← Chapters

အခန်း ၃၄၇

Vol. 31 Ch. 347

အခန်း ၃၄၇

Vol. 31 Ch. 347

အခန်း (၃၄၇) သိပ္ပံနှင့် နည်းပညာဌာန အကြီးအကဲ

"ဆုန့်လေး… ဘာကိစ္စရှိလို့လဲ ပြောပါဦး…" အဘိုးကျောက်က လက်ဖက်ရည် တစ်ငုံသောက်ကာ ဖြည်းညင်းစွာ ပြောလိုက်၏။

"ထိုင်ပြီးမှ ပြောပါ… အရမ်းကြီး အားနာမနေပါနဲ့…" ထို့နောက် အဘိုးကျောက်သည် သူ၏ဘေးရှိ ကျောက်ခုံလေးကို လက်ညှိုးထိုးပြလိုက်သည်။

စုန့်လင်းသည် အလွန် ဝမ်းသာသွားပြီး အဘိုးကျောက်၏ ဘေးတွင် ထိုင်ရန် အလျင်အမြန် သွားလိုက်ပေ၏။ တကယ့်ကို ဂုဏ်ယူစရာပင်။

"အဘိုးကျောက်… ကျွန်တော် ကိစ္စသေးသေးလေးတစ်ခုနဲ့ အလုပ်ရှုပ်ခံပြီး လာနှောင့်ယှက်ရတာပါ…" စုန့်လင်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

"အင်း… မင်း မကြာသေးခင်က ကုမ္ပဏီတစ်ခု ထောင်ထားတယ်လို့ ကြားတယ်…"

"ဟားဟားဟား…" အဘိုးကျောက်က ရယ်မောလိုက်သော်လည်း စုန့်လင်းအတွက်တော့ ထိတ်လန့်စရာကောင်းလှ၏။

အဘိုးကျောက်က အရာအားလုံးကို သိထားသည်မှာ သေချာပေသည်။

မဟာရှား နိုင်ငံတစ်ဝန်းလုံးတွင် အကယ်၍ အဘိုးကျောက်က တစ်စုံတစ်ရာကို သိလိုပါက သဲလွန်စလေး တစ်ခုရှိရုံမျှဖြင့် ရှာဖွေရလွယ်ကူပေလိမ့်မည်။ အဘိုးကျောက်က ဤကိစ္စကို ဂရုစိုက်ခြင်း ရှိမရှိ ဆိုသည်ကိုသာ သူ မသိရခြင်း ဖြစ်ချေ၏။

"ကျွန်တော် ကုမ္ပဏီတစ်ခု ထောင်ထားပါတယ်… ဒီနေ့ ဒီကုမ္ပဏီအတွက် ရောက်လာတာပါ… ကျေးဇူးပြုပြီး ကူညီပေးပါ ခေါင်းဆောင်ဟောင်းကြီး…" စုန့်လင်းက အလျင်အမြန် ပြောလိုက်သည်။

"အိုး… ကူညီရမယ်… ငါ့လို အဘိုးကြီးရဲ့ တစ်လ ပင်စင်လစာက ယွမ် တစ်သောင်းလောက်ပဲ ရှိတာ… ကုမ္ပဏီကြီးတစ်ခုကို ထောက်ပံ့ဖို့တော့ မလုံလောက်ဘူးလေ…" အဘိုးကျောက်က နောက်ပြောင်လိုက်၏။

"အဘိုးကျောက်… လူကြီးမင်းဆီက ငွေချေးဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…" စုန့်လင်းမှာ အလွန်အမင်း ရှက်ရွံ့သွားရပေသည်။ အဘိုးကျောက်က အရာအားလုံးကို သေချာပေါက် သိထားပြီး ဤသို့ပြောဆိုခြင်းက သူ၏အပေါ် မကျေနပ်မှုကို ရှင်းလင်းစွာ ပြသနေခြင်းပင် ဖြစ်၏။

"အဘိုးကျောက်… ဒီတစ်ခါတော့ ကျွန်တော် တကယ် အကူအညီတောင်းတာပါ… ဘာပဲဖြစ်ဖြစ် လူကြီးမင်းက ကျွန်တော့်ရဲ့ ခေါင်းဆောင်ဟောင်းကြီး ပဲလေ…"

