အခန်း ၄၅၀
Vol. 33 Ch. 450
အပိုင်း(၄၅၀)
ဆေရှန် ကီရို ၏ ဖခင်ဖြစ်သူ ဘုရင် ဒါကာတာ သည် ညဘီးတောင်ကြားတွင် ရဲတိုက်တစ်ခုကို တည်ဆောက်ခဲ့သည်။ အုပ်ချုပ်သူ နည်းစနစ်များ ဖြင့် မြေကြီးထဲမှ ဆွဲထုတ်ထားသော သဘာဝကျောက်တုံးများဖြင့် တည်ဆောက်ထားသည့် ထိုရဲတိုက်ကြီးသည် သူတို့၏ တောင်ကြားအဝင် တံခါးပေါက်ရှေ့တွင် မားမားမတ်မတ် ရပ်တည်နေ၏။ ၎င်းသည် ဆေရှန် တိုင်းပြည် ၏ ခမ်းနားကြီးကျယ်မှုကို ထုတ်ဖော်ပြသနေသည်။ သို့မဟုတ် ထိုသို့ပြသရန် ရည်ရွယ်ထားခြင်း ဖြစ်ပေမည်။ သို့သော် အာကူရာ ကလန် ၏ အံ့မခန်းဖွယ် တောင်တန်းပမာဏရှိသော ခံတပ်ကြီးနှင့် ယှဉ်လိုက်သောအခါ ၎င်းမှာ ကလေးကစားစရာ တစ်ခုနှင့်ပင် တူနေတော့၏။
ထိုရဲတိုက်ကြီး၏ အလယ်ဗဟိုတွင်မူ ကီရိုသည် မာနထောင်လွှားနေသော သူ၏ဖခင်ကို ထိတ်လန့်တကြား ရင်ဆိုင်နေရသည်။
"ခမည်းတော်... ကျွန်တော်တို့ တိုက်ခိုက်လို့ မဖြစ်ပါဘူး..."
သူ၏ ဖခင်က တဟားဟား အော်ရယ်လိုက်ပြီး စားပွဲပေါ်တွင် ဖြန့်ခင်းထားသော ညဘီးတောင်ကြား ၏ ကြမ်းတမ်းသော မြေပုံကြမ်းကို ပုတ်လိုက်၏။
"ဘာလို့ မဖြစ်ရမှာလဲ... မဟူရာ မီးတောက် အင်ပါယာကို အပြီးတိုင် မောင်းထုတ်ပစ်ဖို့ ငါတို့မှာ အခွင့်အရေး ရှိနေပြီ... တောင်ကြားထဲက အထွတ်အမြတ် နယ်မြေတွေ အားလုံး ငါတို့ပိုင် ဖြစ်လာတော့မှာ..."
ဘုရင်ကြီးက မြေပုံပေါ်တွင် ချထားသော အမှတ်အသားများကို ကီရို က အကဲခတ်ကြည့်လိုက်သည်။ ၎င်းမှာ ရိုးရှင်းသော အစီအစဉ်တစ်ခုသာ ဖြစ်၏။ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ပြီး မဟူရာ မီးတောက် ၏ ခံစစ်ကြောင်းများကို ဖြတ်ကျော်ကာ သူတို့ကို တံခါးပေါက်မှတစ်ဆင့် နောက်သို့ ပြန်လည်မောင်းထုတ်ရန် ဖြစ်သည်။ မဟူရာ မီးတောက် ဘက်မှ သူတို့၏ နယ်မြေကို အသက်စွန့်၍ ကာကွယ်ခြင်း မပြုသရွေ့ ဤအစီအစဉ်က အလုပ်ဖြစ်နိုင်ပေသည်။ အကယ်၍ သူတို့က သူတို့၏ တပ်စခန်းအလယ်ဗဟိုရှိ အကာအကွယ်မဲ့နေသော အရပ်သားများကို ကာကွယ်ရန် ဆုတ်ခွာမှု စတင်လိုက်မည်ဆိုပါက သူတို့ ဆက်လက် ဆုတ်ခွာနေရတော့မည် ဖြစ်သည်။
"ဒီအစီအစဉ် အလုပ်ဖြစ်မှာတော့ အသေအချာပါပဲ..."
