎င်းကို စိုက်ကြည့်လိုက်သည့် တခဏ၌ပင် 【အကျိုးသက်ရောက်မှု ခံလိုက်ရ】 လေတော့သည်။
【ရှူး...】
နတ်ဆိုး၏ 【ဖြားယောင်းသွေးဆောင်ခြင်း】 ကို သူ မခုခံနိုင်ခဲ့ချေ။
ရှေးဟောင်းဘာသာစကားအရ သေဆုံးခြင်းဟု အဓိပ္ပာယ်ရသော မာတမ်။
ဤသည်မှာ သူ၏ နာမည်ရင်း မဟုတ်ပေ။
သို့တိုင်အောင် ၎င်းက သူ အကြောက်ရွံ့ဆုံးသော တည်ရှိမှုပင် ဖြစ်လေ၏။
သူ သေရမည်ကို ကြောက်ရွံ့နေခဲ့သည်။
အဆင့်မြင့် ဘူတာရုံကမ္ဘာတစ်ခုတွင် ရှုံးနိမ့်မှုနှင့် ကြုံတွေ့ခဲ့ရပြီးနောက် မိမိ၏ အပေါင်းအပါများကို စွန့်ပစ်ကာ၊ ကိုယ်ပိုင်ရထားပေါ်ရှိ အဖွဲ့ဝင်များကို စွန့်ပစ်ပြီး ကိုယ်ပိုင် ရထားတွဲများ အားလုံးကိုပင် စွန့်လွှတ်ကာ အဆင့်မြင့် ပလက်ဖောင်းတစ်ခုမှ ထွက်ပြေး လွတ်မြောက်လာခဲ့သည့် နေ့မှစ၍။
သေဆုံးရမည်ကို ကြောက်ရွံ့သော သူ၏ စိတ်က နှလုံးသား အနက်ရှိုင်းဆုံး နေရာ၌ အမြစ်တွယ် ရှင်သန်လာခဲ့ချေပြီ။
သို့ဖြစ်ရာ 【အကန့်အသတ်ကျော်လွန်သူ】 ဟူသော တည်ရှိမှုကို သိရှိလာခဲ့ချိန်၊ လွင်တီးခေါင်ပြင် နတ်ဘုရားစွမ်းအားကို သိရှိလာခဲ့ချိန်နှင့် အစစ်အမှန် နတ်ဘုရားများအကြောင်းကို သိရှိလာခဲ့ချိန်တွင်...
သူက နှစ်ပေါင်းများစွာ အချိန်ယူပြီး ဤဘူတာရုံကမ္ဘာ၌ နတ်ဘုရားတစ်ပါး ဖြစ်လာစေမည့် နည်းလမ်းကို နောက်ဆုံးတွင် ရှာတွေ့သွားခဲ့လေသည်။
သို့သော် ယခုအခါ သူ တမ်းတနေခဲ့သော နတ်ဘုရားတစ်ပါး တကယ်တမ်း ဖြစ်လာချိန်၌ သူ အတင်းအကျပ် မေ့ဖျောက်ထားခဲ့သော၊ သို့သော် 【နတ်ဆိုး】 ၏ တီးတိုးပြောဆိုသံကြောင့် အတင်းအကျပ် နိုးထလာရသော အမှန်တရားတစ်ခုကို အံ့အားသင့်ဖွယ် ရှာဖွေတွေ့ရှိလိုက်ရ၏။
"ငါက... သေရမှာလား"
ဒုတ်... ဒုတ်...။
ရင်ဘတ်ထဲရှိ မီးတောက်က ပြင်းထန်စွာ ခုန်လှုပ်လာတော့သည်။
တစ်စုံတစ်ခု၏ လမ်းညွှန်မှုကို ခံလိုက်ရသည့်အလား ၎င်းက သူ၏ ရင်အုပ်ကို ဖောက်ထွက်သွားခဲ့လေ၏။
နတ်ငှက်ကြီး၏ အော်ဟစ်သံက ဤကမ္ဘာကြီး တစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့ချေပြီ။
သန့်ရှင်းသော မြို့တော်အတွင်း၌။