"ကျွန်တော့် မိဘတွေက စောစောစီးစီး ဆုံးပါးသွားခဲ့တယ်… ငယ်ငယ်တုန်းက လူကြီးမင်းက ကျွန်တော့်ကို သနားပြီး သေသေချာချာ စောင့်ရှောက်ပေးခဲ့တာ… သက်လတ်ပိုင်းအရွယ်မှာ သားဖြစ်သူကို ဆုံးရှုံးခဲ့ရချိန်မှာလည်း လူကြီးမင်းက နှစ်သိမ့်ပေးခဲ့တယ်… ဒါက နောက်ဆုံးအကြိမ် အကူအညီ တောင်းတာပါ…" စုန့်လင်း၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာပြီး သံယောဇဉ်ကို အသုံးချလိုက်ပေသည်။

"ဟူး… အဲဒီတုန်းက မင်းကို ကူညီခဲ့တာ ငါ့ဘဝရဲ့ အကြီးမားဆုံး အမှားတွေထဲက တစ်ခုပဲ…" အဘိုးကျောက်က ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီး ခေါင်းခါလိုက်၏။

"စုန့်လင်း… မင်းအရွယ်နဲ့ ဘာများ လိုချင်သေးလို့လဲ… မင်းရဲ့ ထုတ်ကုန်ပြဿနာတွေက လူ့အဖွဲ့အစည်းအပေါ် ဘယ်လောက်တောင် သက်ရောက်မှုတွေရှိလဲ ဆိုတာ မင်း မသိဘူးလား…"

"မင်းအရွယ်က ကလေးမဟုတ်တော့ဘူး… ဘာလို့ ဒီလောက်တောင် လောဘကြီးနေရတာလဲ…" အဘိုးကျောက်၏ လေသံတွင် ဒေါသသံ အနည်းငယ် ပါဝင်လာခဲ့ပေသည်။

"အဘိုးကျောက်…"

"ဒီကိစ္စမှာ ကျွန်တော် ရွေးချယ်စရာ မရှိခဲ့လို့ပါ…"

"ကျွန်တော့်မှာ ဆုန့်မိသားစုရဲ့ တစ်ဦးတည်းသော သွေးသားဖြစ်တဲ့ ဒီမြေးလေး တစ်ယောက်ပဲ ရှိတာပါ… သူ့အဖေက စောစောစီးစီး ဆုံးပါးသွားတဲ့အတွက် ငယ်ငယ်ကတည်းက အရမ်း အလိုလိုက်ခဲ့မိလို့ ဒီကလေးက ပညာမတတ်ဘဲ အသိဉာဏ်မဲ့တဲ့သူ ဖြစ်သွားတာပါ…"

"ကျွန်တော် အသက်ရှင်ဖို့ နှစ်တွေသိပ်များများ မကျန်တော့ပါဘူး… သူ့ဘဝရဲ့ ကျန်ရှိနေသေးတဲ့ အချိန်တွေအတွက် စိတ်ပူနေရတာကို ဒီအတိုင်း ကြည့်မနေနိုင်ပါဘူး…" စုန့်လင်းက မျက်ရည်များ စီးကျလျက် ပြောလိုက်၏။

"ဟမ့်… မင်း ဒီနှစ်တွေအတွင်း ယွမ်သန်းဆယ်ချီပြီး စည်းစိမ်တွေ စုဆောင်းထားပြီးပြီ မဟုတ်လား… မင်းမှာ ပိုက်ဆံ ဘယ်လောက်ရှိနိုင်တယ်ဆိုတာ ကန့်သတ်ချက်မှ မရှိတာ…"

"မဟာရှား နိုင်ငံက လူအများကြီးဟာ သူတို့တစ်သက်လုံးမှာ တစ်သန်းဆိုတာကို မမြင်ဖူးပေမဲ့ အဆင်ပြေပြေ နေထိုင်နေကြတုန်းပဲ… မင်းက ဘာတွေများ မကျေနပ်စရာ ရှိနေလို့လဲ…"

"ဒီနေ့ ဒီရှုပ်ထွေးမှုတွေကို မင်းပဲ ဖန်တီးခဲ့တာ…" အဘိုးကျောက်၏ လေသံက ပို၍ ပြတ်သားလာခဲ့ပေသည်။

"အဘိုးကျောက်… အားလုံး ကျွန်တော့်အမှားပါ… အားလုံး ကျွန်တော့်အမှားပါ…"

"ကျွန်တော့်အမှားတွေပါ…"

"ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ကျေးဇူးပြုပြီး ဝင်ပါပေးပါ ခေါင်းဆောင်ဟောင်းကြီး…" စုန့်လင်းက ထိတ်လန့်စွာ ပြောလိုက်၏။

"ဟမ်… မင်းရဲ့ ပြိုင်ဘက် စုယွမ် က ဘယ်လို လူမျိုးလဲဆိုတာ မင်း သိလား…" အဘိုးကျောက်က မေးလိုက်သည်။