ကီရို က ပြောလိုက်သည်။
"သူတို့က ကျွန်တော်တို့ တိုက်ခိုက်လာမယ်လို့ မျှော်လင့်မထားကြဘူးလေ... ဒါပေမဲ့ သူတို့ မမျှော်လင့်ထားတာကလည်း ခိုင်လုံတဲ့ အကြောင်းပြချက် ရှိလို့ပါ... ကျွန်တော်တို့က အစုလိုက်အပြုံလိုက် သတ်ဖြတ်တာမျိုးကို ရှောင်လွှဲနိုင်မယ်ဆိုရင်တောင် ဒီတိုက်ခိုက်မှုက သွေးထွက်သံယိုမှု မရှိဘဲ ပြီးဆုံးမှာ မဟုတ်ဘူး... အကယ်၍ သူတော်စင်က ကျွန်တော်တို့ လွန်ကျူးသွားပြီလို့ ဆုံးဖြတ်လိုက်ရင်ကော ဘယ်လိုလုပ်မလဲ... ခမည်းတော်"
ကီရို၏ ညီငယ်ဖြစ်သူ ဒါဂျီသည် မြေပုံဆီသို့ လောဘတကြီး တိုးထွက်လာ၏။ သူ၏ မျက်နှာပေါ်တွင် ဝံပုလွေတစ်ကောင်ကဲ့သို့ အပြုံးမျိုး ရှိနေသည်။
"သူရဲဘော မကြောင်စမ်းပါနဲ့... သူတော်စင်က ငါတို့ရဲ့ ကြီးမားလှတဲ့ အင်အားတွေကို မြင်တွေ့ဖို့ လိုအပ်တယ်..."
ဘုရင် ဒါကာတာသည် သူ၏ ဒုတိယသားတော်ကို လက်ကာပြလိုက်သည်။
"တိတ်စမ်း... ဒါက အရှင်သခင်တွေရဲ့ ကိစ္စပဲ..."
ဒါဂျီ ၏ မျက်နှာ ပျက်ယွင်းသွား၏။
"ကျွန်တော့်မှာ..."
"တိတ်စမ်း..."
ဘုရင်ကြီးက အော်ဟစ်လိုက်ရာ ဒါဂျီ နောက်သို့ တွန့်ဆုတ်သွားတော့သည်။
"မင်းရဲ့အစ်ကိုက ဒီနေရာက အော်ရာ ရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိတဲ့ နေရာမျိုးမှာတောင် အဆင့်တက်အောင် ကြိုးစားနိုင်ခဲ့တယ်... မင်းက ဒီလောက်လေးကိုတောင် မစွမ်းဆောင်နိုင်ဘူးလား..."
ဒါဂျီ၏ မည်းနက်သော မျက်လုံးများက အရောင်လက်သွား၏။ သူ၏ စူးရှသော အကြည့်များဖြင့် ကီရို၏ ရင်ဘတ်ကို ထိုးဖောက်ရန် ကြိုးစားနေသကဲ့သို့ပင်။ ကီရို ၏ နှလုံးသားမှာ နာကျင်သွားရသည်။ သို့သော် သူ တစ်စုံတစ်ရာ မပြောနိုင်မီမှာပင် ဒါဂျီ သည် တံခါးပေါက်မှ ဒေါသတကြီး ထွက်ခွာသွားလေပြီ။
“သူ အစွမ်းကုန် ကြိုးစားနေတာပါ..."
