အခန်း ၄၅၅
Vol. 33 Ch. 455
အပိုင်း(၄၅၅)
ကီရို၏ တောင်ခြေ သံမဏိ ခန္ဓာကိုယ်က အသက်ဝင်လာပြီး သူ၏ အလေးချိန်ကို တိုးစေကာ မြေကြီးနှင့် ကပ်နေစေသည်။ ၎င်းက သူ့ကို အမြဲတမ်း ပိုမို လေးလံစေပြီး ပိုမို တည်ငြိမ်စေသော်လည်း သူ၏ မာဒြာ များကို ထိုအထဲသို့ သွန်းလောင်းလိုက်သောအခါတွင်မူ ရုန်းကန်နေသော မြင်းတစ်အုပ်ကပင် သူ့ကို ဆွဲလှဲ၍ မရနိုင်တော့ချေ။
ယခုတစ်ကြိမ်တွင်မူ သူ၏ ကိုယ်ဟန်အနေအထားကို တည်ငြိမ်စွာ ထားရှိပြီး လင်းတုန်း ၏ နောက်ထပ် တိုက်ခိုက်မှုကို ကာကွယ်ရန် သူ၏ ဒိုင်းလွှားကို မြှောက်လိုက်သည်။
လင်းတုန်းသည် သူ၏ အဖြူရောင် ဝိညာဉ်အကြွင်းအကျန် လက်ဖြင့် ပုဆိန်ကို မြှောက်လိုက်၏။ သူသည် အခြားလက်ဝါးတစ်ဖက်ကို ကီရို ထံသို့ ချိန်ရွယ်လိုက်ပြီး အမှောင် မီးတောက်များ စတင် လောင်ကျွမ်းလာသည်။
ကီရိုသည် ဤအရာကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် သူ ရင်ဆိုင်ရန် လာခဲ့သော မဟူရာ မီးတောက် လမ်းစဉ် ပင် ဖြစ်၏။ သူသည် သူ၏ ဧရာမ ဓား ကို ထပ်မံ အသုံးပြုလိုက်ပြီး ယခုတစ်ကြိမ်တွင် ဒိုင်းလွှားပေါ်သို့ အာရုံစိုက်လိုက်သည်။ ၎င်းသည် သူတို့ တိုင်းပြည် တွင် သိရှိထားသော အစွမ်းထက်ဆုံး ဖန်တီးသူ နည်းစနစ် များထဲမှ တစ်ခုဖြစ်ပြီး မည်သည့် လက်နက်ကိုမဆို အရွယ်အစား ကြီးမားသွားစေနိုင်သည်။ သူ၏ ဒိုင်းလွှားသည် ထိုနည်းစနစ် နှင့်အတူ အလုပ်လုပ်နိုင်ရန် ဖန်တီးထားခြင်း ဖြစ်၏။ သံမဏိ အစောင့်အရှောက် လမ်းစဉ် မှ ကျင့်ကြံသူ များသည် ထိုးဖောက်မရနိုင်သော ခံတပ်ကြီးများအဖြစ် နာမည်ကျော်ကြားကြသည်။
သူ၏ ဒိုင်းလွှားပတ်လည်တွင် မြေကြီးနှင့် အား မာဒြာ များဖြင့် ဖွဲ့စည်းထားသော အမိုးခုံးထက်ဝက်ခန့် ရုတ်တရက် ပေါ်ထွက်လာပြီး သူ့ကို လင်းတုန်း ထံမှ ကာကွယ်ပေးထားလိုက်၏။ သူ အသင့်ဖြစ်နေပြီ ဖြစ်သည်။
အရည်များကဲ့သို့ စီးဆင်းနေသော အနက်နှင့် အနီရောင် မဟူရာ မီးတောက် မာဒြာ တန်းကြီးသည် သူ၏ ဒိုင်းလွှားအထက်ရှိ အတားအဆီးကို ဝင်တိုက်သွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မာဒြာ အလွှာများသည် အရည်ပျော်ကျလာ၏။ ဖျက်ဆီးခြင်း စွမ်းအားက သူ၏ အကာအကွယ်ကို တိုက်စားသွားစဉ် အနှစ်သာရများသည် ငွေရောင် အလင်းမှုန်လေးများအဖြစ် လွင့်စင်သွားပြီး နည်းစနစ် က စူးရှစွာ မြည်ဟည်းသွားသည်။
