← Chapters

အခန်း ၄၅၄

Vol. 33 Ch. 454

အခန်း ၄၅၄

Vol. 33 Ch. 454

အပိုင်း(၄၅၄)

ရုတ်တရက်...

ဒရော့စ်၏ အသံက ယီရင်၏ ကျင့်စဉ်လည်ပတ် တရားအားထုတ်နေမှုကို အနှောင့်အယှက် ပေးလိုက်သည်။

[အနီးအနားကနေ လာနေတဲ့ စကိုင်းဆွန်း အရေးပေါ် သတင်းစကားကို ငါတို့ ဖမ်းယူရရှိထားတယ်... ငါတို့အတွက် စိတ်မပူနဲ့... ဒါပေမဲ့ နင့်ဝိညာဉ်ထဲမှာ သနားကြင်နာစိတ်လေး ရှိသေးတယ်ဆိုရင်တော့ အမြန်ဆုံး လိုက်ခဲ့တော့...]

သူမသည် ပတ်ဝန်းကျင်ရှိ မှောင်မိုက်နေသော မြူခိုးများကို ထိုးဖောက်နိုင်ရန် သူမ၏ ဝိညာဉ် အာရုံကို ဆန့်ထုတ်လိုက်ရာ ခပ်လှမ်းလှမ်းမှ တိုက်ပွဲ၏ အငွေ့အသက်များက သူမကို ချက်ချင်း လွှမ်းမိုးသွားတော့သည်။ မိုးကုတ်စက်ဝိုင်းပေါ်ရှိ တောက်ပနေသော အလင်းရောင်များသည် သူမ၏ အာရုံခံနိုင်စွမ်းထက် ကျော်လွန်နေသော တိုက်ပွဲပေါင်း တစ်ဒါဇင်ခန့်ထံမှ လာနေခြင်းဖြစ်ကြောင်း သူမ၏ ဓားနှင့်ပင် လောင်းရဲပေသည်။

၎င်းတို့ထဲမှ မည်သည့်အရာကမျှ လင်းတုန်း ထံမှ လာနေခြင်း မဟုတ်ချေ။

သူမသည် လက်ကောက်ဝတ်ရှိ အိပ်မက် အမြုတေကြိုး ကို ဖွင့်လှစ်လိုက်သည်။ အိပ်မက် မှော်ပစ္စည်း များသည် ဓား မာဒြာ ဖြင့် ဖွင့်လှစ်ခြင်းကို မနှစ်သက်သောကြောင့် စူးရှသော အသံတစ်ချက် ထွက်ပေါ်လာ၏။ ထို့နောက် သူမ၏ လက်ကောက်ဝတ်အထက်တွင် ဝဲပျံနေသော မှိတ်တုတ်မှိတ်တုတ် ခရမ်းရောင် လိပ်ပြာတစ်ကောင်ကို ဖန်တီးပေးလိုက်သည်။

"မာစီ့ ကို ဆက်သွယ်မယ်... မာစီ... ဒီအောက်ကို ဆင်းခဲ့တော့..."

သူမက ပြောလိုက်သည်။

ခရမ်းရောင် လိပ်ပြာသည် ပျောက်ကွယ်သွား၏။ သတင်းစကားပါးရန် မျက်စိဖြင့် မမြင်ရဘဲ ထွက်သွားခြင်းလည်း ဖြစ်နိုင်သလို၊ အရိပ် အော်ရာ ကြောင့် လုံးဝ ကျရှုံးသွားခြင်းလည်း ဖြစ်နိုင်ပေသည်။ သူမ လုပ်နိုင်တာတော့ သူမ လုပ်ခဲ့ပြီးပြီ။

ယီရင်သည် ကြောက်ရွံ့စိတ်ကို တင်းကျပ်စွာ ထိန်းချုပ်ထားလိုက်၏။ အကယ်၍ သူမ စိုးရိမ်နေသည့်အတိုင်း ဆေရှန် တိုင်းပြည် ဘက်မှ ကြီးမားကျယ်ပြန့်သော တိုက်ခိုက်မှုကြီးတစ်ခု ရှိနေမည်ဆိုလျှင် ဘာတွေဖြစ်လာမည်ကို ကြိုတင်ခန့်မှန်း၍ မရနိုင်တော့ပေ။ လင်းတုန်းသည် သူ၏ စွမ်းအား ကန့်သတ်ချက်များကို သူကိုယ်တိုင် မသိသေးချေ။ ထွက်ပေါက်မရှိဘဲ ပိတ်မိနေသည်ကို သူ အလွယ်တကူ ကြုံတွေ့သွားနိုင်သည်။