သူက စီးပွားရေးသမားလေး တစ်ယောက်ပဲ မဟုတ်ဘူးလား…

စုန့်လင်းမှာ အံ့အားသင့်သွားခဲ့သည်။ အဘိုးကျောက်က စုယွမ် အကြောင်းကို အဘယ်ကြောင့် မေးရသနည်း။ စုယွမ်ကဲ့သို့သော စီးပွားရေးသမားငယ်လေး တစ်ယောက်က အဘိုးကျောက်၏ မျက်လုံးထဲ ဝင်နိုင်ပါ့မည်လား။

"ဟားဟား… သူက စီးပွားရေးသမား တစ်ယောက် ဆိုပေမဲ့ သာမန် စီးပွားရေးသမား တစ်ယောက်တော့ မဟုတ်ဘူး…"

"ငါ့အမြင်အာရုံတွေ က ချို့ယွင်းနေပေမဲ့ တချို့အရာတွေကိုတော့ ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသေးတယ်…"

"ဒီ စုယွမ် က သာမန်လူ မဟုတ်ဘူး… သူ့ရဲ့ အမြော်အမြင်နဲ့ သတ္တိက မင်းထက် အဆပေါင်း သန်းချီပြီး ပိုကောင်းတယ်…"

"ဒီနေ့ သူက ယွမ် သန်း ၅၀၀ နဲ့ ပရဟိတ ဖောင်ဒေးရှင်း တစ်ခု တည်ထောင်လိုက်တယ် ဆိုတာ မင်း သိလား…"

"အဲဒီနောက် မွန်းလွဲပိုင်းမှာပဲ သူတို့က Lithography ဈေးကွက်ထဲ ဝင်တော့မယ်လို့ ကြေညာလိုက်တယ်… အဲဒါကိုရော မင်း သိလား…"

"ဒီနှစ်ခုထဲက ဘယ်ဟာကို မင်း လုပ်နိုင်လဲ…"

"တစ်ခုမှ လုပ်နိုင်မှာ မဟုတ်ဘူး…"

"ဒါက မင်းတို့ နှစ်ယောက်ကြားက ကွာခြားချက်ပဲ…"

"မင်းကို နောက်ဆုံးအကြိမ် ကူညီပေးရင်တောင် သူတို့က သဘောတူမယ်လို့ မင်း ထင်နေတာလား…" အဘိုးကျောက်က ဖြည်းညင်းစွာ ပြောလိုက်၏။

"အဘိုးကျောက်… ဒါက ဘာသဘောလဲ… ဒါက လူကြီးမင်းရဲ့ စကားတစ်ခွန်းနဲ့တင် ပြီးသွားမယ့် ကိစ္စပဲလေ… စုယွမ် က ဘယ်လိုလုပ် လွှမ်းမိုးနိုင်မှာလဲ…" စုန့်လင်း နားမလည်နိုင်အောင် ဖြစ်သွားခဲ့သည်။ အဘိုးကျောက်ကဲ့သို့ အဆင့်အတန်းရှိသူ တစ်ယောက်က သာမန် စီးပွားရေးသမား တစ်ယောက်အကြောင်း ဤသို့ ပြောနိုင်ပါမည်လော။

"မင်းတစ်ယောက်တည်းမှာပဲ အဆက်အသွယ်တွေနဲ့ နောက်ခံတွေ ရှိပြီး တခြားလူတွေမှာ မရှိဘူးလို့ ထင်နေတာလား…"

"မင်းအရွယ်ရောက်နေပြီ…အခုထိ ကလေးဆန်တုန်းပဲ…" အဘိုးကျောက်က သက်ပြင်းချလျက် ပြောလိုက်၏။

ဤတစ်ကြိမ်တွင် သူသည် ဤကောင်ကို ဆက်လက် မကူညီလိုတော့ချေ။ သူနှင့် ယခင်က ရှိခဲ့ဖူးသော ဆက်ဆံရေးကို အားကိုးကာ ဤကောင်သည် အလွန် ချောမွေ့စွာ ရပ်တည်နိုင်ခဲ့ပြီး သူ့ကို ဒုက္ခပေးသူ ဆို၍ ကင်းမဲ့သလောက်ပင် ဖြစ်ခဲ့ပေသည်။