နှစ်ပေါင်းများစွာ လေ့ကျင့်မှုများကြောင့် စွဲကပ်နေသော အလိုအလျောက် တုံ့ပြန်မှုသာ မရှိခဲ့လျှင် မဟူရာ မီးတောက် တန်းကြီးသည် သူ၏ ဒိုင်းလွှားကို ဖောက်ထွင်းသွားပေလိမ့်မည်။ သူ၏ ဆရာများက သူ့ကို လေ့ကျင့်ပေးထားခဲ့သော တုံ့ပြန်မှုအရ သူ၏ အရန် ဝိညာဉ်မီးတောက် ကို ဆွဲယူအသုံးပြုလိုက်၏။
အရောင်အသွေးကင်းမဲ့သော မီးတောက်များ ဒိုင်းလွှားကို ချက်ချင်း ဖြတ်သန်းသွားသည်။ သူ၏ အမိုးခုံးထက်ဝက် အတားအဆီးသည် မှိန်ပျပျ မီးခိုးရောင် အလင်းမှသည် ကျောက်နံရံတစ်ခုကဲ့သို့ ခိုင်မာသော အမိုးခုံးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားတော့သည်။ မဟူရာ မီးတောက် နည်းစနစ်သည် အဆုံးသတ်သွားပြီး မီးခိုးငွေ့များကဲ့သို့ လွင့်တက်နေသော အနှစ်သာရများကို ချန်ရစ်ထားခဲ့သော်လည်း သူ၏ အကာအကွယ်ကိုတော့ မချိုးဖျက်နိုင်ခဲ့ချေ။
သူသည် တိုက်ခိုက်ရန်အတွက် ဒိုင်းလွှားကို ဖြေလျှော့လိုက်သော်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းက သူ့ထံမှ စွမ်းအင်များစွာကို ယူဆောင်သွားခဲ့ပြီ ဖြစ်သည်။ သူသည် စက္ကန့်ပိုင်းလေး နောက်ကျသွားခဲ့၏။
ယခုအခါ လင်းတုန်း က ပုဆိန်ကို သူ၏ ခေါင်းပေါ်သို့ ရွယ်ချလာပြီး သူသည် ကာကွယ်ရန်အတွက် ဓားကို အသုံးပြုလိုက်ရသည်။
ထန်...
လက်နက်က အဆင့်နိမ့် အရှင်သခင် တစ်ဦးထံမှ လာသည်ဟု သူ ကျိန်တွယ်ရဲလောက်အောင် ပြင်းထန်သော အင်အားဖြင့် နောက်တစ်ကြိမ် ကျဆင်းလာပြန်၏။ သို့သော် ဤတစ်ကြိမ်တွင်မူ လင်းတုန်း က လက်တစ်ဖက်တည်းဖြင့် လွှဲချခြင်း ဖြစ်သည်။ ကီရို က ပိုမို သန်စွမ်းနေဆဲဖြစ်ပြီး သူ၏ ကိုယ်ဟန်အနေအထားကလည်း ကျောက်ဆောင်တစ်ခုကဲ့သို့ ခိုင်မာနေသည်။
သူသည် ထိုထိုးနှက်ချက်ကို တားဆီးထားရင်း သူ၏ ဒိုင်းလွှားဖြင့် လင်းတုန်း ကို ထိုးနှက်လိုက်၏။ လင်းတုန်းက သူ၏ ဘယ်ဘက်လက်ဖြင့် ဒိုင်းလွှား၏ အစွန်းကို ဖမ်းဆီးလိုက်၏။ သူ၏ အဖြူရောင် အတုလက် က ပုဆိန်ကို အောက်သို့ဖိချရန် အားစိုက်နေကာ အခြားလက်တစ်ဖက်ကမူ ကီရို ၏ ဒိုင်းလွှားနှင့် လွန်ဆွဲနေသည်။ ကီရို သည် ထိုလူ၏ အနက်နှင့် အနီစပ်နေသော မျက်လုံးများနှင့် ဟိန်းဟောက်နေသော မျက်နှာကို ကြည့်ရင်း ငွေရောင် နှလုံးသား သူတော်စင်က သူ့ကို ဘာကြောင့် ရန်သူအဖြစ် သတ်မှတ်ခဲ့သည်ကို နားလည်သွားသကဲ့သို့ ခံစားလိုက်ရ၏။