အပျက်အစီးများအောက်တွင် ပိမိနေသော အိုင်ရှာလာက ကောင်းကင်ယံဆီသို့ အကြည့်ပို့လိုက်လေသည်။
၎င်းက ရဲချီယန် ထုတ်ယူလိုက်သော အရိုးစုကြီးပင် ဖြစ်၏။
ကျောက်မျက် ဓားသွားများသဖွယ် တောက်ပနေသော ပြောင်းပြန်ကြက်တောင်များနှင့် မသေနိုင်သော မီးတောက်များ အားလုံးကို စုပ်ယူပြီး အသက်ဝင်လာသည့် စိတ်ဝိညာဉ် ကျောက်စိမ်းတို့က ကောင်းကင်ယံထက်တွင် မျက်စိကျိန်းမတတ် တောက်ပနေသော နတ်ငှက်ကြီး တစ်ကောင်အဖြစ် ပေါင်းစည်းသွားခဲ့လေတော့သည်။
ထိုအရာက နက်ဖီလင်မ် ပင်တည်း။
"နက်ဖီလင်မ်"
အိုင်ရှာလာက ဤအမည်နာမကို စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်၏။
ထို့နောက် ချက်ချင်းပင် သူမ၏ စိတ်လှုပ်ရှားမှုတို့က ကြောက်ရွံ့ ထိတ်လန့်မှုအဖြစ် ပြောင်းလဲသွားခဲ့ရသည်။
ဘာကြောင့်လဲဆိုတော့။
ကောင်းကင်ယံ အမြင့်ဆီ၌ ရပ်တန့်နေသော အကန့်အသတ်ကျော်လွန်သူ နဂါးကြီးက ၎င်း၏ ဧရာမ ပါးစပ်ကြီးကို ဟလိုက်ပြီး မျက်ရည်နီ၏ မိုးစက်များနှင့် ရောယှက်နေသော လေပြင်းများနှင့်အတူ ဝါကျင်ကျင် သဲတိမ်တိုက်များကို ဖောက်ထွင်း ဆင်းသက်လာခဲ့သောကြောင့်ပင်။
၎င်းက အောက်သို့ ဝဲပျံ ဆင်းသက်လာပြီး ဧရာမ ပါးစပ်ကြီးကို ဟကာ တကယ်ကြီး နိဗ္ဗာန်ဘုံ ဝင်ရောက်တော့မည့်ဟန် ရှိနေသော နတ်ငှက်ကြီး၏ အရိုးစုကို အပိုင်းပိုင်း အစစ ကိုက်ဖြတ်ပစ်လိုက်လေတော့သည်။
ရဲချီယန်က သူ၏ လက်ဖဝါးကို ဖြန့်ချလိုက်၏။ အမဲလိုက် စက်ယန္တရားနဂါး၏ ကိုက်ဖြတ်ခံလိုက်ရသည့် တခဏ၌ပင် အကြွင်းအကျန်များ၊ ပြောင်းပြန်ကြက်တောင်များ၊ စိတ်ဝိညာဉ် ကျောက်စိမ်းနှင့် မီးတောက်များ အားလုံးက ပေါင်းစည်းသွားခဲ့လေသည်။
【နက်ဖီလင်မ်】
【နက်ဖီလင်မ်သည် သေဆုံးသွားခဲ့ပြီ ဖြစ်သည်၊ နိဗ္ဗာန်ဘုံ ပြန်လည်မွေးဖွားခြင်း ဆိုသည်မှာ မိမိ၏ အရာအားလုံးကို သက်ရှိအသစ်တစ်ခု အဖြစ်သို့ ပြောင်းလဲပစ်လိုက်ခြင်း သက်သက်သာ ဖြစ်သည်】
【နက်ဖီလင်မ်ရဲ့ နောက်ဆုံး ဆန္ဒက သင့်ကို ရွေးချယ်ခဲ့သည်၊ ၎င်းက သင့်အား တာဝန်တစ်ခု ပေးအပ်ခဲ့ပြီး ၎င်း၏ တောင်းဆိုချက်ကို ပြောပြခဲ့သည်】