မာစီသည် အနီးအနားရှိ သစ်ပင်တစ်ပင်ပေါ်မှ ခုန်ဆင်းလာ၏။ အမှောင် နှာမောင်းလေးများက သူမကို ညင်သာစွာ ချပေးလိုက်၏။

"ကျွန်မ ရောက်ပြီ... ပြဿနာက ဘာလဲ..."

သူမက မေးလိုက်သည်။

"ငါတို့ လင်းတုန်း ကို သွားကယ်ရမယ်..."

ယီရင်က ပြောလိုက်ပြီး သူမ၏ ဝိညာဉ် အာရုံကို ထပ်မံ၍ အားစိုက် ဆန့်ထုတ်လိုက်သည်။ မဟူရာ မီးတောက် မာဒြာ ဖြစ်နိုင်ခြေရှိသော အရာတစ်ခုကို ဖမ်းယူမိလိုက်သဖြင့် သူမ ရှေ့သို့ တိုးထွက်သွားခဲ့၏။

အေးစက်သော မီးပွားတစ်ခုက သူမ၏ ခြေကျင်းဝတ်ကို လာထိသဖြင့် သူမ ငုံ့ကြည့်လိုက်သည်။

အပြာလေးသည် သမုဒ္ဒရာပြာရောင် မျက်နှာလေးတွင် စိုးရိမ်ပူပန်မှုများဖြင့် အောက်တွင် ရပ်နေ၏။ ပြူးကျယ်နေသော မျက်လုံးများဖြင့် ယီရင်ကို မော့ကြည့်နေသည်။

သူမ လန့်မသွားစေရန် ယီရင်သည် ညင်သာစွာ ဆောင့်ကြောင့်ထိုင်ချလိုက်၏။

"အေးဆေးပေါ့... သူ့ခြေရာကို ငါ ရထားပြီ..."

သူမသည် ဆယ်လ်ဗန်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

"သူ သေချင်နေရင်တောင် သူ့အမြီးကနေဆွဲပြီး ငါ ပြန်ခေါ်လာခဲ့မယ်..."

အပြာလေးက အသံလေး ပြုလိုက်ရာ သူမ သဘောတူလိုက်သည်ဟု ယီရင် ထင်မှတ်လိုက်၏။

ယီရင်သည် တောအုပ်အတွင်း အပြောင်းအလဲတစ်ခုကို ခံစားလိုက်ရပြီး မတ်တတ်ရပ်လိုက်သည်။

"မာစီ... ကလေးမလေးကို ခေါ်ထားလိုက်ဦး... အခြေအနေက ကြမ်းတမ်းလာတော့မယ်..."

သစ်ပင်များ၏ အမှောင်ထုထဲမှ ဖြူရော်ရော် အစိမ်းရောင် အလင်းတန်းတစ်ခု စတင် တောက်ပလာသည်။ ထိုအလင်းရောင်နှင့်အတူ နိမိတ်မကောင်းသော လေးလံမှုတစ်ခု၊ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား၏ တစ္ဆေသရဲဆန်ဆန် ခံစားချက်တစ်ခု ပါဝင်လာ၏။ ၎င်းသည် လင်းတုန်း သွားခဲ့မည်ဟု သူမ ထင်ထားသော အရပ်မျက်နှာနှင့် ခြားနားသော ဘက်မှ လာနေသဖြင့် သူမ သက်ပြင်းတစ်ချက် ချနိုင်သွားခဲ့သည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် ထိုအရိပ်များထဲမှ မိန်းကလေး တစ်ဦး ထွက်ပေါ်လာ၏။ သူမသည် အစွန်းများ စုတ်ပြဲနေသော အရောင်အသွေးကင်းမဲ့သည့် ဂါဝန်၊ ဖိနပ်မပါဘဲ၊ လက် တစ်ဖက်ထက် တစ်ဖက် ပိုတိုနေသော ဟောင်းနွမ်းနေသည့် အဝတ်အစားများကို ဝတ်ဆင်ထားသည်။ သူမ၏ မီးခိုးရောင် ဆံပင်များကြားတွင် နွယ်ပင်များနှင့် ပန်းရောင် မာဒြာ ပန်းပွင့်များကို ယှက်နွယ်ထားပြီး သူမ၏ မီးခိုးရောင် မျက်လုံးများမှာမူ အေးစက်နေလေသည်။