သူသည် အကြမ်းဖက် နတ်ဆိုး တစ်ကောင်၏ ဟန်ပန်မျိုး၊ အကြမ်းဖက်မှုကိုသာ စွဲလမ်းနေသော လူရိုင်းတစ်ယောက်၏ ဟန်ပန်မျိုး ရှိနေသည်။ အာကူရာ ချာရတီ၏ တူဖြစ်သူသည် ဤလူရိုင်း၏ လက်ချက်ဖြင့် ဆိုးရွားသော ကံကြမ္မာနှင့် ရင်ဆိုင်ခဲ့ရမည်မှာ သေချာပေသည်။
သို့သော် ကီရို၏ ခန္ဓာကိုယ်သည် ဝိညာဉ်မီးတောက် ဖြင့် ရေချိုးထားပြီးဖြစ်သည်။ လင်းတုန်း ၏ ခန္ဓာကိုယ်ကမူ ထိုအဆင့်သို့ မရောက်သေးချေ။ နောက်ထပ် စက္ကန့်အနည်းငယ် အကြာတွင် မင်းသား သည် ဤပြိုင်ပွဲ၌ အနိုင်ရရှိပေလိမ့်မည်။
ရုတ်တရက်... လင်းတုန်း၏ မျက်လုံးများ ရှင်းလင်းသွား၏။ မှင်များကို ဖျက်ပစ်လိုက်သကဲ့သို့ အနက်နှင့် အနီရောင်များ သူ၏ မျက်လုံးများထဲမှ ပျောက်ကွယ်သွားသည်။ သူ့ပတ်လည်ရှိ အော်ရာ များ မှေးမှိန်သွားပြီး ကီရို၏ အပေါ် သက်ရောက်နေသော ဖိအားများလည်း လျော့ကျသွား၏။ လင်းတုန်း သည် သူ၏ ကာကွယ်သူ နည်းစနစ် ကို ဘာကြောင့် ရပ်တန့်လိုက်သည်ကို သူ နားမလည်သော်လည်း အခွင့်အရေး ရချိန်တွင် သူ လက်လွှတ်ခံမည် မဟုတ်ချေ။ သူသည် ပုဆိန်ကို အဝေးသို့ တွန်းဖယ်လိုက်ပြီး လင်းတုန်း ကို လဲကျသွားစေရန် ရည်ရွယ်၍ ဒိုင်းလွှားဖြင့် ပိုမို အားပြင်းစွာ တွန်းလိုက်သည်။ မဟူရာ မီးတောက် ကောင်လေး နောက်သို့ ဆုတ်သွားတော့၏။
အလင်းရောင် အော်ရာ အသစ်တစ်ခု လင်းတုန်း ကို ဝန်းရံလာသည်။ ဤတစ်ကြိမ်တွင် မှိန်ပျပျ အပြာနှင့် အဖြူရောင် မာဒြာ အလင်းကွင်းတစ်ခု ဖြစ်၏။ လင်းတုန်း သည် ဒိုင်းလွှားကို ကိုင်ထားရင်း နောက်ဆုတ်နေခြင်းမှ ရပ်တန့်သွားသည်။ တစ်စက္ကန့်အကြာတွင် သူသည် မတ်မတ် ရပ်နေလေပြီ။
ကီရို၏ ရင်ထဲ အေးစက်သွား၏။ အခြား ကာကွယ်သူ နည်းစနစ် သည် လင်းတုန်း ကို ပေါက်ကွဲထွက်လုမတတ်သော ခွန်အားနှင့် အမြန်နှုန်းကို ပေးစွမ်းခဲ့သော်လည်း ဤအရာကမူ ငြိမ်သက်နေသော ရေကန်တစ်ခုကဲ့သို့ တည်ငြိမ်သော ခွန်အား၏ ခံစားချက်ကို ယူဆောင်လာပေးသည်။