【လျှို့ဝှက်တာဝန် ပြီးမြောက်ပါပြီ】
【တာဝန် ဆုလာဘ် ရရှိသည် - မီးတောက် အမျိုးအစား စွမ်းရည် ပုံဆောင်ခဲ】
【ဤဘူတာရုံ၏ ရည်မှန်းချက် ပြည့်မီသွားပါပြီ၊ သင်သည် ဘူတာရုံမှ အချိန်မရွေး ထွက်ခွာနိုင်ပါပြီ】
ဂလွမ်...။
ရထားဒင်္ဂါး တစ်ပြားက ကောင်းကင်ယံမှ ကျဆင်းလာပြီး ရဲချီယန်၏ လက်ထဲသို့ ကွက်တိ ကျရောက်လာလေ၏။
ဤရထားဒင်္ဂါးက ဤကမ္ဘာဆီသို့ ရဲချီယန် ရောက်ရှိလာရသည့် အစစ်အမှန် အကြောင်းရင်းပင် ဖြစ်ပေသည်။
၎င်းက ဤတာဝန် ပလက်ဖောင်း၏ တာဝန်မှ ရရှိသော ဆုလာဘ်လည်း ဖြစ်၏။
ဤသည်မှာ အရောင်းအဝယ် ကိစ္စတစ်ခု ဖြစ်ပြီး အရောင်းအဝယ်၏ တစ်ဖက်လူမှာ ကာလကြာရှည်ကတည်းက သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။
"အရောင်းအဝယ် အောင်မြင်သွားပြီ။ မဟုတ်သေးဘူး... အရောင်းအဝယ် ပြီးဆုံးသွားပြီလို့ ပြောရမှာပေါ့"
ရဲချီယန်၏ ပုံရိပ်က အကန့်အသတ်ကျော်လွန်သူ နဂါးကြီး၏ ဦးခေါင်းထက်၌ ရပ်နေလေ၏။
【ပုန်ကန်မှု × နတ်ဆိုး ကတ်ပြား · မာနတရား】
မသေနိုင်သော မီးတောက်ကို ဆုံးရှုံးသွားပြီးနောက် တောင့်တင်း သေဆုံးသွားသည့် မာတမ်အား သူက ငုံ့ကြည့်လိုက်သည်။
မာတမ်ကလည်း ဤရက်စက် ကြမ်းကြုတ်လှသော အကြည့်ကို ခံစားလိုက်ရပေ၏။
"... ငါက သေရမယ်ဆိုရင်ရော ဘာဖြစ်လဲ။"
"တိုက်ပွဲက အခုမှ စရုံလေး ရှိသေးတာ"
မာတမ်၏ ရင်ဘတ်က ပိတ်သွားပြီး ခွေးညည်းသံ တစ်ခုက သူ၏ ပါးစပ်မှ ထွက်ပေါ်လာလေတော့သည်။
ပိုမို များပြားသော မှော်သားရဲများ၊ သူ ထိန်းချုပ်ထားသော သဲဓားပြ အများအပြားနှင့် ခွေးလူသား ပိုမို များပြားလာသည်။
မာတမ်က ကောင်းကင်သို့ ပျံတက်သွားပြီး ဝါကျင်ကျင် သဲများဖြင့် စုစည်းထားသော ရာဇလှံတံ တစ်ခုကို လွှဲယမ်းလိုက်၏။
လေဟာနယ်ထဲမှ ဖန်တီးလိုက်သော ဝါကျင်ကျင် သဲများက ဧရာမ သဲမုန်တိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရဲချီယန်နှင့် အမဲလိုက် စက်ယန္တရားနဂါး တို့ ရှိရာဆီသို့ လေပြင်းများ တိုက်ခတ် တိုးဝင်လာတော့သည်။