ညီဖြစ်သူ ထွက်သွားပြီးနောက် ကီရို က ငြင်းဆိုလိုက်သည်။
ဒါကာတာ က နှာခေါင်းရှုံ့လိုက်ပြီး မြေပုံဆီသို့ ပြန်လှည့်သွား၏။
"မင်းက သူတော်စင် အတွက် စိုးရိမ်နေတာလား... ငါ့အဘိုး လက်ထက်တုန်းက အာကူရာ ချာရတီ ဟာ ငါတို့တိုင်းပြည်နဲ့ ဆောင်းရာသီဓား ဂိုဏ်း ကို ယှဉ်ပြိုင်စေခဲ့တယ်... သွေးထွက်သံယိုမှုတွေ ရှိခဲ့ပေမယ့် သူတို့က ငါတို့ရဲ့ ကလေးတွေကို စတင်သတ်ဖြတ်လာတဲ့ အချိန်ကျမှသာ သူမက ဝင်ရောက်စွက်ဖက်ခဲ့တာ... ပြိုင်ပွဲရဲ့ ပေးဆပ်ရမှုတစ်ခုအနေနဲ့ သွေးထွက်သံယိုမှု အတိုင်းအတာ တစ်ခုကို သူမ လက်ခံတယ်... ဒါပေမဲ့ ငါတို့က မဟူရာ မီးတောက် အင်ပါယာ ကို အရမ်းကြီး အားနည်းသွားအောင်တော့ လုပ်လို့မရဘူး... အဲဒီလိုလုပ်တာကို အာကူရာ ကလန် ရဲ့ အာဏာကို စော်ကားတာလို့ သူက မြင်လိမ့်မယ်..."
ဖခင်ဖြစ်သူသည် အပြင်ပန်းသွင်ပြင်ထက် များစွာ ပိုမိုထက်မြက်ကြောင်း ကီရို သိထား၏။ သူက ဝက်ဝံတစ်ကောင်နှင့်သာ တူသော်လည်း ဝက်ဝံတစ်ကောင်ကဲ့သို့ တွေးတောခြင်း မဟုတ်ပေ။ သို့သော် သူ၏ ဖခင်က သူတော်စင် တစ်ပါးအကြောင်း ဤမျှလောက် သိနေသည်ကိုတော့ သူ အနည်းငယ် အံ့သြမိသေးသည်။
သူ့ အနေဖြင့် ဘုရင်ကြီးကို မေးခွန်းတွေ အရမ်းထုတ်မိလျှင် အပြစ်ပေးခံရနိုင်ခြေ ရှိသည်။ သို့တိုင် သူသည် နောက်ထပ် အနည်းငယ် ထပ်မံတွန်းအားပေးရန် ရဲဝံ့လိုက်၏။
"မဟူရာ မီးတောက် အင်ပါယာ နဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံရေး ဆက်ဆံရေးကိုလည်း စဉ်းစားဖို့ လိုပါသေးတယ်..."
ဘုရင် ဒါကာတာ သည် မာဒြာ သံချောင်းတစ်ချောင်းကို မြေပုံ၏ ထောင့်တစ်နေရာမှ ဖောက်ထွင်း၍ စားပွဲပေါ်သို့ စိုက်ချလိုက်သည်။
"နွေရာသီရဲ့ ပထမဆုံးရက် မတိုင်ခင် ငါတို့မှာ အချိန် နှစ်လလောက် ကျန်သေးတယ်... အဲဒီအချိန်အတွင်း တောင်ကြားကို ငါတို့ကိုယ်တိုင် ထိန်းချုပ်ထားနိုင်မယ်ဆိုရင် 'နိုင်ငံရေး ဆက်ဆံရေး' ဆိုတာတွေ အဓိပ္ပာယ်မဲ့သွားလောက်တဲ့အထိ ငါတို့မှာ အဆင့်နိမ့် အရှင်သခင် တွေ အလုံအလောက် ထွက်ပေါ်လာနိုင်တယ်... အပြစ်ပေးခံရမယ်ဆိုတာကို မင်း မေ့ထားလိုက်တော့... အာကူရာ ကလန်က မဟူရာ မီးတောက် အင်ပါယာ ကိုတောင် ငါတို့ကို ပေးအပ်လာနိုင်တယ်..."
သူသည် ကိုယ်တိုင်မွေးဖွားထားသော ကလေးငယ်တစ်ဦးကို ကြည့်နေသကဲ့သို့ မြေပုံကို ဂုဏ်ယူစွာဖြင့် အကဲခတ်ကြည့်လိုက်၏။
ကီရို သည် နောက်ထပ် တစ်ကြိမ် ထပ်မံကြိုးစားလိုက်သည်။
"ဒါက လောင်းကစား လုပ်နေတာနဲ့ တူတူပါပဲ..."