သူသည် ဓားကို အောက်သို့ ခုတ်ချလိုက်သော်လည်း လင်းတုန်း က လက်သီးတစ်ဖက်ဖြင့် လှမ်း၍ သူ၏ လက်ကောက်ဝတ်ကို ရိုက်ချလိုက်၏။ မာဒြာ ရိုက်ခတ်မှုတစ်ချက် ထွက်ပေါ်လာပြီး ကီရို ၏ လက်မှာ ထုံကျင်သွားတော့သည်။
သူ၏ ဓားပတ်လည်ရှိ တဖြောင်းဖြောင်း မြည်နေသော အလင်းရောင်များ ငြိမ်းအေးသွား၏။ ၎င်းသည် သူ၏ မာဒြာ ကို ဆွဲယူနေခြင်း မရှိတော့ပေ။ ထို့ပြင် သူ၏ ကာကွယ်သူ နည်းစနစ် က ၎င်းကို မရောက်ရှိနိုင်တော့သကဲ့သို့ လေးလံနေသည်ဟု ခံစားလိုက်ရသည်။
ထိုအချက်က ကီရို အတွက် လွန်စွာ နက်နဲလှသော ပဟေဠိတစ်ခု ဖြစ်လာ၏။ အစစ်အမှန် ရွှေအဆင့် တစ်ဦးက သူ့ကို ခွန်အားချင်း ဘယ်လိုလုပ် ယှဉ်နိုင်ရသနည်း။ လုံးဝ ကွဲပြားခြားနားသည့် လမ်းစဉ် ဟု ထင်ရသည့် အရာကို သူ ဘယ်လိုများ အသုံးပြုနေသနည်း။ သူတော်စင်က ထိုအကြောင်း တစ်ခွန်းမှ မပြောခဲ့ချေ။
ကီရို ဓားနှင့် ခုတ်ချလိုက်သည့် အချိန်တွင် သူက ကီရီု၏ လက်ကောက်ဝတ်ကို ရိုက်လိုက်ခြင်းမှာ နားထောင်လို့ လွယ်သော်လည်း တကယ့် တိုက်ပွဲ တစ်ခုတွင် ထိုကဲ့သို့ ပြုလုပ်နိုင်ဖို့ ဆိုသည်မှာ လူသားများ မစွမ်းဆောင်နိုင်သည့် ထိန်းချုပ်မှု အဆင့်အတန်းမျိုး လိုအပ်သည်။ သို့မဟုတ် ရူးသွပ်မှုပင်။
ခွန်အား တစ်ဟုန်ထိုး ရရှိစေရန် မာဒြာ ကို လောင်ကျွမ်းစေရင်း ကီရိုသည် လင်းတုန်း ထံမှ အဝေးသို့ တွန်းထွက်လိုက်ပြီး နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်၏။ မဟူရာ မီးတောက် ကောင်လေးက သူ့နောက်သို့ လိုက်မလာဘဲ ထိုအေးစက်သော အလင်းရောင်ဖြင့် လောင်ကျွမ်းနေကာ ကီရို မည်သို့ လှုပ်ရှားမည်ကို စောင့်ဆိုင်းနေသည်။
သူ့ကို စောင့်ကြည့်နေ၏။
ကီရိုသည် သူ၏ ဓားနှင့် ဒိုင်းလွှားကို မြှောက်ထားလိုက်၏။ သူ၏ အသံတွင် ကြောက်ရွံ့မှု မပါစေရန် ထိန်းချုပ်လိုက်သည်။
"မင်းက ဘယ်သူလဲ..."
လင်းတုန်း၏ မျက်လုံးများ ထဲတွင် အနက်နှင့် အနီရောင်များ ပြန်လည် စိမ့်ဝင်လာပြီး သူ၏ ခန္ဓာကိုယ်ပတ်လည်ရှိ ဖြူရော်ရော် အလင်းရောင်များ မှေးမှိန်သွား၏။
"ခင်ဗျားက ကျွန်တော့်ကို လာရှာတာလေ..."
ထိုမျက်နှာမှ ထွက်ပေါ်လာသော စကားလုံးများသည် တစ်နည်းနည်းဖြင့် ခြိမ်းခြောက်မှုတစ်ခုကဲ့သို့ ခံစားရစေသည်။
"မင်းက နောက်ဆုံး မဟူရာ မီးတောက် အင်ပါယာရဲ့ မျိုးဆက်လား..."