သို့သော် အမဲလိုက် စက်ယန္တရားနဂါး၏ အမဲလိုက်ခြင်း လက်စွပ်ကွင်း ကို သူ့ရှေ့သို့ ပစ်လွှတ်လိုက်ချိန်တွင်။
၎င်း၏ ပုံသဏ္ဌာန်က ဆက်တိုက် ကြီးမားလာပြီး လည်ပတ်နေလေ၏။
သေစေနိုင်သော သဲမုန်တိုင်းကြီးမှာ အမဲလိုက်ခြင်း လက်စွပ်ကွင်း အတွင်းသို့ စုပ်ယူခံလိုက်ရပြီး အဆက်မပြတ် စုစည်းသွားတော့သည်။
"ဝုန်း"
ကျယ်လောင်သော နဂါးဟိန်းဟောက်သံကြီးက ကောင်းကင်ယံ တစ်ခွင် ပဲ့တင်ထပ်သွားခဲ့သည်။
အမဲလိုက်ခြင်း လက်စွပ်ကွင်း၏ လည်ပတ်နှုန်းက အဆက်မပြတ် မြင့်တက်လာပြီး နောက်ဆုံးတွင် ၎င်း၏ မူလ အရောင်အဆင်းကိုပင် ဆုံးရှုံးသွားလောက်အောင် လျင်မြန်သွားခဲ့ချေပြီ။
မှောင်မိုက်သော ရွှေရောင် အလင်းစက်လေးများက လက်စွပ်ကွင်းအတွင်းသို့ စီးဝင်သွားကြ၏။
ရဲချီယန်၏ အရှေ့တွင် ထိန်းချုပ်ရေး အလင်းမျက်နှာပြင် ပေါ်ထွက်လာခဲ့သည်။
ချိန်ရွယ်၊ ပစ်မှတ်လော့ခ်ချ၊ ပစ်ခတ်...
"သွားစမ်း"
မှောင်မိုက်သော ရွှေရောင် အလင်းတန်းကြီးက စုပ်ယူထားသော သဲမုန်တိုင်းများနှင့်အတူ မာတမ်၏ အရှေ့ဆီသို့ ပြန်လည် တိုးဝင်သွားလေတော့သည်။
"ဘာ"
မာတမ်၏ သူငယ်အိမ်များ ကျုံ့ဝင်သွားပြီး သူက ကိုယ်ပွားတစ်ခုနှင့် ချက်ချင်း နေရာချင်း ဖလှယ်လိုက်လေ၏။
ကိုယ်ပွားမှာ ချေမှုန်းခံလိုက်ရသော်လည်း အမဲလိုက်ခြင်း လက်စွပ်ကွင်း၏ တိုက်ခိုက်မှုက ထိုကိုယ်ပွားမှတစ်ဆင့် သူ၏ ပင်မကိုယ်ထည်ဆီသို့ ကူးစက်လာခဲ့သည်။
"ဖူး..."
သဲစရစ်ခဲများ ရောနှောနေသော သွေးများ ပန်းထွက်လာခဲ့၏။
သူ၏ သက်စောင့်စွမ်းအင်များ လျင်မြန်စွာ လျော့ပါး ပျောက်ကွယ်နေကြောင်းကို မာတမ် ခံစားလိုက်ရသည်။
သူ၏ အကန့်အသတ်ကျော်လွန် စွမ်းအားက သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ပြုပြင်ပေးနေသော်လည်း အမဲလိုက်ခြင်း လက်စွပ်ကွင်း ကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများကိုမူ ပြန်လည် ကုစားနိုင်ခြင်း မရှိချေ။
သူက သွေးများကို မျိုချလိုက်ပြီး ရဲချီယန်အား နက်နဲစွာ စိုက်ကြည့်လိုက်လေ၏။
"နောက်ထပ် အဆင့်မြင့် ပစ္စည်းတစ်ခုလား။ တကယ်ကို ဖြုန်းတီးတာပဲ..."