သို့သော် သူ အသက်ကြီးလာလေလေ သူ၏ ပိုင်းခြားသိမြင်နိုင်စွမ်းက နည်းပါးလာလေလေ ဖြစ်ချေ၏။ ယခုတစ်ကြိမ် သူ၏ကုမ္ပဏီကို သေချာစွာ စုံစမ်းစစ်ဆေးရန် အမိန့်ပေးလိုက်ခြင်းမှာ ယခင်အမှားများကို ပြန်လည်ကုစားရန် ဖြစ်နိုင်ပေသည်။

သို့ရာတွင် စုန့်လင်းမှာမူ ဤစကားကို ကြားပြီးနောက်တွင်ပင် လက်မခံနိုင်သေးချေ။

စုယွမ် တွင် အဆက်အသွယ်များ ရှိလျှင်ပင် သူ ဘယ်လောက်အထိ သွားနိုင်မည်နည်း။ ဒါမှမဟုတ် အဘိုးကျောက် က ငါ့ကို ကူညီဖို့ ရိုးရိုးရှင်းရှင်း ငြင်းဆိုနေတာများလား… စုန့်လင်းသည် ခေတ္တမျှ နက်ရှိုင်းသော အတွေးထဲသို့ နစ်မြုပ်သွားခဲ့လေ၏။

...

"အစ်ကိုကျောက်… ငါတို့ ဘယ်သူ့ကို ကြိုဆိုရမှာလဲ…" စုန့်မင်က ကျောက်ချီလင်၏ နောက်မှလိုက်ကာ မေးလိုက်သည်။

"မင်း သိစရာ မလိုဘူး…" ကျောက်ချီလင်သည် စုန့်မင်ကို သဘောမကျသဖြင့် ဘာမှ ဆက်မပြောလိုတော့ချေ။

"အိုး… အစ်ကိုကျောက်… အခု ဦးလေးကျောက် က ဘယ်ရာထူးမှာ ရှိနေတာလဲ…" စုန့်မင်က ဆက်မေးလိုက်၏။

"မင်း သိစရာ မလိုဘူး…" မီတာ နှစ်ဆယ်ခန့်သာ ရှိသော ခရီးတိုလေးအတွင်း စုန့်မင်၏ အဆက်မပြတ် မေးခွန်းထုတ်နေမှုများက ကျောက်ချီလင်ကို အလွန်မင်းအနှောင့်အယှက် ဖြစ်စေခဲ့ပေသည်။

"အစ်ကိုကျောက် ကြည့်လိုက်ပါဦး… ကျွန်တော့်ကား ဟိုမှာ ရပ်ထားတယ်… ဖာရာရီ ဒါမှမဟုတ် လမ်ဘော်ဂီနီ လို ဇိမ်ခံကား မဟုတ်ပေမဲ့ ငါတို့လို လူမှုအဆင့်အတန်းရှိတဲ့ သူတွေမှ တတ်နိုင်တဲ့ ကားမျိုးပဲ… အစ်ကိုကျောက် ကရော ဘယ်လို ကားမျိုး မောင်းလဲ" စုန့်မင်က ဆက်လက် မေးမြန်းလိုက်ပြန်သည်။

"ဟူး…" ကျောက်ချီလင်က သက်ပြင်းတစ်ချက် ချလိုက်၏။

ဤကောင်လေး၏ အဆက်မပြတ် မေးမြန်းနေမှုကြောင့် သူပင် စိတ်အနှောင့်အယှက် ဖြစ်လာခဲ့သည်။

အနည်းငယ် အားနည်းသည့် လေသံဖြင့်“ဗော့စ်ဝက်ဂွန် ကားလေ…”ဟုသာ ပြန်ဖြေလိုက်၏။

"ဘာ… အစ်ကိုကျောက်… ဘာလို့ ဒီလောက် စုတ်ပြတ်နေတဲ့ ကားကို မောင်းနေရတာလဲ… အဲဒါက အောက်ခြေလူတန်းစားတွေအတွက် ကားလေ… ငါတို့လို အထက်တန်းလွှာတွေ အဲဒီလို ကားမျိုးကို မောင်းရတာ တကယ့်ကို သက်တောင့်သက်သာ မရှိဘူး…"

"ဒီလိုလုပ်… နောက်တစ်နေ့ကျရင် ဇိမ်ခံကားတစ်စီး ပို့ပေးမယ် ဘယ်လိုလဲ…" စုန့်မင်က မရပ်မနား ဆက်ပြောနေခဲ့ပေသည်။

"ပထမအချက် ငါက မင်းပြောတဲ့ အထက်တန်းလွှာ မဟုတ်ဘူး…"