သူက ပြောလိုက်၏။
ဒါကာတာ က ခေါင်းမော့လိုက်ရာ သူ၏ဖခင်ကို လွန်လွန်ကျူးကျူး ဆန့်ကျင်မိသွားပြီဖြစ်ကြောင်း ကီရို သိလိုက်သည်။
"မင်းကတောင် ငါ့ရဲ့ အမိန့်တွေကို နားမထောင်တော့ဘူးလား..."
သူက တိတ်ဆိတ်စွာ မေးလိုက်၏။
"မင်းကတောင်လား... ငါ့ရဲ့ ပထမ မင်းသား ကတောင် ငါ့ရဲ့ ဦးဆောင်မှုကို မယုံကြည်ဘူးဆိုရင် တခြားသူတွေက ဘယ်လိုလုပ် ယုံကြည်နိုင်တော့မှာလဲ..."
ကီရို သည် နောက်သို့ ဆုတ်လိုက်သော်လည်း သူ၏ဖခင်မှာ မတ်တတ်ရပ်လိုက်ပြီဖြစ်သည်။ ဝတ်ဆင်ထားသော သံချပ်ကာက သူ၏ ကြီးမားပြီးသား ကိုယ်လုံးကိုယ်ပေါက်ကို ပိုမို ကြီးမားသွားစေ၏။ ကီရို သည် သူ၏ ဝိညာဉ်နယ်မြေ ထဲရှိ နတ်ဘုရား ရတနာ မှ သူ၏ သံချပ်ကာကို ဆင့်ခေါ်ရန် စဉ်းစားလိုက်သော်လည်း ထိုသို့လုပ်ခြင်းက သူ၏ဖခင်ကို ပို၍ ဒေါသထွက်သွားစေမည်သာ ဖြစ်သည်။
"ခွင့်လွှတ်ပါ ခမည်းတော်... သားတော်က ခမည်းတော်ရဲ့ အမိန့်တွေကို သေချာပေါက် နာခံမှာပါ..."
သူသည် ထိုင်ခုံတစ်လုံး၏ ကျောမှီကို ဝင်တိုက်မိသွား၏။ သူ၏ ဖခင်မှာ မသက်မသာ ဖြစ်လောက်အောင် အနီးကပ် ခြိမ်းခြောက်လာ၏။ ကီရိုသည် အဆင့်နိမ့် အရှင်သခင် တစ်ဦး ဖြစ်နေနိုင်သော်လည်း သူ၏ လက်များမှာ တုန်ရီနေပြီး ရင်ဘတ်မှာလည်း ကြပ်တည်းလာသည်။
ဆေရှန် တိုင်းပြည် တွင် အဆင့်နိမ့် အရှင်သခင် အဆင့်သို့ တက်လှမ်းရန် ကြိုးပမ်းသောအခါ ပြင်းထန်သော တံခါးပိတ် ကျင့်ကြံခြင်း ကာလတစ်ခုသို့ ဝင်ရောက်ရသည်။ မည်သည့် တိကျသော ပြောင်းလဲမှုက အဆင့်တက်ခြင်းကို ဖြစ်ပေါ်စေသည်ကို ရှင်းလင်းစွာ မသိရသော်လည်း ထိုလုပ်ငန်းစဉ်သည် သီတင်းပတ်ပေါင်းများစွာ ကြာမြင့်နိုင်ပေသည်။
ကီရို ၏ အောင်မြင်သော ကြိုးပမ်းမှုတွင် သူသည် ကျရှုံးခဲ့ပါက ဖခင်ဖြစ်သူ မည်သို့ တုံ့ပြန်မည်ကို ထိတ်လန့်ကြောက်ရွံ့ရင်းဖြင့်သာ အချိန်အများစုကို ကုန်ဆုံးခဲ့ရသည်။ ဖခင်ကို ကြောက်ရွံ့ခြင်းကပင် သူ၏ ဝိညာဉ် ကို ရှေ့သို့ တွန်းပို့ပေးခဲ့ခြင်းဖြစ်သည်ဟု ကီရို က တိတ်တဆိတ် ယုံကြည်ထား၏။
ဒါကာတာ သည် ကီရို ၏ ပခုံးကို နာကျင်လောက်အောင် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။
"ငါ ယုံကြည်ရတာ မင်း တစ်ယောက်တည်း ရှိတယ်..."