"ဒါဆိုရင် မင်းက တကယ်ကို ပြေးတတ်တာပဲလို့ ငါက ပြောရမလား"
အမဲလိုက်ခြင်း လက်စွပ်ကွင်း ၏ တိုက်ခိုက်မှုက အနိမ့်ဆုံး စွမ်းအား ဆက်တင်ကိုသာ အသုံးပြုထားခြင်း ဖြစ်ရာ စိတ်စွမ်းအား သုံးစွဲမှုက သိပ်မများလှပေ။
"ငါ အရင်ကတည်းက ပြောခဲ့ပြီးပြီလေ၊ ငါ သေရမယ်ဆိုရင်တောင် မင်း ငါ့ကို သတ်လို့မရနိုင်ပါဘူးလို့"
"ဒီအဆင့်မြင့် ပစ္စည်းတွေကို ဆက်တိုက် အသုံးပြုနေတာ၊ ဒီလောက် ဖြုန်းတီးတဲ့ နည်းလမ်းတွေနဲ့ဆိုတော့ မင်းရဲ့ ကိုယ်ခံစွမ်းအားနဲ့ စိတ်စွမ်းအား ဘယ်လောက်တောင် ကုန်ဆုံးသွားပြီလဲ"
"မင်း ကန့်သတ်ချက်ကို ရောက်နေပြီ မဟုတ်လား"
မာတမ်က တစ်ဖန် ပြန်လည် မတ်တတ်ရပ်လိုက်သော်လည်း မျက်ရည်နီ က သူ၏ နောက်ကျောဘက်၌ ထွက်ပေါ်လာခဲ့၏။
နောက်ထပ် ဓားတစ်ချက်... သူ မကာကွယ်ရဲတော့ဘဲ အခြား ကိုယ်ပွားတစ်ခုနှင့် အရေးပေါ် နေရာချင်း ဖလှယ်လိုက်လေတော့သည်။
ကိုယ်ပွား သေဆုံးသွားပြီး မာတမ်က ခွေးလူသား ဘာသာဝင်များကြားသို့ ဆင်းသက်သွားခဲ့သည်။
သူက ခွေးလူသား တစ်ကောင်ကို လှမ်းဆွဲလိုက်ရာ ၎င်း၏ ကိုယ်တွင်းရှိ သက်စောင့်စွမ်းအင်များက သူ၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် စီးဝင်လာသော်လည်း အမဲလိုက်ခြင်း လက်စွပ်ကွင်း ကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများကိုမူ ပြန်လည် ကုစားနိုင်ခြင်း မရှိသေးချေ။
"ဒီကမ္ဘာထဲမှာ ငါ နှစ်တစ်ရာတိုင်တိုင် ကျင့်ကြံလာခဲ့တာ၊ အပြင်လူဖြစ်တဲ့ မင်းက ငါ့ကို သတ်ဖို့ ဘာစွမ်းရည် ရှိလို့လဲ"
ရဲချီယန်က သူ၏ ကိုယ်ရေးအချက်အလက်ကို တစ်ချက် ကြည့်လိုက်၏။
【ကိုယ်ခံစွမ်းအား - ၁၉၂】 【စိတ်စွမ်းအား - ၂၃】
အီဘိုနီ က သူ၏ လက်ထဲ၌ လည်ပတ်နေလေသည်။
သူက ဦးတည်ရာ တစ်ခုဆီသို့ ပေါ့ပေါ့ပါးပါး ချိန်ရွယ်လိုက်၏။
ခလုတ်ဆွဲလိုက်သည်နှင့် ခွေးလူသား တစ်ကောင်ပြီးတစ်ကောင် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
【လုယူခြင်း】
【ကိုယ်ခံစွမ်းအား - ၂၂၀】
【စိတ်စွမ်းအား - ၅၉... ၈၈... ၁၃၃... ၂၆၀】
ရဲချီယန်က အနောက်သို့ မှီထိုင်လိုက်ရာ အစိတ်စိတ်အမွှာမွှာ ဖြစ်နေသော အနက်ရောင်ပလ္လင်က သူ၏ နောက်ကျောဘက်၌ လျင်မြန်စွာ ပေါ်ထွက်လာခဲ့၏။
"ကိုယ်ပွားတွေက မင်းသေမယ့်အစား အစားထိုး ခံပေးလိမ့်မယ်၊ ဒါပေမဲ့ မင်း နောက်ထပ် ကိုယ်ပွားတွေ ထပ်မခေါ်တော့ဘူး။ အဲဒီသဘောက ဒီကိုယ်ပွား အရေအတွက်က မင်းရဲ့ ကန့်သတ်ချက်ပဲဆိုတာ ရှင်းနေတာပဲ"
"ငါ ရေတွက်ကြည့်ပါဦးမယ်"
"အခု... ကိုယ်ပွား ကိုးခုပဲ ကျန်တော့တာ"
"ငါ မင်းကို နောက်ထပ် ကိုးကြိမ်လောက် သတ်ပစ်လိုက်တာနဲ့ ဒါမှမဟုတ်..."