သူမ၏ လက်ထဲတွင် အလင်းရောင်၏ အရင်းအမြစ်ဖြစ်သော ပစ္စည်းကို ကိုင်ဆောင်ထား၏။ ၎င်းမှာ ဖြူရော်ရော် အစိမ်းရောင် မီးတောက်ဖြင့် ပြုလုပ်ထားသော တံစဉ် သွားပါသည့် ရှည်လျားသော သစ်သားရိုးတံတစ်ခု ဖြစ်သည်။

သူမသည် သူမ၏ ဝိညာဉ်ကို ဖုံးကွယ်ရန် မည်သည့်ကြိုးပမ်းမှုကိုမျှ မလုပ်ထားချေ။ သူမ၏ ဝိညာဉ် ဖိအားက ကျယ်ပြန့်ပြီး မယဉ်ကျေးသေးသော တောအုပ်ကြီးတစ်ခုကို ယီရင့်အား သတိရစေသည်။

သက်စောင့် ကျင့်ကြံသူ တစ်ဦး...

ပြီးတော့ အဆင့်နိမ့် အရှင်သခင်မ တစ်ဦး...

"လင်းတုန်း ဘယ်မှာလဲ..."

မိန်းကလေးက တိုးညှင်းစွာ မေးလိုက်သည်။

ယီရင် သည် သူမ၏ အစစ်အမှန် ရွှေအဆင့် မာဒြာ ကို ကျင့်စဉ်လည်ပတ် လိုက်ပြီး သူမ၏ ရွှေအဆင့် အမှတ်အသား အစုံအားလုံးကို ထုတ်လွှတ်လိုက်သည်။ ဆရာဖြစ်သူ၏ ဓားကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး ပတ်ဝန်းကျင်ရှိ အော်ရာ ကို ခံစားကြည့်လိုက်၏။

"မာစီ..."

သူမက ခေါ်လိုက်သည်။ မာစီသည် အပြာလေး ကို သူမ၏ ဟင်းလင်းပြင်သော့ ထဲသို့ လက်တစ်ဖက်ဖြင့် ထည့်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် သူမ၏ တုတ်ကောက်ကို လေးတစ်လက်အဖြစ် ပြောင်းလဲလိုက်၏။ "အင်း..."

"ငါ့ကို အကာအကွယ် ပေးနိုင်မလား..."

"သေချာပေါက် ရတာပေါ့..."

မာစီ က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။

"ကောင်းပြီ..."

အဘယ်ကြောင့်ဆိုသော် မည်သို့ပင်ဖြစ်စေ ယီရင်သည် ဝင်ရောက်သွားတော့မည် ဖြစ်သောကြောင့်ပင်။

...

ကီရိုသည် ကောင်းကင်ဘုံ၏ ကောင်းချီးပေးခြင်းကို သေချာပေါက် ရရှိထားသူ ဖြစ်သည်။ သူနှင့် မေရာ သည် မဟူရာ မီးတောက် ကောင်လေးကို ရှာဖွေရန် လမ်းခွဲခဲ့ကြသည်။ သူတို့၏ သတင်းအချက်အလက်များအရ ထိုကောင်လေးသည် အင်ပါယာ နယ်မြေ၏ နယ်စပ်နှင့် နီးကပ်နေကြောင်း သိရသဖြင့် သူတို့အတွက် အဆင်ပြေနေ၏။ ရန်သူ့နယ်မြေထဲသို့ အလွန်အမင်း နက်ရှိုင်းစွာ ဝင်ရောက်ပြီး မိမိကိုယ်ကို အန္တရာယ်ပြုခွင့် သူတို့တွင် မရှိချေ။ သူ အကြောက်ရွံ့ဆုံးအရာမှာ ဆေရှန် တိုင်းပြည် မှ အခြားသော တိုက်ခိုက်မှုများကို လင်းတုန်း က အာရုံခံမိပြီး ဆုတ်ခွာသွားမည်ကိုပင် ဖြစ်သည်။ ဒုတိယ အကြောက်ဆုံးအရာမှာ မေရာ က ကောင်လေးအား အရင်တွေ့သွားမည်ကို ဖြစ်၏။