ချာရတီက လင်းတုန်း၏ တည်ရှိမှု အကြောင်း ပြောပြခဲ့ကတည်းက ကီရိုသည် သီအိုရီ မျိုးစုံကို စဉ်းစားတွေးတောခဲ့၏။
"မင်းက နာရူ မိသားစု ရဲ့ လျှို့ဝှက်လက်နက်လား..."
သူသည် အဖြေတစ်ခုကို အပြည့်အဝ မျှော်လင့် မထားချေ။ သော်လည်း တစ်ခါတစ်ရံတွင် မာန်နှင့် မာနက ကျင့်ကြံသူ များအပေါ် လွှမ်းမိုးသွားတတ်သည်။ လင်းတုန်း ဆီမှ တစ်ခုခုများ လွတ်ကျလာနိုင်ကောင်းပါရဲ့။
ပြီးတော့ သူ သိကို သိရမည်။ အဆင့်နိမ့် အရှင်သခင် တစ်ဦးကဲ့သို့ တိုက်ခိုက်နိုင်သော အစစ်အမှန် ရွှေအဆင့် တစ်ဦးသည် ရုတ်တရက်ကြီး ပေါ်ပေါက်လာစရာ အကြောင်းမရှိပေ။
"ခင်ဗျားကို ဘယ်သူ လွှတ်လိုက်တာလဲ..."
လင်းတုန်း က မေးလိုက်၏။
"အဲဒါကို ပြောပြရင် ကျွန်တော့်အကြောင်းကို ဝမ်းသာအားရ ပြောပြပါ့မယ်..."
ကောင်လေးသည် ရွှင်လန်းစွာ၊ ယဉ်ကျေးစွာပင် ပြောဆိုခဲ့သော်လည်း ကီရို၏ ဝိညာဉ် က သူ့ကို သတိပေးလာ၏။ သူ၏ အာရုံများကို ပတ်ဝန်းကျင်ရှိ အော်ရာ များထံသို့ ဆန့်ထုတ်လိုက်သည်။
အရိပ် အော်ရာ ၏ အမှောင်ထုသည် တဖြည်းဖြည်း လည်ပတ်နေသော တငွေ့ငွေ့ လောင်ကျွမ်းနေသည့် အနီရောင် ဒီရေလှိုင်းများရှေ့တွင် နောက်ဆုတ်သွားခဲ့လေပြီ။ အနီရောင်ပန်း မိသားစု၏ လှည်းသည် လောင်ကျွမ်းနေဆဲ ဖြစ်၏။ မီးနှင့် ဖျက်ဆီးခြင်း အော်ရာ များကို ထုတ်လွှတ်နေဆဲ ဖြစ်သည်။
ထို့ပြင် လင်းတုန်း သည် အချိန်တစ်ခုလုံး ထိုအော်ရာ များအပေါ် ထိန်းချုပ်မှုကို စုစည်းနေခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် သူ့ပတ်လည် တစ်ခွင်လုံးတွင် အသစ်မွေးဖွားလာသော ရေဝဲတစ်ခုကဲ့သို့ တဖြည်းဖြည်း လည်ပတ်နေ၏။ အထက်ရှိ ညဘီးကြီး ကဲ့သို့ပင်။
ကီရိုတွင် ဘာကိုမျှ ပြောရန် အချိန်မရှိတော့ဘဲ တုံ့ပြန်ရန် အချိန်သာ ရှိတော့၏။ သူသည် သူ၏ ဒိုင်းလွှားကြီဂကို မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီး ဧရာမ ဓား ကို ဖွင့်လှစ်ကာ ဝိညာဉ်မီးတောက်ဖြင့် သွန်းလောင်းထားသော ဒိုင်းလွှားဖြင့် သူ့ကိုယ်သူ ဖုံးကွယ်ထားလိုက်သည်။
ထိုသို့လုပ်လိုက်စဉ်မှာပင် လင်းတုန်းသည် လက်သီးဆုပ်ကာ အော်ရာ ကို အသက်သွင်းလိုက်၏။
ကီရိုသည် လည်ပတ်နေသော အနက်နှင့် အနီရောင် ဒေါသလှိုင်းလုံးကြီးထဲတွင် ဝါးမျိုခံလိုက်ရတော့သည်။
***