မာတမ်က စကားမဆိုတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူသည် နောက်ထပ် ကိုယ်ပွားများ ထပ်မံ မဖန်တီးနိုင်တော့သောကြောင့်ပင်။
ထို့ပြင် ပြိုင်ဘက်ကလည်း သူ့ကို နောက်ထပ် ကိုးကြိမ်တိုင်တိုင် သတ်ဖြတ်နိုင်စွမ်း ရှိနေသည် မဟုတ်ပါလား။
"အကုန်လုံးကို အဆုံးသတ်လိုက်စမ်း"
【ဖြတ်...】
ကျယ်လောင် ပြတ်သားသော လက်ဖြောက်တီးသံ တစ်ခုက နေရာလွတ်အတွင်း၌ ပဲ့တင်ထပ်သွားခဲ့လေ၏။
ထို့နောက် ချက်ချင်းပင် အနီးကပ် တိုက်ပွဲဝင်နေသော ချောက်နက် စက်ယန္တရားကြီး ၏ မျက်လုံးများထဲရှိ အနီရောင် အလင်းတန်းက တလက်လက် တောက်ပသွားပြီး မျှော်လင့်မထားသော အမြန်နှုန်းနှင့် စွမ်းအားတို့ဖြင့် လုံးဝ တုံ့ပြန်နိုင်ခြင်း မရှိခဲ့သော မာတမ်၏ ပျင်းရိခြင်း ကိုယ်ပွားကို ဖမ်းဆုပ်ကာ ကြိတ်ချေပစ်လိုက်တော့သည်။
ဤသည်မှာ ပထမဆုံး ဖျက်ဆီးခံလိုက်ရသော ကိုယ်ပွားပင် ဖြစ်၏။
သို့သော် ၎င်းက နောက်ဆုံးတော့ မဟုတ်ခဲ့ချေ။
အကာအကွယ်ကိုသာ ယူနေခဲ့သော ဗီလိန် က ၎င်း၏ ဒိုင်းလွှာကို လွှင့်ပစ်လိုက်ပြီး သောင်းကျန်းမှု မုဒ် ကို အသက်သွင်းကာ စေတနာ ကိုယ်ပွားကို ဖောက်ခွဲပစ်လိုက်လေသည်။
လန်စလော့ နှင့် ရဲချီယန် ဆင့်ခေါ်ထားသော ပိုမိုများပြားလှသည့် အဆုံးမဲ့ စက်ရုပ်စစ်သည်တော် များက ပိုမို ထက်မြက်သော သတ်ဖြတ်ခြင်း အစီအရင် တစ်ခုကို ပုံဖော်လိုက်ကာ မနာလိုခြင်း ၏ သဲဘီလူးကြီးကို ထိုးဖောက် ချေမှုန်းပစ်လိုက်ကြ၏။
ဂေါ်ဘလင် ချန်ပီယံ နှင့် ဦးခေါင်းမရှိသော ဂေါ်ဘလင် တမန်တော် တို့က ထွက်ပြေးနေသော ဝမ်းမြောက်ခြင်း ကိုယ်ပွားကို ညှပ်ပိတ် တိုက်ခိုက်လိုက်ကြပြီး ရေနွေးငွေ့ ဘုရင်ကြီး ၏ ဧရာမ ခန္ဓာကိုယ်ကြီးကို အသားဒိုင်းလွှာအဖြစ် အကာအကွယ် ယူကာ ၎င်းတို့ နောက်ဆုံးတွင် အမီလိုက်နိုင်သွားခဲ့သည်။