အကယ်၍ သူမသာ အရင်တွေ့ပါက လင်းတုန်း ကို ဖမ်းဆီးထားပြီး ကီရို ကို ဂုဏ်ယူဝင့်ကြွားခွင့် ပေးရန်အတွက် သူ့ထံ လာရောက်ဆက်သွယ်လိမ့်မည် ဖြစ်သည်။ ထိုသို့ဖြစ်လာပါက သူ့အတွက် ဘယ်သောအခါမှ ဖျောက်ဖျက်၍ မရနိုင်တော့မည့် အရှက်တကွဲ အကျိုးနည်းဖြစ်မှုနှင့် အပြစ်ရှိသကဲ့သို့ ခံစားရမှုတို့ဖြင့် စွန်းထင်းသွားပေလိမ့်မည်။ သူမအပေါ် တင်ရှိနေသော အကြွေးများကိုပင် ဆပ်ရန် သူ အခက်အခဲ တွေ့နေရပြီ ဖြစ်သည်။

သို့သော် ကောင်းကင်ဘုံက သူ့ကို မျက်နှာသာပေးခဲ့၏။ သူသည် မဟူရာ မီးတောက်ကို အရင်ဆုံး ရှာတွေ့ခဲ့သူ ဖြစ်ပြီး လျင်မြန်စွာပင် ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ သူတော်စင်က သူမ၏ ဇီးကွက် မှတစ်ဆင့် သူ့ကို စောင့်ကြည့်နေ၏။ သူ၏ တန်ဖိုးကို သက်သေပြရန် အခွင့်အရေးတစ်ခု ပေးအပ်ခံရခြင်းပင် ဖြစ်သည်။

ထို့ပြင် လင်းတုန်းသည် ထွက်မပြေးရုံသာ မက သူ့ထံသို့ တိုက်ရိုက်ပင် ပြေးဝင်လာခဲ့လေပြီ။

သူသည် သူ၏ ဦးထုပ်ကို ပြန်လည်ဖန်တီးလိုက်သည်။ သူ၏ သံချပ်ကာသည် သူ၏ ဝိညာဉ် ထဲတွင် သိမ်းဆည်းထားသော နတ်ဘုရား ရတနာ တစ်ခုဖြစ်ပြီး သံမဏိ အစောင့်အရှောက် လမ်းစဉ် မှ မာဒြာ များကို ဖြည့်တင်းပေးလိုက်ရုံဖြင့် ၎င်းသည် သူ့အလိုလို ပြန်လည်တည်ဆောက်သွားမည် ဖြစ်သည်။ ထို ရတနာ သည် သူ၏ ရွှေအဆင့် အမှတ်အသား ဖြစ်သော သံချပ်ကာ၏ ရင်ဘတ်ကာနှင့် အလယ်ဗဟို အစိတ်အပိုင်းတို့နှင့်အတူ ပူးတွဲအလုပ်လုပ်နိုင်ရန် ဖန်တီးထားခြင်း ဖြစ်၏။

အစစ်အမှန် ရွှေအဆင့်သည် ပေါက်ကွဲထွက်လုမတတ် အရှိန်အဟုန်ဖြင့် လှုပ်ရှားလာပြီ ဖြစ်သည်။ သူ၏ အနီရောင် ဝိုင်းထားသော မျက်လုံးများက လောင်ကျွမ်းနေကာ သူ့ပတ်လည်ရှိ တောက်ပနေသော အနက်နှင့် အနီရောင် အော်ရာ များက သူ၏ ကာကွယ်သူ နည်းစနစ် ကို ဖော်ပြနေသည်။