သူက လေသံတိုးတိုးဖြင့် ပြောလိုက်၏။
"မင်းက တိုင်းပြည်ရဲ့ မျက်နှာစာပဲ... ငါ့ရဲ့ စကားတွေက မင်းရဲ့ နှုတ်ကနေ ထွက်ပေါ်လာရမယ်..."
"ဟုတ်ကဲ့ပါ ခမည်းတော်..."
ကီရိုက မျက်လုံးချင်းဆုံအောင် ကြိုးစားထိန်းထားရင်း ပြောလိုက်သည်။
ဒါကာတာ သည် စကားစဖြတ်လိုက်ပြီး သူ၏ မျက်လုံးများက ဘေးဘက်သို့ ရွေ့လျားသွား၏။
"အရာအားလုံး အဆင်ပြေပါတယ်လို့ မင်းရဲ့ ဥယျာဉ်မှူး ကို ပြောလိုက်စမ်း..."
သူက ပြောလိုက်သည်။ မေရာ သည် ဘုရင်ကြီး၏ အနောက်တွင် ရပ်နေခဲ့သည်။ သူမသည် သစ်သားရိုးတံအရှည်တစ်ခုကို လက်ထဲတွင် ကိုင်ဆောင်ထားပြီး ထိပ်ဖျားမှ အစိမ်းရောင် မီးတောက် တံစဉ် သွားတစ်ခု ဆန့်ထွက်နေ၏။
ထိုဓားသွားသည် ဘုရင်ကြီး၏ လည်ချောင်းဆီသို့ ကွေးညွတ်ဝင်ရောက်လာပြီး တစ်လက်မအလိုတွင် ရပ်တန့်နေသည်။
ထိုအဆင့်နိမ့် အရှင်သခင်မ၏ မျက်လုံးများမှာ အေးစက်နေ၏။ အမြဲတမ်းလိုလိုပင် သူမသည် လွန်ခဲ့သော စက္ကန့်အနည်းငယ်ကမှ ဥယျာဉ်ထဲမှ လမ်းလျှောက်ဝင်လာသကဲ့သို့ ပေါက်ပြဲဟောင်းနွမ်းနေသော အဝတ်အစားများကို ဝတ်ဆင်ထားသည်။ သူမ၏ မီးခိုးရောင် ဆံပင်များကြားတွင်မူ ပန်းရောင်ပန်းပွင့် ရွှေအဆင့် အမှတ်အသား များက တောက်ပစွာ ထွန်းလင်းနေ၏။
မေရာသည် ဘုရင် ဒါကာတာ ထက် အဆင့်တစ်ဆင့် နိမ့်နေနိုင်သော်လည်း ဤအနေအထားမှဆိုလျှင် အနည်းဆုံးတော့ သူ၏ သက်တမ်းကြိုးကို ထိခိုက်စေနိုင်ပြီး သူ၏ အသက်ကိုပင် ဖြတ်တောက်နိုင်စွမ်း ရှိသည်။ သူက သူမကို သတ်ပစ်နိုင်သော်လည်း သူမက သူ၏ သက်တမ်း တစ်စိတ်တစ်ပိုင်းကို သူမနှင့်အတူ ယူဆောင်သွားလိမ့်မည် ဖြစ်၏။ သူမ၏ အသက်ကို သူ၏ အသက်နှင့် လဲလှယ်နိုင်ရန်ပင် သူမ စွမ်းဆောင်နိုင်ကောင်း စွမ်းဆောင်နိုင်ပေသည်။
ပြီးတော့ သူမက ထိုသို့ကြိုးစားရန် အသင့်ဖြစ်နေခဲ့လေပြီ။
ကီရိုသည် ရှေ့သို့ တိုးထွက်လာပြီး သူတို့နှစ်ဦးကို ခွဲထုတ်လိုက်သည်။ သူတို့ နှစ်ဦးစလုံးအတွက် သူ ထိတ်လန့်နေမိ၏။ မေရာ သေဆုံးသွားမည်ကို သူ ခွင့်မပြုနိုင်သကဲ့သို့ ဘုရင် ဒါကာတာ မှာလည်း သူ၏ဖခင် ဖြစ်နေဆဲပင်။ ထို့ပြင် ဆေရှန် တိုင်းပြည် ၏ အုပ်ချုပ်သူလည်း ဖြစ်ပေရာ အာဏာသိမ်းမှုတစ်ခုကဲ့သို့ ဖြစ်ပေါ်လာပါက တိုင်းပြည် ပြိုကွဲသွားနိုင်သည်။
သူသည် ခါးညွတ်၍ နက်ရှိုင်းစွာ အရိုအသေပေးလိုက်၏။
"ကျွန်တော် တောင်းပန်ပါတယ် ခမည်းတော်... တာဝန်အားလုံးကို ကျွန်တော် ယူပါတယ်... သူ့ကိုယ်စား ကျွန်တော့်ကိုပဲ အပြစ်ပေးပါ..."