"ဒုတိယအချက် ကားဆိုတာ သယ်ယူပို့ဆောင်ရေးအတွက် သုံးတဲ့ ယာဉ်တစ်စီး သက်သက်ပဲ… အဲဒီအရာတွေကို ငါ စိတ်မဝင်စားဘူး…"

"တတိယအချက် တိတ်တိတ်နေဖို့ တောင်းဆိုချင်ပါတယ်…" ကျောက်ချီလင်က ရုတ်တရက် လှည့်ကာ စုန့်မင်ကို ပြောလိုက်လေ၏။

စုန့်မင်မှာမူ အနေရခက်စွာဖြင့် ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။

"အစ်ကိုကျောက်… ကျွန်တော့် ကားထဲမှာ လက်ဆောင်တချို့ ပါတယ်… အစ်ကို လိုချင်လား…" စုန့်မင်က တိုးတိုးလေး ပြောလိုက်ပြီးနောက် ကျောက်ချီလင် အပြင်သို့ ထွက်သွားသည်ကို သတိပြုမိသွားသဖြင့် အလျင်အမြန် နောက်မှ လိုက်သွားခဲ့ပေ၏။

ထိုအချိန်တွင် အော်ဒီကား တစ်စီး ဖြည်းညင်းစွာ မောင်းဝင်လာပြီး မျက်မှန်တပ်ထားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦး ကားပေါ်မှ ဆင်းလာခဲ့သည်။ သူ၏ ရုပ်သွင်မှာ ကျောက်ချီလင်နှင့် အနည်းငယ် ဆင်တူနေချေ၏။

"အဖေ စောစော ရောက်လာတာပဲ…" ကျောက်ချီလင်က ပြောလိုက်သည်။

"အင်း… အလုပ်ကနေ စောစော ပြန်လာတာ…" ကျောက်ဟွေ့ဟွမ်က ပြန်ဖြေလိုက်၏။

စုန့်မင်သည် ဤလူကို မြင်လိုက်ချိန်တွင် သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ရုတ်တရက် သတိရသွားခဲ့ပေသည်။

မဟာရှား နိုင်ငံရဲ့ နည်းပညာဌာန ဝန်ကြီး ပဲ…

သူသည် အလျင်အမြန် ရှေ့သို့ တက်သွားကာ အစေခံတစ်ဦးကဲ့သို့ ရိုကျိုးစွာ ဦးညွှတ်လိုက်လေ၏။

"ဧည့်သည်တွေ ရောက်ပြီလား…" ကျောက်ဟွေ့ဟွမ်က မေးလိုက်သည်။

"မရောက်သေးဘူး…"

"ဒီမှာ လာစောင့်နေတာ…" ကျောက်ချီလင်က ပြန်ဖြေလိုက်၏။

"ကောင်းပြီ… ငါလည်း မင်းနဲ့အတူ စောင့်ပြီး သူတို့ကို ကြိုဆိုမယ်…" ကျောက်ဟွေ့ဟွမ်က ပြောလိုက်ပြီးနောက် သူ၏ ဖုန်းကိုထုတ်ကာ စောင့်ဆိုင်းနေစဉ်အတွင်း မက်ဆေ့ခ်ျအချို့ကို အကြောင်းပြန်နေခဲ့ပေသည်။

ဤအရာကို မြင်ချိန်တွင် စုန့်မင်၏ မျက်လုံးများ အံ့အားသင့်စွာ ပြူးကျယ်သွားခဲ့လေ၏။

ဒီဧည့်သည်က အတိအကျ ဘယ်သူများလဲ… ဘာလို့ နည်းပညာ ကဏ္ဍရဲ့ ထိပ်တန်း ခေါင်းဆောင်တွေတောင် ဒီမှာ ကြိုဆိုဖို့ ရောက်နေရတာလဲ… အဲဒီလူက သာမန်လူတော့ မဖြစ်နိုင်ဘူး…

သူသည် အဝတ်အစားများကို အလျင်အမြန် သပ်ရပ်အောင် ပြင်ဆင်လိုက်ပြီး သူ၏ မိတ်ဆက်စကားကို တွေးတောကာ ထိုသူနှစ်ဦး၏ နောက်တွင် အဆင်သင့် ရပ်နေလိုက်တော့၏။

ဒီလို အရေးကြီးတဲ့ ပုဂ္ဂိုလ် ရောက်လာတာဆိုတော့ ငါ သူ့အပေါ် အထင်ကြီးစေမယ့် အရာတစ်ခုခု လုပ်မှဖြစ်မယ်…

စုန့်မင်က စိတ်ထဲမှ တွေးလိုက်ပေသည်။

All Chapters