ကီရိုသည် သူ၏ ဖန်တီးသူ နည်းစနစ် ဖြစ်သော ဧရာမ ဓား ကို ဖွင့်လှစ်လိုက်သည်။ ၎င်းသည် သူ၏ ဓားထဲသို့ စီးဝင်သွားပြီး သိပ်သည်းသော မာဒြာ ဖြင့် လက်နက်၏ အရွယ်အစားကို မျက်စိတစ်မှိတ်အတွင်း လေးဆမျှ ကြီးမားသွားစေ၏။

သူ၏ ဓားသွားသည် အရိုးရိုးတံတပ်ထားသော ပုဆိန်နှင့် ချက်ချင်း ထိတွေ့သွားသည်။ ကီရို သည် သူ၏ အဆင့်နိမ့် အရှင်သခင် ခန္ဓာကိုယ် အင်အားအပြည့်ဖြင့် ရိုက်ချလိုက်သည်။

ထိုပုဆိန်သည် အဆင့်နိမ့် အရှင်သခင် အဆင့်ရှိ အထွတ်အမြတ် လက်နက် တစ်ခုဖြစ်ကြောင်း ကီရို ခံစားသိရှိနိုင်၏။ ဆိုလိုသည်မှာ လင်းတုန်း သည် ၎င်းကို မထိန်းချုပ်နိုင်သေးဟု အဓိပ္ပာယ်ရသည်။ သူသည် ၎င်းကို လုံးဝ အသက်သွင်းနိုင်မည် မဟုတ်သလို အသက်သွင်းနိုင်ခဲ့လျှင်တောင်မှ တိုက်ပွဲ၏ ကျန်ရှိနေသော အချိန်များတစ်လျှောက်လုံး သူ ဒုက္ခရောက်နေရလိမ့်မည် ဖြစ်သည်။ ဤပုဆိန်သည် လက်နက်တစ်ခုမျှသာ ဖြစ်၏။ ထို့ပြင် လင်းတုန်း သည် ၎င်းနှင့် အကျွမ်းတဝင် မရှိကြောင်း ထင်ရှားနေသည်။ သူ၏ လှုပ်ရှားမှုများက အစေခံ တစ်ယောက် ထင်းခုတ်နေသကဲ့သို့သာ ရှိနေသည်။

ကီရိုသည် သူ၏ ရှည်လျားသည့် ဓားသွားဖြင့် ပုဆိန်ကို ရိုက်ချလိုက်ပြီး ပုဆိန်ကို ဖြတ်သန်းကာ လင်းတုန်း ကို ထက်ဝက်ပိုင်းရန် ရည်ရွယ်ထား၏။

ထန်း...

ထို့နောက်... သူ၏ ဓားသည် လင်းတုန်း ၏ ပုဆိန်နှင့် ထိတွေ့သွား၏။ သို့သော်လည်း... သူ၏ ထိုးနှက်ချက်မှာ ပြန်လည်ကန်ထွက်လာလေရာ သူ၏ လက်မောင်းများပင် တုန်ခါသွားတော့သည်။

သူသည် သူ၏ ဓားကို မြဲမြံစွာ ဆုပ်ကိုင်ကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားရ၏။ ဓားသွားပတ်လည်ရှိ ဖန်တီးသူ နည်းစနစ် က ကွဲအက်သွားသည်။

လင်းတုန်း ကိုယ်တိုင်လည်း နောက်သို့ ဆုတ်သွား၏။ သူသည် အစိမ်းရင့်ရောင် သံလက်အိတ် နှစ်ဖက်ဖြင့် ပုဆိန်ရိုးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ သူသည် အနက်နှင့် အနီစပ်နေသော မျက်လုံးများဖြင့် ကီရိုကို မော့ကြည့်လိုက်ရာ ကီရို ၏ စိတ်ထဲတွင် တုန်လှုပ်မှုများ လွှမ်းမိုးသွားတော့၏။

‘ဒါက ဘယ်လိုလုပ် အစစ်အမှန် ရွှေအဆင့် တစ်ယောက်ရဲ့ ခွန်အား ဖြစ်နေရတာလဲ...’

***

All Chapters