တူနှစ်လက်ဖြင့် ညှပ်ပိတ် တိုက်ခိုက်မှုအောက်တွင် ဝမ်းမြောက်ခြင်း ကိုယ်ပွား အဆုံးသတ်သွားလေတော့သည်။
စစ်မြေပြင်၏ အခြား အစိတ်အပိုင်းများမှာလည်း ယေဘုယျအားဖြင့် အခြေအနေ အတူတူပင် ဖြစ်ပေသည်။
အကန့်အသတ်ကျော်လွန်သော ကြယ်ပွင့် ကို အသက်သွင်းထားသည့် အီဗ် က ထာဝရ ဖြတ်တောက်သူ ကို အသုံးပြု၍ ကိုယ်ပွားတစ်ခုကို ချက်ချင်း အဆုံးသတ်ပစ်လိုက်ပြီးနောက် အဆုံးမရှိသော သဲစစ်သည်တော်များကို ဆက်လက် ရှင်းလင်းနေလေ၏။
ကျီးကန်းနတ်ဆိုး အမွှာ၊ မျက်ရည်နီ နှင့် လီဆက် တို့၏ ပြိုင်ဘက်များမှာလည်း လုံးဝ ခုခံနိုင်စွမ်း မရှိကြတော့ချေ။
မာတမ်၏ ကိုယ်ပွားများမှာ ဆက်တိုက် ဆုတ်ခွာနေရသည်။
စစ်မြေပြင်ပေါ်တွင် အရေအတွက်မှလွဲ၍ အရာအားလုံးက တစ်ဖက်သတ် အခြေအနေကို ပြသနေပေ၏။
သို့သော်လည်း...
ကောင်းကင်ယံ၌ ပူဆွေးသောက ကိုယ်ပွားနှင့် ပြင်းထန်စွာ တိုက်ပွဲဝင်နေသော မိုးပြာရောင် ဟိန်းဟောက်သံ မိုးကြိုးသိမ်းငှက် ကတော့ အဖြေ မပေါ်သေးချေ။
သို့တိုင်အောင် ရဲချီယန်သည် ၎င်းကို ကူညီရန် မည်သည့် အင်အားကိုမျှ စေလွှတ်ခဲ့ခြင်း မရှိပေ။
မာတမ်က ရဲချီယန်ကို သူ၏ နင်းခုံ အဖြစ် ပြုလုပ်လိုကြောင်း ပြောခဲ့ဖူးလေ၏။
သို့သော် ဤစကားကို
မာတမ်ထံသို့ပင် ပြန်လည် ပေးပို့နိုင်ပေသည်။
ရထားမောင်းနှင်သူ များအကြား ဖြစ်ပွားသော ဤစစ်ပွဲတွင် အနိုင်ရသူ မည်သူမဆို အခြားသူ၏ အလောင်းကို နင်းဖြတ်ကာ နောက်ထပ် ဘူတာရုံဆီသို့ ဦးတည်ရမည်သာ ဖြစ်သည်။
၎င်းက ရထားမောင်းနှင်သူများ၏ လမ်းစဉ်ပင် ဖြစ်လေ၏။
ထို့အပြင် စစ်မြေပြင်ပေါ်ရှိ မိုးပြာရောင် ဟိန်းဟောက်သံ မိုးကြိုးသိမ်းငှက် အတွက်လည်း ဤလမ်းစဉ်က အတူတူပင် ဖြစ်လေတော့သည်။