မေရာသည် သူမ၏ ဝိညာဉ် ကို ရုပ်သိမ်းမသွားသေးချေ။ ယခု ခွဲထုတ်ခံလိုက်ရပြီဖြစ်သဖြင့် ဘုရင်ကြီးက သူမကို အလွယ်တကူ သတ်ပစ်နိုင်သော်လည်း သူမကမူ အနည်းငယ် အခွင့်အရေး ရသည်နှင့် ဘုရင်ကြီးထံသို့ ခုန်အုပ်ရန် အသင့်ဖြစ်နေဆဲပင်။
ဒါကာတာသည် သူ၏ ဝိညာဉ် ကို ဖုံးကွယ်ထားဆဲဖြင့် ရပ်နေသော်လည်း အချိန်မရွေး ဒေါသတကြီး ပေါက်ကွဲထွက်လာနိုင်ပေသည်။ အချိန်အတော်ကြာသည်အထိ အခန်းတွင်း၌ တင်းမာမှုများဖြင့် အေးခဲနေ၏။
နောက်ဆုံးတွင် ဘုရင် ဒါကာတာမှာ အနည်းငယ် ပျော့ပျောင်းသွားသည်။
"မင်း အသက်ရှင်နေရတာ ငါ့သားအပေါ် မင်းထားတဲ့ သစ္စာစောင့်သိမှုကြောင့်ပဲ..."
မေရာသည် ခေါင်းညိတ်လိုက်ပြီး တံစဉ် ကို နှိမ့်ချလိုက်၏။ သူမ၏ မာဒြာ များလည်း ရုပ်သိမ်းသွားသည်။
ကီရို ပြန်လည်အသက်ရှူနိုင်သွား၏။ မေရာသည် သူမကိုယ်သူမ ထိန်းချုပ်ထားနိုင်ကြောင်း သူ၏ ဖခင်မှာ ကောင်းစွာ သိထားသည်။ ကီရိုကို ခြိမ်းခြောက်လာမည့် အခြားမည်သူ့ကိုမဆို သူမ သည်းခံနေမည် မဟုတ်ချေ။
အကယ်၍ သူ တစ်ခုခု ဖြစ်သွားပါက သူ၏ဖခင်က သူမကို တစ်ရက်အတွင်း ကွပ်မျက်ပစ်မည်ကိုလည်း ကီရို သိထား၏။
"တိုက်ခိုက်မှုကို ဆက်လုပ်မယ်..."
ဒါကာတာ က မြေပုံဆီသို့ ပြန်လှည့်သွားရင်း ပြောလိုက်သည်။
"ဒီကိုလာ ဥယျာဉ်မှူး... ဒီကိစ္စက မင်းနဲ့လည်း သက်ဆိုင်တယ်..."
သူက မြေပုံ၏ အစိတ်အပိုင်းတစ်ခုကို ပုတ်လိုက်၏။
"ငါတို့ ကျန်တဲ့သူတွေ ရှေ့ကို တိုးထွက်သွားတဲ့အချိန်မှာ မင်းတို့ နှစ်ယောက်က ဒီကို သွားရမယ်... အဲဒါက ငါတို့ရဲ့ ကင်းထောက်တွေ မဟူရာ မီးတောက် က ကောင်လေးကို မြင်ခဲ့ရတဲ့နေရာပဲ..."
***